Thursday, June 29, 2023

ကန်မြဲ ကိုအေးကျော်

 "တောင်တော်ပုပ္ပါး"လို၊ "ပန်းရည် ဘဏ်တိုက်"' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာ…




ကန်မြဲ ကိုအေးကျော် 

************


(ဆရာချစ်ဦးညို)


ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။

 

အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ် အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝြကီး နှလုံးခွေ့လာပါသည်။ ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။

 

တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိ မများ။ ဟိုအညာကျေးလက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက် ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တောင်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကိုအေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်၀င်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။

 

အရိုးခံလှ ကြွယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။

 

ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှစျေး၊ ကူးသမျှ ကုန်ရှုံးသည် ချည်းပင်။

 

သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်စျေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊မျက်ကွယ်အလှတို့ နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လို ဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။

 

သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည် ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက (ဦးတင်မိုး) အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာ တွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ ခေါ်သော်လည်း သူ မလိုက်။ သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်၀င်စားရာမရှိသော အရာ ဖြစ်နေသည်။ သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီး ဆရာဂျမ်းခေါ် ဦးတင်မိုး အား ကျွန်တော် မေးကြည့်ပါသည်။ သူက တသသ ဖြေလေသည်။

 

““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသား ဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””

 

““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””

 

““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””

 

““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေး

တစ်ခု ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””

 

ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ်စ ထိုစကားလုံးမှာ “သံသရာ ဘ၀ ဓာတ်ပြားပြင်ဆီ၊ နာမ်ခန္ဓာနှစ်၀ ဇာတ်လျားအစဉ်သည်၊ ကံကြမ္မာက အပ်သွားတင်လေပြီ”

 

““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။

 

““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင် တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””

 

““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေ ကုန်” တဲ့လား ကိုအေးကျော်ရယ်””

 

( ဆရာချစ်ဦးညို ရဲ့ ပန်းရည်ဘဏ်တိုက် ဆောင်းပါး)

--------------------------------------------------------

 


( ဆရာနေ၀င်းမြင့်ရဲ့ဟောပြောချက် )

 

ဒါကြောင့် ကျွန်တော်တို့ ခံစားတတ်သောနှလုံးသားနဲ့ ခံစားတတ်သောစိတ်ရှိဖို့လိုပါတယ်။ 

ပန်းရည်ဘဏ်တိုက် ကိုအေးကျော် နွားတင်းကုပ်ထဲမှာ ခဲတံလေး တံတွေးဆွတ်ပြီးရေးတာ။ သိပ်ဆင်းရဲရှာ တယ်။ တောင်တော်ရွှေပုပ္ပါး လဲသူရေးပါတယ်။ နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်းခိုင်… လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ်.. ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်… ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုတဲ့ ကိုအေးကျော်ရဲ့ စာလုံးရှစ်လုံး ကို ဒါရိုက်တာဦးသုခက ( အဲဒီခေတ်က ) ငွေ၅၀၀ ပေး၀ယ်တယ်။


အင်မတန်အနုပညာမြောက်တဲ့ သီချင်းရေးဆရာ အင်မတန် ဆင်းရဲရှာတယ်။ မြင်းခြံစျေး ထဲမှာ ကွမ်းရွက် ကလေး ရောင်းရတယ်။ တစ်နေ့တော့ သီချင်းလေးတစ်ပုဒ်သူရေးတယ်။ မြင်းခြံသူလေး ရုပ်သေးပွဲ ဟိုဘက်ရွာ သွား ကြည့်မယ့် အဖြစ်ကလေးကို သူရေးတယ်။ သူတို့ရွာသူလေးတစ်ယောက် အင်မတန်ဆင်းရဲတယ်။  

ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…ရုပ်သေးပွဲက ဒီခေတ်လို ကျွန်တော်တို့က ကြော်ငြာလို့ရတာ မဟုတ်ဘူး။ လက်ကမ်းကြော်ငြာပေးလို့ရတာမဟုတ်ဘူး။ ဗေထိ..ဗေထိ..ဗေထိ..ညနေ(၄) နာရီ လောက် ဆို အသံပေးရပြီ။ ဒီအသံကြားရင် ရုပ်သေးပွဲရှိပြီ။ ဒီကနေ့မှ သွားမကြည့်ရင် နောက်(၅)နှစ် လည်း မသေချာ။ နောက်(၁၀)နှစ်လည်း မသေချာတော့ အမေ..သမီးသွားကြည့်ပါရစေ။ အမေကို ခွင့်တောင်း 

ကိုအေးကျော်က သီချင်းလေးကို ဒီလိုစတယ်.. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော် တဲ့အသံကြားတော့ ရင်တွေခုန်ပြီ။ ပွဲကြည့်ချင် လို့..ရုပ်သေးပွဲကြည့်ချင်လို့..သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦး။ သူမျာလှည်းနဲ့ လိုက်ရမှာ..အမေ…ရဲ့၊ ဒုက္ခပါပဲ..ရေခပ်တော့ လက်ယက်တွင်း ကလေး ကနေ စစ်စစ်ခပ်ရမှာ အမေ သမီးဘယ်မှီမှာတုန်း..။ မှီပါသယ် သမီးရယ် ကိုယ့်အစ်ကိုတွေပဲ နေပါဦးရှင်လို့.. တားထားရင်နေကြမှာပါ။ အမေက ခွင့်ပြုမယ်ဆိုတော့ စံပယ်ပန်းလေး တွေသီ… ရေစို၀တ် လေးနဲ့ အုပ်ထား။ တဘက်ကလေး ပွဲမှာခြုံဖို့..တဘက်ကလည်း ကောင်းကောင်း မရှိတော့ အဟောင်းကို ပဲ မဲနယ်ပြာနေ အောင်ဆိုးပြီး..လှမ်း.. ဒီတဘက်လေးခြုံ စံပယ်ပန်းလေးပန်ပြီးလိုက်ရမှာ..။ သနပ်ခါး ကလည်း တောသူများ ပီပီ ကျောက်ပြင်က တခြမ်းပဲ့နေတယ်။ နတ်သမီးကျွန်းထဲမှာ ပိုးလောက်လန်း က လေးငါးဆယ်ကောင်နဲ့။ သနပ်ခါး ကလည်း အပွေးမရှိ၊ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့သွေး. ထွက်လာတာလေး ပါးလိမ်း.. မှန်ကလည်း ပြဒါးမပါ.. ရေအိုးလေး ကောက်ပြီး လှည်းလည်းလှမ်းကြည့်၊ ဒါလေးကိုအေးကျော်က သီချင်းကို ၀တ္ထုလေးဖြစ်အောင် ရေးတယ်။

 

သီချင်းဂီတကဗျာကို ခံစားတာ မတ်တပ်၊ ဖတ်ကာ မတ်တပ်၊ ခံစားတာမတ်တပ်မဟုတ်ပဲနဲ့ နက်နက်ဘယ်လို စပ်ခဲ့ သီခဲ့ ဖွဲ့ခဲ့ကြသလဲ အနုပညာ ကို ဘယ်လိုပေါင်းစပ်ဖော်ကျူးကြသလဲဆိုတဲ့ စိတ်ခံစားမှုမျိုးကိုပါ ကျွန်တော်တို့ သားသမီးတွေကို ကျွန်တော်တို့ သင်ပေးရ လိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်။

 

-------- -----------


( ဆရာမ နုနုရည် ) 


ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။ ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်၀ဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

 

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်၀ဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေး တတ် တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာ အကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီး မွှေညင်း ထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံး တွေ လှလိုက်သလဲ ဆိုရင်....။

 

"xx နဂါးလိမ် ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

 

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာ တဲ့ လား .....။

 

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီး ဦးတင်မိုးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည် ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

 

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။

 

( ဆရာမ နုနုရည် ရဲ့ ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ )


တောင်တော်ပုပ္ပါးကို ဓါတ်ပြားသွင်းတော့ “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင်” ဆိုတဲ့ စာသားက ဆရာလင်းခေးလုလင်ပြင်လိုက်တာလို့ ဆရာမ နုနုရည်က ပြောပါတယ်။ 

ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားက “လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်၀ဏတို့ မေတ္တာသွယ်ပြိုင်” တဲ့။ 


ပြီးတော့ ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ မူရင်းက ပုပါးမှာ မိုးညို ညိုရင၊်ချောင်းသွင်သွင် ဆင်း၊ ဧရာမြစ်မင်းသို့တိုင်၊ ဦးတင့်တယ် တူသံဟိန်း၊ မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်” ပါ လို့ ဆရာမ နုနုရည်က ရှင်းလင်းထားတာလည်းတွေ့ရပါတယ်။


ပန်းရည်ဘဏ်တိုက်သီချင်းနားဆင်ရန်( Link )

*********************************





ဆို - နီနီဝင်းရွှေ


 တောင်တော်ပုပ္ပါး သီချင်းနားဆင်ရန်( Link )

********************************





တေးရေးသူက ကန်မြဲ ကိုအေးကျော် ( တောင်သာ )

တေးဆိုသူက သံဖြူ ဘ သောင်း ( မြင်းခြံ )

တီးဝိုင်းက မြင်းခြံ မြို့မတီးဝိုင်း နဲ့ တစ်ချိန်က

ရေဒီယို နဲ့ဓာတ်ပြားရ " တောင်တော်ပုပ္ပါး " သီချင်း

ရဲ့အမည်အမှန်က " ဘယ်သူပြိုင်လို့ လှပါတော့နိုင် "


မူရင်းပိုင်ရှင်များအားလုံးအား ( credit ) ပေးပါတယ်ခင်ဗျာ။

#Thura_Htayaung

9 - 6 - 2018

source - ကိုဖူး

Credit.. maung maung nyo( မောင်သစ်ဆင်း)

#ကန်မြဲချစ်မင်းဝေပြန်လည်မျှဝေသည်။။

No comments: