Tuesday, November 3, 2009

Let's visit to around the myanmar

ရခိုင်မြောက်ပိုင်းမှ အထင်ကရနေရာတစ်ခု (သို့မဟုတ်) စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ဘုရား

ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်ခံ ရခိုင်ပြည်မှာ လက်ခံရရှိထားသည့် တော၊တောင်၊သဘာဝမြစ်၊ချောင်း၊အင်းအိုင်နှင့် သွား ရောက်လေ့လာမှုပြုနိုင်သည့် လည်ပတ်နိုင်သည့် အထင်ကရနေရာများမှာ ဒေသအသီးသီး၌ပင် တည်ရှိနေသည်။ ယခုကဲ့ သို့ စိတ်ဝင်စားဖွယ်ရာ၊ နေရာများ တော၊တောင် သဘာဝရှုခင်းများ လေ့လာမှုပြုလုပ်သည့် အထင်ကရနေရာများပေါများစွာ တည်ရှိနေခြင်းကြောင့် ရခိုင်ဒေသခံများက ဂေါတမဗုဒ္ဓဘုရား၏ ဗျာဒိတ်တော်ခံ ဒေသတစ်ခုအဖြစ် ယုံကြည်နေကြ ခြင်းဖြစ်ပေလိမ့်မည်။


ထိုသို့ သဘာဝတရားနှင့် သဘာဝအလှများကို ကြည့်ရှုခံစားနိုင်မည့် အထင်ကရနေရာတစ်ခုမှာ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ပုထိုးတော်ဖြစ်သည်။
အဆိုပါ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ပုထိုးသို့လာရောက်လည်ပတ်လိုသူများအနေဖြင့် ရခိုင်ပြည်နယ်၏ အလယ် ဆုံမှတ်မြို့ဖြစ်သည့် စစ်တွေမြို့သို့ ဦးစွာပထမ လာရောက်ကြရမည်ဖြစ်သည်။ စစ်တွေမြို့သို့လာရောက်လိုသူများမှာ လေ ကြောင်းခရီး၊ ကုန်းလမ်းခရီးနှင့် ရေလမ်းခရီးသုံးခုစလုံးဖြင့် လာရောက်နိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့သို့ရောက်ပြီဆိုပါက စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သို့ နေ့စဉ်ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း သင်္ဘောဖြင့် ခရီးဆက်ရမည်ဖြစ်သည်။ ပြည်တွင်း သင်္ဘောစီး၍ စစ်တွေမှ ဘူးသီးတောင်သို့ရောက်ပါက ဘူးသီးတောင်မြို့ ၌ပင် ခရီးနားကြရမည်ဖြစ်သည်။ ဘူးသီးတောင်မြို့မှာ ကမ်းရိုးတန်းဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်အတွက် ဧည့်သည်များ တည်းခိုနိုင်ရန် သင်္ဘောဆိပ်အနီးတွင် တည်းခိုခန်းများဖွင့်လှစ်ထားရှိသည်။ ဘူးသီးတောင်မြို့တွင် တစ်ညခရီးနားပြီးပါက နောက်တစ်ရက်ဆိုလျှင် စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင် ဒုံးသိမ်ဘုရားသို့ ခရီးဆက်နိုင်ပေသည်။

စိုင်းဒင်ရေတံခွန်နှင့် ဒုံးသိမ်ဘုရားသို့ သွားရောက်မည်ဆိုပါက ဘူးသီးတောင်စက်လှေဆိပ်ကမ်းမှ စက်လှေငယ်များ ငှားရမ်းသွားကြရမည်။ လမ်းခရီးတွင် စားသောက်ရန် ထမင်း၊ဟင်းလျာ၊သရေစာနှင့် ရေများကိုပါ တစ်ပါတည်းယူ ဆောင်သွားကြရမည်။ စက်လှေမှာ နံနက်၇နာရီမှစတင်၍ မယူ၊ မြစ်အတိုင်းအရှေ့ဘက်သို့ခရီးဆက်ပါက ၂နာရီခန့် အကြာတွင် စိုင်းဒင်ချောင်းဝကို ဦးစွာပထမတွေ့ရမည်။ စိုင်းဒင်ချောင်းဝမှဆက်၍ ခရီးဆက်လျှင် ချောင်းတစ်လျှောက် စိုင်းဒင်မှ မျှောချလာသည့် ၀ါးဖောင်များနှင့် ကမ်းနားကျေးလက်ဒေသများ၏ လူနေမှုဓလေ့စရိုက်တို့ကို ကြည့်ရှုခံစား ကြရပေမည်။ ထို့နောက် စိုင်းဒင်ချောင်းတစ်လျှောက် တော၊ တောင်များတွင် သဘာဝအလျှောက်ပေါက်ရောက်နေသည့် ခရင်ဝါးတောများကိုလည်း မြင်မဆုံးတွေ့ကြရပေမည်။ သမိုင်းဝင်ဒုံးသိမ်ပုထိုးတော်မှာ စိုင်းတင်ရေတံခွန်သို့မရောက်မီ လမ်းခုလတ်တွင်တည်ရှိနေပြီး၊ ဘုရားဖူးခရီးသည်များမှာ စိုင်းဒင်မှအပြန်တွင် ၀င်ရောက်ဖူးမြော်လေ့ရှိသည်။ တချို့မှာ ဒုံးသိမ်ပုထိုးတော်ရှိရာသို့ ဘူးသီးတောင်တစ်ဖက်ကမ်း ကုန်းလမ်းဖြင့်လည်း သွားရောက်တတ်ကြသည်။

မယူမြစ်၊စိုင်းဒင်ချောင်းဝ မှချောင်းတစ်လျှောက် စီးနင်းလိုက်ပါပြီး စိုင်းဒင်ချောင်းဆုံးသောအခါ စိုင်းဒင်သဘာဝ ရေတံခွန် ကိုတွေ့ကြရမည်။ အဆိုပါ ရေတံခွန်မှာ နွေ၊မိုး၊ဆောင်း သုံးရာသီစလုံး စီးဆင်းနေပြီး၊ အဆင့်သုံးဆင့်စီးကျနေသည်ကို တွေ့ရမည်။ ရေတံခွန်၏ သုံးဆင့်မြောက်တွင် ၃၅မိုင်ရှည်လျားသည့် ချောင်းကြီးတစ်ချောင်းကို တွေ့ရမည်ဖြစ်ပြီး၊ ရေတံခွန်အမြင့်မှာ ပေ၇၀ခန့်ရှိသည်။
စိုင်းဒင်ရေတံခွန်သို့ ရောက်ပါက၀ါးခုတ်သမားများ ၀ါးစည်းများမျှောချနေပုံ၊ ၀ါးခုတ်၍ ချလာပုံတို့ကို လေ့လာတွေ့ရှိရ ပေမည်။ ထို့နောက် ရေတံခွန်တွင် ရေဆင်းချိုးနိုင်ပြီး၊ ၀ါးဖောင်များလည်း စီးနိုင်ကြသည်။ ရေမိုးချိုးပြီးပါက ပါလာသည့် ထမင်း၊ဟင်းလျာများကို ရေတံခွန်၌ပင် စားကြသည်။

စိုင်းဒင်ရေတံခွန်မှ အပြန်ခရီးတွင် သမိုင်းဝင် ဒုံးသိမ်ပုထိုးတော်သို့ ခရီးဆက်ကြရပေမည်။ အဆိုပါဒုံးသိမ်ပုထိုးတော်မှာ ကြာညိုပြင်ကျေးရွာအနီးတွင် တည်ရှိနေပြီး စက်လှေဆိပ်မှခြေလျင် မိနစ်နှစ်ဆယ်ခန့်သွားကြရမည်။ ဒုံးသိမ်ပုထိုးတော်မှာ မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ထုက္ကံသိမ်ပုထိုးတော်နှင့် ပုံသဏ္ဍာန်တူနေသည်ကို တွေ့မြင်ကြရမည်။ ပုထိုးတော်မှာ မြေပြန့်တွင်တည်ရှိနေခြင်းကြောင့် ခရီးသွားများအေးအေးသက်သာ သွားရောက်ဖူးမြော်နိုင်သည့် ပုထိုးတော်တစ်ဆူ ဖြစ် သည်။ ပုထိုးတော်၏လက်ရာမှာလည်း မြောက်ဦးခေတ်လက်ရာများဟု သုတေသီများကဆိုကြသည်။ ဒုံးသိမ်ပုထိုးတော် အနီးပတ်ဝန်းကျင်တွင် ဥာဏ်တော်အရွယ်အစားအမျိုးမျိုးရှိသော ဆင်းတုတော်များ၏ ဦးခေါင်းတော်၊ ခန္ဓာကိုယ် အစိတ် အပိုင်းတို့ကိုလည်း တွေ့မြင်ကြရမည်။ ထို့နောက် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးမှ ဘီလူးရုပ်နှင့်တူသော ဘီလူး ခေါင်းပုံစံလက်ရာသန့်တစ်ခု၊ အရှည်ခြောက်ပေကျော်ကျယ်သော ဘီလူးကြီး၏ ပါးစပ်ပေါက်ကျော်ဆစ်လက်ရာများကို လည်း ထူးခြားစွာတွေ့ရှိရမည်ဖြစ်ပေသည်။

ဒုံးသိမ်ပုထိုးတော်နှင့် စပ်လျဉ်း၍ တချို့မှာ မင်းဗာကြီးသည် တိုင်းပြည်ကို ထုတ်ကန့်သည့်အနေဖြင့် ထုတ်သိမ်တည်ရာမှ ကာလကြာသော် ဒုံးသိမ်အဖြစ်ပြောင်းလဲလာကြောင်း၊ တချို့မှာ စန္ဒ၀ိဇယမင်း(တုံးညို)ကတည်ထားခဲ့သဖြင့် တုံးသိမ်မှ ကာလကြာသော် ဒုံးသိမ်အဖြစ် ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်သည် ဟုဆိုကြသည်။
အဆိုပါ ဒုံးသိမ်ပုထိုးတော်ကို ကြည်ညိုဖူးမြော်ပြီးပါက မယူမြစ်အတိုင်း ဘူးသီးတောင်မြို့သို့ပြန်လည် အနားယူကြရမည် ဖြစ်ပြီး၊ နောက်တစ်နေ့တွင် အိမ်အပြန်ခရီးကို စတင်နိုင်ကြသည်။ ထိုသို့မဟုတ်ဘဲ ခရီးရက်ရှည်နေလိုသူများအနေဖြင့် ဘူးသီးတောင်မြို့၏ အထင်ကရစေတီတစ်ဆူမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် လေးမျက်နှာစေတီသို့လည်း သွားရောက်ဖူးမြော်နိုင်ကြမည်။ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင် ဒုံးသိမ်ပုထိုးတော်သို့လာရောက်လည်ပတ်လေ့လာသူများ အတွက် အကောင်းဆုံးအချိန်မှာ ဆောင်းတွင်းကာလဖြစ်ပါသည်။

ရေပေါ်အိမ်လေးတွေနဲ့ နောင်အင်းလေး
အင်းလေးကန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိပြီး တောင်ကြီးမြို့နဲ့ ၁၉မိုင်ကွာဝေးပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တာကြောင့် ရာသီမရွေးသွားလို့ရတယ်။ ညောင်ရွှေမြို့ကနေ အင်းထဲကို စက်လှေ စီးသွားရ တယ်။ ညောင်ရွှေမြို့ဝင်ပြီး သိပ်မကြာခင်မှာပဲ စက်လှေဆိပ်တွေနဲ့ ဧည့်သည်ခေါ်တဲ့ စက်လှေသမားတွေကို တွေ့ရမှာပါ။

အပေါင်းအဖော်များနဲ့ ပျော်ရွှင်ဖွယ်
အင်းလေးကန်ဟာ အလျား၁၃မိုင် ၊ အနံ့လေးမိုင်ကျယ်ဝန်းပါတယ်။ အရင်က အင်းလေးကန်ဟာ သည်ထက်မက ကျယ် ၀န်းခဲ့ပေမဲ့ ယခုအခါ နုန်းမြေပို့ချမှုတွေကြောင့် အင်းကောစပြုလာတယ်။ ရေတက်ချိန်ဖြစ်တဲ့ ၀ါဆို၊ ၀ါခေါင်လတွေမှာ အင်းလေးကန်ရဲ့ အနက်ဟာ ပျမ်းမျှ ၁၀ပေလောက်ရှိပြီး ရေကျချိန်မှာတော့ ပျမ်းမျှ ငါးပေလောက်သာ ရှိတယ်။ အင်းလေးကန်ထဲမှာ ရွာပေါင်း ၂၀၀ ၀န်းကျင်တည်ရှိတယ်။ ခြေတံရှည်အိမ်တွေဆောက်ပြီး တိုင်းရင်းသားတွေ နေထိုင် ကြတာပါ။ အများစုကတော့ အင်းသားတွေဖြစ်ကြပါတယ်။

အင်းသူ၊အင်းသားတွေဟာ ရေခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရက်ကန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းထိမ် လုပ်ငန်းတွေနဲ့လည်း အသက်မွေးကြတယ်။ ရေခြံလုပ်ငန်းဆိုတာ အင်းထဲက ကျွန်းမျောတွေပေါ်မှာ ခရမ်းသီး၊ ခရမ်း ချဉ်သီး၊ ပန်းမုန်လာစတဲ့ သီးနှံပင်တွေကို စိုက်ပျိုးကြတဲ့လုပ်ငန်းတွေကို ခေါ်ဆိုတာဖြစ်တယ်။ အင်းလေးဒေသကထွက်တဲ့ ခရမ်းချဉ်သီးဟာ ချက်ရတာလွယ်တဲ့အတွက် အင်းသီးဆိုပြီး မြေပြန့်ဒေသက အိမ်ရှင်မတွေအကြိုက်တွေ့ကြတယ်။

အင်းလေးဟာ ရေပေါ်မြို့လေးလို ဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ တစ်နေရာနဲ့တစ်နေရာ လှေလေးတွေနဲ့ သွားကြ ရတယ်။ လှေကိုလက်နဲ့လှော်ကြသလို ခြေထောက်နဲ့လည်း ကျွမ်းကျွမ်းကျင်ကျင် လှော်ပြီး သွားကြတယ်။ ခြေထောက်နဲ့လှော်တဲ့ အင်းသားတွေရဲ့ လှေလှော်ပြိုင်ပွဲကို အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပတဲ့ သီတင်းကျွတ်လ မှာ နှစ်စဉ်ပြုလုပ်လေ့ရှိတယ်။

အင်းထဲမှာ ငါးရက်တစ်ခါပြုလုပ်တဲ့ နမ့်ပန်ဈေး၊ ဟဲယာ ရွာမဈေး စတဲ့အလှည့်ကျရေပေါ်ဈေးတွေရှိတယ်။ ငါးရက်မှတစ်ခါ ပြုလုပ်တဲ့အတွက် ဈေးနေ့တွေမှာ စည်ကားတယ်။ တစ်အင်းလုံးရှိရွာတွေက အရောင်းအ၀ယ်လာကြတဲ့အပြင် ညောင်ရွှေ၊ ဖယ်ခုံ၊မိုးဗြဲ၊လွိုင်ကော်ဒေသတွေက လာတဲ့ဈေးသည်တွေလည်းစုံလှတယ်။ ရေပေါ်ဈေးမှာ အင်းသူ၊ အင်းသားတွေရဲ့ ချစ် စရာကောင်းတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကိုမြင်တွေ့ရတယ်။
မြင့်မားတဲ့တောင်တန်း ကျယ်ပြန့်တဲ့ရေပြင်
အင်းလေးကန်ကို စိမ်းညို့ညို့တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းထားတယ်။ စိမ်းဖန့်ဖန့်ရေပြင်ကျယ်မှာ ကျွန်းမျော စိုက်ခင်းတွေ၊ ခြေတံရှည်အိမ်လေးတွေက အင်းလေးရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေပါတယ်။ အင်းလေးကန်ရဲ့အလှကို နေက်ထပ်ဖြည့်ဆည်းပေးနေတာကတော့ ဆောင်းခိုငှက်လို့ခေါ်တဲ့ စင်ရော်ငှက်လေးတွေဖြစ်တယ်။

စင်ရော်ငှက်လေးတွေဟာ ဆောင်းအ၀င်မှာ အင်းလေးကန်ထဲကို ရောက်လာတတ်ပြီး မိုးရာသီရောက်ရင်တော့ ပင်လယ် ကိုပျံသွားတတ်ကြတယ်။ စင်ရော်ငှက်တွေက လူတွေနဲ့စိမ်းမနေဘဲ စက်လှေအနောက်ကနေ ပျံဝဲလိုက်ပါလာတတ်တယ်။ လူတွေကအစာကျွေးတဲ့အခါမှာလည်း အစာတွေကို အမိအရ ဖမ်းယူစားကြတဲ့ အတွက် စိတ်ကြည်နူးစရာကောင်းလှတယ်။ အင်းထဲကိုလာတဲ့ ခရီးသွားဧည့်သည်တွေ လည်ပတ်ကြရင်း ထမင်းစားနားဖို့ရာ စားသောက်ဆိုင်တွေနဲ့ တည်းခိုလို့ရတဲ့ ဟိုတယ်တွေရှိတယ်။

တစ်မူးရှိလို့ တစ်ပဲလှူ
အင်းလေးဒေသမှာ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့စေတီပုထိုးပေါင်း ၁၉ဆူရှိပြီး ဖောင်တော်ဦးဘုရားနဲ့ အလို တော်ပေါက်ဘုရားတွေဟာ ထင်ရှားတယ်။ ဖောင်တော်ဦးဘုရားဟာ အင်းလေးဒေသ နန်းဟူးရွာမှာတည်ရှိပါတယ်။ စက်လှေဆိပ်ကနေ ဖောင်တော်ဦးဘုရားကို လေးဆယ့်ငါးမိနစ်လောက် စက်လှေစီးရပါတယ်။ အင်းရေပြင်ကို ဖြတ်နေ ချိန်မှာ အေးမြလတ်ဆတ်တဲ့လေနုအေး၊ မှိုင်းညှို့လှတဲ့ ရှမ်းရိုးမတောင်တန်းတွေက ခရီးသွားဧည့်သည်တွေကို ညှို့ယူ ဖမ်းစားနေတယ်။ ရေပေါ်မှာ ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ ဖောင်တော်ဦးဘုရားကို မြင်ရသူတိုင်းက အထူးအဆန်း ဖြစ်ကြတယ်။

ဖောင်တော်ဦးဘုရားရောက်တာနဲ့ ဂန္ဓာကုဋီတိုက်တော် အတွင်းမှာ ရွှေတွေအိနေအောင်ချထားတဲ့ ဘုရားဆင်းတုတော် ငါးဆူအပူဇော်ခံထားတာကို ဖူးတွေ့ရမှာပါ။ ဖောင်တော်ဦးဘုရားက ဘုရားဆင်းတုတော်တွေရဲ့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့အထိ နှစ်စဉ် ကျင်းပပါ တယ်။ ဒေသစာရီကြွချီအပူဇော်ခံရာမှာ ဘုရားဆင်းတုတော် ငါးဆူအနက် လေးဆူသာပင့်ဆောင် အပူဇော်ခံလေ့ရှိပါတယ်။

ဖော်တော်ဦးဘုရားကနေ ၁၅မိနစ်လောက် စက်လှေစီးသွားတဲ့အခါ နန်းပန်ရွာမှာရှိတဲ့ အလိုတော်ပေါက်ဘုရားကို ရောက်ပါ တယ်။ အလိုတော်ပေါက်ဘုရားနဲ့ ခပ်လှမ်းလှမ်းမှာ ငါးဖယ်ချောင်းကျောင်းလို့ ခေါ်တဲ့ရှေးဟောင်းကျောင်းအိုကြီး တစ် ကျောင်းရှိပါတယ်။ ငါးဖယ်ချောင်းရွာဦးမှာ ရှိပြီး အဲသည့်ကျောင်းက ကြောင်လေးတွေဟာ လူတွေနဲ့ယဉ်ပါးကြတယ်။ ကြိမ်ကွင်းလေးတွေကို ထောင်ပြပြီး ခုန်ခိုင်းရင်လည်းခုန်ပြကြလို့ ကြောင်ခုန်ကျောင်းလို့လည်းခေါ်ကြတယ်။ ပြည်တွင်း၊ ပြည်ပဘုရားဖူးတွေက လူကခိုင်းလို့ကြောင်တွေက ခုန်ပြတာကို တအံ့တသြဖြစ်ကြရတယ်။

ရေပူစမ်းမှာ နားနားနေနေ
အင်းလေးခေါင်တိုင်ရွာအနီးက သဘာဝအလျောက်ဖြစ်နေတဲ့ ဟူပင်ရေပူစမ်းဟာလည်း ဒေသခံလူတွေနဲ့ အင်းလေးလာ ဧည့်သည်တွေ ခဏတာဝင်ရောက်အပန်းဖြေလေ့ရှိကြတယ်။ ဟူပင်ရေပူစမ်းနဲ့ မျက်နှာချင်းဆိုင် တောင်ကနေ သဘာဝ အလျောက် အပူချိန် ၇၀°C (ဒီဂရီစင်တီဂရိတ်)ရှိတဲ့ ရေပူတွေထွက်တယ်လို့ သိရတယ်။ အဲသည်ရေပူတွေကို တစ်ညလုံး အအေးခံလိုက်တဲ့အခါ အပူချိန်ဟာ ၄၀°C ပဲရှိတော့တယ်လို့ဆိုတယ်။
အအေးခံပြီးသားရေပူတွေကို ရေပူစမ်းလာဧည့်သည်တွေသုံးဖို့ ရေချိုးကန်တွေထဲကိုထည့်ပေးထားတယ်။

ရေပူစမ်းစိမ်ခါနီး သတိပြုရမယ့်အချက်တွေနဲ့ ခံစားရမယ့်အကျိုးကျေးဇူးတွေကို ဆိုင်းဘုတ်တွေမှာရေးထားတာတွေ့ရတယ်။ရေပူစမ်းစိမ်ရင် အညောင်းအညာပြေတယ်၊ သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီးစိမ်ကြတယ်။ ရေပူစမ်းစိမ်ပြီး အပန်းဖြေချင်သူတွေ အတွက် သီးသန့်ခန်း၊ မိသားစုခန်းနဲ့ အများသုံးအခန်းမှာဆိုပြီး ထားပေးထားတယ်။ ရေပူစမ်းစိမ်ခတွေက တစ်ယောက်ကို အများသုံးအခန်းမှာဆိုရင် ကျပ်၅၀၀ပါ။ သီးသန့်ခန်းက ကျပ်၁၀၀၀ဖြစ်ပြီး၊ မိသားစုခန်းက ကျပ်၁၅၀၀ပါ။ အမျိုးသားခန်း၊ အမျိုးသမီးခန်းဆိုပြီး သီးခြားစီခွဲထားပေးပါတယ်။

ဝယ်ပါ စားပါ လေ့လာပါ
အင်းလေးကန်တစ်လျှောက်လုံးမှာ လှေဆိပ်တွေရှိပြီး ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်း ကျောင်းနဲ့ အင်းထဲကို လည်မယ်ဆိုရင် စက်လှေငှားခက ကျပ် ၂၅၀၀၀ရှိတယ်။ အင်းထဲကို လိုင်းစက်လှေ တွေပြေးဆွဲ နေပြီ။ နေရာအနီးအဝေးကိုလိုက်ပြီး ကျပ်ငါးရာ၊ တစ်ထောင်ရှိတယ်လို့သိရတယ်။ အင်းလေးကိုရောက်တဲ့အခါ ရက်ကန်း လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်းတွေနဲ့ ကျွန်းမျောစိုက်ခင်းတွေကို ၀င်ရောက်လေ့လာနိုင်ပါတယ်။

အင်းလေးဒေသထွက် ချည်ထည် ရိုးရာအ၀တ်အထည်တွေဟာ ခရီးသွားဧည့်သည်တွေအတွက် ၀ယ်ချင်စရာ ကောင်း လောက်အောင် ပေါများလှတယ်။ ခေတ်နဲ့အညီ ချုပ်လုပ်ထားတဲ့ အမျိုးသမီးသုံး ဘေးလွယ်အိတ်တွေနဲ့ ဦးထုပ်တွေက လည်း မျက်စိကျစရာကောင်းတယ်။ တစ်ရွာလုံးနီးပါး ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ အင်းပေါ့ခုန်ရွာက ပိုးထည်တွေ ဟာလည်း နာမည်ကြီးတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး သံထည်တွေကအစ ကတ်ကြေး၊ ဓား၊အုန်းခြစ်၊ မီးဖိုချောင်သုံးသံထည်တွေကို အင်းထဲရောက်တဲ့ အခါဝယ်ယူကြတယ်။ အင်းလေးဒေသထွက်ပစ္စည်းတွေကိုဖောင်တော်ဦးဘုရားနဲ့ အလိုတော်ပေါက်ဘုရားရင်ပြင်ပေါ်က ဈေးတန်းတွေမှာဝယ်ယူလို့ရပါတယ်။

'လာပါ၊၀ယ်ကြည့်ပါ' ဆိုတဲ့ အင်းလေးသံဝဲ၀ဲလေးတွေနဲ့ခေါ်တဲ့အသံကိုလည်းကြားရမှာပါ။
ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်က ဈေးတန်းလေးမှာ ငါးထမင်း၊ဟင်းထုပ်၊အင်းသားမုန့်တီဟင်းစတဲ့ ရိုးရာအစားအစာတွေ ကို စားလို့ရတယ်။ အင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ ငါးဒုက္ခဟင်းဟာလည်း ကြားရတာနဲ့တင် စိတ်ဝင်စားစရာ ကောင်း လှတယ်။

ဈေးတန်းလေးမှာပဲ လုံးပတ်လက်ညှိုးလောက်ရှိပြီး တစ်တောင်လောက် အရှည်ရှိတဲ့ ကျူပေါင်းတင်လေး တွေကို အစည်း လိုက်ရောင်းချတာတွေ့ရတယ်။မြေပြန့်ဒေသက ပေါင်းတင်း(ခဲတံချောင်း)ကို ၀ါးနဲ့ပြုလုပ်ကြတာပါ။ သည်မှာက ပေါင်းတင်း ကို ကျူရိုးနဲ့လုပ်ထားတာကို ထူးထူးခြားခြားတွေ့ရတယ်။ ကျူရိုးတွေဟာ အင်းလေးကန်ရဲ့ ရေသန့်တဲ့နေရာတွေမှာသာ ပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်အင်းလေးမှဖိတ်ခေါ်
အင်းလေးဒေသဟာ ရာသီမရွေးသွားလို့ရပြီး ဆယ့်နှစ်လရာသီဧည့်သည်မပြတ်တဲ့ဒေသဖြစ်ပါတယ်။ ဖော်ရွေတဲ့ အပြုံးပိုင်ရှင်တွေ၊ အရသာထူးတဲ့ စားသောက်ဖွယ်ရာတွေ၊ လှပတဲ့ရှုခင်းတွေကြောင့် တစ်ခေါက်သွားပြီးရင် နောက်တစ်ခေါက် ထပ်ရောက်ချင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

ရေတံခွန်စိမ့်စမ်းတွေပေါများလှတဲ့ တို့မြေမှာ စိမ့်စမ်းရေတံခွန်တွေ မကောသွားစေဖို့ သစ်တောတွေ ထိန်းသိမ်း၊ ပလတ်စတစ်အမှိုက်တွေ စည်းကမ်းမဲ့ပစ်မချကြဖို့ လုပ်ဆောင်နိုင် လိုက်နာနိုင်ကြရင် အကောင်းဆုံးပါပဲလို့တွေးမိပါတယ်။
စိမ်းစိုသာယာတင့်မောတဲ့ တို့မြေဖြစ်ချင်ပါတယ်.....

ဇာနည်

No comments: