Sunday, August 7, 2022

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_hygiene

#တကိုယ်ရည်သန့်ရှင်းရေး


(ရုပ်ဘယ်လောက်ချောချော တကိုယ်ရည်သန့်ရှင်းမှုမရှိ အနံ့ဆိုးထွက်နေရင် ဘယ်လိုအနေရအထိုင်ရခက်သလဲဆိုတာ လူတိုင်းသိ ပါတယ်။ တကယ်လို့များ အဲသလိုလူမှာ ချစ်သူ ရည်စား အိမ်သူသက်ထားရှိရင် အတော်အားနာဖို့ကောင်းတဲ့ကိစ္စလည်းနော်။ ဒါကြောင့် အမျိုးသားတွေ သတိထားသင့်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)



#အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

 တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာလောက်စရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။


 #အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ


  ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း

  ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတိုက်ချွတ်တာမျိုး မလုပ်ခြင်း

  ရေမချိုး၊ မိမိကိုယ်ကိုယ် သန့်ရှင်းရေးမလုပ်ခြင်း

  လိင်အင်္ဂါ ထိပ်အရေပြား မဖြတ်ထားခြင်း

  ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

  လိင်တံ မှိုစွဲခြင်း

  လိင်တံ ထိပ်ဖူး၊ အရေပြား ရောင်ရမ်းခြင်း

  ဂနို နဲ့ တခြားသော လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း

ဒီအကြောင်းရင်းတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို အနံ့ဆိုး ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။


#တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အမျိုးသားတွေအတွက် ဘာကြောင့် အရေးကြီးလဲ။


 ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် ဝဲ၊ နှင်းခူ၊ ညှင်း၊ ပွေး စတဲ့ အရေပြားပြဿနာ ဖြစ်မယ်။


 ၂။ မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်။


 ၃။ ဆိုးရွားလွန်းတဲ့ အောက်သိုးသိုး အနံ့တွေဟာ ကိုယ့်ချစ်သူကို လိင်စိတ်ကုန်သွားစေတယ်။


 ၄။ ရောဂါပိုးမွှားတွေ အများအပြား ခိုအောင်းနေတယ်။


 ၅။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ ဝှေးစေ့၊ ထိပ်အရေပြား စတဲ့ နေရာတွေမှာ ပိုးဝင်ပြီး ရောဂါဖြစ်စေနိုင်တယ်။


 ၆။ ကိုယ့်ဆီက ရောဂါပိုးတွေက ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ဆီကို ကူးစက်စေနိုင်တယ်။


 ၇။ အဝတ်အစားတွေကိုပါ အနံ့ဆိုးတွေ ကပ်ငြိစေဖို့ လျှော်ဖွပ်တဲ့ နေရာမှာ အလုပ်ပိုစေတယ်။ ဖားဥစွဲစေသလို လျှော်ပြီးသွားရင်လည်း အနံ့တွေ ကျန်နေတတ်တယ်။


#ဒါဆို ဘာလုပ်ကြမလဲ။


 အဓိက ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြင်မယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်မယ်ဆိုရင် ရပါပြီ။ မဖြစ်မနေ အမျိုးသားတိုင်း လုပ်ပေးဖို့ လိုအပ်တာကတော့


 ၁။ ရေကို တစ်နေ့ ၂ကြိမ် မှန်မှန်ချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ချွေးအောင်းနေနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာနဲ့ သေချာ တိုက်ချွတ်ဆေးကြောပါ။


 ၂။ လိင်အင်္ဂါကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ထိပ်အရေပြားကို နောက်ကို ဖြည်းဖြည်းချင်း လှန်ဆွဲပြီး ထိပ်ပတ်လည်မှာ ကပ်နေတဲ့ အဖြူရောင် အရိအချွဲ၊ အဖတ်တွေကို ရေနွေးနဲ့ အရင်လောင်းပြီး ပွတ်ဆေးပါ။ ပြီးတော့မှ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးပါ။


 ၃။ လိင်အင်္ဂါကို အားနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့၊ ဖြည်းဖြည်းချင်းပဲ ကြေးတွန်းပြီး သေချာ သန့်ရှင်းရေး လုပ်ပါ။


 ၄။ ဝှေးစေ့ကို ဆပ်ပြာ အမြှုပ်ထတဲ့အထိ သေချာပွတ်တိုက်ဆေးကြောပေးပါ။


 ၅။ ရေချိုးပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်အောင် သုတ်ပြီးမှ အဝတ်ဝတ်ပါ။


 ၆။ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူလွန်းနေရင် ရိတ်ပါ သို့မဟုတ် ကပ်ကြေးဖြင့် တိုပြီး ပါးသွားအောင် ညှပ်ပေးပါ။


 ၇။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ထိပ်အရေပြားကို ဖြတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ မဖြတ်ချင်ဘူးဆိုရင်လည်း အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကို နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။


 ၈။ ချည်သားအတွင်းခံ ပွပွ ဝတ်ဆင်ပါ။ အရမ်းကျပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ အိမ်မှာနေရင် ပုဆိုး၊ ဘောင်းဘီပွပွ တိုတိုပဲ ဝတ်ပါ။ အတွင်းခံ ဝတ်မထားပါနဲ့။


 ၉။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ အကယ်လို့ ရောဂါဖြစ်လာခဲ့ရင်လည်း ဆေးရုံ ဆေးခန်းတွေမှာ သေချာ ကုသမှုခံယူပါ။


 ၁၀။ လိင်ဆက်ဆံပြီးသွားတာနဲ့ ရေချိုးပါ။ ရေမချိုးချင်ရင်တောင် လိင်အင်္ဂါ တစ်ဝိုက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောသန့်ရှင်းပေးပါ။


 တစ်ကိုယ်ရေ သန့်ရှင်းမှုရှိခြင်းဟာ ကိုယ့်ရဲ့ ယောက်ျားပီသမှုနဲ့ အမျိုးသား ကျန်းမာရေးကို မြှင့်တင်ပေးစေတဲ့အတွက် ဖြစ်သလို နေတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါလို့ အကြံပြုလိုက်ပါရစေ။

No comments: