Monday, September 12, 2022

အိမ်ဦးနတ်

 အိမ်ဦးနတ်

**********

l ညီလေးငယ် l




``ရွှေမိရေ.….။ ရွှေမိ….။သွားကြမယ်ဟေ့…နောက်ကျလို့မဖြစ်ဘူး မြန်မြန်လုပ်ဟဲ့…’’


``လာပြီ… လာပြီ လှဌေးရေ…။’’


လှဌေးအသံကြားတော့ ကျွန်မ ပြောပြောဆိုဆို စားလက်စထမင်းခြမ်းခဲကိုပါးစပ်ထဲ ပလုပ်ပလောင်းထိုးထည့်လိုက်တယ်။ပြီး ရေအိုးအဖုံးကိုခွမ်းခနဲမြည်အောင် ဖွင့် ၊ ရေနှစ်ခွက်ဆင့် သောက်လိုက်တဲ့အခါမှာတော့ စောစောစီးစီး ၀မ်းပူနေတဲ့ဗိုက်က အတော်လေး နေသာထိုင်သာရှိသွားလေရဲ့။ 


အဲဒီနောက် ဘေးကရေဇလုံထဲ လက်ကိုနှိပ်ဆေးလိုက်ပြီး စားလက်စထမင်းပန်ကန် ကို ပစ်ထည့်ခဲ့လိုက်တယ်။


ဆေးနေဖို့အချိန်မရှိ။


 လှဌေးဆိုသည်မှာသည့်တဲ့အတိုင်း စောင့်ရတာကိုစိတ်ရှည်တဲ့သူမဟုတ်။ ဝီရိယကောင်းတာ လည်းလွန်းရော…။ တူတူစျေးရောင်းသွားလာတာ ငါးနှစ်ကျော်ပြီ။ တစ်ခါမှ ကျွန်မ လှဌေးထက်အရင်တစ်ခါမှ မပြီးဖူးဘူး။ မပြီးဆိုလည်း လှဌေးတို့က နောက်မှာအနှောင်ဖွဲ့မှမရှိပဲကိုး။လှဌေးသမီး ဘုတ်ဆုံမ ကလည်း ၁၃နှစ်ကျော်ကျော်ပဲ ရှိသေးတာ ဆိုပေမဲ့ အားကိုးလို့ရနေပြီ။ညနေကတည်းက အမေစျေးထွက်ဖို့ဝိုင်း၀န်းပြင်ဆင်ပေးတော့ လှဌေးခမျာ စျေးမထွက်ခင် သနပ်ခါးအဖွေးသားလိမ်းဖို့တောင်အချိန်ရသေးတယ်။


အိမ်က သမီးနဲ့များကွာပါ့။အိမ်ကသမီးဖြစ်သူကတော့ ခုထိအိပ်လို့ကောင်းတုန်း။လှဌေးသမီး ဘုတ်ဆုံမလို ၁၃ နှစ်ကျော်ကျော် အပျိုပေါက်လေးဖြစ်နေပြီဆိုတော့ အားကိုးလို့ရလောက်ပြီအထင်နဲ့ ၇ တန်းနဲ့ကျောင်းထုတ်လိုက်တာ ကျွန်မ အမှားကြီးမှားတာပဲ။ သူ့ကို အပျိုလုပ်ဖို့ ခွင့်ပေးလိုက်တဲ့အတိုင်း ။ ပျံတန်တန် နှံ့တန့်တန့်နဲ့ ထမင်း ဟင်းတောင် ကျိန်းမောင်းပြီးချက်ခိုင်းရသည်အထိ။ တစ်စက်ကလေးမှကို အချိုးမပြေတာ။


သမီးမလိမ္မာလို့ သားတစ်ယောက်ရှိသေးတာ သားကလည်းဘာထူးလို့လဲ။ ၆နှစ်လောက်အရွယ်ကို ထိန်းလိုက်ရတာ။ ကျောင်းက တစ်တန်းပဲ ရှိသေးပေမဲ့ ဇ ကမသေးဘူး။ ကျောင်းမှာရန်ဖြစ်လို့၊ စာသင်တာ လိုက်မကြည့်လို့ ဆိုပြီး ခဏခဏ မိဘအခေါ်ခံရလွန်းလို့ ကျွန်မ မှာ အလုပ်မအားရတဲ့အထဲ ကျောင်းကို တစ်လ လေး ငါးခေါက်လောက်အသာ လေးရောက်ရတယ်။


သားသမီးတွေ ခုလိုဆိုးနေတာလည်း ယောကျာင်္းဖြစ်သူအသုံးမကျတာပါတာပေါ့လေ။ ဒီယောကျာင်္းကို ယူမိလိုက်ကတည်းက ကျွန်မဘ၀ ငါးပါးမှောက်တာမဟုတ်လား။ အပျိုတုန်းကတော့ မသောက်မစားတတ်တဲ့ လူရိုး၊ လူအေး ဆိုတာတစ်ခုတည်းကိုကြည့်ပြီးယူခဲ့မိတာ ကျွန်မရဲ့ မဟာအမှားကြီးပေါ့။အိမ်ထောင်ရှင်ယောကျာင်္းက အရမ်း ရိုးအ ပြီး အေးလွန်းနေရင်လည်းမကောင်းဘူးဆိုတာ ခုတော့ကျွန်မ ကောင်းကောင်းကြီးနားလည်ပါပြီ။


ခုတော့ ယောကျာင်္းယူပြီး ထိုင်စားရဖို့ဝေးစွ၊ သူ့ကိုပါ ပြန်ရှာကျွေးနေရတဲ့ ကျွန်မအဖြစ်ကိုတွေးကြည့်ရင် ရယ်တော့ ရယ်ချင်သား။ယောကျာင်္းဖြစ်သူ ကိုတင်စိန်နှင့်လက်ထပ်ပြီးကတည်းက သူပြန်အပ်တဲ့ငွေကို ကျွန်မတစ်ခါ မှ မသုံးရဖူးဘူး။ တနေ့တနေ့အိမ်မှာ ရေနွေးအိုးတစ်လုံးနဲ့ သူ့ဘာသာအချိန်ကုန်နေတာ။ စကားတောင်တနေ့နေလို့ တစ်လုံး မပြောတဲ့သူ။  သူကသာ ရေခဲတုံးကြီးလို အေးတာမှစက်လို့ နေနိုင်တာ ကျွန်မကတော့ ပူလောင်လိုက်ရတာဆိုတာ မျက်လုံးနှစ်လုံးပွင့်ပြီဆိုကတည်းက လုပ်လိုက်ရတဲ့အလုပ် ၊ ည အိပ်တဲ့အချိန်ထိ။


ခုလည်းထုံးစံအတိုင်း ကျီးတောင်မနိုးသေးခင် စျေးခင်းဖို့ သွားရတော့မယ်။ မနေ့ညကတည်းက အရံသင့်ပြင်ထားတဲ့ ဟင်းရွက်တောင်းကို မနိုင်မနင်းမပြီး သွားဖို့လုပ်တော့ အိမ်ဦးခန်းမှာ ရေခဲတုံးကြီးက အိပ်နေတာများ ဟောက်သံတွေတောင်ထွက်လို့။


ကျွန်မစိတ်တိုတိုနဲ့ မနာလိုဖြစ်ပြီး မျက်စောင်းအားပါးတရထိုးချလိုက်မိတယ်။ သူကတော့ ဘယ်သိပါ့မလဲ အိပ်နေတာကိုး။ပြီးတော့ နိုးသွား ပါစေဆိုတဲ့စိတ်နဲ့ သွပ်တံခါးကို ဂျုံးခနဲ့မည်အောင်အားပါး တရဆောင့်ပိတ်လိုက်တော့ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဂျိန်းခနဲအသံ က အိပ်နေတဲ့ ကိုတင်စိန်တော့ မသိဘူး။ ကျွန်မတော့ ကိုယ့်ကိုယ်လုပ်ပြီးရုတ်တရက်ဆိုတော့အတော်လေးလန့်သွားတယ်။ မနက်ဝေသီဝေလင်း လူခြေတိတ်ချိန်ဆိုတော့အသံကတော်တော်လေးဟိန်းထွက်သွားတာကိုး။


လုပ်ချင်တာလုပ်ခဲ့ရုံနဲ့ ကျွန်မအားမရသေးပါဘူး။ ပါးစပ်ကလည်းထုံးစံအတိုင်း စက်သေနတ်ပြစ်သလို ကိုတင်စိန်ကို တဗျစ်တောက်တောက်ဆဲဆိုပြီးထွက်ခဲ့တာပေါ့။


``ကဲ… ရွှေမိရယ်…။ စောစောစီးစီးစျေးရောင်းကောင်းအောင် ဘုရားဂုဏ်တော်လေးရွတ်မယ့် အစား ဘယ်သူ့ကိုဆဲဆိုနေတာလဲ…’’


``ဘယ်သူရှိရမလဲ လှဌေးရယ်…။ ဟိုမှာ… အိမ်ဦးခန်းမှာ ခုချိန်ထိ မိန့်မိန့်ကြီးအိပ်နေနိုင်တဲ့ ရေခဲတုံးကြီးပေါ့။ မယားဖြစ်သူ စျေးတောင်းမနိုင့်တနိုင်  မ နေလို့လည်း ထပင့်ပေးမယ်မရှိဘူးလေ..။ တစ်နေ့တစ်နေ့လည်း တစ်ကျပ်မှ ၀င်အောင် ရှာနိုင်တာမဟုတ်ဘူး။ ကျုပ်ဖြင့် လင်ယူပြီးအားကိုးမရတဲ့အပြင် သူ့ကိုပါ လုပ်ကျွေးနေရသေးတယ်။ တကယ်ပါတော်…။ ကျုပ်ဖြင့် ကြာလေကြာလေ စေတနာမရှိလေပါ…။ ”


``ညည်းကလည်းအေ… ကိုတင်စိန်က အပြင်လုပ်မလုပ်ပေမဲ့.. အိမ်ကိစ္စညည်းဘာတွေများစိတ်ပူနေရလို့လဲ။ ပိုက်ဆံရှာပြီး မူးရူးသောက်စားပြီး မယားကိုနှိပ်စက်တတ်တဲ့ယောကျာင်္းတွေနဲ့စာရင် ညည်းယောင်္ကျားလူအေးကြီးက တော်ပါသေးတယ်အေ..။ညည်းမှာ အိမ်ထောင်ကျကတည်းက ထမင်းလည်းချက်ခဲ့ရတာ မဟုတ်ဘူး ကလေးလည်း ထိန်းခဲ့ရတာမဟုတ်ဘူး ။ အကုန်လုံးသူပဲမညည်းမညူလုပ်ပေးခဲ့တာ…။ အဲလောက်အားကိုးရ ရင် တော်ရောပေါ့။”


``အမလေး… ဒီလောက်လေးတောင် လုပ်သိကိုင်သိမရှိရင်လည်း လှဌေးရယ်…။ ကျုပ်ဖြင့် အိမ်ပေါ်ကနှင်ချ လိုက်တာကြာရောပေါ့။”


``ဘယ်လိုဖြစ်ဖြစ်ပါအေ…။ လင်ရှိမယားက တင့်တယ်တယ်အေ့…။အလုပ်ကတော့ တို့လို့ဆင်းရဲသားတွေအဖို့ လုပ်တာ လုပ်စားကြရမှာပဲ…။ ညည်းမသိလို့ပါအေ…။ငါဆို ငါ့ယောကျာင်္းဖိုးအောင် ရှိတုန်းကဆို ညည်းလိုပဲ အလုပ်မလုပ် လို့ တပျစ်တောက်တောက်ပြောလိုက်ရတာ…။ ဒါပေမဲ့ ဒင်းဆုံးသွားပြီး မှ သူ့တန်ဖိုးကိုသိတာအေ့။ ခုဆို ငါ့သမီးလေးနဲ့ ငါနဲ့ ရပ်ကွက်ထဲမှာမှာဘယ်လောက်မျက်နှာငယ်ရလဲ…။ ညအိပ်တောင်ခေါင်းအေးအေးနဲ့ အိပ်ရဲတာမဟုတ်ဘူး။ ဘယ်အမူးသမားကများ တက်လာလေမလဲဆိုပြီး စိုးတထင့်ထင့်နဲ့…။ ညည်းသာ ညည်းလင်ရှိနေလို့ ညည်းသားသမီးတွေရော…ညည်းရော အေးအေးဆေးဆေးလုံလုံခြုံခြုံနေနိုင်တာပါအေရယ်...။’’


လှဌေးပြောတာ မှန်သင့်သလောက်မှန်ပေမဲ့ ကျွန်မ အပြည့်အ၀ မထောက်ခံချင်ပါဘူး။ယောကျာင်္းယူတာ အားကိုးဖို့ ယူတာလေ။ ခုတော့ ကျွန်မဘ၀က ယောကျာင်္းရပြီး ဘာများစုမိသေးလို့လဲ။ ကလေးနှစ်ယောက်သာ အဖတ်တင်ပြီး လူလည်း လုပ်စားရတာ လူရုပ်တောင်မထွက်ချင်ဘူး။


မနက်ဝေသီဝေလင်းထ။ ရပ်ကွက်စျေးထဲကို ၀ယ်ထားတဲ့ ကုန်စိမ်းဟင်းရွက်တွေ အမြန်ကုန်ဖို့အရေး သွားရောင်းရ။ ရောင်းကုန်တော့လည်း နောက်နေ့ ရောင်းဖို့အတွက် ရွာဘက်သွားပြီး သွားသယ်ရနဲ့ ဘယ်မှာ နားရတယ် ရှိလို့လဲ။စျေးတောင်းရွက်ရလွန်းလို့လည်း ခေါင်းလည်း မိမွေးဖမွေးတုန်းက အကောင်းပကတိ ခုတော့ပြားတော့မယ့်လားတောင်မသိဘူး။ သူများတွေလို သနပ်ခါး အဖွေးသားနဲ့ လင်လုပ်စာကို ထိုင်စားရတဲ့ဘ၀ဆိုတာ ကျွန်မနဲ့လုံး၀မသက်ဆိုင်သလိုလို။


ခုတော့လင်ဖြစ်သူကိုပါလုပ်ကျွေးရင်းရွှေမိတို့ဘဝတွေများ တစ်နှစ်လာလည်း ဒီတိုင်း၊ နှစ် နှစ်လာလည်းဒီတိုင်း ပရုပ်လုံးလို လုံးပါးကို ပါးလို့….။


*****


ဒီနေ့ကျွန်မစိတ်တွေမကြည်ဘူး။

စျေးရောင်းနေပေမဲ့ ကျွန်မစိတ်တွေပျံ့လွှင့်နေတယ်။ ခင်းထားတဲ့ ဟင်းသီးဟင်းရွက် တွေအမြန်ကုန်ပါစေတော့ဆုတောင်းရင်း လာ၀ယ်သူတိုင်းကိုစျေးတွေလျော့ရောင်းလိုက်တယ်။ စိတ်နဲ့ လူနဲ့ မကပ်တော့ စျေးမေးရင်လည်း မကြားတချက် ကြားတစ်ချက်နဲ့ရယ်။


အမူရာပျက်နေတဲ့ကျွန်မကိုကြည်ြ့ပီးဘေးမှာရောင်းနေတဲ့လှဌေးက ဘာဖြစ်နေလဲမေးတော့ ကျွန်မ ပြန်ဖြေချင် စိတ်မရှိတာနဲ့ ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြလိုက်တယ်။ ရင်ထဲကဖြစ်နေတဲ့ခံစားချက်ကိုလည်း လူတကာ ပြောပြလို့မကောင်းဘူးမလား။


မနက်က စျေးလာ၀ယ်ရင်းတွေ့လိုက်တဲ့ သူငယ်ချင်းဖြစ်သူ အေးခိုင်ပုံစံကိုခုထိ ကျွန်မ မျက်လုံးထဲကမထွက်ဘူး။ အေးခိုင်တို့များကောင်းစားနေလိုက်တာ။ နားမှာ စိန်နားကပ်ကြီးက အရောင်တွေ တဖိတ်ဖိတ်တောက်ပြီး တကိုယ်လုံးလည်း ရွှေတွေညွှတ် လို့။ စျေးသုံးလာတာများ ငါးထောင်တန်အထပ်လိုက်နဲ့။ ကျွန်မဆီက ဟင်းရွက်တွေ၀ယ်ပြီးပြန်အမ်းတဲ့ပိုက်ဆံတောင် ယူမသွား ရှာဘူး။ အိမ်က ကလေးတွေအတွက်မုန့်ဖိုးယူထားလိုက်ပါတဲ့။


`` ယောကျာင်္းက ငွေရှာကောင်းတော့ အဆင်ပြေတယ် ရွှေမိရေ…။ ညည်းလည်း ညည်းယောကျာင်္းကို အလုပ်လုပ်ခိုင်း…။ မိန်းမရှာတာနဲ့ ယောကျာင်္းရှာတာ ၀င်ငွေက မတူဘူး ဟဲ့။ ယောကျာင်္းတွေတကယ်ကြိုးစားရှာရင် ခဏနဲ့စီးပွားဖြစ်တယ်…။’’


ကြွားပြီးပြောသွားတာလား၊ စိတ်ရင်းနဲ့ပြောသွားတာလား မသိပေမဲ့ ကျွန်မရင်ထဲမှာ တစ်မျိုးကြီးဖြစ်လို့။ ဘာပြောပြော အေးခိုင်ကို ကျွန်မအားကျမိတာ အမှန်ပါပဲ။ ကျွန်မဘ၀က အေးခိုင်လို ဘယ်တော့မှများနေရမလဲလို့ စဉ်းစားပြီး ကျွန်မ ၀မ်းနည်းလိုက်တာ။ အေးခိုင်နဲ့ ကျွန်မ က ငယ်ကတည်းက ပေါင်းလာတဲ့ အတွင်းသိ အဆင်းသိ ငယ်သူငယ်ချင်းတွေ။ 


ခုတော့ကျွန်မဘ၀ နဲ့များ ကွာသွားလိုက်တာ။ ကျွန်မ မှာတော့ ၀မ်းရေးအတွက်ရုန်းကန်နေရလွန်းလို့ ခေါင်းတောင် သွင်အောင် မဖီးနိုင်ဘူး ။ လူကလည်းအိုစာနေလိုက်တာဆိုတာ ။ အေးခိုင်နဲ့ အသက်ရွယ်တူလို့သာပြောရင် ဘယ်သူမှ တောင်ယုံကြမယ်မထင်ဘူး။


နောက်ဆုံး အရင်းစစ်တော့ အမြစ်မြင်ပါပဲ။ ကျွန်မယူထားတဲ့ယောကျာင်္း အသုံးမကျလို့ပဲပေါ့။ စဉ်းစားတိုင်း ဒေါသဖြစ်ပြီး စျေးလည်း ဆက်ရောင်းချင်စိတ်မရှိတော့တာနဲ့ အမြန်သိမ်းပြီး လှဌေးကိုတောင်မစောင့်ပဲ ကျွန်မအိမ်ကို ပြန်ခဲ့လိုက်တယ်။


အိမ်ရောက်တော့ အိမ်ရှေ့ခမ်းမှာ ရေနွေးအိုးတစ်လုံးနဲ့ ဇိမ်ယူနေတဲ့ ကိုတင်စိန်ကိုတွေ့တော့ ကျွန်မဒေါသတွေ မထိန်းနိုင်တော့ဘူး။ ရွက်လာတဲ့စျေးခြင်းတောင်းကိုပစ်ချပြီး အားပါတရငိုလို့ ကိုတင်စိန်ကို ရန်လုပ်မိတယ်။


``ရှင် ဒီတစ်သက်အလုပ်မလုပ်တော့ဘူးလား ကိုတင်စိန်…။ ဒီအတိုင်းပဲတသက်လုံးနေတော့မှာလား။ လူပုံအလယ်မှာ ကိုယ့်မိန်းမ ဘယ်လိုတွေလုပ်ရှာဖွေနေရတယ် ဆိုတာ ရှင်သိရဲ့လား။ အ်ိမ်မှာအခန့်သားထိုင်ပြီး မိန်းမလုပ်စာပဲထိန်စားနေတဲ့ ဆန်ကုန်မြေလေးကြီးရဲ့…။ကျွန်မ ရှင့်ကို အရမ်းစိတ်ကုန်နေပြီ။ ကျွန်မရှင် နဲ့ ဆက်မပေါင်းနိုင်တော့ဘူး…။’’


ကျွန်မပြောရင်းဒေါသတွေနှင့် တဝူးဝူးငိုနေမိပေမဲ့ ကိုတင်စိန်က သူ့ပုံစံအတိုင်း မျက်နှာမှာလောဘ ဒေါသမရှိသလို နဲ့။ ကျွန်မကိုတောင် သနားစရာသတ္တဝါတစ်ကောင်လို မျက်နှာပေးနဲ့ကြည့်နေသေးလေရဲ့။နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်မသာ ဒေါသထွက်ပြီးမောသွားတဲ့အထိ သူကတော့ တုတ်တုတ်မျှပင်မလှုပ်။


*****


မောမောနဲ့စျေးကပြန်လာပြီး စျေးခြင်းတောင်းပင်မချရသေးဘူး။ကြားလိုက်ရတဲ့ သမီးဖြစ်သူရဲ့စကားက ကျွန်မရင်ကို ဆောင့်ကန်လိုက်သလိုပဲ။


``အမေ…။သမီးကို ရွှေနားကပ်ဘယ်တော့၀ယ်ပေးမှာလဲ..။’’


ရုတ်တရက်ကြားလိုက်ရတာမို့ ကျွန်မ စိတ်တိုရမလို ငိုရမလိုနဲ့။မလိမ္မာလိုက်တာကြည့့်စမ်းပါဦး။ ကိုယ့်အမေ စားဖို့တောင် အနိုင်နိုင်ဘယ်လိုရုန်းကန်နေရတယ်ဆိုတာ သိသိနဲ့ ဒင်းမလို့ပြောထွက်တယ်။သူ့ကိုမဆင်ပဲကျွန်မ နားကပ်ပန်ထားတယ် ဆိုထားတော့။ ခုတော့ကျွန်မလည်းနားပေါက်ဟောင်းလောင်းနဲ့ဆိုတာ ဒင်းကမမြင်ဘူးလား။


လှချင်ပချင်တဲ့အရွယ်မို့လို့ ပူဆာတာကို ကျွန်မနားလည်းပါတယ်။ဒါပေမဲ့ အမေလုပ်သူရဲ့ အခြေနေကို ကြည့်ပြီး မှပြောသင့်တယ်မဟုတ်ဘူးလား။


``နေစမ်းပါဦး…။ညည်းကိုနားကပ်၀ယ်ပေးဖို့ ငါက ဘယ်ကပိုက်ဆံနဲ့သွားယူရမှာတုန်း။စားဖို့သောက်ဖို့တောင် မနည်းရုန်းကန်နေရတာညည်းမသိဘူးလားဟဲ့…။ပိုက်ဆံကိုရေခပ်သလို တွင်းထဲခပ်ယူနေရတယ်များမှတ်နေလား။ ပိုက်ဆံလေး သုံးလေးထောင်ရဖို့တောင် ငါ့မှာ စျေးတောင်းကိုခေါင်းပြားမတတ်ရွက်ပြီးစျေးရောင်နေရတာ ညည်းအဲဒါတွေသိရဲ့လား။’’


``အဲဒါတွေ သမီးမသိဘူး။ ဘုတ်ဆုံမတောင် နားကပ်၀တ်နေပြီ။ သူ့အမေ ၀ယ်ပေးတာတဲ့။ သမီးလည်းလိုချင်တာပေါ့။ ဘုတ်ဆုံမ အမေလည်း စျေးရောင်းတာ အမေလည်းစျေးရောင်းတာပဲ။ ဘုတ်ဆုံမ အမေ ဘုတ်ဆုံမကို၀ယ်ပေးရင် အမေလည်း သမီးကို၀ယ်ပေးရမှာပေါ့…။’’


``ဟဲ့…။ သူများကိုသွားမကြည့်နဲ့ …။ သူတို့ကသားအမိနှစ်ယောက်တည်း။ ငါ့မှာ လုပ်ကျွေးနေရတာ ညည်းတို့သားအဖကိုတွေကို…။စားဖို့တောင်အနိုင်နိုင် ငါကဘယ်ပိုက်ဆံနဲ့သွား၀ယ်ပေးနိုင်မှာလဲ…။


``မသိဘူး…။ သမီးလည်း နားကပ်လိုချင်တယ်…။ အမေ၀ယ်ပေး…’’


`` မ၀ယ်ပေးနိုင်ဘူးဟေ့…။ ၀ယ်ပေးဖို့လည်း ပိုက်ဆံမရှိဘူး။ ညည်းကို မွေးထားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ညည်းလိုချင်ရင် တနေကုန်တနေခမ်းကျောခင်းနေတဲ့ ညည်းအဖေကိုပြော…။ ငါ့ကိုလာမပြောနဲ့..။တကတည်း ဒီအလိုက်ကန်းစိုးမသိတဲ့ ဒီသားအဖတွေနဲ့ ဘယ်တော့မှ၀ဋ်ကျွတ်မလဲမသိပါဘူးတော်…’’


``အမက သမီးကိုမချစ်ဘူး….။’’


``အေ….မချစ်ဘူးဟေ့… မချစ်ဘူး။ညည်းတို့စားဖို့ ခေါင်းမွှေးကျွတ်အောင်စျေးတောင်းခေါင်းပေါ်ရွက်ပြီးလုပ်ကျွေးနေတဲ့ ဟောဒီက ကျွန်, မကြီးက ညည်းတို့ကိုမချစ်ဟဲ့…။’’


စိတ်တိုတိုနဲ့ငေါက်လိုက်ပေမဲ့ ကျွန်မစိတ်တော့မကောင်းဘူး။ လှဌေးသမီး ဘုတ်ဆုံမတောင်နားကပ် ပန်နေပြီဆိုတော့ သူလည်းလိုချင်မယ်ဆိုတာကို ကျွန်မနားလည်းပါတယ်။ တကယ်ဆိုသမီးမတောင်းဆိုခင်ကျွန်မ တို့ကဆင်ပေးရမယ်မဟုတ်လား။


နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်မရဲ့ စိတ်မကောင်းမူတွေ ဒေါသဖြစ်မူတွေက ယောကျာင်္းဖြစ်သူ ကိုတင်စိန် ဆီကိုသာ စုပုံပြီးကျသွားတယ်။

တကယ်တော့ ယောကျာင်္းဖြစ်သူကိုလည်း ကျွန်မ အတော်လေးစိတ်ကုန်နေပါပြီ။ ဘယ်လောက်ပြောပြော အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ့်သူမဟုတ်လို့ ကျွန်မ ပြောနေလည်းအပိုဆိုတာ ကျွန်မသိပါတယ်။


ဒါပေမဲ့လည်း မိန်းမသား ပီပီ မကျေနပ်ချက်တွေအားလုံး ယောကျာင်္းဖြစ်သူကိုသာ စောင်းချိတ်ပြောဆိုနေမိပါတယ်။ ကိုတင်စိန်ကတော့ သူ့ကိုပြောနေတာလို့တောင် သတ်မှတ်လေပါ့မလားမသိ။ တစ်ခွန်းမှ ကျွန်မကို ပြန်မပြောဘူး။နောက်တော့ကျွန်မသာ မောသွားတယ်။ကိုတင်စိန်က ရေခဲတုံးကြီးက ဆေးလိပ်ဖွာပင်မပျက်။


*****


ဒီနေ့ကြားရတဲ့သတင်းတွေတစ်ခုမှမကောင်းဘူး။


 မနက်စောစောစီးစီး လှဌေးတစ်ယောက် စျေးမထွက်လို့ စိတ်ပူပြီးစုံစမ်းကြည့်တော့ လှဌေးတို့သားအမိတွေ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးမှာတဲ့။


 မနေ့ညက လှဌေးတို့သားအမိ အိပ်နေတုန်း အရက်မူး သမားတစ်ယောက်တက်လာပြီး လှဌေးတို့သားအမိကို သားမယားပြုကျင့်ဖို့ကြံတယ်တဲ့။

လူတွေများ လုပ်ရက်လိုက်ကြတာ။သားအမိနှစ်ယောက်တည်း နေတဲ့အိမ်ကို ဝိုင်း၀န်းစောင့်ရှောက်ဖို့ နေနေသာ မြေနိမ့်ရာ လှံစိုက်ချင်နေကြတာ။လှဌေးတို့သားအမိတွေ အားကိုးရာမဲ့ပြီး မနေ့ညက ဘယ်လောက်များကြောက်နေလိမ့် မလဲ။  


နောက်ညတွေကော ခေါင်းအေးအေးနဲ့ အိပ်နိုင်ပါ့မလား။ စျေးရောင်းပြီးရင် လှဌေးတို့အိမ်ဘက်သွားဦးမယ်လို့ တစ်ယောက်တည်း တွေးနေကာရှိသေး။ နောက်ထပ်စိတ်မကောင်းစရာ သတင်းတစ်ခုက ထပ်ကြားရပြန်ပြီ။


`` ရွှေမိရယ်…။ ညည်းစျေးရောင်ပြီးရင် အေးခိုင်ဆီသွားလိုက်ပါဦးဟယ်…။ အေးခိုင်ဆေးရုံရောက်နေတယ်။ မနေ့ ညက သူ့ယောကျာင်္းမူးမူးနဲ့ရိုက်လို့ မေ့လှဲသွားတာတဲ့။ ပြီးတော့ သူ့ယောကျာင်္းက မယားငယ်လည်းရှိတယ်တဲ့တော့်..။ ယောကျာင်္းတွေက မကောင်းပါဘူးဟယ်…။’’


စျေးလာ၀ယ်ရင်း အေးခိုင်တို့ရပ်ကွက်ထဲက တစ်ယောက်ပြောပြတဲ့စကားကြားပြီး ကျွန်မ ခေါင်း တွေချာချာလည်အောင် နှောက်သွားတယ်။

 

ဘုရား..ဘုရား အေးခိုင်ယောကျာင်္းက မယားငယ်ရှိတယ်တဲ့။ အေးခိုင်ဘ၀ကို သာယာပြီထင်ထားတာ ခုလိုကျတော့ အေးခိုင်တစ်ယောက် ဘယ်လိုများ ခံစားလိုက်ရမလဲ။ ကျွန်မသာသူ့နေရာမှာဆို အို... မတွေးရဲလိုက်တာ...။ လင်သည် ယောကျာင်္း က အိမ်ထောင်ရေးဖောက်ပြန်တာ ဘယ်လောက်ဆိုးလိုက်တဲ့လုပ်ရပ်လဲ။


ပြီးတော့ ဆေးရုံတက်ရလောက်သည်ထိအေးခိုင်ကိုရိုက်တယ်ဆိုတော့ သူ့ယောကျာင်္းက တော်တော်မကောင်းတာပဲ။မိန်းမက ချစ်ဖို့ ယူထားတာလား ၊ ရိုက်ဖို့ယူထားတာလား မသိပါဘူး။


ဒီလိုကြတော့ အိမ်က ရေခဲတုံးကြီးက ကောင်းသေးလိုလိုပါပဲ။ လှဌေးပြောသလို ကိုတင်စိန်ကြီးက ကျွန်မဘယ်လောက် ဆဲဆဲခုချိန်ထိ ကျွန်မကိုလက်ဖြားနဲ့တောင် ရွယ်ဖူးသူမဟုတ်ဘူး။ 


ကျွန်မကိုချစ်လိုက်တာလည်း လွန်ရော...။ ငွေ၀င်တဲ့အလုပ်တာ မလုပ်တာ တစ်ခုကလွဲရင် အိမ်မူကိစ္စမှန်သမျှလုပ်ရုံမကဘူး။ ကျွန်မ အ၀တ်စားတွေပါ လျှော်ဖွတ်ပေးတာမလား။တသက်လုံး ကျွန်မ ဘာသာကိုယ့်အပူကိုယ်ယူထည့်ပြီး ငိုလိုက်ရယ်လိုက်ဖြစ်နေတာ။ ကိုတင်စိန်ကြီးက ကျွန်မကို မျက်လုံးစိမ်းနဲ့လည်းမကြည့်ဖူးဘူး။ လေသံမာမာနဲ့လည်းပြောဖူးတာမဟုတ်ဘူး။


ပြီးတော့ ယောကျာင်္း ရှိတယ်ဆိုတဲ့အရှိန်နဲ့ လှဌေးတို့အိမ်လို အိမ်ပေါ်တက်လာဖို့ဝေးစွ ၊ ကျွန်မသမီးကိုရော ကျွန်မကိုရော ဘယ်သူကမှ စိတ်နဲ့တောင် မပြစ်မှားရဲကြဘူး။ သားရော သမီးရော ကျွန်မပါ ကိုတင်စိန်ရှိနေတယ်ဆို့တဲ့အသိနဲ့ စိတ်ထဲလုံလုံခြုံခြုံ ရှိနေနိုင်တာ မဟုတ်လား။


ဒီလိုပြန်စဉ်းစားတော့ ကျွန်မကိုတင်စိန်ကိုဆဲဆိုခဲ့တာတွေအတွက်စိတ်မကောင်းပြန်ဘူး။ သူ့ခမျာခုဆို ကျွန်မ စကားကောင်းကောင်းမပြောပေးတော့ နေရတာ မသက်မသာနဲ့ရယ်။ ဒီနေ့အိမ်ပြန်ရောက်ရင်တော့ ကိုတင်စိန်ကို ကျွန်မ ကောင်းကောင်းပြန်ဆက်ဆံတော့မယ်လို့တွေးရင်း စျေးသိမ်းအပြီးမှာတော့ အိမ်ကိုအပြေးပြန်ခဲ့တယ်။


မပြန်ခင် ကိုတင်စိန်ကြိုက်တတ်တဲ့ ကြက်သားဆီပြန်ဟင်းချက်ဖို့ စျေးက ကြက်သားတစ်ထောင်ဖိုးပါ ၀ယ်ခဲ့မိသေးလေရဲ့။


အိမ်ရောက်တော့ ခါတိုင်းတွေ့နေကြအိမ်ရှေ့ခန်းမှာကိုတင်စိန်ကိုမတွေ့တော့ ဘာရယ်မသိ ကျွန်မရင်ထဲ ဟာတာတာ ကြီး ဖြစ်သွားတယ်။ကိုတင်စိန်သောက်နေကြရေနွေးကြမ်းဓါတ်ဘူးက ခုတော့ အဖော်မဲ့စွာ အိမ်ထောင့်မှာကပ်လို့။ ကိုတင်စိန်က အိမ်လည်တတ်သူလည်းမဟုတ်ပါဘူး။ ဘယ်များသွားတာပါလိမ့်ဆိုတဲ့အတွေးနဲ့့ အိမ်ရှေ့မှာ သနပ်ခါးလိမ်းနေတဲ့ သမီးဖြစ်သူကိုမေးလိုက်မိတယ်။


``သမီးကြီး…. နင့်အဖေကော…။’’


``အဖေ … အလုပ်သွားတယ်လေအမေ…’’


ဟင်….။ ကျွန်မနားကြားများလွှဲလေသလား။ ကိုတင်စိန်အလုပ်သွားတယ်တဲ့။


``ဘယ်လို….။ အလုပ်သွားတယ်ဟုတ်လား…။’’


``ဟုတ်တယ်…။သမီးသွားခိုင်းလိုက်တာလေ...။ သမီးနားကပ်လိုချင်လို့ အဖေ့ကို အလုပ်လုပ်ဖို့ပူဆာတော့ အဖေ ရပ်ကွက်ထဲက ကိုကြီးသာထူး တို့အဖွဲ့နဲ့အလုပ်လုပ်ဖို့လိုက်သွားတယ်။ အဖေက အလုပ်လုပ်ပြီး သမီးလိုချင်တဲ့ ရွှေနားကပ်၀ယ်ပေးမယ်လို့လည်း ကတိပေးသွားတယ်။ အဟီး...ပျော်လိုက်တာ...။ နားကပ်၀တ်ရတော့မယ်။’’


ဘုရားဘုရား…။ ဒီနေ့တစ်နေ့လုံးကျွန်မ သတင်းထူးတွေချည်းကြားနေရပါလား။ တသက်နဲ့တကိုယ်တစ်ခါမှမကြားဖူး တာတွေ ကြားနေရတော့ ကျွန်မနားတောင် ကျွန်မ မယုံချင်တော့ဘူး။


`` ဟဲ့…. နင်အဖေ အလုပ်သွားတာရော ဟုတ်လို့လား သမီးကြီးရယ်…။’’


``သြော်… အမေကလည်း ဟုတ်ပါတယ်ဆို…။ မနက်က ဆောက်လုပ်ရေးအဖွဲ့တွေလာကြိုတဲ့ ဖယ်ရီကားနဲ့ ပါသွားတာ…။ သမီးတောင် ထမင်းချိုင့်ထည့်ပေးလိုက်သေးတယ်…’’


ကြားလိုက်ရတဲ့စကားတွေက ကျွန်မရင်ထဲမှာ ၀မ်းနည်းသလိုပျော်သလိုနဲ့။ ကိုတင်စိန်အလုပ်လုပ်ပြီဆိုပါလား။ ကျွန်မ အလုပ်လုပ်ဖို့တသက်လုံးပြောခဲ့တာ ရှင်နားမထောင်ခဲ့ ပေမဲ့ သားသမီးက လိုချင်တာ ပူဆာလာတော့ အလုပ်မလုပ်ပဲ ထိုင်မနေနိုင်တော့ဘူးပေါ့ကိုတင်စိန်ရယ်...။ ဒီလိုကြတော့ ကိုတင်စိန်ကြီးက ဘယ်ဆိုးလို့လဲ။ အဖေစိတ်တော့အပြည့်၀ရှိသူပဲမဟုတ်လား။ ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ဒီလိုစကားကြားတာနဲ့တင် ကျွန်မကျေနပ်လိုက်တာ…။ 


ကိုတင်စိန်မှာ ဒီလိုစိတ်ကလေးရှိနေမှန်းအစကတည်းက သာ သိရင် ကျွန်မ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။


``သြော်အမေ..ဒါနဲ့.. ဘုတ်ဆုံမတို့ အကြောင်းကြားပြီးပြီလား။ဘုတ်ဆုံမတို့အိပ်နေတုန်း အရက်မူးသမားက ဘုတ်ဆုံမကို လာဆွဲတာတဲ့...။ 

အဲဒီသတင်းကြားပြီးအဖေက ပြောတယ်။သမီးကိုအချိန်မတော်အပြင်မထွက်နဲ့တဲ့။ အမေ့ကိုလည်း မနက်အစောကြီး စျေးသွားတာစိတ်ပူတယ်တဲ့။

ပြီးတော့အဖေက အမူးသမားကိုစိတ်တွေတိုနေတာ တောက်တခေါက်ခေါက်နဲ့။ သူ့သားသမီးကိုထိရင်တော့ အသက်ချင်းလှဲပစ် လိုက်မယ်တဲ့။အရင်က အဖေ့ပုံစံနဲ့တခြားစီပဲသိလား။သမီးဖြင့်အဖေ့ကိုကြည့်ပြီး အံ့သြလိုက်တာ ပြောမနေနဲ့။’’


ကြားရတဲ့စကားတွေက ကျွန်မအတွက်တော့ အံ့သြပြီးရင်းအံ့သြရင်းပါပဲ။လှဌေးတို့သားအမိသတင်းကြားရုံနဲ့ သူ့သားမယားကို စိတ်မချဖြစ်ပြီး အသက်ချင်းတောင်လှဲမယ်တဲ့လား ကိုတင်စိန်ရယ်။


 အရင်က ကျွန်မသိထားတဲ့ကိုတင်စိန်နဲ့များမတူလိုက်တာ။ ခုတော့ တော်က ရေခဲတုံးကြီးမလုပ်နိုင်တော့ဘူးပေါ့လေ။ သားမယားနဲ့ယှဉ်လာတော့ ရေခဲတုံးကြီးက အရေပျော်သွားရပြီပေါ့…။ ကျွန်မတွေးရင်း ကြည်နူးလိုက်တာပြောမပြတတ်အောင်ပဲ။


ဒီလိုနဲ့ ညနေရောက်တော့ ကျွန်မ ကိုတင်စိန်ကြိုက်တတ်တဲ့ ကြက်သားဆီပြန်ဟင်းနဲ့ ငါးပိတို့စရာစုံနေအောင်လုပ်ပြီး ကိုတင်စိန် ပြန်လာရင်စားဖို့ ထမင်းပွဲကိုအရံသင့် ပြင်ထားလိုက်တယ်။စိတ်ထဲကလည်း ကိုတင်စိန်ကို အမျှော်ကြီးမျှော်လို့။ 


အိမ်ပေါက်၀ က နေ လမ်းပြင်ကို လှမ်းမျှော်ကြည့်ရတာလည်းအခါခါ။ ခဏကြာတော့ ဆောက်လုပ်ရေးအလုပ်သမားကား၀င်သံကြားရပြီး ကိုတင်စိန် ထမင်းချိုင့်လေးဆွဲလို့ ခြံထဲ၀င်လာတယ်။


အိမ်ထဲရောက်လာတော့  သူ့အိပ်ကပ်ထဲက ပိုက်ဆံ ငါးထောင်တန် တစ်ရွက် နဲ့ ထောင်တန်တစ်ရွက်ကို ထုတ်ပြီး ကျွန်မကိုပေးတယ်။


``ပင်ပန်းရင်စျေးသွားမရောင်းနဲ့တော့….။ ဒီနေ့ကစပြီး မင်းတို့သားအမိကိုငါလုပ်ကျွေးမယ်…။’’


ကြားလိုက်ရတဲ့စကား မာမာထန်ထန် သြဇာဆန်ဆန်နဲ့ မင်္ဂလာရှိလိုက်တာ…။ တသက်လုံးမကြားရတော့ဘူးထင်တဲ့ အိမ်ဦးနတ်ကြီးဆီက စကား ကျွန်မကြားရပြီ။ ရင်ထဲမှာပျော်လိုက်တာ ဆိုတာ နှိုင်းပြစရာတောင်မရှိအောင်ပါပဲ။ ပေးတဲ့ပိုက်ဆံကို လှမ်းယူတော့ ကျွန်မလက်တွေတဆတ်ဆတ်တုန်လို့။ ဂဏာမငြိမ်ဖြစ်နေလိုက်တာများ အရင်က ကျွန်မ နဲ့တောင်မတူဘူး။


``ကိုတင်စိန်…။ ယောကျာင်္းရေ… ရှင်ထမင်းစားတော့မလား။ ကျွန်မ ရှင်ကြိုက်တဲ့ ကြက်သားဆီပြန်ဟင်းချက်ထားတယ်သိလား...။’’


တခါမှချိုသာနာလိုစကားမထွက်ဖူးတဲ့ ကျွန်မပါးစပ်က ဒီလိုထွက်သွားတာ ကျွန်မကိုယ်ကျွန်မတောင်မသိလိုက်ဘူး။ ကျွန်မစကားကြားတော့ ကိုတင်စိန် တခါမှမတွေ့ဖူးတဲ့လူထူးဆန်းကြီးလို တအံ့တသြနဲ့ ကြည့်လာတယ်။ ကျွန်မလည်း ရှက်ရှက်နဲ့ သူ့ကိုမော့ကြည့်လိုက်တော့ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပါလေရော…။


ကိုတင်စိန်မျက်နှာလည်း ရယ်ကျဲကျဲနဲ့ ကျွန်မမျက်နှာလည်း ပြုံးစိစိ နဲ့။


ဘာပြောပြော ခုတော့ ကိုတင်စိန် ရေခဲတုံးကြီးလည်းအရေပျော်သွားသလို၊ ကျွန်မ အပူသည်ကြီးလည်း အေးချမ်းသွားပါပြီကော…..။


(ညီလေးငယ်)

No comments: