Saturday, December 12, 2009

You should know about Right things

-->
အမှန်ကိုသိမှ အကျိုးရှိမည်
'ဟော.....ကိုဝင်းပါလား၊ ထိုင်ဗျာ။ ခင်ဗျားနဲ့မတွေ့တဲ့ကာလအပိုင်းအခြားအတွင်းမှာ ကျွန်တော်လည်း ဘာသာရေးစာအုပ်တွေ အတော်ဖတ်ဖြစ်တယ်ဗျ'
'ကောင်းတာပေါ့ ကိုလင်းရာ၊ အလိမ္မာစာမှာရှိတဲ့ဗျ၊ စာများများဖတ်မှသိ၊ သိမှလိမ္မာပေတော့မပေါ့၊ သာဓုဗျာ.....သာဓု'
'သိပ်လည်း သာဓုခေါ်မနေနဲ့ဦး ကိုဝင်းရေ၊ ကျွန်တော့်မှာ စာများများဖတ်မိကာမှ တွေဝေစရာတွေဖြစ်လာလို့ဗျို့'
'ဆိုပါဦးဗျာ၊ ဘာတွေများတွေဝေမိလို့တုံး'
'ဥပမာ......ဟောဒီစာအုပ်ထဲက စာပိုဒ်တချို့ကိုပဲကြည့်ပါဦး၊ ခေါင်းစီးက စစ်ဗိုလ်ဝိဇ္ဇာတဲ့ဗျာ၊ အဲဒီပုဂ္ဂိုလ်ကစစ်ဗိုလ်ဝတ်စုံအပြည့်နဲ့ ကောင်းကင်ကနေ လူကိုယ်ချည့်သက်သက်ဆင်းလာသတဲ့၊ သူဆင်းလာတဲ့ အချိန်မတိုင်မီမှာ ရဟတ်ယာဉ်သံ ကြိုပြီးကြားရသတဲ့၊ လာတုန်းက ဟိမ၀န္တာဘက်ကဖြစ်ပြီး ပြန်တော့ ရန်ကုန်မြို့ရှိရာကို ပျံတက်သွားသတဲ့ဗျာ၊ ကဲ.....ဒါကိုခင်ဗျားယုံသလား'
'ဒါက ကျွန်တော့်ကို မေးရမယ့်ကိစ္စမဟုတ်ဘူး ကိုလင်းရဲ့၊ ခင်ဗျားမှာလည်း မွေးရာပါဦးနှောက်ကြီးတစ်ခုလုံး သန်သန်စွမ်းစွမ်းရှိ နေရဲ့သားနဲ့ဗျာ၊ ခင်ဗျာ့ဦးနှောက်က ပန်ကာအောက်မှာအနေကြာလို့ ဈေးအကြီးဆုံးဖြစ်သွား ပြီလားတော့ မပြောတတ်ဘူး'
'ဘာလဲဗျ ခင်ဗျားဥစ္စာက ၊ ဈေးအကြီးဆုံးဦးနှောက်ဆိုတာ....'
'ဒီလိုဗျ၊ တစ်ခါက ဦးနှောက်ပြပွဲတစ်ခုလုပ်ရာမှာ ဦးနှောက်တစ်ခုက တန်ဖိုးအကြီးဆုံးကပ်ထားသတဲ့၊ ဒါနဲ့ပြပွဲလာပရိတ်သတ်က ဘာဖြစ် လို့ ဒီဦးနှောက်က ဈေးအကြီးဆုံးဖြစ်ရတာလဲလို့မေးတော့ တာဝန်ခံက ဟုတ်ပါတယ်ခင်ဗျာ၊ ဒီဦးနှောက်က တစ်ခါမှမသုံးရသေးတဲ့ အသစ်ကျပ်ချွတ်မို့ ဈေးအကြီးဆုံးဖြစ်ရတာပါလို့ဖြေသတဲ့ဗျာ'
'အမလေးဗျာ၊ ဒီလိုဈေးကြီးတဲ့ ဦးနှောက်ပိုင်ရှင်မျိုးတော့ မဖြစ်ချင်ပါဘူး ကိုဝင်းရယ်'
'အဲဒီလိုမဖြစ်ချင်ရင်တော့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ကာလာမသုတ်လို့ထင်ရှားတဲ့ ကေသမုတ္တိသုတ္တန်ထဲက မယုံကြည်ရာတရားဆယ်ပါး ကို အစဉ်နှလုံးသွင်းပြီး ကိုယ်ပိုင်ဦးနှောက်ကို အသုံးချပေါ့ဗျာ'
'ဆိုစမ်းပါဦး ကိုဝင်းရာ၊ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ မယုံကြည်ရာတရားဆယ်ပါးကို'
''အကျဉ်းချုံး ပြောရရင်တော့ဗျာ ဗုဒ္ဓမြတ်စွာက '(၁) သင်တို့သည် တစ်ဆင့်စကားကြားရုံမျှဖြင့် အမှန်ဟုမယူကြကုန်လင့်၊ (၂) မိဘဘိုး ဘွားအစဉ်အဆက်က ပြောခဲ့သောစကားဖြစ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်၊(၃) ဒီဟာကဒီလိုတဲ့ဟူ၍ မသေမချာပြောစကား ဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၄) စာပေကျမ်းဂန်နှင့်ညီညွတ်ရုံမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ' တဲ့ဗျ။ အခုခေတ်အခါ နဲ့အညီ ပြောရရင်တော့ စာပေကျမ်းဂန်တွေသာမက ကက်ဆက်တိပ်ခွေထဲပါတိုင်းလည်း အမှန်ဟုမယူကြကုန်လင့်လို့ ချဲ့ထွင်ယူသော် ရ၏ပေါ့ဗျာ''
'ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဆက်ပါဦးဗျ'
"ဆက်ရမယ်ဆိုရင်.....'(၅)ဤအတိုင်းသာဖြစ်လောက်ရာ၏ဟူ၍ ကြံဆယူသောအကြောင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၆) နည်းလမ်းယုတ္တိဖြင့် ချိန်ဆနိုင်ခြင်းဟူသော အကြောင်းဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်၊ (၇) အကြောင်းအခြင်းအရာကို ကြံဆ ခြင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၈) တွေးကြံစဉ်းစား၍ ကျေနပ်နှစ်သက်လက်ခံထားသော မိမိအယူအဆနှင့်ညီညွတ်ရုံဖြင့် လည်း အမှန်ဟုမယူကြကုန်လင့်၊ (၉) နာယူထိုက်သောပုဂ္ဂိုလ်၏ စကားဖြင်ခြင်းမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၁၀) မိမိတို့၏ ဆရာဖြစ်သော ရဟန်း၏စကားဖြစ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင်'့ လို့ဟောကြားခဲ့ပါတယ် ခင်ဗျား"
'ဒါဖြင့် ဘယ်လိုအကြောင်းအရာမျိုးကိုမှယုံကြည်ပြီး ပြီးပြည့်စုံအောင် လိုက်နာကျင့်သုံး ရတော့မှာတုံး'
'ဗုဒ္ဓမြတ်စွာက အကြင်အခါ၌ ဤတရားတို့သည် ကုသိုလ်တရား အပြစ်ကင်းသောတရား၊ ပညာရှိတို့ ချီးမွမ်းအပ်သောတရား၊ အကျိုး စီးပွားတိုးတက်မှု၊ ချမ်းသာမှုကို ဖြစ်စေသောတရားဟူ၍ သင်တို့ကိုယ်တိုင် သိကုန်၏။ ထိုအခါ၌ ထိုတရားတို့ကိုပြည့်စုံစေ၍ နေကြကုန် လော့ လို့ လမ်းညွှန် မိန့်ကြားတော်မူခဲ့တယ် ကိုလင်းရေ့'
'ဟာ...တကယ့်ကို သိပ္ပံနည်းကျတဲ့ လမ်းညွှန်ချက်ပါလား ကိုဝင်းရာ'
'သိပ္ပံနည်းကျ ဆိုတာထက် ဗုဒ္ဓနည်းကျလို့ဆိုရင် ပိုမှန်လိမ့်မယ်ဗျ၊ ဒီလိုသာ ဗုဒ္ဓနည်းကျတွေးခေါ် ဆင်ခြင်တတ်မယ်ဆိုရင် ဘယ်လိုလိမ် လည်လှည့်ဖြား ညာဝါးမှုမျိုးကိုမှ မခံရတဲ့အပြင်၊ အမျှော်အကြောက်ကို အခြေခံပြီး ယုံကြည်ကိုးကွယ်တတ်တဲ့ လူပြိန်းဗုဒ္ဓဘာသာဝင်အဖြစ် က ရှောင်လွှဲနိုင်မယ်။ အသိဥာဏ်ပညာနဲ့ယှဉ်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံသူ အဆင့်မြင့်အမာခံ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်လာ မှာ မြေကြီးလက်ခတ်မလွဲဘဲ ပေါ့ ကိုလင်းရာ'
'အေးဗျာ......ဆွေးနွေးလက်စနဲ့ ပြောရဦးမယ်၊ ဒီစာအုပ်ထဲမှာပဲ ပရိတ်တရားတော်ရဲ့ အစွမ်းနဲ့ပတ်သက်ပြီး ရေးထားတာလေး တစ်ခုပါဗျာ'
'ဆိုပါဦးဗျ'
'တချို့ပုဂ္ဂိုလ်တွေ ပရိတ်ရွတ်တဲ့အခါ ထိရောက်အစွမ်းပြပြီး တချို့ပုဂ္ဂိုလ်တွေရွတ်တဲ့အခါ ထိရောက်အစွမ်းပြ မပေါ်လွင်တာဟာ ပရိတ် ရွတ်သူတွေရဲ့ မေတ္တာ၊စေတနာ၊ကရုဏာနဲ့ သီလ၊ သမာဓိဂုဏ် ရင့်ကျက်မှု အနည်းအများ ခြားနားမှုကြောင့်လို့ ဆိုထားသဗျ။ ဒီတော့ဗျာ ပရိတ်တရားတော်ရွတ်ဖတ်တဲ့ ရဟန်းတော်တွေ၊ မထေရ်ကြီးတွေ အမြောက်အမြားရှိတဲ့အနက် အများစုဟာ လူသိရှင်ကြား ပရိတ်အစွမ်း ပြ ပေါ်လွင်မှု မရှိကြတာတွေ့ရတယ်ဗျ။ ဒါကြောင့် အဲဒီရဟန်းတော်တွေ၊ မထေရ်ကြီးတွေအများစုဟာ မေတ္တာ၊စေတနာ၊ကရုဏာ၊သီလ၊ သမာဓိ ရင့်ကျက်မှုနည်းပါးနေလို့ပဲလို့ ယူဆရမလား'
'အင်း......ကျွန်တော်လည်း ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံရ မထေရ်ကြီးတွေရဲ့ ပရိတ်တရားပွဲတွေမှာ သွားပြီးနာယူဖူးပါတယ်။ ဒါပေမယ့် သူတို့ပရိတ်ရွတ်လို့ ပရိတ်ရေပွက်တယ်၊ ပရိတ်ရေတန်ခိုးကြောင့် အကျိုးစီးပွားဖြစ်တယ်လို့တော့ ဟိုးလေးတကျော်ဖြစ်သံ မကြား မိတာအမှန်ပါပဲ။'
'အေးဗျာ...အခုနအဖြေရှင်ကပဲ သူ့ရဲ့ပရိတ်ရေကို ကြိုးတန်း၊ အ၀တ်တန်းအောက်က ယူမသွားမိအောင် သတိထားကြဖို့လည်း ဆိုထား ပြန်တော့ အဲဒီပုဂ္ဂိုလ်ရဲ့မေတ္တာ၊စေတနာ၊ကရုဏာ၊သီလ၊သမာဓိဂုဏ်တွေဟာ ကြိုးတန်း၊ အ၀တ်တန်းဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအောက် ရောက်သွားရုံနဲ့ ပျက်ပြယ်သွားနိုင်တယ်လို့ ဆိုလိုရာရောက်မနေဘူးလား ကိုဝင်းရဲ့'
'ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေမပေးချင်ပေမယ့် ခင်ဗျားစဉ်းစားလို့ရအောင်တော့ လမ်းကြောင်းပေးပါ့မယ်။ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ သီလ၊သမာဓိ စတဲ့ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်တဲ့စွမ်းအင်တွေဟာ ဘယ်လိုရုပ်ဝတ္ထုနဲ့မှ ဖန်တီးယူလို့ မရနိုင်ဘူး၊ ရေဆိုတဲ့ရုပ်ဝတ္ထုပစ္စည်းကို ဟိုက်ဒြိုဂျင်နှစ်ဆနဲ့ အောက်စီကျင်တစ်ဆ ပေါင်းစပ်ပြီးလုပ်ယူလို့ရသလို၊ အဲဒီရေကို အပူချိန် ၁၀၀ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက် ရင် ဆူစေနိုင်တယ်၊ အဲဒီရေကို ဆေးဖက်ဝင်အောင်လည်း ဓာတုပစ္စည်းတွေနဲ့ပေါင်းစပ် လုပ်ယူလို့ရပါတယ်။ ဒါတွေဟာ ဘာမှမဆန်းပါ ဘူး၊ အဲ...ဒါပေမယ့် လူတစ်ဦးရဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာ၊သီလ၊သမာဓိတို့ရဲ့ အစွမ်းသတ္တိသာမှန်ရင် ဘယ်လိုရုပ်ဝတ္ထုပစ္စည်းနဲ့မှ ဟန့်တားပိတ်ပင် ဖျက်ဆီးပစ်လို့မရသလို ပျက်စီးသွားစရာလည်း အကြောင်းမရှိဘူးဆိုတာကတော့ သေချာပါတယ်ဗျာ'
'ဟား.....သဘောပေါက်ပြီဗျို့၊ ကျုပ်ဆိုတဲ့လူကလည်း အကောင်လိုက်ကြီးပြမှ အရိပ်ထင်တော့တာကိုးဗျ၊ ကဲ...မေးလက်စနဲ့ ဆက်မေး ရဦးမယ်၊ ပုဂ္ဂိုလ်တစ်ဦးဟာ သူ့မှာဈာန်ရနေပြီ၊ မဂ်ဆိုက်နေပြီ၊ ဖိုလ်ဆိုက်နေပြီဆိုတဲ့ သဘောမျိုး လူတစ်ဖက်သားယုံကြည်လာအောင် တစ်နည်းနည်းနဲ့ ထုတ်ဖော်ပြောသင့်သလားဗျ'
''ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရရင်တော့ ဗုဒ္ဓမြတ်စွာက 'ရဟန်းတော်တွေကို အမှန်တကယ် မိမိမှာမရှိဘဲ ကြွားဝါလိုစိတ်နဲ့ လူတို့ရဲ့ကုသိုလ် ကမ္မပထတရားထက် သာလွန်တဲ့ဈာန်မဂ်ဖိုလ်တရား မိမိမှာရနေပြီ၊ မိမိဟာ ဆိတ်ငြိမ်ရာအရပ်မှာ မွေ့လျော်သူဖြစ်တယ်၊ ဘယ်တရားကို အားထုတ်နေတယ်လို့တောင် မပြောရဘူး' လို့ပညတ်ခဲ့တယ်ဗျ၊ 'အကယ်၍ ထုတ်ဖော်ပြောခဲ့ရင် ပါရာဇိကကျပြီသာမှတ်ပေတော့' တဲ့။ ခင်ဗျား အကျယ်သိချင်ရင် ၀ိနည်းမဟာဝါပါဠိတော် မဟာခန္ဓကမှာ လေ့လာနိုင်ပါတယ်''
'ဒါဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တန်ခိုးပြာဋိဟာပြပြီး သာသနာပြု ရင်ကောဗျာ'
'ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ဗုဒ္ဓရဲ့တပည့်သား သံဃာတော်တွေမှာ တန်ခိုးပြာဋိဟာ ပြပိုင်ခွင့်မရှိဘူးဗျ။ တကယ်လို့ ပြခဲ့ရင် ဒုက္ကဋ်အာပတ်သင့်စေလို့ ၀ိနည်းပညတ်ထားတော်မူခဲ့တယ်ဗျ'
'ဗုဒ္ဓမြတ်စွာက ဘာလို့များ တန်ခိုးပြာဋိဟာပြတာကို မနှစ်သက်တာလဲ မသိဘူးနော်'
'အဓိက ကတော့ သာသာနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရေးအတွက်ပဲပေါ့ ကိုလင်းရာ၊ဗုဒ္ဓရဲ့နောက်လိုက် တစ်ဦးက ဗုဒ္ဓ မြတ်စွာကို တန်ခိုးပြဖို့ တိုက်တွန်းဘူးတယ်လေ၊ တကယ်လို့ တန်ခိုးပြာဋိဟာပြခဲ့ရင် အသိဥာဏ်မသုံးတဲ့ လူပြိန်းတွေ သိန်းသန်းချီပြီး သာသနာတော်ထဲဝင်လာမှာကို ဗုဒ္ဓမြတ်စွာက ကောင်းကောင်းကြီးသိတာပေါ့။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဟာ အရေအတွက်ထက် အရည် အချင်းကိုသာ ဦးစားပေးတော်မူခဲ့တယ်၊ ဒီလိုတန်ခိုးပြာဋိဟာဆန်တဲ့ ထူးဆန်းထွေလာကိစ္စတွေဟာ သူတော်စင် သူတော်မြတ်တွေမှသာ လျှင် လုပ်ပြနိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ၊ ဂန္ဓရီပညာရှင်တွေ၊ စိန္တာမဏိပညာရှင်တွေ၊ အခုခေတ်အခေါ်အရဆိုရင်တော့ မှော်ဆရာ၊ မျက် လှည့်ဆရာ၊ တယ်လီပသီပညာရှင်တွေလည်းလုပ်ပြနိုင်တဲ့ ကိစ္စပဲဗျ။ ဒီတော့ကာ နဂိုကတည်းက ဗုဒ္ဓသာသနာတော်ကို ကြည်ညိုရင်းစွဲ မရှိသူတွေက ဗုဒ္ဓမြတ်စွာက အဲဒီလိုထူးဆန်းထွေလာ လုပ်ပြတာကို မြင်လိုက်ရင် ဗုဒ္ဓနဲ့တကွ တပည့်သံဃာတော်တွေအပေါ် ဘယ်လို မြင်သွားမယ်လို့ ကိုလင်းထင်သလဲ'
'အဲဒီမှော်ဆရာ၊ မျက်လှည့်ဆရာ၊တယ်လီပသီသမားတွေနဲ့ တစ်တန်းတစ်စားတည်းပါကွာ သတ်မှတ်လိုက်မှာပေါ့ ကိုဝင်းရဲ့'
''မှန်တာပေါ့ဗျာ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ လူတွေကို အံ့သြစေမယ့် ထူးခြားဆန်းကြယ်ကိစ္စမျိုးတွေ လုပ်မပြဖို့ တပည့်သားသံဃာတွေကို တင်းတင်းကျပ်ကျပ် ဥပဒေထုတ် တားဆီးခဲ့တာပေါ့။ ဗုဒ္ဓခေတ်က ထင်ရှားကျော်ကြားပြီး ဥာဏ်ပညာနဲ့ပြည့်စုံလို့ ဗုဒ္ဓကိုယ်တိုင်အားထားခဲ့ ရတဲ့ တပည့်သာဝကကြီးတွေ ဗုဒ္ဓသာသနာတော်ထဲ ၀င်ရောက်လာပုံကို လေ့လာကြည့်မယ်ဆိုရင် တစ်ဦးတစ်လေမှ ဗုဒ္ဓရဲ့ 'တန်ခိုး ပြာဋိဟာ' ကို အထင်ကြီးလို့ ၀င်ရောက်လာခဲ့သူတွေ မဟုတ်ဘူးဆိုတာတွေ့နိုင်ပါတယ်၊ သူတို့တစ်တွေဟာ ဗုဒ္ဓရဲ့သွန်သင်ညွှန်ပြမှုဆိုတဲ့ 'ဆုံးမခြင်းပြာဋိဟာ' ကိုသာ အသိဥာဏ်နဲ့ယှဉ်နာခံပြီး လက်တွေ့ဘ၀မှာ အမှန်တကယ်အကျိုးရှိကြောင်း နားလည် သိမြင်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေချည့်ပဲဗျ''
'အဲဒီ မထေရ်မြတ်ကြီးတွေကဖြင့် ဗုဒ္ဓနည်းတူပဲ တန်ခိုးပြာဋိဟာပြမှုကို ရွံရှာစက်ဆုပ်မှာ အမှန်ပဲနော်၊ ဒါကြောင့်လည်း အခုခေတ်မှာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ တိတိကျကျ လိုက်နာကျင့်သုံးနေတဲ့ သံဃာတော်များဟာ လူသူပရိတ်သတ်အကြား ဟိုးလေးတကျော်ဖြစ်စေ မယ့် ကိစ္စတွေကို ရှောင်ရှားကြဟန်တူပါရဲ့၊ လာဘ်လာဘတွေ၊ ပူဇော်သက္ကာရတွေ၊ ထင်ပေါ်ကျော်စောမှုတွေဟာ ရဟန်းကိစ္စမပြီးမြောက် အောင် နှောင့်ယှက်နေမယ့် အန္တရာယ်ဆိုးတွေပဲဗျ'
'ဒီ့ထက်ဆိုးတာပေါ့ ကိုလင်းရာ၊ ရဟန္တာဖြစ်ပြီးသူတွေကိုတောင် အဲဒီပူဇော်သက္ကာရတွေ၊ ကျော်စောမှုတွေက ရဟန္တာပုဂ္ဂိုလ်များ မျက်မှောက်ပြုပြီးနေအပ်တဲ့ ဖလသမာပတ်ဝင်စားပြီး ချမ်းသာစွာနေရမှုကို အန္တရာယ်ပြုနိုင်တယ်လို့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တာကို သံယုတ္တနိကာယ်၊ လာဘသက္ကာရသံယုတ်၊ ဘိက္ခုသုတ်မှာ အထင်အရှားတွေ့နိုင်ပါတယ်ဗျာ'
'သြော်....ဒါကြောင့် ချမ်းသာမှုအစစ်အမှန်ကို လိုလားတော်မူတဲ့ ရဟန်းစစ်ရဟန်းမှန်များဟာ အဲဒီပူဇော်သက္ကာရတွေ၊ ကျော်စောမှုတွေနဲ့ ကင်းနိုင်သမျှကင်းအောင် နေတော်မူကြတာကိုး၊ အင်း....ဒါတွေကိုမသိတဲ့ ကျွန်တော်တို့မှာတော့ ပညာရှိကိုပညာရှိမှန်းမသိ၊ လူမိုက်ကို လည်း လူမိုက်မှန်းမသိဖြစ်ကြပြီး လမ်းမှားလိုက်မိကြတာပဲဗျ'
'အကောင်းအဆိုး အကြောင်းအကျိုးခွဲခြားတတ်တဲ့ အယူမှန် အသိမှန် အမြင်မှန်တွေရှိဖို့လိုတယ်ဗျ ကိုလင်းရဲ့၊ အဲဒီလို အယူအသိအမြင် မမှန်ခဲ့ရင် ဘယ်လောက်ပဲ မြတ်ပါတယ်ဆိုတဲ့ အကျင့်မျိုးကို ကျင့်သုံးနေစေကာမူ အလကားပဲ၊ ကျောက်စရစ်ခဲ၊ သဲတွေကို ရေနဲ့ဖျန်းပြီး ဆုံထဲထည့်ကြိတ်ညှစ်ပေမယ့် ဆီမထွက်သလို ဘာမှအကျိုးမရှိနိုင်ဘူးလို့ ဗုဒ္ဓမြတ်စွာက ဆုံးမညွှန်ပြခဲ့တာကို မဇ္ဈိမနိကယ် ဥပရိပဏ္ဏာ သပါဠိတော်၊သုညတ၀ဂ်မှာ အကျယ်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ'
ဝင်းသိန်းဦး
(၁၂-၂-၉၄)
ဓမ္မရံသီ၊၁၉၉၄ခုနှစ်၊ဧပြီလ။


--
With Love,
Alex

No comments: