Thursday, September 1, 2022

ငွေကြေးဖောင်းပွမှု အရံအတား မဟာဗျူဟာများ

 ငွေကြေးဖောင်းပွမှု အရံအတား မဟာဗျူဟာများ




ကျွန်တော့်အနေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေ မတည်ငြိမ် တဲ့နောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး အခြေအနေများကို ကျော်လွှားနိုင်ဖို့ သုံးသပ်မျှဝေပေးခဲ့တဲ့ ခေါင်းစဉ်တွေ အထဲမှာ ငွေကြေးဖောင်းပွ မှု Inflation ဆိုတဲ့ အကြောင်းလဲ တစ်ခု အပါအဝင်ဖြစ်ခဲ့ပါတယ်။ (Inflation အကြောင်းကို အပိုင်းဆက် လိုက် သေချာ နားလည်အောင် မျှဝေပြီးဖြစ်လို့ Page မှာ ရှာဖွေ လေ့လာနိုင်ပါတယ်။) ယခု မျှဝေမှုက လဲ inflation နဲ့ ပတ်သတ် တဲ့ အကြောင်းအရာ အဆက်အစပ် လေးတစ်ခု ပဲဖြစ်ပါတယ်။ ဒါကတော့ ရင်းနှီးမြုပ်နှံသူတွေ ပြုလုပ် လေ့ရှိကြတဲ့ Inflation Hedge ဆိုတဲ့ Investment Strategy အကြောင်း ပဲဖြစ်ပါတယ်။

.

လက်ရှိ အမေရိကန် စီးပွားရေး အနေနဲ့ ပြောရရင် အမေရိကရဲ့ GDP စီးပွားရေး တိုးတက်မှု ဟာ အတက် ဖက်ကို ပြနေဆဲဖြစ်ပါတယ်။ ကိုဗစ် ရောဂါ ကြီးဖြစ်တဲ့အချိန်မှာ အမေရိကန် ဟာလည်း စီးပွားရေး တွေကျဆင်းတာ အလုပ်လက်မဲ့တွေ ပေါ်လာတာတွေ ကြုံလာခဲ့ရပါတယ်။ ဒီလို စီးပွားရေး ကျဆင်း တဲ့အခါမှာ အမေရိကန် ဖက်ဒရယ်ဘဏ် ကနေ ပြီးတော့ ဘဏ် ချေးငွေ အတိုးနှုန်းတွေ ကို လျော့ ချ ပေးလေ့ရှိပါတယ်။ Fed Bank ဟာ ဘဏ် တွေ တစ်ခုနဲ့ တစ်ခု Reserve requirement အနေနဲ့ သတ်မှတ်ထားတဲ့ နေ့စဉ် ငွေပမာဏ တစ်ခု ပြည့် မှီခြင်း မရှိရင် တစ်ဘဏ်နဲ့ တစ်ဘဏ် ချေးငှား တဲ့အခါ ပေးဆောင်ရတဲ့ Overnight  rate ကို သတ်မှတ်ပေးလေ့ရှိပါတယ်။ ဥပမာ ဘဏ် တစ်ခု စတင်ဖွင့်လှစ်မယ်ဆိုရင် Vault ထဲမှာ ငွေပမာဏ ဘယ်လောက် ဆိုပြီး ရှိဖို့ သတ်မှတ်ထား ပါတယ်။ တကယ်လို့ ဘဏ် က ငွေထုတ်ပေးရတာ များသွားလို့ ညနေ ဘဏ်အပိတ်မှာ မနက် ဖြန် မနက် အတွက် အဲဒီသတ်မှတ်ချက်ကို မမှီတော့ဘူးဆိုရင် အခြားငွေပိုနေတဲ့ ဘဏ် တွေဆီကနေ တစ်ည တာ စာ ချေးယူရပါတယ်။ ဒါကြောင့် Overnight rate လို့ခေါ်တာပါပဲ။ ဒီနှုန်းကိုတော့ Fed Bank က သတ်မှတ်ပေးပါတယ်။ ဒါ့အပြင် ဒီ နှုန်းဟာ ဘဏ် နဲ့ဆက်စပ် သမျှအ တိုးအားလုံးရဲ့ အခြေခံ ဖြစ်ပါတယ်။ ဒီ ပေါ်မှာ မူတည်ပြီး ဘဏ်တွေက အတိုးပေးတာ၊ ချေးငွေ အတိုးသတ်မှတ် တာ၊ အရစ်ကျ အတိုးနှုန်းတွေ သတ်မှတ်တာ၊ credit score အလိုက် အတိုးနှုန်းသတ်မှတ် တာ တွေကို လုပ်ကြပါတယ်။ ဆိုလိုတာကတော့ overnight rate မြင့်ရင် အခြား အတိုးနှုန်းတွေ လဲ လိုက် မြင့်လာပြီး ကျရင် အခြားအတိုးအကုန် လိုက်ကျပါတယ်။ ဒါကြောင့်. Overnight rate ကို Federal Fund Rate လို့ ခေါ်ကြပါတယ်။

.

ဘာလို့ဒီလို ချိတ်ဆက်ထား တာလဲဆိုရင် ဗဟိုဘဏ် (Fed Bank)က စီးပွားရေးကိုထိန်းချုပ်နိုင် မယ့် Tool တစ်ခု အဖြစ်သုံးချင်လို့ ပါပဲ။ ဒီအတွက် စီးပွားရေး အခြေအနေ၊ ငွေကြေးဖောင်းပွမှုတွေကို စောင့် ကြည့်ကာ Fed Fund Rate ကိုအတိုး အလျော့လုပ်တတ်ပါတယ်။ တစ်နှစ်အတွင်း ၈ ကြိမ် လောက် တောင် ပြောင်းလေ့ရှိတယ်လို့ဆိုပါတယ်။ ကိုဗစ် ကာလ စီးပွားရေး တွေ ကျဆင်းတဲ့ အခါ ဗဟိုဘဏ်က Fed Fund Rate ကို ၀.၀၉% ထိ လျော့ပေးလိုက်ကာ စီးပွားရေး ပြန်လည်ပတ် စပြုတဲ့အခါ ၀.၂၅% မှာ ထားလိုက်ပါတယ်။ Fed Fund Rate လျော့ကျသွားတဲ့အခါ လုပ်ငန်းလုပ်ချင် သူတွေ အနေနဲ့ ဘဏ်တွေဆီကနေ ချေးငွေများကိုအတိုးနှုန်း နည်းနည်းလေးနဲ့ ရယူနိုင်တဲ့အတွက် စီးပွားရေး လုပ်သူတွေ၊လုပ်ငန်းတိုးချဲ့သူတွေ၊ ပေါများလာကာငွေတွေ လည်ပတ် ၊ အလုပ်အကိုင်တွေ ပေါများလာပြီး စီးပွားရေးကိုတိုးတက်စေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုး အနေနဲ့က စျေးကွက်ထဲငွေတွေ လည်ပတ်တာ များလာတဲ့ အခါ စီးပွားရေးတိုးတက်မှုနဲ့ အတူ ငွေကြေးဖောင်းပွမှု ကိုဖြစ်စေပါတယ်။ ငွေကြေးဖောင်းပွလာရင် ဒေါ်လာတန်ဖိုးပျော့လာတာ၊ ကုန်စျေး နှုန်း ကြီးမြင့်လာတာတွေ ကိုကြုံရမှာ ဖြစ်တဲ့အတွက် သင့်တော်တဲ့ စီးပွားရေး လည်ပတ်မှု အဆင့်ကို ရောက် ရင်ဒီဘေးထွက်ဆိုးကျိုးတွေ ကိုထိန်းနိုင်ဖို့ အတွက် Fed Fund Rate ကို ပြန်မြင့်တင် ရလေ့ ရှိပါတယ်။

.

ကိုဗစ်ကာလ အတွင်းမှာ တောက်လျှောက် ထားခဲ့တဲ့ Fed Fund Rate 0.25% ဟာ စီးပွားရေး တိုးတက်လာပေမယ့် ပြောင်းလဲဖို့ တိုးမြင့်ဖို့ အခြေအနေကို မရောက်သေး အချိန်မတန်သေးဘူး လို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ဗဟိုဘဏ်က ကြေငြာလိုက်ပါတယ်။ ဒီအတွက် investor တွေဟာ ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို စိုးရိမ်လာ ကြပါ တော့တယ်။ 

.

မြန်မာနိုင်ငံ မှာလည်း အချက်အလက်တွေ အရ ၁၉၈၈ အာဏာ သိမ်းမှု ဖြစ်ပြီးတဲ့နောက် မှာ ငွေကြေးဖောင်းပွမှု inflation ဟာ ၅၅% ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ အတော်လေးများပြား တဲ့ပမာဏ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတောင် ငွေကြေး တန်ဖိုးကျဆင်းမှု၊ ကုန်စျေးနှုန်း မြင့်တက်မှု၊ စီးပွားရေး ကျဆင်းမှုတွေကြောင့် မြင့်မားတဲ့ Inflation အခြေအနေတစ်ခုကို စတင် ရောက်ရှိ နေပြီဖြစ် ပါတယ်။

.

.

ဒီလို inflation မြင့်မားမယ့် အခြေအနေ တစ်ရပ်ရပ်ကို ကြုံလာတဲ့အခါမှာဆိုရင်တော့ Investor များဟာ Inflation Hedge ဆိုတဲ့ Investment Strategy ကို ပြောင်းပြီး သုံးကြလေ့ရှိပါတယ်။ ပုံမှန် အချိန် စီးပွားရေး တိုးတက်နေချိန်မှာတော့ ဘယ်ဟာ ပိုမြတ်မလဲ ဆိုတဲ့ Thinking နဲ့ Investment လုပ်ကြပေမယ့်  နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအကျ၊ စစ်ပွဲ စတဲ့ Conflict and Recession အခြေအနေတွေ မှာတော့ ဘယ်ဟာက ပိုပြီး ပိုင်ဆိုင်မှုကို ထိန်းထားနိုင်မလဲ၊ ဘယ်ဟာက ပိုပြီး မဆုံးနိုင်၊ Safe ဖြစ်နိုင်မလဲဆို ပြီးပြောင်းစဉ်းစား ကြပါတယ်။

.

Hedge ဆိုတာကတော့ အရံအတား ၊ အတားအဆီးလို့ ဆိုနိုင်ပြီး Inflation Hedge Strategy ဆိုတာက တော့ မြင့်မားလာမယ့် ငွေကြေးဖောင်းပွမှုကို အရံအတား အဖြစ် ကာကွယ်နိုင်မယ့် မဟာဗျူဟာ လို့ ဆိုရမှာဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ငွေကြေးဖောင်းပွမှု အတိုင်း တန်ဖိုး လိုက်တက်နေမယ့် အပြင် ဝင်ငွေ ပမာဏ တစ်ခုပါ ရနေနိုင်ဦးမယ့် ပိုင်ဆိုင်မှု Assets and Securities တွေကို ပြောင်းလဲ ဝယ်ယူ ကာ မတည်ငြိမ်တဲ့ကာလ ကို ဖြတ်သန်းကြတာပဲဖြစ်ပါတယ်။ Inflation Hedge Strategy အနေနဲ့ လုပ်ဆောင် လေ့ရှိတာတွေကတော့…

.

.

TIPS

.

TIPS ဆိုတာကတော့ Treasury Inflation-Protected Securities ဖြစ်ပြီး ငွေတိုက်စာချုပ် Bond အမျိုးအစား တစ်ခုပဲဖြစ်ကာ US Government က ထုတ်ရောင်းတဲ့ bond ဖြစ်ပါတယ်။ အဓိက ရည်ရွယ် ချက်ကတော့ Inflation ကို ကာကွယ်ချင်တဲ့ ပြည်သူတွေ Investor တွေ အတွက် အထူး ရောင်းချတာဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ နာမည် အတိုင်းပဲ ငွေကြေးဖောင်းပွမှု ဖြစ် တဲ့ ပမာဏ အတိုင်း Bond တန်ဖိုးကို ပေါင်း ပေး တာဖြစ်ပါတယ်။ ဥပမာ လူတစ်ဦးက TIPS ၁၀၀$ ဖိုး ဝယ်လိုက်ပြီး နှစ်ကုန်မှာ inflation က ၅%  ဖြစ်နေတယ်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ ဝယ်ယူထားတဲ့ TIPS တန်ဖိုးဟာ ၁၀၅$ ဖြစ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ Inflation က ၁၀% ဆိုရင် TIPS က ၁၁၀$ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် US အစိုးရက TIPS ကို တစ်နှစ် အတွက် 4% အတိုးနှုန်းလဲ ပေးပါ သေးတယ်။ Bond ရဲ့ မူလတန်ဖိုးက inflation အတိုင်းလိုက်တက်နေတာဖြစ်တဲ့အတွက် အတိုးရ တဲ့ 4% ဟာ အသားတင် အမြတ် အနေနဲ့ကို ရရှိတဲ့ သဘောဖြစ်ပါတယ်။  TIPS တွေ ရဲ့ သက်တမ်း ကတော့ ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ် အသီးသီးရှိကြပါတယ်။ 

.

တစ်ခု ရှိတာကတော့ TIPS တွေက Inflation ဖြစ်လာရင် တန်ဖိုးလိုက် တက် သလို Deflation ဆိုတဲ့ ငွေကြေး ကျုံ့မှု ဖြစ်လာရင်လည်း တန်ဖိုး လိုက်နည်း သွားတတ်ပါတယ်။ Investor တွေ အနေနဲ့က Inflation ကြီး နဲ့ နဖူးတွေ့ဒူးတွေ့တွေ့မှ TIPS တွေကို ဝယ်ရင် စျေးကမြင့်နေတတ် တဲ့အတွက် လစဉ် အစိုးရ ကထုတ်ပြန်ပေးနေတဲ့ Consumer Price Index ဆိုတဲ့ CPI data ကို ကြည့်ကာ နှစ်ကုန် inflation ဘယ်လောက်ဖြစ်နိုင်မယ် ဆိုတာကို သုံးသပ်ပြီး ကြိုတင်ဝယ်ယူ ကြလေ့ရှိပါတယ်။ 

.

မြန်မာ ပြည်တွင်းအနေနဲ့တော့ TIPS အမျိုးအစား မရှိသေးတာကြောင့် ဝယ်ယူလို့မရနိုင်သေးပါဘူး။

.

.

.

Safe Haven Asset

.

နောက်တစ်နည်းကတော့ Safe haven asset တွေ ကို ပြောင်းလဲဝယ်ယူလာကြတာဖြစ်ပါတယ်။ Safe Haven Asset ဆိုတာကတော့ အခြားသော ကုန်ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ ရဲ့ စျေးနှုန်း အတက် အကျနဲ့ uncorrelated ဖြစ်နေတတ်တဲ့ ကုန်ပစ္စည်း၊ တန်ဖိုးကြီး ရွှေငွေ ကျောက်မျက်ရတနာ၊ Commodities စတာတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုနဲ့ ကုန်ပစ္စည်းတွေမှာ Positively correlated, Negatively Correlated, Uncorrelated ဆိုပြီး သဘာဝ သုံးခုရှိပါတယ်။ 

.

Positively Correlated ဆိုတာကတော့ ပိုင်ဆိုင်မှုတစ်ခုခု ဟာ အခြား ပိုင်ဆိုင်မှု တစ်ခုရဲ့ စျေးအတက်အကျနဲ့ တိုက်ရိုက် ချိတ် ဆက် ပြီး ပြောင်းလဲနေတဲ့သဘောဖြစ်ပါတယ်။ ဥပမာ ရေနံ တစ်စည် စျေးနှုန်း တက်တဲ့အခါ မြန်မာပြည်က Octane 92,95 စျေးလဲ တက်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီစျေးတက် တဲ့အခါ ကုန်တင်ကား အသုံးပြု ပို့ဆောင် ရတဲ့ ဟင်းသီးဟင်းရွက်စျေးလဲ တက်မှာ ဖြစ်ပါတယ်။ ဒါကတော့ Asset တစ်ခုက စျေးတက် ရင် နောက် တစ်ခုပါ လိုက်တက်၊. ကျရင် လို်က် ကျတဲ့ Positively correlated ဖြစ်ပါတယ်။ Negatively Correlated ဆိုတာကတော့ ပြောင်းပြန် သက်ရောက် တာပါပဲ။ ဥပမာ အမေရိကန် ဒေါ်လာ တန်ဖိုးမာလာ (တက်လာ) ရင် ရွှေစျေးက ကျဆင်းလေ့ရှိပါတယ်။ မြန်မာကျပ် ငွေ တန်ဖိုးမြင့်လာ မာလာရင် အိမ်ခြံမြေတန်ဖိုး ကျဆင်းနိုင်ပါတယ်။ စသဖြင့် ပြောင်း ပြန် သက်ရောက် တဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ Uncorrelated ကတော့ ရှင်းပါတယ် အခြား assets အများစုနဲ့ ဘာသက်ရောက် ချိတ်ဆက် မှုမှ မရှိတဲ့ ပိုင်ဆိုင်မှု Assets အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီအမျိုးအစား ရဲ့ စျေး ကတော့ အချိန် အတော်များများမှာ တည်ငြိမ်နေတတ် လေ့ ရှိပါတယ်။

.

Safe Haven Asset တွေအကြောင်း ပိုပြီး လေ့လာချင်ရင်တော့သီးသန့် မျှဝေပေးထားတဲ့အောက်က လင့်မှာ လေ့လာကြည့်နိုင်ပါတယ်။

(https://www.facebook.com/1774694082613421/posts/3807894575960018/?d=n)

.

.

.

Long term Fixed Income Investment တွေကိုရှောင်မယ်

.

ပုံသေ ဝင်ငွေ ရတဲ့ နှစ်ရှည် ရင်းနှီးမြုပ်နှံမှုတွေကိုလဲ Inflation ဖြစ်လာနိုင်ချေမှာ Investor တွေက ရှောင်ရှားကြပြီး ရှိထားပြီးသား ဆိုရင်လဲ ပုံစံပြောင်းလဲတတ်ကြပါတယ်။ ပုံသေ ဝင်ငွေ Fixed Income ဆိုတာကတော့ လစဉ် သို့မဟုတ် နှစ်စဉ် ပုံသေ ပမာဏ တစ်ခုသာ ရနေမယ့် နှစ်ရှည် ရင်းနှီးမြုပ်နှံမှု တွေ ဖြစ်ပါတယ်။ သာမာန် အချိန် inflation နည်းချိန်မှာတော့ အဲဒီ ပုံသေ ဝင်ငွေ နှုန်းဟာ တွက်ခြေ ကိုက် နိုင်ပေမယ့် Inflation rate ကမြင့်လာလေလေ အဲဒီပုံဝေ ဝင်ငွေ နှုန်းထားက မကိုက်တော့လေ ပါပဲ။  ဥပမာ နှစ်စဉ် 10% အမြတ် ရနေတဲ့ investment က inflation rate 5% နှုန်းမှာ အသားတင် အနေနဲ့ 5% မြတ်စွန်းနေမှာဖြစ်ပေမယ့် တကယ်လို့ သာ inflation က ၁၀% ဖြစ်သွားရင်တော့ အထက်က investment ဟာ လုံးလုံးမမြတ်တော့တဲ့ သဘောဖြစ်သွားတာပါပဲ။ ဒီအတွက်ရေရှည် inflation မြင့်ချိန်မှာ Fixed Income Investment တွေကနေ နုတ်ထွက် ကြလေ့ရှိပါတယ်။

.

ပြောင်းပြန် အနေနဲ့ ကိုယ်က ပေးစရာရှိတာတွေကိုတော့ fixed အနေနဲ့ဖြစ်အောင် ပြောင်းပြီး လုပ်ဆောင် တတ်ကြပြန်ပါတယ်။ ဥပမာ ရုံးခန်းငှားခတွေကို နှစ်ရှည် တစ်ခါထဲ ပေးချေလိုက်တာမျိုး၊ Fixed အနေနဲ့ သာ အတိုးပေးရမယ့် ချေးငွေတွေ ရယူတာမျိုး စတာတွေ ဖြစ်ပါတယ်။

.

.

တိုးတက်လာနိုင်တဲ့ စီးပွားရေး တွေ မှာ မြုပ်နှံမယ်

.

ဘယ်လို အခြေအနေ တွေ ပဲဖြစ်ဖြစ် ရှိသမျှ စီးပွားရေး လုပ်ငန်းအမျိုးအစားအားလုံး ထိုးကျ သွားတယ်လို့ တော့ မရှိတတ်ပါဘူး။အနေအထား တိုင်းမှာ ပြသနာ တွေ ရှိနေမှာ ဖြစ်တဲ့အတွက် ဒီပြသနာတွေကို ပြေလည်စေတဲ့ solution ပေးနိုင်တဲ့ လုပ်ငန်းတွေကတော့ ခေတ်ကောင်းနေ ဦးမှာ ဖြစ်ပါတယ်။ ဥပမာ အကျပ်အတည်းကာလ၊ ငွေကြေးဖောင်းပွ မှုများတဲ့ ကာလတွေ မှာဆိုရင် ပြည်သူ တွေဟာရွှေ လိုမျိုး အဖိုးတန် ကျောက်မျက်ရတနာတွေ၊ ကို inflation rate ဒဏ် ခံနိုင်မယ်ဆိုပြီး အများအပြား ဝယ်ယူကြလေ့ရှိပါတယ်။ဒီအခါမှာရွှေ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရဲ့ stockshare တွေ ထိုးတက်ကာ အမြတ်များပြားလာလေ့ရှိပါတယ်။ ဥပမာ ရွှေ တွင်း တူးလုပ်ငန်းတွေ၊ ရွှေသန့်စင်လုပ် ငန်းတွေ ရွှေ အရောင်းအဝယ် တွေစသဖြင့်ဖြစ်ပါတယ်။ ဒီလို လုပ်ငန်း တွေရဲ့. စတော့ရှယ်ယာ တွေဟာလည်း ရွှေးချယ်စရာ တစ်ခု ဖြစ်လာလေ့ရှိပါတယ်။

.

.

.

အထက်က မျှဝေမှုတော့ ကတော့ ရင်းနှီးမြုပ်နှံသူများ inflation မြင့်တက်ချိန်မှာ သုံးလေ့ရှိကြတဲ့. Inflation Hedge Strategy များဖြစ်ပြီး အသုံးချနိုင်စေဖို့ ရည်ရွယ်မျှဝေလိုက်ရပါတယ်ဗျား။

.

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

.

Kaung Hein Soe – Strategic

Business Consultant

No comments: