Friday, November 27, 2009

Come to the right way!

အမှန်လမ်းသို့လှမ်းခဲ့ပါ
'ဟေး....ကိုဝင်း၊ ဘာတွေလုပ်နေလဲဗျ'
'ကိုလင်းပါလား၊ ဒီနေ့အလုပ်အားရက်ဆိုတော့ ထုံးစံအတိုင်း ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ တ၀ကြီးထိုင်ဖတ်နေတာဗျို့၊ ကဲလာ....ထိုင်ဗျာ'
'မဂ္ဂဇင်းဆိုလို့ ပြောရဦးမယ်၊ ခင်ဗျားလည်း သတိထားမိမှာပါ။ အရင်က ရသစာပေကောင်းကောင်းတွေ အဓိကထားဖော်ပြလေ့ရှိတဲ့ မဂ္ဂဇင်းကြီးတွေမှာ အခုဆိုရင် ဂန္ဓာရီဆောင်းပါး၊ ဂန္ဓာရီဝတ္ထုဆိုတာတွေက အတော့်ကို နေရာယူလာကြသဗျ'
'ဟုတ်ပါ့ဗျာ၊ သူတို့ကိုးစားရာ အဘ ဆိုတဲ့ပုဂ္ဂိုလ်ကြီးကလည်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ မရှိမဖြစ်စူပါစတားကြီး ကိုဖြစ်လို့ပဲ'
"ဒီကြားထဲ သူသက်ရှိထင်ရှားရှိစဉ်ကတည်းက တပည့်ခံခဲ့သူတွေပါလို့ ပြောတဲ့သူအချင်းချင်းကြားမှာ 'အဘ' ကဆံရှည်ထားတယ်၊ 'အဘ' က ကတုံးဆံတောက်နဲ့ပဲ တစ်သက်လုံးနေသွားခဲ့တယ်နဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲကနေ ငြင်းခုံနေကြသေးသဗျ"
'လူပုဂ္ဂိုလ်တွေက စာပေပရိယတ္တိ နားမလည်လို့ဆိုရင်ထားပါတော့။ သာသနာ့ဝန်ထမ်းတစ်ချို့ကတောင် အဲဒီဂန္ဓာရီ 'အဘ' ဓာတ်နဲ့ ကမ္ဘာပတ်ပြီး သာသနာပြုနေပါတယ်လို့ ထုတ်ဖော်ပြောဆိုတာတွေဖတ်ရတော့ ကျွန်တော်ဖြင့် အတော်အံ့သြမိတယ်ဗျာ'
'ခင်ဗျားပြောတဲ့ဆောင်းပါးကို ကျွန်တော်လည်း ဖတ်လိုက်ရပါသဗျာ။ ဒီပုဂ္ဂိုလ်က 'အဘ' ဆိုတဲ့ လူဝတ်ကြောင် ဂန္ဓာရီဆရာကြီးကို ဘယ်လောက်အထိ ဆရာတင်သလဲဆိုရင် စီးကရက်တောင် 'အဘ' ကြိုက်တဲ့ ငါးသုံးလုံးကိုမှ သောက်သတဲ့လေ။ ဒီအကြောင်းသာ ငါးသုံးလုံးစီးကရက် ကြော်ငြာတဲ့လူတွေသိသွားရင် 'အဘ' ငါးသုံးလုံးစီးကရက် ခဲနေတဲ့ပုံနဲ့များ ကြော်ငြာကြဦးမလားမသိဘူး'
'ဟား ဟား ဟား၊ ကိုလင်းကလည်းပြောရော့မယ်။ အဲဒီပုဂ္ဂိုလ်က အဘကိုသာမဟုတ်ဘူးဗျ၊ မဟာယာနဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ကွမ်ယင်မယ်တော်ရုပ်တုကိုပါ သူ့ရဲ့သာသနိကအဆောက်အအုံထဲမှာ တခမ်းတနား ပူဇော်ထားကြောင်း ရေးထားသေးတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဘယ်လိုမှ ယုတ္တိယုတ္တာမရှိ၊ ကိုးကွယ်ရာစာရင်းလည်းမ၀င်တဲ့ ကွမ်ယင်ကို ထေရ၀ါဒသာသနာ့ဝန်ထမ်း တစ်ဦးက ကိုးကွယ်ထားတာကတော့ အမြင်မတော်ဘူးလို့ထင်ပါတယ်ဗျာ။ သာသနာတော်ရဲ့ ရှေ့ရေးကိုတွေးပြီး ရင်လေးမိတာလည်း အမှန်ပဲ'
'ခင်ဗျားက ဒီလောက်ပဲ ဖတ်ရသေးတာကိုး၊ ဟိုဗေဒင်နက္ခတ်ဆေးမြီးတိုမဂ္ဂဇင်း တစ်ခုထဲမှာဖော်ပြထားတဲ့ အဘရဲ့ သာသနာပြုနည်း ကိုရော ဖတ်ပြီးပြီလား'
'မဖတ်ရသေးပါဘူးဗျာ၊ လုပ်စမ်းပါအုံး၊ အဲဒီ အဘရဲ့ သာသနာပြုနည်းလေး'
"ဂန္ဓာရီ 'အဘ' ရဲ့ လမ်းညွှန်ချက်အတိုင်း သာသနာပြုနေပါတယ်ဆိုတဲ့ လူဝတ်ကြောင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဖွင့်ဟ၀န်ခံချက်ဆိုပါတော့ဗျာ။ သူဟာ အစကတော့ 'အဘ' ခိုင်းတဲ့အတိုင်း သာသနာပြုလုပ်ငန်းတွေလုပ်ခဲ့ပုံ၊ နောက်မလုပ်ချင်တော့လို့ ငြင်းဆိုလိုက်တဲ့အခါမှာ 'အဘ' က သူ့ကိုပြစ်ဒဏ်ခတ်ပုံတွေ ရေးထားသဗျ'
''ထေရ၀ါဒဗုဒ္ဓသာသနာတော်မှာဖြင့် လူကိုပြစ်ဒဏ်ခတ်ပြီး သာသနာပြုတယ်လို့မရှိရပါလားဗျာ။ ကဲဆက်ပါအုံး၊ သူ့ကို သာသနာဆက် မပြု လို့ 'အဘ' ကဘယ်လိုပြစ်ဒဏ် ခတ်လိုက်သတဲ့တုံး''
'ကြောက်စရာပဲကိုဝင်းရေ၊ 'အဘ'က သူခိုင်းတဲ့အတိုင်းမလိုက်နာရကောင်းလားဆိုပြီး အဲဒီပုဂ္ဂိုလ်ကို ကိုယ်ပျက်အောင် လုပ်လိုက်သတဲ့ ဗျာ၊ ဘာဆေးနဲ့ကုကု မပျောက်တဲ့အဆုံး အဘပြောတဲ့အတိုင်းပြန်ပြီး သာသနာပြုလုပ်ငန်းတွေ လုပ်ပါတော့မယ်ဆိုမှ အဲဒီကိုယ်ပျက် ရောဂါ ပျောက်ကင်းသွားသတဲ့ဗျာ'
'ဒါကတော့ ကမ္ဘာပေါ်မှာ ယဉ်ကျေးတဲ့ ဘယ်ဘာသာတရားမှာမှ မကျင့်သုံးတဲ့ သာသနာပြုနည်းကို ဂန္ဓာရီ အဘက ကျင့်သုံးလိုက်တာပဲ။ ဒီနည်းသုံးပြီး ဗုဒ္ဓသာသနာပြုနေပါတယ်ဆိုတာကဖြင့် ဗုဒ္ဓသာသနာတော်ကို အကြီးအကျယ်စော်ကားလိုက်တာပဲဗျ။ အနူးညံ့ဆုံး၊ အသိမ် မွေ့ဆုံး၊မေတ္တာတရားကိုရှေးအရှုဆုံး ဘာသာတရားရယ်လို့ အသိအမှတ်ပြုခံထားရတဲ့ ဗုဒ္ဓသာသနာတော်ထဲမှာ ဒီလိုသာသနာပြုနည်းမျိုး ရှိနေတယ်ဆိုရင် ကမ္ဘာ့အလယ်မှာ ဘယ်လောက်ရှက်စရာ ကောင်းလိုက်မလဲဗျာ'
'အေးဗျ – တန်ခိုးပြာဋိဟာသုံးပြီး သာသနာပြုတာမျိုးကို စက်ဆုပ်ရွံရှာတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိခဲ့ရင် ဒီလို ယုတ်ညံ့သိမ်ဖျင်းတဲ့နည်းနဲ့ ဗုဒ္ဓသာသနာတော် ပြန့်ပွားထွန်းကားအောင် လုပ်နေပါတယ်ဆိုတဲ့လူတွေကို ဘယ်လောက်ပြစ်တင်ရှုတ်ချ လိုက်မလဲမသိဘူး'
'ဒီကတည်းက ရှင်းနေပြီ။ အဲဒီဂန္ဓရီ 'အဘ' ပြုနေပါတယ်ဆိုတဲ့ သာသနာဟာ ဘယ်နည်းနဲ့မှ ဗုဒ္ဓသာသနာတော် အစစ်အမှန် မဖြစ်နိုင် သလို အဲဒီ 'အဘ' ဟာလည်း ယုံကြည်သူတွေပြောသလို မေတ္တာရှင်ကြီးမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီပဲဗျာ'
'ဂန္ဓာရီလိုင်းက ပုဂ္ဂိုလ်ကြီးတွေကို ဘုရားနဲ့တစ်ဂိုဏ်းတည်းမဟုတ်တောင် ဘကြီး၊ဘထွေးလို ဆရာသမားလိုအားထား အလေးအမြတ် မပြုသင့်ဘူးလားလို့ ဆင်ခြေတက်သူတွေလည်း သဘောပေါက်သင့်ပြီပေါ့နော်'
'ဒါပေါ့ဗျာ၊ သူတို့ရဲ့တပည့်အဖြစ် ခံယူလိုက်ပြီဆိုတာနဲ့ သူတို့ခိုင်းတာတွေလုပ်ရတော့မှာပဲ။ ထေရ၀ါဒဗုဒ္ဓသာသနာတော်မှာလို ဆင်ခြင် ဥာဏ်သုံးပြီး အကျိုးအကြောင်းစုံစမ်းခွင့်မရှိတော့ဘူး။ မျက်စိစုံမှိတ်ပြီး ခိုင်းတာလုပ်ပေရော့ပဲဗျ။ ဟိုသွားဆိုသွား၊ ဒီလာဆိုလာ၊ ဘာစေတီ တည်ဆိုတည်ပဲ'
'စေတီဆိုလို့ ပြောရဦးမယ်၊ သူတို့က စေတီဆိုတာ 'စေ' ရာကိစ္စတွေ 'တည်' ဖို့အတွက် စေတီလို့ခေါ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာ လည်း ဖတ်လိုက်ရသေးမဟုတ်လား'
'ဖတ်လိုက်ရပါသဗျာ၊ တကယ်တော့ သူတို့က သာသနာကိုဗန်းပြပြီး သူတို့စေရာကိစ္စတွေတည်တံ့စေဖို့ စေတီတွေတည် နေကြတာပဲ။ ဒါကိုမသိတဲ့လူတွေက ဒီလိုဂန္ဓာရီလိုင်းက ပုဂ္ဂိုလ်တွေကို ဘာသာရေးဆိုင်ရာ သူတော်စင်ကြီးတွေလို့ထင်မှတ်ပြီး ဆရာတင်မှားကြတာဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် ဆရာကြီး သက်လုံကတောင် "ဂန္ဓာရီလမ်းသည် ဘာသာရေးလမ်းမဟုတ်ပါ။ ထို့ကြောင့် လောကီအာရုံ များနှင့် မကင်းနိုင်ပါ" လို့ ၁၉၉၇ခုနှစ်၊ ဇွန်လထုတ်၊ မဟေသီမဂ္ဂဇင်းထဲက ဆောင်းပါးတစ်ပုဒ်မှာ အတိအလင်း ထုတ်ဖော်ရေးသားထားတာ ဖတ်ရသဗျ'
'ဒါဆို ဂန္ဓာရီအလုပ်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာရေးဆိုင်ရာ သူတော်စင်များရဲ့ အလုပ်မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီပဲ။ ခက်နေတာက မသိနားမလည်တဲ့သူတွေကတော့ ဂန္ဓာရီလမ်းကပုဂ္ဂိုလ်တွေကို ထေရ၀ါဒဗုဒ္ဓဘာသာရေးဆိုင်ရာ သူတော်စင်တွေမှတ်ပြီး သူတို့ရဲ့ပုံတူ ရုပ်တုကြီးတွေကို ဘုရားကျောင်းကန်မှာထားနေကြ၊ ကိုးကွယ်နေကြတုန်းပဲဗျ'
'ဂန္ဓာရီလမ်းက ပုဂ္ဂိုလ်တချို့ကလည်း သူတို့စေရာကိစ္စတွေတည်စေဖို့ ဘာသာရေးကို ခုတုံးလုပ်နေကြတုန်းပဲကိုးဗျ။ သူတို့ကိုယ်ကို သူတော်စင်ယောင်ယောင် သာသနာပြုယောင်ယောင် အရေခြုံပြီး မသိနားမလည်သူတွေကို စည်းရုံးသိမ်းသွင်းနေကြတယ်လေ။ မသိနားမလည်တော့လည်း လှည့်ဖြားခံနေကြရတဲ့လူတွေခမျာ သနားစရာပါဗျာ'
'ခင်ဗျားကသာ သနားနေတာ၊ ဟိုမဂ္ဂဇင်းတစ်စောင်ထဲမှာဆိုရင် ခင်ဗျားတို့လို ဘာသာရေးဆိုင်ရာ ဝေဖန်ရေးသမားတွေကို သတ္တိရှိရင်ဘုရားပေါ်က ဘိုးမင်းခေါင်ရုပ်တုတို့၊ ဆူးလေဘိုးဘိုးကြီးရုပ်တုတို့ကို ဓားနဲ့ခုတ်ချလိုက်ပါလား လို့တောင်စိမ်ခေါ်ထားသဗျ'
'ဒါကတော့ လူလိမ္မာသားယဉ်ပါး လူမိုက်သားရမ်းကားဆိုတဲ့ စကားလည်းအရှိသားပဲ မဟုတ်လားဗျာ။ တစ်ဖက်က အကျိုးအကြောင်းနဲ့ အကိုးအကားနဲ့ပြောလာရင် တစ်ဖက်ကလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့ပဲလိုတယ်။ အခုလို ဦးဏှောက်မသုံးဘဲ အသားလွတ် မျက်စိမှိတ်ပြီး အမှောင်ထဲက ကြုံးဝါးနေသူတွေကို ကျွန်တော်တို့ ဂရုစိုက်စရာ မလိုပါဘူးဗျာ'
'တချို့ကလည်း သူတို့ရဲ့ ဂန္ဓရီဆရာကြီးတွေကို ဝေဖန်ရကောင်းလားဆိုပြီး ဇာတ်လမ်းဇာတ်ကွက်ဆင်၊ ၀တ္ထုပုံစံဖွဲ့ပြီး အငြိုးတကြီး တိုက်ခိုက်ထားတာတွေလည်း ဖတ်ရသဗျ။ ယုတ္တိမရှိပေမယ့် အလင်္ကာမြောက်တော့ ဖတ်လို့ကောင်းသား...'
''အဲဒီစာရေးဆရာ၊ စာရေးဆရာမတွေကိုတော့ ၁၉၉၇ ခုနှစ်၊ ဇွန်လထုတ် မဟေသီမဂ္ဂဇင်းထဲက ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ 'ဓားပြနဲ့ စာရေးဆရာ ငရဲပြည်အတူရောက်ကြသည့်အခါ'ဆိုတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်စေချင်ပါတယ်ဗျာ''
'ဇာတ်လမ်းအကျဉ်းလေး ပြောစမ်းပါဦး'
'စာရေးဆရာ တစ်ယောက်နဲ့ ဓားပြတစ်ယောက် ငရဲပြည်ကိုအတူရောက်ကြသတဲ့။ ဓားပြကလူ့ပြည်မှာ ခိုးဆိုးသတ်ဖြတ်ပြီး ပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့တယ်။ စာရေးဆရာကတော့ လူကြိုက်များတဲ့ ဘတ်စ်ဆဲလားပေါ့ဗျာ၊ သူရေးခဲ့တာတွေက ယုတ္တိယုတ္တာမဲ့မှားယွင်းတဲ့ အတွေး အခေါ်တွေကို မုသားဆင်ခြေမျိုးစုံဖုံးကွယ်ပြီး လူမိုက်အားပေး စာတွေချည့်ပဲတဲ့'
'ကျွန်တော်တို့ဆီမှာလည်း စုံထောက်ယောင်ယောင်၊ ဗေဒင်ယောင်ယောင် ဂန္ဓာရီယောင်ယောင်နဲ့ မဖြစ်နိုင်တာတွေ၊ ယုတ္တိကင်းတာ တွေနဲ့တန်ဆာဆင်ပြီး လူပြိန်းအကြိုက်ရေးသားနေတဲ့ စာရေးဆရာတချို့က ဘတ်ဆဲလား ဖြစ်နေတာပဲမဟုတ်လား'
'ထားပါတော့ဗျာ၊ဇာတ်လမ်းဆက်ရရင် အဲဒီစာရေးဆရာရော ဓားပြကြီးရောသေတဲ့အခါ ငရဲပြည်မှာနှစ်များစွာ ငရဲခံခဲ့ကြရတာပေါ့။ ဓားပြက အချိန်ကာလတစ်ခု စေ့သွားတဲ့အခါ ငရဲကလွတ်ပေမယ့် အခုနပြောခဲ့တဲ့ စာရေးဆရာမှာတော့ ခံမြဲဆက်ခံနေရသတဲ့၊ ဒါနဲ့စာရေးဆရာက မကျေမနပ်ဖြစ်ပြီး ငရဲမင်းကိုမကျေနပ်ကြောင်း တင်ပြတာပေါ့ဗျာ'
'ဒီတော့ငရဲမင်းက စာရေးဆရာကို လွှတ်ပေးလိုက်ရောလား'
'ဘယ်လွှတ်ပေးပါ့မလဲ၊ ငရဲမင်းကြီးက ဓားပြဟာအသက်ရှင်စဉ်ကာလကသာ လူတွေကိုဒုက္ခပေးခဲ့တာဖြစ်တယ်။ အသင်စာရေးဆရာကြီး ကဖြင့် သေပြီးတဲ့နောက်မှာလည်း အသင်ရေးသားခဲ့တဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကို မုသားဆင်ခြင်တွေနဲ့ ရိုက်သွင်းထားတဲ့စာတွေ က လူ့လောကမှာဆက်လက်ဖြန့်ချီပြီး လူတွေကိုဒုက္ခပေးနေဆဲပဲဖြစ်တယ်။ ဒါကြောင့်သင့်ရဲ့ပြစ်မှုအရှိန်အဟုန် မကုန်သေးသရွေ့ သင် လည်း ငရဲပြည်မှာ ဆက်ခံနေရဦးမှာသာဖြစ်တယ်လို့ ပြန်ပြောလိုက် သတဲ့ဗျာ'
'ကောင်းလိုက်တဲ့ဝတ္ထုလေးဗျာ၊ ကိုယ်ကျိုးစီးပွားအတွက် စာပေမှာ အဆိပ်ခတ်စားနေတဲ့ စာရေးဆရာများရဲ့အပြစ်ဟာ ခိုးဆိုးသတ်ဖြတ် နေတဲ့ လူဆိုးသူခိုးဓားပြများထက် အပြစ်ကြီးလေးတယ်ဆိုတာကို ၀တ္ထုပုံစံနဲ့တင်ပြထားတာပဲဗျ'
'စာဖတ်ပရိတ်သတ်များ အနေနဲ့လည်း မဂ္ဂဇင်း၊ဂျာနယ်၊၀တ္ထုစတဲ့ စာနယ်ဇင်းများရဲ့ စာမျက်နှာတွေပေါ်မှာ ပုံနှိပ်ဖော်ပြထားသမျှ အမှန် တရားချည့်ပဲလို့မယူဆပဲ ဝေဖန်ရေးသတိနဲ့ ပိုင်းခြားစိတ်ဖြာဖတ်ရှုကြဖို့ အရေးကြီးတာပေါ့။ ပြီးတော့ စာဖတ်ပြီဆိုရင် တတ်နိုင်သရွေ့ စာစုံအောင်ဖတ်သင့်တယ်ဗျ။ အခုပဲကြည့်လေ၊ တစ်လနှစ်လအတွင်းထုတ်ဝေတဲ့ အဘ ဆိုတဲ့ဂန္ဓာရီစတားကြီးနဲ့ပတ်သက်ပြီး ရှေ့နောက် မညီ၊ ယုတ္တိယုတ္တာကင်းတဲ့ အဆိုတွေကို အကွဲကွဲအပြားပြားတွေ့နေရပြီ မဟုတ်လား'
'အေးဗျ၊ ဟိုစာစောင်ကတစ်မျိုးရေး၊ ဒီစာစောင်ကတစ်မျိုးရေးနဲ့ နောက်ဆုံးနှိုင်းယှဉ်ဝေဖန်သုံးသပ်လိုက်တော့ အားလုံးဟာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ၊ ဖြီးလုံး၊ လှိမ့်လုံးတွေချည့်ဖြစ်နေတော့တာပဲ'
'ကျွန်တော်ကတော့ စာရေးဆရာများအနေနဲ့ အခုနပြောခဲ့တဲ့ ဘာသာပြန် ၀တ္ထုလေးကို ဖတ်ကြည့်ပြီး ငါတို့ကော အဲဒီစာရေးဆရာလိုများ ဖြစ်နေပြီလား ဆိုတာ အပြန်ပြန်အလှန်လှန်သုံးသပ်၊ ဖြစ်နေပြီဆိုရင်လည်း အချိန်မီ အမှန်လမ်းကိုရွေးချယ် လျှောက်လှမ်းကြခြင်းအားဖြင့် မိမိနဲ့စာဖတ်ပရိတ်သတ်တို့ရဲ့ အကျိုးကို သယ်ပိုးကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်ဗျာ'

ဝင်းသိန်းဦး
(၈.၈.၉၇)
ဓမ္မရံသီ၊ ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ။


--
With Love,
Alex

No comments: