Friday, December 11, 2009

Nasty boy

ဆိုးသွမ်းလူငယ်ဆိုတာ

ကျောင်းနေအရွယ်ကလေးရှိတဲ့ မိဘတွေက ကျောင်းမှာ ကလေးအချင်းချင်းရန်ဖြစ်မှာ၊ အနိုင်ကျင့်ခံရမှာ၊ကိုယ့်ကလေးက အနိုင်ကျင့်မိမှာမျိုးတွေဖြစ်မှာကို စိုးရိမ်လာကြတယ်။ ကလေးသူငယ်တွေအနေနဲ့ ပြစ်မှုတစ်စုံတစ်ရာလုပ်မိခဲ့ရင် ကင်းလွတ် ခွင့်မရဘဲ ကလေးသူငယ်ဥပဒေအရ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးအချင်း ချင်းအနိုင်ကျင့်ရာကနေ ရာဇ၀တ်မှုတွေအထိဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး အထက်တန်းရှေ့နေ ဦးအယ်လ်ခွန်ရိန်ပန် LLB, DBL, MA (Business Law) II နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ဒန်            ။ မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူ စာချုပ်ဝင်နိုင်ငံဖြစ် တယ်လို့သိရပါတယ်။ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘယ်လိုဥပဒေတွေပြဋ္ဌာန်းထားပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ အရင်ရှိခဲ့ဖူးတဲ့ The Young Offenders Acts, 1930 နဲ့ ၁၉၅၅ခုနှစ်၊ ကလေးသူငယ်များ အက်ဥပဒေကို ရုပ်သိမ်းပြီးတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ပါ မူတွေနဲ့ အညီ ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

မော်ဒန်။            ။ အဲသည့်ဥပဒေမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး၊ ပြစ်မှုကြောင်းအရ အရေးယူခြင်းမှကင်းလွတ်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုလိုအပ်တဲ့ ကလေးသူငယ်တွေ၊ ပြစ်မှုနဲ့ အရေးယူခံရတဲ့ ကလေးတွေကို စစ်ဆေးစီရင်ခြင်း၊ ကလေးသူငယ်များကို ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း၊ အကျဉ်းထောင်များတွင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြစ်မှုကျူးလွန်တဲ့ ကလေးငယ်တွေကို ချမှတ်တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်တွေ စတဲ့အခန်း၁၉ ခန်းပါဝင်ပါတယ်။

မော်ဒန်            ။ ကလေးသူငယ်ဆိုတာကို ဘယ်လိုအသက်အပိုင်းအခြားနဲ့သတ်မှတ်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ၁၆နှစ်မပြည့်သေးတဲ့သူကို ကလေးသူငယ်လို့ခေါ်တယ်။ ၁၆နှစ်ပြည့်ပြီး ၁၈နှစ်မပြည့်သေးတဲ့ သူကိုတော့ လူငယ်လို့သတ်မှတ်တယ်။

မော်ဒန်။            ။ ကလေးရဲ့အသက်ကိုဖော်ပြပေးနိုင်မယ့် မှတ်တမ်းမှတ်ရာမရှိခဲ့ရင် ကလေးရဲ့အသက်ကိုဘယ်လို ဆုံးဖြတ်သတ် မှတ်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ဆရာဝန်လို ကျွမ်းကျင်သူရဲ့စမ်းသပ်မှု၊ဆုံးဖြတ်ချက်နဲ့သတ်မှတ်ပါတယ်။

မော်ဒန်။  ။ ကလေးသူငယ်တွေရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြဋ္ဌာန်းထားပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ကလေးသူငယ်တိုင်းဟာ လူကြီးတွေလိုပဲ တရားဥပဒေကို စောင့်ထိန်းလိုက်နာဖို့ တာဝန်ရှိပါ တယ်။ ဒါ့အပြင် လူကြီး၊မိဘ၊ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုကို ခံယူပြီး ကျောင်း၊ရပ်ရွာ၊လုပ်ငန်းခွင်စတဲ့ သူနဲ့သက် ဆိုင်တဲ့နေရာတွေမှာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ ကလေးတွေ သည်လို လိုက်နာဖို့ မိဘ၊ဆရာ၊အုပ်ထိန်းသူတွေမှာ တာဝန်ရှိပါတယ်။

မော်ဒန်။            ။ ကလေးသူငယ်တွေ ပြစ်မှုကျူးလွန်ခဲ့ရင် ဘယ်လိုအရေးယူခံရနိုင်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၂၈)နဲ့ ကလေးသူငယ်ဥပဒေ ၂၈(က)အရ အသက် ခုနှစ်နှစ်အောက် ကလေးတစ်ယောက်ရဲ့ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ဘူးလို့ အတိအလင်းပြဋ္ဌာန်း ထားပါတယ်။ အသက် ခုနှစ်နှစ်နှင့် ၁၂နှစ်ကြားရှိတဲ့ကလေးတွေဆိုရင်တော့ သူတို့လုပ်ရပ်ရဲ့သဘော၊ သဘာဝနဲ့ အကျိုးအပြစ်ကို သိနားလည် လောက်တဲ့ အသိဥာဏ်၊ အမြော်အမြင် မရှိဘူးဆိုရင် ပြစ်မှုမမြောက်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ကလေးသူငယ် မှုခင်းတွေကို စစ်ဆေးကြားနာတဲ့အခါ သာမန်တရားရုံးမှာ စစ်ဆေးလို့ မရပါဘူး။ ကလေးသူငယ်တရားရုံးမှာသာ စစ်ဆေး ကြားနာရပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ ကလေးတွေကို လက်ထိတ်ခတ်တာ ကြိုးချည်တာတွေ လုံးဝလုပ် ခွင့်မရှိပါဘူး။ သူတို့ကိုထားတဲ့နေရာမှာလည်း လူကြီးတရားခံတွေနဲ့ သီးခြားထားရပါမယ်။

မော်ဒန်။            ။ ပြစ်မှုကျူးလွန်တဲ့ ကလေးတွေကို ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်နိုင်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ကလေးသူငယ်တွေ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတဲ့အခါ တရားရုံးက ကလေးရဲ့အသက်၊ အကျင့်စာရိတ္တ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ပြစ်မှုကျူးလွန်ရတဲ့အကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားပါတယ်။ ကလေး သူငယ်ရဲ့အကျိုးဖြစ်ထွန်းစေမယ့် စီရင်ချက်မျိုးကို ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။အကျိုးဖြစ်ထွန်းစေတဲ့ ပြစ်ဒဏ်ဆို တာ ဥပမာ- ကလေးက အကျင့်စာရိတ္တအရမ်းပျက်ပြားနေတာ မဟုတ်ဘူးဆိုရင် မိဘအုပ်ထိန်းသူတွေကို ခံဝန်ချုပ် ချုပ်ဆိုပြီး ပြန်အပ်ပေးတာရှိသလို အကျင့်စာရိတ္တပျက်ပြားနေတယ်ဆိုရင် စာရိတ္တပြုပြင်ပေးဖို့အတွက် ငှက်အော်စမ်းလို သင်တန်းကျောင်းတွေကို ပို့ပေးတာမျိုးကို ဆိုလိုတယ်။ သေချာတာတစ်ခုကတော့ ပြစ်မှုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်နဲ့ ကြိမ်ဒဏ်တွေလုံးဝချမှတ်လို့ မရပါဘူး။

မော်ဒန်။            ။ ထောင်ဒဏ်ရောချမှတ်နိုင်ပါသလား။ ဘယ်လိုအခြေအနေမျိုးမှာဆိုရင် ထောင်ဒဏ်ချမှတ်နိုင်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ အကယ်၍ကလေးဟာ သေဒဏ်ဒါမှမဟုတ် တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်လောက်တဲ့ ပြစ်မှုမျိုးကို ကျူးလွန်တဲ့အခါ ထောင်ဒဏ်ချမှတ်နိုင်တယ်။ စာရိတ္တအရမ်းပျက်စီးနေပြီး ဘယ်လိုမှထိန်းမရတဲ့ ကလေး သူငယ်ဆိုရင်တော့ တရားရုံးက ခုနှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကိုချမှတ်နိုင်တယ်။ ပြစ်မှုကျူးလွန်တဲ့လူငယ်ဆိုရင်တော့ ဆယ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကို ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်ချမှတ်ရာမှာ အလုပ်ကြမ်းကိုခိုင်းစေခြင်းမပြုရပါဘူး။

မော်ဒန်            ။ ကလေးရဲ့ အကျင့်စာရိတ္တအရမ်းပျက်စီးတယ်၊ မပျက်စီးဘူးဆိုတာကို ဘာနဲ့ချိန်ထိုး ဆုံးဖြတ်လေ့ရှိပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ သာမန်အားဖြင့်တော့ ကလေးရဲ့နောက်ကြောင်းရာဇ၀င်နဲ့ သူ့ရဲ့ပတ်ဝန်းကျင် ကိုကြည့်ပြီး တော့ ဆုံးဖြတ်လေ့ရှိပါတယ်။ နောက်ကြောင်းရာဇ၀င်မှာ သည်ကလေးဟာပြစ်ချက်ဟောင်းတွေရှိတယ်၊ အလားတူပြစ်မှု မျိုးတွေကို ကျူးလွန်လေ့ရှိတယ်ဆိုရင် အကျင့်စာရိတ္တပျက်ပြားနေတယ်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ဘေးပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းသူတွေကလည်း ဆုံးမပဲ့ပြင်မှုမရှိဘူး၊ ထိန်းသိမ်းပေးမှုမရှိဘူးဆိုရင်တော့ ဒါဟာထောင်ဒဏ်ချမှတ်ခြင်းခံရနိုင် တဲ့ ကလေးအမျိုးအစားလို့ သာမန်အားဖြင့်ပြောလို့ရပါတယ်။

မော်ဒန်            ။ ကလေးသူငယ်ဥပဒေအရ ဘယ်လိုကလေးသူငယ်တွေကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်မှုတွေ ပေးလဲ ဆိုတာသိပါရစေ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ မိဘအုပ်ထိန်းသူမရှိတဲ့သူ၊ တောင်းရမ်းစားသောက်သူ၊ရက်စက်တဲ့၊ယုတ်မာတဲ့ မိဘအုပ်ထိန်း သူရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့သူ၊ စိတ်ပေါ့သွပ်သူ၊ ကူးစက်တတ်တဲ့ ရောဂါစွဲကပ်နေတဲ့သူ၊ မူးယစ်ဆေးဝါး နဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးသုံးစွဲသူ၊ မိဘအုပ်ထိန်းသူတို့က ထိန်းသိမ်းမရလောက်အောင်ဆိုးသွမ်း သူ(ဆိုးသွမ်း လူငယ်လို့ခေါ်တယ်)စတဲ့ကလေးတွေကို ကာကွယ်စောင့်ရှောက်မှု လိုအပ်တဲ့ကလေးတွေလို့ သတ်မှတ်ပါတယ်။ အဲသည် လိုကလေးတွေကို တွေ့ရှိတဲ့သူတွေက သက်ဆိုင်ရာလူမှုဝန်ထမ်းအရာရှိကို အကြောင်းကြားသင့်ပါတယ်။ ထိန်းသိမ်း စောင့်ရှောက်ဖို့ စီစဉ်သင့်ပါတယ်။

မော်ဒန်။            ။ ဆိုးသွမ်းလူငယ်ဆိုတာ လူ့အဖွဲ့အစည်းကို ဘယ်လောက်အတိုင်းအတာအထိ ဆိုးကျိုးပေးနိုင်ပါသလဲ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ဆိုးသွမ်းလူငယ်ဆိုတာ သူ့ပတ်ဝန်းကျင်က သက်တူရွယ်တူကလေး တွေအပေါ် မှာ သြဇာ လွှမ်းမိုးမှုရှိတဲ့အတွက် အဲသည်ကလေးတွေကို အကျင့်စာရိတ္တပျက်ပြားစေတယ်။ တစ်ခါတစ်လေ မှာ အန္တရာယ် ဖြစ်စေတယ်။ဥပမာ- တချို့နိုင်ငံတွေမှာ စာသင်ခန်းထဲဝင်ပြီး သေနတ်နဲ့ပစ်ထာမျိုးပေါ့။ ဒါကြောင့် ရွယ်တူကလေးတွေ အပေါ်သာမက လူ့အဖွဲ့အစည်းကိုပါ ဆိုးကျိုးအန္တရာယ်တွေဖြစ်ပေါ်စေနိုင်ပါတယ်။

မော်ဒန်            ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဦးအယ်လ်ခွန်ရိန်ပန်။       ။ ဆိုးသွမ်းလူငယ်ဆိုတာ အချိန်မီပြုပြင်လို့ရပါတယ်။ ကလေးဆိုတာ တိုင်းပြည်ရဲ့ရတနာ တွေပါ။ ရတနာကောင်းလေးတွေဖြစ်လာဖို့ မိဘတွေသာမက ဆရာ၊ဆရာမတွေမှာပါ စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။

မော်ဒန်။            ။ အချိန်ပေးဖြေကြားပေးတဲ့အတွက် ဦးအယ်လ်ခွန်ရိန်ပန်ကို ကျေးဇူးအထူးတင်ပါတယ်။

Ref: The Modern Weekly No.187, 4th December 2009, Friday



--
With Love,
Alex

No comments: