Wednesday, October 26, 2016

Chinese Stew Pork Leg Noodle and Kolo Mee


ဝက်စတူးခေါက်ဆွဲ
(Chinese Stew Pork Leg Noodle)
................................
 ဝက်စတူးခေါက်ဆွဲလို့လည်း ပြောလို့ရပါတယ်။ ဝက်သားကိုနူးအိပြီး မွှေးကြိုင်နေအောင် ဟင်းခတ်အမွှေးအကြိုင်နေနဲ့ ဖြည်းဖြည်းချက်ပြီး ခေါက်ဆွဲနဲ့ရောပြီး စားရပါတယ်။ ဒီခေါက်ဆွဲက ကော်ရည်ခေါက်ဆွဲနဲ့ တူပါတယ်။ ဒါပေမဲ့ ကော်ရည်ခေါက်ဆွဲလိုတစ်ယောက်စာအတွက် တစ်ပွဲချင်းမပြင်ဘဲ၊ ဝိုင်းဖွဲ့စားလို့ရတဲ့ ပွဲကြီးမျိုးပြင်ပါတယ်။ ဒီခေါက်ဆွဲနဲ့အတူ အသီးအရွက်ကြော်နဲ့ တခြားဟင်းလျာတွေနဲ့ပါ အတူတွဲ စားလို့ရပါတယ်။ တကယ်လို့ ဝိုင်းဖွဲ့ပြီး မစားချင်ဘူးဆိုရင်လည်း တစ်ပွဲစီ ပြင်စားနိုင်ပါတယ်။  (ငါးပိထောင်း)နဲ့ကတော့ အလိုက်ဆုံးပါပဲ။

►   လိုအပ်တာတွေကတော့
♦   ခေါက်ဆွဲ (Noodle)   -   500 gm
♦   ကြာဆံ (Rice Vermicelli)   -   100 gm (ရေစိမ်ထားပါ)
♦   ပုစွန် (Prawns)   -   ၁၆ ကောင် (အခွံခွာပြီးပြုတ်ထားပါ)
♦   ပဲပင်ပေါက် (Beansprouts)   -   150 gm  (ရေနွေးဖျောထားပါ)
♦   နံနံပင် (Coriander leaves)   -   ၁ စည်း (ပါးပါးလှီးထားပါ)
♦   ဘဲဥပြုတ် (Hard-boiled duck eggs)   -   ၄ လုံး (အခွံခွာထားပါ)
♦   ကြက်သွန်နီ (Onion)   -   120 gm (ပါးပါးလှီးထားပါ)
♦   ဆီ   -   စားပွဲဇွန်း ၅ ဇွန်း
♦   ဝက်သား (Pork belly)   -   450 gm
♦   နာနတ်ပွင့် (Star Anise)   -   ၂ ပွင့်  
♦   သစ်ကြံပိုးခေါက် (Cinnanmon)   -   ၁ လက်မအရွယ်၁ ချောင်း
♦   ငရုတ်ကောင်းစေ့အဖြူ (White Pepper Corns)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ရေ (Water)   -   3 liter
♦   ပဲငံပြာရည်အကြည်   -   စားပွဲဇွန်း ၁ ဇွန်းခွဲ
♦   ပဲငံပြာရည်အနောက်   -   စားပွဲဇွန်း ၂ ဇွန်း
♦   ဆား   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   သကြား   -   စားပွဲဇွန်း ၁ ဇွန်း

►   ခေါက်ဆွဲဟင်းရည်အတွက် လိုအပ်တာတွေက
♦   တရုတ်မဆလာ (Five Spice Powder)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   အသားမှုန့် (Chicken Powder)   -   စားပွဲဇွန်း ၁ ဇွန်း
♦   ဆား(Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ပီလောပီနံမှုန့် (Tapioca Flour)   -   စားပွဲဇွန်း ၆ ဇွန်း
♦   ကြက်ဥ (Eggs)   -   ၂ လုံး
►    ငါးပိထောင်းအတွက် လိုအပ်တာတွေကတော့
♦   ငရုတ်သီးမှည့်အတောင့်ရှည် (Fresh Red Chillies)   -   ၈ တောင့်
♦   ငရုတ်သီးမှည့်အတောင့်သေး (Red Bird Eye's Chillies)   -   ၁ဝ တောင့်
♦   ငရုတ်သီးသိမ်းအတောင့်သေး (Green Bird Eye's Chillies)   -   ၁ဝ တောင့်
♦   Iydshrimp   -   စားပွဲဇွန်း ၁ ဇွန်း (မီးကင်ထားပါ)

►   ပြုလုပ်နည်း
၁။ ဝက်သားကို သန့်ရှင်းပြီး အညစ်အကြေးများ ကင်းစင်သွားစေရန် ၁ဝ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ ရေကိုသွန်ပစ်ပါ။
၂။ ပြီးအိုးတစ်လုံးထဲကို သကြား ၁ ဇွန်းထည့်ပြီး လှော်ပါ။ သကြားနီညိုရောင်သန်းလာရင် ဝက်သားထည့်ပြီပါ။ ပြီးရင် ရေ ၃ လီတာ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည် အနောက်၊ ဆား၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် မီးအရှိန်လျော့ပြီး ဝက်သားနူးသည်အထိ တည်ထားပါ။ ၁ နာရီဆိုရင် ဝက်သားနူးပါပြီ။
၃။ ဝက်သားနူးလျှင်ဆယ်ပြီးထားပါ။
၎။ ပြီးရင် ဟင်းရည်အိုးထဲကိုတရုတ်မဆလာ၊ ဆား၊ အသားမှုန့်၊ ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် ပီလောပီနံမှုန့်ကို ရေနှင့်ဖျော်ပြီး ဖြည်းဖြည်းချင်း လောင်းထည့်ပြီး မွှေပေးပါ။ အဆက်မပြတ်မွှေပေးပါ။
၅။ ပြီးရင် ကြက်ဥကိုဖောက်ပြီးခွက်ထဲထည့်ပါ။ ကြက်ဥကိုခေါက်ပြီး ဟင်းရည်အိုးထဲကို ဖြည်းဖြည်းချင်း ထည့်ပြီး မွှေပါ။
၆။ ပြီးရင် စောစောကဆယ်ထားတဲ့ ဝက်သားနှင့် ဘဲဥပြုတ်ကို အိုးထဲပြန်ထည့်ပါ။ မီးဖိုပေါ်မှာ မီးအေးအေးဖြင့် ဆက်ပြီးတည်ထားပါ။
၇။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ကြွပ်အောင်ကြော်ပြီး ကြက်သွန်နီ ဆီချက်ချက်ထားပါ။
၈။ ပြီးရင်ငါးပိထောင်းထားပါ။
၉။ ပြီးရင် အိုးတစ်လုံးတွင် ရေထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာရင် ရေစိမ်ထားတဲ့ ကြာဆံနှင့် ခေါက်ဆွဲကို ရေနွေးဖျောပြီး ပန်းကန်ပြားအကြီးတစ်ချက်တွင် ထည့်ပါ။
၁ဝ။ ပြီးရင် အဆင်သင့်ချက်ထားတဲ့ ဟင်းရည်လောင်းထည့်ပါ။ ပြီးရင် ဝက်သား၊ဘဲဥ၊ ပုစွန်၊ ပဲပင်ပေါက်၊ ကြက်သွန်နီဆီချက်၊ နံနံပင်ထည့်ပြီးသုံးဆောင်ပါ။
၁၁။ တစ်ယောက်စာပွဲသေးပြင်မယ်ဆိုရင် အားလုံးနည်းနည်းစီထည့်ပြီး ဝက်သားကို ပါးပါးလှီး၊ ကြက်ဥကို နှစ်ခြမ်းခြမ်းပြီး ထည့်ပါ။
.....................................
Delicious Food From All Over The World By
MyintOoTha

ဆီချက်ခေါက်ဆွဲ (Kolo Mee)
..........................


 တရုတ်ခေါက်ဆွဲမှာ ခေါက်ဆွဲပြုတ် (Soup Noodle) နဲ့ အသုပ် (Dry Noodle) တို့ရှိပါတယ်။ အသုပ်ဆိုတာကတော့ ကျွန်တော်တို့တွေ ခေါ်ကြတဲ့ ဆီချက်ခေါက်ဆွဲပေါ့။ မြန်မာဆီချက်ခေါက်ဆွဲက ဆီများပြီး စားတဲ့အခါမှာ အရမ်းအီပါတယ်။ ဒီခေါက်ဆွဲကတော့ ဆီနည်းပြီး အသားများများဖြစ်ပြီး ငရုတ်သီးစိမ်းအချဉ် (Pickle Green Chillies) တွဲပြီး စားရမှာဖြစ်ပါတယ်။ ဝက်သားကင်အစား  ပြင်ဆင်ရတာ လွယ်ကူတဲ့ ဝက်သားကြော်ကို အစားထိုးထားပါတယ်။ ဒီခေါက်ဆွဲမှာအဓိကကတော့ ဝက်သားကြော်၊ ဝက်သားကို နုပ်နုပ်စဉ်းပြီး ချက်ထားတဲ့ ဝက်သားဟင်း၊ ဝက်ဆီဖတ်ကြော်တို့ပါပဲ။

►   ပါဝင်ပစ္စည်းတွေကတော့
♦   ခေါက်ဆွဲအစို (Resh Noodle)   -   1 kg
♦   မုန်ညင်းဖူး (Choy Sum)   -   150 gm
♦   ကြက်သွန်မြိတ် (Spring Onion)   -    ၃ ပင်
♦   ငံပြာရည် (Fish Sauce)   -    လက်ဖက်ရည်ဇွန်း ၅ ဇွန်း
♦   ပဲငံပြာရည် (Soya Sauce)   -   လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
♦   ငရုတ်ကောင်းမှုန့်အဖြူ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ကြက်သားမှုန့် (Chicken Powder)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►    ဝက်ဆီ (Pork Lard or Pork Flavor Oil) နှင့် ဝက်ဆီဖတ်ကြော် (Crispy Pork Fat) လုပ်ရန်အတွက်
♦   ဝက်ဆီနှင့် အခေါက်   -   200 gm
♦   ဆီ   -   စားပွဲဇွန်း ၂ ဇွန်း

►   ကြက်သွန်ဖြူ ဆီချက်ချက်ရန်အတွက်
♦   ကြက်သွန်ဖြူ (Garlic)   -   ၄ မြှောင့် (နုပ်နုပ်စဉ်းထားပါ)
♦   ဆီ (Cooking Oil)   -   စားပွဲဇွန်း ၁၂ ဇွန်း

►   ဝက်သားကြော်ရန်အတွက်
♦   ဝက်သား (Pork Meat)   -   350 gm
♦   ပဲငံပြာရည် (Soya Sauce)   -   စားပွဲဇွန်း ၃ ဇွန်း
♦   သကြား (Sugar)   -   စားပွဲဇွန်း ၁ ဇွန်းခွဲ
♦   တရုတ်မဆလာ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Five Spice Powder)
♦   ဆား (Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   တရုတ်ဆန်အရက်   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Chinese Rice Wine)

►   ဝက်သားဟင်းချက်ရန်အတွက် လိုအပ်တာတွေက
♦   ဝက်သားနုပ်နုပ်စဉ်း (Minced Pork)   -   350 gm
♦   ငံပြာရည် (Fish Sauce)   -   လက်ဖက်ရည်ဇွန်း ၆ ဇွန်း
♦   ပဲငံပြာရည် (Light Soya Sauce)   -   လက်ဖက်ရည်ဇွန်း ၃ ဇွန်း
♦   ငရုတ်ကောင်းမှုန့်အဖြူ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ပြောင်းဖူးမှုန့် (Corn Flour)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ဆား (Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်း
၁။ ပထမဦးဆုံးခေါက်ဆွဲအတွက် ဝက်ဆီနဲ့ ဝက်ဆီဖတ်ကြော်ကို အရင်လုပ်ရပါ့မယ်။ ဝက်အဆီနှင့် အခေါက်ကို လေးထောင့်အတုံးလေးများ တုံးပါ။ ပြီးရင် အိုးအသေးတစ်လုံးတွင်ထည့်ပါ။ ဆီ ၂ ဇွန်းထည့်ပြီး မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ဆီပေါက်တတ်တဲ့အတွက် အဖုံးဖုံးပြီး ဝက်ဆီထွက်လာပြီး ဝက်ဆီဖတ်များ ကြွပ်လာအောင်လုပ်ပါ။ ပြီးရင် ဝက်ဆီဖတ်ကြော်ကို ဆယ်ပြီး ပန်းကန်လုံးတစ်လုံး မှာထည့်ထားပါ။ ဝက်ဆီကိုလည်း ပန်းကန်လုံးတစ်လုံးမှာ ထည့်ထားပါ
၂။ ပြီးရင် ကြက်သွန်ဖြူဆီချက် ချက်ရမှာ ဖြစ်ပါတယ်။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို နီညိုရောင် သန်းလာသည်အထိကြော်ပြီး ဆယ်ထားပါ။ ကြက်သွန်ဖြူဆီချက်ကိုလည်း ပန်းကန်လုံးတစ်လုံးမှာ ထည့်ထားပါ။
၃။ ဝက်သားကြော်အတွက် ဝက်သားကို အတုံးလိုက်ပြုတ်ပါ။ နာရီဝက်လောက်ပြုတ်ပြီး တည်ထားပါ။ ပြီးရင် ပြုတ်ထားတဲ့ဝက်သားကို ပဲငံပြာရည်၊ သကြား၊ တရုတ်ဆန်အရက်၊ တရုတ်မဆလာ၊ ဆားတို့နှင့်ရောနယ်ထားပါ။ ပြီးရင် နီညိုရောင်သန်းလာသည်အထိ ကြော်ပါ။
၎။ နုပ်နုပ်စဉ်းထားတဲ့ ဝက်သားကို ငံပြာရည်၊ ပဲငံပြာရည်၊ငရုတ်ကောင်း၊ ပြောင်းဖူးမှုန့်၊ တရုတ်ဆန် အရက်တို့နှင့် ရောပြီးနယ်ထားပါ။ ပြီးရင် စောစောကပြင်ဆင်ထားတဲ့ ကြက်သွန်ဖြူဆီချက် ၄ ဇွန်းကို ဒယ်အိုးမှာထည့်ပြီး နယ်ထားတဲ့ ဝက်သားနုပ်နုပ်စဉ်းကို ထည့်ပြီး ဝက်သားကျက်သည်အထိ ချက်ပါ။ ရေထည့်စရာမလိုပါ။
၅။ ခေါက်ဆွဲပွဲပြင်ဖို့အတွက် ငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်အဖြူ၊ ကြက်သားမှုန့်၊ ဆားတို့ကိုတစ်ပန်းကန်စီထည့်ပြီးအဆင်သင့်ပြင်ထားပါ။
၆။ တစ်ပွဲစာအတွက်ခေါက်ဆွဲနဲ့ မုန်ညင်းဖူးကိုရေနွေးဖျောပြီးစားသုံးမည့် ပန်းကန်တွက်ထည့်ပါ။ ပြီးရင် ဝက်ဆီ၊  ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ဆားနည်းနည်းစီထည့်ပြီးနယ်ပါ။ ပြီးရင် ဝက်သားကြော်ကို ပါးပါးလှီးထည့်ပါ။ ချက်ထားတဲ့ ဝက်သား ၂ ဇွန်းဝက်ဆီဖတ်ကြော်၊ ပြုတ်ထားတဲ့မုန်ညင်းဖူး၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီး ငရုတ်သီးစိမ်း အချဉ်နှင့်တွဲပြီးစားပါ။

►   ငရုတ်သီးစိမ်းအချဉ်လုပ်နည်းကတော့
♦   ငရုတ်သီးစိမ်းအတောင့်ရှည် (Fresh Green Chillies)   -   ၃ တောင့်
♦   ဗီနီကာ (White Vinegar)   -   စားပွဲဇွန်း ၂ ဇွန်း
♦   ဆား   -   အနည်းငယ်                                      
♦   ပဲငံပြာရည်   -   စားပွဲဇွန်း ၅ ဇွန်း
 ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ဆား၊ ဗီနီကာနှင့်ရောပြီး အနည်းဆုံး ၂ နာရီခန့် စိမ်ထားပါ။ တစ်ညသိပ်ထားရင် ပိုကောင်းပါတယ်။
.....................................
Delicious Food From All Over The World By
MyintOoTha

No comments: