Wednesday, September 21, 2011

ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ အဆင့်ရှစ်ဆင့်

ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ရွေးချယ်စရာရှိတာ ရွေးချယ်ရ၊ ဆုံးဖြတ်ချက်ချစရာရှိတာ ချကြရပါတယ်။အဲဒီလို ရွေးချယ်ဆုံးဖြတ်တဲ့အခါမှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့အရာကို၊ ကိုယ်နှစ်သက်သဘောကျတဲ့အရာကို ရွေးချယ် ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့အရာကိုလည်း ယုံယုံကြည်ကြည်နဲ့ အကောင်းအထည် ဖော်ဖို့လို ပါတယ်။ဒါကြောင့် အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချရာမှာ အသုံးဝင်နိုင်မယ့် ဆုံးဖြတ်ချက်ချနည်း အဆင့် ရှစ်ဆင့်ကို ဖော်ပြလိုက်ပါတယ်။


အဆင့်(၁) စိတ်အေးအေးထားပါ

အရေးကြီးကိစ္စတစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ရတဲ့အခါမျိုးမှာ ကျွန်တော်တို့ဟာ အရွေးမှားမှာ၊ ဆုံးဖြတ်ချက်အချမှားမှာကို စိုးရိမ်တယ်၊ ပူပန်တတ်ကြပါတယ်။ အဲဒီလို လောဘ၊ မောဟ၊ သောကတွေကြောင့် ဆုံးဖြတ်ရာမှာ မှားယွင်းတတ်ကြပါ တယ်။ အရေးကြီးတဲ့ကိစ္စတစ်ခုဆုံးဖြတ်ရတော့မယ်ဆိုရင် စိတ်အေးငြိမ်းတည်ငြိမ်တဲ့အချိန်မှသာ ဆုံးဖြတ်ပါ။ စိတ်အေးနေ ပါက အမှန်ကို အမှန်အတိုင်းမြင်တတ်၊ တွေးတောဆင်ခြင်တတ်ပါတယ်။


အဆင့် (၂) ကိုယ်လိုချင်တာဘာလဲသေချာသိအောင်လုပ်ပါ

ကိုယ့်ရဲ့ပန်းတိုင်၊ ကိုယ်လိုချင်တဲ့အရာကို သေချာသိမှ ကိုယ့်အတွက်အကောင်းဆုံး ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်နိုင် မှာပါ။ ဒါကြောင့် ကိုယ်လိုချင်တာဘာလဲ၊ ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာကို ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ ကိုယ့် ရဲ့ အတွင်းစိတ်ဆန္ဒကို သေချာဆန်းစစ်ပါ။


အဆင့်(၃) အချက်အလက်စုဆောင်းပါ

ကိုယ်မှန်းထားတဲ့အရာရဖို့အတွက် ဆုံးဖြတ်ရာမှာ လိုအပ်နိုင်မယ့်အချက်အလက်တွေ စုဆောင်းပါ။ အချက်အလက်တွေ ပြည့်စုံပါမှ အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်မှာပါ။


အဆင့်(၄) ရွေးချယ်စရာတွေစဉ်းစားဖန်တီးပါ

ဆုံးဖြတ်ချက်ချဖို့အတွက် ရွေးချယ်ရမယ့်အရာတွေများပါမှ အဲဒီထဲကအကောင်းဆုံးဖြစ်မယ့်အရာကို ရွေးချယ်နိုင်မှာပါ။ ရွေးချယ်စရာတစ်ခု၊ နှစ်ခုလောက်ထဲကနေသာ ရွေးချယ်ပါက အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကြောင့် လိုချင်တာဖြစ်ဖို့ ကိုယ်ရွေးချယ်ရမယ့်လမ်းကြောင်းတွေ ကိုယ့်ဟာကိုယ် ဖန်တီးရေးဆွဲကြည့်ပါ။


အဆင့်(၅) ရွေးချယ်စရာတွေရဲ့အကောင်းအဆိုးကိုချိန်ဆပါ

ကိုယ်ရွေးချယ်ရမယ့်အရာတွေရဲ့ ကောင်းတဲ့အချက်နဲ့ ဆိုးတဲ့အချက်တွေကို ချရေးကာ နှိုင်းယှဉ်ကြည့်ပါ။ ဒါမှ အဆိုးက အကောင်းထက်ပိုများတဲ့အရာတွေကို ရွေးချယ်စရာတွေကနေ ဖယ်ထုတ်နိုင်ကာ ဆုံးဖြတ်ရပိုပြီး လွယ်ကူမှာပါ။


အဆင့်(၆) ဆုံးဖြတ်ချက်ချပါ။

အကောင်း၊အဆိုး နှိုင်းယှဉ်ချိန်ဆပြီးနောက် အကောင်းတွေအများဆုံးရှိတဲ့အရာ၊ အကောင်းဆုံးဖြစ်မယ်ထင်တဲ့အရာကို ရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်သာမဟုတ်၊ တခြားသူတွေအတွက်လည်း သင့်တော်တဲ့ ဆုံးဖြတ်ချက် ဖြစ်ရပါမယ်။ ဒါ့အပြင် ကိုယ့်အနာဂတ်အတွက်ပါကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ လိုပါတယ်။


အဆင့်(၇) ချက်ချင်းအကောင်အထည်ဖော်ပါ။

ဆုံးဖြတ်ချက်ချပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ယုံယုံကြည်ကြည်နဲ့ ချက်ချင်းအကောင်အထည် ဖော်လိုက် ပါ။ အကောင်အထည်မဖော်ဖြစ်သေးပါက ဆုံးဖြတ်ချက်ချပြီးပြီလို့ ပြောလိုရမရပါဘူး။ ဒါကြောင့် နောင်တမရဘဲ သတ္တိရှိ ရှိနဲ့ အကောင်အထည်ဖော်လိုက်ပါ။


အဆင့်(၈) ပြန်လည်သုံးသပ်ပါ။

ကိုယ့်ဆုံးဖြတ်ချက်ကို ပြည်လည်သုံးသပ်ပြီး သင်ခန်းစာယူသင့်ယူရပါမယ်။ အကယ်၍ ကိုယ့်ဆုံးဖြတ်ချက်မှားသွားရင် လည်း မကြောက်ပါနဲ့။ ဆုံးဖြတ်ချက် မချနိုင်ဘဲ တွန့်ဆုတ်တွန့်ဆုတ်နဲ့ တွေဝေနေတာထက်စာရင် ဆုံးဖြတ်ချက် အချ မှားသွားတာကတောင် ပိုကောင်းပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမှားကနေ သင်ခန်းစာယူပြီး နောက်တစ်ခါ ဆုံးဖြတ်ချက်မှန်အောင် ကြိုးစားနိုင်တာကြောင့်ပါ။ နောက်ပြီး အနာဂတ်ကို ကြိုမပြောနိုင်ပါဘူး။ အခုကိုယ်က မှားတယ် ထင်ပေမယ့် နောက်ပိုင်းမှာ ကောင်းချင်ကောင်းသွားနိုင်ပါသေးတယ်။


Ref: Knowledge Digest Magazine No.346, September 2011

No comments: