Thursday, August 23, 2007

Yangon and I - (3)

"ဘာမှ မတတ်တဲ့ ပညာအရည်အချင်း ၈တန်းပဲရှိတဲ့သူကို Calculatorတစ်လုံးပေးပြီး စစ်ခိုင်းရင်တောင် ဒီ Stock Reportက မှားမှာ မဟုတ်ဘူး""ဒီစာရွက် ဆိုဒ်၊ ဒီစာလုံးဖောင့်၊ ဒီAlignment နဲ့ရိုက်တာကို သူတို့စာရွက်နဲ့ ဘာကြောင့်ပုံစံမတူရတာလည်း၊""Excuse တွေလာမပေးနဲ့ ငါမကြိုက်ဘူး၊ စဉ်းစားဥာဏ်ရှိတဲ့ လူ ကိုယ့်အလုပ်ကိုသိတတ်တဲ့သူက ဒါတွေအားလုံးကို သိရမှာ စစ်ရမှာပေါ့"တဲ့။ ဒီစကားတွေကို အလုပ်စ၀င်ကတည်းက ကြားနေခဲ့ရပါတယ်။ အရာရာကို အတိအကျပဲ ဖြစ်စေချင်တယ်၊ ဒါမျိုးပဲကြိုက်တတ်တဲ့ ကျွန်တော့်အလုပ်ရှင်ပါ။ အမှားအယွင်းတစ်ခု လေးဖြစ်တာ၊ မူရင်း ပုံစံနဲ့ အနည်းငယ်ကွဲတာ၊ စာရိုက်လို့ အကျအပေါက်မတူတာကအစ ဘာမဟုတ် တာလေးကို အပြစ်ပြောနေတယ်၊ ပြင်ဆင်ခွင့်ဆိုတာ မရှိဘူးစသဖြင့် တွေးမိပါတယ်။ ထုံးစံအတိုင်း သူငယ်ချင်းတစ်ယောက်ကို ဖွင့်အံလိုက်တော့။မင်းသူဌေးက မင်းကိုအပြစ်ရှာနေတာမဟုတ်ဘူး မင်းကို တိုးတက်စေချင်တာရယ်၊ မင်းအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကို စန်းစစ်နေတာ။သူများများ ပြောလေ မင်းလိုက်လုပ်လေ မင်းအရည်အချင်းတက်လေပေါ့သူငယ်ချင်း၊ ကြိုးစားထားတဲ့။ ဟုတ်ပါတယ်လေ ကိုယ့်အလုပ်သမားတစ်ယောက်ကို လက်လွတ်စပယ်မထားပဲ ဂရုတစိုက်အမှား ထောက်ပြတာဟာ သူ့အကျိုးအတွက်ပါသလို ကိုယ့်အတွက်လည်းအကျိုးမယုတ်ကြောင်း နားလည် တတ်ခဲ့ပါတယ်။
"ရန်ကုန်မြို့နဲ့ ကျွန်တော်"ဆိုတဲ့ ခေါင်းစဉ်ကိုကြည့်ပြီး အထူးတလည်အကြောင်းအရာတွေရေးမယ်လို့ မထင်ပါနဲ့လေ။ စိတ်ထဲမှာ ခံစားရတာတွေ၊ တွေ့ရမြင်ရတာတွေများလာလို့ စိတ်ထဲတင်းကျပ်လာရင် စာအုပ်ထဲ ချရေးတတ် ဖွင့်ပြောတတ်တဲ့ ကျွန်တော်အကျင့်ကြောင့် ချရေးလိုက်တဲ့သဘောပါ။
"စိတ်ဓာတ်ကိုမြှင့်၊ အတ္တကိုပယ် ၊မာနကိုလျှော့၊ ရည်ရွယ်ရာပန်းတိုင် ဇွဲနဲ့လှမ်း၊ အဲဒါ အောင်မြင်ခြင်းလမ်းပဲ"တဲ့။ ဒါပေမဲ့ ရန်ကုန်ရောက်ရင် သင်တန်းတွေတက်မယ်၊ အားကစားလုပ်မယ်၊ တခြားတိုးတက်ရာတိုးတက်ကြောင်းရှာမယ် စသဖြင့် စိတ်ကူးရွက်လွှင့်ခဲ့တဲ့ ကျွန်တော် အခုထိ ရွက်မလွှင့်နိုင်သေးပါဘူး။ အသက်ရှင်သန်နေထိုင်မှု အတွက်သာ အဓိကထား လှုပ်ရှားနေရတဲ့ ကျွန်တော့်ဘ၀။ ဒါသည်ပင် "ရန်ကုန်မြို့နှင့် ကျွန်တော်" ဟုပြောရမည်လား။ ဒါမှမဟုတ်.......

No comments: