Sunday, October 31, 2010

မဲပေးလျှင် အောက်ပါအချက်အလက်များကို သတိပြုပါ

(၁) ယခုအချိန်မှစ၍ သက်ဆိုင်ရာကျေးရွာအုပ်စု၊ ရပ်ကွက်ကောင်မရှင်အဖွဲ့ခွဲရုံး ကြေညာထားသော မဲပေးခွင့်ရှိသူများ စာရင်းတွင် သင့်နာမည်ပါမပါ သွားရောက်ကြည့်ရှုပါ။

(၂) ဆန္ဒမဲပေးခွင့် ရှိသူစာရင်းတွင် သင့်နာမည် မပါပါက တောင်းဆိုလွှာပုံစံ (၃) ဖြင့် မဲပေးခွင့်အတွက် စာရင်းသွင်းပါ။

(၃) ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နံနက် ၆ နာရီ အချိန်မှ စတင်၍ မဲရုံများ ဖွင့်လှစ်မည် ဖြစ်ရာ မဲပေးရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားဖြင့် မဲရုံသို့ သွားပါ

(၄) မဲပေးပုံ အဆင့်ဆင့်မှာ
• မဲရုံဝင်ပေါက်မှ ၀င်၍ အမျိုးသားမှတ်ပုံတင် ကတ်ပြားကို မဲစာရင်း စစ်ဆေးသူအား ပြပါ။ မဲစာရင်းတွင်ပါသော သင့်နာမည်၏ဘေးတွင် လက်မှတ် ရေးထိုးရပါမည်။မဲစာရင်း စစ်ဆေးသူက လိုအပ်သလို စိစစ်မှု ပြုလုပ်ပါမည်။ ထို့နောက် ဆန္ဒမဲလက်မှတ် ထုတ်ပေးသူရှေ့သွားပြီး ဆန္ဒမဲလက်မှတ် ထုတ်ယူရပါမည်။

• မဲလက်မှတ်ပေါ်တွင် ရွေးကောက်ပွဲကော်မရှင် တံဆိပ်နှင့် အောက်ခြေတွင် မဲရုံမှူး လက်မှတ်နှင့် အမည် ပါရှိပါမည်

• မဲလက်မှတ်ပေါ်တွင် စွန်းပေရာ၊ ခြစ်ရာများ၊ စုတ်ပြဲရာများ ရှိပါက ပယ်မဲ ဖြစ်နိုင်သဖြင့် ပြန်လဲပေးပါရန် တောင်းဆိုရမည်

• မဲလက်မှတ်ရလျင် ရှေ့တည့်တည့်တွင် လျှို့ဝှက်ဆန္ဒပြုခန်းသို့ သွားရောက်၍ သင်ရွေးချယ်သော ကိုယ်စားလှယ်လောင်း၏ နာမည်ဘေးတွင် အမှန် အမှတ်အသား (√)ကို ထင်ထင်ရှားရှား ခြစ်ပေးခြင်းဖြင့် ဆန္ဒပြုရမည် ဖြစ်သည်။

• မဲလက်မှတ်ဖြင့် မဲပေးခြင်းသည် မည်သူက မည်သူ့ကို မဲပေးသည်ကို လုံးဝ မသိနိုင်ပါ။ သို့ပါ၍ မိမိ မဲပေးလိုသော ကိုယ်စားလှယ်၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ကို ရဲရဲဝံ့ဝံ့ ရေးထည့်လိုက်ပါ

• ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ အမှန်ခြစ်၍ ဆန္ဒပြုရပါမည်။ ပိုခြစ်ပါက ပယ်မဲ ဖြစ်ပါမည်။ မည်သည့် ကိုယ်စားလှယ်မျှ အမှန်မခြစ်ပါကလည်း ပယ်မဲ ဖြစ်လိမ့်မည်

• ဆန္ဒပြုပြီးလျှင် မဲလက်မှတ်ကို ခေါက်၍ လျှို့ဝှက်ဆန္ဒပြုခန်းမှ ထွက်၍ မဲပုံးထဲသို့ ထည့်လိုက်ပါ။
မှတ်ချက် ။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို အထက်ပါအတိုင်း ဆန္ဒပြုပြီးသည့်အခါ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်များ အတွက်လည်း ယင်းကဲ့သို့ ဆန္ဒပြုရန် ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကို ဆန္ဒပြုရမည့်သူ ဖြစ်ပါက နောက်ထပ်မဲတစ်ပုံးကို ဆက်ထည့်ရပါဦးမည်။

(၅) သင်ပေးခဲ့သောမဲ တန်ဖိုးရှိမရှိကို စိတ်ဝင်စားပါက မဲရုံပိတ်ချိန် မဲရေတွက်မှုကို စောင့်ကြည့်ပါ

ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ စိစစ်ဆောင်ရွက် ကြရန် ညွှန်ကြားထား

ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ် စုကော်မရှင်အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားလာမှုအပေါ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများ အားလုံးသို့ အကြောင်းကြားလာကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅ (က)နှင့် နည်းဥပဒေ ၅၄ တို့တွင် အကျုံးဝင်သော သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များအတွက် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များသည် မဲဆန္ဒရှင်များထံ ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့ခြင်းကိုအောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် နည်းဥပဒေ ၅၁ တို့တွင် အကျုံးဝင်သော မဲဆန္ဒရှင်များမှ ကြို တင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ စိစစ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများအားလုံးသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒပေးပိုင်ခွင့်ရှိသူများ မှာ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ များဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေစာအုပ်မှသိရှိရသည်။

A Female Condom

အမျိုးသမီးသုံး ကွန်ဒုံ

ခေတ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများရှိသည့်အလိုက်ရောဂါပေါင်းစုံများမှာလည်း ခေတ်နဲ့အပြိုင် တိုးပွါးလျက်ရှိသည်။ ယခုအခါတွင် အမျိုးသမီးသုံးကွန်ဒုံများပေါ်ပေါက်လျက်ရှိပါသည်။


ဤစာသားကို ရေးရခြင်း၏ ရည်ရွယ်ချက်မှာ - အမျိုးသမီးများသည် မိမိတို့၏ လိုအပ်ချက်ကိုမိမိဘာသာ ရွေးချယ်ပီးအသုံးပြုနိုင်ရန်အတွက်သော်လည်းကောင်း၊ အိမ်ထောင်ရှင်များအတွက်လည်း အိမ်ထောင်ရေးအဆင်ပြေမှုရှိစေရန်
(များသောယောကျာ်းသားများသည် အမျိုးသားကွန်ဒုံကို အသုံးမပြုလိုပေ) ရည်ရွယ်ပီးရေးသားခြင်းဖြစ်ပါသည်။ လူငယ်များ လိင်ဆက်ဆံမှုပြုရန်အတွက် တိုက်တွန်းခြင်း မဟုတ်ပေ။ မြန်မာပြည်အသိုင်းအ၀ိုင်းများတွင် လိင်အကြောင်းပြောရမည်ဆိုလျင် သဘာဝဖြစ်စဉ်အဖြစ်လက်မခံနိုင်ပဲ ရှက်ရွံ့စရာ အကြောင်းအရာတစ်ခုအဖြစ်သာ လက်ခံကြသည်၊ သို့သော် ပုထုဇဉ်လူသားများသည် ထိုအရာကိုရှောင်လွဲနိုင်သည့်လူဦးရေနှုန်းအလွန်နည်းပါးပါသည်။ ထို့ကြောင့် လူငယ်များမှာ လိင်ဆက်ဆံခြင်းနည်းလမ်းများ၊ အသုံးပြုသော ပစ္စည်းပစ္စယများကို အသုံးပြုရမှန်းမသိပဲ မိမိတို့အတွက် ကာကွယ်မှုမပါပဲ
ဆက်ဆံမိသောအခါ ကမ္ဘာပေါ်တွင်နာမည်ကြီးနေသော အိပ်စ်အိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါများ အမှတ်မထင်ကူးစက် မှုများရှိလာသည်။

နောက်တစ်ချက် အက်မင်များကိုလည်း ကြိုတင်တောင်းပန်ချင်ပါသည်။ ဤ စာသားကို ရေးခြင်းဖြင့် အမြင်ရိုင်းမှုများရှိခဲ့လျင် တောင်ပေါ်သူအပေါ် လွတ်လွတ်လပ်လပ် အဖွဲ့ဝင်အဖြစ်မှ removed နိုင်ပါသည်။ ဤစာသားများသည် လ၀န်းဖြူမှ သူငယ်ချင်းများကို အနည်းဆုံး ပညာပေးမှုတစ်ခုအဖြစ် မသိသေးသော သူများကို အသိပေးစေလိုပါသည်။လ၀န်းဖြူထဲမှ သူငယ်ချင်းများသည်အများစုမှာ လူငယ်များသာဖြစ်သည်ဟု ယုံကြည်ပါသည်။
လူငယ်များဖြစ်သည့်အလျောက် စူးစမ်းချင်စိတ်၊ သိလိုစိတ်၊ သိသင့်သည်ဟုလည်း ထင်မှတ်သောကြောင့် ဤသို့ရေးသားရခြင်းဖြစ်ပါသည်။

Female Condom - အမျိုးသမီးကွန်ဒုံ
အသုံးပြုပုံ-

၁။ ပုံတွင်ပြထားသည့်အတိုင်း အပြင်ကွင်းနှင့် အတွင်းကွင်းရှိပါသည်။
အတွင်းကွင်းကို (8) ပုံစံဖြစ်အောင်လုပ်ပီး အမျိုးသမီးအဂါင်္အတွင်းသို့ထည့်လိုက်သည့်အခါ ထိုကွန်ဒုံသည် အမျိုးသမီး သားအိမ်ခေါင်းကို ပိတ်ထားပါသည်။
ကွန်ဒုံအသုံးပြုခြင်းအားဖြင့် (အမျိုးသမီးသုံးကွန်ဒုံ၊ အမျိုးသားသုံးကွန်ဒုံ) မိသားစုစီမံကိန်းတွင် အသုံးပြုနိုင်သလို ရောဂါကူးစက်မှုကိုလည်း ကာကွယ်နိုင်ပါသည်။ ဆေးကပ်သုံးစွဲခြင်းဖြင့် ကိုယ်ဝန်မဆောင်နိုင်အောင်သာ ကာကွယ်နိုင်ပီး လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါကို လုံးဝ မကာကွယ်နိုင်ပေ။

အမျိုးသမီးကွန်ဒုံ၏ အားသာချက်

၁။ အမျိုးသမီးကွန်ဒုံကို အချိန် ၈ နာရီကြာ အမျိုးသမီးအဂါင်္အတွင်းသို့ ကြိုတင်ထည့်သွင်းထားနိုင်သည်။
၂။ အမျိုးသမီးကွန်ဒုံသည် ပလက်စတစ်နဲ့ ပြုလုပ်ထားသောကြောင့်
အပူဓါတ်ကိုထုပ်လုပ်ပေးသည်။ အပူဓါတ်ထုပ်လုပ်ပေးသောကြောင့် သဘာဝကျပီး
စိတ်ခံစားမှုကိုပိုရစေသည်။
၃။ အမျိုးသမီးကွန်ဒုံသည် တင်းကြပ်မှုမရှိပေ။
၎။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံထက်ပိုပီး ခိုင်မာသည်။
၅။ အမျိုးသမီးကွန်ဒုံကို မည်သည့်ဆီမျိုးနှင့်မဆို တွဲသုံးနိုင်ပါသည်။

အမျိုးသမီးကွန်ဒုံ၏ အားနည်းချက်
၁။ အမျိုးသမီးကွန်ဒုံသည် ပထမတစ်ကြိမ်တွင် ထည့်သွင်းရန်ခက်ခဲသည်။
၂။အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံ၇ာတွင် အသံမြည်နိုင်ပါသည်။
၃။ အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံရာတွင် ကောင်းကောင်းမထည့်ပါက လွဲချော်မှုရှိနိုင်သည်။
၎။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံနှင့်နှိုင်းယဉ်ပါက ဈေးပိုကြီးသည်။

မှတ်ချက်။ ။ ကွန်ဒုံများအသုံးပြုပီးပါက စက္ကူ(သို့) ပလပ်စတစ် ထဲသို့ထည့်ပီး အမှိုက်ပုံးထဲသို့လွင့်ပစ်ပါ။

အမျိုးသမီးများသိထားသင့်သောရင်သားကင်ဆာ

ဟုတ်ကဲ့ ကျွန်တော်ပြီးခဲ့တဲ့နေက အင်တာနက်ပေါ်မှာ ထူဆန်းတာတွေ ရှာရင်ဒီဆောင်းပါလေးကိုတွေ့ လိုက်ပါ တယ်။ဒါကြောင့်ကျွန်တော်တို့ အတွက်အကျိုမရှိပေမယ် မိန်းကလေးများအတွက်ဖြစ်ပါတယ်။။။။
အခုရက်ပိုင်း အမေရိကန်နိုင်ငံ ကျန်းမာရေး သတင်းတွေမှာ ရေပန်းစားနေတာကတော့ အမျိုးသမီးများ ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းကို ဘယ်အသက်အရွယ်မှာစပြီး လုပ်သင့်တယ်၊ ဘယ်လောက်တစ်ခါ လုပ်သင့်တယ် ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။
ဒီသတင်းနဲ့ ဆက်ဆိုင်တဲ့ သုတေသန စာတမ်းတွေ၊ ထောက်ခံအကြံပြုချက်တွေကိုပြန်လည် တင်ပြပြီး ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ဘယ်လို ဆက်စပ်နိုင်လည်း ဆိုတာကိုပါ ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။ဆွေးနွေးချက်က နည်းနည်းရှည်တော့ အနှစ်ချုပ်ကို အရင်ဖော်ပြပြီး အသေးစိတ်
အချက်အလက်တွေကို နောက်ပိုင်းမှာ ဖော်ပြထားပါတယ်။

အနှစ်ချုပ်

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (U.S. Department of Health and Human Services) ရဲ့
ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့သုတေသန ဌာနခွဲ (Agency for Healthcare Research and Quality) က အရပ်ဖက်ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု (U.S. Preventive Services Task Force)ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့စွက်ဖက်မှု၊ ကြိုတင်အဖြေ ထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလဒ်ကို အများပြည်သူ သိရှိရအောင်ထောက်ခံအကြံပြုချက် အနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ အခုလို ထုတ်ပြန်ပါတယ်။

  • အမေရိကန်နိုင်ငံရှိ အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ အားလုံး အနည်းဆုံး ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၄၀ မှ ၄၉ အတွင်းရှိ အမျိုးသမီးများ အနေဖြင့်မူ ပုံမှန် စစ်ဆေးရန်မလို။ အကယ်၍ ရင်သားကင်ဆာ ဖြစ်စေနိုင်သော မျိုးရိုးဗီဇ ရှိပါက ရင်သားဓာတ်မှန်
    ရိုက်သင့်မရိုက်သင့်ကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆောင်ရွက်သင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၇၅ နှစ်ကျော် အမျိုးသမီးများအတွက်မူ မည်သည့် ထောက်ခံအကြံပြုချက်မျှ မပေးနိုင်သေးပါ။ (သုတေသနပြုချက်များ ပြည့်စုံလုံလောက်မှု မရှိ။)

ဒီလို ထောက်ခံအကြံပြုချက်ဟာ အမေရိကန်နိုင်ငံသူတွေ အတွက်သာ အဓိကဖြစ်လို့မြန်မာနိုင်ငံသူတွေ အနေနဲ့ ဒီအတိုင်း ထပ်ချပ် ဆောင်ရွက်သင့်တယ်လို့ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်က ရင်သားဓာတ်မှန်ရိုက်တဲ့ စက်နဲ့
ဓာတ်မှန်ဖတ်တတ်သူက မြို့တိုင်း နယ်တိုင်းမှာ မရှိပါ။ ရောဂါတွေ့လာလျှင်စနစ်တကျ ကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆေးရုံများကလည်း အကန့်အသတ်နှင့်သာရှိပါတယ်။ ကုန်ကျစရိတ်ကလည်း ထည့်စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပါတယ်။မြန်မာအမျိုးသမီးများကို ကိုယ်စားပြုတဲ့ ရင်သားကင်ဆာဆိုင်ရာ သုတေသနပြုချက်တွေ ပိုပြီး ထွက်ပေါ်လာစေဖို့နဲ့ သုတေသန တွေ့ရှိချက်တွေကိုပြည်သူအများ သိရှိနိုင်အောင် ချပြ ပြောဆိုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။


ကင်ဆာ၏ အခြေခံသဘောတရားများ

ကင်ဆာတို့ မည်သည် မျက်စိဖြင့်မမြင်နိုင် လက်ဖြင့် မစမ်းသပ်နိုင်သော အရွယ်အစားလေးမှတဆင့် စမ်းသပ်နိုင်သည့် အရွယ်အထိ ကြီးထွားလာသည့် သဘောရှိသည်။ ကြီးထွားနှုန်းအနှေးအမြန်မှာ ကင်ဆာ အမျိုးအစား တစ်ခုနှင့် တစ်ခု မတူပေ။လက်ဖြင့်ကိုင်တွယ် စမ်းသပ်နိုင်သော အဖုအကျိတ်အရွယ်ထိကြီးထွားလာနေပြီဆိုလျှင် အတော့်ကို အန္တရာယ်ရှိနေပေပြီ။ တဖန် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ပြန့်ပွားနေပြီဆိုလျှင် ကင်ဆာရောဂါ
အဆိုးဆုံး အခြေအနေကို ရောက်နေပြီဟု ပြောလို့ရနိုင်သည်။


ဘာကြောင့်ကြိုတင်စစ်ဆေးဖို့လိုအပ်တာလဲ

တကယ်လို့များ လက်ဖြင့် စမ်းသပ်နိုင်သည့် အဖုအကျိတ်အရွယ် မရောက်မီကပင် ကင်ဆာကိုရှာဖွေနိုင်ခဲ့ပြီး နည်းမှန်လမ်းမှန် ကုသနိုင်ခဲ့လျှင်အသက်ပိုရှည်နိုင်သည်။ ဒါကြောင့်လည်း ကျန်းမာရေး ပညာရှင်တွေက ကင်ဆာရှိမရှိ
ကြိုတင် စစ်ဆေးဖို့ တိုက်တွန်းကြခြင်းဖြစ်သည်။ သို့ရာတွင် 'ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုတာမျိုး မဖြစ်ရအောင် ကင်ဆာရှိမရှိကြိုတင်စစ်ဆေးသည့် နည်းလမ်းများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလည်း
ထည့်တွက်သင့်သည်။


အမျိုးသမီးများ နှင့် ရင်သားကင်ဆာ

ရင်သားကင်ဆာသည် အမျိုးသမီးများတွင်သာ ဖြစ်နိုင်သလော။ မဟုတ်ပါ။ အမျိုးသားများတွင်လည်းဖြစ်နိုင်ပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးများအနက် ရင်သားကင်ဆာက အဓိက တရားခံဖြစ်သည်။ အမျိုးသားများ အတွက်မူလည်ချောင်းနှင့် အဆုတ်ကင်ဆာများက ဒုက္ခအပေးဆုံးပင်။ (WHO global burden of
disease)


ရင်သားကင်ဆာ ကြိုတင်စစ်ဆေးနည်းများ

အဓိက စစ်ဆေးနည်း ၅ မျိုးမှာ -

  1. သံလိုက်အားသုံး ဓာတ်မှန် – Magnetic Resonance Imaging (MRI)
  2. ရင်သား ဓာတ်မှန် – Film Mammography
  3. ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန် – Digital Mammography
  4. ဆရာဝန် စမ်းသပ်ခြင်း - Clinical Breast Examination
  5. မိမိကိုယ်တိုင် စမ်းသပ်ခြင်း - Breast Self Examination

အခုလို ကြိုတင်စစ်ဆေးနည်းမှာ ဘယ်ဟာက ပိုသာလဲ ဆိုတာကို တွေ့ရှိနိုင်စွမ်း(sensitivity) နဲ့ တိကျမှု (specificity) ဆိုတဲ့ အချက် နှစ်ချက်နဲ့တိုင်းပါတယ်။

ကြိုတင်စစ်ဆေးနည်း တစ်ခုရဲ့ 'တွေ့ရှိနိုင်စွမ်း' ဆိုတာဟာ ကင်ဆာရှိနေသူ လူ ၁၀၀ ကို စစ်ဆေးကြည့်လိုက်လို့ အဲဒီအထဲကဘယ်နှစ်ယောက်ကို ကင်ဆာရှိနေပါတယ် လို့ မှန်မှန်ကန်ကန် အဖြေထွက်လဲ ဆိုတာကို
ကြည့်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ဗေဒင်ဆရာ တစ်ယောက်ကို ဗေဒင်သွားမေးတယ်ဆိုပါစို့။ ခင်ဗျားအိမ်မှာ သရက်ပင် ရှိတယ်လို့ ဟောတယ်။ အိမ်မှာသရက်ပင်ရှိတဲ့ မေးသူ ၁၀၀ မှာ ဘယ်နှစ်ယောက်ကို မှန်အောင် ဟောနိုင်လဲ ဆိုတာ'တွေ့ရှိနိုင်စွမ်း' ပါပဲ။ သတိချပ်ဖို့က တချို့မေးသူတွေအိမ်မှာသရက်ပင်ရှိပေမယ်လို့ ဗေဒင်ဆရာက သရက်ပင်ရှိတယ်လို့ မဟောလိုက်နိုင်ဘူး။(မသိတဲ့ အခါလည်း မသိဘူးပေါ့)

'တိကျမှု' ဆိုတာကျတော့ ကြိုတင်စစ်ဆေးနည်း အဖြေက ကင်ဆာ ရောဂါရှိတယ် လို့ အဖြေထွက်ပေမယ့် တကယ်တန်း
လက်တွေ့မှာ အဲဒီလူအားလုံး ရောဂါရှိနေတာ မဟုတ်ပါ။ တချို့တလေမှာ ရောဂါမရှိပါပဲနဲ့ ကြိုတင်စစ်ဆေးနည်းက ရောဂါရှိပါတယ်လို့ အဖြေထွက်လာတာမျိုးဖြစ်တတ်ပါတယ်။ ဥပမာ နဲ့ ရှင်းပြရရင် ဗေဒင်ဆရာက တစ်နှစ်အတွင်း
ထီပေါက်မယ်လို့ ဟောလိုက်တယ်။ အဲဒီလို ထီပေါက်မယ်လို့ အဟောခံရတဲ့ လူ ၁၀၀ မှာဘယ်နှစ်ယောက်က တစ်နှစ်အတွင်း တကယ် ထီပေါက်သလဲ ဆိုတာဟာ 'တိကျမှု' ဖြစ်ပါတယ်။သတိချပ်ဖို့က ထီပေါက်မယ် အဟောခံရတိုင်း ပေါက်ချင်မှ ပေါက်တာ။(မှားတဲ့အခါလည်း မှားပေမပေါ့)

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၅ မျိုးရဲ့ တွေ့ရှိနိုင်စွမ်း၊ တိကျမှုနဲ့ အမေရိကန်နိုင်ငံက ကုန်ကျစရိတ် ကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။


စဉ်

နည်းလမ်း

တွေ့ရှိနိုင်စွမ်း

တိကျမှု

ကုန်ကျစရိတ်

၁။

သံလိုက်အားသုံး ဓာတ်မှန်

၇၁ - ၁၀၀%

၈၁ - ၉၁%

ဒေါ်လာ ၃၆၀၀ + စမ်းသပ်ခ

၂။

ရင်သား ဓာတ်မှန်

၇၇ - ၉၅%

၉၄ - ၉၇%

ဒေါ်လာ ၈၅ + စမ်းသပ်ခ

၃။

ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန်

၇၇ - ၉၅%

၉၄ - ၉၇%

ဒေါ်လာ ၁၃၅ + စမ်းသပ်ခ

၎။

ဆရာဝန် စမ်းသပ်ခြင်း

၄၀ - ၆၉%

၈၈ - ၉၉%

စမ်းသပ်ခ

၅။

မိမိကိုယ်တိုင် စမ်းသပ်ခြင်း

၁၂ - ၄၁%

-

-


ရာခိုင်နှုန်းတွေကို နမူနာ ရှင်းပြရမယ် ဆိုရင် -

ရင်သားဓာတ်မှန်ရဲ့ ကင်ဆာ တွေ့ရှိနိုင်စွမ်း ၇၇ မှ ၉၅% ဆိုတာ၊ တကယ်တန်း ကင်ဆာ ရောဂါရှိတဲ့ အမျိုးသမီး ၁၀၀ ကို ရင်သားဓာတ်မှန် ရိုက်ကြည့်ရင် ၇၇ ယောက်ကနေ ၉၅ယောက်လောက်အထိရဲ့ ဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်ကို တွေ့နိုင်ပါမယ်။ ဒါပေမယ့်လည်းခန့်မှန်းချေ ၅ ယောက်ကနေ ၂၃ ယောက်လောက်ကတော့ ရောဂါရှိနေလျက်နဲ့ ဓာတ်မှန်မှာ
ရောဂါ တွေ့မှာ မဟုတ်ပါဘူး။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာမတွေ့ဘူးဆိုတိုင်း ကင်ဆာ မရှိဘူးလို့ တတ်အပ် ပြောလို့ မရပါ။

တစ်ခါ တိကျမှု ၉၄ မှ ၉၇% ဆိုတာ ရင်သားဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်တွေ့တဲ့ အမျိုးသမီး ၁၀၀မှာ ၉၄ ယောက်ကနေ ၉၇ ယောက်လောက် အထိက တကယ် ကင်ဆာ ရှိကြပါတယ်။ တနည်းပြောရရင် ဓာတ်မှန်မှာ ကင်ဆာ တွေ့တိုင်းလည်း ကင်ဆာ ရှိနေပြီလို့ သေချာပေါက်ပြောလို့ မရပါ။


ဒါဆို သေချာအောင် ဘယ်လို လုပ်ရမလဲ။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် တွေ့တယ်ဆိုရင် အဲဒီ ကင်ဆာ ဖြစ်နေတယ်လို့ သံသယရှိတဲ့ နေရာက
အသားစ နမူနာယူပြီး ဓာတ်ခွဲ စစ်ဆေးရပါမယ်။ အဲဒါမှ ကင်ဆာရှိမရှိ ပိုပြီးသေသေချာချာ သိနိုင်မှာ ဖြစ်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် မတွေ့ရင်လည်း နောက် ၂ နှစ်နေရင် တစ်ခါ ပြန်ရိုက်သင့်ပါတယ်။

ဘယ်အသက်အရွယ်မှာ စပြီးတော့ ရင်သားဓာတ်မှန် ရိုက်သင့်လဲ အမေရိကန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့အဖွဲ့တစ်ခု ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေကကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲမိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလာဒ်ကို
အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ထုတ်ပြန်ပါတယ်။

ဒီနေရာမှာ ဆက်ဆိုင်လို့ ထောက်ခံအကြံပြုချက် (Recommendation) ရဲ့ အဓိပ္ပါယ်ကိုရှင်းချင်ပါတယ်။ ထောက်ခံအကြံပြုချက်ဆိုတာ ဥပဒေနဲ့ မတူပါဘူး။ လိုက်လုပ်လည်းရတယ်။ မလုပ်ချင်လည်း ရတယ်။ ကင်ဆာဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်ကကိုယ့်သမ္ဘာ နဲ့ကိုယ် ဆုံးဖြတ်ပြီး ပညာရှင်တွေရဲ့ ထောက်ခံအကြံပြုချက်ကို
မလိုက်နာပဲ ကုပေးတာကို ဘယ်သူကမှ လာပြီး အပြစ်ပေးလို့ မရပါ။ ဘယ် ရဲ ကမှလည်းစောင့်ကြည့်မနေပါ။

ဒါပေမယ့် ဘာသာရပ်ပိုင်းဆိုင်ရာ (ဒီကိစ္စမှာ ရင်သားကင်ဆာ ဆိုင်ရာ) တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဒီလို ဒီလိုတော့ဖြင့်
လုပ်သင့်ပါတယ် ပြောထားလျက်နဲ့ ကိုယ်က လိုက်မလုပ်ဖြစ်ခဲ့လို့ လူနာမှာတစ်ခုခု နစ်နာ ဆုံးရှုံးသွားရမယ် ဆိုရင်တော့ နစ်နာမှုနဲ့ တရားစွဲတာခံရနိုင်ပါတယ်။ နောက်ပိုင်းကိစ္စကတော့ တရားခွင်မှာ ဆက်ရှင်းပေါ့။

အရပ်ဖက်ပညာရှင်အဖွဲ့ဆိုတာမျိုးက အခုမှ ပေါ်လာတာ မဟုတ်ပါ။ ၁၉၈၄ ခုနှစ်လောက် ကတည်းက ရှိခဲ့တဲ့
အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ပြောင်းရင်သာ ပြောင်းသွားမယ် လွတ်လွတ်လပ်လပ်လုပ်ငန်းဆောင်ရွက်နိုင်မှု သဘောတရားကတော့ မပြောင်းပါ။
ရင်သားဓာတ်မှန်ရိုက်ပြီး ရင်သားကင်ဆာ ရှာဖွေကြည့်ခြင်း ဆိုင်ရာထောက်ခံအကြံပြုချက်ကို ၂၀၀၂ ခုနှစ်တုန်းက ဒီအဖွဲ့ကပဲ ပြောခဲ့ဖူးပါတယ်။
အခုတော့ သုတေသန တွေ့ရှိချက် အသစ်တွေပေါ် အခြေခံပြီး ၂၀၀၉ ခုနှစ်ထောက်ခံအကြံပြုချက်ကို ထုတ်တာပါ။ ဘာတွေကွာခြားလဲ ဆိုတာနှိုင်းယှဉ်ကြည့်ရအောင်။


အမျိုးသမီးများ၏ အသက်

၂၀၀၂

၂၀၀၉

၄၀ - ၄၉ နှစ်

၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။

ရင်သားဓာတ်မှန် ပုံမှန် ရိုက်စရာမလို။ လူတစ်ဦးချင်း အနေအထားပေါ် မူတည်၍ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်မှ ရိုက်သင့်သည်။

၅၀ - ၇၄ နှစ်

၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။

၂ နှစ် ၁ ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။

၇၅ နှစ် အထက်

၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။

သုတေသနပြုချက်များ လုံလောက်မှုမရှိသဖြင့် အတတ်မပြောနိုင်။


၂၀၀၉ ထောက်ခံအကြံပြုချက်မှာ ပါတဲ့ နောက်အချက် တစ်ခုကတော့ MRI, Digital Mammography နဲ့ ဆရာဝန် စမ်းသပ်တာတွေ အတွက်ကိုတော့ မည်သို့မျှမပြောလိုကြောင်း၊ သုတေသန ပြုချက်များ မလုံလောက်ကြောင်း ပါရှိပါတယ်။
'မိမိကိုယ်တိုင်စမ်းသပ်ခြင်း' နည်းလမ်းကိုတော့ ကြိုတင်စစ်ဆေးမှုအတွက်အသုံးမပြုသင့်ကြောင်း ပြောထားပါတယ်။


ဘာကြောင့် ဒီလို ထောက်ခံအကြံပြုသလဲ

ရင်သားကင်ဆာကြောင့် အသက်သေဆုံးရမှု လျှော့ကျစေဖို့ကို အဓိကရည်ရွယ်ပြီး ဒီလို ထောက်ခံအကြံပြုတာဖြစ်ပါတယ်။


သူတို့ ဘယ်လိုသိသလဲ

အမေရိကန် အရပ်ဖက် ပညာရှင်အဖွဲ့က အခြားသုတေသီတွေ လုပ်ဆောင်ခဲ့သမျှတွေကို စနစ်တကျလေ့လာပြီး အနှစ်ချုပ်ရလဒ်ကို ကြည့်ပါတယ်။ နောက်ပြီးတော့အမေရိကန်နိုင်ငံသူတွေရဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း၊ ရောဂါအပြင်းအပျော့၊ကင်ဆာကြောင့် သေဆုံးမှုနှုန်း စတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ
ထည့်သွင်းပြီး ဘယ်အသက်အရွယ်မှာ ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့်
သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လဲ ဆိုတာကို ဆန်းစစ်ပါတယ်။

ဒီဆန်းစစ်ချက်တွေအရ အသက် ၅၀ ကနေ ၆၉ နှစ်အတွင်း ရှိ အမျိုးသမီးများကို ၂ နှစ် ၁ ကြိမ်ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၁၅ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီး၊ မလိုအပ်ပဲ အသားစယူခံရမှု အနည်းဆုံးဆိုတာ တွေ့ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေကိုပါ ၂ နှစ် ၁ ကြိမ်ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ရှားရှားပါးပါး တစ်ယောက်တစ်လေရဲ့ အသက်ကို ထပ်ပြီး ကယ်တင်ကောင်း ကယ်တင်နိုင်ပါမယ်။ ဒီလိုအသက်တစ်ချောင်း ကယ်တင်နိုင်ဖို့အတွက် လူ ၁၃၀၀ လောက်ကို ရင်သားဓာတ်မှန်
ရိုက်ပြီးစစ်ဆေးဖို့ လိုပါမယ်။ ရင်သားဓာတ်မှန် ၁၂၉၉ ကြိမ် (တန်ဖိုးအားဖြင့်ဒေါ်လာ ၁ သိန်း ၃ သောင်းဖိုးလောက်) က အပိုရိုက်ရသလို ဖြစ်နေတယ်။အကြမ်းဖျင်း ပြောကြေးဆိုရင် အသက်တစ်ချောင်းက ဒေါ်လာ ၁ သိန်း ၃ သောင်း တန်တယ်ဆိုပါစို့ရဲ့။ စာရှုသူဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။


ဆွေးနွေးချက်

ဒီ ထောက်ခံအကြံပြုချက် ထွက်ပေါ်အပြီးမှာ အမေရိကန် ရုပ်မြင်သံကြားတွေကရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီး တစ်ချို့နဲ့ တွေ့ဆုံပါတယ်။ ကာယကံရှင်တွေပြောတာက သူတို့တွေ အသက် ၄၀ ကျော် ၅၀ မတိုင်မီအရွယ်တုန်းက ရင်သားဓာတ်မှန်ရိုက်လိုက်မိလို့သာ ကင်ဆာကို စောစောတွေ့ပြီး အသက်ရှင်နိုင်တာပါတဲ့။
မှန်ပါတယ်။ တစ်ဦးချင်း အနေနဲ့ ဒီလို အတွေ့အကြုံမျိုးကတော့ ရှိမှာပါပဲ။ဒါပေမယ့်လည်း ရုပ်မြင်သံကြားမှာ တွေ့ဆုံမေးမြန်း ခံရတဲ့ အမျိုးသမီးတစ်ယောက် ရှိရင်၊ သူ့လိုပဲ အသက် ၅၀ မတိုင်ခင် ရင်သားဓာတ်မှန် ရိုက်ပြီး
ကင်ဆာမရှိပါပဲ ကင်ဆာရှိတယ်လို့ မှားပြီး သတ်မှတ်ခံရတဲ့ အမျိုးသမီးက ၈၈ယောက် ရှိနေပါလိမ့်မယ်။ အဲဒီ ၈၈ ယောက်မှာတော့ မလိုအပ်ပဲ အသားစယူ စစ်ဆေးတာခံခဲ့ရမှာပါ။ ဒီလို မှားယွင်းပြီး အသားစယူခံရတဲ့ အမျိုးသမီး တွေကိုတော့ရုပ်မြင်သံကြားတွေက တွေ့ဆုံမေးမြန်းခြင်း မပြုပါဘူး။

အခု ထောက်ခံအကြံပြုချက်ဟာ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြုပြီး ရလာတဲ့အချက်အလက်တွေပေါ်မှာ အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းနိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး ပေါ်လစီ ချမှတ်တဲ့ အခါမှာ သိပ္ပံနည်းကျတာ
မကျတာ တစ်ချက်တည်းနဲ့ ဖြစ်ချင်မှ ဖြစ်ပါတယ်။ ဥပဒေပြု အမတ်တွေကိုရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုက မကြိုက်ရင် သိပ္ပံနည်း ဘယ်လို ကျနေနေအမတ်တွေ ဘာမှ မတတ်နိုင်ပါဘူး။

နောက်တစ်ချက်က ရင်သားဓာတ်မှန်ကြောင့် အကျိုးဖြစ်နေသူတွေ (ဥပမာ ဓာတ်မှန်စက် တီထွင်သူတွေ၊ဓာတ်မှန်စက် ထောင်သူတွေ၊ ဓာတ်မှန် ဆရာဝန်တွေ) လည်း အများအပြားရှိသေးတော့သူတို့ရဲ့ အမြင်တွေကလည်း ဥပါဒါန် မကင်းနိုင် ဖြစ်တတ်ပါတယ်။

နောက်ဆုံး လူတွေ မပြောချင်ကြပေမယ့် မပြောမဖြစ်ပြောရမယ့် ကိစ္စက ငွေရေးကြေးရေးပါ။'ငွေဘယ်လောက်ကုန်ကုန် ကုလိုက်မယ်' ဆိုတာ စကားအဖြစ်သာ ရှိပါတယ်။ တကယ်တန်းမှာမိသားစုတိုင်း၊ မိသားစုတိုင်း ငွေကြေးတတ်နိုင်မှုပေါ် မူတည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကို သုံးကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်းဒီအတိုင်းပါပဲ။ တိုင်းပြည်က ဘယ်လောက် ချမ်းသာနေလဲ၊ ကျန်းမာရေးအတွက်ဘယ်လောက် ငွေအကုန်ခံနေလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးတဲ့ အချက်တွေပါ။


မြန်မာအမျိုးသမီးများနဲ့ ဘယ်လို သက်ဆိုင်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်သားကင်ဆာဟာအမျိုးသမီးတွေ အတွက် ဒုတိယ ဒုက္ခအပေးဆုံး ဖြစ်ပါတယ်တဲ့။ ဒီလိုဆိုတော့အရှေ့တောင်အာရှထဲမှာ ပါတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်လည်းအရေးကြီးတာပေါ့။

မြန်မာနိုင်ငံအနေနဲ့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်း ကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဆောင်နိုင်နေပြီ လို့တော့ မကြားမိသေးပါ။ စာရေးသူတို့ ဆေးကျောင်းသားဘ၀ကများဆိုရင် ရင်သားကင်ဆာ ဝေဒနာရှင်တွေဟာ အဖုအကျိတ် အတော်ကြီးကို ကြီးမှဆေးရုံရောက်လာကြတာတွေ ရှိပါတယ်။ ရောဂါကျွမ်းမှ ရောက်လာတာပေါ့။ ကုသရလည်းခက်ခဲသွားပြီး အသက်ရှင်ဖို့လည်း မလွယ်တော့ပါ။

ဒီနေ့ ဒီအချိန်မှာတော့ မြို့ကြီးတွေမှာ ရင်သားဓာတ်မှန် ရိုက်လို့ ရနေပါပြီ။ ဒါပေမယ့်မြို့တိုင်းမှာတော့ မရသေးပါ။ ကျန်းမာရေး ဗဟုသုတရှိသူ ဆေးရုံဆေးခန်းနဲ့နီးစပ်သူများကတော့ ရင်သားဓာတ်မှန် ရိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်တာတွေ
ရှိလာနေပါပြီ။ တစ်ဖက်မှာလည်း ရင်သားဓာတ်မှန်ရိုက်တယ် ဆိုတာကို ဘာမှန်းမသိသူများလည်း ရှိပါသေးတယ်။ အရွယ်ရောက်တဲ့ မြန်မာ အမျိုးသမီးတိုင်းရင်သားကင်ဆာ ဗဟုသုတ ရှိနေဖို့ အတော်အားထုတ် လုပ်ဆောင်ရပါဦးမယ်။

ဖော်ပြပါ သုတေသန ပြုချက်တွေဟာ အမေရိကန် အမျိုးသမီးတွေကို အဓိကထားစဉ်းစားထားတာဖြစ်လို့ မြန်မာအမျိုးသမီးတွေမှာ လည်း ဒီလိုအခြေအနေရှိမယ်လို့တပ်အပ် မပြောနိုင်ပါ။ မြန်မာအမျိုးသမီးများမှာ ရင်သားကင်ဆာ
ဖြစ်ပွားမှုနှုန်း၊ ရောဂါအမျိုးအစား၊ အနုအရင့် စတာတွေကို သိရှိနိုင်ဖို့သုတေသန ပြုချက်တွေ လိုပါမယ်။

ကဲ စာရေးသူရေ ဝေ့၀ိုက်မနေပါနဲ့ မြန်မာအမျိုးသမီးတွေကို ဘယ်လို အကြံပေးမလဲ ဆိုရင်တော့ …

  • အသက် ၄၀ ကျော်ပြီး မိသားစု (မိခင်၊ အဒေါ်၊ ညီမ၊ အစ်မ) မှာ ရင်သားကင်ဆာ ဖြစ်ဖူးရင်
  • အသက် ၄၀ ကျော်ပြီး ရင်သားမှာ နဂိုကမရှိတဲ့ အဖုအကျိတ် ရှိလာပြီလို့ သံသယရှိရင်
  • အသက် ၅၀ ကျော်ပြီး ရင်သားဓာတ်မှန် ရိုက်ဖို့ အဆင်ပြေရင် (မိမိနေတဲ့မြို့မှာ ရင်သားဓာတ်မှန် ရိုက်လို့ရရင်)



နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ရင်သားဓာတ်မှန် ရိုက်ကြည့်သင့်ပါတယ်။ တစ်ဆက်တည်း ၂ နှစ် ၁ ကြိမ် ပုံမှန် စစ်ဆေးဖို့ရာလည်းတိုက်တွန်းလိုက်ပါတယ်နော်......လေးစားစွာဖြင့်

Saturday, October 30, 2010

မြန်မာနိုင်ငံရှိ အင်တာနက်လိုင်းများ ပြတ်တောက်နေမှု

မြန်မာနိုင်ငံရှိ အင်တာနက်လိုင်းများ ပြတ်တောက်နေမှု တစ်ပတ်ခန့်ကြာမြင့်သည်အထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသေး

By Eleven Media Group on Friday, October 29, 2010 at 10:17pm

မြန်မာနိုင်ငံရှိ အင်တာနက်လိုင်းများ ပြတ်တောက်နေမှု တစ်ပတ်ခန့်ကြာမြင့်သည်အထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးကြောင်း အင်တာနက်သုံးစွဲသူများ၏ ပြောကြားချက်အရ သိရသည်။

အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် အင်တာနက် အသုံးပြုဆောင်ရွက်နေရသည့် ITကုမ္ပဏီများ၊ ပြည်ပဆေးရုံများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ နှင့် သတင်းမီဒီယာလုပ်ငန်းအများစု ထိခိုက်မှုများရှိနေကြောင်းသိရှိရသည်။

ပြည်တွင်းအင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ IPS များသို့ Cyber တိုက်ခိုက်မှုနည်းလမ်းတစ်ခုဖြစ်သည့် DDOS (Distributed Denial of Service Attack) ဖြင့် ပြည်ပမှ ၀င်ရောက်တိုက်ခိုက်နေသည့်အတွက် တိုက်ခိုက်သည့်အချိန်များတွင် အင်တာနက်သုံးစွဲ၍ မရခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြည်တွင်း၌ အင်တာနက်လိုင်းများ ပြတ်တောက်မှုကြောင့် ပြည်ပ website အားလုံးကြည့်ရှုမရနိုင်ဘဲ Local Website အချို့ကိုသာကြည့်ရှုနိုင်ကြောင်း၊ ထိုပြင် အင်တာနက်ပြတ်တောက်မှုသည် ရန်ကုန်မြို့၌ အဓိကဖြစ်ပေါ် နေကြောင်း သိရှိရသည်။

“အရင်အပတ် ဗုဒ္ဓဟူးနေ့ လောက်ကစပြီး အင်တာနက်ကွန်နက်ရှင်တွေ တက်လိုက်ကျလိုက် ဖြစ်လာတယ်။ ဒီရက်ပိုင်း သုံးလေးရက်အတွင်းမှာ နေ့ခင်းဘက်ဆို လုံးဝမတက်တော့ပဲ လုံးဝပြတ်သွားတယ်။ ညဘက်ဆိုရင်တော့ တစ်ခါတလေ ပြန်ရတယ်။ ညဘက်ရပေမယ့်လည်း connection အရမ်းကျနေတော့ ဘယ်လိုမှသုံးမရဘူးဖြစ်နေတယ်။ မြန်မာတယ်လီပို့ကို ဆက်သွယ်ပြီးမေးကြည့်တော့လည်း ပြန်ကောင်းမယ့်အချိန်ကို အတိအကျ ပြန်မဖြေဘူး။ ဒါ့ကြောင့် လောလောဆယ်ဆိုင်ကို ခဏပိတ်ထားလိုက် တယ်” ဟု တာမွေမြို့နယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

“ကျွန်တော်တို့က အရင်ထက်စာရင် သင့်တင့်တဲ့ လွတ်လပ်မှုတွေ ရှိလာပြီလို့ ထင်ထားတာ။ လာမယ့် ရွေးကောက်ပွဲမှာလည်း ကိုယ်ပေးချင်တာ ကိုယ်ယုံကြည်တာကို လွတ်လွတ်လပ်လပ် မဲပေးနိုင်မယ်လို့ ယုံကြည်ထားတာ။ အခုတော့ အင်တာနက် လိုကိစ္စမျိုးတောင် ကိုယ်ပေးတာနဲ့ တန်အောင်သုံးခွင့်မရဘူးဆိုတော့ စဉ်းစားစရာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

"အခု ရတနာပုံတယ်လီပို့က အင်တာနက် Service တွေလွှဲယူပြီး ကတည်းက အင်တာနက်ပြဿနာ ပေါ်တော့တာပဲ။ ဒီလိုမကြာခဏ အင်တာနက် Connection တွေချပစ်တာဟာ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။ ရွေးကောက်ပွဲရဲ့ ပုံရိပ်ကိုထိပါးတယ်ဆိုတာ သတိပြုသင့်တယ်။ ရတနာပုံတယ်လီပို့ဟာ ဒီပြဿနာကိုမဖြေရှင်းဘဲ Monopoly လုပ်တာမျိုး ခွင့်မပြုသင့်ဘူး။ သူနဲ့အပြိုင် Service ပေးတဲ့ ကုမ္ပဏီ အနည်းဆုံးနှစ်ခုလောက် ခွင့်ပြုသင့်တယ်။ Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကိုထိပါးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာရောက်ပါတယ်"ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

Monday, October 25, 2010

မြို့နှစ်မြို့

မြို့ကြီးတစ်မြို့၏အ၀င်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။

မြို့ထဲမ၀င်မီ လမ်းဘေးမှာထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။

'ဒီမြို့ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုး ရှိကြသလဲဗျ'

အမျိုးသမီးကပြန်မေးသည်။

'ရှင်ထွက်လာခဲ့တဲ့မြို့လူတွေကော ဘယ်လိုသဘောမျိုး ရှိကြသလဲ'

'ဆိုးပါ့ဗျာ၊ အင်မတန် ယုတ်မာကောက်ကျစ်တဲ့လူတွေ၊ လုံးဝယုံကြည်လို့မရတဲ့လူတွေ၊ ကောင်းကွက်ဆိုလို့ တစ်စက် ကလေးမှမရှိတဲ့လူတွေ' သူက မဲ့မဲ့ရွဲ့ရွဲ့ပြန်ဖြေသည်။

'အင်း၊ ဒီမြို့ထဲကလူတွေလည်း အဲဒီပုံစံအတိုင်းပဲ ရှင် တွေ့ရဦးမှာပါ' အမျိုးသမီးကဆိုလိုက်သည်။

များမကြာမီပင် နောက်ခရီးသည်တစ်ယောက် မြို့နားရောက်လာပြန်ကာ အမျိုးသမီးအား မြို့ထဲကလူတွေအကြောင်း မေးပြန်သည်။ သည်အခါအမျိုးသမီးကလည်း ပထမခရီးသည်တုန်းကအတိုင်း သူလာခဲ့သည့်မြို့ကလူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။

'အင်မတန် စိတ်သဘောကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လည်း ရက်ရောကြပါ တယ်။ ကျွန်တော် အဲဒီကထွက်လာရတာ စိတ်မကောင်းဘူး' ဒုတိယခရီးသည်က လှိုက်လှဲသောလေသံဖြင့် ဆိုလေသည်။

သည်အခါ ပညာရှိအမျိုးသမီး အဖြေပေးလိုက်သည်။

'ရှေ့က မြို့ထဲမှာလည်း အဲဒီလိုလူမျိုးတွေကိုပဲ ရှင်ထပ်တွေ့ရမှာပါ' ဟူ၍။

ဖေမြင့်

(မူရင်း ။              ။ The Best of Bits and Pieces မှ A Tale of Two Cities)

အသစ်ပြဌာန်းသော မြန်မာနိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း (၂၁ အောက်တိုဘာ ၂၀၁၀)

နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊အတိုင်းအတာနှင့် အရောင်အသွေး

(က) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားသည် ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၉ပေနှင့် အနံ ၆ပေဖြစ်သည်။

(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ဖြစ်သည်။ အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့မှာ အလံတော်၏ အနံဖြစ်သော ၆ပေကို သုံးပုံတစ်ပုံစီ အညီအမျှရှိရမည်။ထို့ကြောင့် အရောင်တစ်ရောင်လျှင် ၂ပေစီရှိရမည်။

(ဂ)        (၁) အ၀ါရောင်၊အစိမ်းရောင်နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ငါးခုပါသော ကြယ်ဖြူကြီးတစ်လုံးရှိရမည်။

(၂) ကြယ်ဖြူကြီး၏အပေါ်ကြယ်လက်တံသည် နိုင်ငံတော်အလံ အလျား၏ ထက်ဝက်ဖြစ်သော ၄ပေ ၆လက်မနှင့် တည့်တည့်နေရာတွင်ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။

(၃) ကြယ်၏ထိပ်မှ အလံ၏အ၀ါရောင်အနားသတ်အထိ အကွာအဝေးနှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ် လက်တံနှစ်ခု၏ထိပ်မှ အလံ၏အနီရောင် အနားသတ်အထိ အကွအဝေးတို့သည် ၁ပေစီရှိရမည်။

(၄) ကြယ်လက်တံထိပ်တစ်ခုနှင့်တစ်ခုသည် ၂ပေ ၇.၂လက်မစီ အကွာအဝေးတူညီရမည်။

(ဃ) နိုင်ငံတော်အလံ၏စံပြုအရောင်အသွေးမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) အ၀ါရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၁၁၆ပီစီ (PANTONE 116 PC) ဖြစ်သည်။

(၂) အစိမ်းရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၃၆၁ ပီစီ (PANTONE 361 PC) ဖြစ်သည်။

(၃) အနီရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၁၇၈၈ ပီစီ (PANTONE 1788 PC) ဖြစ်သည်။

*နိုင်ငံတော်အလံတွင် အ၀ါရောင်၊အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။

အလံတော်၏ အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင် ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ခ) အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြေသည့် နိုင်ငံ ဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဃ) ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝ ခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။

တားမြစ်ချက်

နိုင်ငံတော်အလံကို မည်သူမျှ -

(က) ပစ္စည်း တစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ။

(ခ) အခင်းအဖြစ်အသုံးမပြုရ။

(ဂ) နိုင်ငံတော်ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်သော်လည်းကောင်း၊ အ၀တ်အထည်ခြယ်လှယ်မှုအဖြစ်လည်းကောင်း။ ဆင်ယင်မှု အဖြစ်လည်းကောင်း သုံးစွဲခြင်းမပြုရ။

မည်သူမဆို တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နိုင်ငံတော်သီချင်း

တရားမျှတ - လွတ်လပ်ခြင်းနဲ့မသွေ-

တို့ပြည် - တို့မြေ -

များလူခပ်သိမ်း - ငြိမ်းချမ်းစေဖို့ -

ခွင့်တူညီမျှ - ၀ါဒဖြူစင်တဲ့ပြည် -

တို့ပြည် - တို့မြေ -

ပြည်ထောင်စုအမွေ - အမြဲတည်တံ့စေ -

အဓိဋ္ဌာန်ပြုပေ - ထိန်းသိမ်းစို့လေ။

(ကမ္ဘာမကျေ - မြန်မာပြည် - တို့ဘိုးဘွားအမွေစစ်မို့ - ချစ်မြတ်နိုးပေ) ၂

ပြည်ထောင်စုကို - အသက်ပေးလို့ - တို့ကာကွယ်မလေ။

ဒါတို့ပြည် - ဒါတို့မြေ - တို့ပိုင်နက်မြေ။

တို့ပြည် - တို့မြေ - အကျိုးကို ညီညာစွာ - တို့တစ်တွေ

ထမ်းဆောင်ပါစို့လေ - တို့တာဝန်ပေ

အဖိုးတန်မြေ။

တားမြစ်ချက်နှင့် ပြစ်ဒဏ်

နိုင်ငံတော်သီချင်းနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ -

(က) နိုင်ငံတော်သီချင်း၏ တေးသွားနှင့် စာသားကို ဂုဏ်သိက္ခာမဲ့သောနည်းလမ်းဖြင့် အသုံးပြုခြင်း၊

(ခ) နိုင်ငံတော်သီချင်းတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်း တစ်ခုခုကိုဖြစ်စေ ဖျက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် သေးသိမ် စေအောင် သီဆိုခြင်း၊

(ဂ) နိုင်ငံတော်သီချင်း၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် တမင်သက်သက်ပြုခြင်း သို့မဟုတ် မလေးမစားပြုခြင်း၊

(ဃ) နိုင်ငံတော်သီချင်းစာသားဖျက်၍သီဆိုခြင်း သို့မဟုတ် နိုင်ငံတော်သီချင်းသံစဉ်နှင့်တီးလုံးကို အခြားစာသားများသွင်း ၍ သီဆိုတီးမှုတ်ခြင်း၊

(င) နိုင်ငံတော်သီချင်းကဲ့သို့ သဘောသက်ရောက်သောသီချင်းမျိုးကို ထပ်မံစပ်ဆိုသုံးစွဲခြင်း။

မည်သူမဆို တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

စာကြွင်း။    ။ ၂၂ -၁၀-၂၀၁၀ ကြေးမုံသတင်းစာပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတော် အလံ၊ နိုင်ငံတော်တံဆိပ် နှင့် နိုင်ငံတော်သီချင်းများဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များပါသော အချပ်ပိုမှ ကူးယူဖော်ပြချက်တစ်ချို့ဖြစ်ပါသည်။