Saturday, October 5, 2013

HIV-AIDS မေးခွန်းများ





HIV-AIDS မေးခွန်းများ
• ဘယ်နည်းလမ်းတွေကနေ ကူးစက်သလဲ။
Blood သွေး၊ semen ယောက်ျားလိင်ဆက်ဆံစဉ်မှာထွက်တဲ့အရည်၊ vaginal secretions မိန်းမ ဗဂျိုင်းနာအရည်နဲ့ breast milk နို့ရည်တွေကနေတဆင့် ကူးစက်တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ အများဆုံးကူးစက်နည်းဖြစ်တယ်။

• သွေးကနေ ဘာလို့ကူးသလဲ။

ဗိုင်းရပ်အမျိုးအစားက လူတကိုယ်လုံးမှာ နေရာရွေးတယ်။ HIV viruses တွေ ကိုယ်ထဲဝင်လာတာနဲ့ မျိုးပွါးဘို့လုပ်တယ်။ အရေအတွက်များလာချိန်မှာ WBC သွေးဖြူဥတွေကိုလဲ တိုက်ခိုက်တယ်။ သွေးဖြူဥဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်စစ်သားတွေ ဖြစ်လို့ ဗိုင်းရပ်စ်တွေကတိုက်ခိုက်တာခံရပြီး နည်းလာတာနဲ့ ကိုယ့်ခုခံအားတွေကျဆင်းလာတယ်။ တော်တော်တန်တန် ရောဂါ ဥပမာ အအေးမိတာ၊ ဝမ်းလျှောတာမျိုးကအစ မခံနိုင်ဖြစ်လာတယ်။


• သွားရည်-တံတွေး-မျက်ရည်တွေကနေ ကူသလား။
မကူးပါ။ အဲတာတွေထဲမှာ ဗိုင်းရပ်စ် အရေအတွက် နည်းလို့ဖြစ်ပါတယ်။


• လိင်ဆက်ဆံရာကနေ မတော်တဆ ဆီးစပ်မွှေး ပါးစပ်ထဲဝင်ရင် ကူးစက်နိုင်သလား။
မကူးစက်ပါ။ ပိုးတွေက ရှင်နေဘို့ ကိုယ်ခန္ဓာထဲကအရည်လိုအပ်တယ်။


• လိင်ဆက်ဆံရာမှာ ပါးစပ်သုံးတာကို ခံယူသူကို ကူစက်သလား။
ကူးစက်နိုင်ပါတယ်။ မျိုမချပေမဲ့လဲ ကူးစက်နိုင်တယ်။ ဒါပေမဲ့ ပြုလုပ်ပေးသူမှာ ပါစပ်နေရာအနီးအနားမယ် အနာ၊ ဒဏ်ရာ၊ သွား-သွားဖုံးရောဂါ ရှိနေမှသာ ကူးစက်နိုင်တယ်။ (ကွန်ွးမ်) သုံးရင် ကာကွယ်နိုင်တယ်။ မပါရင် အနည်းဆုံးတော့ (စီမင်) ကို မျိုမချပါနဲ့။ ပါးစပ်သုံးလို့ ဒီပိုးကူးစက်နိုင်တဲ့ ရာခိုင်နှုန်းက လိင်အင်္ဂါကိုအသုံးပြုတာထက် အတော်ကြီးနည်းပါးတယ်။


• နှုပ်ခမ်းခြင်း နမ်းစုပ်ရာကနေ ကူးသလား။
ဝ့၁% သာကူးစက်တယ်လို့ ပြောနိုင်တယ်။


• တံတွေး မျက်စိထဲဝင်ရင် ကူးသလား။
မကူးစက်လောက်ပါ။ (ဘီ) ပိုးကတော့ ကူးစက်နိုင်တယ်။


• ယောက်ျးလိင်အရည် မျက်စိထဲဝင်ရင် ကူးသလား။
ကူးစက်နိုင်တယ်။


• အသက်ရှူရာကနေ ကူးသလား။
မကူးစက်ပါ။


• ခြင်ကနေကူးသလား။
မကူးစက်ပါ။ ခြင်ရဲ့ကိုယ်က ပိုးအတွက် အေးလွန်းတယ်။


• ဆီး (သေး) ကနေကူးသလား။
မကူးပါ။ ဒါပေမဲ့ ဆီးထဲမှာ သွေးပါနေရင် မပြောနိုင်ပါ။


ဒေါက်တာတင့်ဆွေ (၂၇-၉-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - HIV-AIDS မေးခွန်းများ 

TDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ်

 • လေ့လာမှု အသစ်တခုကနေ အမျိုးသမီးရဲ့ မွေးဖွါးလမ်းကြာင်း (ဗဂျိုင်းနား) ထဲမှာ HIV ကိုကုရာမှာ သုံးတဲ့ဆေး ပါတဲ့ ကွင်းလေးထည့်ထားရင် HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်စရာ ရှိတယ်လို့ သိလာရပါတယ်။

• အကောင်တွေကို စမ်းသပ်ရာမှာ Simian immunodeficiency virus (SHIV) ဗိုင်းရပ်စ်တွေရဲ့ ရန်ကနေ ၁ဝဝ% ကာကွယ်တာကို တွေ့ရှိလာရပါတယ်။


• ဒီစမ်းသပ်မှုကို အမေရိကား၊ (အူတား) တက္ကသိုလ်မှာ ၁ဝ နှစ်ကြာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင် လူတွေကို စမ်းပါတော့မယ်။


• ဆေးကွင်းကနေ ဗိုင်းရပ်ကိုနိုင်တဲ့ ဆေးကို စဉ်ဆက်မပြတ် ရာသီစက်ဝန်း တခုလုံး ထုတ်ေးပးနေပါမယ်။


• သောက်ဆေးတွေပေးရင် ဆေးအလေးချိန် များမှရတယ်။ ဆေးကို (ဂျဲလ်) လုပ်ပြီး အတူမနေခင် သုတ်လိမ်းရတာက အဆင်မပြေတာ တွေ့လာရတယ်။ မသုံးချင်ကြဘူးတဲ့။


• အခုဆေးကွင်းသစ်ကို ရက် ၃ဝ မှသာ တခါထည့်ထားဘို့ဖြစ်တယ်။


• TDF-IVR (Tenofovir Disoproxil Fumarate Intravaginal Ring) လို့ခေါ်ပြီး သောက်ဆေးထက် ဆေးနည်းတာနဲ့ ရတယ်။


• ကနေ့ တကမ္ဘာလုံးမှာ လူနာပေါင်း ၃့၅ သန်းသောက်နေရတဲ့ Tenofovir ဆေးကို အမှုံ့လုပ်ထားတယ်။ အရင်က ဒီလိုမစမ်းဘူးသေးပါ။


• NuvaRing ခေါ်တဲ့ ကိုယ်ဝန်တားဆေးကွင်းကို (စီလီကွန်) နဲ့လုပ်ထားပြီး အခုဆေးကွင်းကိုတော့ (ပေါ်လီမာ) တမျိုးနဲ့လုပ်ထားတယ်။ ဆေးထုတ်ပေးနှုန်းမှာ အဆ ၁ဝဝဝ ပိုတ်။


• လူတွေကို နယူးယောက်မှာရှိတဲ့ (အဲလ်ဗတ် အိုင်းစတိုင်း အင်စတီကျု) ဆေးကျောင်းမှာ လာမဲ့နိုဝင်္ဘာလမယ် လုပ်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ၆ဝ ကို ၁၄ ရက်ဆေးကွင်းထည့်ထားပြီး စမ်းပါမယ်။


• ဒီဆေးနဲ့အတူ ကိုယ်ဝန်တားဆေးနဲ့ တခြား ဗိုင်းရပ်ဆေးကိုလဲ ရောထည့်ပါအုံးမယ်။


တောင်အာဖရိကားမှာလဲ ဆေးကွင်းကို စမ်းပြီးပါပြီ။ အဲဒီမှာက ဗိုင်းရပ်စ်ဆေး Dapivirine ကို စမ်းပါတယ်။ စမ်းသပ်မှုအဆင့် (၃) ရောက်နေပါပြီ။ မကြာခင်မှာ (မာလာဝီ) နဲ့ (ရဝမ်ဒါ) မှာ ဆက်စမ်းပါမယ်။ ၂ဝ၁၅ ရောက်ရင် အဖြေတွေ သိလာရပါမယ်။ ၂ဝ၁ဝ တုံးက CAPRISA 004 gel သုံးခဲ့တာမှာ ၃၉% သာ ကူးစက်မှုကို တားဆီးတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ရက် ၆ဝ ကနေ ၉ဝ အထိ ထားနိုင်ပြီး၊ ဈေးချိုတာကိုလဲ စမ်းနေပါတယ်။
အမေရိကားမှာ လုပ်တဲ့နည်းက ပိုအလားအလာ ကောင်းတယ်လို့ ပြောရပါမယ်။

ဒေါက်တာတင့်ဆွေ (၂-၁ဝ-၂ဝ၁၃)
ဒေါက်တာတင့်ဆွေ - TDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ် 

Friday, October 4, 2013

အစာကို တစွတ်စွတ် စားတတ်တဲ့ အကျင့်ပျောက်လိုသလား


တချို့လူတွေမှာ အစားအသောက်ကို ပါးစပ်နဲ့ မပြတ် တဇွတ်ဇွတ် စားချင်နေတတ် ကြပါတယ်။
အဲဒီ အကျင့်ကြောင့် ခန္ဓာကိုယ်က ရှိသင့်တာထက် ပိုဝလာ တတ်ပါတယ်။ ဒါက အစားအသောက်ရဲ့ အနံ့ကို ရရှိလေလေ၊ အစာစားချင်စိတ်ကို တွန်းအားပေးတဲ့ ဆာလောင်မှု ဟော်မုန်းတွေ ထွက်ရှိလာလေလေ ကြောင့်ပဲ ဖြစ်ပါတယ်။ အစာအစားချင်စိတ် ပြင်းပြနေရင် အောက်ပါအချက်တွေကို လိုက်နာပါ။

၁) စပျစ်သီး စားပါ
ထမင်းစားချိန် တစ်ချိန်နဲ့ တစ်ချိန် ကြား ဗိုက်ဆာနေရင် စပျစ်သီးစားပေးပါ က သုံးလအကြာမှာ သုံး ဒသမ ခြောက် ပေါင်နီးပါး လျော့ကျသွားကြောင်း အာဟာရနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုအကြောင်း လေ့ လာမှုတစ်ရပ်အရ သိရပါတယ်။

၂) အာလူးပြုတ် စားပါ
အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ အစာစားချင်စိတ်ကို လျော့ကျစေတဲ့ အ စွမ်းအာနိသင်ပါဝင်နေပါတယ်။ အာလူး ကို ချေဖျက်နေစဉ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ ကြာကြာရှိနေတာကြောင့် ဆာလောင်တဲ့ စိတ်လျော့ပါးတာဖြစ်ပါ တယ်။ အာလူးပြုတ်ကို ရှာလကာရည်နဲ့ သုပ်ပြီး ထမင်းနဲ့အတူ စားပါ။

၃) ချွေးထွက်အောင် လှုပ်ရှားပါ
အေရိုးဗစ် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လှုပ်ရှားမှုတွေကို ချွေးထွက်တဲ့ အထိ လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ထဲမှာ ဆာလောင်မှုကို ချိုးနှိမ်ပေးတဲ့ ဟော်မုန်း ထွက်စေပြီး ဆာလောင်စေတဲ့ Ghrelin ဟော်မုန်း ထွက်နှုန်း နည်းစေပါတယ်။ ဒါကြောင့် အစာစားချင်စိတ် လျော့ကျအောင် တစ်နေ့မှာ တစ်နာရီခန့် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားပေးပါ။

၎) နံနက်စာမှာ ပရိုတင်းဓာတ်ပါဝင် အောင်စားပါ
လူအများစုဟာ နံနက်စာကို ဖြစ်သလို စားတတ်တဲ့ အကျင့်ရှိပါတယ်။ တကယ်တော့ နံနက်စာကို ပရိုတင်းဓာတ် ပါဝင်အောင် စားပေးမှသာ ဗိုက်ပြည့်ပြီး တစ်နေ့လုံး ဗိုက်ဆာတာနည်းနေမှာပါ။ နံနက်စာမှာ ပဲ ဒါမှမဟုတ် အသား တစ်မျိုး ပါအောင်စားပါ။

၅) သကြားမပါသော ပီကေ ဝါးပါ
ပီကေဝါးတာက ဦးနှောက်နဲ့ ဆက်သွယ်ထားတဲ့ မေးရိုးရှိ နာ့ဗ်ကြောကို လှုံ့ ဆော်ပေးတဲ့အတွက် အာသာပြေမှုကိုဖြစ် ပေါ်စေပါတယ်။ သကြားမပါတဲ့ ပီကေကို ဝါးပေးရင် အချိန် တစ်နာရီကြာတိုင်း ၁၁ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

ကြယ်စင်
Credit: Good Health အလှအပနှင့်ကျန်းမာရေး ဂျာနယ်

Thursday, October 3, 2013

ဒါလားကွ ယောက်ျား




ဝုန်း...

ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။

နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။

ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။

အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။

ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။

မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။

မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။

ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။

ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။

ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။

ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။

ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။

အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။

အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။

ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။

ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။
ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။

ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။

ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။

ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။

ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။

ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။

အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ 

မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။

ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။

မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင်တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ်။

ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။

ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။

မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ 

တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ 

ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ 

ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ 

အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။

ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။

ကိုမောင်မောင်(ရွှေမြို့ တော်)

Wednesday, October 2, 2013

မာမာလာ လက်ဖက်ရည်နှင့် AIDS




မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်း ပါဝင်နေတယ်လို့ သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေးလက်ဖက်ရည်ကို တောင်ပစိဖိတ် ကျွန်း တစ်ကျွန်းဖြစ်တဲ့ Samoa ကျွန်းမှာ တိုင်းရင်းဆေး ဆရာတွေက အသည်း ရောင်ရောဂါကို ကုသအောင်မြင်ခဲ့ ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။

မာမာလာ (mamala tree) ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖက်ရည်မှာ ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့ သုတေသီတွေက ယူဆခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ Prostratin ကို စမ်းသပ်မှုများစွာ ပြု လုပ်ခဲ့ရာမှာ HIV ဗိုင်းရပ်ကို လူသားတွေရဲ့ ဆဲလ်တွေလို ကူးစက် ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ခိုအောင်းနေသော ကူးစက်ပြီး ဗိုင်း ရပ်တွေကို တိုက်ခိုက်နိုင်ခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။

လက်ရှိ HIV/AIDS မှာ အသုံးပြုနေတဲ့ ဆေးဝါးတွေဟာ လူနာရဲ့ သွေးထဲက active ဖြစ်နေတဲ့ ဗိုင်းရပ်ပမာဏကို နည်းပါးစေဖို့ ပစ် မှတ်ထားတာကြောင့် ဆေးဝါးရပ် လိုက်တာနဲ့ ဗိုင်းရပ်တွေ လျင်မြန် စွာများလာနိုင်ပါတယ်။ Protratin မှာတော့ အဲဒီ အာနိသင်ကိုချေဖျက် နိုင်ခြင်းရှိမရှိနဲ့ ကိုယ်ခန္ဓာထဲကနေ ဗိုင်းရပ် ကင်းစင် အောင် ပြုလုပ်နိုင် စွမ်းရှိမရှိကို သုတေသီတွေ လေ့လာ နေပါတယ်။

National Cancer Institute ကတော့ အသည်းရောင် ခြင်း ကို Samoa တိုင်းရင်းဆေးနည်း က ကုသနိုင်ခဲ့ခြင်းမှာ Prostratin က အဓိက ပါဝင်ပစ္စည်းဖြစ်တယ်ဆိုတာ အတည်ပြုထားပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Mamala အပင်ရဲ့ ပင်စည်ကနေမှ prostratin ပမာဏအနည်းငယ်သာ ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို Stanford University မှ သုတေသီ Paul A Wender နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ငြိမ်းအေး
Ref; PTI
Health Updates Journal

မြဝတီ - မာမာလာ လက်ဖက်ရည်နှင့် AIDS

HIV ပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်
  အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေးစက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ စစ်ဆေးပေးသည့် HIV Testkits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် CD4 စက်အလုံး ၄၀ ခန့် မှာယူထားပြီး ယင်းစက်များ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လိုအပ်နေသည့် နေရာများတွင် တိုးချဲ့ တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"HIV Testkits တွေက မနှစ်ကဆိုရင် ကြားကာလမှာ Global Fund က ပံ့ပိုးနေတာတွေ ရှိတယ်။ အဲဒီမှာ UNICEF, UNFPA, Global Fund ကနေပြီးတော့ ရတယ်။ အခု နိုင်ငံတကာက ပေးတာသာမက အစိုးရက ၀ယ်ယူတာမျိုးတွေလည်း ရှိလာပါပြီ။ အခုဆိုရင် အမျိုးသား ဓာတ်ခွဲခန်းကို ပေးတာတွေလည်း ပိုပေးလာနိုင်တယ်။ အရင်က တစ်ခါမှ မပေးဖူးတဲ့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ဖြန့်ဝေမှုအနေနဲ့ Testkits အရေအတွက် ၁၀ သိန်းကို ပေးထားတယ်။ Testkits တွေလည်း လုံလုံလောက်လောက် ဖြန့်ဖြူးဖို့ ရှိပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေကနေ အေအာတီ ပေးနေတဲ့ နေရာတွေကိုဖြန့်ပြီး သူကမှတစ်ဆင့် သင်တန်းပေးပြီးရင် လုံလုံလောက်လောက် ဖြန့်ဖြူးပေးသွားမှာပါ။ နောက်နှစ်တွေမှာ လိုအပ်ချက် ပြည့်မီအောင် မှာယူမှာ ဖြစ်တဲ့အတွက် ဒီအခက်အခဲတွေ အဆင်ပြေမှာပါ" ဟု အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ထို့ပြင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အေအာတီ ဆေးဝါးလို အပ်နေသည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ခြောက်သောင်းကျော် (၄၈ ဒသမ ၅  ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု များအရ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အေအာတီဆေးဝါး သောက်သုံးပြီး တစ်နှစ်ပြည့် လူနာများအား ကိုယ်ခံအားစနစ် တိုးတက်မှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ပိုးကောင်ရေ စစ်ဆေးခြင်း (Viral Load Testing) နှင့် ခြောက်လတစ်ကြိမ် CD4 အရေအတွက် စစ်ဆေးပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Eleven - အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်

Tuesday, October 1, 2013

ဖြစ်နိုင်ခြေက အစပြုကြပါ


လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ တစ်နေ့တစ်မျိုး မရိုးလောက်အောင် ဖြစ်ထွန်းမှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပြောဆိုမှုများ၊ လွှတ်တော်ဘက်မှ ပြောဆိုမှုများ၊ တိုင်းရင်းသားများရဲ့ စုဖွဲ့မှုများ၊ NLD အပါအဝင် အတိုက်အခံများရဲ့ ပြင်ဆင်နေမှုများ စသဖြင့် အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။

အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။

တစ်ဖက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေး ထိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော်မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကိုလည်း သြဂုတ်လဆန်းပိုင်းက တွေ့ကြရတယ်။

ယနေ့အခြေအနေ၊ အခင်းအကျင်းများကို ကြည့်ရတာဟာ ၁၉၆၁- ၆၂ က အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ ထင်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ဖို့ ဥပဒေအရ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ၁၀ နှစ်ကျော်လွန်လာခဲ့တဲ့ နောက်ပိုင်း ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အစအဆုံး ပြင်ဆင်ရန် မဟုတ်ဘဲ ရှိပြီးသားမူကို မပျက်စေရန် ဘောင်ခတ်ပေးရန် တင်ပြပြီး (၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အဆိုပြုခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တယ်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စတင်ဆွေးနွေးခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြုခဲ့တယ်။ ဒီစာတမ်းဟာ နောင်မှာ ဖက်ဒရယ်မူအဖြစ် ကျော်ကြား လာမယ့် စာတမ်းပဲ ဖြစ်ပါတယ်။
ဒီဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြည်လမ်း အသံလွှင့်ရုံမှာ နိုင်ငံရေးပါတီများ၊ အစိုးရ အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့တယ်။ တတိယအကြိမ် ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားပေမယ့် မတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိတဲ့ အာဏာရ ပ.ထ.စ အစိုးရရဲ့ သဘောထားကို မတင်ပြလိုက် ရတော့ပါဘူး။ ဒါကတော့ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူရဲ့ အရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ပုံကို အကျဉ်းချုပ် တင်ပြတာ ဖြစ်ပါတယ်။

"ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။"

အခုတစ်ကြိမ်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပွဲကတော့ စည်နေပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ရှမ်းမူကို အသေဆုပ်ကိုင်ပြီး ရပ်ခံနေတဲ့ အင်အားစုအချို့ ရှိနေသလို မတူတဲ့ လမ်းကြောင်းများကို တင်ပြတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် အလွန်ခက်ခဲအောင် ရေးဆွဲထားတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုကောင်းမယ်လို့ ဆိုနေသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည် ရေးဆွဲမလားဆိုတာ ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။

အခုတစ်ကြိမ်မှာလည်း ၁၉၆၂ ခုနှစ်တုန်းကလိုပဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားများနဲ့ အတိုက်အခံဘက်ကပါ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လေ့လာသုံးသပ်နေကြတာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ထွက်ပေါ်လာရမှာ ဖြစ်တယ်။ အလားတူ NLD နဲ့ တိုင်းရင်းသားပါတီ အချို့ရဲ့ ညှိနှိုင်းမှုဟာလည်း သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကျားဖြူပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပြီလို့ သိရတယ်။

ဒီအခြေအနေကြားမှာပဲ ပြီးခဲ့တဲ့ လအတွင်းက တစ်ဖက်နိုင်ငံမှာ ကျင်းပတဲ့ UNFC ရဲ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ အခိုင်အမာ ရပ်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတစ်လမ်းသွား ရပ်တည်ချက်ဟာ တကယ်တော့ အပြု သဘောဆောင်ပါရဲ့လား။ ဒီလိုရပ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စုရုံးပြင်ဆင် မူအား ကိုယ့်မှာ ရှိပါရဲ့လား၊ ပြင်ဆင်ခြင်း နည်းလမ်းနဲ့ သွားလို့ မရဘူးဆိုတာကော တကယ်ဟုတ်ပါရဲ့လား စတဲ့ စဉ်းစားစရာတွေ အများအပြား ထွက်ပေါ်လာပါတယ်။

ဒီလိုအရေးကြီးလှတဲ့ ကိစ္စကြီးတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ အကဲဖြတ်မှုနဲ့ များစွာ သက်ဆိုင်ပါတယ်။ မြန်မာရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအခြေအနေကမှ တစ်ဆင့် ကနဦးဒီမိုကရက်တစ် အကူးအပြောင်း အဆင့်ကို ရောက်အောင် အတော်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။

နောက်ကြောင်းပြန်တယ် ဆိုရာမှာ ဘက်တစ်ဖက်တည်းကချည်း မဟုတ်ဘဲ ဘက်နှစ်ဖက်စလုံးက နောက်ကြောင်းပြန်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမူအတိုင်း အသေဆုပ်ကိုင်ထားခြင်း၊ ဖွဲ့စည်းပုံဥပဒေသည် အသစ်ရေးဆွဲရန်မှတစ်ပါး အခြားလမ်းမရှိလို့ ယူဆခြင်းတွေဟာလည်း ကိုယ့်ဘက်က နောက်ကြောင်းပြန်ခြင်း တစ်မျိုးပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ဆိုကြရာမှ အလျှော့အတင်း အပေးအယူ ညှိနှိုင်းမှုများနဲ့ အစပြုရမှာပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က နိုင်ငံတော်အစိုးရကို အကြံပြုဖို့ဖွဲ့စည်းထားတဲ့ ‘ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဟာ အစီရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ အရင်းအမြစ် ခွဲဝေရေး (သစ်တော၊ သတ္တုတူးဖော်ခွင့်များ) ဆိုင်ရာတွေ ပါဝင်တဲ့အချက်၂၄ ချက် လိုက်လျောထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ခေတ်စားတဲ့ ကျန်ရှိနေသောအာဏာ (Resedue Power) ကိုပါ ပေးအပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း လွှတ်တော်ရဲ့သုံးသပ်ချက် ထွက်ပေါ်လာရန် ရှိနေပြီး NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်းမှုမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ရှိနေပါသည်။ ကျားဖြူပါတီရဲ့ အဆိုပြုချက်တွေဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီအချိန်မျိုးမှာ တစ်ကြောင်းဆွဲပုံစံကို တင်ပြလာခြင်းဟာ နိုင်ငံရေးအရ ရှေ့ကိုဆက်မတိုးနိုင်အောင် ဖြစ်သွား စေပါလိမ့်မယ်။

တစ်နေ့က လက်နက်ကိုင်အဖွဲ့ သေးသေးလေးတစ်ခုက ဗိုလ်မှူးကြီး ဆိုသူတစ်ဦးရဲ့ ရေဒီယို အင်တာဗျူး တစ်ခုလည်း ကြားလိုက်ရပါတယ်။
အမျိုးသား တွေ့ဆုံဆွေးနွေးပွဲကြီးမှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်ဖွဲ့၊ လက်နက်ကိုင် အုပ်စုများကတစ်ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ NLD ပါတီ အပါအဝင် အခြားပါတီများက တစ်ဖွဲ့စီ စုစုပေါင်း လေးပွင့်ဆိုင် အချိုးညီ ဆွေးနွေးရမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အချိုးအစားတွေကို တောင်းဆိုခြင်းတွေဟာ အကျိုးမများဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။

ယနေ့ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက် အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေ ခွဲဝေရေးတွေမှာ အခွင့်အာဏာတွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရများ ကိုယ်တိုင်က တင်ပြထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ ဖြစ်နေတဲ့ အချက်ပေါင်း ၁၅၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ အချို့ ဇယား (၁) မှ ဇယား (၂) သို့ ပြောင်းလဲပေးရမှာတွေလည်း ဖြစ်နိုင်ပါတယ်။ ဇယား (၁) ပါ နယ်ပယ်အသီးသီးမှ ဥပဒေပြုပိုင်ခွင့် အချက် ၁၂၃ ချက်အနက်မှ အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုခွင့်ထဲကို လွှဲပြောင်းပေးအပ်နိုင်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ဖက်ဒရယ်အသွင် ပိုဆောင်လာစေမှာ ဖြစ်ပါတယ်။

ဒီတလောမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်ဆိုတဲ့ စာတမ်းတစ်စောင် ထွက်တာ တွေ့ရပါတယ်။ ဒီစာတမ်းဟာ MDRI လက်အောက်ရှိ CESD နဲ့ အာရှဖောင်ဒေးရှင်းတို့ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး နှစ်ခုတို့မှာ ကွင်းဆင်း လေ့လာ ရရှိချက်တွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံရေးအရ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းနဲ့ ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းဆိုပြီး မျက်နှာစာသုံးဖက်မှ ဆန်းစစ် လေ့လာထားတာ တွေ့ရတယ်။ ခြုံလိုက်ရင် ဒီစာတမ်းမှာ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗဟိုဦးစီးစနစ်ဟာ ပြင်းထန်စွာ တည်ရှိနေတာဖြစ်ပြီး အပိုင်းလိုက်၊ အပိုင်းလိုက် ဖြေလျှော့မှုတွေ လုပ်သွားဖို့ အခိုင်အမာ သုတေသနပြု တွေ့ရှိချက်တွေနဲ့ တင်ပြထားတာ တွေ့ရတယ်။ ဒီလိုအစီရင်ခံစာတွေဟာ ဆန္ဒစွဲမပါတဲ့ တင်ပြချက်တွေ ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ ကြိုဆိုလက်ခံရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်ဟာ အရှိကိုအရှိအတိုင်း လက်ခံပြီး ရိုးသားစွာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ မျှော်လင့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအဆင့် (ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး) ကို အရင်ဖြတ်သန်းပြီးမှ နောက်တစ်ဆင့်ကို ဖြတ်သန်းကြရမှာပါ။ ဖွဲ့စည်းပုံဥပဒေကို အားလုံးအသစ် ပြန်လည် ရေးဆွဲမယ်ဆိုရင် အဲဒီကြားကာလဟာ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ ကြားကာလ ဖြစ်လာပါလိမ့်မယ်။
လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲရှိတဲ့ အဖွဲ့အစည်းလေးတွေက သူတို့ရဲ့အပြောင်းအလဲကာလ ပါဝင်ခွင့်အတွက် အသည်းအသန် ရပ်တည်နေချိန်မှာ အင်မတန် ကြီးမားတဲ့ အင်စတီကျူးရှင်းကြီးတွေရဲ့ ရပ်တည်ခွင့်တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေကို အဲဒီ အဖွဲ့ကြီးတွေက လက်ခံနိုင်ပါ့မလား ဆိုတာ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေက အစပြုတာ အကောင်းဆုံးပဲလို့ ယူဆမိပါတယ်။

Written by  ဘမောင်ညို

The Voice Weekly