Tuesday, August 30, 2022

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ



စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။



လူတွေဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျဆုံးမှုတွေ၊ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အင်မတန် စိတ်ပျက်အားငယ် မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး သတ်သေချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့


(၁) တတ်ကျွမ်းနားလည်တဲ့သူတွေဆီက အကြံဉာဏ်ကို အမြန်ဆုံးရယူပါ။


သတ်သေချင်တဲ့ အတွေးတွေဟာ အင်မတန် လွှမ်းမိုးလွယ်ပြီး အန္တရာယ်လည်း များတဲ့အတွက် တစ်ယောက်တည်း ကြိတ်ပြီးမရင်ဆိုင်ပါနဲ့။ သင့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင် အကူအညီတောင်းပါ။ သင့်အနေနဲ့ အနီးဆုံး ဆရာဝန် ဒါမှမဟုတ် အခြေအနေ အတော်ဆိုးရင် ရဲစခန်းဆီလည်း သွားရောက် အကူအညီ တောင်းနိုင်ပါသေးတယ်။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ အကူအညီရှာဖွေတယ်ဆိုတာ သင့်အနေနဲ့ အသက်ရှင်နေထိုင်ချင်သေးတယ် ဆိုတာကိုပြသတာ ဖြစ်တဲ့အတွက် သင်ဟာ ကြံ့ခိုင်တယ်ဆိုတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။


(၂) ချစ်ခင်ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို ရင်ဖွင့်ပါ။


သင်တစ်ယောက်တည်း အတွေးတွေနဲ့ လုံးလည်ရိုက်နေတဲ့အခါ တကယ်တမ်းသတ်သေဖြစ်ဖို့ အခွင့်အလမ်းက အရမ်းကို များလာပါတယ်။ ဒါကြောင့် ဒီလိုအတွေးတွေဝင်လာရင် တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့၊ အခြေအနေတွေ ပိုဆိုးလာတတ်လို့ပါ။ သင်ချစ်ခင်ယုံကြည်ရသူတစ်ယောက်ယောက်ကို ဖုန်းဆက်ပါ ဒါမှမဟုတ် လူချင်းတွေ့ဆုံပြီး သင်ခံစားနေရတာတွေကို သူတို့နဲ့ ဝေမျှပါ။ တစ်ခါတစ်လေမှာ ကိုယ့်ကို တကယ်ဂရုစိုက်ပြီး ကိုယ်ပြောတာတွေကို နားထောင်ပေးမယ့် သူတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရရင် တကယ်ကို ပေါ့ပါးပြီး နေလို့ကောင်းသွားတတ်ပါတယ်။ ဒါ့အပြင် သင်လည်း သတ်သေချင်တဲ့ အတွေးတွေနဲ့ တစ်ကိုယ်တည်း အထီးကျန်မနေတော့ဖူးပေါ့။


အစပိုင်းမှာတော့ သင့်ရဲ့ ခံစားချက်တွေအကြောင်း တခြားတစ်ယောက်ကို ရင်ဖွင့်ပြ၊ပြောပြရတာဟာ ရှက်ဖို့ကောင်းတယ်လို့ သင်ခံစားရပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုချစ်တဲ့သူတွေဟာ သင့်ကိုလှောင်ပြောင်မှာမဟုတ်ပါဖူး။ သင်တွေးပူနေသလို မဟုတ်ဘဲ အားပေးနှစ်သိမ့်ပေးမှာဖြစ်တဲ့အပြင် တစ်ယောက်တည်း ကြိတ်မှိတ်မြိုသိပ်မနေဘဲ ရင်ဖွင့်အကူအညီတောင်းဖို့ သူတို့ကို ရွေးချယ်တာကိုပဲ ဝမ်းသာအားရဖြစ်မယ့်သူတွေပါ။


(၃) အရက်တွေ၊မူးယစ်ဆေးတွေကို ဖြတ်ပါ။


တစ်ခါတစ်ရံမှာ လူတွေဟာ ပြဿနာနဲ့ ရင်ဆိုင်ဖြေရှင်းလိုက်ဖို့ထက် အရက်တွေ၊မူးယစ်ဆေးတွေနဲ့ စိတ်ထွက်ပေါက်ရှာတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အရက်နဲ့ မူးယစ်ဆေးဝါးဟာ ဘာပြဿနာကိုမှ မဖြေရှင်းပေးနိုင်ပါဖူး။ သတ်သေချင်တဲ့ အတွေးတွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မူးယစ်စွဲလမ်းစေတတ်တဲ့ ဆေးဝါးတွေကို သုံးစွဲခြင်းဟာ သင့်ရဲ့ ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်စွမ်းကို ပိတ်ဆို့ထားနိုင်တဲ့အပြင် အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရာမှာလည်း တွေဝေထိုင်းမှိုင်းပြီး ဆုံးဖြတ်ချက်တွေကို မှားယွင်းစေနိုင်တာကြောင့် သင့်အနေနဲ့ ဒီမူးယစ်ဆေးတွေကို သုံးစွဲနေတယ်ဆိုရင် အခုချက်ချင်းရပ်ပစ်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကို အနားပေးနိုင်မှာ ဖြစ်ပါတယ်။


တချို့ကျပြန်တော့ စိုးရိမ်ပူပန်သောကစိတ်တွေနဲ့ သတ်သေချင်စိတ်တွေကို ခံနိုင်ရည်ရှိဖို့အတွက် အရက်နဲ့ မူးယစ်ဆေးအပြင် တခြားအကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါမှာ သုံးတဲ့ဆေးတွေကိုလည်း အလွဲသုံးတတ်ကြပါသေးတယ်။ ဒါပေမယ့် သူတို့က ပေးတဲ့ သက်သာရာရမှုကလည်း တကယ့်ကို ယာယီပဲ ဖြစ်ပြီး ဒါဟာ တကယ့် အဖြေမဟုတ်ပါဘူး။


(၄) အန္တရာယ်ဖြစ်နိုင်တဲ့ပစ္စည်းတွေကို ဖယ်ရှားပါ။


သင့်မှာ သတ်သေချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေပြီဆိုရင် သင့်အနီးနားတစ်ဝိုက်မှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဥပမာ ဆေးတွေ၊ဓား အပါဝင် ချွန်ထက်တဲ့အရာတွေ မထားပါနဲ့။ သင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်ကို ပေးထားတာမျိုး၊သင့်အနားကဖယ်ရှားထားတာ၊သင်အလှမ်းမမီတဲ့ နေရာမှာ သော့ခတ်သိမ်းထားတာမျိုး လုပ်ထားပါ။ သင့်စိတ်ကိုလည်း ခိုင်မာပါစေ။


ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ အတွေးတွေပေါ်လာတာဟာ အင်မတန်အန္တရာယ်များတဲ့အတွက် ဒါကိုလျစ်လျူမရှုသင့်၊ လျှော့မတွက်သင့်ပါဘူး။ အကောင်းဆုံးကတော့ သင့်ကို နားလည်ပေးနိုင်ပြီး အကူအညီပေးနိုင်မယ့် သူတယောက်ယောက်ကို ရင်ဖွင့် အကူအညီတောင်းတာပဲ ဖြစ်ပါတယ်။




Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sunday, August 28, 2022

ဘယ်အချိန်မှာ ဘာကိုဦးစားပေးလုပ်ဆောင်မလဲ…

 ဘယ်အချိန်မှာ ဘာကိုဦးစားပေးလုပ်ဆောင်မလဲ…




ကိုယ်ပိုင်လုပ်ငန်း တစ်ခု စတင်လုပ်ကြတဲ့ သူတွေ မှာ အတွေ့အကြုံကလဲ မရှိသေး၊ ငွေကြေးကလဲ မတောင့်တင်းသေးချိန်ဖြစ်နေရင် ဘာကို ဦးစားပေးပြီး အရင်ဆုံးလုပ်ရမလဲဆိုတဲ့ အခက်အခဲလေးတွေ ကြုံနေရတတ် လေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ လုပ်ငန်း စတင်တည်ထောင်ရာကနေ ကြီးမားတဲ့ လုပ်ငန်းစုကြီး ဖြစ်လာ တဲ့ အချိန် အထိ အဆင့်ဆင့်မှာ ဘယ်လို အရာတွေကို ဦးစားပေးဆောင်ရွက်သင့်တယ် ဘာတွေ ပြင်ဆင်သင့်တယ်ဆိုတာကိုကျွန်တော့်ရဲ့ စီးပွားရေးအကြံ ပေးအဖြစ် ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ ပေါ်မူတည်ပြီး မျှဝေပေးလိုပါတယ်။ 

.

.

လုပ်ငန်းငယ်လေး စတင်ချိန် 

.

ကိုယ့်မှာ ရှိတဲ့ စီးပွားရေး အိုင်ဒီယာလေးကို စတင် အကောင်အထည်ဖော်တဲ့ အချိန်မျိုး ဖြစ်ပြီး ငွေကြေးအရင်းအနှီးကလဲ နည်းနည်းနဲ့ ကျဲကျဲဝိုင်းရ သလို လူအင်အားအနည်းဆုံးသုံးပြီးအများအား ဖြင့် ကိုယ်တစ်ယောက်ထဲက အားကုန် အစုံသုပ် လုပ်နေရတတ်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ လုပ်ငန်းက ပေါက်သွားမလား၊ အရင်းပြုတ်သွားမလား ဆိုတာကိုလဲ စမ်းသပ် ရင်ခုန်နေရတဲ့ အနေအထားမျိုးဖြစ်နေတတ်ပါတယ်။ ဒီလို အခြေအနေမှာ အကြံ ပြုလိုတာကတော့ ကိုယ့်လုပ်ငန်းရဲ့ အရင်းကြေအမှတ်ကို ထိအောင် အချိန်တိုတိုနဲ့ ကြိုးစားဖို့က ပထမ အဆင့်ဖြစ်ပါတယ်။ အရင်းကြေအမှတ်ဆိုတာကတော့ ကိုယ့်ရဲ့ လုပ်ငန်းကုန်ကျစရိတ်တွေ အားလုံးဟာ Product or service ဘယ်နှစ်ခုရောင်းရင် ကြေမလဲဆိုတဲ့ အမှတ်ဖြစ်ပါတယ်။ ဥပမာ တစ်လုံး ကုန်ကျစရိတ် က ၁၀၀ ရှိမယ်  Product တစ်ခုရောင်းဈေး ၁၀ ဆိုရင် အရင်းကြေ အမှတ်က ၁၀ ခုဖြစ်ပါတယ်။ လတိုင်း အနည်းဆုံးProduct ၁၀ ခု ရောင်းရမှသာ လုပ်ငန်းဟာ အရှုံးမပေါ်ပဲ အသက် ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပထမ အဆင့် က လုပ်ငန်းစတင် ချိန်မှာ အဲဒီအရင်းကြေ အမှတ်ကို လတိုင်း ခြေကန် ပြီးရောင်းရနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ နဲ့ ဆောင်ရွက်ဖို့က ပထမ ဦးစားပေးပါပဲ။

.

အရင်းကြေ အမှတ်တော့ ရနေပြီ…

.

ဒုတိယ အဆင့်ကတော့ လတိုင်း အရင်းကြေအမှတ် ကိုထိအောင် ရောင်းနေ ရပြီဆိုပါစို့။ ဒါဆိုရင် လုပ်ငန်းဟာ အသက်ဆက် ရပ်တည်နေနိုင်ပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် အမြဲ အရင်းကြေ နေရုံရောင်းရရုံနဲ့ကလဲ အလုပ်မဖြစ်ပါဘူး။ လုပ်ငန်းတိုးတက်ကြီးထွားလာဖို့အတွက် အမြတ် ထွက် ဖို့လိုအပ်နေပါသေးတယ်။ ဒီအတွက် အရင်းကြေအမှတ် ထက်ပိုပြီး ဘယ်လောက်ရောင်းရမယ်ဆို တာကို သတ်မှတ်ကာ ပိုရောင်းရနိုင်မယ့် နည်းလမ်းကို စဉ်းစားရတော့မှာ ပါပဲ။ တကယ်တော့ အရင်းကြေ အမှတ်ကို ရနေပြီဆိုတာဟာ တစ်နည်းအားဖြင့် ဈေးကွက်က မိမိ Product or service ကို လက်ခံ နေပြီဆိုတဲ့ အဓိပ္ဗာယ် သက်ရောက် ပါတယ်။ ဒီအတွက် Marketing ပိုင်း ပိုလုပ်မလား၊ သို့မဟုတ် လက်ရှိအရောင်းရဆုံးနည်းလမ်းကို ပိုပြီး တိုးချဲ့ မလား စတာတွေလုပ်ဖို့လိုပါတယ်။

.

အရောင်းကို တိုးချဲ့ဖို့လုပ်ရာမှာ ယေဘုယျအားဖြင့် B2C (Business to Customer) ဆိုတဲ့ ကိုယ်ကနေ end user ကိုတိုက်ရိုက် လက်လီရောင်းတာ၊ လက်ကား wholesales အနေနဲ့ပေးတာ၊ B2B (Business to Business) ဆိုတဲ့ ကိုယ့် Product ကို အသုံးပြုမယ့် အခြားလုပ်ငန်းတွေကို ရောင်း ချ တာ၊ B2G (Business to Government/NGO/INGO)  ဆိုတဲ့ အစိုးရ နဲ့ အဖွဲ့အစည်းတွေကို ရောင်းချတာ၊ နယ်မြေအလိုက်ကိုယ်စားလှယ်များခန့်အပ်ပြီး ရောင်းချတာ ၊ Broker ဆိုတဲ့ အကျိုးဆောင် ၊ ပွဲစားများနဲ့ရောင်းချတာ၊ Agent များထားပြီးရောင်းချတာ စတဲ့ ရောင်းချနည်း အသစ်တွေ ကိုလဲ စဉ်းစားဖို့လိုအပ်လာပါတယ်။ 

.

အဓိက ကတော့ Sales analysis လုပ်ဖို့လိုပါတယ်။ ကိုယ် ရနေတဲ့ တစ်လတာ ဝင်ငွေဟာ ဘာအရောင်းတွေ ကနေ ရနေတာလဲ ဆိုတာပါပဲ။ ဥပမာ ကိုယ်က စားသောက်ဆိုင်ဖွင့်ထားတယ် ဆိုရင် တစ်လတာ အရောင်းရဲ့ ၃၀% ဟာ ဟင်းပွဲ၊ ၃၀% ဟာ အဖျော်ယမကာ၊ ၃၀% ဟာ အကင် နဲ့ အထောင်းများ၊ ၁၀% ကတော့ အသုပ်များ စသဖြင့် ခွဲထုတ်ကာ အရောင်းရဆုံးကို ပိုရောင်းရအောင် လုပ်မလား သိပ်မရောင်းရတာကိုဆွဲတင်မလား ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ 

.

.

ပုံမှန် အမြတ် လေးရနေပြီ…

.

အထက်က အဆင့်ကို ကျော်ဖြတ်လာလို့ လုပ်ငန်းက အရင်းကြေရုံမက လစဉ် အမြတ် ကလေး ပမာဏ တစ်ခုပါ ရနေပြီ ဆိုရင်တော့ နောက်ထပ် ဦးစားပေးလုပ်ဆောင်သင့်တာက Production ပြတ်မသွားစေရေး ဖြစ်ပါတယ်။ နာမည်လေးက စရလာပြီး အမြတ်ကလေးတွေ ရလာ၊ marketing ကလဲလုပ်ဆိုတဲ့အချိန်မှာ customer တွေသို့မဟုတ် Demand တွေ ပြုံပြီး ကျလာတတ်ပါတယ်။ ဒီလို အခြေအနေမှာ production က လိုက်လံမဖြည့်ဆည်းနိုင်ရင် Customer satisfaction ကျသွား တတ် ပြန်ပါတယ်။ ဒီအတွက် Production.မပြတ်တောက်အောင် ကုန်ကြမ်းတွေ ဘယ်လိုရရှိအောင် လုပ်မယ် သိုလှောင်မယ် ဝန်ထမ်း ဖွဲ့စည်းပုံတွေ ဘယ်လိုထားမယ်၊ တက်လာနေတဲ့ လုပ်ငန်းကို ဘယ်လို ဆက်ထိမ်းမယ် စတာတွေ ကို ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

.

.

တည်ငြိမ်လာပြီ..

.

အဲဒီကနေ မှလုပ်ငန်းဟာ Production ကလဲ ပုံမှန်လည်ပတ်နေပြီး အဆင်ပြေအောင် စီမံထားနိုင်ပြီ၊ လစဉ်ရောင်းအား ကလဲ ပမာဏ တစ်ခုရှိနေပြီဆိုရင်တော့ ဒီအချိန်မှာ ဦးစားပေး လုပ်ဆောင်သင့်တာက လုပ်ငန်းကို စနစ် တွေ ထည့်သွင်း တာဖြစ်ပါတယ်။ ရုံးတွင်း အပါအဝင် လုပ်ငန်းတစ်ခုလုံးကို သက်ဆိုင်ရာ စနစ် system တွေ တည်ဆောက်တာ၊ လိုအပ်တဲ့ ဖွဲ့စည်းပုံတွေ ပြင်ဆင်တာ စတာတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။

.

System တွေ ထည့်ခြင်းဟာ လုပ်ငန်းကို စနစ်တကျ လည်ပတ်စေဖို့နဲ့ မိမိ ပါဝင်နေရမှုကို လျော့ချ နိုင်ဖို့လဲဖြစ်ပါတယ်။ ဒီလိုနဲ့ စနစ်တွေ လည်ပတ်လာပြီ ဆိုရင်တော့ ဒုတိယ အဆင့်အနေနဲ့ လုပ်ငန်းရဲ့ ဘယ်နေရာမှာ ယိုပေါက်တွေ ရှိနေသလဲ၊ အလွဲသုံးမှုတွေ ဖြစ်နေနိုင်သလဲ ဆိုတာကို ဆက်လက် စစ်ဆေး တားဆီး ထားနိုင်ဖို့လိုအပ်လာပါတော့တယ်။

.

.

ထပ်ချဲ့ကြမယ်….

.

ယိုပေါက် ဟာပေါက်တွေ လဲ ထိန်းပြီးပြီ၊ လုပ်ငန်းကလဲ အတန်အသင့်စနစ် ကျလာပြီ ကိုယ်ကလဲ အနည်းငယ်အားလပ်လာပြီဆိုရင်တော့ နောက်ထပ် ပို မြတ်စွန်းနိုင်တဲ့ Product တစ်ခုခု ထုတ်လုပ်တာဖြစ်ဖြစ် ရုံးခွဲတစ်ခု ထပ်ဖွင့်တာဖြစ်ဖြစ် အခြား အမျိုးအစားမတူတဲ့ Business တစ်ခု ထပ်မံချဲ့ထွင်တာ ဖြစ်ဖြစ်ကို ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ 

.

.

လုပ်ငန်းစုကြီးဖြစ်လာပြီ…

.

နောက်ထပ် ရုံးခွဲတွေ Business တွေ ထပ်ချဲ့ လာတာနဲ့ အမျှ ဒါတွေကို Control လုပ်ဖို့ Counter check လုပ်ဖို့အတွက် လုပ်ငန်းဖွဲ့စည်းပုံကို. Corporate Structure အဖြစ်ပြောင်းလဲဖွဲ့စည်း ဖို့ လိုအပ် လာပါတော့တယ်။ ရုံးချုပ်အဖြစ်ထားရှိကာ Corporate Department များ ထားရှိပြီး လက်အောက်ခံ ရုံးခွဲနဲ့ Business တွေကို ထိန်းချုပ် တာ ၊ Key Performance Indicators KPI  စနစ်များ စတင်အကောင် အထည်ဖော် ဆောင်ရွက်တာ၊ စံသတ်မှတ်နှုန်းများ အသီးသီးချမှတ် တာ စတဲ့ အချက်တွေကို လုပ်ဆောင်ရတော့မှာ ပါပဲ။

.

.

ပြည်တွင်းပြည်ပ မိတ်ဖက်များ..

.

လုပ်ငန်းစုကြီးဖြစ်လာတဲ့ အခါ ပြည်တွင်း ပြည်ပ က Business Partner များနဲ့ အတူလက်တွဲ ချိတ်ဆက် လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ် ။ဒီအခါမှာ လုပ်ငန်း Process တွေ တိုက်ရိုက်ချိတ် ဆက် နိုင်အောင်၊ မိမိတို့လုပ်ငန်းဖွဲ့စည်းပုံကို တစ်ဖက်က စိတ်ချ စေနိုင်အောင် စတာတွေ အတွက် နိုင်ငံတကာ စံနှုန်းတွေ ဖြစ်တဲ့ ISO standard တွေကို လိုအပ်တဲ့ နယ်ပယ် အလိုက် ရယူ ကျင့်သုံးတာ၊ CSR  လို့ခေါ်ဆိုကြတဲ့ Corporate Social Responsibilities တာဝန် တွေကို ထမ်းဆောင် တာ စတာတွေ လုပ်ဆောင် ရပါတော့တယ်။

.

.

ဒါတွေက တော့ လုပ်ငန်းငယ်လေးကနေ လုပ်ငန်းစုကြီး ဖြစ်လာသည်အထိ အဆင့်ဆင့်မှာ ဘယ်အချက်တွေကို ဦးစားပေးဆောင်ရွက်သင့်တယ် ဆိုတာကို အကြံပြုပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျား။

.

.

.

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါတယ်။

.

.

Kaung Hein Soe – Strategic

Business Consultant

Saturday, August 27, 2022

ခေါင်းလောင်းဘောင်းဘီ

 ခေါင်းလောင်းဘောင်းဘီ

-----------------------




အဝတ်အထည်ဒီဇိုင်းတွေဟာ မမျှော်လင့်တဲ့နေရာတွေက ရတတ်တာလည်း ရှိပါတယ် ။ ပန်းချီပုံကြမ်းတွေ ၊ ဒီဇိုင်းစတူဒီယိုတွေဆီကချည်း ထွက်လာတာမျိုးမဟုတ်ပါ ။


ဖလဲလို့လည်း ခေါ် ၊ ဘဲလ် ( bell - bottoms ) လို့လည်းခေါ်တဲ့ ခေါင်းလောင်းဘောင်းဘီဟာ ၁၉၆၀ လွန်နှစ်တွေကနေ ၁၉၇၀ လွန်နှစ်တွေအထိ ၁၀ နှစ်ကျော် ခေတ်စားခဲ့ဖူးပါတယ် ။

( ခေါင်းလောင်းပင်အကြောင်း ပြောရတာဟာ စတီရီယိုသမိုင်းမှာ ဒီဝတ်စုံဟာလည်း အရေးပါတဲ့နေရာမှာ ရှိခဲ့လို့ပါ ) ။



(ခေါင်းလောင်းဘောင်းဘီမြစ်ဖျားခံရာ US ရေတပ်ဘောင်းဘီ - ၁၈၆၄)


တကယ်တော့ ဒီဘောင်းဘီဒီဇိုင်းဟာ ၁၉ ရာစုအလယ်လောက်မှာ စခဲ့တာပါ ။ အမေရိကန်ရေတပ်သားတွေဝတ်တဲ့ ဘောင်းဘီပုံစံပါ ။ ဒီတုန်းက သူတို့အတွက် သတ်သတ်မှတ်မှတ် ရေတပ်ယူနီဖေါင်းရယ်လို့ မရှိသေးဘူး ။ အဝကျယ်တဲ့ ဘောင်းဘီတွေနဲ့ အမှုထမ်းရတယ် ။ သင်္ဘောပေါ်မှာ အဝကျယ်ဘောင်းဘီတွေရဲ့ ကောင်းကွက်က ...

- သင်္ဘောပေါ်က ချော်ကျရင် လှမ်းဆွဲလို့ လွယ်တယ် ၊ ( ဒါမှမဟုတ် ) တစ်ခုခုနဲ့ ငြိနေနိုင်တယ် ၊

- ကမ်းစပ်ဆီ ကူးဖို့ဖြစ်လာရင် ချွတ်ချဖို့ လွယ်တယ် ၊

- ကုန်းပတ်ပေါ် လှိုင်းရိုက်ရင် ဘောင်းဘီရေမစိုအောင် ခေါက်တင်လို့ လွယ်တယ် ၊

- ရေစိုခဲ့ရင်လည်း ချွတ်လို့ လွယ်တယ် ၊

- နောက်ဆုံး ရေထဲ မျောခဲ့ရင်တောင် ဘောင်းဘီပွပွထဲ လေထည့်ပြီး အသက်ကယ်ဗူဖေါင်းသဘောမျိုး လုပ်လို့ရတယ် ။


ဘောင်းဘီပွနဲ့ ရေတပ်သဘာဝ သဟဇာတဖြစ်နေတော့ တခြားရေတပ်တွေလည်း တုပ ဝတ်ဆင်လာကြတယ် ။ အထူးသဖြင့် ဗြိတိသျှရေတပ်ပေါ့ ။ ( US ရေတပ်ဟာ ၁၉၉၈ လောက်အထိ ဒီပွပွပုံစံပဲ အသုံးပြုခဲ့ပါတယ် ) ။


ဒါဖြင့် ပင်လယ်ထဲက ဒီဇိုင်းဟာ ဘယ်လိုလုပ် လူတွေရဲ့ အဝတ်ဗီရိုထဲ ရောက်လာလဲမေးရင် ...


၁၉၆၀ လွန်နှစ်တွေမှာ ကမ္ဘာကြီးဟာ မငြိမ်းချမ်းဘူး ။ အထူးသဖြင့် ဗီယက်နမ်စစ်ပွဲ ( ၁၉၅၅ - ၁၉၇၅ ) ကို လူငယ်တွေ အော့နှလုံးနာတယ် ။ စစ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာကြတယ် ။ ပြီးတော့ စတိုးဆိုင်ကြီးတွေမှာ တင်ရောင်းတဲ့ ရယ်ဒီမိတ် ချပ်ချပ်ရပ်ရပ် အဝတ်အထည်တွေအပေါ်လည်း ငြီးငွေ့လာတယ် ။ စစ်အသုံးအဆောင်တွေကလည်း ဒီအချိန် ပိုလျှံနေတော့ စစ်အထည်တပတ်နွမ်းတွေ စျေးသက်သက်သာသာနဲ့ ရောင်းတဲ့ဆိုင်တွေ ရှိလာတယ် ။ လူတွေက ဒီဆိုင်တွေဖက် ခြေဦးလှည့်ကြ ၊ ဝတ်ကြည့်ကြတယ် ။ အသစ်အဆန်းလိုဖြစ်ကာ စမတ်ကျသလို ခံစားကြရတယ် ။ 


ရေတပ်ဘောင်းဘီတစ်ပတ်နွမ်းတွေ ဝယ် ၊ ပန်းပွင့်ပုံတွေဘာတွေနဲ့ တန်ဆာဆင် ၊ စိတ်ကြိုက် မွမ်းမံတယ် ။ ပြီးတော့ US စစ်တပ်အပေါ် ဆန္ဒပြကြတယ် ။ စစ် ဆန့်ကျင်ရေးပေါ့ ။ အဲဒီစတိုင်ဟာ တဖြည်းဖြည်းနဲ့ ( movement ) လှုပ်ရှားမှုတစ်ခု ၊ အရွေ့တစ်ခုဖြစ်လာပြီး ဟစ်ပီတွေပါ ဒီအရွေ့ထဲ အားဖြည့်လာတယ် ။


သူတို့ဆီမှာ တီဗီလည်း ခေတ်စားနေတော့ ၁၉၆၆ လောက်မှာ အဆိုတော်ဆန်နီဘိုနိုနဲ့ ရှား ( Cher ) စုံတွဲဟာ အစီအစဉ်တစ်ခုမှာ ခေါင်းလောင်းဘောင်းဘီ ဝတ်ပြတယ် ။ ဒီမှာတင် လူတွေ သတိထားမိလာကြ ၊ စိတ်ဝင်စားလာကြတယ် ။ ဘိုနိုစုံတွဲသာမက ဒီတုန်းက နာမည်ကျော် Queen အဖွဲ့သားတွေ ၊ Jackson 5 ၊ ဂျင်မီဟန်းဒရစ် ၊ ဒေးဗစ်ဘိုဝီတို့ပါ bell - bottoms ရေစီးထဲ မျောပါလာတယ် ။ ( ခေါင်းလောင်းခေတ်ဦးမှာ သူတို့က အသင့်အတင့် အဝကျယ် ဘောင်းဘီတွေပေါ့ ။ အရှိန်ရလာတဲ့ ၁၉၇၀ လွန် နှစ်တွေမှသာ အဝ တအားကျယ်ဘောင်းဘီတွေ ခေတ်စားလာတာပါ ။ မောင်နီတို့လည်း ဒေသကောလိပ်ကျောင်းသားဘဝ { ၁၉၇၈ } လောက်မှာ အဝကျယ်ဘောင်းဘီကြီး ဝတ်ခဲ့ဖူးပါရဲ့ ။ တက်ထရက်စနဲ့ ချုပ်တာပါ ။ နေ့ခင်း မဝတ်ရဲလို့ ည ရုပ်ရှင်ရုံရှေ့ ရှိုးထုတ်ရတာပါ ။ အဲ့တစ်ခါပါပဲ ။ နောက်ထပ် မဝတ်ရဲလို့ လူပေးပစ်ပါတယ် ) ။


အဲလို အဝကျယ်ဘောင်းဘီကို ( Elephant bells ) လို့ ခေါ်ပါတယ် ။ ဂျင်းသားနဲ့ ချုပ်ပါတယ် ။ ၁၉၇၀ အလယ်ပိုင်းနဲ့ နှောင်းပိုင်းလောက်အထိ ခေတ်စားခဲ့ပါတယ် ။ 


(၁၉၇၁ ခုနှစ်မှာ စတူဒီယိုဂီတရဲ့ ပိုင်အိုနီးယား အဆိုတော် မင်းမင်းလတ်ဟာ bell button ဘောင်းဘီကို ဝတ်ဆင်နေပါပြီ)


ဒစ္စကိုတွေ ခေတ်စားတဲ့ ၁၉၈၀ လွန် နှစ်တွေအထိ ခေါင်းလောင်းဘောင်းဘီဟာ ခေတ်မတိမ်သေး ။ နာမည်ကျော်အနုပညာသမားတွေ ခေါင်းလောင်းဘောင်းဘီ ဝတ်လေ ၊ ဒီစတိုင် ကမ္ဘာတလွှား ပျံ့နှံ့လေပါ ။ လူတွေရဲ့ မရှိမဖြစ်ဝတ်စုံသဖွယ်တောင် ဖြစ်လာပါတယ် ။ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပါတယ် ။ 


၁၉၈၀ အစပိုင်းနှစ်တွေရောက်တော့ ဒစ္စက်ိုခေတ် ကုန်သွားတာနဲ့အတူ ( punk rock ) ခေတ်ထလာတော့ ပန့်စတိုင် ဘောင်းဘီကျပ်ကျပ်တွေ ခေတ်စားလာပါတယ် ။ ရှည်သွယ်သွယ် ၊ တင်းတင်းကျပ်ကျပ်ဂျင်းဘောင်းဘီတွေနဲ့အတူ ပြူးတူးပြဲတဲအရောင်အတွဲအစပ်တွေဖက် လူငယ်တွေ အာရုံကျလာကြပြန်ပါတယ် ။ ဒီလိုနဲ့ ၁၅ နှစ်လောက် ရေပန်းစားခဲ့တဲ့ ခေါင်းလောင်းဘောင်းဘီ တစ်ခန်းရပ်သွားပါတယ် ။


မြန်မာပြည်မှာတော့ ၁၉၇၃ လောက်မှာ bell - bottoms တွေ စ , ဝတ်လာကြပြီလို့ ဆိုပါတယ် ။ 

၁၉၇၄ - ၇၅ လောက်မှာ ကျော်ဟိန်းနဲ့ စတီရီယိုဂီတသမားတွေ ဝတ်လာတော့ လူငယ်တွေလည်း လိုက်ဝတ်လာကြပါတယ် ။ [ သိန်းတန် ( မြန်မာပြည် ) ၊ တော်မီကျော်နိုင် ၊ သန်းနိုင် ၊ မင်းမင်းလတ် ... စသူတို့ပေါ့ ။ အထူးသဖြင့် မင်းမင်းလတ် ။ သူ့ပထမဆုံးတေးစု ကြော်ငြာတော့ ခေါင်းလောင်းဘောင်းဘီနဲ့ပါ ] ။


ဒါ့ကြောင့် bell က မြန်မာပြည်မှာ ၁၉၇၁ လောက်က စ ။ ၁၉၇၃ လောက်မှာ တွင်ကျယ် ။

ဖလဲ ( flare ) က ၁၉၈၀ ကျော်မှာမှ စ ။ ကျော်ဟိန်းစီးရီးကာဗာ ( ၁၉၈၁ ) မှာ ဖလဲနဲ့လို့ ဆိုကြပါတယ် ။


ဘဲလ်နဲ့ ဖလဲ မတူပါ ။

ဘဲလ်က ဒူးဆစ်အောက်ကနေ ကားသွားတာမျိုးပါ ။

ဖလဲက ခြေသလုံးကြွက်သားနေရာလောက်က စ , ကားတာပါ ။



(ဘဲလ်တွေ ဖလဲတွေနဲ့ သင်္ကြန်ကဲတဲ့ ရန်ကုန်သားများ - ၁၉၇၆)


စာကြွင်းအနေနဲ့ ခေါင်းလောင်းခေတ် နိဋ္ဌိတံပြီဆိုပေမယ့် ၁၉၉၀ အလွန်နှစ်တွေမှာ ခေါင်းလောင်းပုံတွေ တကျော့ပြန်ခေတ်စားလာပါတယ် ။ ဒီတကြိမ်မှာတော့ အလွန်အမင်း အဝကျယ်တာမျိုး မဟုတ်လို့ ' ခေါင်းလောင်းပုံ ' လို့တောင် ခေါ်ဖို့ ခပ်ခက်ခက် ။ ဒါ့ကြောင့် ဒီတစ်ကြိမ်ကျ အဲဒီဂျင်းပင်တွေကို ( bootcut ) လို့ ခေါ်ကြပါတယ် ။ အနုပညာသမားအတော်များများ ဝတ်ခဲ့ကြပါတယ် ။


ဒီဖက် ၂၁ ရာစုမှာတော့ 

- skinny jeans

- straight - cut လို့ခေါ်တဲ့ အကျပ်တွေ ပြန်ခေတ်စားလာပြီမို့ ဖလဲ ( ခေါ် ) boot - cut တွေ ခေတ်တိမ် မှေးမှိန်သွားပါကြောင်း ... ။

...


မျှဝေသူ - မောင်မောင်နီ

Friday, August 26, 2022

💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢

 💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢




မန္တလာမြင့်(၁၉၁၀-၁၉၉၀)သည် ​ခေတ်​ဟောင်းဓာတ်ပြားအဆို​တော်ကြီးတစ်ဦးဖြစ်သည်။နန်း​တော်​​ရှေ့ဆရာတင်ရေး​သော ရွှေဘိုသနပ်ခါး​သီချင်းသည် မန္တလာမြင့်၏အ​ကျော်ကြားဆုံး သီချင်းဖြစ်သည်။


◼️မန္တလာမြင့်.....


မန္တလာမြင့်သည် မြန်မာနိုင်ငံရှိ ခေတ်ဟောင်းဓာတ်ပြား အဆိုတော်ကြီးဖြစ်သည်။ ဒေါ်မန္တလာမြင့်ကို ၁၉၁၀-ခုနှစ်၊ မတ်လ(၁၆)ရက်နေ့၌ အဖဦးမျှင်နှင့် အမိဒေါ်ဆင့်တို့မှ မန္တလေးမြို့ ရေကြည်အရပ်တွင် (ရေကြည်ရပ်သည် မန္တလေး ၈၅ လမ်းနှင့် ၂၅ လမ်း အပြ)ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မငွေ ဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယသမီး ဖြစ်သည်။ မငွေ၏ ဘဝက ဆန်းကြယ်လှသည်။ ရင်နင့်စရာလည်း ကောင်းလှသည်။ မငွေ ခုနှစ်လသမီးအရွယ်ကပင် မျက်စိကွယ်ခဲ့လေသည်ဟု ဆို၏။ သို့သော် မျက်မမြင် ဒုက္ခိတကလေးအဖြစ် ကြီးပြင်းလာရသူ မငွေသည် မိမိဘဝကို အရှုံးမပေးခဲ့ပေ။ အသက် ၁၁-နှစ်အရွယ်တွင် မန္တလေးဈေးချိုတော် ပိုးတန်း၌ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ မျက်စိနှစ်ကွင်း အလင်းမရရှာသော်လည်း အသံပါရမီကလေးက ပါလာသည်။ မငွေ၏ ချိုမြသောအသံကို ကြားရသူတိုင်း စိတ်ဘဝင် ကြည်လင်အေးမြကြရသည်။ မိဘများ ချို့တဲ့ကြသော်လည်း မငွေက ငယ်စဉ်ကပင် မိဘကို အကျိုးပြုနိုင်ခဲ့သည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနိုင်ခဲ့သည်။


◼️ဘဝတကွေ့......


မငွေ အသက် ၂၅-နှစ်အရွယ်တွင် ဘဝလမ်းကြောင်းက ပြောင်းလဲသွားသည်။ မန္တလေး ရိုးကုမ္ပဏီ၏ တိုက်ခွဲမှတစ်ဆင့် ရန်ကုန် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ ဓာတ်ပြားသွင်းရန် မငွေကို လာခေါ်သည်။ သို့ဖြင့် မငွေ ရန်ကုန်သို့လိုက်သွားရသည်။ ထိုစဉ်က ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသည် ယခု မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့် ရိုးကုမ္ပဏီတိုက်တွင် တည်ရှိသည်။ မငွေ ရန်ကုန်ဂီတလောကသို့ ရောက်လာသောအခါ မန္တလေးသူဖြစ်သဖြင့် မန္တလာမြင့်ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-ခုနှစ်တွင် မန္တလာမြင့်တို့ စတင် သီချင်းဓာတ်ပြား သွင်းကြရသည်။


◼️ပထမဆုံး ဓာတ်ပြားသီချင်း.....


ဒေါ်မန္တလာမြင့်၏ ပထမဆုံး ဓာတ်ပြားသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်သည့် ဘောလယ်သံဆန်း ဖြစ်သည်။ ဓာတ်ပြားသွင်းသည့် အတွေ့အကြုံ မရှိသေးသူ မန္တလေးသူ မငွေ (ခေါ်) မန္တလာမြင့်အား အမေဒေါ်အောင်ကြည်က အစစအရာရာ ကူညီပြသပေးခဲ့သည်။ ဤသီချင်းကပင် မငွေအား မန္တလာမြင့်အဖြစ် ထင်ပေါ်ကျော်ကြား လာစေခဲ့သည်။ အောင်မြင်သော အဆိုတော်တစ်ဦးဘဝသို့လည်း ပို့ဆောင်ပေးခဲ့သည်။


◼️ရွှေဘိုသနပ်ခါး.....




ရွှေဘိုသနပ်ခါး သီချင်းကို မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ `အစကတော့ဖြူဖြူ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ၊ ပျိုမှားပါပီရှင် ခေါ်လာမိတယ်´ အစချီ ၎င်းသီချင်းကို နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဆရာတင်က သူ၏ထုံးစံအတိုင်း `ကြံကြံဖန်ဖန်ရန်ကုန်သူ၊ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးရောက်မှ အသားမည်း ပြန်သတဲ့ဆူ´ စသည်ဖြင့် တေးဆိုသူ မန္တလာမြင့်၏ အမည်ကို တေးသီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သည်။ ဤသီချင်းကို ၁၉၃၈-ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့၏။ နောင် အဆိုတော် ကိုအံ့ကြီးက ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ သို့သော် `အသားရယ်ဖြူ လူပေမို့လား´အစချီစာပိုဒ် တစ်ပိုဒ် မပါဝင်ခဲ့ပေ။


ရန်ကုန်သူသီချင်းကိုနန်း​တော်ရှေ့ဆရာတင်ကိုယ်တိုင် ဦးစွာသီဆိုခဲ့သည်ဟုယူဆမိပါသည်။


◼️ဗိမ္မိသာရ.....


ဗိမ္မိသာရ သီချင်းမှာမူ ဂီတစာဆို ဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်သည်။ ဤသီချင်းပါ တေးစာသားများမှာ မန္တလာမြင့်၏ ကရုဏာသံ အဆွဲအငင် အတက်အကျတို့ကြောင့် နားဆင်ရသူ တေးပရိသတ်တို့ အဖို့ စူးနစ်ခံစားစေခဲ့သည်။ ဤ ဗိမ္မိသာရ သီချင်းကို မကြည်အောင်က ဦးစွာသီဆို ဓာတ်ပြားသွင်းခဲ့သည်။ သို့သော် ထိုစဉ်က လည်ချောင်းနာနေသဖြင့် ဓာတ်ပြားပြန်ဖွင့်ကြည့်ရာ အသံကို အားရကျေနပ်မှု မရှိဖြစ်ခဲ့ရသည်။ သို့ဖြင့် မန္တလာမြင့်ကို သီဆိုစေပြီး ဓာတ်ပြားထပ်မံ သွင်းခဲ့ခြင်း ဖြစ်သည်။ မန္တလာမြင့်ဆိုခဲ့တဲ့ သီချင်းပေါင်း (၂၁)ပုဒ်ရှိသည်။ ၁၉၃၅ -ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ သီချင်းဆိုခဲ့သည်။ ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။


◼️ဘဝနိဂုံး.....


ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း မျက်မမြင် ဒုက္ခိတတစ်ဦးအဖြစ် သီချင်းလှည့်လည် သီဆိုရင်း အသက် ၈၁-နှစ်အရွယ် ၁၉၉၀-ခုနှစ်၊ မေလ (၃)ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။


◼️မန္တလာမြင့်၏ တေးများ.....


ဒေါ်မန္တလာမြင့်သည် ၁၉၃၅-ခုနှစ်မှစ၍ ၁၉၃၈-ခုနှစ်အထိ (၁၃၀၀-ပြည့် အရေးတော်ပုံကာလတိုင်) သုံးနှစ်ခန့် ဓာတ်ပြားသွင်းခဲ့ရသည်။ မန္တလာမြင့် အမည်ဖြင့် ဓာတ်ပြားသွင်းခဲ့ရသော သီချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။


    ဘောလယ်သံဆန်း (ရွှေတိုင်ညွန့်)

    ဘာသာတရား (ရွှေတိုင်ညွန့်)

    အပျော်ဆုံးနေ့ (ရွှေတိုင်ညွန့်)

    သောင်းသောင်းညံ (ယိုးဒယား) (ဦးအောင်ချင်း)

    တင်လွှာတော် (ဦးအောင်ချင်း)

    အပျို့ဂုဏ်ရည် (ဇေယျာနိုင်)

    မြိုင်တောစွယ် (ဦးအောင်ချင်း)

    နတ်ပန်းမဉ္ဖူ (ဦးအောင်ချင်း)

    ထမနဲပါတီ (၁၂-လမ်း ဆရာဖောင်)

    မေတ္တာရေ (ဦးအောင်ချင်း)

    ကိန္နရီ မောင်နှံ (ရွှေတိုင်ညွန့်)

    ငါးပွင့်ဆိုင် (၁၂-လမ်း ဆရာဖောင်)

    ဝေဿန္တရာ (ရွှေတိုင်ညွန့်)

    လွတ်လပ်ရေး (ဦးအောင်ချင်း)

    ပါတော်မူ (ရွှေတိုင်ညွန့်)

    အညာသားစုံတွဲ (ဥဩဘသောင်နှင့် တွဲဆို) (ရွှေတိုင်ညွန့်)

    ဗိမ္မသာရ (ရွှေတိုင်ညွန့်)

    ရွှေဘိုသနပ်ခါး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေပြည်ကြီး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေနန်းတော် (ဦးအောင်ချင်း)

    လယ်သမား (ရွှေတိုင်ညွန့်)

    ရက်ရာဇာ (ဦးအောင်ချင်း)

    အပျိုကြီး စိတ်ကူး (ဇေယျာနိုင်)

    သာသနာ့ဒါယကာ နှင့် ပုဗ္ဗမင်္ဂလာ (ရတု) တို့ ဖြစ်ကြသည်။




_

ကိုးကား......


    📜တင်နိုင်တိုး၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်


    📜ခေတ်ဟောင်းသီချင်း ပေါင်းချုပ် (သန်းလှိုင်)


    📜မြန်မာစွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁-ခု)


    📜အသိရယ် ကြည်ပါရဲ့ ဘဝရယ် မကြည်ရှာတဲ့ အမေ (အေးအေးမွန်) ရွှေဝတ်ရည် မဂ္ဂဇင်း (၁၉၉၀)


    📜သတင်းဂျာနယ် (၂၄.၁.၁၉၇၀)

Tuesday, August 23, 2022

Buddhism and Vegetarianism

 “ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်” “Buddhism and Vegetarianism”




ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ အမြင်တွေ၊ အယူအဆတွေ သက်သတ်လွတ်အကျင့်ကို ကျင့်သုံးနေကြတဲ့လူတွေ အများကြီး ပေါ်ပေါက်လာနေပါတယ်။ တချို့ကတော့ သူတို့တွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်  သက်သက်လွတ်သမားဖြစ်လာကြပေမယ့် တချို့ကတော့ သူတို့တွေ ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာတရားကြောင့် သက်သတ်လွတ်သမားတွေ ဖြစ်လာကြပါ တယ်။


ဒါနဲ့ပတ်သက်ပြီးတော့ ဒီသက်သတ်လွတ်အကျင့်ကို သူတို့ ဘယ်လိုကျင့်သုံး လိုက်နာကြ သလဲဆိုတဲ့ ကွဲပြားတဲ့အယူအဆတွေ အများကြီး ရှိနေပါလိမ့်မယ်။ လူတွေ ဟာ အစားအစာ စားသောက်တဲ့နေရာမှာ တိရစ္ဆာန်တွေရဲ့အသက်ကို ဘယ်လိုမျိုး သဘောထားကြသလဲ။ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြလဲ၊ အခြေခံအားဖြင့်တော့ သက်သတ်လွတ်သမားတွေကို အုပ်စုအများကြီး ခွဲခြားနိုင်ပါတယ်။ သက်သတ်လွတ်သမားအချို့က ကြက်ဥကို စားကြတယ်။ ဒါပေမဲ့ နွားနို့ကို မသောက်ကြဘူး။ တချို့ကတော့ ကြက်ဥစားခြင်းကို ရှောင်ကြဉ်သော်လည်း နွားနို့ကိုတော့ သောက်ကြတယ်။ တချို့လူတွေကလည်း နွားနို့လုပ်ခြင်း၊ ကြက်ဥ ရောင်းဝယ်ဖောက်ကားခြင်း အစရှိတဲ့ တိရစ္ဆာန်တွေနှင့် ပြုလုပ်ရတဲ့ အလုပ်တွေကို ရှောင်ကြဉ်ကြပေမဲ့  တိရစ္ဆာန်အရေတွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းဝတ္ထုတွေကိုတော့ ကြိုက်နှစ်သက်စွာ အသုံးပြုကြပါတယ်။ တချို့တွေကလည်း ကြက်ဥ၊ နွားနို့ စားသုံးခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို သုံးစွဲခြင်း တစ်ခုမဟုတ် တစ်ခုခုကိုတော့ ရှောင်ကြဉ်ကြပါတယ်။


ဗုဒ္ဓဘာသာရဲ့အလိုအရတော့ ဗုဒ္ဓဘာသာဟာ သူ့ရဲ့ဘာသာဝင်တွေကို သက်သတ်လွတ်စားဖို့ တိုက်လည်း မတိုက်တွန်းသလို အတင်းအကြပ်လည်း မစေခိုင်းဘူး။ မဖြစ်မနေကျင့်သုံးရမည့်တရား မဟုတ်တဲ့အတွက် သက်သတ်လွတ်သမားတွေကို မချီးမွမ်းသလို၊ ကဲ့ရဲ့ရှုတ်ချလည်း မလုပ်ပါဘူး။ ဗုဒ္ဓဘာသာမှာ အစားအစာမှီဝဲ စားသောက်ရတဲ့ ရည်ရွယ်ချက်က အသက်နဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်သလို စားသောက်တဲ့အခါမှာလည်း အစားအစာမှာ တွယ်တာနေတဲ့ တဏှာ (ရသတဏှာ)ကို ပယ်ဖျောက်ဖို့ပဲ ဖြစ်ပါတယ်။


Buddhism and Vegetarianism 

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

www.drnandamalabhivamsa.com.mm

#AshinNandamalabhivamsa


🔹🔹🔹🔹


၁၉၈၉ ခုနှစ် ပါမောက္ခချုပ်ဆရာတော်ဘုရား သိရီလင်္ကာနိုင်ငံ၊ Kelaniya University ၌ Master ဘွဲ့ တက်ရောက်စဉ် ကာလ ဆီက ဆရာတော်ဘုရားရေးသားခဲ့ သည့် ဆောင်းပါးများအထဲမှ တစ်စောင် ဖြစ်သည်။ ဆောင်းပါးအမည်မှာ Buddhism and Vegetarianism ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင်ရေးသားခဲ့သည်။ ဤဆောင်းပါးတွင် ဆရာတော်ကြီးသည် ပါဠိကျမ်းစာများကို ကိုးကား၍ ဗုဒ္ဓဘာသာ ရှူထောင့်မှ နေ၍ သတ်သတ်လွတ် ဝါဒက်ု မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ 


အဆိုပါအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်ဆောင်းပါးကို သီရိလင်္ကာနိုင်ငံ ပေရာဒေနိယမြို့၊ ပေရာဒေနိယတက္ကသိုလ် (Peyasaniya University) မှ Ph.D Thesis အရှင်သိရီသုမင်္ဂလသာမိ  က မေတ္တာဖြင့် မြန်မာဘာသာပြန်ထားသည်ကို ဆရာမြသန်းစံ ရေးသားပူဇော်သည့် “ပါမောက္ခချုပ်ဆရာတော် ၏ ဘဝခရီးနှင့်ဓမ္မဆီမီး” စာအုပ်မှ ပြန်လည်ဖေါ်ပြပါသည်။ 


🔹🔹⭐️⭐️🔹🔹

ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်

နိဒါန်း

ဒီဆောင်းပါးကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှာ အမ်အေကျမ်းအတွက် တင်သွင်းဖို့ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါမှာ ပါဠိကျမ်းစာ တွေကို အထူးကိုးကားပြီးတော့ ဗုဒ္ဓဘာသာ ရှုထောင့်ကနေ သတ်လွတ်လွတ်ဝါဒကို မီးမောင်းထိုးပြ ထားခြင်းပဲ ဖြစ်ပါတယ်။


ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ အမြင်တွေ၊ အယူအဆတွေ သက်သတ်လွတ်အကျင့်ကို ကျင့်သုံးနေကြတဲ့လူတွေ အများကြီး ပေါ်ပေါက်လာနေပါတယ်။ တချို့ကတော့ သူတို့တွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်  သက်သက်လွတ်သမားဖြစ်လာကြပေမယ့် တချို့ကတော့ သူတို့တွေ ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာတရားကြောင့် သက်သတ်လွတ်သမားတွေ ဖြစ်လာကြပါ တယ်။


ဒါနဲ့ပတ်သက်ပြီးတော့ ဒီသက်သတ်လွတ်အကျင့်ကို သူတို့ ဘယ်လိုကျင့်သုံး လိုက်နာကြ သလဲဆိုတဲ့ ကွဲပြားတဲ့အယူအဆတွေ အများကြီး ရှိနေပါလိမ့်မယ်။ လူတွေ ဟာ အစားအစာ စားသောက်တဲ့နေရာမှာ တိရစ္ဆာန်တွေရဲ့အသက်ကို ဘယ်လိုမျိုး သဘောထားကြသလဲ။ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြလဲ၊ အခြေခံအားဖြင့်တော့ သက်သတ်လွတ်သမားတွေကို အုပ်စုအများကြီး ခွဲခြားနိုင်ပါတယ်။ သက်သတ်လွတ်သမားအချို့က ကြက်ဥကို စားကြတယ်။ ဒါပေမဲ့ နွားနို့ကို မသောက်ကြဘူး။ တချို့ကတော့ ကြက်ဥစားခြင်းကို ရှောင်ကြဉ်သော်လည်း နွားနို့ကိုတော့ သောက်ကြတယ်။ တချို့လူတွေကလည်း နွားနို့လုပ်ခြင်း၊ ကြက်ဥ ရောင်းဝယ်ဖောက်ကားခြင်း အစရှိတဲ့ တိရစ္ဆာန်တွေနှင့် ပြုလုပ်ရတဲ့ အလုပ်တွေကို ရှောင်ကြဉ်ကြပေမဲ့  တိရစ္ဆာန်အရေတွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းဝတ္ထုတွေကိုတော့ ကြိုက်နှစ်သက်စွာ အသုံးပြုကြပါတယ်။ တချို့တွေကလည်း ကြက်ဥ၊ နွားနို့ စားသုံးခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို သုံးစွဲခြင်း တစ်ခုမဟုတ် တစ်ခုခုကိုတော့ ရှောင်ကြဉ်ကြပါတယ်။


ဗုဒ္ဓဘာသာရဲ့အလိုအရတော့ ဗုဒ္ဓဘာသာဟာ သူ့ရဲ့ဘာသာဝင်တွေကို သက်သတ်လွတ်စားဖို့ တိုက်လည်း မတိုက်တွန်းသလို အတင်းအကြပ်လည်း မစေခိုင်းဘူး။ မဖြစ်မနေကျင့်သုံးရမည့်တရား မဟုတ်တဲ့အတွက် သက်သတ်လွတ်သမားတွေကို မချီးမွမ်းသလို၊ ကဲ့ရဲ့ရှုတ်ချလည်း မလုပ်ပါဘူး။ ဗုဒ္ဓဘာသာမှာ အစားအစာမှီဝဲ စားသောက်ရတဲ့ ရည်ရွယ်ချက်က အသက်နဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်သလို စားသောက်တဲ့အခါမှာလည်း အစားအစာမှာ တွယ်တာနေတဲ့ တဏှာ (ရသတဏှာ)ကို ပယ်ဖျောက်ဖို့ပဲ ဖြစ်ပါတယ်။


 ဗုဒ္ဓဘာသာမှာ မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ကို သံသရာမှ ထွက် မြောက်ရာ တစ်ခုတည်းသောလမ်းအနေနဲ့ ဖော်ပြထားသလို ဗုဒ္ဓဘာသာဝင်တွေကို လည်း အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ဖို့ကို အကြံပေး တိုက်တွန်းထားပါတယ်။


သဗ္ဗညုတဉာဏ်ပိုင်ရှင် မြတ်စွာဘုရားက သူ့ရဲ့တပည့်သာဝကတွေကို ကျန်းမာ ရေးနှင့်မညီတဲ့ အာဟာရမပြည့်ဝတဲ့ အစားအစာတွေကို မစားဖို့၊ အာဟာရပြည့်ဝ စေတဲ့အစားဖြစ်ပေမယ့် ပြစ်တင်ကဲ့ရဲ့ထိုက်တဲ့ အစားအစာ မည်သည့် အစားအစာကို မဆိုမစားဘဲ ရှောင်ကြဉ်ဖို့၊ အကုသိုလ်တိုးပွားစေတဲ့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်ဖို့ စေခိုင်းခြင်းတွေကို ရှောင်ကြဉ်ဖို့ကို ပြောဆိုဆုံးမ ဟောကြားထားပါတယ်။


ဒီဆောင်းပါးမှာ သက်သတ်လွတ်အလေ့အကျင့်နှင့် ပတ်သက်ပြီးတော့ ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရတွေကို သိစေဖို့ရန် ကြိုးစားအားထုတ်ထားပါတယ်။ စာဖတ်သူများ သက်သတ်လွတ် သမားကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ မှန်ကန်တဲ့အမြင် ရှုထောင့် သဘောထားကို သိမြင်နားလည်နိုင်ကြပါစေ။


ဗုဒ္ဓဘာသာနှင့် သက်သတ်လွတ်

ဗုဒ္ဓဘာသာဟာ သက်သတ်လွတ်ဝါဒကို မကဲ့ရဲ့သလို မချီးလည်း မချီးမွမ်းပါဘူး။ သက်သတ်လွတ် ကျင့်တာကို မှားတယ်၊ မှန်တယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ အသီးအရွက်နဲ့ဖြစ်စေ၊ အသားငါးနဲ့ဖြစ်စေ အစားအစာစားတဲ့အခါ မျှတဖို့၊ အတိုင်းအရှည်ကိုသိဖို့ (ဘောဇနမတ္တညုတ)ကိုပဲ ဟောပြောထားတာပါ။


အစာအာဟာရဟာ သက်ရှိသတ္တဝါတွေအတွက် အသက်ရှည်ရှည်နေရဖို့ မရှိ မဖြစ်တဲ့အရာပဲ ဖြစ်ပါတယ်။ အစားအစာမရှိလျှင် ဘယ်သတ္တဝါမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက “သတ္တဝါအားလုံးဟာ အစာအာဟာရအပေါ်မှာ မှီခိုနေရတာ (သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ)” လို့ ဟောထားပါတယ်။ စားတယ် ဆိုတာ အသက်ရှင်ဖို့ပါပဲ။


ဗုဒ္ဓဘာသာမပေါ်ထွန်းမီမှာ အစားအသောက်ကို ခြိုးခြံချွေတာတဲ့အကျင့်ကနေ မကောင်းမှု အကုသိုလ်တွေကို ပယ်ရှားနိုင်တယ်၊ ဖြူစင်အောင် လုပ်နိုင်တယ်လို့ ယုံကြည် ကြတဲ့ ရဟန်း၊ ပုဏ္ဏားအချို့ ရှိခဲ့ကြပါတယ်။ သူတို့တွေဟာ အနည်းငယ်သော ထမင်း ဒါမှမဟုတ် အသီးအရွက်သက်သက်ကိုပဲ စားသောက်ကြပါတယ်။ မကြာခဏဆိုသလိုလည်း အစားအသောက် မစားဘဲ နေနိုင်ကြပါတယ်။ သူတို့တွေဟာ ဒီလို ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ခြင်း (အတ္တကိလမထာနုယောဂ)အကျင့်တစ်ခုဖြစ်တဲ့ အစားသောက်ခြိုးခြံခြင်းအကျင့်နဲ့ ဖြူစင်မှု၊ လွတ်မြောက်မှုကို ရနိုင်တယ်လို့ ယုံကြည် ကြပါတယ်။


မြတ်ဗုဒ္ဓက ပြောတယ်။ “အို ... ချစ်သား သာရိပုတ္တရာ။ အစာအာဟာရမှ တစ်ဆင့် ဖြူစင်မှုကို ရနိုင်တယ်လို့ (အာဟာရေနသုဒ္ဓိ)အယူရှိကြတဲ့ အချို့သော ရဟန်း ပုဏ္ဏားတွေ ရှိကြတယ်။ သူတို့က ခုလို ပြောကြတယ်၊ “ငါတို့က ဟင်းရွက်စိမ်းကို စားကြတာ၊ ပြောင်းဆန်ကိုပဲ စားကြတာ၊ သားရေအစအနကိုပဲ စားကြတာ၊ ဖွဲ .. နှမ်းမှုန့်ညက်ကိုပဲ စားကြတာ” (မဟာသီဟနာဒသုတ်) မြတ်ဗုဒ္ဓက အစာအာဟာရမှ တစ်ဆင့် ဖြူစင်မှု၊ လွတ်မြောက်မှုကို ရတယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်တယ်။


တချို့သော ဘာသာရေးခေါင်းဆောင်တွေက သက်သတ်လွတ်အကျင့်ဟာ ခေါင်းပါးတဲ့ အကျင့် (ခြိုးခြံချွေတာတဲ့အကျင့်)တစ်ခုဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့တွေဟာ ဒီသက်သတ်လွတ်အကျင့် ကို တင်းတင်းကြပ်ကြပ် ကျင့်သုံးကြတယ်။ ပြီးတော့ ဘဝတစ်လျှောက်လုံး အသား၊ ငါးစားခြင်းကို ရှောင်ကြဉ်ကြတယ်။ မြတ်စွာဘုရား ကတော့ အဲ့ဒီလူတွေကို “သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့အကျင့်ကို ကျင့်သုံးနေကြတဲ့သူတွေလို့” ပြောဆိုပါတယ်။ (အတ္တန္တပေါ၊ အတ္တပရိတာပနာနုယောဂ မနုယုတ္တော) မြတ်ဗုဒ္ဓက သက်သတ်လွတ် အကျင့်ကို သီလအကျင့်ဖြစ်တယ်လို့ မယူဆပါဘူး။ ဒီသက်သတ်လွတ် အကျင့်ဟာ မဂ္ဂင်ရှစ်ပါးထဲမှာပါဝင်တဲ့ သီလ လုံးဝမဟုတ်ပါဘူး။


မြတ်စွာဘုရားက သူ့ရဲ့တပည့်သားတွေကို ဓုတင်အကျင့် (ကိလေသာကို ခေါင်းပါးစေတဲ့အကျင့်) ကျင့်သုံးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမယ် လို့တော့ မပြောဘူး။ ဓုတင်္ဂဆိုတဲ့ ပါဠိစကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်က မကောင်းတဲ့ အကုသိုလ် အညစ်အကြေးတွေကို ဖျက်ဆီးပစ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ သက်သတ်လွတ်အကျင့်ကတော့ ဓုတင်အကျင့်တစ်ခု မဟုတ်ပါဘူး။ ဒါ့အပြင် ဆင်းရဲဒုက္ခရဲ့ချုပ်ငြိမ်း ဖို့အတွက် အရေးပါတဲ့အရာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် မြတ်ဗုဒ္ဓက သူ့တပည့်သာဝကတွေကို သက်သတ်လွတ်ဝါဒကို ကျင့်သုံးဖို့ မတိုက်တွန်းပါဘူး။ ဒါပေမဲ့ အစားအသောက် တွေကို သက်သတ်လွတ်ဝါဒကို ကို စားတဲ့နေရာမှာ သင့်တင့်လျောက်ပတ်စွာ စားဖို့တော့ တိုက်တွန်းထားပါတယ်။


မြတ်စွာဘုရားလက်ထက်အတွင်း လူတွေစားတဲ့အစားအသောက်တွေကို ပါဠိ စာပေတွေထဲ ကနေ ခြေရာခံနိုင်ပါတယ်။ ဝိနည်းပိဋကတ်၊ ပါစိတ်ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ အစားအစာတွေကတော့ (၅)မျိုး ရှိပါတယ်။ အဲ့ဒီငါးမျိုးကတော့ (၁) ထမင်း (ဩဒန)၊ (၂) မုယော (ကုမ္မာသ)၊ (၃) မုန့်လုံး (သတ္တု)၊ (၄) ငါး (မစ္စ)၊ အမဲသား (မံသ) တို့ပဲ ဖြစ်ပါတယ်။ ဒီအစားအစာ (၅)မျိုးကတော့ မြတ်စွာဘုရားလက်ထက်ကလူတွေ နေ့စဉ်ပုံမှန် စားနေကြတဲ့ အစားအစာတွေပဲ ဖြစ်ကြသလို ရဟန်း သံဃာတွေကို လောင်းလှူတဲ့ အစားအစာတွေလည်းပဲဖြစ်ကြပါတယ်။ ပါစိတ်ကျမ်းရဲ့ (၃၉)ခုမြောက် သိက္ခာပုဒ်မှာ အရသာရှိတဲ့ အစားအသောက် (၉)မျိုးကို ဖော်ပြထားပါ သေးတယ်။ အဲ့ဒါတွေကတော့ (၁) ထောပတ် (သပ္ပိ)၊ (၂) ဆီဦး (နဝနီတ)၊ (၃) ဆီ (တေလ)၊ (၄) ပျား (မဓု)၊ (၅) တင်လဲ (ဖာဏိတ)၊ (၆) ငါး (မစ္ဆ)၊ (၇) အမဲသား (မံသ)၊ (၈) နို့ရည် (ခီရ)၊ (၉) ဒဓိ (နို့ဓမ်း) တို့ပါပဲ။ ဒီအစားအစာ (၉)မျိုးကို ချမ်းသာတဲ့မိသားစုရဲ့ ထမင်းစားခန်းထဲမှာ တွေ့နိုင်ပါတယ်။ သူတို့တွေဟာ ရဟန်း တွေကိုလည်း ဒီအစားအစာတွေကို လှူဒါန်းကြပါတယ်။ လူတွေက သူတို့တွေရဲ့ဆန္ဒအရ ခုလိုအစားအစာတွေကို လှူလို့ရှိရင် _ ဗုဒ္ဓဘာသာ ရဟန်းတွေအနေနဲ့ လက်ခံလို့ (အလှူခံလို့) ရပါတယ်။ ဒါပေမဲ့ အကြောင်းထူးမရှိဘဲ (အထူးသဖြင့် ဖျားနာတဲ့အချိန်) လူတွေကို ဘာအစားအသောက်လှူပါ၊ ညာအစားသောက်လှူပါလို့ စေခိုင်းလျှင် ရဟန်း တွေမှာ အပြစ်ရှိပါတယ်။


ဆင်းရဲတဲ့မိသားစုရဲ့ မီးဖိုချောင်ထဲမှာ ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို တွေ့ရပါ လိမ့်မယ်။ ဒီအစားအစာက မြတ်စွာဘုရားလက်ထက်မှာတော့ အညံ့ဆုံးအစားအစာ ဖြစ်ပါလိမ့်မယ်။ ဒီအစားအစာကို ယေဘုယျအားဖြင့် ချမ်းသာတဲ့လူတွေရဲ့အိမ်မှာ အလုပ်သမားတွေ၊ အစေခံတွေကို ကျွေးလေ့ရှိကြပါတယ်။ မြတ်စွာဘုရားရဲ့ အဖေ ဘုရင် သုဒ္ဓေါဒနကတော့ ချမ်းလည်းချမ်းသာတယ်။ စေတနာသဒ္ဓါတရားလည်း ကောင်းတယ်။ သူက သူ့ရဲ့ အလုပ်အကျွေးတွေ၊ အစေခံတွေကို နေ့စဉ် သလေးဆန်နဲ့ အသားရော ထားတဲ့ထမင်း (ဒံပေါက်ထမင်း)ကို ကျွေးပါတယ်။ ဒီအကြောင်းကို မြတ်ဗုဒ္ဓက ခုလို ပြောပါတယ်။ “အို ... ရဟန်းတို့၊ အခြားသောအိမ်တွေမှာတော့ အလုပ်သမားတွေ၊ အစေခံတွေကို ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို ကျွေးလေ့ရှိကြတယ်။ ငါ့ရဲ့အဖေ ဘုရင် သုဒ္ဓေါဓနကတော့ သူ့ရဲ့ အလုပ်အကျွေးတွေ၊ အစေခံတွေကို သလေးဆန်နဲ့ အသားရောထားတဲ့ ထမင်း (ဒံပေါက်ထမင်း)ကို ကျွေးတယ်” (သုခုမာလသုတ်)


ဒါကြောင့် ကျွန်ုပ်တို့တစ်တွေ..မြတ်စွာဘုရားလက်ထက်ကလူတွေ ပုံမှန် စားသောက်ကြတဲ့ ငါးတွေ၊ အသားတွေကို သိရပါမယ်။ မြတ်စွာဘုရားနဲ့ သူ့ရဲ့ တပည့် သံဃာတွေဟာ ဆွမ်းခံစားတဲ့အပေါ်မှာပဲ မှီခိုနေရတာပါ။ ဆိုတော့ မြတ်စွာဘုရား ကိုယ်တိုင် အသားငါးစားပါတယ်။ သူ့ရဲ့တပည့်သာဝကတွေကိုလည်း အဲ့လို စားဖို့ ခွင့်ပြုပါတယ်။ ဒါပေမဲ့ အဲ့ဒီအသားငါးဟာ ကိုယ့်အတွက် အထူးပြင်ဆင်ထားတာ မဟုတ်ဖို့တော့ လိုတာပေါ့။


မြတ်စွာဘုရားရဲ့ သပိတ်တော်ထဲမှာ အသားဟင်း၊ ငါးဟင်းအချို့ကို ကျွန်ုပ်တို့တွေ တွေ့နိုင်ပါတယ်။ ဒါကို သက်သေပြဖို့ ပါဠိစာပေထဲမှာ အထောက်အထားတွေ အချို့ရှိပါတယ်။


တစ်ခါတုန်းက ဝေသာလီပြည်မှာနေတဲ့ ဥဂ္ဂလို့ခေါ်တဲ့ မြတ်စွာဘုရားရဲ့ တပည့်တစ်ယောက် ဟာ သူ့ရဲ့အိမ်မှာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းကပ် ပါတယ်။ အဲ့ဒီဆွမ်းကပ်မှာ ဆွမ်းနဲ့ဆွမ်းဟင်းတွေရယ်၊အမျိုးမျိုးသော စားသောက်ဖွယ်တွေကို သေသေချာချာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ ဥဂ္ဂ ဒကာက လျှောက်တယ်။ “မြတ်စွာဘုရား ..ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းက တအား အရသာရှိပါတယ်။ ဘုရားတပည့်တော်ကို သနားသောအားဖြင့် လက်ခံတော်မူပါ ဘုရား”။ မြတ်စွာဘုရား ကလည်း လက်ခံတော်မူပါတယ်။ (မနာပဒါယီသုတ်)


နောက်တစ်ခါ “တစ်ခါတုန်းကလည်း ဓားပြအဖွဲ့တစ်ဖွဲ့ဟာ ဇေတဝန် ကျောင်းတိုက်အနီးက တောကြီးထဲမှာ အသားအတွက် နွားတစ်ကောင်ကို သတ်ကြတယ်။ အဲ့ဒီအချိန်မှာ အဲ့တောထဲက သစ်ပင်တစ်ပင်ရဲ့အောက်မှာ ဥပ္ပလဝဏ် ရဟန္တာ မထေရ်မဟာလည်း ဖလသမာပတ်ဝင်စားနေတယ်။ ဓားပြခေါင်းဆောင်က မထေရ်မ ထိုင်နေတာကို မြင်တော့ သူ့ရဲ့တပည့်တွေကို မထေရ်မ အနီးအနားကနေ မသွားဖို့၊ အခြားလမ်းကနေသွားဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ အမဲသားထုပ်တစ်ထုပ်ကို မထေရ်မအတွက် ရည်စူးပြီးတော့ သစ်ကိုင်းတစ်ကိုင်းမှာ ချိတ်ထားခဲ့တယ်။ မသွားခင် ဒီအမဲသားထုပ်ကို တွေ့တဲ့လူ ယူပါ။ လှူဒါန်းပါတယ်ဆိုပြီး ပြောဆိုသွားပါတယ်။ မထေရ်မလည်း ဖလသမာပတ်ကနေထပြီးတော့ ပြန်မယ်လုပ်တဲ့အခါမှာ အမဲသား ထုပ်ကို တွေ့ပြီး ယူသွားလိုက်ပါတယ်။ နောက်နေ့ရောက်တဲ့အခါမှာ အမဲသားကို မြတ်ဗုဒ္ဓကို ဆက်ကပ်လိုက်ပါတယ်။ (စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်၊ နိဿဂ္ဂိယပါ စိတ္တိယ)


တစ်ခါကလည်း မြတ်စွာဘုရားဟာ သူ့ရဲ့နောက်ဆုံးနေ့မှာ ကုသိနာရုံကို သွားပါတယ်။ လမ်းမှာ ပန်းထိမ်သည်သားစုန္ဒက မြတ်ဗုဒ္ဓကို သူကရမဒ္ဒဝလို့ခေါ်တဲ့ ဝက်ပျို သားဟင်းနဲ့ ကပ်ပါတယ်။ ဒီဝက်သားဟာ အလွန်နူးညံ့ပြီး အာဟာရအလွန် ပြည့်ဝ ပါတယ်။ ပညာရှင်တွေရဲ့ အလိုအားဖြင့် သူကရမဒ္ဒဝဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပေမဲ့ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဃောသကကတော့ အထက်ပါ ၀က်ပျိုသားဆိုတဲ့ အဓိပ္ပာယ်ကိုပဲ လက်ခံထားပါတယ်။ (မဟာပရိနိဗ္ဗာနသုတ်)


အရှင်ဗုဒ္ဓဃောသက က သူ့ရဲ့ကျမ်းစာအုပ်ထဲမှာ သူကရမဒ္ဒဝနှင့်ပတ်သက်ပြီး တော့ အခြားသော ပညာရှင်တွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖော်ပြထားပါတယ်။ အချို့သောဆရာတွေ က သူကရမဒ္ဒဝဆိုတာ နွားနို့ ဒါမှမဟုတ် နို့ထမင်းလို့ ဆိုကြတယ်။ အချို့ကတော့ အဲ့ဒါ အားဆေးတစ်မျိုးလို့ ဆိုကြတယ်။ (မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကတာ) အချို့သော သက်သတ်လွတ် ဝါဒကို ယုံကြည်ကြတဲ့ ပညာရှင်တွေက သူကရမဒ္ဒဝဆိုတာ မှိုတစ်မျိုးလို့ ဆိုပြန်ပါသေးတယ်။ 


မြတ်စွာဘုရားရဲ့ သပိတ်တော်ထဲနဲ့ သူ့ရဲ့တပည့်သံဃာတွေရဲ့ သပိတ်တော်ထဲမှာ အသားဟင်းတွေကို တွေ့ရသော်ငြားလည်းပဲ ရဟန်းတွေ မစားအပ်တဲ့ မစား ကောင်းတဲ့ အသားကြီး (၁၀)မျိုးကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ (၁၀)မျိုးကတော့ (၁)လူအသား (မနုဿမံသ)၊ (၂) ဆင်သား (ဟတ္တိမံသ)၊ (၃) မြင်းသား (အဿမံသ)၊ (၄) ခွေးသား (သုနခမံသ)၊ (၅) မြွေသား(အဟိမံသ)၊             (၆) ခြင်္သေ့သား (သီဟမံသ)၊ (ရ) ကျားသား (ဗျဂ္ဃမံသ)၊ (၈) (ကျား) သစ်သား (ဒီပီမံသ)၊ (၉) ဝံသား (အစ္ဆမံသ)၊ (၁ဝ) အောင်းသား(ဝါ) ခွေးအ,သား(ဝါ) ဝံပုလွေသား (တရစ္ဆမံသ)တို့ပဲ ဖြစ်ပါတယ်။ (ဝိနယပိဋကတ်၊ မဟာဝါကျမ်း)။ ဗုဒ္ဓဘာသာရဟန်းတော်တွေ ဒီအသားကြီး (၁၀)မျိုးကို စားခြင်းကနေ ရှောင်ကြဉ်ရတဲ့ အကြောင်းတွေ ရှိပါတယ်။ အဲ့ဒီအကြောင်းတရားတွေကို ဝိနည်းအဋ္ဌကထာကျမ်းမှာ အခုလို အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။ လူအသားဟာ ဇာတ်တူသား ဖြစ်တဲ့အတွက် မစားသင့်ဘူး။ ဆင်နဲ့မြင်းအသားကတော့ ဘုရင် ပိုင်ဆိုင်တဲ့ဥစ္စာဖြစ်တဲ့ အတွက်ကြောင့် မစားသင့်ဘူး။ ခွေးသားနဲ့ မြွေသားကတော့ ရွံရှာစရာကောင်းတဲ့အတွက် မစားသင့်ဘူး။ ခြင်္သေ့သား၊ ကျားသားအစရှိတဲ့ အသား တွေကတော့ အန္တရာယ်ဖြစ်စေတဲ့အတွက် မစားသင့်ဘူး။ ဒီအသားကြီး(၁ဝ)မျိုးနှင့် ပတ်သက်ပြီးတော့ စိတ်ဝင်စားဖွယ်ရာ ပုံဝတ္ထုတွေ၊ ဇာတ်လမ်းတွေကို ဝိနည်းပိဋကတ်၊ မဟာဝါကျမ်းမှာ ဖော်ပြထားပါတယ်။


လူအသား

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဗာရာဏသီပြည်ရဲ့အနီး ဣသိပတန မိဂဒါဝုန်မှာ သီတင်းသုံးနေတော်မူပါတယ်။ သုပ္ပိယာလို့ခေါ်တဲ့ သဒ္ဓါတရားကောင်းတဲ့ ဒါယိကာမတစ်ယောက်က မကျန်းမမာဖြစ်နေတဲ့ ရဟန်းတော်တစ်ပါးကို အသား စွပ်ပြုတ်လှူမယ်လို့ ကတိပေးထားခဲ့မိတယ်။ ကံဆိုးစွာနဲ့ပဲ အဲ့ဒီနေ့က အသားမသတ် ရတဲ့နေ့(ဥပုသ်နေ့) ဖြစ်နေတဲ့အတွက် မည်သည့်အသားမှ ဈေးထဲမှာရှာလို့မရဘဲ အသားစွပ်ပြုတ်လည်း ချက်လို့မရဘူး ဖြစ်သွားတယ်။ အဲ့ဒီအခါမှာ သုပ္ပိယာဒါယိကာမ က စဉ်းစားတယ်။ “ငါမထေရ်ကို အသားစွပ်ပြုတ်လှူမယ်လို့ ကတိပေးထားတာ။ ဒါပေမဲ့ ဒီနေ့ ဈေးထဲမှာ ဘာအသားမှ မရဘူး။ တကယ်လို့ ငါသာ ဒီနေ့ ဖျားနာနေတဲ့ ရဟန်းတော်အတွက် အသားစွပ်ပြုတ်မပို့နိုင်ဘူးဆိုရင် သူပျံတော်မူချင်မူလိမ့်မယ်။ သူ့ရဲ့ရောဂါက ပိုဆိုးချင် ပိုဆိုးနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ ရဟန်းတော်အတွက် အသားစွပ်ပြုတ်လှူကိုလှူမှ ရမယ်”

 ပြီးတော့ သူမရဲ့အိပ်ခန်းထဲဝင်ပြီး ဓားနဲ့ သူမရဲ့ပေါင်က အသားတစ်စကို လှီးထုတ်လိုက်တယ်။ အဲ့ဒီမှာ သူမရဲ့ ယောက်ျားက အံ့သြစွာ အော်လိုက်တယ်။ အံ့ဩစရာ ကောင်းလေစွ၊ သူမက တော်တော် သဒ္ဓါတရားကောင်းလိုက်လေခြင်း။ သူမရဲ့အသား ကိုတောင် ပေးလှူနိုင်သေးတယ်ဆိုလျှင် သူမ မလှူနိုင်တဲ့ မည်သည့်အရာမှ ရှိမှာမဟုတ်တော့ဘူး။


နောက်နေ့ရောက်တော့ ဒါယိကာမရဲ့ယောက်ျားဖြစ်သူရဲ့ ပင့်ဖိတ်မှုကြောင့် မြတ်ဗုဒ္ဓဟာ သုပ္ပိယာဒါယိကာမရဲ့ အိမ်ကို ကြွလာခဲ့တယ်။ အိမ်ရောက်တော့ မြတ်ဗုဒ္ဓက သုပ္ပိယာ ဘယ်မှာလဲဆိုတာကို စုံစမ်းမေးမြန်းတယ်။ ဒါယကာရဲ့ အလုံးစုံလျှောက်ထားမှုကြောင့် မြတ်ဗုဒ္ဓ အကြောင်းစုံသိကာ သုပ္ပိယာဒါယိကာမကို သူ့ရှေ့တော်မှောက်ကို လာရန် ခေါ်ခိုင်းတယ်။ ချက်ချင်းပဲ သူမရောက်လာတယ်။ သူမ မြတ်ဗုဒ္ဓကို မြင်မြင်ချင်းပဲ သူမရဲ့ပေါင်က ဒဏ်ရာဟာ ပင်ကိုအတိုင်း ပျောက်ကင်းသွားတယ်။ သူမလည်း အံ့ဩသွားပြီး ပျော်ရွှင်သွားတယ်။ ပြီးတော့ မြတ်ဗုဒ္ဓကို ရိုရိုသေသေ ရှိခိုးကန်တော့လိုက် ပါတယ်။


မကျန်းမမာဖြစ်နေတဲ့ ရဟန်းကိုတော့ မစုံစမ်းမမေးမြန်းဘဲ လူသားစွပ်ပြုတ်ကို အလှူခံတဲ့အတွက် ကဲ့ရဲ့ပြစ်တင်ပါတယ်။ ပြီးတော့ သူ့ရဲ့တပည့်သံဃာတွေကို ဆုံးမ ဩဝါဒပေးပြီး ဝိနည်းသိက္ခာပုဒ်တစ်ခုကို ပညတ်တော်မူတယ်။ “ရဟန်းတို့ သဒ္ဓါတရားအလွန်ကောင်းတဲ့ လူ ဒါယကာ၊ ဒါယိကာမတွေ ရှိကြတယ်။ သူတို့တွေဟာ သူတို့တွေရဲ့ အသားကိုတောင် လှူဒါန်းရဲကြတယ်။ အို...ရဟန်းတို့...လူအသားကို မစားကြနဲ့။ လူသားစားတဲ့ ရဟန်း ထုလ္လစ္စည်းအာပတ်သင့်စေ”။ အဲ့ဒီနောက် ရဟန်း တွေကို ကြိုတင်စုံစမ်းခြင်းမရှိဘဲ အသားတွေကို မစားဖို့ တိုက်တွန်း သြဝါဒပေးတော်မူတယ်။ ...


ဆင်သားနဲ့မြင်းသား

ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အစားအစာခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရ ကပ်ကြီးတစ်ခု ဆိုက်ရောက်ပါတယ်။ တစ်နေ့ မင်းကြီးရဲ့ ဆင်တွေ၊ မြင်းတွေ ရုတ်တရက် သေဆုံးကြတဲ့အခါမှာ လူတွေက အဲ့ဒီအသားတွေကို စားကြတယ်။ ရဟန်းတွေ ဆွမ်းခံ လာတဲ့အခါမှာလည်း ရဟန်းတွေကို အဲ့ဒီဆင်သား၊ မြင်းသားတွေကို ပေးလှူကြလို့ ရဟန်းတွေလည်း စားကြတယ်။ ရဟန်းတွေ ဆင်သား၊ မြင်းသားကို ဘုဉ်းပေးကြတာကို မြင်ကြတဲ့လူအချို့က ရဟန်းတွေကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ “ဆင်တွေ၊ မြင်းတွေဆိုတာ မင်းရဲ့အင်္ဂါဖြစ်ကြတယ်။ တကယ်လို့ ရဟန်းတွေ ဆင်သား၊ မြင်းသားကို စားတယ်ဆိုတာ မင်းကြီးသိလျှင် ရဟန်းတွေကို မင်းကြီး စိတ်ဆိုးလိမ့်မယ်” လို့ လူတွေက ကဲ့ရဲ့ပြောဆို ကြတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက “ဆင်သား၊ မြင်းသားကို ရဟန်းတွေ မစားရ။ စားတဲ့ ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ’” လို့ ပညတ်တော်မူပါတယ်။


ခွေးသား

တစ်ခါတုန်းကလည်း အငတ်ဘေးဆိုက်တော့ လူတွေဟာ ခွေးသားကို စားကြ တယ်။ ဆွမ်းခံကြွလာတဲ့ ရဟန်းတွေကိုလည်း ခွေးသားကို လောင်းလှူကြတယ်။ ရဟန်းတွေကလည်း လောင်းလှူတဲ့ ခွေးသားကို ဘုဉ်းပေးသုံးဆောင်ကြတယ်။ ဒါကို သိသွားကြတဲ့လူတွေက ရဟန်းတွေကို “ဘုရားသားတော် ရဟန်းတွေ ဖြစ်ပြီး ခွေးသားကို စားကြတယ်။ ခွေးဆိုတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါပဲ ဖြစ်တယ်” ဟု ပြစ်တင်ဝေဖန်ပြီး မြတ်စွာဘုရားကို အကြောင်းစုံလျှောက်ထားကြတယ်။ မြတ်စွာဘုရား က “ရဟန်းတွေ ခွေးသား မစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ”လို့ ပညတ် တော်မူပါတယ်။


မြွေသား

အငတ်ဘေးဆိုက်ရောက်တဲ့အခါမှာပါပဲ။ လူတွေက မြွေသားကို ချက်စားကြပြီး ရဟန်းတွေကိုလည်း လောင်းလှူကြပါတယ်။ တချို့လူတွေက ရှေးကလိုပဲ ရဟန်းတွေကို ပြစ်တင်ကဲ့ရဲ့ကြတယ်။ မြတ်စွာဘုရားသိတဲ့အခါမှာ “ရဟန်းတွေ မြွေသားမစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ်အာပတ်သင့်စေ” လို့ ပညတ်တော်မူပြန်ပါတယ်။

ခြင်္သေ့သားစသည်

တစ်ခါက မုဆိုးတွေဟာ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား တွေကို သတ်ပြီးတော့ စားသုံးကြပါတယ်။ ရဟန်းတွေကိုလည်း လှူကြပါတယ်။ ဒီ အသားတွေ စားပြီးတော့ ရဟန်းတွေဟာ တရားအားထုတ်ဖို့ တောထဲကိုသွားပါတယ်။ သူတို့စားထားတဲ့ အသားတွေရဲ့ အနံ့ကိုရတော့ တောထဲမှာရှိတဲ့ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေက ရဟန်းတွေကို လိုက်ပါတယ်၊ နှောင့်ယှက်ပါတယ်။ မြတ်ဗုဒ္ဓ အကြောင်းစုံသိသွားတဲ့အခါမှာ ရှေးနည်းအတိုင်း “ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား စတာတွေကို မစားရ၊ စားတဲ့ရဟန်း ဒုက္ကဋ်အာပတ် သင့်စေ” လို့ မိန့်ယူရပါတယ်။


မြတ်ဗုဒ္ဓက အသားကြီး (၁ဝ)မျိုးကလွဲလို့ ကျန်တဲ့အသားတွေကို စားဖို့ ခွင့်ပြု ထားသော်လည်း အသားစားတဲ့နေရာမှာ ကန့်သတ်ချက်သုံးချက်ကို ထားထားပါ သေးတယ်။ “တကယ်လို့ ဘယ်ရဟန်းမဆို တိရစ္ဆာန်တစ်ကောင်ကောင်ကို မိမိအတွက် ရည်ရွယ်ပြီး သတ်ထားတယ်လို့ မြင်တယ်၊ ကြားတယ်၊ ယုံမှားသံသယဖြစ်တယ်ဆိုလျှင် အဲ့ဒီအသားကို အလှူမခံယူကောင်းဘူး”လို့ ကန့်သတ်ထားပါတယ်။ အဲ့ဒီလို မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း မရှိဘူးဆိုလျှင် အသားကို ခံယူသုံးဆောင်ကောင်းတယ်လို့ လက်ခံထားတဲ့ အတွက် မြတ်စွာဘုရားကိုယ်တိုင်ကော၊ ရဟန်းတွေပါ စားတာကို မရှောင်ကြဉ်ကြပါဘူး။ ဒါ့ကြောင့်လည်း အခြားသော ဘာသာရေးဆရာတွေ ခေါင်းဆောင်တွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို အမြဲတမ်းခံကြရပါတယ်။


တစ်ခါက သီဟလို့အမည်ရတဲ့ ဝဇ္ဇီစစ်သူကြီးဟာ ဗုဒ္ဓဘာသာထဲကို ဝင်ရောက် လာပါတယ်။ ပြီးတော့ မြတ်ဗုဒ္ဓနဲ့ သံဃာတွေကို သူ့အိမ်မှာ ဆွမ်းစားကြွဖို့ ပင့်ဖိတ်ပါ တယ်။ ဈေးထဲကို သွားပြီးတော့လည်း အသားငါးတွေဝယ်ပြီး ချက်ပြုတ်ထားပါတယ်။ နောက်နေ့ရောက်တော့ မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေ ဆွမ်း ခံယူပါတယ်။ ဒါကိုကြားတဲ့ နိဂဏ္ဍနာဋပုတ္တရဲ့ တပည့်ရဟန်းတွေက (ဂျိမ်းဘုန်းကြီးတွေက) မြတ်စွာဘုရားနဲ့ သီဟစစ်သူကြီးကို “သီဟသေနာပတိ ဟာ များစွာသော သတ္တဝါတွေကို သတ်ပြီး ရဟန်းကြီးဂေါတမကို ချက်ပြုတ်လှူဒါန်းတယ်။ ရဟန်းကြီး ဂေါတမကလည်း သူ့အတွက် သေသေချာချာရည်ရွယ်ပြီးတော့ သတ်ဖြတ်ချက်ပြုတ်ထား တဲ့ အသားကို ခံယူသုံးဆောင်တယ်” လို့ မှားမှားယွင်းယှင်း စွပ်စွဲကဲ့ရဲ့တယ်။ (သီဟသေနာပတိသုတ်)


ဂျိမ်းဘာသာရဲ့အလိုအရ အသားစားခြင်းဟာ အပြစ်ဖြစ်ပါတယ်။ သူတို့က ပြောကြပါတယ်။ အသားစားတဲ့လူတွေရဲ့ အကုသိုလ်ဟာ တိရစ္ဆာန်အသက်ကို သတ်တဲ့ လူရဲ့အကုသိုလ်ရဲ့ တစ်ဝက်ရှိပါတယ်။ အသားစားတဲ့သူရှိလို့ သတ်တဲ့သူရှိတာ။ တကယ် တော့ သီဟစစ်သူကြီးဟာ ဗုဒ္ဓဘာသာမဖြစ်ခင် နိဂဏ္ဍနာဋပုတ္တ (မဟာဝီရ)ရဲ့ အားကိုးရတဲ့ ဒါယကာတစ်ယောက် ဖြစ်ခဲ့ပါတယ်။


တစ်နေ့ သမားတော်ဇီဝကဟာ သူကြားလာတဲ့သတင်းကို မြတ်စွာဘုရားထံ လျှောက်ကြားပါတယ်။ “အရှင်ဘုရား . . . ရဟန်းဂေါတမကို လှူဖို့ တိရစ္ဆာန်တွေရဲ့ ... အသက်ကို သတ်ကြတယ်လို့ ပြောနေကြပါတယ်။ ရဟန်းဂေါတမကလည်း သူ့အတွက် ရည်ရွယ်ပြီးတော့ သတ်ဖြတ်ချက်ပြုတ် ထားတဲ့ အသားဟင်းတွေကို သိသိကြီးနဲ့ ခံယူ သုံးဆောင်တယ်တဲ့။ အရှင်ဘုရား . . သူတို့တွေ ပြောဆိုနေတာတွေက အမှန်တရား တွေလားဆိုတာကို တပည့်တော်သိပါရစေဘုရား” မြတ်စွာဘုရားက ဒီစကားကို ငြင်းဆိုပါတယ်။ “ဇီဝက ...မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယ ဖြစ်ခြင်းဆိုတဲ့ အကြောင်း သုံးပါးနှင့်ညီညွတ်လျှင် ရဟန်းတွေ အသားမစားရဘူးလို့ အစကတည်းက ငါကြေညာ ထားပြီးသားပါ။ အို . . ဇီဝက မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားရဲ့ တပည့်ကို လည်းကောင်း ရည်ညွှန်း၍ သတ္တဝါကို သတ်ဖြတ်ညှဉ်းဆဲတဲ့ မည်သူမဆို အကြောင်း ငါးပါးကြောင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေတယ်” 


(၁) “သွားကြလေကုန်၊ ဤမည်သော သတ္တဝါကို ဆောင်ယူခဲ့ကြကုန်” ဟု ဤသို့ပြောဆိုသော ရှေးဦးစွာသော အကြောင်းဖြင့်များစွာသော မကောင်းမှုကို ဖြစ်ပွား စေ၏။


(၂) “လည်ပင်း၌ ဖွဲ့ချည်၍ အဆောင်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ခံစားရခြင်း” ဟူသော ဤနှစ်ခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။


(၃) “သွားကြကုန်၊ဤသတ္တဝါကို သတ်ခဲ့ကြလေကုန်" ဟု ဤသို့ ပြောဆိုသော ဤသုံးခုမြောက်သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ 


(၄) “အသတ်ခံရသော သတ္တဝါ၏ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ခံစားရခြင်း” ဟူသော ဤလေးခုမြောက် သော အကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။


(၅) “မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်ကို လည်းကောင်း၊ မအပ်စပ်သော အသားမျိုးဖြင့် လှူခြင်းကြောင့် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တပည့်သာဝကတွေ အရှိန်အစော်မဲ့စေခြင်း” ဟူသော ဤငါးခုမြောက် သောအကြောင်းဖြင့် များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ (ဇီဝကသုတ်) 


မြတ်ဗုဒ္ဓက “မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း’ ဆိုတဲ့ အကြောင်း သုံးပါးကင်းလျှင် အသားစားလို့ရတယ်လို့ မိန့်ကြားထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသားစားခြင်းဟာ တိရစ္ဆာန်အသက်ကို သတ်သလိုမျိုး အကုသိုလ် ဖြစ်တာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ အခြားသော ဘာသာရေးဆရာတွေ(အညတိတ္ထိယ) က အသားစားတဲ့သူတွေဟာ အကုသိုလ်အမွေကို ခံယူတဲ့သူတွေ ဖြစ်ကြတယ်လို့ ယုံကြည်ကြပါတယ်။ မြတ်ဗုဒ္ဓကတော့ ဒီအယူအဆ၊ ဒီအဆိုကို ငြင်းပယ်တော်မူပါတယ်။


တစ်ခါက မြတ်ဗုဒ္ဓကို အမြဲဆန့်ကျင်ဘက်လုပ်လေ့ရှိတဲ့ အရှင်ဒေဝဒတ်ဟာ မြတ်ဗုဒ္ဓကို တောင်းဆိုပါတယ်။ “အရှင်ဘုရား၊ ရဟန်းတွေကို အသက်ထက်ဆုံး ... အသားဟင်း၊ ငါးဟင်း မစားအောင် တားမြစ်ပါ။ တကယ်လို့ အသား၊ ငါးစားလျှင် စားတဲ့သူကို အပြစ်ဖြစ်တယ်လို့ မိန့်ပေးပါ” ဒါကို မြတ်စွာဘုရားက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ (ဝိနယပိဋကတ်၊ စူဠဝါကျမ်း)


အသားစားခြင်းနှင့် ပတ်သက်လျှင် အာမဂန္ဓသုတ်ဟာ တအားအရေးပါပါတယ်။ ဒီသုတ်ကို ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်၊ စူဠဝဂ်မှာ ဖော်ပြထားပါတယ်။ ဒီသုတ်ကို ပထမဦးစွာ ကဿပမြတ်စွာဘုရားဟောပါတယ်။ နောက်တော့ ဂေါတမ မြတ်စွာဘုရားက ပြန်လည်ပြီးတော့ ပြောပြပါတယ်။ 


တစ်ခါက သက်သတ်လွတ်ကျင့်တဲ့ ရသေ့တစ်ပါးဟာ (ကဿပ) မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ‘အာမဂန္ဓ’ ကို စားမစား မေးမြန်းစုံစမ်းပါတယ်။ မြတ်စွာဘုရားက သူ့ကို 'အာမဂန္ဓဆိုတာ ဘာလဲ’ လို့ ပြန်မေးပါတယ်။ 'အာမဂန္ဓဆိုတာ အသားကို ပြောတာပါ' လို့ ပြန်ဖြေပါတယ်။ အာမဂန္ဓရဲ့ တိုက်ရိုက် အဓိပ္ပာယ်က “အသားရဲ့အနံ့” ဖြစ်ပါတယ်။ သူ့မှာ မနှစ်မြို့စရာ၊ အော်ဂလီဆန်စရာ(စိမ်းညှိ ညီစို့စို့အနံ့၊ အညှီအဟောက်) အနက်အဓိပ္ပာယ်ထွက် ပါတယ်။ ဒါကြောင့် ရသေ့ဟာ အသားဆိုတဲ့စကားလုံးအစား အာမဂန္ဓဆိုတဲ့ စကားလုံးကို သုံးလိုက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ မြတ်စွာဘုရားက ရသေ့ကို “အသားဆိုတာ အာမဂန္ဓအစစ်(အညှီအဟောက် အစစ်) မဟုတ်၊ မကောင်းမှုအကုသိုလ်တွေကမှ တကယ့်အာမဂန္ဓီ အစစ်ဖြစ်တယ်' ဆိုတာကို ရှင်းပြလိုက်ပါတယ်။ မြတ်စွာဘုရားက ရသေ့ကို ခုလိုပြောပါတယ်….။


(၁) “သူ့အသက်ကို သတ်ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်း၊ လက်ခြေစသည်ကို ဖြတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ ခိုးယူခြင်း၊ မမှန်စကားဆိုခြင်း၊ စဉ်းလဲခြင်း၊ လှည့်ပတ်ခြင်း၊ အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း၊ သူတစ်ပါးသားမယားကို ပေါင်းဖော် မှီဝဲခြင်း ဤသည်ကား အာမဂန္ဓ (အညှီအဟောက်) တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက်မဟုတ်”


(၂) ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏။ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကို မှီကုန်၏။ နတ္ထိက ဝါဒ အယူရှိ ကုန်၏။ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏။ သိစေနိုင်ခဲ ကုန်၏။ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှု စသည်ပင် အညှီအဟောက်တည်း၊ အသားတည်း ဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၃) အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏။ ကြမ်းတမ်းကုန်၏။ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏။ သနားခြင်း ကင်းကုန်၏။ အလွန်မာန်ကြီးကုန်၏။ မပေးတတ်သော အလေ့ရှိကုန်၏။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၄) အမျက်ထွက်ခြင်း၊ မာန်ယစ်ခြင်း၊ခက်ထန်ခြင်း၊ ဆန့်ကျင်ဘက် ပြုလုပ်ခြင်း၊ လှည့်ပတ်ခြင်း၊ ငြူစူခြင်း၊ ဝါကြွားပလွှား၍ ပြောဆိုခြင်း၊ အလွန်မာန်မူခြင်း၊ သူယုတ်မာတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်း၊ ဤသည်ပင် အညှီအဟောက်တည်း။ တည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ အသား


(၅) ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန် ၏။ ကြွေးမြီကို ယူ၍မပေးဆပ်၊ ဖျက်ဆီးတတ်သည့်ပြင် ကုန်းချောတတ်ကုန်၏။ ဤလောက၌ တံစိုးစားကာ ကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏။ အမိအဘစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၆) ဤလောက၌ အကြင်သူသည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့်စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကိုယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏။ သီလမရှိကုန်၊ ကြမ်တမ်းသောအမှုရှိကုန်၏။ ကြမ်းသော စကားရှိကုန်၏။ ရိုသေခြင်း ကင်းကုန်၏။ ထိုသူတို့၏ မစောင့်စည်းခြင်း စသည်ပင် အညှီအဟောက် တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


(၇) အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏။ မုန်းတီးဆန့်ကျင်ကုန်၏။ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏။ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လ ပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏။ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏။ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။


ဗုဒ္ဓဘာသာရဲ့အလိုအရ အကုသိုလ်ကိလေသာတရားတွေကို ဖြူစင်အောင် လုပ်ခြင်းဟာ သံသရာဝဋ်ဆင်းရဲကနေ ထွက်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန် အရမ်းအရေးကြီးပါတယ်။ တစ်စုံတစ်ယောက်ဟာ ကိုယ့်စိတ်ကို ဖြူစင်သန့်ရှင်းအောင် ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ စိတ်သန္တာန်မှာ ကောင်းတာတွေကို မွေးမြူပေးခြင်းဖြင့်သာလျှင် စိတ်ဖြူစင်မှုကို ရရှိပါတယ်။ ဖြူစင်သန့်ရှင်းဖို့အတွက် ကိုယ့်ရဲ့ သန္တာန်မှာ သီလ၊ သမာဓိ၊ ပညာတရားတွေကို ပြုစုပျိုးထောင် ရပါမယ်။ သီလ၊ သမာဓိ၊ ပညာမှ တစ်ဆင့်သာလျှင် စိတ်ရဲ့ဖြူစင်သန့်ရှင်းမှုကို ရရှိနိုင်စွမ်း ရှိပါတယ်။ အသားစားခြင်း၊ သက်သတ်လွတ်စားခြင်းဖြင့် ဖြူစင်မှု၊ ညစ်နွမ်းမှုကို ရရှိစေမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရားက သူ့ရဲ့သာဝကတွေကို သက်သတ်လွတ်သမားဖြစ်ဖို့ မဖြစ်ဖို့ မတိုက်တွန်းပါဘူး။ ဒါပေမဲ့ အစားအစာကို စားတဲ့နေရာမှာတော့ မျှတဖို့၊ အတိုင်းအရှည်ကို သိဖို့ (ဘောဇန မတ္တညုတ) ကိုတော့ တိုက်တွန်းပါတယ်။ အသားပဲ စားစား၊ ဟင်းသီးဟင်းရွက်ကိုပဲ စားစား ဘာကိုပဲစားစား အစားအစာမှာတပ်မက်တဲ့ ရသတဏှာကို ထိန်းချုပ်ရပါမယ်။


ရသတဏှာကို အာဟာရကို စက်ဆုပ်ရွံရှာဖွယ်ဟု မှတ်ထင်သောသညာ (အာဟာရပဋိကူလသညာ) မှတစ်ဆင့် ဒါမှမဟုတ် ပစ္စဝေက္ခဏာဆင်ခြင်ခြင်းဖြင့်သာ ပယ်သတ် နိုင်ပါတယ်။ ရဟန်းတစ်ပါးဟာ အစာအာဟာရကို ခန္ဓာကိုယ်လှပဖို့၊ မာန်တက် ကြွဖို့ ... စသည်ဖြင့် မသုံးဆောင်သင့်ပါဘူး။ (ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း...ဆောင်ပုဒ်အတိုင်းသာ) (အင်္ဂုတ္တရနိကာယ်၊ အပဏ္ဏကသုတ်)


 သံယုတ္တနိကာယ်၊ ပုတ္တမံသူပမသုတ်မှာ မြတ်ဗုဒ္ဓက ကဗဠီကာရာဟာရ (အလုပ်အကျွေးကို ပြု၍ မျိုအပ်၊ စားအပ်သော အစားအစာ)ကို ကိုယ့်ရဲ့သား အရင်း၏အသား နှိုင်းယှဉ်ပြထားတယ်။ ဒီနေရာမှာ ထမင်းဟင်းစသည် (အသီးအရွက်ဖြစ်စေ၊ ဖြစ်စေ)ကို ကဗဠိကာရ အာဟာရလို့ မှတ်ရပါမယ်။ မြတ်စွာဘုရားက ပြောတယ်။ “ဥပမာသော်ကား လင်မယားနှစ်ယောက်ဟာ ရိက္ခာနည်းနည်းလေးယူပြီး သွားလာ ရခက်ခဲတဲ့ခရီးကို သွားကြတယ်။ သူတို့မှာ အလွန်ချစ်စရာ ကောင်းတဲ့ သားအရင်း ကလေးလည်းပါတယ်။ လမ်းမှာ သူတို့ယူလာတဲ့ စားနပ်ရိက္ခာက ကုန်သွားတဲ့အတွက် ရှေ့ဆက်ပြီးတော့ ခရီးကြမ်းကြီးကို ဖြတ်ကျော်ဖို့လည်း လိုသေးတယ်။ မဖြတ်ကျော်နိုင်ရင်လည်း သေဆုံးကြမယ်။ လင်မယားနှစ်ယောက်မှာ အခုလို အကြံပေါ်လာတယ်။ “ငါတို့မှာ ရိက္ခာလည်းကုန်ပြီ၊ ဖြတ်ကျော်ရမည့် ခရီးကြမ်းကြမ်းကလည်း ရှိသေးတယ်။ တကယ်လို့ ငါတို့ချစ်ခင်နှစ်သက်ရတဲ့ သားလေးကိုသတ်ပြီး အသားညှင်း၊ အသားတုံး ပြုပြီး သားလေးရဲ့အသားကိုစားကြမည်ဆိုလျှင် ကျန်ရှိနေသေးတဲ့ ခရီးကြမ်းကို ဖြတ်ကျော်နိုင်လိမ့်မယ်။ ဒါ့ကြောင့် သုံးယောက်လုံးတော့ အသေအပျောက်မခံဘူး။ ပြီးတော့ သားငယ်လေးကိုသတ်ပြီး စားလည်းစား၊ ကျန်တဲ့အသားတွေကို အသားညှဉ်း အသားတုံးပြုကာ ကျန်တဲ့ခရီးကို အခက်အခဲမရှိ ဆက်သွားနိုင်ခဲ့ကြတယ်။ “ရဟန်းတို့ ... သင်တို့ ဘယ်လိုထင်ကြသလဲ။ လင်မယားနှစ်ယောက်ဟာ မြူးထူးခြင်းငှာ အာဟာရ ကို သုံးဆောင်ကြသလော၊ မာန်ယစ်ခြင်းငှာ သုံးဆောင်ကြသလော၊ တန်ဆာဆင်ခြင်းငှာ သုံးဆောင်ကြသလော၊ ခန္ဓာကိုယ်လှပဖို့ရန် သုံးဆောင်ကြသလော”၊ “အရှင်ဘုရား မဟုတ်ပါ။ သူတို့ဟာ ခရီးခဲကို ကူးမြောက်နိုင်ရုံသာ အာဟာရကို သုံးဆောင်ကြကုန် တာပါ” ဒီပုတ္တမံသူပမ သုတ်နှင့်အညီ သင်တို့လည်း အစာအာဟာရကို စားသည်ရှိသော် အစာအာဟာရမှာ တပ်မက်နှစ်သက်နေတဲ့ ရသတဏှာကို ပယ်သတ်နိုင်ကြလိမ့်မယ်။


ဒီနေရာမှာ အစာအာဟာရကို သစ္စာလေးပါးရှုထောင့်ကနေ ကြည့်ကြရအောင်။ ဗုဒ္ဓဘာသာရဲ့အလိုအရ အစာအာဟာရဟာ ရုပ်ဝတ္ထုဖြစ်တယ်။ သူက ရုပ်အစုအဖွဲ့ဖြစ်တဲ့ ရူပက္ခန္ဓာထဲမှာ ပါဝင်တယ်။ ရုပ်တရားဟာ ဆင်းရဲခြင်းရဲ့ အကြောင်းတရားပဲ။ ဒါ့ကြောင့် အစာအာဟာရဆိုတာ ဆင်းရဲခြင်းကို ဖြစ်စေပါတယ်။ သူက သိရမည့်တရားဖြစ်တယ်၊ ပယ်သတ် ရမည့် တရားမဟုတ်ဘူး။ ရသတဏှာကတော့ ဒုက္ခကိုဖြစ်စေတဲ့ အကြောင်းတရား (ဒုက္ခသမုဒယ) ဖြစ်ပါတယ်။ သူ့ကိုတော့ ပယ်သတ်ရပါမယ်။ ရသတဏှာကတော့ ချုပ်ငြိမ်းကြောင်းကတော့ ဒုက္ခရဲ့ ချုပ်ငြိမ်းရာပဲ ဖြစ်ပါတယ် (ဒုက္ခနိရောဓ)။ သူက ဆိုက်ရောက်ရမည့် တရားပေါ့။ အစာအာဟာရကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် ရှုမှတ်တဲ့ အမှတ်သညာကို ပွားများနေတာကတော့ ဒုက္ခချုပ်ငြိမ်းရာကို ဦးတည်စေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် (ဒုက္ခနိရောဓဂါမိနီပဋိပဒါ)။ သူကတော့ ပွားများရမည့် တရားပဲဖြစ်ပါတယ်။ (သိ၊ ပယ်၊ ဆိုက်၊ ပွား)


ဗုဒ္ဓဘာသာရဲ့အလိုအရ ဒုက္ခငြိမ်းဖို့ရာက အလွန်အရေးကြီးလှပါတယ်။ ဒုက္ခ ငြိမ်းဖို့အတွက် ကတော့ ရသတဏှာကို အပြီးသတ်ပယ်ခွာမှသာလျှင် ရမှာပါ။ ဒါ့ကြောင့် ဒုက္ခငြိမ်းဖို့အတွက် ရသတဏှာကို အမြစ်ပြတ်ပယ်သတ်ဖို့ ကြိုးစားအားထုတ်ရပါမယ်။ ဒုက္ခငြိမ်းတယ်ဆိုတာ နိဗ္ဗာန်ပါပဲ။ သင့်အနေနဲ့ သင့်ဆန္ဒအရ သက်သတ်လွတ်သမား ဖြစ်ချင်လည်းဖြစ် မဖြစ်ချင်လည်းနေ ဒါပေမဲ့ နေ့စဉ်စားသောက်နေတဲ့ အစာအာဟာရ တွေအပေါ်မှာ တွယ်တာတပ်မက်တဲ့ ရသတဏှာကို ပယ်ခွာဖို့တော့ ကြိုးစားရပါမယ်။ 

(ပါမောက္ခချုပ်ဆရာတော်)

Credit: Computer ဖြင့် ရေးသားပူဇော်သူ Zin Htet

Friday, August 19, 2022

ဟင်းလျာ သုံးပွဲ ချက်ကြမယ်

ဝက်သား ထားဝယ်ချက်




ဝက်သား ၅၀ ကျပ်သားကိုဆီ တဇွန်း ထည့်ပြီး

ထားဝယ်ချက် ချက်ဖြစ်ခဲ့တယ်။

ဝက်သား က ထွက်လာတဲ့ ဆီ နဲ့ ဆိုတော့

ဆီပြန်ဟင်း ဖြစ်သွားတယ်။

အိမ်ရှေ့ မှာ ကြွတဲ့ ဆွမ်းတန်းလောင်း

ကျန်တာလေး ကို နေ့လည် စာ စားပေါ့။


ချက်နည်းလေး ကတော့..


ဝက်သား ၅၀ ကျပ်သား

ကြက်သွန်နီ ၂၀၀ ဂရမ်

ကြက်သွန်ဖြူ ၈၀ ဂရမ်

ချင်း ၆၀ ဂရမ်

ငရုပ်သီး အကြမ်းဖတ် စာပွဲစားဇွန်း ၃ ဇွန်း

ငပိ စာပွဲစားဇွန်း တဇွန်း

မဆာလာ လဖက်ရည် ဇွန်း၂ ဇွန်း

မန်ကျည်းရည် စာပွဲစားဇွန်း ၄ ဇွန်း

ဆား လဖက်ရည် ဇွန်း တဝက်

အချိုမူန့် လဖက်ရည် ဇွန်းဝက်

ရေ ၈၀၀ ml


ချက်နည်း အဆင့် ဆင့်...


ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုပ်သီး ကို

ရောထောင်းပါ။

အိုးထဲ ဆီထည့်ပြီး ဆီပူရင် ထောင်းထားတဲ့ အနှစ် ကို ဆီသတ်ပါ။

ဆီလျော့ သုံး ထားတဲ့ အတွက် မကပ်အောင် မွှေပေးရပါ့မယ်။

ပြီးမှ ငပိ နဲ့ မဆလာ ထည့်ပါ။

ဝက်သားထည့်ပြီး မွှေပါ။

ဝက်သား အသားတင်းပြီး ရေခမ်းအောင် အရင် ချက်ပါ။

ပြီးမှ ရေထည့်ချက်ပါ။

အရသာ အတွက် ဆား အချိူမူန့် ထည့်ပြီးချက်ပါ။

မီးလျော့ အဖုံး အုပ် ပြီး ချက် ဖို့ လိုပါတယ်။

ထည့်ထားတဲ့ ရေ ခမ်း ရင် မန်ကျည်းရည် ထည့်ချက်ပါ။

ဝက်သားမနူးသေး ဘူး ဆိုရင်တော့ရေနွေး ထည့်ပြီး

ဆီပြန်အောင် ချက်ပါ။


(ဝက်သားဟင်း ကို ငပိ, မရမ်းပြား, မန်ကျည်းရည် ထည့် ချက် တဲ့ ဟင်း ကို မော်လမြိုင် ကျောင်းတက် စဉ်က သူငယ်ချင်း အိမ် မှာ စပြီး စားခဲ့ ဖူးတာ, ကျနော်တို့ ဒေသ မှာ ချက်တာနဲ့ ကွဲပြားပြီး အချဉ် ဓာတ်လေး ပါတော့ မအီတဲ့ အပြင် စားလို့ အလွန်ကောင်းပါတယ်)


ငါးသောက်ဆမ်း




ဟင်းတခွက် ထဲ နဲ့ စား လို့ရတဲ့ ဟင်းအမျိုးအစား

One Dish Meal ကပေါ်ပြူလာ ဖြစ်တဲ့ ဟင်းက

လာကြိုက် များ တယ်၊အချိန်ကုန်သက်သာ

ငွေကုန် သက်သာတယ်။


ခုလို ခေတ်ကာလ မှာ ချက်စား သင့် တဲ့ ဟင်း အမျိုး အစားလို့ ပြောရပါ့မယ်။

အိုးတအိုးထဲ မှာ ငါးနဲ့ ဟင်းသီး ဟင်းရွက်ကို

ရောချက်ထား လို့ဟင်းရွက် သီးသန့် မလို တော့ ပါဘူး။ဆီ လဲ မလို ပါဘူး ခင်ဗျာ။


ချက်နည်း ကတော့....


ငါးကြင်း,                  သန့်ရှင်းပြီး ချက်တုံး တုံးထားပါ

ဆား

နနွန်းမူန့်

ငရုပ်သီးစိမ်း+ကြက်သွန်ဖြူ, ငပိ ကို ရောပြီး မညက်တညက်ထောင်းပါ

စပါးလင်,                   ဓားပြားရိုက်ထားပါ

ကြက်သွန်နီ,                လေးစိတ် စိတ်ထားပါ

ခရမ်းချဉ်သီး,             လေးစိတ် စိတ်ပါ

ဂေါရခါးသီး/ဗူးသီး,   ပါးပါးလှီးပါ

ငံပြာရည်

ကြက်သားမူန့်/အချိုမူန့်

ရှမ်းနံနံ

ရေ


ချက်နည်း အဆင့်ဆင့်....


ငါးကို ဆား,နနွန်း.နယ်ထားပါ၊

အိုး ထဲကို ရေထည့်ပြီး တည် ထားပါ၊

ရေဆူရင် ထောင်းထားတဲ့ ငရုပ်သီးထည့်ပါ၊

စပါးလင်  ထည့် ပြီး တည်ထားပါ၊

ပြီးမှ ငါး, ကြက်သွန်နီ, ဗူးသီး,ငံပြာရည်,အရသာမူန့်ထည့်ပြီး ဆက်တည်ပါ။

စပြီး တည် ခါစမှာ အစိမ်း နံ့ ရနေလို့အနံ့မကောင်းဖူး ဆိုပြီး စိတ်မပျက်သွားပါနဲ့။

မီးလျော့ပြီး အဖုံးအုပ် တည်ထားပါ။


​ကြက်သွန်နဲ့ ဗူးသီး နူးစပြုရင် ခရမ်းချဉ်သီးထည့်ပြီး ဆက်တည်ပါ။

ဒီအချိန်မှာ အစိမ်းနံ့  ပျောက်သွားပြီးမွှေးနေပါပြီ။

နောက်ဆုံးမှာ ရှမ်းနံနံ ခပ်ပါ။


ချဥ်စပ် ငါး ပေါင်း




ဆီကုန် သက်သာ မယ်၊ဆီ တဇွန်း နဲ့ ချက် ပြီး

မိသားစု ၄-၅ ယောက် စားနိုင်တယ်။


ချက်နည်း ကတော့..


ကြိုက်နှစ်သက်ရာ ငါး တကောင်

ချင်းကြက်သွန်ဖြူရည် ၁ ဇွန်း

စပါးလင်                  ၁ ချောင်း, ဓားပြားရိုက်ထားပါ

ခရမ်းချဉ်သီး          ၂ လုံး, အတုံးသေးသေး တုံးထား

ခရမ်းချဉ်းသီးဆော့စ်  ၂ စာပွဲစားဇွန်း

ငရုပ်သီးစိမ်း            ၁၀ တတောင့်, နူတ်နူတ်စင်းထား

ချင်း                        လက်မတဆစ်, နူတ်နူတ်စင်းထား

ကြက်သွန်ဖြူ         ၃ မွှာ, နူတ်နူတ်စင်းထား

ကြက်သွန်နီ             ၁ ဥ, နူတ်နူတ်စင်းထား

နံနံပင်                      ၂ ပင်, ပါးပါးလှီးထား

ဆီ                           စာပွဲစားဇွန်း တဇွန်း

ပဲငံပြာရည်              ၁ စာပွဲစားဇွန်း

ငါးငံပြာရည်            ၁ လဖက်ရည်ဇွန်း

အချိူမူန့်/ကြက်သားမူန့် ၁ လဖက်ရည်ဇွန်း

ဆား                         အနည်းငယ်

ရှာလကာရည်          ၁ စာပွဲစားဇွန်း

ရေ                          ၃၀၀ ml

ကော်မူန့်                  အနည်းငယ်


သန့်ရှင်းထားတဲ့ ငါးကို ဓားရာ နှစ်ဖက်လုံး လှီးထားပါ။

ငါးအညှီနံ့ ပျောက် ရန်အတွက် ချင်းကြက်သွန်ဖြူရည် နဲ့ ငါးကို နယ်ပါ။

ချင်း ကြက်သွန်ဖြူ အဖတ်နဲ့ စပါးလင် ကို

ငါးဗိုက်ထဲ ထည့်ပါ။

ပြီးရင် ငါး ကို ပေါင်းအိုးနဲ့ ဆန့်မဲ့ ပန်းကန်ပြား

ထဲထည့်ပြီး ပေါင်းအိုးထဲ ထည့်ပါ။

ငါးသေးရင် ၁၀ မိနစ်, ငါးအကောင်ကြီးရင် ၁၂ မိနစ်ခန့်ပေါင်းပါ။

အချိန်မပြည့်မှီ အဖုံး မဖွင့်ပါနဲ။

အချိန်ပြည့်ရင် ငါးကို ပန်းကန်ပြား အကြီးထဲ ထည့်ထားပါ။


ချဉ်စပ် ဆော့ အတွက်

ဒယ်အိုးထဲ ကို ဆီထည့်ပါ။

ဆီပူရင် ချင်း ကြက်သွန်ဖြူ ထည့် ဆီသတ်ပါ၊

မွှေးလာရင် ကြက်သွန်နီ နဲ့ ငရုပ်သီးထည့်ပါ၊

ကြက်သွန်ပျော့လာရင် ခရမ်းချဉ်သီး ဆော့ထည့်ပြီး မွှေပါ။

ပြီးရင် ရေထည့်ပါ။

ရေဆူလာရင် ခရမျူခဉြျသီး, ပဲငံပြာရည်, ငါးငံပြာရည်၊ဆား အရသာမူန့်ထည့် ချက်ပါ။

ခရမ်းချဉ် သီး အတုံးလေးများ အိလာရင်

ရှာလကာရည်ထည့်ပါ။

ကျနော်ကတော့ သံပုရာအနံ့ လေး မွှေတာ ကြိုက်လို့

သံပုရာသီး တခြမ်း ညှစ်ပါတယ်ပြီးရင်

နံနံပင် ထည့်ပါ။

ဟင်း ရည် ပျစ်စေရန် ကော်မူန့်ကိုရေဖျော်ပြီးထည့်ပါ။

ပြီးရင် ငါးပေါင်းပေါ်မှာ လောင်းထည့်ပါ။

Chef 👨‍🍳 မြင့်ဦးသာ

Monday, August 8, 2022

ဧဟိပဿိကော

 ●───── ဧဟိပဿိကော ─────●




ဘာသာတရားနဲ့ပတ်သက်ရင် ကျနော့်ခေါင်းထဲ ဝင်လာတဲ့ အချက်အလက် တချို့ရှိပါတယ်။ ကိုးကွယ်ယုံကြည် ရာ ဘာသာတရား တစ်ခုဟာ အခြေခံအားဖြင့် ဘယ်လို နှုန်းစံတွေ ရှိသင့်သလဲ။ သာမန်လူတစ်ယောက်အတွက် ရိုးရိုးသာမန်ပဲ စဉ်းစားနိုင်တဲ့ အချက်လေးတွေ ရှိနေသင့်တယ်လို့ ကျနော် ယူဆတယ်။ ကျနော် စဉ်းစားမိတာ တချို့ကို ပြောချင်တယ်။ 


ဒီစဉ်းစားချက်တွေဟာ – မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာပေတွေကနေ ရတဲ့ သွန်သင်ချက် တွေကနေ အရင်းခံ တည်တယ်လို့ ဦးစွာ ဝန်ခံချင်ပါတယ်။ 


■ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေခွင့်။ ■ 


ဘာသာတရားတစ်ခုဟာ - အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့ ခွင့်ပြုပေးထားရမယ်။ ဘာသာတရား တစ်ခုဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေစူးစမ်းခွင့် မပေးဘဲနဲ့၊ ဒီဘာသာတရားထဲက ပြောထား၊ ဟောထား တဲ့ အရာတွေကမှ အမှန်။ ဒီအထဲက ရေးထားတာတွေမှ အမှန်။ ကျန်သောအရာတွေဟာ အမှားလို့ ဇွတ်အတင်း တိုက်တွန်းဖြန့်ချိ ဟောပြောရေးသားဆုံးမနေပြီဆိုရင်၊ ဒါဟာ တကယ် ကျနော် ကိုးကွယ်ရမယ့် ဘာသာတရား မဟုတ်သေးဘူး။ 


ဘာသာတရားဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေ ဆည်းပူးခွင့် ပေးထားရမယ်။ အဲသည့် ဘာသာတရားထဲမှာ ပါဝင်တဲ့ သွန်သင်ချက်နဲ့ အဆုံးအမတွေကိုလည်း လက်တွေ့ ကျင့်သုံးနိုင်ကြောင်း၊ လက်တွေ့ စမ်းသပ်လေ့လာနိုင်ကြောင်း စိန်ခေါ်ရဲတဲ့ ဧဟိပဿိကော - ဂုဏ်နဲ့ ပြည့်စုံရမယ်လို့ ကျနော် ယုံကြည်လက်ခံ ထားတယ်။ 


ကိုယ် ဟောပြောရေးသားဆုံးမသွန်သင်ထားတဲ့ အရာတွေနဲ့ပတ်သက်ရင် အမှန်တရားအတွက် အစမ်းသပ်မခံနိုင်တဲ့ ဘာသာရေးဟာ ဘယ်လိုလုပ် စစ်မှန်တဲ့ ဘာသာတရား ဖြစ်လိမ့်မလဲ။ ထိုနည်းလည်းကောင်းပဲ ၊ ဒီဘာသာတရားထဲက ဟောပြောသွန်သင်ဆုံးမချက်တွေကသာလျှင် အမှန် လို့ ယုံကြည်ရမယ်။ ဒါကို စောဒက မတက်နဲ့။ ထပ်ပြီး လွတ်လပ်စွာ ရှာဖွေ နေစရာ မလိုတော့ဘူးလို့ ပိတ်ပင်ကန့်သတ်ထားတဲ့ ဘာသာတရားဟာ ဘယ်လိုလုပ် စစ်မှန်တဲ့ ဘာသာတရားဖြစ်ပါတော့မလဲ။ တကယ် စစ်မှန်တဲ့ ဘာသာတရားဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေဆည်းပူးခွင့် ပေးထားရမယ်။ 


■ သဘာဝကျရမယ် - အကြောင်းအကျိုး ညီညွတ်ရမယ်။ ■


ဘာသာတရားထဲမှာ သွန်သင်လမ်းပြထားတဲ့ အဆုံးအမခံချက်တွေဟာ - သဘာဝကျရမယ်၊ အကြောင်းအကျိုး ညီညွတ်ရမယ်။ အကြောင်းအကျိုး ညီညွတ်စွာ လေ့လာဆန်းစစ်သုံးသပ်ခွင့်ကိုလည်း ပေးထားရမယ်။ 


သဘာဝ မကျတဲ့ အချက်တွေ၊ ယုတ္တိမတန်တဲ့အချက်တွေနဲ့ ကြောင်းကျိုးမညီတာတွေကို ဇွတ်အတင်း ရိုက်သွင်းနေတဲ့ ဘာသာရေးဟာ တကယ် စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူးလို့ ကျနော် ယူဆတယ်။ စစ်မှန်တဲ့ ဘာသာတရား ဟာ - အကြောင်း အကျိုးကို ဆက်စပ် သိမြင်နားလည်နိုင်အောင် အားပေးနိုင်ရမယ်။ သဘာဝမကျတာတွေနဲ့ မကိုက်ညီတာတွေကို ရဲဝံ့စွာ ပယ်ရှားဖို့ သတ္တိကို ပေးရမယ်။ ဒါမှ စစ်မှန်တဲ့ ဘာသာတရားဖြစ်မယ်။ 


တကယ် စစ်မှန်တဲ့ ဘာသာတရားဟာ သဘာဝကျ / မကျ ဆိုတာကို ပို၍ နက်နက်နဲနဲ သိမြင်နားလည်နိုင်အောင် လမ်းပြ နိုင်ရမယ်။ ထိုနည်းလည်းကောင်း - ကြောင်းကျိုးဆက်စပ်နားလည်နိုင်စွမ်းကို ကျယ်ပြန့်သထက် ကျယ်ပြန့် အောင် အားပေး ပံ့ပိုးတာမျိုး လုပ်နိုင်ရမယ်။ 


ကိုယ့်ရဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းကို ပိတ်ပင် ကန့်သတ်ပြီး သဘာဝမကျတာကို လေ့လာဆန်းစစ်ခွင့် မပေးတဲ့ ဘာသာရေးဟာ တကယ့် ဘာသာတရား မဟုတ်ဘူးလို့ ကျနော် ယူဆတယ်။ လူတစ်ယောက်ရဲ့ သိမြင်နားလည်မှုမှာ - ကိုယ့်အသိဉာဏ်နဲ့ တန်သလောက်သာ သိမယ် ဆိုတာ ရှိပေမယ့်၊ အသိဉာဏ်ကို ကန့်သတ်ထားတာမျိုး မဟုတ်ဘဲနဲ့ ပိုနက်နဲ၊ ပိုကျယ်ပြန့်တဲ့ အသိဉာဏ်အတွက် အမြဲတမ်း လမ်းဖွင့်ထားတာမျိုး ဖြစ်သင့်တယ်။ 


■ ကုသိုလ် / အကုသိုလ် ၊ ဓမ္မ / အဓမ္မကို ရှင်းလင်းပြတ်သားစွာ ခွဲခြားထားခြင်း။ ■ 


စစ်မှန်တဲ့ ဘာသာတရားမှန်ရင် ကုသိုလ် - အကုသိုလ် ၊ ဓမ္မ / အဓမ္မ နဲ့ တရားမှု / မတရားမှု ဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲခြားပြသရှင်းလင်းနိုင်ရမယ်။ ကောင်းမှုဆိုတာ ဘာလဲ၊ မကောင်းမှု ဆိုတာ ဘာလဲ၊ ကုသိုလ်ဆိုတာ ဘာလဲ၊ အကုသိုလ်ဆိုတာ ဘာလဲ— ဆိုတာကို ဂဃနဏ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား ခွဲခြမ်းထားတာ မဟုတ်ဘဲနဲ့ ၊ ဟိုလိုလို ဒီလိုလို မရှင်း မရှင်း ဝေ့လည်ကြောင်ပတ် လုပ်ထားရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


ဓမ္မဆိုတာ ဘာလဲ၊ အဓမ္မဆိုတာ ဘာလဲ — ဆိုတာကို ဂဃနဏ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲခြမ်းပြသထားတာ မရှိဘဲနဲ့၊ ဟိုလိုဆိုရင် တရားတာလိုလို၊ ဒီလိုဆိုရင် တရားတာလိုလိုနဲ့ ဓမ္မ - အဓမ္မမှုကို ရှင်းလင်းပြတ်သားစွာ ခွဲခြားပြသလမ်းညွှန်နိုင်ခြင်း မရှိတဲ့ ဘာသာ တရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


တရားမှုနဲ့ မတရားမှုမှာ - ကြားနေဆိုတာ မရှိဘူး။ ဘယ်သူ လုပ်ရင် တရားတယ်၊ ဘယ်သူ လုပ်ရင် တရားဘူးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ပုံစံကို လိုက်ပြီး တရားခြင်း မတရားခြင်းဆိုတာ ကို တံဆိပ်ခတ် သတ်မှတ်ရင်၊ အဲသည့် ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မဆိုတဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တိတိကျကျ လမ်းညွှန် သွန်သင်ပြနိုင်ရမယ်လို့ ကျနော် ယုံကြည်တယ်။ 


■ အမှီအခို ကင်းသထက် ကင်းအောင်။ ■ 


စစ်မှန်တဲ့ ဘာသာတရားမှန်ရင် - အမှီအခိုကင်းခြင်းကို လိုလားနှစ်သက် ထက်သန်ရပါလိမ့်မယ်။ အမှီအခိုလို့ ပြောတဲ့နေရာမှာ - ရုပ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်၊ စိတ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်၊ ငွေကြေးပိုင်းဆိုင်ရာ အမှီ အခို ရှိတယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်။ 


စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာမှာ တစ်နေ့ထက် တစ်နေ့ ပိုပြီး အမှီအခို ကင်းအောင် လုပ်ပေးနိုင်ရမယ်။ တစ်နေ့ထက် တစ်နေ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ကင်းမလာဘဲနဲ့ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး မှီခိုလာနေအောင် လုပ်တဲ့ ဘာသာရေးဟာ တကယ် စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ တစ်နေ့ထက် တစ်နေ့ အသိဉာဏ်ပိုင်းဆိုင်ရာ အမှီအခိုကင်းမလာဘဲနဲ့ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကိုယ့်အသိဉာဏ်ကို မလွတ်မလပ်အောင် လုပ်တဲ့ ဘာသာ ရေးဟာ တကယ်စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


စိတ်ပိုင်းဆိုင်ရာလို့ ပြောတဲ့နေရာမှာ - ခံစားမှုပိုင်းဆိုင်ရာ လည်း ပါဝင်တယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုဖိစီးအောင် လုပ်ပြီး ခံစားချက်တွေကို မလွတ်လပ်စေဘဲနဲ့ ချုပ် နှောင်ထားတာမျိုး၊ မှီတွယ်ထားတာမျိုး၊ တုပ်နှောင်ထားတာမျိုးကို ပိုပြီး လုပ်နေတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ဘာသာတရားဟာ ကိုယ့်အားကိုယ်ကိုးနိုင်အောင် လမ်းညွှန်သွန်သင်တာမဟုတ်ဘဲနဲ့ မှီခိုအောင် ၊ တခြားသောအရာတွေကို အားကိုးအောင် တွန်းအားပေးနေရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


■ စိတ်ဓာတ်ခွန်အားကြီးမြတ်အောင် လုပ်ပေးနိုင်ရမယ် ■ 


စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ဓာတ်ခွန်အားကြီးမြင့်သထက် ကြီးမြတ်အောင် လုပ်ပေးနိုင်ရမယ်။ ဒီနေရာမှာ စိတ်ဓာတ်ခွန်အား ကြီးမားတာကိုလည်း ညွှန်းသလို၊ မြင့်မြတ်တာကိုလည်း ညွှန်းပါတယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို တစ်နေ့တခြား သေးသိမ်အောင် လုပ်နေတယ်ဆိုရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရားမဟုတ်ဘူး။ တစ်နေ့ထက် တစ်နေ့ ကိုယ့်စိတ်ကို အားငယ်အောင် လုပ်ပေးနေရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ကိုယ့်ရဲ့စိတ် ကို မြင့်မြတ်မှုဆီကို ခေါ်ဆောင်သွားမှသာ စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်လို့ ယူဆနိုင်တယ်။ 


မြင့်မြတ်မှုဆို တာ – ဘာလဲဆိုတာကို ကောင်းကောင်း ရှင်းလင်းပြသနိုင်ရမယ်။ ကိုယ့်စိတ်ကို ယုတ်နိမ့်အောင်၊ သေးသိမ်အောင်၊ ကျဉ်းမြောင်းအောင် လုပ်နေတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ကိုယ့်စိတ်ကို တစ်နေ့ထက် တစ်နေ့ ပိုကျယ်ပြန့်အောင်၊ ပိုကြီးမြင့်အောင်၊ စိတ်ဓာတ်ခွန်အား ကြီးမား သန်မာ အောင် လုပ်ပေးမှသာ စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်။ 


အဲသည်လို လုပ်ပေးတဲ့နေရာမှာလည်း အကြောင်း အကျိုးညီညီ၊ သဘာဝကျကျ လုပ်ပေးတာမျိုးဖြစ်ရမယ်။ လိမ်တာ၊ မှိုင်းတိုက်တာ၊ ဝေ့ဝိုက်ပြီး အတင်း ယုံခိုင်း တာမျိုးတွေ မရှိရဘူး။ ဒါဟာ စစ်မှန်တဲ့ ဘာသာတရားက ပြုမူတဲ့ အကျင့်အကြံတွေ မဟုတ်ဘူး။ 


■ စိတ်ရဲ့ ငြိမ်းအေးမှုဆီသို့ ။ ■ 


စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ကို ငြိမ်းအေးမှုဆီ ခေါ်ဆောင် လမ်းညွှန်နိုင်ရမယ်။ စိတ်ကို ပူလောင်သထက် ပူလောင်အောင် ဖိအားတွေ ပေးနေတဲ့ ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ကို တုပ်နှောင် ရစ်ပတ်ထားပြီး ချုပ်နှောင်ထားခိုင်းတာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


စိတ်ရဲ့ ငြိမ်းအေးမှုကို ရှာဖွေတဲ့နေရာမှာလည်း အဓမ္မလမ်းစဉ်နဲ့ မငြိစွန်းတဲ့နည်းနာကို မှန်ကန်စွာ ပြသနိုင်ရမယ်။ လူတစ်ယောက်ရဲ့ စိတ်ငြိမ်းအေးမှုဆိုတာမှာ – လိမ်လည်ထားတဲ့ တဒင်္ဂ ငြိမ်းအေးမှု ရှိတယ်။ စစ်မှန်တဲ့ ငြိမ်းအေးမှု ရှိတယ်။ 


စစ်မှန်တဲ့ စိတ်၏ ငြိမ်းအေးမှုဆီကို လမ်းပြညွှန်ပြနိုင်တဲ့ ဘာသာတရားကသာလျှင် စစ်မှန်တဲ့ သဘာတရားဖြစ်ပါ တယ်။ 


■ လွတ်လပ်မှုနဲ့ လွတ်မြောက်မှုဆီ။ ■ 


ကိုယ့်စိတ်၊ ကိုယ့်အသိဉာဏ်နဲ့ ကိုယ့်ဘဝကို လွတ်လပ်မှုနဲ့ လွတ်မြောက်မှုဆီ ခေါ်ဆောင်လမ်းပြပေးတဲ့ ဘာသာ ရေးကသာလျှင် စစ်မှန်တဲ့ ဘာသာတရားဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မလွတ်လပ်အောင်၊ ကိုယ့်စိတ်ကို မလွတ် မြောက်အောင် တုပ်နှောင် ၊ ချုပ်နှောင် ၊ ဖိစီးထားတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 


ကိုယ့်အသိဉာဏ်ကို ပိုလွတ်လပ်အောင်၊ ပိုလွတ်မြောက်အောင် လမ်းပြသွန်သင်နိုင်မှသာလျှင် စစ်မှန်တဲ့ ဘာသာ တရားဖြစ်ပါတယ်။ ကိုယ့်ဘဝကို မနေ့ကထက် ဒီနေ့၊ ဒီနေ့ကထက် မနက်ဖြန် သာလွန်အောင် လွတ်မြောက်စေမှ သာလျှင် စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်လို့ ကျနော် လက်ခံယုံကြည်ထားတယ်။ 


မင်းသေ့ 

နံနက် ၅း၃၅ 

၇ ၊ ဩဂုတ်၊ ၂၀၂၂။

Sunday, August 7, 2022

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_hygiene

#တကိုယ်ရည်သန့်ရှင်းရေး


(ရုပ်ဘယ်လောက်ချောချော တကိုယ်ရည်သန့်ရှင်းမှုမရှိ အနံ့ဆိုးထွက်နေရင် ဘယ်လိုအနေရအထိုင်ရခက်သလဲဆိုတာ လူတိုင်းသိ ပါတယ်။ တကယ်လို့များ အဲသလိုလူမှာ ချစ်သူ ရည်စား အိမ်သူသက်ထားရှိရင် အတော်အားနာဖို့ကောင်းတဲ့ကိစ္စလည်းနော်။ ဒါကြောင့် အမျိုးသားတွေ သတိထားသင့်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)



#အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

 တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာလောက်စရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။


 #အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ


  ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း

  ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတိုက်ချွတ်တာမျိုး မလုပ်ခြင်း

  ရေမချိုး၊ မိမိကိုယ်ကိုယ် သန့်ရှင်းရေးမလုပ်ခြင်း

  လိင်အင်္ဂါ ထိပ်အရေပြား မဖြတ်ထားခြင်း

  ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

  လိင်တံ မှိုစွဲခြင်း

  လိင်တံ ထိပ်ဖူး၊ အရေပြား ရောင်ရမ်းခြင်း

  ဂနို နဲ့ တခြားသော လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း

ဒီအကြောင်းရင်းတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို အနံ့ဆိုး ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။


#တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အမျိုးသားတွေအတွက် ဘာကြောင့် အရေးကြီးလဲ။


 ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် ဝဲ၊ နှင်းခူ၊ ညှင်း၊ ပွေး စတဲ့ အရေပြားပြဿနာ ဖြစ်မယ်။


 ၂။ မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်။


 ၃။ ဆိုးရွားလွန်းတဲ့ အောက်သိုးသိုး အနံ့တွေဟာ ကိုယ့်ချစ်သူကို လိင်စိတ်ကုန်သွားစေတယ်။


 ၄။ ရောဂါပိုးမွှားတွေ အများအပြား ခိုအောင်းနေတယ်။


 ၅။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ ဝှေးစေ့၊ ထိပ်အရေပြား စတဲ့ နေရာတွေမှာ ပိုးဝင်ပြီး ရောဂါဖြစ်စေနိုင်တယ်။


 ၆။ ကိုယ့်ဆီက ရောဂါပိုးတွေက ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ဆီကို ကူးစက်စေနိုင်တယ်။


 ၇။ အဝတ်အစားတွေကိုပါ အနံ့ဆိုးတွေ ကပ်ငြိစေဖို့ လျှော်ဖွပ်တဲ့ နေရာမှာ အလုပ်ပိုစေတယ်။ ဖားဥစွဲစေသလို လျှော်ပြီးသွားရင်လည်း အနံ့တွေ ကျန်နေတတ်တယ်။


#ဒါဆို ဘာလုပ်ကြမလဲ။


 အဓိက ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြင်မယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်မယ်ဆိုရင် ရပါပြီ။ မဖြစ်မနေ အမျိုးသားတိုင်း လုပ်ပေးဖို့ လိုအပ်တာကတော့


 ၁။ ရေကို တစ်နေ့ ၂ကြိမ် မှန်မှန်ချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ချွေးအောင်းနေနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာနဲ့ သေချာ တိုက်ချွတ်ဆေးကြောပါ။


 ၂။ လိင်အင်္ဂါကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ထိပ်အရေပြားကို နောက်ကို ဖြည်းဖြည်းချင်း လှန်ဆွဲပြီး ထိပ်ပတ်လည်မှာ ကပ်နေတဲ့ အဖြူရောင် အရိအချွဲ၊ အဖတ်တွေကို ရေနွေးနဲ့ အရင်လောင်းပြီး ပွတ်ဆေးပါ။ ပြီးတော့မှ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးပါ။


 ၃။ လိင်အင်္ဂါကို အားနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့၊ ဖြည်းဖြည်းချင်းပဲ ကြေးတွန်းပြီး သေချာ သန့်ရှင်းရေး လုပ်ပါ။


 ၄။ ဝှေးစေ့ကို ဆပ်ပြာ အမြှုပ်ထတဲ့အထိ သေချာပွတ်တိုက်ဆေးကြောပေးပါ။


 ၅။ ရေချိုးပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်အောင် သုတ်ပြီးမှ အဝတ်ဝတ်ပါ။


 ၆။ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူလွန်းနေရင် ရိတ်ပါ သို့မဟုတ် ကပ်ကြေးဖြင့် တိုပြီး ပါးသွားအောင် ညှပ်ပေးပါ။


 ၇။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ထိပ်အရေပြားကို ဖြတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ မဖြတ်ချင်ဘူးဆိုရင်လည်း အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကို နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။


 ၈။ ချည်သားအတွင်းခံ ပွပွ ဝတ်ဆင်ပါ။ အရမ်းကျပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ အိမ်မှာနေရင် ပုဆိုး၊ ဘောင်းဘီပွပွ တိုတိုပဲ ဝတ်ပါ။ အတွင်းခံ ဝတ်မထားပါနဲ့။


 ၉။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ အကယ်လို့ ရောဂါဖြစ်လာခဲ့ရင်လည်း ဆေးရုံ ဆေးခန်းတွေမှာ သေချာ ကုသမှုခံယူပါ။


 ၁၀။ လိင်ဆက်ဆံပြီးသွားတာနဲ့ ရေချိုးပါ။ ရေမချိုးချင်ရင်တောင် လိင်အင်္ဂါ တစ်ဝိုက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောသန့်ရှင်းပေးပါ။


 တစ်ကိုယ်ရေ သန့်ရှင်းမှုရှိခြင်းဟာ ကိုယ့်ရဲ့ ယောက်ျားပီသမှုနဲ့ အမျိုးသား ကျန်းမာရေးကို မြှင့်တင်ပေးစေတဲ့အတွက် ဖြစ်သလို နေတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါလို့ အကြံပြုလိုက်ပါရစေ။