Sunday, July 28, 2024

ဆင်ဖြူတော်အကြောင်းသိကောင်းစရာ

 ဆင်ဖြူတော်အကြောင်းသိကောင်းစရာ (ဗဟုသုတ)

🐘🐘🐘🐘🐘🐘🐘🐘🐘




မြစ်သားနယ်က ဆင်ဖြူတော်များ


သက္ကရာဇ် (၇၀၄) ခုနှစ်တွင် ပင်းယမင်းဖြစ်တော်မူသော ကျော်စွာမင်းကို

 ငါးစီးရှင်ကျော်စွာမင်းဟူ၍ သမိုင်းတွင်ရစ်ပါသည်။


ငါးစီးရှင်ဟု သမိုင်းတွင်ရသည့် အကြောင်းအရင်းမှာ

 ဆင်ဖြူ(၅)စီး ပိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။

ရရှိခဲ့သော ဆင်ဖြူတော် ငါးစီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


စဉ်၊ တွေ့ရှိရာအရပ်၊ ဆင်အမျိုးအစား ၊ ဆင်ဖြူအမည်


 ၁။     လိူင်းတက် 

              ဟိုင်းဆင်   

                  ပုလဲတမူ

(ယခု သာစည်မြို့အရှေ့ဘက်)


၂။      မုန်တောမြောင်းကျပ်       တည်ဆင်  

             မဟာကေသရ

        (မြစ်သားမြို့နယ်)


၃။      ပြက်တောင်ခြေရင်း         စွယ်စုံဆင်   

            သန်မြန်စွာ

        (မြစ်သားမြို့နယ် ပြက္ခရွှေအနောက်ဘက်)


၄။      စမုန်မြစ်ဖျား  

             ဟိုင်းဆင်   

                ဥပေါသထ


၅။   သဖန်းကိုင်းရွာမြောက်ဘက် 

 လက်ယာတည်ဆင်

       ချစ်စွမရဲ

       (လွန်တဲ ညွန်ကျုံး ၀မ်းတွင်းမြို့နယ်)


(မှန်နန်းရာဇ၀င် ဆဋ္ဌမတွဲ စာ-၃၇၈)


ဆင်အမျိုးအစားရှင်းလင်းချက်


(၁)စွယ်စုံဆင်-full grown elephant with a pair of fully developed 

                  symmetrical tusks

                  (အချိုးအစား ညီမျှကြီးထွားသော အစွယ်တစ်စုံပါသည့် အရွယ်ရောက်ပြီးဆင်)


(၂)ဟိုင်းဆင်-tuskless elephant

                  (အစွယ်မပါသောဆင်)သစ်ခေါက်ခွာ၍ ထိုးစားနိုင်ရန် သေးငယ်သောဆင်စွယ်တစ်စုံ ပါရှိသည်။


(၃)တည်ဆင်-elephant With a long single tusk

                   (ဆင်စွယ်တစ်ချောင်းတည်းသာပါသော ဆင်)

                   ချစ်စွမရဲဆင်ဖြူတော်မှာ လက်ယာတည်ဆင်ဖြစ်ရာ 

လက်ယာဘက် ဆင်စွယ်တစ်ချောင်းသာ ပါသည်ကို ဆိုလိုပါသည်။   


  ဆင်ဖြူတော်အကြောင်း(ဗဟုသုတ)

🐘🐘🐘🐘🐘🐘🐘🐘🐘


ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။


 အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေး ဆူးမတြား၊ ယိုးဒယား

 စသော အာရှတိုက်သားတို့သည်

 ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။


ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် 

ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။


 ဆင်ကြန်ကျမ်းများတွင်

 ဆင်ဇာတ်အမျိုးမျိုး၊

 ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ 

အကျိုးအပြစ် အမျိုးမျိုး၊

 အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြ၏။


ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ

🐘🐘🐘🐘🐘🐘🐘🐘🐘


ပိဋကတ်တော် အဖွင့်များဖြစ်သော

 ဝိဘင်း အဋ္ဌကထာ၊

 မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌

(၁) ကာဠာဝကဆင်

(၂) ဂင်္ဂေယျဆင်

(၃) ပဏ္ဍရဆင်

(၄) တမ္ဗဆင်

(၅) မိင်္ဂလဆင်

(၆) ဂန္ဓဆင်

(၇) မင်္ဂလဆင်

(၈) ဘေမဆင်

(၉) ဥပေါသထဆင်

(၁၀) ဆဒ္ဒန္တဆင် ဟူသော


ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။


တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊

 နဒီစရ (မြစ်နေဆင်)၊ 

ဝနစရ (တောနေဆင်)၊ စသည်ဖြင့် 

အမျိုးများစွာ ရှိပြန်သေးသည်ဟု 


သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။


ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ


(၁) ဘဒြဆင်

(၂) မန္တဆင်

(၃) မိဂဆင်

(၄) သံကိဏ္ဏဆင်

(၅) မိဿရဆင်

(၆) ကေဒန္တဆင်

(၇) ဒန္တဘင်္ဂဆင်

(၈) ကုဉ္စရဆင်

(၉) ပါသတ္တိဆင် ဟူသော


 ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် 

ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။

အရပ် (၇)တောင်ရှိသည်။

 အလျား (၉)တောင် ရှိသည်။

 လုံးပတ် ၃၀-တောင်ရှိသည်။

 တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။


အခြားတနည်းမှာ

(၁) မဟာကဏ္ဏဆင်

(၂) ဝီသနဆင်

(၃) သီဟဇင်္ဂဆင်

(၄) ဂေါပုစ္ဆဆင်

(၅) ဒန္တိဥက္ခဆင်

(၆) ဧကဒန္တဆင်

(၇) နာဂဌိတဆင်

(၈) သေတဆင်- ဟူသော

 ဗေဒင်ကျမ်းထွက် ဆင် ၈-စီး ပြဆိုထားသည်။ 


ထိုအထဲတွင် 

သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။


ဆင်ဖြူ  ၁၂-မျိုး


ရိုးရာအစဉ်အလာအရ 

ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ 

ယင်းတို့မှာ-


၁။ ရတနာသရဖူ ဆင်ဖြူတော် 

(ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)


၂။ ရတနာပလ္လင် ဆင်ဖြူတော် 

(ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)


၃။ ရတနာက တင် ဆင်ဖြူတော် 

(ဆင်ကတင်သည့် နေရာတွင် ဖြူသည်)


၄။ ရတနာ ကျည်း ဆင်ဖြူတော် 

(ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)


၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော် 

(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)


၆။ ရတနာပြာသာဒ် ဆင်ဖြူတော် 

( ကုန်းဖြူသည်)


၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် 

(သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)


၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)


၉။ ရတနာဆုပ်ဆင်ဖြူတော် (နှာရုံ နှာဖျားလှထွားဖြူသည်)


၁၀။ ရတနာကြန့် ဆင်ဖြူတော် 

(ဝမ်းတွင်းကျော်တလျှောက် ဖြူသည်)


၁၁။ ရတနာယပ် ဆင်ဖြူတော် 

(နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)


၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် 

(တကိုယ်လုံးဖြူသော ဆင်ဖြူတော်)


ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် 

ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် 

ဆင်ဖြူတော်အစစ် ဖြစ်သည်။ 


ကျန် ၁၁-မျိုးမှာ

 သာမည အဖြူရောင်ပါရှိ၏။

 ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ 

တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ 


အမျိုးနိမ့်မြင့် ကွဲပြားလေသည်။


 ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။


ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ…


၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။


၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ဝရသေတဂိရိ ဆင်တော်မော်ကွန်း။


၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။


၄။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။


၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့ 

ဖြစ်ကြ၏။


ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။ 


ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်- ဟူ၍ လည်းကောင်း၊ 


လေးစီးရလျှင် လေးစီးရှင်-ဟူ၍ လည်းကောင်း၊ 


ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍ လည်းကောင်း၊ 


အများရလျှင် ဆင်များရှင်-ဟူ၍ လည်းကောင်း


ဆင်ဖြူဆင်နီများရှင်-ဟူ၍ လည်းကောင်း 


အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။


ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် 

တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။

 ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇဝင်တွင် အထင်အရှား ဆိုထား၏။


ဆင်ဖြူရသော မင်းများကိုလည်း 

ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ 

ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား 

ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။


ဟံသာဝတီ မင်းတရားကြီးသည် 

ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။

 ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက်

 တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည်ဟု ရာဇဝင်များတွင် ပြဆိုထား၏။


အမြင့်မြတ် အကြီးကျယ်ဆုံး

မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို

 ထူးဆင်၊ 

ထူးဆင်မတော်၊

 စီးစုဆင်မတော်၊ 

စီးတော်ကြီး၊ 

ရွေးဆင်၊ 

ဝင်းဆင်၊ 

ထမ်းဆင်တော်၊ 

ဝန်ရည်ဆင်တော်၊

 မှိန်သစ်ဆင်တော်၊ 

ကျင်းဆင်၊ 

ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ 


ထိုအထဲတွင် 

ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။


မြန်မာမင်းများလက်ထက်တော်အခါက 

ဆင်ဝန်၊ 

အောက်မားဝန်၊ 

ဆင်မှူး၊ 

ဆင်စာချီ၊ 

ဆင်ကဲ၊ 

ဆင်တိုင်အမှုထမ်း၊ 

ရွေလွန်အမှုထမ်း၊

 ကျုံးမှူး၊ 

ယရည်း၊ 

ဆင်အစီရင်၊ 

ဆင်ဆေးသမား၊ 

ဆင်ဆော်၊ 

ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။


ဆင်ဝန်ဖြစ်ထိုက်သူတွင်.


(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။


(၂) သင့်တော်သော အစားကို သိခြင်း။


(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။


(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။


(၅) ဇာတ်အင်္ဂါ လက္ခဏာတို့ကို သိတတ်ခြင်း


 စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။


ထို့ပြင်လည်း 

ဆဒ္ဒန်ဆင်မင်းဝန် ဟူ၍ လည်းကောင်း၊ 

ဆင်မင်း၀န်ထောက် ဟူ၍ လည်းကောင်း၊ 

ဆင်မင်း နာခံ၊ 

ဆင်မင်းစာရေးကြီး၊ 

ဆင်မင်းနောက်ထိုင်၊ 

ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။


မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် 

မောရိယ ပစ္စယနာဂရာဇာ ဆင်မင်းအတွက် 

ဆင်မင်းဝန်အပြင်

 လခ-၁၂၀-စား၊ 

ဆင်မင်းနာခံ လေးဦး လခ ၁၂၀-စား၊ 

စာရေးကြီး လေးဦး၊

 လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။

 ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား 

အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။


ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊

ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊

ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊

ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇဝင်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တဝင့် ပါရှိ၏။


ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် 

အလွန်ထင်ရှား ကျော်စောသော 

နိဗ္ဗနပစ္စယနနာဂရာဇာ ဆင်မင်းအကြောင်းနှင့်

 ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ အကြောင်းများကို 

ရာဇဝင် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် 

အကျယ်တဝင့် ရေးသားဖော်ပြထား၏။


အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ 

ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။ 


ကမ္ဘာပေါ်ရှိ တောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ 

အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ 

ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် 


ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။


ဆင်နှင့်ပတ်သက်၍

 ဗေဒင်လာ ဆင် ၃၈၊ 

ဟေမဝန်နေ ဆင် ၄၄၊

 ကျွမ်းဆင် ၈၁-မှစ၍ 

ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ 

ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။


ကျမ်းကိုး


(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)


(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။


(၃) ဝဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင် 

အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။

Wednesday, July 24, 2024

“Self-love အကြောင်း”

 “Self-love အကြောင်း”




🔳 ကိုယ့်ကိုယ်ကိုယ် ချစ်ပါလို့ ပြောလိုက်ရင် ကိုယ်ကြိုက်တာလေးတွေ ဝယ်လိုက်တာ (ကိုယ့်ကိုယ်ကိုယ် ဆုချတယ်ပေါ့) ၊ အလှပြင်တာ၊ ပစ္စည်းအကောင်းစားတွေ သုံးတာ၊ ဒါတွေကို အရင်ပြေးမြင်တတ်ကြတယ်။ တချို့လည်း အတ္တကြီးတဲ့ဘက်ကိုပါ ရောက်သွားကြတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာကို Self-love လို့ ထင်နေကြတယ်။


တကယ်တော့ Self-love ဆိုတာ ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှ ပိုပြီး အရေးတကြီး လိုအပ်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူနဲ့ မချစ်တဲ့သူ အဲဒီမှာ ကွာခြားသွားကြတာပဲ။


🔳 လူအချင်းချင်း ချစ်ကြသလိုနဲ့လည်း နမူနာ ယူကြည့်လို့ရတယ်။ ပိုက်ဆံချမ်းသာရင် လက်ဆောင်အကောင်းစားတွေလည်း ပေးနိုင်တာပဲ။ အကျိုးလိုလို့ ညောင်ရေသွန်းတာတွေလည်း အများကြီး။ တကယ်အချစ်စစ်မစစ်ကို ကိုယ်ဒုက္ခရောက်တဲ့အချိန်မှ လက်တွဲဖြုတ်သွားလား မဖြုတ်သွားဘူးလားနဲ့ တိုင်းတာနိုင်တာကိုး။


ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အချစ်မှာလည်း ဒီလိုပဲ။ အပေါ်ယံ ပစ္စည်းဥစ္စာတွေနဲ့ မကြည့်ဘဲ ပိုအရေးကြီးတဲ့ ရှုထောင့်တွေကနေ စဉ်းစားကြည့်ဖို့ လိုတယ်။


🔳 Self-love ကို သေချာနားလည်ချင်ရင် ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် အစားထိုးပြီး မြင်ယောင်ကြည့်လိုက်။ သားသမီးလား၊ မိဘလား၊ မောင်နှမလား၊ ချစ်သူရည်းစားလား၊ သူငယ်ချင်းလား၊ ကိုယ့်နေရာမှာ သူတို့ကို အစားထိုးကြည့်လိုက်။


🔳 ဆိုပါတော့။ ကိုယ့်သူငယ်ချင်းတစ်ယောက်က ရည်းစားနဲ့ ပြတ်သွားလို့၊ သစ္စာဖောက်ခံရလို့ ပြိုလဲနေတယ်။ ကိုယ် သူ့ကို ဘယ်လိုဖြစ်စေချင်သလဲ။


အရက်တွေသောက်၊ အိပ်ရာထဲ ဘုံးဘုံးလဲ၊ ဘဝကို ရေစုန်မျှော၊ ပေတေလေလွင့်၊ ဒီလိုဖြစ်နေတာ မြင်ချင်သလား။


ဒါမှမဟုတ် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားနေတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်၊ ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီတွေလည်း ရယူနေတယ်၊ ဒါမျိုးကို မြင်ချင်သလား။


ဒီလောက်ကြီးတောင် ခံလိုက်ရမှတော့ ဘာမှမဖြစ်သလို အကောင်းပကတိ ရှိနေဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒဏ်ရာကတော့ ရမှာပဲ။ သို့သော် သူ ဒါကို ကျော်ဖြတ်နိုင်အောင် အကောင်းဆုံး ကြိုးစားနေတယ်။ ဒါမျိုးကို ကိုယ်မြင်ချင်မှာပဲ။ ကိုယ်ချစ်တဲ့လူကိုး။


ဒါဆို ကိုယ်တိုင်လည်း အသည်းကွဲတဲ့အခါ၊ သစ္စာဖောက်ခံရတဲ့အခါ အဲဒီအတိုင်း ရှင်သန်။ ဒါသည် Self-love ပဲ။ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူရဲ့ အမူအကျင့်ပဲ။


🔳 အမေဖြစ်သူမှာ ရောဂါဖြစ်တယ် ဆိုပါတော့။ စိတ်ဓါတ်တွေကျ၊ ငါ့သားသမီးတွေတော့ ငွေကုန်ပါပြီ ဆိုပြီး ဆေးမကုတော့ဘဲ နေနေမယ်။ ဆေးမှန်မှန်မသောက်ဘူး။ အစားအသောက် မဆင်ခြင်ဘူး။ ကိုယ် ရောဂါခံစားနေရတာတောင် သားသမီးကို မပြောတဲ့ မိဘရှိသေးတယ်။


ဒါမျိုးဆို ဘယ်လောက်စိတ်ပူရလဲ။ ဘယ်လောက်စိတ်ညစ်ရလဲ။


အဲဒီအစား သူ နေမကောင်းဖြစ်ရင် ပြောမယ်။ ဆေးခန်းသွားပြမယ်။ လိုအပ်တဲ့ ကုသမှု ခံယူမယ်။ အစားအသောက် ဆင်ခြင်မယ်။ သားသမီးတွေကိုလည်း ကျေးဇူးတင်စကားပြောမယ်။ ရောဂါကို ကောင်းကောင်းရင်ဆိုင်မယ်။ စိတ်ရှည်ရှည်ထားမယ်။ ဒီလိုဆို ကိုယ်မပျော်ဘူးလား။ မြင်ရတာရော စိတ်မချမ်းသာဘူးလား။


ဒါဆို ကိုယ်တိုင်ရောဂါဖြစ်တဲ့အခါလည်း အဲဒီအတိုင်း ကျော်ဖြတ်။


🔳 ကိုယ့်ညီလေး၊ ကိုယ့်မောင်လေး ယုံကြည်ချက်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတယ်။ သိမ်ငယ်စိတ်တွေဝင်၊ ပြိုလဲ၊ တစ်နေ့တစ်နေ့ ဘာမှလည်း မလုပ်ဖြစ်၊ အချိန်တွေ အလကားကုန်နေတာမျိုး ကိုယ်မြင်ချင်သလား။


ဒါမှမဟုတ် သူ့ကိုယ်သူ ဂုဏ်ယူတယ်။ သူ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နောင်တမရဘူး။ ရနိုင်သမျှ အလုပ်တွေ ကြိုးစားလုပ်တယ်။ အလုပ်ကို ရပ်ထားရပေမဲ့ လေ့လာသင်ယူမှုကို မရပ်ဘူး။ အများအတွက်လည်း အကျိုးပြုနေတယ်။ အဲဒါမျိုးကို ကိုယ်မြင်ချင်သလား။


ဒါဆို ကိုယ်တိုင်လည်း အဲဒီအတိုင်း ရင်ဆိုင်။ ခေါင်းကို မော့ထား။ ရင်ဘတ်တွေကို ကော့ထား။ လူတစ်ယောက်ရဲ့ တန်ဖိုးကို ငွေကြေးဥစ္စာ ဓနတွေနဲ့ တိုင်းတာလို့ရတာ မဟုတ်ဘူး။ ဘယ်လောက် လူပီပီသသနဲ့ ဖြတ်သန်းခဲ့သလဲနဲ့ အဓိကတိုင်းတာ။ ဘာအတွက်နဲ့မှ သိမ်ငယ်နေစရာ မလိုဘူး။


🔳 ကိုယ့်သူငယ်ချင်း ကြိုက်နေတဲ့ရည်းစားက သူ့ကို တန်ဖိုးမထားဘူး။ ပေါ်တင်ရှုပ်တယ်။ ပွေတယ်။ အဲဒါကိုလည်း ဟိုတစ်ယောက်က သိသိကြီးနဲ့ လက်ခံနေတယ်။


ဒါဆို ကိုယ်သဘောကျလား။ ဘယ်ကျမလဲ။ ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားခံရတာပဲ မြင်ချင်တယ်။


ဒီလိုဆို ကိုယ်တိုင်လည်း ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေ၊ လေးစားမှု မပေးတဲ့သူတွေအတွက် အချိန်ကုန်မခံနဲ့။ အနှိမ်မခံနဲ့။


🔳 ကိုယ့်သားသမီး တစ်ခုခု အမှားလုပ်မိတယ်။ မျက်နှာလေးက ညှိုးငယ်လို့။ ဆူခံရမှာ ကြောက်နေတာ။ ဒါဆို ကိုယ်အပြစ်တွေ တင်နေမလား၊ စိတ်ထိခိုက်စေမဲ့ စကားတွေ တချိန်လုံး ပြောနေမလား။ ဒါမှမဟုတ် ဖေးဖေးမမ ပြောမလား။


ဘယ်သူမဆိုတော့ အားပေးမှာပဲ။ ဘာမှမဖြစ်ဘူး၊ စိတ်ထဲမထားနဲ့တော့၊ အရေးမှမကြီးတာ၊ ဒီလိုစကားလေးတွေ ပြောမှာပဲ။


ကိုယ့်ကိုယ်ကိုယ်သာ အဲဒီလို မပြောကြတာ။ ဟုတ်တယ်၊ ငါက အသုံးကိုမကျဘူး၊ ငါ ဒါလေးတောင် မလုပ်နိုင်ဘူး၊ အဖြစ်ကိုမရှိဘူး၊ ဒီလိုလုပ်မိလိုက်တာ ငါ အတော်နောင်တရတယ် စတဲ့ စကားတွေပဲ ပြောနေကြတယ်။ ဒါ ကိုယ့်ကိုယ်ကိုယ် တကယ် ချစ်တဲ့သူရဲ့ အမူအကျင့် မဟုတ်ပါဘူး။


🔳 ကိုယ့်သားက လိင်တူချစ်ကြိုက်သူ။ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို ကြောက်နေတယ်။ အဲဒီအခါ ကိုယ်ဘယ်လိုစကားမျိုး ပြောမလဲ။ သူ့ဖြစ်တည်မှုကို တစ်သက်လုံး ဖုံးကွယ်ပြီး နေသွားဖို့ အားပေးမလား။ ဖြစ်တည်မှုအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နေတာကို မြင်ချင်သလား။


ကိုယ့်ယောက်ျားက မဟုတ်တဲ့နည်းနဲ့ ငွေမရှာချင်ဘူး။ လိပ်ပြာမသန့်ဘူး။ အဲဒါကို မဖြစ်ဖြစ်အောင် လုပ်ဖို့ ဖိအားပေးမလား။ ငွေတော့ ရပါရဲ့၊ သူ့ကိုယ်သူ ပျောက်ဆုံးသွားတဲ့ ကိုယ့်ယောက်ျားကို မြင်ချင်သလား။ ဒါမှမဟုတ် သူ့ရဲ့ စံတန်ဖိုးတွေအတိုင်းပဲ ရွေးချယ်ရပ်တည်ဖို့ တိုက်တွန်းမလား။ စဉ်းစားကြည့်။


ဒီလိုဆို ကိုယ်တိုင်လည်း ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်ပုံစံအတိုင်း ရှင်သန်ဖို့ကိုပဲ ရွေးချယ်သင့်တာပေါ့။


🔳 ဒါကြောင့် Self-love လို့ ပြောလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဆုချတာ ဘာညာထက် အများကြီး ပိုပါတယ်။


• စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကနေ ရုန်းထတာ၊ ရုန်းထဖို့ ကြိုးစားတာ

• ကျန်းမာရေး ဂရုစိုက်တာ၊ နေမကောင်းဖြစ်ရင်လည်း ကြိုးစားကုသတာ

• အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်တာ

• ဘဝကို ပိုပိုပြီး ကောင်းလာအောင် ကြိုးစားအားထုတ်တာ

• ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ

• ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောတာ

• အတိတ်က ‘ကိုယ်’ ဆိုတဲ့လူကို ခွင့်လွှတ်ပေးတာ

• ကိုယ့်ဖြစ်တည်မှုကို အရှိအရှိအတိုင်း လက်ခံတာ

• ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရှင်သန်ရပ်တည်တာ


ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူတွေရဲ့ အမူအကျင့်တွေပါပဲ။


🔳 အပေါ်ယံအချစ်တွေက အပျော်မကျန်တော့တဲ့အခါ လက်တွဲဖြုတ်သွားတတ်သလို၊ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အချစ်က မစစ်မှန်ရင်လည်း အိမ်အကောင်းစားမှာ နေ၊ ကားအကာင်းစားကြီး စီးရဖို့အရေး ဓနရှင်ရှေ့ လက်အုပ်ချီ ဒူးထောက်ခစားနေရတဲ့ ရှက်စရာဘဝမျိုးနဲ့ အဆုံးသတ်သွားရတတ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၂၃.၇.၂၀၂၄

Sunday, July 21, 2024

ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'

 'ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'




(မိဘဒေါသကြီးရင် ကလေးက ထုံပေပေဖြစ်တတ်တယ်။ မိဘကစိတ်ရှည်ရင် ကလေးက ချက်ချာပါးနပ်တယ်။ 2 ways Influence processပါပဲ။ ဒါကို သတိမူမိဖို့ ဆောင်းပါးတစ်စောင် ကူးယူဖော်ပြလိုက်ပါတယ်။)


ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။


၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။


ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။


၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ 


ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။


၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။


ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။ 


၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။


ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။


၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။


အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။


၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။


ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။


ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။


မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။


1. Calm

2. Correct

3. Consistent

4. Consequences




1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။

------------------------------------

ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။


မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။


ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။


ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။


2. Correct ကလေး အားပြုပြင်ပါ။

-----------------------------

ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။


ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။


ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။


3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။

-------------------------------

ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။


ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။


ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။


"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။


ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။


4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။

------------------------------------

ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။


မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။


ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။


 ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။


ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။


ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။




မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။


 အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။


ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။


ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။


 ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။ 


Kids aren't born with perfect manners and etiquette. We need to teach them correctly.


ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။


*** မူလဘူတရေးသားမျှဝေသူ အမည်မသိလို့ သည်အတိုင်း ကူးတင်ထားပါတယ်။ သိသူများ Comment ပေးသွားကြပါဦးနော်။

Saturday, July 20, 2024

💐🌿🙏 လမြတ်ဝါဆို 🙏🌿💐

 💐🌿🙏 လမြတ်ဝါဆို 🙏🌿💐

=======================




#ဆောင်းပါးရှင် တင်ထက်ထက်ဇော်

          ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ ပါ၀င်သည်။ ထို့ကြောင့် နွေတစ် ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလ ဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ “နေ့မှာဝါဆို၊ ညမှာပြာသို” ဆိုသကဲ့သို့ ညတာတို၍ နေ့တာ အရှည်ဆုံးသော ရက်စုံလ ဖြစ်ပါသည်။


ဝါထပ်ရခြင်းအကြောင်း သိကောင်းစရာ။


           မြန်မာ့ရိုးရာပြက္ခဒိန်တွင် တစ်ခါတစ်ရံ ဝါထပ်သောနှစ်ကို ကြုံတွေ့ရတတ်သည်။ ဝါထပ်သောနှစ် ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလ နှင့် ဒုတိယဝါဆိုလ ဟူ၍ သတ်မှတ် ရေတွက်ထားသည့် နှစ်ကို ဆိုလိုသည်။


          ကမ္ဘာက နေကို လှည့်ပတ်ရာတွင် ၃၆၅ ရက်၊ ခြောက်နာရီ ၁၂ မိနစ်၊ ၃၇ စက္ကန့် ကြာမြင့်သည်။ ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ ရက် ထားခြင်းဖြစ်သည်။ ထို့ပြင် ခြောက်နာရီ အစွန်းအတွက် လေးနှစ်တစ်ကြိမ် တစ်ရက်တိုးသလို မြန်မာက လည်း ၂၉ ရက် ခြောက်လ၊ ရက် ၃၀ ကို ခြောက်လထားသဖြင့် မြန်မာနှစ်တစ်နှစ်မှာ ၃၅၄ ရက်သာ ရှိသည်။ သို့ဖြစ်၍ အင်္ဂလိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ်တစ်နှာမှာ ၁၁ ရက် လိုသည်။


          အင်္ဂလိပ်နှစ်မှာ လေးနှစ်ကြာလျှင် တစ်ရက်တိုးသလို ရှစ်နှစ်ကြာလျှင်လည်း နှစ်ရက်တိုးသွားသည်။ မြန်မာနှစ်ကမူ အင်္ဂ လိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ ရက် လိုသဖြင့် ရှစ်နှစ်ဆိုပါမူ ၈၈ ရက် လိုသည်။ အင်္ဂလိပ် ရက်ထပ် နှစ်ရက်ပေါင်းလျှင် ရက် ၉၀ လိုပြန်သည်။ ထိုသို့ လိုနေသည့် ရက် ၉၀ ပြည့်မီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ် ထပ်ပေးရန် လိုအပ်ပြန်သည်။ ထို့ကြောင့် သုံးနှစ်တစ်ကြိမ် ဝါနှစ်ခါထပ်ပြီး နှစ်နှစ်တစ်ကြိမ် ဝါတစ်ခါထပ်ပေးရခြင်း ဖြစ်ပေသည်။


ဝါဆိုလ မြတ်လေးပန်း။


မြတ်လေးပန်း နှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းအား ဝါဆိုလ၏ ရာသီပန်းအဖြစ် သတ်မှတ် ထားကြသည်။ မြတ်လေးပန်းသည် တော်၀င်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်းအဆီကို နန်းတွင်းသုံး ခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြကြောင်း လေ့လာမှတ်သားရပါသည်။ မြတ်လေးပန်း၏ ထူးခြားချက် မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက် တွင် တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဏ္ဍနြေ္ဒသိက္ခာ ထိန်းသ်ိမ်းကြရာ၌ “မြတ်လေးပန်းလိုကျင့်” ဟု ပမာနှိုင်း၍ ဆိုကြသည်။


ဝိမာနဝတ္ထု အဋ္ဌကထာတွင်လည်း ပန်းတွင် မုလေးပန်းက မြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေး ပန်းဆိုင်း မရသောကြောင့် မုလေးပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရကြောင်း၊ ထိုကြောင့် မုလေးပွား ဟုခေါ်ဆိုကြောင်း လေ့ လာမှတ်သားရပါသည်။


မြန်မာ့ဆေးကျမ်းတွင် “မြတ်လေးပင်သည် ဖန်၊ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ် ၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏” ဟု ညွှန်းဆိုထားသည်။ မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေနြ္ဒသေန ရသေ့စီရင်သည့် ဒြဗျ ဂုဏ်ဆေးကျမ်းတွင် “မုလေးပန်းသည် သလိပ် နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေး ပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။ ထိုမုလေး ရွက်သည် သလိပ်သည်းခြေကိုနိုင်၏”  ဟု ဆိုထားသည်။ ဝေဿာမိတ္တ ရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင် “မုလေးကျီးပေါင်းကို ရေဝတီနက္ခတ် အကြိုက်တွင် ယူဆောင်လျှင်၊ လူအပေါင်း တို့ စကားကို နာယူရသည်”  ဟု ဆိုထားသည်။


ဝါဆိုပွဲတော်များ။


          ဝါဆိုလတွင် ရဟန်း သံဃာတော်တို့က မိမိတို့ ကျောင်းပရ၀ဏ်အတွင်း ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့ မပြောင်းကြဘဲ နေထိုင် သီတင်းသုံးကြသည်။ ထို့ကြောင့် ဝါဆိုလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာတရားကို ထူ ထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်း ကြောင့် အထွတ်အမြတ် ပြုရသည့်လ ဖြစ်ပါသည်။


ပုဂံခေတ်က ဝါဆိုလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုအမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ဝါဆို ဟူသော ဝေါဟာရမှာ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ပရိယတ္တိ သာသနာစာပေ ကျမ်းဂန်ရောက်ရှိ၍ ရဟန်းသံဃာတော်တို့ ဝါဆို ဝါကပ် ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာဖြင့် ခေါ်ဝေါ် ရေးသားကြသည်။ ရှေးဝေါဟာရ မဟုတ်ရာ၊ နွေတာလ သာလျှင် ရှေးဝေါဟာရ ဖြစ်သည်။ ယူရန်ရှိသည်ဟု ကျမ်းဂန်များက ဆိုပါသည်။


တစ်နည်းဆိုရလျှင် ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားရဘဲ မိမိ တို့၏ ကျောင်းအရံအတွင်း၌ နေခြင်းဖြစ်ပြီး ဤသို့ရဟန်းတော်များ ဝါဆို၊ ဝါကပ်သည်ကိုစွဲ၍ ဝါဆိုလဟု ခေါ်ကြခြင်းဖြစ်ပါသည်။


          မြန်မာမင်းများလက်ထက်က တစ်လလျှင် ပွဲတော်တစ်မျိုးစီ ကျင်းပလေ့ရှိရာ ဝါဆိုလအခါတွင် ပဉ္ဖင်းတော်ခံပွဲများ ကျင်းပ လေ့ရှိသည်။ ပဉ္ဖင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ၀င်ခွင့်ရှိ၍ ၀င်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနား နှင့် သွတ်သွင်း ချီးမြှင့်ခြင်းဖြစ်ရာ ဘုရင်များ ကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသော ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့်ခေတ်၊ မည်သည့်ဘုရင် လက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရန် မလွယ်ကူတော့သော်လည်း ကျောက်စာပါ ရေးထု ထားသည့် အကြောင်းအရာများ၊ ရှေးစာဆိုများ၏ ဖွဲ့ဆိုမှုများအရ ပထမ အင်းဝခေတ်၌ ပဉ္ဖင်းတော်ခံပွဲတော် ရှိနေပြီဖြစ်ကြောင်း သိ ရသည်။


          ထို့ပြင် ရှေးမြန်မာမင်းများ လက်ထက်က နယုန်လစာပြန်ပွဲတွင် စာအောင်ကြသူများအနက် မပြည့်စုံကြသော ပြည်သူ တို့ကို ဘုရင်မင်းမြတ် ဦးစီး၍ ရှင်အဖြစ်လည်းကောင်း၊ ရဟန်းအဖြစ်လည်းကောင်း ရှင်ပြုရဟန်းခံခြင်းများကို တခမ်းတနား ကျင်းပ ပြုလုပ် ကုသိုလ်ယူလေ့ရှိရာ ဝါဆိုလ ပဉ္စင်းခံပွဲဟူ၍ ဆယ့်နှစ်လရာသီ ပွဲတော်တစ်ခုအဖြစ် တွင်ကျန်နေရစ်ခြင်း ဖြစ်ပါသည်။


          သို့ရာတွင် မျက်မှောက်ကာလတွင်မူကား ပဉ္ဖင်းတော်ခံပွဲကို ရှေးအခါကကဲ့သို့ ဝါဆိုလ၌သာ ကျင်းပလေ့မရှိတော့ဘဲ ရာသီဥတုသာယာသည့် ဆောင်း၊ နွေ ဥတု နှစ်ပါးစလုံးတွင် မိမိတို့ အဆင်ပြေသည့်လ၌ ကျင်းပေလေ့ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလ၏ ရာသီပွဲတော်မှာ ပဉ္ဖင်းတော်ခံပွဲ မဟုတ်တော့ဘဲ သံဃာတော်များ ဝါဆိုပွဲ၊ ဝါဆိုပန်းပွဲ နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ သက် ကြီးဝါကြီး ပူဇော်ကန်တော့ပွဲတို့ကို စုပေါင်း ခေါ်ဝေါ်ထားသည့် ဝါဆိုပွဲတော်သည် ဗုဒ္ဓဘာသာ၀င်တို့၏ ရာသီပွဲတော် ဖြစ်သည်။ စုပေါင်းခေါ်ဝေါ်ထားသည့် “ဝါဆိုပွဲတော်” ဖြစ်ပါသည်။


ဝါဆိုလပြည့် ဗုဒ္ဓနေ့။


          ဝါဆိုလသည် မြန်မာလများတွင် ဘာသာ၊ သာသနာဆိုင်ရာ ထူးမြတ်သည့် လဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ သည်လည်း “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋီကာ” ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက် တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံ၊ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း ဟူသော ထူးခြား သည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ဖြစ်ပါသည်။


          ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်သကဲ့သို့ တရားရတနာ စတင်ပေါ်ပေါက်ရာ နေ့ လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသော နေ့ဖြစ်သကဲ့သို့ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံ သောနေ့လည်း ဖြစ်သည်။ “ဧဟိဘိက္ခူ” ဟူသောစကားကို စတင် ကြားရသောနေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော် များသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ စ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်သူများ၏ နေ့ထူးနေမြတ် ဖြစ်ပေတော့သည်။


          ထို့ပြင် ဗုဒ္ဓဘာသာ၀င်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှုခြင်း၊ ဓမ္မ စကြာ တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက် ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာ၀နာများ ကျင့်ကြံအားထုတ်ခြင်းများကို ပြုကြသည်။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ တွင်လည်း နိုင်ငံတော်တစ်၀န်း၌ ရှမ်းပြည်နယ် အပါအ၀င် အချို့ဒေသများတွင် ဝါဆိုပန်းခူးသည့် အလေ့အထ ရှေးမှစ၍ ယနေ့တိုင် ရှိနေပြီး ဘုရားကပ်လှူရန် ရည်ရွယ်၍ ပန်းများပျော်ပျော်ရွှင်ရွှင် ခူးဆွတ်ဆင်နွှဲကြသည်။ ဝါဆိုပန်းများ၊ ဝါဆိုဖယောင်းတိုင်ကြီးများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပွဲများလည်း ဆင်နွှဲလေ့ရှိကြသည်။


တောင်သူပျော်သောလ။


          မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ဝါဆိုလတွင် တရားဓမ္မဆိုင်ရာများ ဝေ၀ စည်စည် ကျင်းပကြသော်လည်း ရှေးကာလကတည်းကပင် လယ်ယာမိုးမြေလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လေ့ရှိသည်။ လယ်ယာလုပ်ငန်းသည် အဓိကအရင်းခံ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ဝါဆိုမိုးနှင့်အတူ နိုင်ငံအတွင်း၌ လယ်လုပ်ငန်းများကို တောင် သူလယ်သမားများက တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကြသည်။ ထို့ကြောင့် ဝါဆိုလမြင်ကွင်းတွင် ဝါဆိုတော်မူနေသော ရဟန်း သံဃာတော်များနှင့်အတူ တက်ကြွလန်းဆန်း ရွှင်မြူးနေသော လယ်လုပ်ငန်းရှင်တို့မှာ ဒင်္ဂါးပြား ခေါင်းနှင့်ပန်းသဖွယ် ယှဉ်တွဲလျက် ရှိပေသည်။


          အချုပ်အားဖြင့်ဆိုသော် ဝါဆိုကာလသည် ဗုဒ္ဓဘာသာ မြန်မာတို့အတွက် မွန်မြတ်သော လတစ်လ ဖြစ်ပါသည်။ ဝါဆို ကာ လကစ၍ တရားဓမ္မသံများ ဝေစည်လျက်ရှိသည့် လောကီကာမဂုဏ်ကိစ္စများဖြစ်သည့် ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ပြောင်းရွှေ့ ခြင်းများပင် ခေတ္တရပ်နားထားကြသည်။ သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့ပွဲများလည်း ကျင်းပလေ့ရှိပြီး နိုင်ငံတစ် ၀န်း၌ ကုသိုလ်ကောင်းမှုများဖြင့် တိုးပွားပြည့်စုံနေသော လတစ်လဖြစ်ရာ ရခဲလှသော လူ့ဘ၀အချိန် ကာလအတွင်း ဝါဆိုဆန်း အချိန်ကာလကစ၍ ကောင်းမှုကုသိုလ်တရားများ ပွားများကြစေလိုပါကြောင်း နှိုးဆော်သမှု ပြုအပ်ပါသည်။


          ဆက်လက်၍ တိုက်တွန်းလိုသည်မှာ ဝါဆိုလသည် ကောင်းကင်ယံတစ်ခွင်၌ မိုးသံလေသံများညံပြီး မိုးဖြိုင်ဖြိုင်ရွာသည့်လ ဖြစ်သည့် အားလျော်စွာ သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစိုရှိပြီး သစ်ပင်စိုက်ပွဲတော်များ စည်စည်ကားကား စတင်ကျင်းပကြသော    လလည်းဖြစ်ပေသည်။ သို့ပါ၍ နောင်လာနောင်သား ကမ္ဘာသူကမ္ဘာသားများ၊ သက်ရှိအားလုံးတို့အတွက် ဤကမ္ဘာမြေကြီး သာယာ လှပစေဖို့ ကြီးမြန်သစ်ပင်များကို ယနေ့လူသားများက စိုက်ပျိုးသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ပါရစေ။။




စေတနာများစွာ

#ဆောင်းပါးရှင် တင်ထက်ထက်ဇော် Tin Htet Htet Zaw 

 ရေးသားသည်။

Saturday, July 13, 2024

ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business .

 ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business




ယနေ့ခေတ် စီးပွားရေး လုပ်ငန်းရှင်များကြားမှာ ခေတ်စားလာတဲ့ စကားလုံး တစ်ခုကတော့ Scalable Business Model ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ Scale ဆိုတာကတော့ ဆပွား ကြီးထွား လာခြင်းလို့ အဓိပ္ဗာယ် ပြန် လို့ရပါလိမ့်မယ်။ ဆိုတော့ Scalable Business ဆိုတာကတော့ အလွယ် တကူ ဆပွား ကြီးထွား လာပြီး အမြတ် ငွေတွေ ဝင်စေမယ့် စီးပွားရေး ပုံစံ လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ် သစ် ရဲ့အမြန်ဆုံး ချမ်းသာနည်း တစ်ခုလို့တောင် တင်စား လို့ ရနိုင်ပါတယ်။ 

.

ဒါ့အပြင် ယခု အခြေအနေလို မရေရာမှုတွေ စီးပွားရေး မတည်ငြိမ်မှုတွေ ကြားမှာ လုပ်ငန်းတွေအနေနဲ့ မိမိ စီးပွားရေး လည်ပတ်ပုံကို Scalable Business Style အဖြစ် ပြောင်းလဲ နိုင်ဖို့က အရေးတကြီးကို လိုအပ်လာပါတယ်။ ဒါမှ သာ မရေရာမှု တွေ ကြားမှာ လုပ်ငန်းကို ကုန်ကျစရိတ်အနည်း ဆုံးနဲ့ ပုံမှန် ဝင်ငွေတစ်ခုရနေအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

.

.

ဒါဆိုရင် Scalable Business ဆိုတာ ဘာလဲ.. ဘာကြောင့် အရေးကြီးလာတာလဲ။

.

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတုန်းက စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ပုံမှန်သမာရိုး ကျ နည်းတွေ ဖြစ်တဲ့ ဆိုင်တစ်ဆိုင်ဖွင့်၊ Product or service တစ်ခုခုရောင်း၊ ဒီကနေ အောင်မြင် လာတဲ့အခါ ဆိုင်ခွဲတွေ အများအပြား ထပ်ဖွင့်၊ စတော့အိတ်စ်ချိန်းကို တင် ရှယ်ယာထုတ်ရောင်း စတဲ့ နည်းနဲ့ ဘီလျံနာများစွာ ပေါ်ထွန်း ခဲ့ပါတယ်။ 

.

ဒါပေမယ့် သမာရိုးကျ ဒီလိုနည်းဟာ အမြတ် ပိုရဖို့ အတွက် ဆိုရင် ထပ်မံ ရင်းနှီး ရတဲ့ စရိတ် က အချိုး ကျလိုက်ပါ များပြားလာလေ့ရှိပါတယ်။ ဥပမာ သင်က ကုန်စုံဆိုင်လေးတစ်ဆိုင်ရပ် ကွက် ထဲမှာ ဖွင့်မယ်ဆိုပါစို့။ ဒီလို တစ်ဆိုင်လုံး အပြည့် ကုန်မျိုးစုံကို တင်ရောင်းရင်း နဲ့ နောက်ဆုံး မှာ ဆိုင်မှာ တင်နိုင်တဲ့ အခြေအနေ ပစ္စည်း ထားနိုင်မှု limit ပြည့်သွားပါလိမ့်မယ်။ ဒါဆိုရင် အမြတ်ပိုရဖို့ အခြား ပစ္စည်းအမျိုးအစားတွေ ထပ်တင်ရောင်းနိုင်ဖို့ အတွက် မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော နည်းလမ်းက ဆိုင်တစ်ဆိုင် ထပ် ငှားတာဖြစ်ဖြစ် ဝယ်တာဖြစ်ဖြစ် လုပ်ပြီး ဆောင်ရွက်မှသာ ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ဝယ်ရ ငှားရ တဲ့စရိတ်ဟာ ပိုမိုကုန် ကျ လာပြီဖြစ်ပါတယ်။ နောက်ထပ်ဥပမာ အနေနဲ့ကတော့ သင်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆို ပါတော့ သင့်ဆိုင်ကနေ တစ်လကို သိန်း ၅၀ လောက် အမြတ် ရနေ ပေမယ့် ဒီ ပမာဏ ဟာ ဆိုင် မှာ လူအပြည့် ဝိုင်းအပြည့်အခြေအနေ ဖြစ်နေမယ်ဆိုရင် အမြတ် သိန်း ၅၀ ထပ် ပိုမြတ်ဖို့ အတွက် နောက်ထပ် ဆိုင်တစ်နေရာစာ ထပ် မံ ရင်းနှီးမှသာ ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်  Limit တွေ ရှိနေ  တယ်လို့ ဆိုရခြင်းပါပဲ။

ဒါ့အပြင် ဒီလို လုပ်ငန်း ကိုနေရာ ၊ဝန်ထမ်း၊ ဆိုင်တွေ ထပ်ချဲ့လိုက်တာနဲ့  အခြားသော  ကုန်ကျစရိတ်တွေ အမျိုးအစား တစ်ခုဖြစ်တဲ့ Overhead Cost တွေ  ဟာ လည်း လုပ်ငန်းချဲ့လေလေ ပိုတိုးလာလေလေ ဖြစ်လာတာပါပဲ။ ဥပမာ အထက်ကလို ကုန်စုံဆိုင် တစ်ဆိုင် လောက်ပဲ ရှိနေချိန်မှာတော့ ကိုယ်တိုင် လုပ်နိုင်ပေမယ့် ဆိုင် ၅ ဆိုင်လောက်ဖြစ်လာပြီး ဝန်ထမ်း များလာတဲ့အခါမှာတော့ လူတွေကို စီမံအုပ်ချုပ်ဖို့ HR, Admin ဌာနတွေ၊ ငွေကြေး စီမံဖို့ Account, Cash, Finance ဌာနတွေ ၊ Stock တွေ စစ်ဖို့ Audit အဖွဲ့တွေပါ ထားလာ ရတော့မှာ ဖြစ် ပါတယ်။ 

.

Scalable Business ဆိုတာကတော့ အထက်ကလို Operation Expenses တွေ Overhead Cost တွေ ထပ်မတိုးပဲ နဲ့ အမြတ်ငွေကို ဆပွားဖြစ်အောင် လုပ်လို့ရတဲ့ စီးပွားရေးပုံစံ Business Model and frame work တွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒီလို Business Model တွေ ဟာ နည်းပညာ တိုးတက်မြင့်မားမှုနဲ့ အတူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီ အတွက် Scalable Business တွေဟာ နည်းပညာ အခြေပြု online လုပ်ငန်းတွေ အများစု ဖြစ်ကြပေမယ့် အချို့ကတော့ သမာရိုး ကျ ကနေမှ Scalable Business ပုံစံမျိုး လုပ်အောင်မြင်လာကြတာလဲ တွေ့ရပါတယ်။ 

.

.

ဒါဆိုရင် ဒီလို ဆပွားကြီးထွား မြတ်စွန်းနိုင်တဲ့ Scalable Business တွေက ဘာတွေဖြစ်မလဲ။

.

(၁) Software များ ဂိမ်းများ

.

ကျွန်တော်ကိုယ်တိုင် ပုံမှန်ကစားဖြစ်နေတဲ့ online game လေးတစ်ခုရှိပါတယ်။ ဒါကတော့ Archero ဆိုတဲ့ မြှားသမား ဂိမ်းလေးဖြစ်ပါတယ်။ ဒီ ဂိမ်းလေးဟာ ရိုးရိုးလေးနဲ့အောင်မြင်မှု အတော်ရခဲ့ပြီး ၂၀၁၉ မှာ Google paly store ရဲ့အကောင်းဆုံးဂိမ်းဆုကိုတောင် ရခဲ့တယ် ဆိုပါတယ်။ ဒီဂိမ်းလေးမှာ ကမ္ဘာတစ်ဝှမ်းက ပုံမှန်ကစားသူတွေ ရှိနေပြီး ကစားသူအသစ်များ လဲ ထပ်ထပ်တိုးနေပါတယ်။ အဓိက ဝင်ငွေလမ်းကတော့ ဒီ ဂိမ်း လေး ထဲက အချို ့Item တွေကို လိုချင်ရင် စက္ကန့်၃၀ စာ ကြော်ငြာလေးတွေ ကြည့်ရတာဖြစ်ပါတယ်။ ဒါအ့ပြင် ငွေသွင်းပြီး တော့လဲ Gem တွေဝယ်ကာ level တွေ မြင့်နိုင်ပါတယ်။ တစ်နည်းအားဖြင့်တော့ နေရာတွေ ဆိုင်တွေ ထပ်ချဲ့ စရာမလိုပဲ လူ ပေါင်းများစွာဆီက အမြတ်တွေကို ဆပွား ရယူနိုင်တဲ့ နည်းပါပဲ။

.

ဒီလိုပါပဲ။ Microsoft, Google Service တွေ အခြားသော Mobile App တွေ အပါအဝင် Facebook တောင်မှ ဒီလိုနည်းလမ်းမျိုးတွေ နဲ့ Operation and overhead cost တွေ တက်မလာပဲ အမြတ်ကို ဆပွား ဖြစ်လာအောင် ဆောင်ရွက်နေတာကို တွေ့ရပါလိမ့်မယ်။

.

.

(၂) online အခြေပြု အလုပ်တွေ

.

ဒါတွေကတော့ ယခု ကိုဗစ်ကာလမှာ အများအပြားလုပ်ဆောင်လာကြတဲ့ Online Shopping တွေ ၊ နောက်တစ်ခါ စာရေး တာကိုဝင်ရောက်ဖတ်ရှုသူ များလေ ဝင်ငွေရလေဖြစ်တဲ့ Instant Articles ရေးသူတွေ၊ Youtube မှာ Blog တစ်ခုထောင်ပြီးဖြစ်ဖြစ်. Facebook adbreak ဖြစ်ဖြစ်ကနေ  ကြည့်ရှုသူ အရေအတွက်အပေါ်မူတည်ပြီး ကြော်ငြာ တွေကနေ ဝင်ငွေ ရတာမျိုးတွေ ဖြစ်ပါတယ်။

.

အချို့ ဆိုရင် လဲ ကိုယ်ဖန်တီးထားတဲ့ Design တွေ ဒါမှမဟုတ် ဓာတ်ပုံ တွေကို online ပေါ်မှာ watermark နဲ့တင်ထားပြီး အသုံးပြုချင်တဲ့သူတွေကိုမှ တစ်ပုံ ကိုသို့မဟုတ် design တစ်ခုကို ဘယ်လောက် ဆိုပြီး ပြန်လည်ရောင်းချတာမျိုးတွေ လဲပါဝင်ပါတယ်။ 

.

Online အခြေ ပြု လုပ်ငန်းတွေ အားလုံး ကတော့ အမြတ်ငွေတိုးဖို့အတွက် ဆိုင်တွေ ထပ်ချဲ့စရာ overhead cost တွေ အများအပြား ထပ်မသုံး စရာ မလိုပဲနဲ့ လုပ်ဆောင်နိုင်လေ့ရှိပါတယ်။

.

.

(၃) Subscription စနစ် လစဉ်ကြေးစနစ်

.

ဒါကလဲ လက်ရှိမှာ ခေတ်စားလာတဲ့ Scalable Business Model တစ်ခုဖြစ်ပါတယ်။ ဥပမာ ခြောက်လစာ တစ်နှစ်စာ ငွေကြိုသွင်း ထားစေပြီး သီချင်း၊ ဗီဒီယို၊ ပညာပေး၊စာအုပ် ၊ စီးပွားရေး အကြံပေးချက်. စတာတွေ ကို ပုံမှန် တင်ပေးတာမျိုး ၊ ဒါမှမဟုတ် ရုပ်ရှင်ကား ထောင်ပေါင်းများစွာကို တင်ပေးထားပြီး တစ်လ အတွင်းစိတ်ကြိုက်ကြည့် တစ်လ ကိုဘယ်လောက်ငွေသွင်းစေတာမျိုး တွေဖြစ်ပါတယ်။

.

ဒါတွေဟာ အရင် ကတော စာကြည့်တိုက်မှာ လစဉ်ကြေးပေးပြီး တစ်နေ့ ကို ဘယ်နှစ်အုပ် ငှား ဖတ်လို့ ရတယ်ဆိုတဲ့ Business Model မျိုးဖြစ်ပါတယ်။ Gym အားကစားရုံတွေ မှာလည်း ဒီလို လစဉ်ကြေး စနစ်နဲ့သွားလေ့ရှိကြပါတယ်။ 

.

လစဉ်ကြေး စနစ်နဲ့ သွားတာရဲ့အားသာချက်က မိမိ လုပ်ငန်း Limit ထက်ကိုကျော်လွန် ပြီး အမြတ်ငွေကို ရှာဖွေနိုင်တာဖြစ်ပါတယ်။ ဥပမာ Gym တစ်ခုမှာ လူ အပြည့် တစ်ခါထဲကစား ရင် ၃၀ ဦးလောက်သာ ဆန့်နိုင်ပေမယ့် လစဉ်ကြေးကို လူ ၂ဆ ၆၀ စာလောက် နဲ့ ရယူထားလို့ ရနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် လာကစားနိုင်သူ က ရှားပါးသလို အားလပ်ချိန်တွေ လဲ မတူညီ လို့ပဲဖြစ်ပါတယ်။ 

.

လက်ရှိမှာလဲ လစဉ်ကြေး ရယူပြီး လူထောင်ပေါင်းများစွာ ကို Product or service မျိုးစုံ ပေးနေ တဲ့ facebook group,  viber group စတဲ့ social media အသုံးပြု စီးပွားရေး များကို များစွာ တွေ့နေရပြီဖြစ်ပါတယ်။ 

.

.

(၄) Online Course 

.

Online အသုံးပြုသူတွေ များပြားလာတာနဲ့အမျှ online ကနေ ဖျော်ဖြေရေးသာမကပဲ ပညာရေး ပိုင်းတွေ မှာပါ လူအများအပြားက ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ မိမိတတ်ကျွမ်းတဲ့ ပညာရပ်တစ်ခုခုကို online course အနေနဲ့ပြုလုပ်ပြီး မျှဝေလာ ကြခြင်းဟာလဲ ယနေ့အများအပြား တွေ့လာရပြီဖြစ်ပါတယ်။ Online Course ပြုလုပ်ခြင်းရဲ့အားသာချက်ကတော့ တစ်ကြိမ် ထဲသာ ရိုက်ကူး ထားဖို့လို အပ်တာဖြစ်ပြီး သင်ကြားမှု Quality အနေနဲ့ တသမတ်ထဲ အတန်းတိုင်း ကို ရရှိစေပြန်ပါတယ်။

.

.

(၅) Digital Platform များ

.

ဒါကတော့ မိမိ ကနည်းပညာပိုင်း နားလည်ကျွမ်းကျင်ပြီး Online Platform တွေ Digital Platform တွေ ဖန်တီး ကာ ရောင်းချသူများနဲ့ဝယ်ယူလိုသူများ ကိုချိတ် ဆက်ပေးခြင်း ကနေကော်မရှင် ရယူ တဲ့ Business Model မျိုးဖြစ်ပါတယ်။ ဥပမာ Amazon online shopping platform ဆိုရင်း ရောင်းချသူများနဲ့ ဝယ်ယူသူများကို ချိတ်ဆက်ပေးပြီး Transaction တစ်ခု စီအတွက်အနည်းငယ် သော ပမာဏ လေးကိုသာ အခ အနေနဲ့ကောက်ခံတာဖြစ်ပါတယ်။ များပြားတဲ့ Transaction တွေ နေ့စဉ် ဖြစ်လာတဲ့အခါမှာ ဒီ Platform ကနေပဲ ဝင်ငွေများစွာ ကို အဆ ပေါင်းများစွာ ဖန်တီး နိုင်ပါတော့တယ်။

.

ယနေ့ခေတ်နယ်ပယ် အစုံမှာ ဒီလို Platform တွေကိုတွေ့နိုင်ပါတယ်။ ဥပမာ စားစရာ ဝယ်ယူ စားသုံးနိုင်ဖို့ Foodpanda, သွားလာရေးအတွက် Grab, ပညာရေး အတွက်. Online Learning Platform တွေ,  အလုပ်အကိုင်ရှာဖွေနိုင်တဲ့ Job Platform တွေ, အိမ်ခြံမြေရောင်းဝယ် ရေး အတွက် I Myanmar House လို Platform တွေ၊ ရှိသမျှ အကုန်တင်ရောင်းလို့ ရတဲ့ one kyat, Zegobird လို platform တွေ မျိုးစုံကို မြန်မာပြည်မှာလဲတွေ့လာရပြီဖြစ်ပါတယ်။

.

.

(၆) Investment

.

ငွေကို ငွေနဲ့ရင်းပြီး ပြန်ရှာဖွေတာ၊ Asset ပိုင်ဆိုင်မှု တစ်ခုခု ဝယ်ယူပြီး ပြန်လည် အငှား ချ တာ စတာ တွေကိုလဲ Scalable Business တွေထဲကို ထည့်လို့ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ သိန်း ၂၀၀ တန် တိုက်ခန်းတစ်ခန်း ကိုဝယ်ပြီး ငှားစားရင် တစ်လ တစ်သိန်း နှစ်သောင်း ရ နိုင်ပြီး ၂ ခန်း ဝယ်ရင် ၂သိန်း၄သောင်း ငှားရမ်းခ အသားတင်ရနေနိုင်လို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့မှာက overhead cost တွေ operation expenses တွေ ထပ်တိုးတက်လာ စရာ မရှိ ပဲ initial investment သာ ထပ်တိုး ရလို့ဖြစ်ပါတယ်။ အခြားသော ရင်းနှီးမြုပ်နှံမှုတွေဟာလည်း ဒီလိုသဘောသဘာဝ ပဲဖြစ်ပါတယ်။ 

.

.

.

သမရိုးကျလုပ်ငန်းကနေ Scalable Business အဖြစ်သို့ ပြောင်းလဲခြင်း

.

လက်ရှိ လို နိုင်ငံရေး စီးပွားရေး မတည်ငြိမ်တဲ့အချိန်မှာ လုပ်ငန်း Growth ဖြစ်ဖို့အတွက် ခက်ခဲ တဲ့အပြင် ဆိုင်ခန်း တွေ ထပ်ချဲ့ ဖို့ ဆိုတာက လဲ အတော် စွန့်စားရမယ့် အနေအထားဖြစ်ပါတယ်။ ဒီအတွက် သမရိုးကျလုပ်ငန်းတွေ အနေနဲ့ မိမိလုပ်ငန်းကို Scalable Business Style ဖြစ်အောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်လာရပါတယ်။

.

.

Process ကိုပြောင်းလဲခြင်း

.

အများဆုံး တွေ့ရတဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ Socail Media ဖြစ်တဲ့ Facebook ပေါ်မှာ စျေးရောင်းတာဖြစ်ပါတယ်။ ဒီအတွက် ဆိုင်ခန်းထပ်ငှား ဖို့လဲ မလိုသလိုကုန်ကျစရိတ် သက်သာ၊ ရောင်းအားလဲတိုးစေနိုင်ပါတယ်။

.

ဒီထက် ပိုပြီး အကုန်အကျခံနိုင်တဲ့ လုပ်ငန်းတွေကတော့ ကိုယ်ပိုင် IT Business Platform တစ်ခုကို ဖန်တီးတည်ဆောက်ကာ ရောင်းချ လာကြပါတယ်။ ဥပမာကိုယ်ပိုင် အရောင်း Website တစ်ခု စတင်တာ၊ လုပ်ငန်းအမည်နဲ့. Mobile Application တစ်ခု ဖန်တီးတာ စတာတွေဖြစ်ပါတယ်။ တကယ်လို့ ဒီလို ကိုယ်ပိုင်အနေနဲ့ မလုပ်ဆောင်နိုင်ရင်လဲ third party platform များနဲ့ အကျိုးတူပူးပေါင်းတာ မျိုး စတင်လို့ရပါတယ်။ ဥပမာ ကိုယ်က စားသောက်ဆိုင် ဖွင့် တယ်ဆိုရင် အစား အသောက်မှာယူ လို့ရတဲ့ Food panda, Grab တို့လို Platform တွေ နဲ့ ပူးပေါင်းတာမျိုးပါပဲ။

.

.

Product ကိုပြောင်းလဲခြင်း

.

ဒီလို လုပ်ငန်း Process တွေကို Scalable Business ဖြစ်အောင် ပြုပြင်သလိုပဲ ကိုယ့်ရဲ့ Product ကိုပြုပြင်ပြီး Scalable Business Style အဖြစ် လဲ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ မိမိ က နာမည်ကြီး ဟင်းလျာ သို့မဟုတ် ဒေသ အစားအစာ တစ်ခုခု ကိုရောင်းချနေတယ်ဆိုပါစို့။ ဥပမာ မုန့်ဟင်းခါး ဆိုပါတော့။ ဒါဆိုရင် ပုံမှန် မုန့်ဟင်းခါးဆိုင် ကြီးဖွင့်ပြီး ဆိုင်ထိုင်စားရောင်းနေ သလိုပဲ မုန့်ဟင်းခါးကို အသင့်စား အထုပ် တွေ ပုံံစံပြောင်းလဲ ထုတ်လုပ်ပြီး  G&G လို လက်လီဆိုင် တိုင်းမှာ တင်ရောင်းချ ကာ လုပ်ငန်းကိုချဲ့ထွင်နိုင်ပါတယ်။ လက်ရှိမှာတော့ ပီဇာ ကိုတောင် အသင့်စား ပုံစံ နဲ့ ဖြန့်ချီနေတာမျိုး ရှိ နေပါပြီ။

.

ဥပမာ မြန်မာပြည်ရဲ့ သဘာဝ ဘီယာ ဖြစ်တဲ့ ထန်းရည်ဟာ ဆိုရင်လဲ ထန်းရည်ဆိုင်လေးတွေ သွားထိုင် သောက်မှ ရလေ့ရှိပါတယ်။ ထန်းရည်ကို ဘူး ထဲ ထည့် သယ်မယ်ဆိုရင်လဲ အချိန်နည်းနည်းကြာတာ ၊ နည်းနည်းသွားလိုက်တာနဲ့ Gas တွေ ထ လာပြီး အဖုံး ဖွင့်လိုက်တာနဲ့ ပေါက်ထွက်ကာ အရသာ လဲပျက် လေ့ရှိပါတယ်။ ဒါကို နည်းပညာ တစ်ခု ရအောင်ရှာဖွေကာ ပုလင်း သွပ် ပြီး နိုင်ငံ အနှံ ရောင်းချ နိုင် တာမျိုး ဆိုရင်. Product ကို ပြုပြင်ခြင်းပါပဲ။

.

.

.

အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်း အတွက် Expenses တွေ ထပ်ပြီး မကုန်ပဲ Revenue ပိုတက်စေမယ့် နည်းလမ်းတွေကို နည်းပညာ အခြေပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဟာ ယနေ့ခေတ်အတွက် အရေးတကြီးလိုအပ်ချက်ဖြစ်လာတာကိုသိစေချင်တာပါပဲ။

.

အချုပ်အားဖြင့်ပြောရရင်တော့ လုပ်ငန်းကို ထပ်ချဲ့ တဲ့အခါ Opex and overhead cost တွေ ပို တက်မလာပဲ အမြတ် ပမာဏ သာ ဆပွားတက်လာနိုင်တဲ့ Business Model တွေကို Scalable Business များလို့သတ်မှတ်ကြပြီး ခေတ်သစ်ရဲ့ချမ်းသာနည်း တစ်ခုအနေနဲ့ သမိုင်းတွင်လာ ကြောင်း ကို မျှဝေလိုက်ရပါတယ်ဗျား။

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant

Friday, July 5, 2024

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ


         


                                                                                                                          

FMCG (Fast Moving Consumer Goods) လို့ခေါ်တဲ့ အရောင်းအဝယ်သွက်တဲ့ လူသုံးကုန်/ စားသုံးကုန် အ တွက် ဈေးကွက်ထိုးဖောက်ရေးမှာ အရေးကြီးတာက မိမိက စားသုံးသူ/သုံးစွဲသူအားလုံးကို လိုက်မရောင်းနိုင်တဲ့အတွက် သူတို့ဈေးဝယ်လေ့ရှိတဲ့(တနည်း) သူတို့ကို အနီးကပ်ရောင်းချပေးနေတဲ့ဆိုင်တွေကနေ တဆင့်ရောင်းချခြင်းဖြင့် မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် လူသိများပြီး ရောင်းအားကောင်းလာစေရမှာ ဖြစ်ပါတယ်။


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူနဲ့ အမြဲတိုက်ရိုက်ထိတွေ့ နေရတဲ့ဆိုင်အမျိုး အစားဖြစ်လို့ စတိုးဆိုင် တွေ က မိမိ ရဲ့ ပစ္စည်းရောင်းကောင်းစေဖို့အတွက် အလွန်အားထားရတဲ့ ဆိုင်အမျိုးအစားဖြစ်ပါတယ်။ မြန်မာပြည်မှာ လက် လီရောင်းချတဲ့ နေရာမှာ တခြားအားထားရတဲ့ လက်ဖက်ရည်ဆိုင်ဆိုတဲ့ ဆိုင်အမျိုးအစားတစ်မျိုး ရှိသေးပေမယ့် ဒီဆိုင် က လူသုံးကုန်စားသုံးကုန် (Consumer Goods) အမျိုးအစားအားလုံးရောင်းချဖို့အတွက် သင့်တော်တဲ့ ဆိုင်အမျိုးအစား တော့ မဟုတ်ပါဘူး။ 


စတိုး (Convenience Store)၊ ကွမ်းယာဆိုင် (Betel Nut Store)၊ ကုန်ခြောက်ဆိုင်/ ကုန်မျိုးစုံဆိုင် (Grocery Store) စသဖြင့် စတိုးဆိုင်အမျိုးအစားလို့ သတ်မှတ်လို့ရတဲ့ ဆိုင်များစွာရှိပါတယ်။ စတိုးဆိုင်တွေရဲ့ ရည်ရွယ်ချက်က ဆိုင်နီးနား ပတ်ဝန်းကျင်က စားသုံးသူ/ သုံးစွဲသူ တို့ ရုတ်တရက်လိုအပ်တဲ့ စားသုံးကုန်/ လူသုံး ကုန်တွေကို အလွယ် တ ကူဝယ်ယူရရှိနိုင်အောင် ဖွင့်ထားတဲ့ သဘောရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားအရ ပစ္စည်းတွေကို စားသောက်ဆိုင်မှာ လို ချက်ခြင်း မှာယူပြီးထိုင်စားတဲ့ ဆိုင်မဟုတ်တဲ့၊ နောင်အခါ စားသုံးဖို့၊ အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းတွေ (Future Consumption) ကို ထားသိုရောင်းချတဲ့ ဆိုင်တိုင်းကို စတိုးလို့ ခေါ်ဆိုနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ မြန်မာအယူ အဆအရခေါ်ဆိုတဲ့  စတိုးဆိုင်များကိုသာ ဆိုလိုတာဖြစ်ပါတယ်။


မိသားစု တော်တော်များများက တစ်လစာတစ်ပတ်စာ လိုအပ်တဲ့ စားသုံးကုန်/ လူသုံးကုန်တွေကို ရပ်ကွက် ဈေး၊ လက်ကားဆိုင်ကြီး သို့မဟုတ် စူပါမတ်ကက်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ အဲ့ဒီကမှ တချို့စားသုံးကုန်/ လူသုံး ကုန်ပစ္စည်းတွေက နောက်ထပ်ဝယ်ယူဖို့ အချိန်မတိုင်မီမှာ ကုန်သွားတာတို့၊ တစ်လစာ/ တစ်ပတ်စာ ဝယ်တုန်းက မေ့ကျန်ခဲ့တာတို့ ဖြစ်တဲ့ အခါ မိမိနေအိမ် အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏကုန်ပြီး မကြာ ခဏ ဝယ်ရပေမယ့် ဆိုင်ကြီးတွေမှာ သွားဝယ်မနေတော့တဲ့ ပေါင်မုန့်၊ အဆာပြေ မုန့်ပဲသွားရည်စာ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်/ တီးမစ် စတာတွေကိုကျ စတိုးဆိုင်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ နောက်ပြီး လက်လီစိတ် ဝယ်တတ်တဲ့ သူတွေ အတွက် ခေါင်းလျှော်ရည်ထုတ်၊ ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ တို့လို တစ်ကိုယ်ရည်သုံး ပစ္စည်းတွေတို့သာမက စီးကရက်၊ အချိုရည် စတာတွေကိုလည်း ဒီစတိုးဆိုင်တွေမှာ ပဲ ဝယ်ယူလေ့ရှိ ကြပါတယ်။  ဒီလို သက်သောင့်သက်သာ အဆင်ပြေပြေ ဝယ်ယူနိုင်လို့ ဒီလို စတိုးဆိုင်တွေကို အင်္ဂလိပ်လို Convenience Store လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ 


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူများရဲ့ လက်တကမ်းမှာ မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် များ အလွယ် တကူ ဝယ်ယူရရှိစေနိုင်ရေး ဆိုတဲ့ ဈေးကွက်ထိုးဖောက်ရေးသမား တို့ ရဲ့ လုပ်ငန်းဦးတည် ချက် ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြည့်မီစေရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေ ပါတယ်။ ဈေးကွက်ထိုးဖောက်သူ- စတိုးဆိုင် နဲ့ စားသုံးသူ/ သုံးစွဲသူ တို့ သုံးဦးသုံးဖလှယ် အပြန်အလှန် ကျေးဇူးပြု အားထားလို့ ရတဲ့ ဆိုင်အမျိုးအစား ဖြစ်ပါတယ်။ 


ဒီနေ့ခေတ်မှာ စတိုးဆိုင်တွေက နေရာတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ လမ်းထောင့်တွေ၊ လူစည်းကားတဲ့ လမ်း ဆုံလမ်းခွတွေ၊ ဈေးနား ကျောင်းနားတွေ စသဖြင့်ပေါ့။ စတိုးဆိုင်တွေကို ပင်စင်စားအဖိုးကြီး၊ အဖွားကြီးတွေဖွင့် လေ့ ရှိလို့  Mom and Pop Store (ဘိုးဘွားဆိုင်) လို့ နိုင်ငံခြားမှာ ခေါ်တတ်ကြပါတယ်။ အခုကာလမှာတော့ မိသားစု တစ် နိုင်တစ်ပိုင် စတိုးဆိုင်လေးတွေတင်မကတော့ပဲ၊ Chain Store လို့ ခေါ်တဲ့ စတိုးဆိုင် အုပ်စုကြီးတွေက ဆိုင်ခွဲတွေ နေရာ အနှံ့မှာဖွင့်တဲ့ ယဉ်ကျေး မှုထိုးဖောက်လာပြီမို့ G&G, 1Stop Mart, City Express, ABC စသဖြင့် CVS လို့ ကုမ္ပဏီတွေက အတိုကောက် ခေါ်တဲ့ Convenience Store တွေ အများကြီးပေါ်ပေါက်လာပါပြီ။ ဈေးကွက်အနေအထားအရ တစ်နေ ရာမှာ CVS groupတစ်ခုရှိရင် ကျန် CVS တွေကလည်း အနီးကပ်လိုက်ဖွင့်တတ်ပါတယ်။ ဆိုင်တိုင်းလိုလိုကလည်း ရောင်းကောင်းတတ်ပါတယ်။ ထားတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေတူကြပေမယ့်၊ အချို့ ကုန်ပစ္စည်းတွေရဲ့ အမှတ်တံ ဆိပ်တွေကတော့ ကွဲပြားတတ်ပါတယ်။ 


ဒီလို အခြေအနေမှာ ဌာနေတစ်သီးပုဂ္ဂလိကပိုင် စတိုးလေးတွေအတွက် စိန်ခေါ်မှု များတတ်ပေမယ့်၊ သူတို့က နယ်ခံတွေမို့လို့ သူ့မိတ်နဲ့သူရှိပြီး၊ သူတို့ လည်း ရောင်းကောင်းတတ်ပါတယ်။ CVS အုပ်စုအားလုံးက Checkout ငွေရှင်း ကောင်တာမှာ POS စနစ်လို့ခေါ်တဲ့ ကွန်ပြူတာစက်တွေနဲ့ ငွေရှင်းရတဲ့ စနစ်ကျင့်သုံးကြပြီး၊ ဘဏ်အများစုရဲ့ Credit/ Debit Card တွေနဲ့ ငွေရှင်းလို့ရပါတယ်။ ဒီစနစ်ကိုတော့ မိသားစု စတိုးလေးတွေအားလုံးက လိုက်လုပ်ဖို့ မတတ်နိုင် သေးပေမယ့် ဂဏန်းပေါင်းစက် နဲ့ တွက်တဲ့ ရိုးရာငွေချေ စနစ်နဲ့လည်း အဆင်ပြေနေပါတယ်။ စတိုးဆိုင်ပုံစံ နှစ်မျိုး စလုံးကတော့ ပစ္စည်းတင်တဲ့စင်မှာ ကြိုက်တာရွေးယူပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းရတဲ့ စနစ်ကိုအသုံးပြုတာ အတူတူပါပဲ။ 


ပြောခဲ့တဲ့ အတိုင်း စတိုးဆိုင်တွေက လူစည်ကားတဲ့ နေရာ၊ လမ်းဆုံလမ်းခွတွေမှာ အဓိကနေရာ ယူကြသလို၊ ရပ်ကွက်တွင်း၊ လမ်းတွင်းတွေမှာ လည်းရှိတတ်ကြပါတယ်။ ဒီနေရာမှာ Place အနေအထားအရ သွားခလုတ် လာ ခလုတ်တိုက်နိုင်တဲ့ နေရာဖြစ်ရင် ပိုရောင်းကောင်းမှာပေါ့။ ဝယ်သူတွေ အလွယ်တကူ ဝင်ထွက်သွားလာ နိုင်တဲ့ (တကူး တကသွားရတဲ့နေရာမဟုတ်တဲ့) နေရာမှာ ရှိရင် ပိုရောင်းကောင်းမှာပေါ့။ ဆိုင်အနေအထားက သိပ်အကြီးကြီးမဟုတ်ပဲ၊ ဆိုင်တင်ပစ္စည်းထားဖို့ စင်တွေလောက်လောက်ငှငှ ထားပြီး လူဝင်ထွက် သိပ်မကြပ်တဲ့ အနေအထားပဲ ရှိတတ်ပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်တွေမှာတော့ ဆိုင်မကျယ်တဲ့ အတွက် ဝယ်သူက ဆိုင်တွင်းမဝင်ရပဲ ဆိုင်အပေါက်ဝကပဲ လိုတာမှာယူ ငွေချေတာမျိုး ရှိတတ်ပါတယ်။ 


ဆိုင်ဖွင့်တဲ့ အချိန်ကလည်း ခုနက ပြောတဲ့ Chain Store (ကုမ္ပဏီ တစ်ခုထဲက ကွင်းဆက် ဆိုင်ခွဲများ) တွေ ကျ အရင်က တစ်ပတ်မှာ ၇ရက် တစ်ရက်ကို ၂၄ နာရီ ပိတ်ချိန်မရှိ၊ ပိတ်ရက်မရှိ 24/7 ဖွင့်ကြပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်လေးတွေကတော့ မနက်စောစောကနေ ည ၉နာရီ ၁၀ နာရီလောက်အထိဖွင့်တတ်ကြပါတယ်။ ရည်ရွယ်ချက် က Convenience Store (CVS) ဆိုတဲ့ နာမည်အတိုင်း စားသုံးသူ အလိုရှိတဲ့ အချိန် သက်သောင့်သက်သာ အလွယ် တကူ ဝယ်နိုင်စေဖို့ ဖြစ်ပါတယ်။ 


စတိုးဆိုင်တွေမှာ ထားရှိသင့်တဲ့ (‌ရောင်းလေ့ရှိတဲ့) ပစ္စည်းတွေကတော့-


- ပါကင်ထုတ်ထားတဲ့ အသင့်စား (Instant) စားသောက်စရာများ - ခေါက်ဆွဲခြောက်ထုတ်၊ ကြာဇံခြောက်ထုတ်၊ ကော်ဖီမစ်၊ တီးမစ်၊ လက်ဖက်နဲ့ နှစ်ပြန်ကြော်၊ လက်ဖက်ခြောက် စသည်များ)


- အဆာပြေစားစရာနဲ့ အချိုရည်များ (ဘီစကစ်မုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကိုလာ၊ လိမ္မော်၊ စပါကလင် စသည်များ)


- မီးဖိုချောင်သုံး၊ အိမ်သုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်း၊ (အချိုမှုန့်၊ ဟင်းခတ်

အမွှေးအကြိုင်၊ ဘောပင်၊ ဂက်စ် မီးခြစ်၊ ဖယောင်းတိုင်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဘော်ဒီလိုးရှင်း၊ ဘော်ဒီစပရေး၊ မုတ်ဆိတ်ရိတ်ဓား၊ တစ်ရှူး၊ လစဉ် သုံးပက် စသည်များ)


- စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ အရက်၊ ဘီယာ


- အိမ်သုံးဆေးဝါးများ (ပါရာစီတမော အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အစာကြေဆေး၊ အရက်ပျံ၊ နားကြပ်ဂွမ်း၊ ကွန်ဒုံး စသည်)


- အချို့ စတိုးဆိုင်တွေမှာ ဖုန်းငွေဖြည့်ကဒ်၊ YBS ကားခပေးကဒ်၊ ထီလက်မှတ် တွေပါရောင်းချတတ် ပါတယ်။  


ဒီစတိုးဆိုင်အကြောင်းရှင်းပြနေရတဲ့ အကြောင်းရင်းက ဈေးကွက်ထိုးဖောက်ရေး သမားတွေ ဟာ မိမိ ဝင် ရောက်မယ့် ဆိုင်ရဲ့ သဘာဝကို သေသေချာချာ သိထားရင် သူတို့ဆီကို ရောင်းချတဲ့ အခါမှာ ဘယ်အချက်တွေ ပေါ်မူတည်ပြီးပြောဆို စည်းရုံးမယ်၊ ဘယ်ပစ္စည်းတွေကို ရောင်းချမယ်၊ ဘယ်အချိန်မှာ ပစ္စည်းပို့‌ဆောင်ရမယ်၊ ဆိုင်တွင်း ပစ္စည်းစီရီတဲ့ အခါမှာ မြင်ကွင်းကောင်းတဲ့ နေရာမှာ စွဲဆောင်မှုကောင်းပြီး အလွယ်တကူ ယူဆောင်နိုင်အောင် မိမိ ပစ္စည်းကို ဘယ်လို ခင်းကျင်းမလဲ၊ ဆိုင်တွင်းပရိုမိုးရှင်းလုပ်တဲ့အခါမှာ ဆိုင်အတွက်ရော စားသုံးသူ/ သုံးစွဲသူတွေ အ တွက်ပါ ထိရောက်ပြီး သူတို့လိုလားတဲ့ ဘယ်လိုပရိုမိုးရှင်းမျိုး လုပ်မလဲ၊  ဝယ်ယူတဲ့အခါ စိတ်လှုပ်ရှား အမှတ် တရဖြစ်အောင် ဘာလုပ်ပေးမလဲ စတာတွေကို စဉ်းစားပြီး ဗျူဟာဆွဲနိုင်တဲ့ အတွက် မိမိ ‌ရောင်းအားကောင်းအောင်၊ ပြိုင်ဖက် များထက်သာအောင် လုပ်ယူနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 


နောက်တစ်ချက်က စတိုးဆိုင် တိုင်းဟာ သူတို့ရဲ့ နေရာအကျယ်အဝန်းအပေါ်မှာ ငွေပိုရ‌အောင် ဘယ် လိုလုပ်မလဲ ဆိုတဲ့ Space Management ကို သိပ်နားမလည်ကြပါဘူး။ ကိုယ့်ဆိုင် အကျယ်အဝန်းက အကန့်အသတ်နဲ့ရှိတဲ့ အတွက် ရောင်းကောင်း/ အရောင်းသွက်တဲ့ ပစ္စည်းတွေကို ဝယ်သူရဲ့ Eye Level & Arm Level မှာ မျက်စိပသာဒ ဖြစ်ပြီး စွဲဆောင်မှုရှိအောင်ဘယ်လို လုပ်မလဲ၊ အရောင်းနှေးတဲ့ ပစ္စည်းတွေကို ဘယ်လို စီမံမလဲ စတဲ့လုပ်နည်းတွေကို မသိကြ ပါဘူး၊ မိမိ က အဲ့ဒီအချက်ကို တိုးတက်အောင် လုပ်ပေးနိုင်ရင် သူ့ဝင်ငွေပိုကောင်းလာ တဲ့ အတွက်၊ သူ့ဆိုင်ကို ပိုလှအောင်ခင်း ကျင်းနိုင်တဲ့အတွက် မိမိ နဲ့ ခင်မင်ရင်းနှီးမှု ပိုရလာနိုင်ပါတယ်။ ဝယ်သူတွေကလည်း မိမိပစ္စည်းကို ခမ်းခမ်း နားနား လှလှပပမြင်ရတဲ့အတွက်၊ အလွယ်တကူ ဝယ်ယူတဲ့ အလေ့အကျင့်ဖြစ်လာပြီး ရေရှည်မြဲတဲ့ သစ္စာရှိ စားသုံးသူ/ သုံးစွဲသူ တွေ ဖြစ်လာမှာ မလွဲပါဘူး။


အောက်က အချက်တွေကတော့ သင့်စတိုးဆိုင် ဖောက်သည်ကို အကြံပေးရင်း နဲ့ သူရော သင်ရော ရောင်း ကောင်းကြ သလို ဝယ်သူတွေလည်း သူတို့ လိုချင်တာကို အလွယ်တကူနဲ့ ရှာတွေ့ ဝယ်ယူနိုင်တဲ့ အပြင် ဆိုင်က ဝန် ထမ်းလေးတွေလည်း သူတို့အလုပ်ကို လွယ်ကူချောမော မြန်ဆန်စွာ လုပ်နိုင်မယ့် Win-Win လုပ်ငန်းစဉ် လေးတွေ ဖြစ်ပါတယ်။


၁) ပစ္စည်းကို စနစ်တကျစီခြင်းဖြင့် မိမိနေရာကို အစွမ်းကုန် အသုံးချပါ - 


မိမိ ဆိုင်ထဲမှာ လျှောက်ဝယ်ကြတဲ့ ဝယ်သူတွေ အေးအေးလူလူ ပစ္စည်းရှာဖွေ ဝယ်ယူနိုင်အောင် ပစ္စည်းတင်စင် တွေ ကို လူဝင်လူထွက် ကောင်းအောင် ထားရှိဖို့ နဲ့ ပစ္စည်းတွေကို စနစ်တကျ စီရီတင်ထားရှိဖို့လိုပါတယ်။ ဝယ်သူတွေ အဝင်ရော အထွက်မှာပါ တွေ့မြင်ထိတွေ့နိုင်မယ့် နေရာမှာ ရောင်းအကောင်းဆုံး ပစ္စည်းတွေကို စီရီ တင်ပြထား သင့်ပါတယ်။ 

ပစ္စည်းတင်စင်တွေကို အမျိုးအစားတူပစ္စည်းတွေ အမျိုးအစားအလိုက် စီရီတင်ထားရှိခြင်း ဖြင့် ဝယ်သူတွေ သူတို့ လိုချင်တဲ့ ပစ္စည်းအမျိုးအစားဘယ်မှာ ရှိတာကို အလွယ်တကူ သိနိုင်ဝယ်ယူနိုင်စေ ပါတယ်။


၂) ပစ္စည်းတွေကို ရောင်းအားအလိုက် ဒေါင်လိုက်စီပြီး နေရာကို ပိုထိရောက်အောင် အသုံးချပါ - 


စင်တွေကို ပစ္စည်း အုပ်စုအလိုက် ခွဲခြား စီရီခင်းကျင်းတဲ့ နည်းတူ ဒေါင်လိုက်နေရာ အတွင်းမှာ ပစ္စည်းတွေကို စီတဲ့ နည်းကလည်း နေရာကို စီမံ (Space Management) ရာမှာ ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။


အရောင်းသွက်၊ ရောင်းအားကောင်းတဲ့ အမှတ်တံဆိပ် (Market Leader) ကို စင်ရဲ့ မျက်စေ့ အမြင်နဲ့ တတန်း တည်းနေရာ (Eye Level) နဲ့ လက်နဲ့ အလိုက်သင့်ယူနိုင်တဲ့ နေရာ (Arm Level) မှာ စီပြီး၊ သူ့လောက်ရောင်းမကောင်း တဲ့ ပစ္စည်းတွေကို ‌အပေါ် နဲ့ အောက်ဖက်တွေမှာ ရောင်းအား အလိုက် တစ်ဆင့်ခြင်း စီသွားခြင်းက နေရာမပုတ်ဘဲ ထိရောက်တဲ့ ပစ္စည်းတင်စီနည်းဖြစ်ပါတယ်။ ‌


နောက်ပြီးရောင်းအားကောင်း အရောင်းသွက်တဲ့ ပစ္စည်းတွေကို ပစ္စည်းတင်စင်ရဲ့ Facing လို့ခေါ်တဲ့ မျက်နှာ စာမှာ အရည်အတွက်များများ ဘေးတိုက်နေရာပေးပြီးစီရမှာ ဖြစ်ပါတယ်၊ ဥပမာ စင်မျက်နှာစာက ဘူးပေါင်း ၃၀ စီနိုင် တယ် ဆိုပါစို့၊ ‌အရောင်းသွက်ရောင်းအားကောင်းတဲ့ ပစ္စည်းက ၆ဘူးနဲ့ အများဆုံးနေရာယူ ထားသင့်ပြီး ကျန်တဲ့ ပစ္စည်း တွေကို ဒုတိယ၊ တတိယ ရောင်းအကောင်းဆုံးစသဖြင့် ‌ရောင်းအားအလိုက် ၂ဘူး၊ ၃ဘူး နေရာပေးစီရမှာ ဖြစ်ပါတယ်။ ဒီတော့ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် ကို မျက်နှာစာ ၆ဘူး X အနောက်ကို ၄ဘူး (စုစုပေါင်း ၂၄ ဘူး) စီထား တယ်လို့ အဲ့ဒီစင်မှာ တာဝန်ကျတဲ့ ဆိုင်ဝန်ထမ်းလေးက သိထားတဲ့ အတွက်၊ ဘယ်နှစ်ဘူးရောင်းကုန်သွားပြီး ဘယ်နှစ်ဘူးပြန်ဖြည့်ရမယ် ဆိုတာကို ကြည့်ရုံနဲ့ သိနိုင် စီစဉ်နိုင်မှာ ဖြစ်ပါတယ်။ 


နောက်ပြီး ပစ္စည်း အသေးလေးတွေ၊ အထုတ်သေးလေးတွေ (ဥပမာ ခေါင်းလျှော်ရည်ထုတ်) ကိုတော့ စင်ပေါ် မှာ တင်စီမနေပဲ စင်ဘေးမှာ တွဲလွဲချိတ်ဆွဲထားတာဖြစ်ဖြစ်၊ ဘုတ်ပြားပေါ်မှာ အပေါက်ဖောက်ပြီး အပေါက်ထဲ ကနေ တွဲလွဲချိတ်ဆွဲပြီးဖြစ်ဖြစ်ထားခြင်းဖြင့် နေရာမပုတ်ဘဲ ခင်းကျင်းရောင်းချနိုင်မှာ ဖြစ်ပါတယ်။ 


၃) ပစ္စည်း သိုလှောင်ထားရှိမှုကို စနစ်တကျ စီစဉ်ပါ - 


အပေါ်မှာ ပြောခဲ့သလို စတိုးဆိုင်တွေက သိပ်မကျယ် သလို၊ နေ့စဉ်ရောင်းချရမယ့် ပစ္စည်းတွေကို ကြိုတင်ယူ ထား ပြီး သိုလှောင်တဲ့ နေရာကလည်း သိပ်မကျယ်တတ်ပါဘူး။  ဆိုင်မှာရောင်းချနေရင်း ပစ္စည်းပြတ်တာမကြုံဖို့နဲ့ ပစ္စည်းလိုတာထက်အများကြီးပို သိုလှောင်ထားမိတာမျိုးလည်း မဖြစ်ဖို့ ရောင်းအား အလိုက်လိုအပ်တဲ့ အရေအတွက်ကို ကြိုတင်မှာယူ သိုလှောင်ထားရှိဖို့လိုပါတယ်။ 

နောက်ထပ် အင်မတန် အရေးကြီးတဲ့ အချက်ကတော့ ထားရှိရောင်းချတဲ့ ပစ္စည်းတွေရော သိုလှောင်ထားတဲ့ ပစ္စည်းတွေပါ လတ်ဆတ်ပြီး သက်တမ်းမကုန်သေး၊ သက်တမ်းဝေးတဲ့ ပစ္စည်းတွေဖြစ် ဖို့ လိုပါတယ်။ ဒီအတွက် စင် ပေါ်တင်ရောင်းချတဲ့ နေရာမှာ ဒိတ်နည်းနည်းဝေးတဲ့ ပစ္စည်းတွေက အနောက်မှာထားပြီး ဒိတ်နီးတဲ့ ပစ္စည်းတွေကို အ ရှေ့မှာ ထားပြီးစီဖို့လိုပါတယ် (ဒါမှ သက်တမ်းကုန်ဖို့နီးတဲ့ ပစ္စည်းကို အရင်ဝယ်သွားမိစေမှာ ဖြစ်ပါတယ်)။ FIFO လို့ ခေါ်တဲ့ အရင်ရောက်တဲ့ ပစ္စည်းကို အရင်ရောင်းတဲ့ စနစ် (First In First Out) ထက် FEFO (First Expiry Fist Out) သက်တမ်း အရင်ကုန်မယ့်ပစ္စည်းကို အရင်ရောင်းတဲ့ စနစ်ကို ကျင့်သုံးပြီး ကိုယ်ရောင်းချမယ့် ပစ္စည်းတွေ သက်တမ်း ကောင်းပြီး အမြဲလတ်ဆတ် နေအောင် ကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် ပေါင်မုန့်တို့၊ ကိတ်မုန့်တို့လို သက်တမ်းအ လွန်နည်း၊ ပျက်စီးလွယ်တဲ့ စားသောက်ကုန် တွေကို အမြဲလတ်ဆတ်အောင် အထူးဂရုပြု သတိထားလဲလှယ် ဖို့လိုပါ တယ်။ 


စတိုးဆိုင်တွေရောင်းကောင်းအောင် နောက်ထပ် အကြံပေးနိုင်တဲ့ အချက်တွေကတော့- 


Cross Channel Promotion လို့ခေါ်တဲ့ တွဲဖက်ဖြစ်တဲ့ ပစ္စည်းတွေကို နီးနီးကပ်ကပ် စီထားပြီး၊ အဲ့ဒီ ပစ္စည်း တွေကို တွဲဝယ်ဖို့ လှုံ့ဆော်တဲ့နည်း၊ တွဲဝယ်ရင် ဈေးလျော့ပေးပြီးရောင်းချတဲ့နည်းတွေနဲ့ မြန်မြန်နဲ့ များများရောင်း ချ‌ အောင် စီစဉ်နိုင်ပါတယ်။


Eye Level is Buy Level ဆိုတဲ့ စကားလို များများ မြန်မြန် ရောင်းချင်တဲ့ ပစ္စည်းကို ပိုပြီးမြင်သာတဲ့ နေရာမှာ ထင်းထင်းရှင်းရှင်းမြင်အောင်သီးခြား ခင်းကျင်းစီရီထားရမှာ ဖြစ်ပါတယ်။ ပစ္စည်းထားစင်ရဲ့ end cap လို့ခေါ်တဲ့ အစွန် ဆုံးနေရာမှာ အလှအပဆင်ပြီးထားသင့်ပါတယ်။ 


အချို့ပစ္စည်းတွေက ဝယ်သူနဂိုလာတုန်းက ဝယ်ဖို့စဉ်းစားထားတဲ့ စာရင်းထဲမှာမပါဘဲ မြင်မှချက်ခြင်း ဝယ်ဖို့ သတိရစေတာမျိုး၊ ဝယ်ချင်စိတ်ပေါက်လာစေတာမျိုးဖြစ်တတ်ပါတယ်၊ အဲ့လို ပစ္စည်းတွေကို Impulse Zone (ရုတ်တ ရက်ဝယ်ယူမိစေတဲ့ ဇုန်) လို့ ခေါ်တဲ့ ငွေရှင်းကောင်တာနားမှာ ထားရှိစီရီခင်းကျင်းထားခြင်းဖြင့် ရောင်းရစေနိုင်ပါတယ်။ (ဥပမာ- စီးကရက်၊ မီးခြစ်၊ တစ်ရှုးထုတ်၊ အချိုရည်၊ ဓာတ်ခဲ၊ မုတ်ဆိတ်ရိတ်ဓား၊ သကြားလုံး၊ ပီကေ စသည်များ)

လင်းလင်းချင်းချင်းရှိခြင်းနဲ့ အလင်းပေးဆိုင်းဘုတ်တွေ (small light box, neon light, LED Light) ထားရှိတာ ကလည်း ပစ္စည်းကိုဝယ်ချင်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ရာသီအလိုက်၊ပွဲတော်အလိုက် ပရိုမိုးရှင်းရောင်းချတဲ့ ပစ္စည်းတွေကို မြန်မြန်နဲ့ များများ အရောင်းထွက်အောင် မီးရောင်လှလှထွန်း ထားတာမျိုး၊ မီးရောင်ပါတဲ့ ဆိုင်းဘုတ်နဲ့ ပရိုမိုးရှင်းကြော်ငြာတာမျိုးလုပ်ရင် ပိုမိုဆွဲဆောင်နိုင်ပြီး ရောင်းကောင်းစေမှာ ဖြစ်ပါတယ်။ ပစ္စည်းတွေကို Display ကောင်းကောင်း နဲ့ များများ ခင်းကျင်းစီရီပြီး၊ ခုနပြောတဲ့ အလင်းရောင် Lighting ထိုးပြပေးမယ် ဆိုရင် ကျိန်းသေပေါက် ရောင်းကောင်းမှာဖြစ်ပါတယ်။  


Convenience Store (CVS) လို့ခေါ်တဲ့ စတိုးဆိုင်တွေရဲ့  အားသာချက်တွေဖြစ်တဲ့ လူစည်တဲ့ နေရာမှာ ဖွင့် လှစ်ထားခြင်း၊ အလွယ်တကူ အဆင်ပြေပြေဝယ်ယူနိုင်တဲ့ ဆိုင်ဖြစ်လို့ ဝယ်သူတွေမကြာခဏ လာရောက်ဝယ်ယူပြီး အရောင်းသွက် ရောင်းအားကောင်းတဲ့ ဆိုင်တွေဖြစ်ခြင်း၊ Chain Store နာမည်ကြီး စတိုးဆိုင်အုပ်စု ဖြစ်ရင် ခေါင်ထိ အကုန် ဆိုသလို ရုံးချုပ်တစ်နေရာမှာ ဆွေးနွေးပြီးသဘောတူညီချက်ရတာ နဲ့ ဆိုင် ၁၀၀ ကျော်ရှိတဲ့ သူတို့ရဲ့ ဆိုင် အားလုံးမှာ မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ်အားလုံးကို တင်ရှိရောင်းချနိုင်ခြင်း၊ စတဲ့ အားသားချက်တွေကြောင့် အား ထားသင့်တဲ့ ဆိုင်အမျိုးအစားဖြစ်လို့ အရောင်းမဟာမိတ်ဖွဲ့ပြီး ရေရှည် လက်တွဲ အလုပ်လုပ်ခြင်းဖြင့် လူသိများပြီး ရောင်းအားကောင်းတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်လာအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

                                                                                                                              

မေတ္တာဖြင့်- 

                                                                                                                        

သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Thursday, July 4, 2024

တိုက်ခန်း တစ်ခန်းဝယ်ယူ ရင် Liquidity ဒီဂရီ ကောင်းမွန်စေဖို့

ဒီတစ်ခါမှာတော့ တိုက်ခန်း တစ်ခန်းဝယ်ယူ ရင် Liquidity ဒီဂရီ ကောင်းမွန်စေတဲ့ အချက်လေးတွေကို မျှဝေပေး လိုက်ပါတယ်ဗျား။ 



Liquidityဆိုတာက တော့ ပိုင်ဆိုင်မှု Asset တိုင်းမှာ ရှိတဲ့ ဒီဂရီ တစ်ခုဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုကို ဈေးကွက်ပေါက် ဈေးအတိုင်းအမြန်ဆုံး ငွေပြန်ဖော် ရောင်းချ နိုင်ခြင်ကို ငွေဖြစ်လွယ်စွမ်း. Liquidity လို့ခေါ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားဖို့လိုတာက ဈေးကွက်ပေါက်ဈေးအတိုင်း ဆိုတဲ့အချက်ဖြစ်ပြီး ဝယ်ရင်းဈေးနှုန်း အတိုင်း လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာ ပိုင်ဆိုင်မှု တစ်ခုကို သိန်း ၁၀၀ နဲ့ ဝယ်ခဲ့ ပြီး ဈေးကျသွားလို့  ဈေးကွက် ပေါက်ဈေး သိန်း ၈၀ ဖြစ်နေချိန်မှာ သိန်း ၁၀၀ ဝယ် ရင်းဈေးနဲ့ဘယ်လို မှ ပြန်ရောင်း နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဈေးကွက် ပေါက်ဈေးထက်လျော့ပြီး ဗိုက်နာ ဈေးနဲ့ရောင်းထုတ်လို့ ငွေပြန်ဖြစ် တာကို လဲ ငွေဖြစ်လွယ်စွမ်း Liquidity မြင့်တယ်လို့မဆိုနိုင်ပါဘူး။ 

.

Liquidity နိမ့်တဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူမိရင် တစ်နည်း မိမိပိုင်ဆိုင်မှုတန်ဖိုး တွေ ဟာ ငွေ အဖြစ်ပြောင်း လဲ ဖို့မလွယ်ကူပဲ အရေးတကြီး ငွေ သားလိုအပ်ချိန်မှာ Cash flow ကျပ် မှုတွေ ဖြစ်ပေါ်ကာ မလိုလားအပ်တဲ့ ဆုံး ရှုံးမှုတွေ ဖြစ်လာစေပါတယ်။ 

.

ဆရာ ကောင်းဟိန်းစိုးနဲ့ အတူ မျှဝေကြမယ် ဆိုတဲ့Program မှာ တိုက်ခန်းတစ်ခန်း ရဲ့Liquidity မြင့်စေတဲ့ အချက်တွေကိုမျှဝေဖို့အရင်အပတ် က ပြောခဲ့တဲ့အတွက် ဒီပိုစ့်မှာ ဒီအကြောင်းလေးကို မျှဝေပေးလိုပါတယ်။ 

.

ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်တဲ့အပြင် တိုက်ခန်း တွေနဲ့နေထိုင်သူ လူဦးရေ လဲ အတော်လေး များပြား ပါတယ်။ မိမိကိုယ်တိုင်နေထိုင်ဖို့ပဲဖြစ်ဖြစ် ပြန်လည်ငှား ထားဖို့ပဲဖြစ်ဖြစ် တိုက်ခန်းတွေ ဝယ်ဖို့စုံစမ်းကြ တဲ့ အခါ မှာ ငွေပြန်လိုအပ်တဲ့အခါ အလွယ်တကူပြန်ဖော်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်မှာဖြစ်ပါတယ်။ ဒီလိုကောင်းမွန်စေတဲ့ Liquidity Factor တွေကတော့..

.

.

(၁) နေရာ 

.

ပထမ ဆုံး အချက်ကတော့နေရာဖြစ်ပါတယ်။ လမ်းကြားထဲက တိုက် ခန်း တစ်ခန်းနဲ့လမ်းမကြီး ပေါ် က တိုက် ခန် းဈေးနှုန်းချင်း အတူတူ ဆိုရင်တောင် လမ်းမကြီးပေါ်က တိုက်ခန်းက အလွယ်တကူလေးရောင်းထွက် နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့Liquidity factors တွေ ထဲမှာ နေရာ ဟာ ကြီးမားတဲ့ သက်ရောက်မှုအနေနဲ့ရှိနေပါတယ်။

.

(၂) တိုက်ခန်းရဲ့Quality

.

တိုက်ခန်းရဲ့ အရည်အသွေးကောင်းမွန်သလား၊ သတ်မှတ် Pile အတိုင်း ရိုက်ထားသလား၊ သုံးထားတဲ့ ဘိလပ်မြေ အချိုးအစားတွေ ကောင်းရဲ့လား၊ Safety လှေကားတွေ မိုးယိုတာတွေ၊ ရေစိမ့်တာတွေ စတာတွေ ရော ရှိလား စတဲ့အချက်တွေ ကတော့ တိုက်ခန်းရဲ့Quality ဆိုတဲ့အောက် ကနေ စဉ်းစားရမှာ ဖြစ်ပါတယ်။ Quality ကို တော့ မိမိ က အင်ဂျင်နီယာ တစ်ဦးဖြစ်မယ်ဆိုရင် သုံးသပ် သိရှိ နိုင် မှာ ဖြစ်ပေမယ့် သာမာန် လူတစ်ဦးအနေနဲ့ကတော့ မလွယ် လောက်ပါဘူး။ များသော အားဖြင့် တော့ တိုက် ခန်း အရည်အသွေးကို ဆောက်လုပ်တဲ့ ကန်ထရိုက် ရဲ့အမည်နဲ့ယေဘုယျ ယူဆ ကြတာများလေ့ရှိပါတယ်။ ဒီကန် ထရိုက်ကတော့ ပစ္စည်းကောင်းသုံး တယ် နာမည်ကောင်းတယ် ၊ ဒီ ကန်ထရိုက်ကတော့ ခိုတယ် ဘာညာ ဆိုတာမျိုးပါပဲ။ ဒါကို သက်ဆိုင်ရာ နယ်မြေက အကျိုးဆောင်တွေ ကသိရှိထားကြပါတယ်။ 

.

(၃) အလွှာ

.

နောက်ထပ် Liquidity factors တစ်ချက်ကတော့ တိုက်ခန်း အလွှာ အမြင့်ဘယ်လောက် ဆိုတာကလဲ ပါဝင်နေ ပါတယ်။ များသောအားဖြင့်တော့ ဝန်ထမ်း တွေ သူငယ်ချင်းတွေ စုနေကြတဲ့ အခါ ငါးလွှာ ခြောက်လွှာ ကပြသနာ မရှိပေမယ့် ကလေးငယ်လေးတွေ နဲ့ သက်ကြီး ရွယ်အို များပါလာတဲ့ မိသားစုများအနေနဲ့ကတော့ အလွှာမြင့်တွေကို ဝယ်ယူဖို့ မစဉ်းစားကြပါဘူး။ တကယ်လို့အလွှာမြင့် ကို ရွေးချယ်ဝယ်ယူထားရင် တော့ အထက်က မိသားစုတွေရဲ့ဝယ်လိုအား ကိုတော့ ရမှာ မဟုတ်ပါဘူး။ 

.

(၄) သွားလာရေး

.

ဒါကလဲ တိုက်ခန်း ဝယ်ယူသူတွေ ထည့်သွင်းစဉ်းစားတဲ့အချက် ဖြစ်တဲ့အတွက် Liquidity factors တစ်ခု ဖြစ်ပါတယ်။ ဥပမာ တာမွေ ကျောက်မြောင်း ၊  တာမွေ အဝိုင်း ၊ လှည်းတန်း တို့လိုနေရာ တွေ ဟာ သွား လာ ရေး အတော်လေး အဆင်ပြေပါတယ်။ တစ်မြို့ လုးံကိုရောက်နိုင်တဲ့ ဘတ်စ် ကားတွေ ရှိနေတဲ့ အတွက် အလွယ်တကူ သွားလာ နိုင်ကာ အချိန်ကုန် သက်သာစေပါတယ်။ ဒါ့အပြင် ဈေး၊ ကျောင်း၊ အပန်းဖြေနေရာတွေ၊ ဆေးရုံဆေးခန်း၊ စတဲ့ အဓိက နေရာတွေနဲ့နီးနီးနားနားဖြစ်နေရင်လဲ ဒါဟာ သွားလာရေး အဆင်ပြေစေတဲ့အချက်ဖြစ်ပါတယ်။

.

(၅) တိုက်သက်တမ်း

.

တိုက်သက်တမ်းကလဲ တိုက်ဟောင်းလား တိုက်သစ်လား ဘယ်နှစ်နှစ် ရှိပြီလဲ စသဖြင့် က တိုက်ခန်း ရဲ့သက်တမ်းကိုပါ သက်ရောက်တာကြောင့် အချက်တစ်ချက် အနေနဲ့ပါဝင်နေပါတယ်။

.

(၆) ပြန်ငှားလို့လွယ်. မလွယ်

.

အချို့ရပ်ကွက်တွေက တိုက်ခန်းတွေ မှာ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေ၊ အဆောင်နေကျောင်းသားတွေ ပေါမှား တာကြောင့် ဒီနေ့ကြေငြာ ညနေ အိမ်ငှားရတဲ့အထိ ငှားရလွယ်တဲ့ တိုက်ခန်း တွေ အများအပြားရှိပါတယ်။ တကယ်လို့ ကိုယ်တိုင်မနေပဲ ပြန်လည် အငှား ချဖို့ရည်ရွယ်ရင်တေ့ာ ဒီ အချက်ကိုအဓိကစဉ်းစားလေ့ ရှိပါတယ်။ အငှား လွယ် တဲ့ အတွက် ငှား ရမ်းခ ကလည်း အခြားနေရာတွေ ထက် ပိုပြီးဈေးမြင့်မြင့် ရတတ် လေ့ရှိပါတယ်။ ကိုယ်တိုင်နေပေမယ့် ပြန်ရောင်းချင်တဲ့အခါ အငှားသွက်တဲ့ တိုက်ခန်းက ပြန်ငှား စားမယ့် သူတွေ ရဲ့စိတ်ဝင်စားမှုကိုပါ ရနိုင်တာကြောင့် ပို သွက် တတ်လေ့ရှိပါတယ်။ ဒါ့အပြင် ငှားရမ်းခက ဘဏ်တိုးထက်ပို ကိုက်နိုင်မယ့် အနေအထားမျိုး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

.

(၇) ရပ်ကွက်ကောင်း မကောင်း.

.

အိမ်ခြံမြေ ပွဲစားများ နဲ့စကားပြောကြည့်တဲ့အခါ သူတို့မှာ မြို့နယ်အလိုက် အကောင်းဆုံး ဆိုတဲ့ ရပ်ကွက် တွေကို ဦးစားပေးစီ ထားလေ့ရှိပါတယ်။ ဥပမာ ဘယ်မြို့နယ်ဆိုရင်တော့ ဘယ်ရပ်ကွက်က အကောင်းဆုံး ဒုတိယ က ဘယ် ရပ်ကွက်စသဖြင့်ဖြစ်ပါတယ်။ ရပ်ကွက်ကောင်း မကောင်း ဆိုတာကတော့ နေထိုင်ရာ ပတ်ဝန်းကျင် စရိုက်အခြေအနေ၊ခိုးဆိုး လုယက်မှုတွေ ရှိ မရှိ၊  စည်းလုံးညီညွတ်မှု၊ အုပ်ချုပ် ရေး ကောင်းမွန် မှန်ကန်မှု ၊သန့်ရှင်းသပ်ရပ်တာ၊ ဝိုင်းဝန်းကူညီတတ်ကြတာ၊ စသဖြင့် အချက်တွေ ကို ထည့်သွင်း တွက်ချက် ကြလေ့ရှိပါတယ်။

.

(၈) ဈေးနှုန်း

.

နောက် ထပ် အရေးပါတဲ့ အချက်ကတော့ တိုက်ခန်းဈေးနှုန်း ဖြစ်ပါတယ်။ သိန်း ၅၀၀ တန် တိုက်ခန်း နဲ့သိန်း ၂၀၀ တန် တိုက်ခန်း နှစ်ခန်း မှာ အကြမ်းအားဖြင့် သိန်း ၂၀၀ တန်က ပိုပြီးရောင်းထွက်နိုင် ဖို့ဖြစ်နိုင်ချေများ ပါတယ်။ ဒါပေမယ့် ဈေးနှုန်း ဆိုတာက အထက်က အချက်တွေ အားလုံးအပေါ် မူတည်ပြီး အနည်းအများ ကဖြစ်နေတာ ဖြစ်တဲ့အတွက် ဈေးတန်း တစ်ခုကတော့ ရှိနေမှာ ဖြစ်ပါတယ်။

.

(၉) Criminal Case နှင့်အရှုပ်အရှင်းများ

.

ဒါကတော့ မိမိ ဝယ်မယ့် တိုက် ခန်း က အရှုပ်အရှင်းဘာတွေ ရှိနေသလဲ ဆိုတဲ့ အချက်ပါပဲ။ တစ်ချို့အခန်း တွေ က ပေါင်ထားတာမျိုး၊ တစ်ချို့ကအမွေ ဆိုင်၊ တစ်ချို့ကနှစ်ဦး သုံးဦးရောင်းထားတာ၊ တစ်ချို့ကမြေရှင်နဲ့ ကန်ထရိုက် ပြသနာ ဖြစ်လို့ တရားရင်ဆိုင်နေတာ၊ စတဲ့ အရှုပ်အရှင်းတွေ ကိုလဲ သတိပြုဖို့လိုပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုတွေလို  လူသတ်မှု ၊ အဆုံးစီရင်မှု တွေ ဖြစ်ထားတဲ့ တိုက် ဆိုရင်လဲ အဆင်မပြေနိုင်ပါဘူး။

.

(၁၀) BCC / ဂရံ

.

အချို့တိုက်ခန်း တွေ ကကန်ထရိုက် အပ်ပြီးခြောက်လွှာ ဆောက်ကာလူနေထိုင်ခွင့် BCC ရထားတာ တွေဖြစ် ပြီးအချို့လေး ငါးလွှာ တွေကတော့ ကိုယ်ပို်င် ဂရံ မြေ ပေါ် မှာ ကိုယ့်ဟာ ကိုယ် တိုက် ခန်းဆောက်ထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒုတိယ ကတော့ BCC ဆိုတာမျိုးချမပေးပါဘူး။ နှစ်မျိုး လုံး ကတော့ ပိုင်ဆိုင်မှု ခိုင်မာ ပြီး ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် နှစ်မျိုး လုံး မဟုတ်တဲ့ ဂရံ မပေါက်တဲ့ မြေတွေ၊ ပါမစ် မြေ တွေ၊ မ တွေ လို မျိုးမှာ တိုက် ခန်း မြင့် တွေ ဆောက်ထားပြီး လူနေထိုင်ခွင့် မရှိထားရင်တော့ ဒါဟာ ပြန်လည် ရောင်းချ ဖို့ ခက် ပါလိမ့်မယ်။

.

(၁၁) အိမ်ရှင်

.

တိုက်ခန်း အများစု က မြေပိုင်ဆိုင်မှုမပါပဲ တိုက်ခန်း သီးသန့်ရောင်းချ ကြတာဖြစ်တဲ့ အတွက် မြေကို ပိုင်ထား တဲ့ မြေရှင် ဆိုတာက သက်သက်ရှိနေပါတယ်။ တကယ်တော့ မြေပဲ ပိုင်ဆိုင် တာဖြစ်ပါတယ်။ အကယ် လို့ ဘဘာဝ ဘေးတစ်ခုခုကြောင့်ဖြစ်စေ တိုက်သက်တမ်းကုန်လို့နေလို့ မရတော့တဲ့အခါ ဖြစ်စေ တိုက် ခန်း တွေ ပြို သွားရင်  တိုက်ခန်း ပိုင်ဆိုင်မှု က မရှိတော့ပါဘူး ။ဒါပေမယ့် ဥပဒေ အရ မြေရှင် ကို တိုက် သစ် ပြန် ဆောက် ရတဲ့ မိမိအ ခန်းစာ ကုန် ကျစရိတ် ကိုပေးချေပြီး တိုက် ခန်း အသစ် ပြန်လည် ရယူလို့ရပါတယ်။ ဒီလောက်ပဲ ဆိုပေမယ့် လက်ရှိမှာတော့ မြေရှင် က အရောင်းအဝယ် နဲ့အငှား များမှာပါ ပတ်သတ်လွမ်းမိုး မှုတွေ ရှိနေပါတယ်။ အရောင်းအဝယ် စာချုပ်ဆိုရင် မြေရှင်လက်မှတ် ပါမှ၊ မြေရှင်ကို အရောင်းငွေ ရဲ့၂% ကိုပေး မှ အသိအမှတ်ပြုတာ စသဖြင့် တွေ တော့ ရှိနေပါတယ်။ ဒါ့အပြင် မြေရှင်ရဲ့လစဉ် ကောက်ခံ တဲ့ ရေဖိုး၊ ပြင်ဆင်စရိတ်၊ သန့်ရှင်းရေးကြေး စတာတွေ လဲ အချို့တိုက်ခန်းတွေ မှာ ရှိတတ်ပြန်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်ဖြစ်ဖြစ် အငှားတင်တဲ့အခါ ဖြစ်ဖြစ်မြေရှင်နဲ့ဆက်ဆံရေး မပြေ ပြစ်တဲ့အခါ တရားတဘောင် ဖြစ်ရ သည်အထိ ကြုံ ရတတ်ပြန်ပါသေးတယ်။

.

(၁၂) အတွင်းခန်း အပြင်အဆင်

.

ဒီအချက်က လဲ အရေးပါပါတယ်။ အတွင်း ခန်းမှာ အခန်းဖွဲ့ထားလား၊ ပါကေးခင်းထားတာလား ၊ဆေးအသစ်လား၊ ဆန်းရှိတ်တွေပါလား၊ ပြတင်းတံခါး သံပန်းတွေပါလား၊ စတီး ဝရံတာလား၊ သံပန်းတံခါးမကြီး၊ ထပ်ခိုး၊ ပါလား၊ အဲယားကွန်း တွေ တပ်ဆင်ထားသေလား၊ ဘိုထိုင်လား၊ မီးဖို ချောင်ကြွေပြားကပ်လား၊ စတဲ့  အတွင်းခန်း အပြင်အဆင်တွေကောင်းရင်ကောင်းသလို Liquidity မြင့်နိုင် ပြန်ပါတယ်။ ဒါပေမယ့် ဒီအချက်က တိုက်ခန်းရဲ့ဈေးနှုန်းကိုလဲ သက်ရောက် စေပါတယ်။

.

(၁၃) လမ်း သာ မှု

.

လမ်းသာတယ်ဆိုတာကတော့  ကားနှစ်စီး ရှောင်မရတဲ့ လမ်းမျိုးမဟုတ်ပဲ ကျယ်ကျယ်လွင့်လွင့် လမ်းတွေ လား၊ လမ်းကောင်းရဲ့လား၊ ရေဝင်လား စတာတွေ အပြင် ကားပါကင် ကောင်းကောင်း ရှိ နိုင်သလား၊ ကားရပ် ရအဆင်ပြေသလား၊ ပါကင်လုရတာတွေ ရှိနေမလား စတာတွေ လဲပါဝင်ပါတယ်။

.

(၁၄) Safety 

.

နောက်တစ်ချက်ကတော့ လုံခြုံရေး စနစ်တွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း တိုက်အသစ်တွေ မှာတော့ အစိုး ရ သပဒေ ပြဌာန်းချက်အရ တိုက် ခန်း တိုင်းရဲ့ရှေ့မှာ မီးသတ် ရေ ပိုက်ခေါင်းတွေ တပ်ဆင်လာရတာ၊ နောက်ဖက်  အရေးပေါ်ထွက်ပေါက်ကို ကွန်ကရစ် လှေကား နဲ့အခိုင်အမာ ဆောက် ထား ရတာ စတာ တွေ ပါဝင်လာပါတယ်။ 

.

(၁၅) အခြားအချက်များ

.

အခြား အချက်တွေ အနေနဲ့ကတော့ လှေကားတက်ရတာ ပြေပြေပြစ်ပြစ် ရှိသလား၊ ဘေးနား နဲ့ရှေ့မှာအထပ် မြင့်တွေ ချည်းရှိနေပြီး လေဝင်လေထွက်ပိတ်နေသလား၊ ခြောက်လွှာ ဆိုရင်အမိုး ကရေစိမ့် လား၊ လှေကားခွင်အကျဉ်းအကျယ်၊ တိုက်ခန်းနေသူတွေ ရဲ့စည်းကမ်းရှိမှု ၊ အမှိုက်ပစ်မှု၊ ဘာသာရေး လူမျိုးရေး ခွဲခြားမှု၊ အိမ်နီးချင်း ပီသမှု၊ အပေါ်ထပ် အခန်းမှာ ဆော့ကစား တတ်တဲ့ကလေး တွေရှိ မှု၊ ပတ်ဝန်းကျင် ရဲ့အနှောင့်အယှက်၊ စတဲ့ အသေးစားအချက်ကလေးတွေ ကလဲ အဆင်ပြေနေရင်တော့ အကောင်းဆုံး ပဲဖြစ်ပါတယ်။

.

အထက်ကဖော်ပြခဲ့တဲ့ အချက်တွေ ကတော့ တိုက်ခန်းတစ်ခန်း ရဲ့Liquidity ဒီဂရီမြင့်မားစေတဲ့ အချက်တွေ ဖြစ်ရုံ သာမက တိုက်ခန်းဝယ်ယူ ရာမှာ လည်းအသုံးဝင်မယ့် အချက်များဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သက်ဆိုင်ရာ တိုက်ခန်းများအကြောင်းကို သူ့နယ်မြေက အကျိုးဆောင်နဲ့ပွဲစား များ ကပိုပြီး နားလည် သိရှိတတ်ကြပါတယ်။ ဒီအတွက် အကျိုးဆောင်ပွဲစား များကိုလဲ အသုံးပြု ငှားရမ်းလုပ် ဆောင် တာဟာ အမှားအယွင်းနည်းပါးနိုင်ပါသေးတယ်။

.

ဒီလောက်ဆိုရင်တော့ အသိအမြင်တစ်ခု တိုးသွားလောက်ပြီလို့ယူဆပါတယ်ဗျား ။နောက်ထပ်လဲ ဘယ်လိုအကြောင်း အရာများထပ်မံမျှဝေမယ်ဆိုတာကို စောင့်မျှော် ဖတ်ရှုပေးပါဦးဗျား။

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant

Monday, July 1, 2024

စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

 နားရွက်တံတွေးဆွတ်ခြင်းအဓိပ္ပါယ်




      စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

           ===================

        (ကျေးလက်ကာလသားဓလေ့)


ရှေးအခါကကျေးလက်တောရွာများတွင်ကာလသားများ တစ်ဦးနှင့်တစ်ဦးမ ကျေမနပ်ရန်စဖြစ်ပွါးပါက ယှဉ်ပြိုင်စိန်ခေါ်သည့်အနေဖြင့်တစ်ဦး၏နားရွက်ကို

တစ်ဦးကတံတွေးဆွတ်၍စိန်ခေါ်လေ့ရှိသည်။


စိန်ခေါ်ခံရသူက မယှဉ်ပြိုင်လိုလျှင်လည်းကောင်း ရန်မဖြစ်ချင်လျှင်သော်လည်းကောင်း ဆိတ်ဆိတ်နေခြင်းဖြင့် နေနိုင်သည်။


ထိုသို့မိမိအားမယှဉ်ပြိုင်ဝံ့၍ငြိမ်နေသူကို နောက်တစ်ကြိမ်စိန်မခေါ်ရ။ ရန်မစရ။မစော်ကားရ။ ထို့ကြောင့် " ရန်မလိုကရန်ပြိုသည် " ဟူသော စကားထွက်ပေါ်လာခဲ့သည်။


 သူတော်ကောင်းလူကြီးသူမများကနှစ်သက်ကြသော်လည်း လူငယ်ကာလသားများကြားတွင် ထိုသူသည် လူကြောက်ကလေးလူနုံကလေးဖြစ်သွားတော့သည်။ 


 စိန်ခေါ်ခံရသူက မိမိအား နားရွက်တံတွေးဆွတ်၍ စိန်ခေါ်သူကိုယှဉ်ပြိုင်ရန်လက်ခံလိုပါက 

၁။ အဖြူတံု့

၂။ အမှောင်တံု့

၃။ အမဲတုံ့

၄။ အမိုက်တံု့   ဟူ၍ နည်း ၄ နည်းဖြင့် ပြန်လည်းတံု့ပြန်လက်ခံနိုင်သည်။ 


( ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်ထဲတွင်တော့ အဖြူတံု့ နှင့် အနက်တံု့ ဟူ၍ နှစ်မျိုးပြထားသည်။ အနက်တံု့ တွင်မှ အမှောင်တံု့ အမဲတံု့ နှင့် အမိုက်တံု့ ဟု သုံးမျိုးထပ်မံ ခွဲခြားပြသည်။ တုံ့ပြန်နည်းကာ အတူတူပင်ဖြစ်သည်။) 


အဖြူတုံ့

•••••••••


အဖြူတုံ့ ဟူသည်ကာ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို မိမိက နားရွက်တံတွေးတုံ့ပြန်ဆွတ်ကာ လက်ခံသောနည်းဖြစ်သည်။ 

ကလေးအရွယ် မှ မြီးကောင်ပေါက်အထိ လူငယ်များ အငြိုးအတေးမရှိဘဲ ကာယစွမ်းအား ယှဉ်ပြိုင်ခြင်းဖြင့် စိန်ခေါ်မှုကိုလက်ခံခြင်းဖြစ်သည်။ 

ထို့နောက် မိမိကစားဖော်ထဲမှ သမာသမတ် ကျသူကိုဖြစ်စေ ကာလသားကြီးတစ်ဦးဦးကိုဖြစ်စေ နှစ်ဦးသဘောတူ ဒိုင် အဖြစ်သတ်မှတ်၍ နပန်းလုံးခြင်း မောင်းလှဲပြိုင်ခြင်း တုတ်ဆွဲပြိုင်ခြင်း လွန်ဆွဲပြိုင်ခြင်း ပုဆိုးခါးကွင်းထည့်၍ခြေကန်ဆွဲခြင်း နောက်ပြန်ဆွဲခြင်း စသည့် ကာယကြံ့ခိုင်မှု အသားပေးယှဉ်ပြိုင်မှုမျိုးဖြင့် ယှဉ်ပြိုင်ကြသည်။ 

ထိုသို့ ယှဉ်ပြိုင်ရာတွင် စိန်ခေါ်ခံရသူစိတ်ကြိုက်နည်းကို စိန်ခေါ်သူကလက်ခံရသည်။ 

တစ်ဦးဦးရှုံးနိမ့်သွားပါက အနိုင်ရသူသည် ရှုံးနိမ့်သူကို ထပ်မံစိန်ခေါ်ခြင်းမပြုရ။ 

အနိုင်မကျင့်ရ။

ရှုံးနိမ့်သူမှ နောင်တစ်ချိန်ထပ်မံစိန်ခေါ်နိုင်သည်။


(ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်တွင် ထိုးကွင်းမင်ကြောင် မထိုးရသေးသောပေါင်ဖြူအတိုင်း ရှိသေးသူ ကလေးသူငယ်များ လက်ခံခြင်းမျိုးကို အဖြူတုံ့ ဟုခေါ်ပြီး ထိုးကွင်းထိုးပြီး ပေါင်မည်း ကာလသားတို့ ယှဉ်ပြိုင်မှုကို အနက်တုံ့ ဟု ခွဲခြားပြထားသည်။)


အမှောင်တုံ့

••••••••••••

            အမှောင်တုံ့ဟူသည်ကာမိမိအားနားရွက်

တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍ စိန်ခေါ်မှုကိုလက်ခံသောနည်းဖြစ်သည်။ 

ရှင်လိင်ပြန်ပြီးသောကာလသားလူရွယ်များမှသည် အရွယ်ရောက်ပြီးသော လူကြီးများအထိ ယှဉ်ပြိုင် ကြသည်။ 


ထိုသို့ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍အမှောင်တုံ့ဖြင့် တုံ့ပြန်လက်ခံလိုက်ပါက အရှုံးအနိုင်ပေါ်သည်အထိ မြန်မာ့ရိုးရာလက်ဝှေ့နည်းဖြင့် ထိုးသတ်ရသည်။ ကာလသားခေါင်းဆောင် က ဒိုင်လူကြီး အဖြစ် မျှတစွာဆောင်ရွက်ရသည်။ 


ကြောက်ရှုံး ကွဲရှုံး အလဲရှုံး စသဖြင့် နှစ်ဦးသဘောတူ သတ်မှတ်ပေးရသည်။ 

အနိုင်ရသူနှင့် ရှုံးနိမ့်သူတို့၏ နောက်ပိုင်းဆက်ဆံရေး သည် အဖြူတုံ့နောက်ပိုင်း ကဲ့သို့ ဆက်ဆံရေးမျိုး ဆက်လက်ရှိနေသည်။  


ထိုသို့ အနိုင်ရရှိသော ကာလသားလူမှောင်များသည် ရပ်ရေးရွာရေးတွင် လူဝင်ဆန့်တတ်သည်။ လူပေါင်းများသည်။


အမဲတုံ့

••••••••

   အမဲတုံ့ ဟူသည်ကာမိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူ၏ကိုယ်လုံးကို ခြေဖြင့်ကန်၍ တုံ့ပြန်ကာ စိန်ခေါ်မှုကိုလက်ခံသော နည်းဖြစ်သည်။ 


ထို့နောက် စိန်ခေါ်ခံရသူသည် တုတ် ဓါး လှံ ဓါးမြောင် စသည့် မိမိအားသန်ရာ လက်နက်တစ်ခုခုရွေး၍ စိန်ခေါ်သူနှင့်တိုက်ခိုက်ရသည်။ 


စိန်ခေါ်သူသည်  မိမိနှစ်သက်ရာ လက်နက်ကိုင်ခွင့်မရှိ။ စိန်ခေါ်ခံရသူ ရွေးချယ်ထားသောလက်နက်မျိုးကိုသာ ကိုင်ဆွဲရသည်။ 


အနိုင်ရသူသည် ရှုံးနိမ့်သူကို အသေသတ်ခွင့် ရှိသည်။ ရှုံးနိမ့်သူက မသတ်ပါနှင့်ဟုတောင်းပန်လျှင် မသတ်ရ။ ခွင့်လွှတ်ရသည်။ 


ထို့နောက် ရှုံးနိမ့်သူကို ခြေဖြင့်ကန်၍ နောင်ဘယ်တော့ငါ့ကိုပြန်မလှန်နဲ့ ဟုဆိုခွင့်ရှိသည်။  ရှုံးနိမ့်သူသည် ရပ်ရွာတွင် အနှောင့်အယှက်ဖြစ်လောက်အောင် သောင်းကျန်းနေသူလူမိုက်ဖြစ်ပါက နောင်ရပ်ရွာတွင်အနှောင့်အယှက်မပြုရန် ကတိတောင်း၍ရသည်။ 


အကယ်၍ အနိုင်ရသူသည် ရပ်ရွာအော့ကြောလန် လူမိုက်ဖြင့်ပါက ထိုရပ်ရွာသည် လူမိုက်ကြီးစိုးသောရပ်ရွာဖြစ်ကာ နောင်ပြိုင်ဘက် မပေါ်မချင်း လူမိုက်ဒုက္ခ ခါးစည်းခံရ၏။ 


အမိုက်တုံ့

•••••••••••

အမိုက်တုံ့ ဟူသည်ကာ မိမိအား နားရွက်တံတွေးဆွတ်၍ ရန်စစိန်ခေါ်သူကို ပါးပြန်ရိုက်တုံ့ပြန်ပြီး စိန်ခေါ်မှုကို လက်ခံသောနည်းဖြစ်သည်။(မြန်မာတို့သည်မိမိတို့၏ပါးပြင်ကိုအမြတ်တနိုးတန်ဖိုးထား၍လူကြီးမိဘတို့ကချစ်ခင်စွာနမ်းရှိုက်လေ့ရှိသောနေရာဖြစ်သည်။) 


ထိုသို့ စိန်ခေါ်မူကို အမိုက်တုံ့ဖြင့်လက်ခံပြီးပါက စိန်ခေါ်သူ နှင့် စိန်ခေါ်ခံရသူနစ်ဦးတို့သည် တစ်ယောက်တစ်လှည့်စီ အသေအကြေ

ခံပြ တိုက်ပြ ရသည်။ 


ထိုသို့ယှဉ်ပြိုင်ရာတွင် လက်နက်မသုံးရ အတိုက်သမားသည် သတ်၉သတ် ဟုခေါ်သော ဦးခေါင်း လက်သီး တံတောင်  ဒူး ဖနောင့် စသည် တို့ကို စိန်ခေါ်ခံရသူ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်သည်။


စိန်ခေါ်သူသည် စိန်ခေါ်ခံရသူ တိုက်ခိုက်သောနည်းအတိုင်း ပြန်လည်တိုက်ရသည်။ ရှေးဦးစွာ စိန်ခေါ်ခံရသူက လက်သီးဖြင့်ထိုးပါက စိန်ခေါ်သူသည် မလှုပ်မရှား ရှောင်တိမ်းခြင်းမရှိဘဲ အထိုးခံရသည်။ 

စိန်ခေါ်သူ အလှည့်တွင်လည်း စိန်ခေါ်ခံရသူတိုက်သည့် နည်းအတိုင်းပြန်လည်တိုက်ခိုက်ရ၍ စိန်ခေါ်ခံရသူသည် မလှုပ်မယှက် မရှောင်တိမ်းဘဲခံရသည်။ 

ဤသို့ဖြင့် စိန်ခေါ်ခံရသူသည် သတ် ၉ သတ်ကို အမျိုးမျိုးပြောင်းလဲအသုံးပြု၍ တစ်ဦးဦးသေသည်အထိ အတိုက် အခံပြုရသည်။ 


တစ်ဦးဦးအရှုံးပေးလျှင် ပွဲပြီးသော်လည်း အရှုံးမပေးပဲသေဆုံးသွားပါက ပွဲမပြီးသေးပေ။ 

ထိုအခါ သေဆုံးသူ၏ ညီအစ်ကို ဖခင် ဦးလေး စသည့် သွေးချင်းများမှ အရှုံးအနိုင် ပေါ်သည်အထိ ဆက်လက်ယှဉ်ပြိုင် လိုကယှဉ်ပြိုင်နိုင်သည်။မယှဉ်ပြိုင်လိုက သေသူ၏ ပါးကိုရိုက်၍ နင်ငါတို့အမျိုးမဟုတ်ပြီ ဟု ဆွေခန်းမျိုးခန်းဖြတ်ရသည်။ 


သေသူမှာ သေသာသေသွားသော်လည်း ရှုံးနိမ့်ခြင်းမဟုတ်၍ ဂုဏ်မငယ်သော်လည်း သေသူ၏ မိဘဆွေမျိုးအသိုင်းအဝိုင်းမှာ သေသူကြောင့် ဂုဏ်ပျက် ရလေသည်။


သို့သော် သူတော်ကောင်း လူကြီးသူမ တို့က သေသူ၏ မိဘဆွေမျိုးများကို ချီးမွမ်းကြသည်။ 


စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူ နှစ်ဦးတို့သည် ယှဉ်ပြိုင်နေစဉ်အတွင်း မသမာသောနည်း ကောက်ကျစ်သောနည်းကို အသုံးပြုပါက အသုံးပြုကြောင်းတွေ့ပါကအရှုံးအဖြစ်သတ်မှတ်ခံရသည်။ 


ဒိုင်လုပ်သူသည် တစ်ဖက်ဖက်ကို ဘက်လိုက်သည်ဟု ထင်ရှားပါက ဒိုင်လူကြီးလုပ်သူသည် ရှုံးနိမ့်သူနှင့်အတူ ကာလသားများ ရပ်ရွာလူကြီးများ၏ ဝိုင်းပယ်ခြင်းကိုခံရတတ်သည်။


စိန်ခေါ်သူသည် အမဲတုံ့ အမှောင်တုံ့ တို့ဖြင့် တုံ့ပြန်တိုက်ခိုက်၍ အရှုံးပေးပြီး ရှုံးနိမ့်သွားပါက ကာလသားများအလယ်တွင်လည်းကောင်း ဆွေမျိုးများအလယ်တွင်လည်းကောင်း ရပ်ရွာအလယ်တွင်လည်းကောင်း မျက်နှာငယ်ကာ ရွာပြင်ထုတ်ခံရတတ်သည်။ 


မည်သူမှ အဖက်လုပ်စကားမပြောတော့။ အပေါင်းအသင်းမလုပ်တော့။  ထိုအခါ အရပ်တစ်ပါးသို့တိတ်တဆိတ်ထွက်ခွါကာ ဇာတ်မြုပ်နေလေ့ရှိသည်။ 

            

ထိုသို့ ရှေးအခါက ကျင့်သုံးခဲ့သော ကာလသားဓလေ့ သည် တစ်ဦးနှင့်တစ်ဦး ဗိုလ်မထားလို၍ စိန်ခေါ်ထိုးသတ်ကြသော်လည်း အဖြူတံု့ နှင့် အမှောင်တုံ့ အထိသာ တုံ့ပြန်တိုက်ခိုက်တတ်ကြသည်။ 


ဗာလာနံ မိုက်မဲသူတို့အမူအကျင့်ဖြစ်သော အမဲတုံ့ အမိုက်တုံ့ ဖြင့် တိုက်ခိုက်မှုမျိုးရှိခဲလှသည်။ ထိုသို့မဖြစ်အောင်လည်း လူကြီးမိဘတို့က မိမိတို့၏ သားသမီးများကို အရွယ်ရောက်လာပါက ဘုန်းတော်ကြီးကျောင်းသို့ပို့ကာ စာပေ သင်အံ စေသည်။ ဗုဒ္ဓအလိုကျ ယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးစေသည်။


နားရွက်တံတွေးဆွတ်၍စိန်ခေါ်မှုကို တုံ့ပြန်ပုံများ

-------------------------------------------------

၁။ အဖြူတံု့     = နားရွက်တံတွေးပြန်ဆွတ်ခြင်း

၂။ အမှောင်တံု့ = ကိုယ်လုံးခြင်းပြန်တိုက်ခြင်း

၃။ အမဲတုံ့      = ခြေဖြင့်ပြန်ကန်ခြင်း

၄။ အမိုက်တုံ့   = ပါးပြန်ရိုက်ခြင်း


(အကိုးအကား)

ဆရာရန်ကုန်ဘဆွေ၏ မြန်မာပြည်သားဝတ္ထု


***မနွေးနွေးလှိုင် ၏ ဝေမျှတဲ့ စာများကို တဆင့်ပြန်ဝေငှပါတယ်။