Tuesday, August 23, 2022

Buddhism and Vegetarianism

 “ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်” “Buddhism and Vegetarianism”




ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ အမြင်တွေ၊ အယူအဆတွေ သက်သတ်လွတ်အကျင့်ကို ကျင့်သုံးနေကြတဲ့လူတွေ အများကြီး ပေါ်ပေါက်လာနေပါတယ်။ တချို့ကတော့ သူတို့တွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်  သက်သက်လွတ်သမားဖြစ်လာကြပေမယ့် တချို့ကတော့ သူတို့တွေ ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာတရားကြောင့် သက်သတ်လွတ်သမားတွေ ဖြစ်လာကြပါ တယ်။


ဒါနဲ့ပတ်သက်ပြီးတော့ ဒီသက်သတ်လွတ်အကျင့်ကို သူတို့ ဘယ်လိုကျင့်သုံး လိုက်နာကြ သလဲဆိုတဲ့ ကွဲပြားတဲ့အယူအဆတွေ အများကြီး ရှိနေပါလိမ့်မယ်။ လူတွေ ဟာ အစားအစာ စားသောက်တဲ့နေရာမှာ တိရစ္ဆာန်တွေရဲ့အသက်ကို ဘယ်လိုမျိုး သဘောထားကြသလဲ။ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြလဲ၊ အခြေခံအားဖြင့်တော့ သက်သတ်လွတ်သမားတွေကို အုပ်စုအများကြီး ခွဲခြားနိုင်ပါတယ်။ သက်သတ်လွတ်သမားအချို့က ကြက်ဥကို စားကြတယ်။ ဒါပေမဲ့ နွားနို့ကို မသောက်ကြဘူး။ တချို့ကတော့ ကြက်ဥစားခြင်းကို ရှောင်ကြဉ်သော်လည်း နွားနို့ကိုတော့ သောက်ကြတယ်။ တချို့လူတွေကလည်း နွားနို့လုပ်ခြင်း၊ ကြက်ဥ ရောင်းဝယ်ဖောက်ကားခြင်း အစရှိတဲ့ တိရစ္ဆာန်တွေနှင့် ပြုလုပ်ရတဲ့ အလုပ်တွေကို ရှောင်ကြဉ်ကြပေမဲ့  တိရစ္ဆာန်အရေတွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းဝတ္ထုတွေကိုတော့ ကြိုက်နှစ်သက်စွာ အသုံးပြုကြပါတယ်။ တချို့တွေကလည်း ကြက်ဥ၊ နွားနို့ စားသုံးခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို သုံးစွဲခြင်း တစ်ခုမဟုတ် တစ်ခုခုကိုတော့ ရှောင်ကြဉ်ကြပါတယ်။


ဗုဒ္ဓဘာသာရဲ့အလိုအရတော့ ဗုဒ္ဓဘာသာဟာ သူ့ရဲ့ဘာသာဝင်တွေကို သက်သတ်လွတ်စားဖို့ တိုက်လည်း မတိုက်တွန်းသလို အတင်းအကြပ်လည်း မစေခိုင်းဘူး။ မဖြစ်မနေကျင့်သုံးရမည့်တရား မဟုတ်တဲ့အတွက် သက်သတ်လွတ်သမားတွေကို မချီးမွမ်းသလို၊ ကဲ့ရဲ့ရှုတ်ချလည်း မလုပ်ပါဘူး။ ဗုဒ္ဓဘာသာမှာ အစားအစာမှီဝဲ စားသောက်ရတဲ့ ရည်ရွယ်ချက်က အသက်နဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်သလို စားသောက်တဲ့အခါမှာလည်း အစားအစာမှာ တွယ်တာနေတဲ့ တဏှာ (ရသတဏှာ)ကို ပယ်ဖျောက်ဖို့ပဲ ဖြစ်ပါတယ်။


Buddhism and Vegetarianism 

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

www.drnandamalabhivamsa.com.mm

#AshinNandamalabhivamsa


🔹🔹🔹🔹


၁၉၈၉ ခုနှစ် ပါမောက္ခချုပ်ဆရာတော်ဘုရား သိရီလင်္ကာနိုင်ငံ၊ Kelaniya University ၌ Master ဘွဲ့ တက်ရောက်စဉ် ကာလ ဆီက ဆရာတော်ဘုရားရေးသားခဲ့ သည့် ဆောင်းပါးများအထဲမှ တစ်စောင် ဖြစ်သည်။ ဆောင်းပါးအမည်မှာ Buddhism and Vegetarianism ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင်ရေးသားခဲ့သည်။ ဤဆောင်းပါးတွင် ဆရာတော်ကြီးသည် ပါဠိကျမ်းစာများကို ကိုးကား၍ ဗုဒ္ဓဘာသာ ရှူထောင့်မှ နေ၍ သတ်သတ်လွတ် ဝါဒက်ု မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ 


အဆိုပါအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်ဆောင်းပါးကို သီရိလင်္ကာနိုင်ငံ ပေရာဒေနိယမြို့၊ ပေရာဒေနိယတက္ကသိုလ် (Peyasaniya University) မှ Ph.D Thesis အရှင်သိရီသုမင်္ဂလသာမိ  က မေတ္တာဖြင့် မြန်မာဘာသာပြန်ထားသည်ကို ဆရာမြသန်းစံ ရေးသားပူဇော်သည့် “ပါမောက္ခချုပ်ဆရာတော် ၏ ဘဝခရီးနှင့်ဓမ္မဆီမီး” စာအုပ်မှ ပြန်လည်ဖေါ်ပြပါသည်။ 


🔹🔹⭐️⭐️🔹🔹

ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်

နိဒါန်း

ဒီဆောင်းပါးကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှာ အမ်အေကျမ်းအတွက် တင်သွင်းဖို့ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါမှာ ပါဠိကျမ်းစာ တွေကို အထူးကိုးကားပြီးတော့ ဗုဒ္ဓဘာသာ ရှုထောင့်ကနေ သတ်လွတ်လွတ်ဝါဒကို မီးမောင်းထိုးပြ ထားခြင်းပဲ ဖြစ်ပါတယ်။


ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ အမြင်တွေ၊ အယူအဆတွေ သက်သတ်လွတ်အကျင့်ကို ကျင့်သုံးနေကြတဲ့လူတွေ အများကြီး ပေါ်ပေါက်လာနေပါတယ်။ တချို့ကတော့ သူတို့တွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်  သက်သက်လွတ်သမားဖြစ်လာကြပေမယ့် တချို့ကတော့ သူတို့တွေ ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာတရားကြောင့် သက်သတ်လွတ်သမားတွေ ဖြစ်လာကြပါ တယ်။


ဒါနဲ့ပတ်သက်ပြီးတော့ ဒီသက်သတ်လွတ်အကျင့်ကို သူတို့ ဘယ်လိုကျင့်သုံး လိုက်နာကြ သလဲဆိုတဲ့ ကွဲပြားတဲ့အယူအဆတွေ အများကြီး ရှိနေပါလိမ့်မယ်။ လူတွေ ဟာ အစားအစာ စားသောက်တဲ့နေရာမှာ တိရစ္ဆာန်တွေရဲ့အသက်ကို ဘယ်လိုမျိုး သဘောထားကြသလဲ။ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြလဲ၊ အခြေခံအားဖြင့်တော့ သက်သတ်လွတ်သမားတွေကို အုပ်စုအများကြီး ခွဲခြားနိုင်ပါတယ်။ သက်သတ်လွတ်သမားအချို့က ကြက်ဥကို စားကြတယ်။ ဒါပေမဲ့ နွားနို့ကို မသောက်ကြဘူး။ တချို့ကတော့ ကြက်ဥစားခြင်းကို ရှောင်ကြဉ်သော်လည်း နွားနို့ကိုတော့ သောက်ကြတယ်။ တချို့လူတွေကလည်း နွားနို့လုပ်ခြင်း၊ ကြက်ဥ ရောင်းဝယ်ဖောက်ကားခြင်း အစရှိတဲ့ တိရစ္ဆာန်တွေနှင့် ပြုလုပ်ရတဲ့ အလုပ်တွေကို ရှောင်ကြဉ်ကြပေမဲ့  တိရစ္ဆာန်အရေတွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းဝတ္ထုတွေကိုတော့ ကြိုက်နှစ်သက်စွာ အသုံးပြုကြပါတယ်။ တချို့တွေကလည်း ကြက်ဥ၊ နွားနို့ စားသုံးခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို သုံးစွဲခြင်း တစ်ခုမဟုတ် တစ်ခုခုကိုတော့ ရှောင်ကြဉ်ကြပါတယ်။


ဗုဒ္ဓဘာသာရဲ့အလိုအရတော့ ဗုဒ္ဓဘာသာဟာ သူ့ရဲ့ဘာသာဝင်တွေကို သက်သတ်လွတ်စားဖို့ တိုက်လည်း မတိုက်တွန်းသလို အတင်းအကြပ်လည်း မစေခိုင်းဘူး။ မဖြစ်မနေကျင့်သုံးရမည့်တရား မဟုတ်တဲ့အတွက် သက်သတ်လွတ်သမားတွေကို မချီးမွမ်းသလို၊ ကဲ့ရဲ့ရှုတ်ချလည်း မလုပ်ပါဘူး။ ဗုဒ္ဓဘာသာမှာ အစားအစာမှီဝဲ စားသောက်ရတဲ့ ရည်ရွယ်ချက်က အသက်နဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်သလို စားသောက်တဲ့အခါမှာလည်း အစားအစာမှာ တွယ်တာနေတဲ့ တဏှာ (ရသတဏှာ)ကို ပယ်ဖျောက်ဖို့ပဲ ဖြစ်ပါတယ်။


 ဗုဒ္ဓဘာသာမှာ မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ကို သံသရာမှ ထွက် မြောက်ရာ တစ်ခုတည်းသောလမ်းအနေနဲ့ ဖော်ပြထားသလို ဗုဒ္ဓဘာသာဝင်တွေကို လည်း အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ဖို့ကို အကြံပေး တိုက်တွန်းထားပါတယ်။


သဗ္ဗညုတဉာဏ်ပိုင်ရှင် မြတ်စွာဘုရားက သူ့ရဲ့တပည့်သာဝကတွေကို ကျန်းမာ ရေးနှင့်မညီတဲ့ အာဟာရမပြည့်ဝတဲ့ အစားအစာတွေကို မစားဖို့၊ အာဟာရပြည့်ဝ စေတဲ့အစားဖြစ်ပေမယ့် ပြစ်တင်ကဲ့ရဲ့ထိုက်တဲ့ အစားအစာ မည်သည့် အစားအစာကို မဆိုမစားဘဲ ရှောင်ကြဉ်ဖို့၊ အကုသိုလ်တိုးပွားစေတဲ့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်ဖို့ စေခိုင်းခြင်းတွေကို ရှောင်ကြဉ်ဖို့ကို ပြောဆိုဆုံးမ ဟောကြားထားပါတယ်။


ဒီဆောင်းပါးမှာ သက်သတ်လွတ်အလေ့အကျင့်နှင့် ပတ်သက်ပြီးတော့ ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရတွေကို သိစေဖို့ရန် ကြိုးစားအားထုတ်ထားပါတယ်။ စာဖတ်သူများ သက်သတ်လွတ် သမားကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ မှန်ကန်တဲ့အမြင် ရှုထောင့် သဘောထားကို သိမြင်နားလည်နိုင်ကြပါစေ။


ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်

ဗုဒ္ဓဘာသာဟာ သက်သတ်လွတ်ဝါဒကို မကဲ့ရဲ့သလို မချီးလည်း မချီးမွမ်းပါဘူး။ သက်သတ်လွတ် ကျင့်တာကို မှားတယ်၊ မှန်တယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ အသီးအရွက်နဲ့ဖြစ်စေ၊ အသားငါးနဲ့ဖြစ်စေ အစားအစာစားတဲ့အခါ မျှတဖို့၊ အတိုင်းအရှည်ကိုသိဖို့ (ဘောဇနမတ္တညုတ)ကိုပဲ ဟောပြောထားတာပါ။


အစာအာဟာရဟာ သက်ရှိသတ္တဝါတွေအတွက် အသက်ရှည်ရှည်နေရဖို့ မရှိ မဖြစ်တဲ့အရာပဲ ဖြစ်ပါတယ်။ အစားအစာမရှိလျှင် ဘယ်သတ္တဝါမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက “သတ္တဝါအားလုံးဟာ အစာအာဟာရအပေါ်မှာ မှီခိုနေရတာ (သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ)” လို့ ဟောထားပါတယ်။ စားတယ် ဆိုတာ အသက်ရှင်ဖို့ပါပဲ။


ဗုဒ္ဓဘာသာမပေါ်ထွန်းမီမှာ အစားအသောက်ကို ခြိုးခြံချွေတာတဲ့အကျင့်ကနေ မကောင်းမှု အကုသိုလ်တွေကို ပယ်ရှားနိုင်တယ်၊ ဖြူစင်အောင် လုပ်နိုင်တယ်လို့ ယုံကြည် ကြတဲ့ ရဟန်း၊ ပုဏ္ဏားအချို့ ရှိခဲ့ကြပါတယ်။ သူတို့တွေဟာ အနည်းငယ်သော ထမင်း ဒါမှမဟုတ် အသီးအရွက်သက်သက်ကိုပဲ စားသောက်ကြပါတယ်။ မကြာခဏဆိုသလိုလည်း အစားအသောက် မစားဘဲ နေနိုင်ကြပါတယ်။ သူတို့တွေဟာ ဒီလို ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ခြင်း (အတ္တကိလမထာနုယောဂ)အကျင့်တစ်ခုဖြစ်တဲ့ အစားသောက်ခြိုးခြံခြင်းအကျင့်နဲ့ ဖြူစင်မှု၊ လွတ်မြောက်မှုကို ရနိုင်တယ်လို့ ယုံကြည် ကြပါတယ်။


မြတ်ဗုဒ္ဓက ပြောတယ်။ “အို ... ချစ်သား သာရိပုတ္တရာ။ အစာအာဟာရမှ တစ်ဆင့် ဖြူစင်မှုကို ရနိုင်တယ်လို့ (အာဟာရေနသုဒ္ဓိ)အယူရှိကြတဲ့ အချို့သော ရဟန်း ပုဏ္ဏားတွေ ရှိကြတယ်။ သူတို့က ခုလို ပြောကြတယ်၊ “ငါတို့က ဟင်းရွက်စိမ်းကို စားကြတာ၊ ပြောင်းဆန်ကိုပဲ စားကြတာ၊ သားရေအစအနကိုပဲ စားကြတာ၊ ဖွဲ .. နှမ်းမှုန့်ညက်ကိုပဲ စားကြတာ” (မဟာသီဟနာဒသုတ်) မြတ်ဗုဒ္ဓက အစာအာဟာရမှ တစ်ဆင့် ဖြူစင်မှု၊ လွတ်မြောက်မှုကို ရတယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်တယ်။


တချို့သော ဘာသာရေးခေါင်းဆောင်တွေက သက်သတ်လွတ်အကျင့်ဟာ ခေါင်းပါးတဲ့ အကျင့် (ခြိုးခြံချွေတာတဲ့အကျင့်)တစ်ခုဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့တွေဟာ ဒီသက်သတ်လွတ်အကျင့် ကို တင်းတင်းကြပ်ကြပ် ကျင့်သုံးကြတယ်။ ပြီးတော့ ဘဝတစ်လျှောက်လုံး အသား၊ ငါးစားခြင်းကို ရှောင်ကြဉ်ကြတယ်။ မြတ်စွာဘုရား ကတော့ အဲ့ဒီလူတွေကို “သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့အကျင့်ကို ကျင့်သုံးနေကြတဲ့သူတွေလို့” ပြောဆိုပါတယ်။ (အတ္တန္တပေါ၊ အတ္တပရိတာပနာနုယောဂ မနုယုတ္တော) မြတ်ဗုဒ္ဓက သက်သတ်လွတ် အကျင့်ကို သီလအကျင့်ဖြစ်တယ်လို့ မယူဆပါဘူး။ ဒီသက်သတ်လွတ် အကျင့်ဟာ မဂ္ဂင်ရှစ်ပါးထဲမှာပါဝင်တဲ့ သီလ လုံးဝမဟုတ်ပါဘူး။


မြတ်စွာဘုရားက သူ့ရဲ့တပည့်သားတွေကို ဓုတင်အကျင့် (ကိလေသာကို ခေါင်းပါးစေတဲ့အကျင့်) ကျင့်သုံးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမယ် လို့တော့ မပြောဘူး။ ဓုတင်္ဂဆိုတဲ့ ပါဠိစကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က မကောင်းတဲ့ အကုသိုလ် အညစ်အကြေးတွေကို ဖျက်ဆီးပစ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ သက်သတ်လွတ်အကျင့်ကတော့ ဓုတင်အကျင့်တစ်ခု မဟုတ်ပါဘူး။ ဒါ့အပြင် ဆင်းရဲဒုက္ခရဲ့ချုပ်ငြိမ်း ဖို့အတွက် အရေးပါတဲ့အရာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် မြတ်ဗုဒ္ဓက သူ့တပည့်သာဝကတွေကို သက်သတ်လွတ်ဝါဒကို ကျင့်သုံးဖို့ မတိုက်တွန်းပါဘူး။ ဒါပေမဲ့ အစားအသောက် တွေကို သက်သတ်လွတ်ဝါဒကို ကို စားတဲ့နေရာမှာ သင့်တင့်လျောက်ပတ်စွာ စားဖို့တော့ တိုက်တွန်းထားပါတယ်။


မြတ်စွာဘုရားလက်ထက်အတွင်း လူတွေစားတဲ့အစားအသောက်တွေကို ပါဠိ စာပေတွေထဲ ကနေ ခြေရာခံနိုင်ပါတယ်။ ဝိနည်းပိဋကတ်၊ ပါစိတ်ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ အစားအစာတွေကတော့ (၅)မျိုး ရှိပါတယ်။ အဲ့ဒီငါးမျိုးကတော့ (၁) ထမင်း (ဩဒန)၊ (၂) မုယော (ကုမ္မာသ)၊ (၃) မုန့်လုံး (သတ္တု)၊ (၄) ငါး (မစ္စ)၊ အမဲသား (မံသ) တို့ပဲ ဖြစ်ပါတယ်။ ဒီအစားအစာ (၅)မျိုးကတော့ မြတ်စွာဘုရားလက်ထက်ကလူတွေ နေ့စဉ်ပုံမှန် စားနေကြတဲ့ အစားအစာတွေပဲ ဖြစ်ကြသလို ရဟန်း သံဃာတွေကို လောင်းလှူတဲ့ အစားအစာတွေလည်းပဲဖြစ်ကြပါတယ်။ ပါစိတ်ကျမ်းရဲ့ (၃၉)ခုမြောက် သိက္ခာပုဒ်မှာ အရသာရှိတဲ့ အစားအသောက် (၉)မျိုးကို ဖော်ပြထားပါ သေးတယ်။ အဲ့ဒါတွေကတော့ (၁) ထောပတ် (သပ္ပိ)၊ (၂) ဆီဦး (နဝနီတ)၊ (၃) ဆီ (တေလ)၊ (၄) ပျား (မဓု)၊ (၅) တင်လဲ (ဖာဏိတ)၊ (၆) ငါး (မစ္ဆ)၊ (၇) အမဲသား (မံသ)၊ (၈) နို့ရည် (ခီရ)၊ (၉) ဒဓိ (နို့ဓမ်း) တို့ပါပဲ။ ဒီအစားအစာ (၉)မျိုးကို ချမ်းသာတဲ့မိသားစုရဲ့ ထမင်းစားခန်းထဲမှာ တွေ့နိုင်ပါတယ်။ သူတို့တွေဟာ ရဟန်း တွေကိုလည်း ဒီအစားအစာတွေကို လှူဒါန်းကြပါတယ်။ လူတွေက သူတို့တွေရဲ့ဆန္ဒအရ ခုလိုအစားအစာတွေကို လှူလို့ရှိရင် _ ဗုဒ္ဓဘာသာ ရဟန်းတွေအနေနဲ့ လက်ခံလို့ (အလှူခံလို့) ရပါတယ်။ ဒါပေမဲ့ အကြောင်းထူးမရှိဘဲ (အထူးသဖြင့် ဖျားနာတဲ့အချိန်) လူတွေကို ဘာအစားအသောက်လှူပါ၊ ညာအစားသောက်လှူပါလို့ စေခိုင်းလျှင် ရဟန်း တွေမှာ အပြစ်ရှိပါတယ်။


ဆင်းရဲတဲ့မိသားစုရဲ့ မီးဖိုချောင်ထဲမှာ ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို တွေ့ရပါ လိမ့်မယ်။ ဒီအစားအစာက မြတ်စွာဘုရားလက်ထက်မှာတော့ အညံ့ဆုံးအစားအစာ ဖြစ်ပါလိမ့်မယ်။ ဒီအစားအစာကို ယေဘုယျအားဖြင့် ချမ်းသာတဲ့လူတွေရဲ့အိမ်မှာ အလုပ်သမားတွေ၊ အစေခံတွေကို ကျွေးလေ့ရှိကြပါတယ်။ မြတ်စွာဘုရားရဲ့ အဖေ ဘုရင် သုဒ္ဓေါဒနကတော့ ချမ်းလည်းချမ်းသာတယ်။ စေတနာသဒ္ဓါတရားလည်း ကောင်းတယ်။ သူက သူ့ရဲ့ အလုပ်အကျွေးတွေ၊ အစေခံတွေကို နေ့စဉ် သလေးဆန်နဲ့ အသားရော ထားတဲ့ထမင်း (ဒံပေါက်ထမင်း)ကို ကျွေးပါတယ်။ ဒီအကြောင်းကို မြတ်ဗုဒ္ဓက ခုလို ပြောပါတယ်။ “အို ... ရဟန်းတို့၊ အခြားသောအိမ်တွေမှာတော့ အလုပ်သမားတွေ၊ အစေခံတွေကို ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို ကျွေးလေ့ရှိကြတယ်။ ငါ့ရဲ့အဖေ ဘုရင် သုဒ္ဓေါဓနကတော့ သူ့ရဲ့ အလုပ်အကျွေးတွေ၊ အစေခံတွေကို သလေးဆန်နဲ့ အသားရောထားတဲ့ ထမင်း (ဒံပေါက်ထမင်း)ကို ကျွေးတယ်” (သုခုမာလသုတ်)


ဒါကြောင့် ကျွန်ုပ်တို့တစ်တွေ..မြတ်စွာဘုရားလက်ထက်ကလူတွေ ပုံမှန် စားသောက်ကြတဲ့ ငါးတွေ၊ အသားတွေကို သိရပါမယ်။ မြတ်စွာဘုရားနဲ့ သူ့ရဲ့ တပည့် သံဃာတွေဟာ ဆွမ်းခံစားတဲ့အပေါ်မှာပဲ မှီခိုနေရတာပါ။ ဆိုတော့ မြတ်စွာဘုရား ကိုယ်တိုင် အသားငါးစားပါတယ်။ သူ့ရဲ့တပည့်သာဝကတွေကိုလည်း အဲ့လို စားဖို့ ခွင့်ပြုပါတယ်။ ဒါပေမဲ့ အဲ့ဒီအသားငါးဟာ ကိုယ့်အတွက် အထူးပြင်ဆင်ထားတာ မဟုတ်ဖို့တော့ လိုတာပေါ့။


မြတ်စွာဘုရားရဲ့ သပိတ်တော်ထဲမှာ အသားဟင်း၊ ငါးဟင်းအချို့ကို ကျွန်ုပ်တို့တွေ တွေ့နိုင်ပါတယ်။ ဒါကို သက်သေပြဖို့ ပါဠိစာပေထဲမှာ အထောက်အထားတွေ အချို့ရှိပါတယ်။


တစ်ခါတုန်းက ဝေသာလီပြည်မှာနေတဲ့ ဥဂ္ဂလို့ခေါ်တဲ့ မြတ်စွာဘုရားရဲ့ တပည့်တစ်ယောက် ဟာ သူ့ရဲ့အိမ်မှာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းကပ် ပါတယ်။ အဲ့ဒီဆွမ်းကပ်မှာ ဆွမ်းနဲ့ဆွမ်းဟင်းတွေရယ်၊အမျိုးမျိုးသော စားသောက်ဖွယ်တွေကို သေသေချာချာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ ဥဂ္ဂ ဒကာက လျှောက်တယ်။ “မြတ်စွာဘုရား ..ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းက တအား အရသာရှိပါတယ်။ ဘုရားတပည့်တော်ကို သနားသောအားဖြင့် လက်ခံတော်မူပါ ဘုရား”။ မြတ်စွာဘုရား ကလည်း လက်ခံတော်မူပါတယ်။ (မနာပဒါယီသုတ်)


နောက်တစ်ခါ “တစ်ခါတုန်းကလည်း ဓားပြအဖွဲ့တစ်ဖွဲ့ဟာ ဇေတဝန် ကျောင်းတိုက်အနီးက တောကြီးထဲမှာ အသားအတွက် နွားတစ်ကောင်ကို သတ်ကြတယ်။ အဲ့ဒီအချိန်မှာ အဲ့တောထဲက သစ်ပင်တစ်ပင်ရဲ့အောက်မှာ ဥပ္ပလဝဏ် ရဟန္တာ မထေရ်မဟာလည်း ဖလသမာပတ်ဝင်စားနေတယ်။ ဓားပြခေါင်းဆောင်က မထေရ်မ ထိုင်နေတာကို မြင်တော့ သူ့ရဲ့တပည့်တွေကို မထေရ်မ အနီးအနားကနေ မသွားဖို့၊ အခြားလမ်းကနေသွားဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ အမဲသားထုပ်တစ်ထုပ်ကို မထေရ်မအတွက် ရည်စူးပြီးတော့ သစ်ကိုင်းတစ်ကိုင်းမှာ ချိတ်ထားခဲ့တယ်။ မသွားခင် ဒီအမဲသားထုပ်ကို တွေ့တဲ့လူ ယူပါ။ လှူဒါန်းပါတယ်ဆိုပြီး ပြောဆိုသွားပါတယ်။ မထေရ်မလည်း ဖလသမာပတ်ကနေထပြီးတော့ ပြန်မယ်လုပ်တဲ့အခါမှာ အမဲသား ထုပ်ကို တွေ့ပြီး ယူသွားလိုက်ပါတယ်။ နောက်နေ့ရောက်တဲ့အခါမှာ အမဲသားကို မြတ်ဗုဒ္ဓကို ဆက်ကပ်လိုက်ပါတယ်။ (စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်၊ နိဿဂ္ဂိယပါ စိတ္တိယ)


တစ်ခါကလည်း မြတ်စွာဘုရားဟာ သူ့ရဲ့နောက်ဆုံးနေ့မှာ ကုသိနာရုံကို သွားပါတယ်။ လမ်းမှာ ပန်းထိမ်သည်သားစုန္ဒက မြတ်ဗုဒ္ဓကို သူကရမဒ္ဒဝလို့ခေါ်တဲ့ ဝက်ပျို သားဟင်းနဲ့ ကပ်ပါတယ်။ ဒီဝက်သားဟာ အလွန်နူးညံ့ပြီး အာဟာရအလွန် ပြည့်ဝ ပါတယ်။ ပညာရှင်တွေရဲ့ အလိုအားဖြင့် သူကရမဒ္ဒဝဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဃောသကကတော့ အထက်ပါ ၀က်ပျိုသားဆိုတဲ့ အဓိပ္ပာယ်ကိုပဲ လက်ခံထားပါတယ်။ (မဟာပရိနိဗ္ဗာနသုတ်)


အရှင်ဗုဒ္ဓဃောသက က သူ့ရဲ့ကျမ်းစာအုပ်ထဲမှာ သူကရမဒ္ဒဝနှင့်ပတ်သက်ပြီး တော့ အခြားသော ပညာရှင်တွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖော်ပြထားပါတယ်။ အချို့သောဆရာတွေ က သူကရမဒ္ဒဝဆိုတာ နွားနို့ ဒါမှမဟုတ် နို့ထမင်းလို့ ဆိုကြတယ်။ အချို့ကတော့ အဲ့ဒါ အားဆေးတစ်မျိုးလို့ ဆိုကြတယ်။ (မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကတာ) အချို့သော သက်သတ်လွတ် ဝါဒကို ယုံကြည်ကြတဲ့ ပညာရှင်တွေက သူကရမဒ္ဒဝဆိုတာ မှိုတစ်မျိုးလို့ ဆိုပြန်ပါသေးတယ်။ 


မြတ်စွာဘုရားရဲ့ သပိတ်တော်ထဲနဲ့ သူ့ရဲ့တပည့်သံဃာတွေရဲ့ သပိတ်တော်ထဲမှာ အသားဟင်းတွေကို တွေ့ရသော်ငြားလည်းပဲ ရဟန်းတွေ မစားအပ်တဲ့ မစား ကောင်းတဲ့ အသားကြီး (၁၀)မျိုးကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ (၁၀)မျိုးကတော့ (၁)လူအသား (မနုဿမံသ)၊ (၂) ဆင်သား (ဟတ္တိမံသ)၊ (၃) မြင်းသား (အဿမံသ)၊ (၄) ခွေးသား (သုနခမံသ)၊ (၅) မြွေသား(အဟိမံသ)၊             (၆) ခြင်္သေ့သား (သီဟမံသ)၊ (ရ) ကျားသား (ဗျဂ္ဃမံသ)၊ (၈) (ကျား) သစ်သား (ဒီပီမံသ)၊ (၉) ဝံသား (အစ္ဆမံသ)၊ (၁ဝ) အောင်းသား(ဝါ) ခွေးအ,သား(ဝါ) ဝံပုလွေသား (တရစ္ဆမံသ)တို့ပဲ ဖြစ်ပါတယ်။ (ဝိနယပိဋကတ်၊ မဟာဝါကျမ်း)။ ဗုဒ္ဓဘာသာရဟန်းတော်တွေ ဒီအသားကြီး (၁၀)မျိုးကို စားခြင်းကနေ ရှောင်ကြဉ်ရတဲ့ အကြောင်းတွေ ရှိပါတယ်။ အဲ့ဒီအကြောင်းတရားတွေကို ဝိနည်းအဋ္ဌကထာကျမ်းမှာ အခုလို အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။ လူအသားဟာ ဇာတ်တူသား ဖြစ်တဲ့အတွက် မစားသင့်ဘူး။ ဆင်နဲ့မြင်းအသားကတော့ ဘုရင် ပိုင်ဆိုင်တဲ့ဥစ္စာဖြစ်တဲ့ အတွက်ကြောင့် မစားသင့်ဘူး။ ခွေးသားနဲ့ မြွေသားကတော့ ရွံရှာစရာကောင်းတဲ့အတွက် မစားသင့်ဘူး။ ခြင်္သေ့သား၊ ကျားသားအစရှိတဲ့ အသား တွေကတော့ အန္တရာယ်ဖြစ်စေတဲ့အတွက် မစားသင့်ဘူး။ ဒီအသားကြီး(၁ဝ)မျိုးနှင့် ပတ်သက်ပြီးတော့ စိတ်ဝင်စားဖွယ်ရာ ပုံဝတ္ထုတွေ၊ ဇာတ်လမ်းတွေကို ဝိနည်းပိဋကတ်၊ မဟာဝါကျမ်းမှာ ဖော်ပြထားပါတယ်။


လူအသား

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဗာရာဏသီပြည်ရဲ့အနီး ဣသိပတန မိဂဒါဝုန်မှာ သီတင်းသုံးနေတော်မူပါတယ်။ သုပ္ပိယာလို့ခေါ်တဲ့ သဒ္ဓါတရားကောင်းတဲ့ ဒါယိကာမတစ်ယောက်က မကျန်းမမာဖြစ်နေတဲ့ ရဟန်းတော်တစ်ပါးကို အသား စွပ်ပြုတ်လှူမယ်လို့ ကတိပေးထားခဲ့မိတယ်။ ကံဆိုးစွာနဲ့ပဲ အဲ့ဒီနေ့က အသားမသတ် ရတဲ့နေ့(ဥပုသ်နေ့) ဖြစ်နေတဲ့အတွက် မည်သည့်အသားမှ ဈေးထဲမှာရှာလို့မရဘဲ အသားစွပ်ပြုတ်လည်း ချက်လို့မရဘူး ဖြစ်သွားတယ်။ အဲ့ဒီအခါမှာ သုပ္ပိယာဒါယိကာမ က စဉ်းစားတယ်။ “ငါမထေရ်ကို အသားစွပ်ပြုတ်လှူမယ်လို့ ကတိပေးထားတာ။ ဒါပေမဲ့ ဒီနေ့ ဈေးထဲမှာ ဘာအသားမှ မရဘူး။ တကယ်လို့ ငါသာ ဒီနေ့ ဖျားနာနေတဲ့ ရဟန်းတော်အတွက် အသားစွပ်ပြုတ်မပို့နိုင်ဘူးဆိုရင် သူပျံတော်မူချင်မူလိမ့်မယ်။ သူ့ရဲ့ရောဂါက ပိုဆိုးချင် ပိုဆိုးနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ ရဟန်းတော်အတွက် အသားစွပ်ပြုတ်လှူကိုလှူမှ ရမယ်”

 ပြီးတော့ သူမရဲ့အိပ်ခန်းထဲဝင်ပြီး ဓားနဲ့ သူမရဲ့ပေါင်က အသားတစ်စကို လှီးထုတ်လိုက်တယ်။ အဲ့ဒီမှာ သူမရဲ့ ယောက်ျားက အံ့သြစွာ အော်လိုက်တယ်။ အံ့ဩစရာ ကောင်းလေစွ၊ သူမက တော်တော် သဒ္ဓါတရားကောင်းလိုက်လေခြင်း။ သူမရဲ့အသား ကိုတောင် ပေးလှူနိုင်သေးတယ်ဆိုလျှင် သူမ မလှူနိုင်တဲ့ မည်သည့်အရာမှ ရှိမှာမဟုတ်တော့ဘူး။


နောက်နေ့ရောက်တော့ ဒါယိကာမရဲ့ယောက်ျားဖြစ်သူရဲ့ ပင့်ဖိတ်မှုကြောင့် မြတ်ဗုဒ္ဓဟာ သုပ္ပိယာဒါယိကာမရဲ့ အိမ်ကို ကြွလာခဲ့တယ်။ အိမ်ရောက်တော့ မြတ်ဗုဒ္ဓက သုပ္ပိယာ ဘယ်မှာလဲဆိုတာကို စုံစမ်းမေးမြန်းတယ်။ ဒါယကာရဲ့ အလုံးစုံလျှောက်ထားမှုကြောင့် မြတ်ဗုဒ္ဓ အကြောင်းစုံသိကာ သုပ္ပိယာဒါယိကာမကို သူ့ရှေ့တော်မှောက်ကို လာရန် ခေါ်ခိုင်းတယ်။ ချက်ချင်းပဲ သူမရောက်လာတယ်။ သူမ မြတ်ဗုဒ္ဓကို မြင်မြင်ချင်းပဲ သူမရဲ့ပေါင်က ဒဏ်ရာဟာ ပင်ကိုအတိုင်း ပျောက်ကင်းသွားတယ်။ သူမလည်း အံ့ဩသွားပြီး ပျော်ရွှင်သွားတယ်။ ပြီးတော့ မြတ်ဗုဒ္ဓကို ရိုရိုသေသေ ရှိခိုးကန်တော့လိုက် ပါတယ်။


မကျန်းမမာဖြစ်နေတဲ့ ရဟန်းကိုတော့ မစုံစမ်းမမေးမြန်းဘဲ လူသားစွပ်ပြုတ်ကို အလှူခံတဲ့အတွက် ကဲ့ရဲ့ပြစ်တင်ပါတယ်။ ပြီးတော့ သူ့ရဲ့တပည့်သံဃာတွေကို ဆုံးမ ဩဝါဒပေးပြီး ဝိနည်းသိက္ခာပုဒ်တစ်ခုကို ပညတ်တော်မူတယ်။ “ရဟန်းတို့ သဒ္ဓါတရားအလွန်ကောင်းတဲ့ လူ ဒါယကာ၊ ဒါယိကာမတွေ ရှိကြတယ်။ သူတို့တွေဟာ သူတို့တွေရဲ့ အသားကိုတောင် လှူဒါန်းရဲကြတယ်။ အို...ရဟန်းတို့...လူအသားကို မစားကြနဲ့။ လူသားစားတဲ့ ရဟန်း ထုလ္လစ္စည်းအာပတ်သင့်စေ”။ အဲ့ဒီနောက် ရဟန်း တွေကို ကြိုတင်စုံစမ်းခြင်းမရှိဘဲ အသားတွေကို မစားဖို့ တိုက်တွန်း သြဝါဒပေးတော်မူတယ်။ ...


ဆင်သားနဲ့မြင်းသား

ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အစားအစာခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရ ကပ်ကြီးတစ်ခု ဆိုက်ရောက်ပါတယ်။ တစ်နေ့ မင်းကြီးရဲ့ ဆင်တွေ၊ မြင်းတွေ ရုတ်တရက် သေဆုံးကြတဲ့အခါမှာ လူတွေက အဲ့ဒီအသားတွေကို စားကြတယ်။ ရဟန်းတွေ ဆွမ်းခံ လာတဲ့အခါမှာလည်း ရဟန်းတွေကို အဲ့ဒီဆင်သား၊ မြင်းသားတွေကို ပေးလှူကြလို့ ရဟန်းတွေလည်း စားကြတယ်။ ရဟန်းတွေ ဆင်သား၊ မြင်းသားကို ဘုဉ်းပေးကြတာကို မြင်ကြတဲ့လူအချို့က ရဟန်းတွေကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ “ဆင်တွေ၊ မြင်းတွေဆိုတာ မင်းရဲ့အင်္ဂါဖြစ်ကြတယ်။ တကယ်လို့ ရဟန်းတွေ ဆင်သား၊ မြင်းသားကို စားတယ်ဆိုတာ မင်းကြီးသိလျှင် ရဟန်းတွေကို မင်းကြီး စိတ်ဆိုးလိမ့်မယ်” လို့ လူတွေက ကဲ့ရဲ့ပြောဆို ကြတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက “ဆင်သား၊ မြင်းသားကို ရဟန်းတွေ မစားရ။ စားတဲ့ ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ’” လို့ ပညတ်တော်မူပါတယ်။


ခွေးသား

တစ်ခါတုန်းကလည်း အငတ်ဘေးဆိုက်တော့ လူတွေဟာ ခွေးသားကို စားကြ တယ်။ ဆွမ်းခံကြွလာတဲ့ ရဟန်းတွေကိုလည်း ခွေးသားကို လောင်းလှူကြတယ်။ ရဟန်းတွေကလည်း လောင်းလှူတဲ့ ခွေးသားကို ဘုဉ်းပေးသုံးဆောင်ကြတယ်။ ဒါကို သိသွားကြတဲ့လူတွေက ရဟန်းတွေကို “ဘုရားသားတော် ရဟန်းတွေ ဖြစ်ပြီး ခွေးသားကို စားကြတယ်။ ခွေးဆိုတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါပဲ ဖြစ်တယ်” ဟု ပြစ်တင်ဝေဖန်ပြီး မြတ်စွာဘုရားကို အကြောင်းစုံလျှောက်ထားကြတယ်။ မြတ်စွာဘုရား က “ရဟန်းတွေ ခွေးသား မစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ”လို့ ပညတ် တော်မူပါတယ်။


မြွေသား

အငတ်ဘေးဆိုက်ရောက်တဲ့အခါမှာပါပဲ။ လူတွေက မြွေသားကို ချက်စားကြပြီး ရဟန်းတွေကိုလည်း လောင်းလှူကြပါတယ်။ တချို့လူတွေက ရှေးကလိုပဲ ရဟန်းတွေကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ မြတ်စွာဘုရားသိတဲ့အခါမှာ “ရဟန်းတွေ မြွေသားမစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ်အာပတ်သင့်စေ” လို့ ပညတ်တော်မူပြန်ပါတယ်။

ခြင်္သေ့သားစသည်

တစ်ခါက မုဆိုးတွေဟာ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား တွေကို သတ်ပြီးတော့ စားသုံးကြပါတယ်။ ရဟန်းတွေကိုလည်း လှူကြပါတယ်။ ဒီ အသားတွေ စားပြီးတော့ ရဟန်းတွေဟာ တရားအားထုတ်ဖို့ တောထဲကိုသွားပါတယ်။ သူတို့စားထားတဲ့ အသားတွေရဲ့ အနံ့ကိုရတော့ တောထဲမှာရှိတဲ့ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေက ရဟန်းတွေကို လိုက်ပါတယ်၊ နှောင့်ယှက်ပါတယ်။ မြတ်ဗုဒ္ဓ အကြောင်းစုံသိသွားတဲ့အခါမှာ ရှေးနည်းအတိုင်း “ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား စတာတွေကို မစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ်အာပတ် သင့်စေ” လို့ မိန့်ယူရပါတယ်။


မြတ်ဗုဒ္ဓက အသားကြီး (၁ဝ)မျိုးကလွဲလို့ ကျန်တဲ့အသားတွေကို စားဖို့ ခွင့်ပြု ထားသော်လည်း အသားစားတဲ့နေရာမှာ ကန့်သတ်ချက်သုံးချက်ကို ထားထားပါ သေးတယ်။ “တကယ်လို့ ဘယ်ရဟန်းမဆို တိရစ္ဆာန်တစ်ကောင်ကောင်ကို မိမိအတွက် ရည်ရွယ်ပြီး သတ်ထားတယ်လို့ မြင်တယ်၊ ကြားတယ်၊ ယုံမှားသံသယဖြစ်တယ်ဆိုလျှင် အဲ့ဒီအသားကို အလှူမခံယူကောင်းဘူး”လို့ ကန့်သတ်ထားပါတယ်။ အဲ့ဒီလို မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း မရှိဘူးဆိုလျှင် အသားကို ခံယူသုံးဆောင်ကောင်းတယ်လို့ လက်ခံထားတဲ့ အတွက် မြတ်စွာဘုရားကိုယ်တိုင်ကော၊ ရဟန်းတွေပါ စားတာကို မရှောင်ကြဉ်ကြပါဘူး။ ဒါ့ကြောင့်လည်း အခြားသော ဘာသာရေးဆရာတွေ ခေါင်းဆောင်တွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို အမြဲတမ်းခံကြရပါတယ်။


တစ်ခါက သီဟလို့အမည်ရတဲ့ ဝဇ္ဇီစစ်သူကြီးဟာ ဗုဒ္ဓဘာသာထဲကို ဝင်ရောက် လာပါတယ်။ ပြီးတော့ မြတ်ဗုဒ္ဓနဲ့ သံဃာတွေကို သူ့အိမ်မှာ ဆွမ်းစားကြွဖို့ ပင့်ဖိတ်ပါ တယ်။ ဈေးထဲကို သွားပြီးတော့လည်း အသားငါးတွေဝယ်ပြီး ချက်ပြုတ်ထားပါတယ်။ နောက်နေ့ရောက်တော့ မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေ ဆွမ်း ခံယူပါတယ်။ ဒါကိုကြားတဲ့ နိဂဏ္ဍနာဋပုတ္တရဲ့ တပည့်ရဟန်းတွေက (ဂျိမ်းဘုန်းကြီးတွေက) မြတ်စွာဘုရားနဲ့ သီဟစစ်သူကြီးကို “သီဟသေနာပတိ ဟာ များစွာသော သတ္တဝါတွေကို သတ်ပြီး ရဟန်းကြီးဂေါတမကို ချက်ပြုတ်လှူဒါန်းတယ်။ ရဟန်းကြီး ဂေါတမကလည်း သူ့အတွက် သေသေချာချာရည်ရွယ်ပြီးတော့ သတ်ဖြတ်ချက်ပြုတ်ထား တဲ့ အသားကို ခံယူသုံးဆောင်တယ်” လို့ မှားမှားယွင်းယှင်း စွပ်စွဲကဲ့ရဲ့တယ်။ (သီဟသေနာပတိသုတ်)


ဂျိမ်းဘာသာရဲ့အလိုအရ အသားစားခြင်းဟာ အပြစ်ဖြစ်ပါတယ်။ သူတို့က ပြောကြပါတယ်။ အသားစားတဲ့လူတွေရဲ့ အကုသိုလ်ဟာ တိရစ္ဆာန်အသက်ကို သတ်တဲ့ လူရဲ့အကုသိုလ်ရဲ့ တစ်ဝက်ရှိပါတယ်။ အသားစားတဲ့သူရှိလို့ သတ်တဲ့သူရှိတာ။ တကယ် တော့ သီဟစစ်သူကြီးဟာ ဗုဒ္ဓဘာသာမဖြစ်ခင် နိဂဏ္ဍနာဋပုတ္တ (မဟာဝီရ)ရဲ့ အားကိုးရတဲ့ ဒါယကာတစ်ယောက် ဖြစ်ခဲ့ပါတယ်။


တစ်နေ့ သမားတော်ဇီဝကဟာ သူကြားလာတဲ့သတင်းကို မြတ်စွာဘုရားထံ လျှောက်ကြားပါတယ်။ “အရှင်ဘုရား . . . ရဟန်းဂေါတမကို လှူဖို့ တိရစ္ဆာန်တွေရဲ့ ... အသက်ကို သတ်ကြတယ်လို့ ပြောနေကြပါတယ်။ ရဟန်းဂေါတမကလည်း သူ့အတွက် ရည်ရွယ်ပြီးတော့ သတ်ဖြတ်ချက်ပြုတ် ထားတဲ့ အသားဟင်းတွေကို သိသိကြီးနဲ့ ခံယူ သုံးဆောင်တယ်တဲ့။ အရှင်ဘုရား . . သူတို့တွေ ပြောဆိုနေတာတွေက အမှန်တရား တွေလားဆိုတာကို တပည့်တော်သိပါရစေဘုရား” မြတ်စွာဘုရားက ဒီစကားကို ငြင်းဆိုပါတယ်။ “ဇီဝက ...မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယ ဖြစ်ခြင်းဆိုတဲ့ အကြောင်း သုံးပါးနှင့်ညီညွတ်လျှင် ရဟန်းတွေ အသားမစားရဘူးလို့ အစကတည်းက ငါကြေညာ ထားပြီးသားပါ။ အို . . ဇီဝက မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားရဲ့ တပည့်ကို လည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ်ညှဉ်းဆဲတဲ့ မည်သူမဆို အကြောင်း ငါးပါးကြောင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေတယ်” 


(၁) “သွားကြလေကုန်၊ ဤမည်သော သတ္တဝါကို ဆောင်ယူခဲ့ကြကုန်” ဟု ဤသို့ပြောဆိုသော ရှေးဦးစွာသော အကြောင်းဖြင့်များစွာသော မကောင်းမှုကို ဖြစ်ပွား စေ၏။


(၂) “လည်ပင်း၌ ဖွဲ့ချည်၍ အဆောင်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ခံစားရခြင်း” ဟူသော ဤနှစ်ခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။


(၃) “သွားကြကုန်၊ဤသတ္တဝါကို သတ်ခဲ့ကြလေကုန်" ဟု ဤသို့ ပြောဆိုသော ဤသုံးခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ 


(၄) “အသတ်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ခံစားရခြင်း” ဟူသော ဤလေးခုမြောက် သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။


(၅) “မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်ကို လည်းကောင်း၊ မအပ်စပ်သော အသားမျိုးဖြင့် လှူခြင်းကြောင့် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တပည့်သာဝကတွေ အရှိန်အစော်မဲ့စေခြင်း” ဟူသော ဤငါးခုမြောက် သောအကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ (ဇီဝကသုတ်) 


မြတ်ဗုဒ္ဓက “မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း’ ဆိုတဲ့ အကြောင်း သုံးပါးကင်းလျှင် အသားစားလို့ရတယ်လို့ မိန့်ကြားထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသားစားခြင်းဟာ တိရစ္ဆာန်အသက်ကို သတ်သလိုမျိုး အကုသိုလ် ဖြစ်တာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ အခြားသော ဘာသာရေးဆရာတွေ(အညတိတ္ထိယ) က အသားစားတဲ့သူတွေဟာ အကုသိုလ်အမွေကို ခံယူတဲ့သူတွေ ဖြစ်ကြတယ်လို့ ယုံကြည်ကြပါတယ်။ မြတ်ဗုဒ္ဓကတော့ ဒီအယူအဆ၊ ဒီအဆိုကို ငြင်းပယ်တော်မူပါတယ်။


တစ်ခါက မြတ်ဗုဒ္ဓကို အမြဲဆန့်ကျင်ဘက်လုပ်လေ့ရှိတဲ့ အရှင်ဒေဝဒတ်ဟာ မြတ်ဗုဒ္ဓကို တောင်းဆိုပါတယ်။ “အရှင်ဘုရား၊ ရဟန်းတွေကို အသက်ထက်ဆုံး ... အသားဟင်း၊ ငါးဟင်း မစားအောင် တားမြစ်ပါ။ တကယ်လို့ အသား၊ ငါးစားလျှင် စားတဲ့သူကို အပြစ်ဖြစ်တယ်လို့ မိန့်ပေးပါ” ဒါကို မြတ်စွာဘုရားက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ (ဝိနယပိဋကတ်၊ စူဠဝါကျမ်း)


အသားစားခြင်းနှင့် ပတ်သက်လျှင် အာမဂန္ဓသုတ်ဟာ တအားအရေးပါပါတယ်။ ဒီသုတ်ကို ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်၊ စူဠဝဂ်မှာ ဖော်ပြထားပါတယ်။ ဒီသုတ်ကို ပထမဦးစွာ ကဿပမြတ်စွာဘုရားဟောပါတယ်။ နောက်တော့ ဂေါတမ မြတ်စွာဘုရားက ပြန်လည်ပြီးတော့ ပြောပြပါတယ်။ 


တစ်ခါက သက်သတ်လွတ်ကျင့်တဲ့ ရသေ့တစ်ပါးဟာ (ကဿပ) မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ‘အာမဂန္ဓ’ ကို စားမစား မေးမြန်းစုံစမ်းပါတယ်။ မြတ်စွာဘုရားက သူ့ကို 'အာမဂန္ဓဆိုတာ ဘာလဲ’ လို့ ပြန်မေးပါတယ်။ 'အာမဂန္ဓဆိုတာ အသားကို ပြောတာပါ' လို့ ပြန်ဖြေပါတယ်။ အာမဂန္ဓရဲ့ တိုက်ရိုက် အဓိပ္ပာယ်က “အသားရဲ့အနံ့” ဖြစ်ပါတယ်။ သူ့မှာ မနှစ်မြို့စရာ၊ အော်ဂလီဆန်စရာ(စိမ်းညှိ ညီစို့စို့အနံ့၊ အညှီအဟောက်) အနက်အဓိပ္ပာယ်ထွက် ပါတယ်။ ဒါကြောင့် ရသေ့ဟာ အသားဆိုတဲ့စကားလုံးအစား အာမဂန္ဓဆိုတဲ့ စကားလုံးကို သုံးလိုက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ မြတ်စွာဘုရားက ရသေ့ကို “အသားဆိုတာ အာမဂန္ဓအစစ်(အညှီအဟောက် အစစ်) မဟုတ်၊ မကောင်းမှုအကုသိုလ်တွေကမှ တကယ့်အာမဂန္ဓီ အစစ်ဖြစ်တယ်' ဆိုတာကို ရှင်းပြလိုက်ပါတယ်။ မြတ်စွာဘုရားက ရသေ့ကို ခုလိုပြောပါတယ်….။


(၁) “သူ့အသက်ကို သတ်ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်း၊ လက်ခြေစသည်ကို ဖြတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ ခိုးယူခြင်း၊ မမှန်စကားဆိုခြင်း၊ စဉ်းလဲခြင်း၊ လှည့်ပတ်ခြင်း၊ အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း၊ သူတစ်ပါးသားမယားကို ပေါင်းဖော် မှီဝဲခြင်း ဤသည်ကား အာမဂန္ဓ (အညှီအဟောက်) တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက်မဟုတ်”


(၂) ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏။ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကို မှီကုန်၏။ နတ္ထိက ဝါဒ အယူရှိ ကုန်၏။ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏။ သိစေနိုင်ခဲ ကုန်၏။ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှု စသည်ပင် အညှီအဟောက်တည်း၊ အသားတည်း ဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၃) အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏။ ကြမ်းတမ်းကုန်၏။ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏။ သနားခြင်း ကင်းကုန်၏။ အလွန်မာန်ကြီးကုန်၏။ မပေးတတ်သော အလေ့ရှိကုန်၏။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၄) အမျက်ထွက်ခြင်း၊ မာန်ယစ်ခြင်း၊ခက်ထန်ခြင်း၊ ဆန့်ကျင်ဘက် ပြုလုပ်ခြင်း၊ လှည့်ပတ်ခြင်း၊ ငြူစူခြင်း၊ ဝါကြွားပလွှား၍ ပြောဆိုခြင်း၊ အလွန်မာန်မူခြင်း၊ သူယုတ်မာတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်း၊ ဤသည်ပင် အညှီအဟောက်တည်း။ တည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ အသား


(၅) ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန် ၏။ ကြွေးမြီကို ယူ၍မပေးဆပ်၊ ဖျက်ဆီးတတ်သည့်ပြင် ကုန်းချောတတ်ကုန်၏။ ဤလောက၌ တံစိုးစားကာ ကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏။ အမိအဘစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၆) ဤလောက၌ အကြင်သူသည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့်စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကိုယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏။ သီလမရှိကုန်၊ ကြမ်တမ်းသောအမှုရှိကုန်၏။ ကြမ်းသော စကားရှိကုန်၏။ ရိုသေခြင်း ကင်းကုန်၏။ ထိုသူတို့၏ မစောင့်စည်းခြင်း စသည်ပင် အညှီအဟောက် တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၇) အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏။ မုန်းတီးဆန့်ကျင်ကုန်၏။ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏။ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လ ပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏။ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏။ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


ဗုဒ္ဓဘာသာရဲ့အလိုအရ အကုသိုလ်ကိလေသာတရားတွေကို ဖြူစင်အောင် လုပ်ခြင်းဟာ သံသရာဝဋ်ဆင်းရဲကနေ ထွက်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန် အရမ်းအရေးကြီးပါတယ်။ တစ်စုံတစ်ယောက်ဟာ ကိုယ့်စိတ်ကို ဖြူစင်သန့်ရှင်းအောင် ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ စိတ်သန္တာန်မှာ ကောင်းတာတွေကို မွေးမြူပေးခြင်းဖြင့်သာလျှင် စိတ်ဖြူစင်မှုကို ရရှိပါတယ်။ ဖြူစင်သန့်ရှင်းဖို့အတွက် ကိုယ့်ရဲ့ သန္တာန်မှာ သီလ၊ သမာဓိ၊ ပညာတရားတွေကို ပြုစုပျိုးထောင် ရပါမယ်။ သီလ၊ သမာဓိ၊ ပညာမှ တစ်ဆင့်သာလျှင် စိတ်ရဲ့ဖြူစင်သန့်ရှင်းမှုကို ရရှိနိုင်စွမ်း ရှိပါတယ်။ အသားစားခြင်း၊ သက်သတ်လွတ်စားခြင်းဖြင့် ဖြူစင်မှု၊ ညစ်နွမ်းမှုကို ရရှိစေမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရားက သူ့ရဲ့သာဝကတွေကို သက်သတ်လွတ်သမားဖြစ်ဖို့ မဖြစ်ဖို့ မတိုက်တွန်းပါဘူး။ ဒါပေမဲ့ အစားအစာကို စားတဲ့နေရာမှာတော့ မျှတဖို့၊ အတိုင်းအရှည်ကို သိဖို့ (ဘောဇန မတ္တညုတ) ကိုတော့ တိုက်တွန်းပါတယ်။ အသားပဲ စားစား၊ ဟင်းသီးဟင်းရွက်ကိုပဲ စားစား ဘာကိုပဲစားစား အစားအစာမှာတပ်မက်တဲ့ ရသတဏှာကို ထိန်းချုပ်ရပါမယ်။


ရသတဏှာကို အာဟာရကို စက်ဆုပ်ရွံရှာဖွယ်ဟု မှတ်ထင်သောသညာ (အာဟာရပဋိကူလသညာ) မှတစ်ဆင့် ဒါမှမဟုတ် ပစ္စဝေက္ခဏာဆင်ခြင်ခြင်းဖြင့်သာ ပယ်သတ် နိုင်ပါတယ်။ ရဟန်းတစ်ပါးဟာ အစာအာဟာရကို ခန္ဓာကိုယ်လှပဖို့၊ မာန်တက် ကြွဖို့ ... စသည်ဖြင့် မသုံးဆောင်သင့်ပါဘူး။ (ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း...ဆောင်ပုဒ်အတိုင်းသာ) (အင်္ဂုတ္တရနိကာယ်၊ အပဏ္ဏကသုတ်)


 သံယုတ္တနိကာယ်၊ ပုတ္တမံသူပမသုတ်မှာ မြတ်ဗုဒ္ဓက ကဗဠီကာရာဟာရ (အလုပ်အကျွေးကို ပြု၍ မျိုအပ်၊ စားအပ်သော အစားအစာ)ကို ကိုယ့်ရဲ့သား အရင်း၏အသား နှိုင်းယှဉ်ပြထားတယ်။ ဒီနေရာမှာ ထမင်းဟင်းစသည် (အသီးအရွက်ဖြစ်စေ၊ ဖြစ်စေ)ကို ကဗဠိကာရ အာဟာရလို့ မှတ်ရပါမယ်။ မြတ်စွာဘုရားက ပြောတယ်။ “ဥပမာသော်ကား လင်မယားနှစ်ယောက်ဟာ ရိက္ခာနည်းနည်းလေးယူပြီး သွားလာ ရခက်ခဲတဲ့ခရီးကို သွားကြတယ်။ သူတို့မှာ အလွန်ချစ်စရာ ကောင်းတဲ့ သားအရင်း ကလေးလည်းပါတယ်။ လမ်းမှာ သူတို့ယူလာတဲ့ စားနပ်ရိက္ခာက ကုန်သွားတဲ့အတွက် ရှေ့ဆက်ပြီးတော့ ခရီးကြမ်းကြီးကို ဖြတ်ကျော်ဖို့လည်း လိုသေးတယ်။ မဖြတ်ကျော်နိုင်ရင်လည်း သေဆုံးကြမယ်။ လင်မယားနှစ်ယောက်မှာ အခုလို အကြံပေါ်လာတယ်။ “ငါတို့မှာ ရိက္ခာလည်းကုန်ပြီ၊ ဖြတ်ကျော်ရမည့် ခရီးကြမ်းကြမ်းကလည်း ရှိသေးတယ်။ တကယ်လို့ ငါတို့ချစ်ခင်နှစ်သက်ရတဲ့ သားလေးကိုသတ်ပြီး အသားညှင်း၊ အသားတုံး ပြုပြီး သားလေးရဲ့အသားကိုစားကြမည်ဆိုလျှင် ကျန်ရှိနေသေးတဲ့ ခရီးကြမ်းကို ဖြတ်ကျော်နိုင်လိမ့်မယ်။ ဒါ့ကြောင့် သုံးယောက်လုံးတော့ အသေအပျောက်မခံဘူး။ ပြီးတော့ သားငယ်လေးကိုသတ်ပြီး စားလည်းစား၊ ကျန်တဲ့အသားတွေကို အသားညှဉ်း အသားတုံးပြုကာ ကျန်တဲ့ခရီးကို အခက်အခဲမရှိ ဆက်သွားနိုင်ခဲ့ကြတယ်။ “ရဟန်းတို့ ... သင်တို့ ဘယ်လိုထင်ကြသလဲ။ လင်မယားနှစ်ယောက်ဟာ မြူးထူးခြင်းငှာ အာဟာရ ကို သုံးဆောင်ကြသလော၊ မာန်ယစ်ခြင်းငှာ သုံးဆောင်ကြသလော၊ တန်ဆာဆင်ခြင်းငှာ သုံးဆောင်ကြသလော၊ ခန္ဓာကိုယ်လှပဖို့ရန် သုံးဆောင်ကြသလော”၊ “အရှင်ဘုရား မဟုတ်ပါ။ သူတို့ဟာ ခရီးခဲကို ကူးမြောက်နိုင်ရုံသာ အာဟာရကို သုံးဆောင်ကြကုန် တာပါ” ဒီပုတ္တမံသူပမ သုတ်နှင့်အညီ သင်တို့လည်း အစာအာဟာရကို စားသည်ရှိသော် အစာအာဟာရမှာ တပ်မက်နှစ်သက်နေတဲ့ ရသတဏှာကို ပယ်သတ်နိုင်ကြလိမ့်မယ်။


ဒီနေရာမှာ အစာအာဟာရကို သစ္စာလေးပါးရှုထောင့်ကနေ ကြည့်ကြရအောင်။ ဗုဒ္ဓဘာသာရဲ့အလိုအရ အစာအာဟာရဟာ ရုပ်ဝတ္ထုဖြစ်တယ်။ သူက ရုပ်အစုအဖွဲ့ဖြစ်တဲ့ ရူပက္ခန္ဓာထဲမှာ ပါဝင်တယ်။ ရုပ်တရားဟာ ဆင်းရဲခြင်းရဲ့ အကြောင်းတရားပဲ။ ဒါ့ကြောင့် အစာအာဟာရဆိုတာ ဆင်းရဲခြင်းကို ဖြစ်စေပါတယ်။ သူက သိရမည့်တရားဖြစ်တယ်၊ ပယ်သတ် ရမည့် တရားမဟုတ်ဘူး။ ရသတဏှာကတော့ ဒုက္ခကိုဖြစ်စေတဲ့ အကြောင်းတရား (ဒုက္ခသမုဒယ) ဖြစ်ပါတယ်။ သူ့ကိုတော့ ပယ်သတ်ရပါမယ်။ ရသတဏှာကတော့ ချုပ်ငြိမ်းကြောင်းကတော့ ဒုက္ခရဲ့ ချုပ်ငြိမ်းရာပဲ ဖြစ်ပါတယ် (ဒုက္ခနိရောဓ)။ သူက ဆိုက်ရောက်ရမည့် တရားပေါ့။ အစာအာဟာရကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် ရှုမှတ်တဲ့ အမှတ်သညာကို ပွားများနေတာကတော့ ဒုက္ခချုပ်ငြိမ်းရာကို ဦးတည်စေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် (ဒုက္ခနိရောဓဂါမိနီပဋိပဒါ)။ သူကတော့ ပွားများရမည့် တရားပဲဖြစ်ပါတယ်။ (သိ၊ ပယ်၊ ဆိုက်၊ ပွား)


ဗုဒ္ဓဘာသာရဲ့အလိုအရ ဒုက္ခငြိမ်းဖို့ရာက အလွန်အရေးကြီးလှပါတယ်။ ဒုက္ခ ငြိမ်းဖို့အတွက် ကတော့ ရသတဏှာကို အပြီးသတ်ပယ်ခွာမှသာလျှင် ရမှာပါ။ ဒါ့ကြောင့် ဒုက္ခငြိမ်းဖို့အတွက် ရသတဏှာကို အမြစ်ပြတ်ပယ်သတ်ဖို့ ကြိုးစားအားထုတ်ရပါမယ်။ ဒုက္ခငြိမ်းတယ်ဆိုတာ နိဗ္ဗာန်ပါပဲ။ သင့်အနေနဲ့ သင့်ဆန္ဒအရ သက်သတ်လွတ်သမား ဖြစ်ချင်လည်းဖြစ် မဖြစ်ချင်လည်းနေ ဒါပေမဲ့ နေ့စဉ်စားသောက်နေတဲ့ အစာအာဟာရ တွေအပေါ်မှာ တွယ်တာတပ်မက်တဲ့ ရသတဏှာကို ပယ်ခွာဖို့တော့ ကြိုးစားရပါမယ်။ 

(ပါမောက္ခချုပ်ဆရာတော်)

Credit: Computer ဖြင့် ရေးသားပူဇော်သူ Zin Htet

No comments: