Saturday, October 11, 2008

Dangerous Milk powder for kids



အန္တရာယ်ဖြစ်စေသည့် နို့မှုန့်ပြဿနာ
ယခုရက်ပိုင်းအတွင်း နို့မှုန့်ထဲမှာ အန္တရာယ်ဖြစ်စေသော ပစ္စည်းများပါလာခြင်းကြောင့် ၄င်းနို့မှုန့်များကိုသုံးစွဲ သော ကလေးများနေမကောင်းဖြစ်ကာ ဆေးရုံတက်ရခြင်း၊သေဆုံးခြင်းပြဿနာများကြုံတွေ့နေရတာကို သတင်းမီဒီယာ များတွင် ဖော်ပြပါရှိနေပါတယ်။
နို့မှုန့်ထဲမှာ ပါဝင်နေသော အန္တရာယ်ဖြစ်စေသည့် ပစ္စည်းကတော့ မယ်လမင်း Melamine ဟုခေါ်သော ပစ္စည်းကြောင့်ဖြစ်ပါတယ်။
မယ်လမင်းဆိုတာ
မယ်လမင်းဆိုတာကတော့  အလွယ်တကူပြောရရင် ပလတ်စတစ်ပြုလုပ်ရာတွင် ပါဝင်သောဓာတုနည်း ဖြင့် ဖန်တီးပြုလုပ်ထားသည့် အဖြူရောင်အမှုန့်များ ဖြစ်ပါတယ်။ Melamine resin ဟုခေါ်သော ယင်းပစ္စည်းများ ကို ဂျာမန်သိပ္ပံပညာရှင်တစ်ဦးက ၁၈၃၀ပြည့်နှစ်တွင် တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ Melamine resin ပါသော ပလတ်စတစ်ပစ္စည်းတွေဟာ အပူဒဏ်ကို မြင့်မားစွာခံနိုင်ရည်ရှိပါတယ်။
ဘယ်မှာသုံးသလဲ
၎င်းပစ္စည်းပါဝင်လေ့ရှိသော ပစ္စည်းတွေကတော့ ဟော်ဖိုက်ကာ ကြမ်းခင်းကြွေပြား၊ White board ကျောက်သင်ပုန်းနှင့် ပန်းကန်၊ဇွန်းစတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေထဲမှာ ထည့်သွင်းရခြင်းဖြစ်ပါတယ်။
နို့မှုန့်ထဲ ဘာ့ကြောင့်ထည့်ကြသလဲ
မယ်လမင်းထဲမှာ နိုင်ထရိုဂျင်ဟုခေါ်သော ဓာတုပစ္စည်းမြောက်မြားစွာ ပါဝင်ပါတယ်။၎င်းတို့သည် ဈေးသက်သာသည့် ပစ္စည်းများဟုဆိုနိုင်ပါတယ်။ရေရောထားသော နွားနို့ထဲတွင် မယ်လမင်းများကိုထည့် လိုက်သည့်အခါ နိုက်ထရိုဂျင်များကြောင့် ယင်းနွားနို့ထဲမှာပါဝင်သည့် ပရိုတင်းဓာတ်ကို မြင့်မားသွားစေသည်ဟု သိရပါတယ်။နို့မှုန့်နွားနို့ထဲမှာပါတဲ့ ပရိုတင်းဓာတ်ကိုတိုက်ရိုက်တိုင်းတာတဲ့နည်းက ကုန်ကျစရိတ်များတယ်။ ဒါ့ကြောင့် ပရိုတင်းထဲမှာပါသော နိုက်ထရိုဂျင်များကိုသာ တိုင်းရတယ်။နိုက်ထရိုဂျင်တွေ များနေတာ တွေ့ရခြင်း ဖြင့် ပရိုတင်းဓာတ်တွေ များစွာပါဝင်နေတယ်ထင်အောင် လှည့်စားကြခြင်းဖြစ်တယ်။ မယ်လမင်းထဲမှာ နိုက်ထရိုဂျင် ၆၆%ပါတယ်။
ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ
သို့သော်မယ်လမင်းသည် ကျောက်ကပ်တွင်ကျောက်တည်စေပါတယ်။ ဆီးအိမ်ထဲတွင်လည်း ကျောက်တည် စေပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် ကျောက်ကပ်စွမ်းရည်ကျဆင်းသွားပြီး ကျောက်ကပ် အလုပ်မလုပ် နိုင်တော့ဘဲ အသက်သေဆုံးနိုင်ပါတယ်။
မယ်လမင်းပါဝင်သောနို့မှုန့်ကိုသုံးစွဲမှုကြောင့် တရုတ်နိုင်ငံတွင် ကလေး၅သောင်း၃ထောင် မယ်လမင်း အဆိပ်သင့်ဝေဒနာခံစားရပြီး ထိုအထဲမှ၁၂၈၀၀ကို ဆေးရုံတွင်ကုသခဲ့ရပါတယ်။ နို့စို့ကလေး၎ယောက်လည်း ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းကြောင့် အသက်သေးဆုံးခဲ့ရပါတယ်။
ဘယ်နိုင်ငံကနို့မှုန့်တွေလဲ
မယ်လမင်းထည့်သွင်းအသုံးပြုလျက်ရှိသော တရုတ်နို့မှုန့်ကုမ္ပဏီ၂၂ခုရှိပါတယ်။မယ်လမင်းပါသော ကုမ္ပဏီ အချို့မှာ Sanlu, Mengniu, Yili, Yashili တို့ဖြစ်ပါတယ်။ တရုတ်ပြည်ရှိ နို့မှုန့်ကုမ္ပဏီများ၏ ၂၀ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခုအခါမှာ သက်ဆိုင်ရာကုမ္ပဏီများက ၄င်းတို့ကုမ္ပဏီထုတ်နို့မှုန့်များကို ဈေးကွက်မှ ပြန်လည် သိမ်းဆည်းလျက်ရှိပါတယ်။ တရုတ်နိုင်ငံထုတ်နို့မှုန့်များကို ၀ယ်ယူတင်သွင်းလျက်ရှိသော နိုင်ငံများကတော့ မြန်မာနိုင်ငံအပါအ၀င် အာရှနှင့် အာဖရိကနိုင်ငံ၂၀ကျော်မှဖြစ်ပါတယ်။
နို့မှုန့်ထဲတွင်သာမက အချို့သော ဒိန်ချဉ်၊ရေခဲမုန့်၊သကြားလုံးစသည်တို့ထဲတွင်လည်း မယ်လမင်း ပါဝင်နေ ကြောင်းကြားသိရပါတယ်။
အမေရိကန်ပြည်ထောင်စုတွင် ယမန်နှစ်က တရုတ်ပြည်မှတင်သွင်းသော တိရစ္ဆာန်စားသော အစာများ (ခွေးစာ၊ကြောင်စာ) မယ်လမင်းပါဝင်မှုကြောင့် အိမ်မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့ရကြောင်းသိရှိရပါတယ်။
မြန်မာနိုင်ငံတွင်
မြန်မာနိုင်ငံ ဈေးကွက်အတွင်း၌ အခြားနိုင်ငံများမှာ တရားဝင်ရော၊နယ်စပ်ဖြတ်ကျော်တင်သွင်းတာရော နို့မှုန့်အမျိုးအစားပေါင်း၃၀နီးပါးခန့်ရှိတယ်လို့သိရပါတယ်။ အဲဒီထဲမှာတစ်ဝက်လောက်က တရုတ်နို့မှုန့် တွေဖြစ်ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံတွင် ၂၃-၉-၀၈ရက်နေ့ နံနက်ပိုင်းကကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ပါမောက္ခဒေါက်တာ ကျော်မြင့် နှင့် အဖွဲ့သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် မင်းကျောင်းလမ်းရှိ ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနသို့ရောက်ရှိပြီး အစားအသောက်အန္တရာယ်ကင်းစင်ရေးနှင့် အရည်အသွေးထိန်းသိမ်း ရေး ဓာတ်ခွဲဌာနနဲ့ ဆေးဝါးဓာတ်ခွဲဌာန၌ ဈေးကွက်များမှရရှိသည့်နို့မှုန့်များထဲတွင် အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ အထူးသဖြင့် မယ်လမင်းပါဝင်ခြင်း ရှိ၊မရှိ စမ်းသပ်စစ်ဆေးရန်မှာကြားခဲ့ကြောင်း သိရှိရပါ သည်။ဒါ့အပြင် ရန်ကုန်မြို့ပေါ်ရှိ အထူးကုဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ ဆေးရုံသို့ လာရောက်ပြသသည့် ကလေးလူနာများတွင် ဆီးနှင့်ပတ်သက်သည့်ရောဂါလက္ခဏာများ၊ ခါးအောင့်လက္ခဏာ များရှိ၊မရှိ အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုရန်နှင့် တွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပေး ပို့ရန်လည်း မှာကြားခဲ့ကြောင်းသိရှိရပါတယ်။
မောင်

No comments: