Friday, October 31, 2008

Living with " Passion"

အစွဲဖြင့် နေထိုင်ကြသူများ
(ဂျူး)
ကျွန်မမှာ သိပ်မသိသာသော အစွဲအလေ့တစ်ခုရှိသည်။ ကျွန်မတစ်နေရာရာသို့ သွားတော့မည်ဟု အခန်းတံခါး ကိုပိတ်ပြီး သော့ခတ်တော့မည် ပြုတိုင်း ကျွန်မအိတ်ထဲမှာ သော့ပါရဲ့လားဟု ခဏခဏ စစ်ဆေးမိခြင်းဖြစ်သည်။ အခန်းထဲကနေ မထွက်ခင်ကလည်း အိတ်ထဲမှာ စစ်ဆေးစမ်းသပ်ပြီးသား။ ဒါပေမယ့် အခန်းပြင်ရောက်တော့လည်း တံခါးကိုဆွဲမပိတ်မီ၊ သော့ခလောက်တွေကို မောင်းမချမီ အိတ်ထဲသို့ နောက်တစ်ခါစစ်ဆေးမိပြန်၏။ သော့တွဲကို စမ်းမိရုံနှင့် အားမရ၊ အိတ်အပြင်သို့ ဆွဲထုတ်ပြီး သည်သော့တွဲဟုတ်ရဲ့လား...ဟုမျက်စိနှင့် သေသေချာချာကြည့်ပြီး စိတ်ချရမှ တံခါးကိုဆွဲပိတ်၊သော့ အထပ်ထပ်ကိုပိတ်ရသည်။

ဒါ...သိပ်တော့ မဟုတ်တော့ဘူး၊ ကျွန်မသိသည်။ စိတ်ရောဂါဟု နာမည်တပ်လို့မရနိုင်ရုံ အနုစားစိတ် အခြေအနေတစ်ခု ဖြစ်သည်။ ဆေးစိတ်ပညာဝေါဟာရဖြင့် ဆိုလျှင် ထိုအစွဲကို Obsessional Neurosis စိတ်ရောဂါ၏အမျိုးအစားတစ်ခု Obsessive Compulsive Action ဟုခေါ်ပါသည်။

သို့သော် စိတ်ရောဂါအခြေအနေဟု ပြောလို့မရသော အခြားစွဲလမ်းမှုတွေက ပိုပြီးစိတ်ဝင်စားစရာ ကောင်း သလို နားလည်ရလည်းပိုခက်ပါသည်။
အင်္ဂလိပ်စာရေးဆရာ John Fowles ရေးသော The Collector ဟူသော ၀တ္ထုတစ်ပုဒ်တွင် ဇာတ်လိုက် သည် မိန်းမချောလေးတွေကို လိပ်ပြာများ တံဆိပ်ခေါင်းများစုဆောင်းသလိုပင် စုဆောင်းသော ထူးဆန်း သည့် အစွဲပိုင်ရှင်တစ်ယောက်ဖြစ်သည်။ စာရေးဆရာမ Susan Orlean ၏ The Orchid Thief စာအုပ်တွင်ဇာတ်ကောင်သည် အစွဲအလန်းကို တစ်ခုပြီးတစ်ခုယိမ်းယိုင် ပြောင်းသွားရာ လိပ်တွေနှင့် ပတ်သက်သည့်အစွဲ၊ ရေခဲခေတ် ရှေးနှစ်သန်းပေါင်းများစွာက ကျောက်ဖြစ်ရုပ်ကြွင်းတွေနှင့် ပတ်သက်သည့် အစွဲ၊ထိုမှတဆင့် သစ်ခွများဆီသို့ ကူးသွား၏။ ထို့အတူပင် ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်လ်ဒါ၏ ဖိနပ်များကလည်း တော်တော်ထူးဆန်းသော ကိစ္စဖြစ်သည်။ ဖိနပ်တွေကို ထောင်နှင့် ချီပြီးများပြားစွာ ပိုင်ဆိုင်ထားသည်မှာ သာမန်မှ လွန်ကဲသောစိတ်ဖြစ်သည်။ အတ္တကြီးသူဟုပြောရမလား၊ ပိုင်ဆိုင်ရက်လေခြင်းဟု အံ့သြရမလားမသိ။ ရိုမေးနီးယား အာဏာရှင် နီကိုလေ ချောင်ဆက်စ်စကူး နေထိုင်ခဲ့သော နန်းတော်ကို သိမ်းယူပြီးနောက် နန်းတွင်းမှာ မြင်တွေ့ရသမျှ ရွှေငွေစိန်ထည် အသုံးအဆောင်ပစ္စည်းများမှာ ငတ်မွတ်နေသောပြည်သူတို့ဘ၀နှင့် လဲယူထားသော အရာများပဲဖြစ်သည်။ ချောင်ဆက်စ်စကူး၏ ဇနီးအယ်လီနာ သည်လည်း အီမယ်လ်ဒါလိုပင် စိန်စီသည့်ဖိနပ်တွေ သားမွေးကုတ် အင်္ကျီတွေ များပြားလှစွာ ပိုင်ဆိုင်ရက် သူ ဖြစ်သည်။ ထိုစုဆောင်းမှုများကို ကျွန်မဘယ်လို နားလည်ရ ပါ့မလဲ။
သည့်ထက်ပိုပြီး ကြောက်စရာကောင်းသည့်အစွဲအပြုအမူတွေရှိသေးသည်။

ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေနှင့် ပတ်သက်သည့်သူ့အစွဲကို ရက်စက်စွာ အကောင်အထည် ဖော်ခဲ့ သည့် ဟစ်တလာကိုစိတ်ရောဂါရှင်ဟု သတ်မှတ်ရမလား။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းများကို ဆန့်ကျင်ပြီး နှိမ်နင်းသတ်ဖြတ်ခဲ့သည့် ကေသုံးလုံးဂိုဏ်းသားများ၏ အစွဲအပြုအမူတွေကလည်း ကျွန်မ နားလည် ခံစားနိုင် သည်ထက် လွန်နေခဲ့သည်။

ကျွန်မလိုက်မီသလောက် တွေးကြည့်သည့်အခါ အစွဲ၏အဆင့်အမျိုးမျိုးကို ခွဲခြားမိသွားသည်။ တချို့အစွဲ တွေက လူထုအတွက် အန္တရာယ်ကြီးသည်။ ဟစ်တလာ၏ဂျူးမုန်းတီးမှုအစွဲ၊ ကေသုံးလုံး၏ လူမည်းမုန်း တီးနှိမ်နင်း ရေးအစွဲ၊ အိုစမာဘင်လာဒင်၏ အမေရိကန် မုန်းတီးမှုအစွဲ၊ ထိုအစွဲများကို အကောင်အထည် ဖော်သောအခါ လူ့အသက်ပေါင်းများစွာ သေဆုံးပျက်စီးရသည်။

တချို့သောအစွဲတွေက စွဲလမ်းသူကိုယ်တိုင်အတွက် အန္တရာယ်ကြီးသည်။ ဥပမာ မိုဒီဒစ်(Moby Dick)၀တ္ထုမှ ကပ္ပတိန် အာဟက်၏ ဝေလငါးကြီး အပေါ် အညှိုးအစွဲ၊ ဂျိုဒီဖော့စတာကို စွဲလမ်းစိတ်က တွန်းပို့ သဖြင့် သမ္မတရေဂင်ကို သေနတ်ဖြင့်လုပ်ကြံခဲ့သော ဂျွန်ဟင့်(ခ်)လေ၏ အစွဲ။
စိတ်ပညာရှင်တွေကပြောသည်။ စွဲလမ်းမှုဆိုသည်မှာ ကြီးပြင်းရင့်ကျက်ရာတွင် ပါဝင်ပတ်သက်နေသော သာမန်အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟူ၏။ ပထမဦးဆုံး ကျွန်မတို့သည် ကလေးဘ၀တွင် အရုပ်ကလေးတွေ ကိုစွဲလမ်းသည်။ တချို့ကတော့ အားကစားပစ္စည်းတွေကိုပေါ့။ ထို့နောက် ကျွန်မတို့၏ အစွဲသည် နိုင်ငံရေး စနစ်များ၊ ဘာသာရေးများ၊ သဘောတရားများဆီသို့ မြင့်တက်သွားသည်။

ဆူဆန်အော်လင်းသည် အစွဲသဘောကို ကျိုးကြောင်းညီညွတ်စွာ မှတ်ချက်ချဖူး၏။
"ကျွန်မတို့ဘ၀မှာ တစ်ခုခုကို စွဲစွဲလမ်းလမ်း အလေးထားမိဖို့လိုလို့ အလေးထားကြတာပဲ၊ တစ်ခုခုကို စွဲလမ်းမိတဲ့အခါ ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကိုယ်လက်လှမ်းမီနိုင်၊ အုပ်ချုပ်နိုင်တဲ့ အရွယ်အစား ဖြစ်သွားသလိုပဲ။ ကြီးမားကျယ်ဝန်းပြီး ဟာလာဟင်းလင်းဖြစ်နေတယ်လို့ မထင်ရတော့ဘူး၊ ကိုယ်လုပ်ရင် ဖြစ်နိုင်တဲ့ အရာတွေနဲ့ပြည့်နေတယ်....လို့ ထင်လာမိစေတယ်။"
အဲသည်အထိတော့ ဘာအန္တရာယ်မှ မရှိသေးပါ။ သို့သော်မိမိအစွဲကို စိတ်ရူးပေါက်စွာအကောင်အထည် ဖော်မိသည့်အခါမှာတော့ ထိုအစွဲသည် ကြော်စရာကောင်းလာနိုင်ပါသည်။

စာရေးဆရာ Robert A.Caro ၏ အစွဲကတော့ ဟစ်တလာ၏အစွဲလို၊ ဘင်လာဒင်၏အစွဲလို အန္တရာယ် မပေးခဲ့ပေ။ ကာရို၏အစွဲက အမေရိကန်၏ ၃၇ယောက်မြောက်သမ္မတ Lyndon Johnson ဖြစ်သည်။ အစွဲဟု သူကိုယ်တိုင်ကမသုံး။ အစွဲ...ဟူသော စကားလုံးမှာရောဂါဆန်သည်။ အရူးဆန်သည်။ "ကျွန်တော်က ဂျွန်ဆင်ကိုစိတ်ဝင်စားတယ်၊ တစ်နည်းအားဖြင့်တော့ အာဏာဟာ ဘယ်လိုစွမ်းဆောင် နိုင်တယ်ဆိုတာကို ကျွန်တော်စိတ်ဝင်စား တာပါ"ဟု သူကပြောခဲ့သည်။ သို့သော် ကျွန်မတို့ကတော့ ကာရိုသည် အစွဲကြီးသူ ဟုပြောချင်သည်။ ဘာကြောင့်လဲဆိုတော့ သူသည်နှစ်ပေါင်း ၂၆နှစ်ကြာအောင် သမ္မတဂျွန်ဆင် အကြောင်း လေ့လာစုံစမ်းပြီးနောက် စာမျက်နှာ ၁၀၀၀ကျော်သည့် တိုင်အောင် စာအုပ်အတွဲ သုံးတွဲ ရေးသားပြုစုထုတ်ဝေ ခဲ့သောကြောင့်ဖြစ်ပါသည်။ သူ့ဘ၀၏၂၆နှစ်လုံးလုံး သမ္မတဂျွန်ဆင်၏ ဘ၀ကို စုံစမ်းထုတ်ဖော်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။

သမ္မတ လင်ဒန်ဂျွန်ဆင်ကလည်း တကယ်ပင်သူ့အာဏာဖြင့် မုသားများ၊ လှည့်ဖျားမှုများကို ဖန်တီးလျက် သူ့ဘ၀ကိုစုံစမ်းထောက်လှမ်း သူတွေမသိအောင် ဖုံးကွယ်ထားနိုင်ခဲ့သူဖြစ်သည်။ ဆူဆန်အော်လင်းပြော သလိုဆိုလျှင် ဂျွန်ဆင်သည် သူကိုယ်တိုင် အစွဲတစ်ခုဖြင့် အမှောင်ချထားသော သီးသန့်ကမ္ဘာတွင် လုံခြုံအောင်ပုန်းကွယ်ရင်း ထိုကမ္ဘာသည်သူ့အတွက် တကယ်လက်လှမ်းမီသောအရာ ဖြစ်ခဲ့သည်...ဟု ဆိုရမည်။ သမ္မတဂျွန်ဆင်သည် ကနေဒီလုပ်ကြံခံရပြီးနောက် ဒုတိယသမ္မတဘ၀မှ သမ္မတအဖြစ် ရာထူး တိုးမြင့်သွားခဲ့သူဖြစ်သည်။ ဗီယက်နမ်စစ်ပွဲတွင် သူနာမည်ပျက်ရသည်။ သူ သမ္မတအဖြစ် ရွေးကောက်ခံ ရပြီး ဆက်လက်ထမ်းဆောင်ဖို့စည်းရုံးရေး ဆင်းစဉ်က 'အမေရိကန်လူငယ်တွေကို အာရှစစ်ပွဲတွေမှာ ပါဝင်ဖို့ လုံးဝစေလွှတ်မှာ မဟုတ်' ဟုကတိပေးခဲ့သည်။ ထိုကတိကို သူဖောက်ဖျက်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဂျွန်ဆင်၏တကယ့်စိတ်ရင်းကို ကာရိုက နှစ်ပေါင်းများစွာ ရှာဖွေဖွင့်ထုတ်ချလိုက်နိုင်ခဲ့ပြီ။ ကာရိုအနေဖြင့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ဖို့ ခက်ခက်ခဲခဲ အစဉ်တစိုက်လိုက်ခဲ့သည့် အစွဲမှာ အံ့သြစရာဖြစ်သည်။ ထို့ပြင် ကာရို၏အစွဲမှ ရသောရလဒ်သည် စာပေအားဖြင့် ကာရို၏ဘ၀မှတ်ကျောက်တစ်ခုဖြစ်သည်။ အဲသည်လို ဖြစ်အောင်လည်းသူက ကြိုးစားခဲ့သည်။ ကောင်းသောအစွဲဟုပြောရမလား။
တကယ်တော့ အစွဲအလမ်းဟူသည်မှာ လှည့်စားတတ်သော အရာတစ်ခုလည်းဖြစ်ပါသည်။

လူတစ်ယောက်သည် မိမိကိုယ်တိုင် အမှောင်ချထားသော အစွဲကမ္ဘာတစ်ခုတွင် ပုန်းကွယ်နေထိုင်ရင်း မိမိသည်သာ ဤကမ္ဘာ ဤစကြာဝဠာ၏ အရှင်သခင်ဟု ခံစားရကောင်းခံစားနိုင်၏။ သို့သော် တကယ်တမ်းမှာ တော့ ဘယ်သူက ဘယ်သူ့အပေါ်အရှင်သခင်ဖြစ်နေခဲ့တာလဲ။ အဲဒီဟန်ပြ အရှင်သခင် ဘ၀သည် ဘယ်လောက် ကြာကြာခံနိုင်မှာလဲ။ တကယ်တမ်းကျတော့အစွဲဖြင့် ဖန်ဆင်းထားသော ကမ္ဘာ သည် အမှန်တရားဖြင့် ပြိုကွဲ သွားမှာပဲ။

ဂျွန်ဆင်၏ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ ၂၆နှစ်လုံးလုံး အစွဲအလမ်းကြီးစွာ ကမ္ဘာလေးတစ်ခု ဖန်တီးခဲ့သော ကာရိုကိုပဲကြည့်ပါ။ ဂျွန်ဆင်အကြောင်း နောက်ဆုံးစာအုပ်ကို အပြည့်အစုံ ရေးသားပြီးစီးသွားသည့်နောက်၊ တစ်မနက်ခင်းမှာ ဘာလျှို့ဝှက်ချက်မှ မရှိတော့သည့် သူ့ပတ်ဝန်းကျင်ကို ဗြုန်းခနဲ တွေ့လိုက်ရသည့်အခါ သူဘယ်အရာကို ရင်ဆိုင်ရမလဲ။ ကျွန်မတို့ အားလုံးကိုလည်း ဆွဲခေါ်နိုင်ခဲ့ပြီး အဓိပ္ပာယ်ဖော်ဆိုပေးနိုင်ခဲ့သဖြင့် ပြီးပြည့်စုံပြီဟု ကျေနပ်ခဲ့ရသမျှ သူ့ရှာဖွေတွေ့ရှိချက်က ဘာလဲ။

နောက်ဆုံးတော့ 'အာဏာသည် တကယ်အစွမ်းထက်သည်' ဟူသောမှတ်ချက်သည်သာ အမှန်တရား ဖြစ်ရတော့သည် မဟုတ်လား။
Ref: Times, 2nd July, 2002.
(Eleven News Vol: 1/No: 33, 7-7-2002)

No comments: