ဗုဒ္ဓနှင့် Tolerance ကြံ့ကြံ့ခံရင်ဆိုင်ခြင်း
...............................................
အခက်အခဲဆိုတာ ဘုရားဖြစ်ပြီးတဲ့ ဗုဒ္ဓတောင် ကြုံရတဲ့ အမှန်တရားဖြစ်ပါတယ်။
သဗ္ဗေညုတဉာဏ်ရသွားပြီဆိုတာနဲ့
အစအစအရာရာ ကတ္တီပါကောဇောခင်း တွေနဲ့ ချောမွေ့ခဲ့ တာမဟုတ်ဘူး ဆိုတာ
ပိဋကတ်တော်တွေကို လေ့လာရင်း ခွန်အားယူရပါတယ်။
ဝိနယပိဋက၊ ပါရာဇိကဏ်ထဲမှာ
ဝေရဉ္စာမြို့ ကို ဗုဒ္ဓရောက်သွားတဲ့အချိန်
အစာရေစားရှားပါးတဲ့ဘေး ဒုဗ္ဘိက္ခန္ဓရကပ်ဘေး ဆိုက်ရောက်တဲ့အချိန်ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဝေရဉ္ဇာမြို့ဟာ အစာရေစာခေါင်းပါးတယ်။ အသက်မွေးဖို့ ခဲယဉ်းတယ်။ ၊ အစာငတ်လို့ ဖွေးဖွေးလှုပ်သေသွားခဲ့တယ်။
ရဟန်းတွေက စာရေးတံ လက်မှတ်နဲ့ အသက်မွေးရပါတယ်။ ၊ သပိတ်လက်စွဲပြီး ဆွမ်းခံထွက်ပေမယ့် ဆွမ်း ရဖို့မလွယ်ဘူး။
ရိက္ခာခြောက်တွေနဲ့ အဆင်ပြေအောင်နိုင်အောင် အဆင့်ဆင့်စီမံ ကြံ့ကြံ့ခံရပါတယ်။
သံဃာ့အဖွဲ့အစည်း အမှီပြုရတဲ့ လူအဖွဲ့အစည်းက အငတ်ဘေးဆိုက်တာဟာ
သံဃာ့အဖွဲ့အစည်းတစ်ခုလုံးအငတ်အဘေးဆိုက်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။
ဒီနေရာမှာ ဗုဒ္ဓက တန်ခိုးတော်ဆိုတဲ့ အရာတွေကို သုံးပြီး ဒုဗ္ဘိက္ခန္တရကပ်ဘေး
ကို ကျော်လွှားတာမဟုတ်ဘဲ လူ့တွေရဲ့ သဘာဝအရည်အသွေး human nature qualitities ကိုသာ အသုံးပြုပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ညွှန်ကြားတာပါပဲ။
ပိဋကတ်တွေ ကိုဖတ်တိုင်း ဗုဒ္ဓကို ကြည်ညိုမြတ်နိုးမိတဲ့အချက်က
လူ့အရည်အသွေးတွေနဲ့
ကိုယ်စွမ်းကိုယ့်စ တွေကို အားကိုးအောင်တိုက်တွန်းလေ့ကျင့်ပေးတဲ့ အချက်ပါပဲ။
အခက်အခဲကြုံတွေ့ရတယ်ဆိုတာ
သဘာဝတရားပါပဲ။ အဲဒီသဘာဝတရားတွေကို ဆန့်ကျင်ပြီး ဗုဒ္ဓက ပျောက်စေ ဆရာ မလုပ်ခဲ့တဲ့အချက်က ဗုဒ္ဓကို ကမ္ဘာ့တစ်ဝန်းက ယနေ့ထက်အထိ လေ့လာအတူယူစရာ ဗုဒ္ဓအဖြစ် ရှင်သန်နခဲ့တာပဲဖြစ်ပါတယ်။
အခက်အခဲကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ
ဘယ်လိုကြံကြံခံမလဲဆိုတဲ့
နည်းလမ်းကသာ လူ့အရည်အသွေးကို ထက်မြက်တိုးတက်လာစေတယ် ဆိုတဲ့ အချက်ကို ဗုဒ္ဓက အသားကျစေခဲ့တယ်လို့ ဆိုလို့ရပါတယ်။
ဗုဒ္ဓနဲ့ သံဃာ့အဖွဲ့အစည်းဟာ ဝေရဉ္စာမြို့ မှာ အစာရေစာရှားရှားပါးပါနဲ့ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတာကိုတွေ့ရပါတယ်။
အဲဒီအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တွေဟာ မြင်းငါးရာနဲ့ ဝေရဉ္ဇာမြို့မှာ မိုးခိုကြပါတယ်။
မြင်းကုန်သည်တွေဟာ မြင်းဝိုင်းတွေမှာ ရဟန်းတွေကို တစ်စလယ် တစ်စလယ်စီရှိတဲ့ ရိက္ခာ မုယောဆန်ကို
ဝတ်တည် လှူဒါန်းထားကြပါတယ်။
သံဃာ့အဖွဲ့အစည်းဟာ နံနက်အချိန်မှာ (သင်္ကန်းကို) ပြင်ဝတ်ပြီး သပိတ်သင်္ကန်းကို ယူကာ ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်လို့
ဆွမ်းမရကြရင် မြင်းဝိုင်းတွေဆီကို ဆွမ်းအတွက်လှည့်လည်တယ်။ ပြီးရင် တစ်စလယ် တစ်စလယ်စီရိတဲ့ ရိက္ခာမုယောဆန်ကို ယူဆောင်လာခဲ့ကြပြီး ဆုံမှာ ထောင်းကာ သုံးဆောင်ကြရပါတယ်။
အသျှင်အာနန္ဒာကတော့ တစ်စလယ်ရှိတဲ့ ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီး ဗုဒ္ဓ ကို ဆက်ကပ်ရပါတယ်။ ဗုဒ္ဓကအဲဒီ မုယောဆန်မှုန့်ကို
သုံးဆောင်သုံးဆောင်ပါတယ်။
သံဃာ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကပ်ဒုက္ခ
အပေါ်မှာ အတူတကွ ရှင်သန်နားလည် နိုင်အောင် ရဟန်းတွေကို လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဗက ဆုံသံကို ကြားတဲ့အခါ မေးမြန်း
ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓ မေးမြန်းတယ်ဆိုတာ
ဗုဒ္ဓအနေနဲ့
''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဆိုတဲ့ အကြောင်းရင်း
နှစ်မျိုးရှိရင် စကားလမ်းကြောငွးပေးမေးမြန်းလေ့ရှိပါတယ်။
ဗုဒ္ဓက မေးတယ်ဆိုရင် တစ်ခုခု အကြောင်းထူးပြီဆိုတာ သံဃာ့အဖွဲ့အစည်းထဲက ဗုဒ္ဓနဲ့လက်ပွန်းတတီးရှိတဲ့ သံဃာ့အများစုက ရိပ်မိကြပါတယ်။
ဗုဒ္ဓက အသျှင်အာနန္ဒာကို
''အာနန္ဒာ အဲဒီဆုံသံဟာ
ဘာလုပ်လို့ထွက်တဲ့ အသံလဲ''လို့ မေးပါတယ်။
အသျှင်အာနန္ဒာက အစားစာကို ရဖို့အတွက် မုယောကို ထောင်းတဲ့ဆုံသံဖြစ်တယ် လို့ လျှောက်ပါတယ်။
ဗုဒ္ဓက အသျှင်အာနန္ဒာရဲ့ စကားကို ကြားတဲ့အခါ
''အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်သူမြတ် ဖြစ်ကြတဲ့ သင်တို့ဟာ (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကြပါတယ်။ ၊ နောင်လာ နောက်သားတွေကတော့ သလေးသားပြွမ်းဆွမ်းကိုတောင် အထင်သေးကြပါလိမ့်ဦးမယ်''လို့ မိန့်တော်မူပါတယ်။
သံဃာ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ဖို့ ကြံ့ကြံခံတာကို ဗုဒ္ဓက ချီးကျူးတာတွေ့ရပါတယ်။
လူတွေမှာ ရှိတဲ့ ကြံ့ကြံ့ခံရင်ဆိုင်ရမယ့် ခွန်အားသတ္တိတွေဟာ အခက်အခဲတွေကြုံတွေ့ရတဲ့အခါ ထွက်ပေါ်လာကြစမြဲပါ။
အဲဒီအရည်အသွေးပေါ်မှာ မိမိကိုယ်ကို ယုံကြည်စိတ်ရှိရှိနဲ့ခိုင်ခိုင်မာမာဖြတ်သန်းဖို့ သံဃာ့အဖွဲ့အစည်းနဲ့အတူ ဗုဒ္ဓက ရှေ့ဆက်ချီတက်ခဲ့ပါတယ်။
အသျှင်မဟာမောဂ္ဂလာန်က ဗုဒ္ဓဆီကို သို့ ချဉ်းကပ်ပြီး မြေကြီးလှန်မယ်ဆိုတဲ့ လျှောက်တင်စကားကို ဗုဒ္ဓက လက်သင့်မခံပါဘူး။
မြေကြီးလှန်မယ်ဆိုတဲ့အချက်က
သဘာဝတရားနဲ့ဆန့်ကျင်တဲ့ကိစ္စရပ်လို့ ဗုဒ္ဓက ရှုမြင်ပြီးတားမြစ်ပါတယ်။
အဲဒီအချက်ဟာ လူသားအရည်အသွေးတစ်ရပ်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ကိုယ့်ကိုကိုယ်အားကိုးယုံကြည်လိုစိတ် self-confidence ကိုပါ ထိပါးပျောက်ဆုံးစေတဲ့လုပ်ရပ်မျိုးလို့ ဗုဒ္ဓက လက်ခံထားပုံပေါ်ပါတယ်။
ဗုဒ္ဓက လူတစ်ယောက်ဟာ အမှီအခိုကင်းကင်းနဲ့ မိမိကိုယ်ကိုစိတ်ချယုံကြည်စေတဲ့ဘအစည်အသွေးမျိုးကို ပျိုးထောင်ပေးတာဖြစ်ပါတယ်။
ဒီအချက်ဟာ အမှီအခိုမှလွတ်လပ်တဲ့ Independency စိတ်ကို ဖန်တီးပေးပြီး မိမိကံကြမ္မာကို မိမိဆုံးဖြတ်ပိုင်ခွင့်
self-determinationကိုပါ အာမခံချက်ရပြီးသားဖြစ်သွားစေပါတယ်။
ဗုဒ္ဓပြောတဲ့ အတ္ဆာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ယုံကြည်ရာ ဖြစ်စေတဲ့ self-confidence ကို တိုးပွားစေတာဖြစ်ပါတယ်။
အဲဒီလွတ်လပ်တဲ့ စိတ်နဲ့မိမိကိုယ်ကို ယုံကြည်မှုစိတ်ရှိမှသာ Tolerance ကြံ့ကြံ့ခံရင်ဆိုင်ခြင်းဆိုတဲ့ အရည်အသွေး က ပေါ်ထွက်လာနိုင်မှာဖြစ်ပါတယ်။
Tolerance ဆိုတဲ့ ဝေါဟာရဟာ ရင်းမြစ်ကို ဆန်းစစ်တဲ့အခါ
အလယ်ခေတ်ပြင်သစ် ဝေါဟာရ telerance နဲ့ လယ်တင်ဝေါဟာရ tolerantia ဆိုတဲ့ ဝေါဟာရတွေဖြစ်ပြီး အင်္ဂလိပ်တွေကတော့ endurance ဆိုတဲ့ ဝေါဟာရ ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။
ပါဠိတိပိဋကတ်ပါဠိ မြန်မာ အဘိဓါန် မှာတော့ ခန္တိ သည်းခံခြင်းလို့ ဖွင့်ပါတယ်။
သည်းခံခြင်းကို ဖွင့် ဆိုတဲ့ အခါ
သည်းခံတတ်တဲ့ တရား (အဓိဝါသနခန္တိ)
(က) နှစ်သက်တတ် ၊ မြင်နိုင်စွမ်းသောဉာဏ် (အနုလောမိက ခန္တိ
(ခ) နှစ်သက်တတ်၊ လက်ခံကျေနပ်ခြင်း
(ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ)
(ဂ) အလို၊ အယူအဆ
ဆိုပြီး သုံးမျိုးတွေ့ရပါတယ်။
အဓိဝါသနခန္တိ (အဓိ- မိမိအပေါ်၌ ၊ ဝါသန- နေစေခြင်း)
တစ်ပါးသူတွေက ဆဲရေး၊ ရိုက်ပုတ်ရင်
အဲဒီ ဆဲရေးရိုက်ပုတ်တာတွေ
မိမိရဲ့သဏ္ဍာန်မှာ လက်မခံဘဲ ပယ်လှန်ပစ်ရပါမယ်။
သူပြောလို့ ကိုယ်ပြန်ပြော၊ သူရိုက်လို့ ကိုယ်ပြန်ရိုက် ဆိုရင် အဲဒါတွေကို ကိုယ်ပေါ်မှာ အဲဒီအညစ်ကြေးတွေက လာတင်တာ။ အဲဒီအညစ်ကြေးတွေကို ကိုယ်က ပြန်ပြီး တယုတယ ပြန်သိမ်းနေတာ လို့ ဆိုပါတယ်။
အချမ်းအပူ၊ ရာသီဥတုတွေသည်းခံနိုင်တာကို လည်း အဓိဝါသနခန္တိ သဘောပါပဲ။
အဓိဝါသနခန္တိ နဲ့ပြည့်စုံရင် ကောင်းတာ (ဣဋ္ဌာရုံ) ၊ မကောင်းတာ (အနိဋ္ဌာရုံ) တွေပေါ်မှာပါ ညီမျှတဲ့ စိတ်ကို ကျင့်သုံးနိုင်တာကို လည်းခေါ်ပါတယ်။
အဲဒီသဘောဟာ အဒေါသပြဋ္ဌာန်းတဲ့
ကုသိုလ် စိတ္တုပ္ပါဒ် ဖြစ်ပါတယ်။
မဇ္ဈိမနိကာယ်၊ ပါထိက ဝဂ်၊ ပုဏ္ဏောဝါဒသုတ်မှာ အကောင်းဖက်ကို မြင်ပြီးနှလုံးသွင်းဖို့ကို တိုက်တွန်းထားပါတယ်။
ဘယ်လို တိုက်တွန်းသလဲဆိုရင်
လာပြီးဆဲဆိုတယ် ဆိုရင်
ငါ့ မရိုက်သွားတော်သေးတယ် ၊
ရိုက်သွားတယ်ဆိုရင်လည်း
ငါ့သတ်မသွားတာ တော်သေးတယ်
ဆိုတဲ့ အကောင်းဖက်ကို နှလုံးသွင်း ဖို့ တိုက်တွန်းတာပါပဲ။
ရာထူး၊ဂုဏ်၊ ပကာသနာ ကြီးမြတ်လေလေ သည်းခံနိုင်လေလေဖြစ်ဖို့လိုပါတယ်။ မတုန်လှုပ်တဲ့ သဘောပါပဲ။
သည်းခံနိုင်တယ် ဆိုတာ စိတ်နဲ့ဉာဏ်နဲ့ကို အချိုးညီညီပေါင်းစပ်ရတဲ့အလုပ်ပါ။
အစားအသောက်အနေထိုင်အခက်အခဲဖြစ်တဲ့အခါ
ဗုဒ္ဓတောင် ကြုံတွေ့ရသေးတာပဲ ဆိုပြီးခွန်အားယူရပါတယ်။
ဝိနယပိဋကတ်တွေကို လေ့လာတဲ့အခါ
ဗုဒ္ဓဟာ သံဃာ့အဖွဲ့အစည်းကို လူမှုအဖွဲ့အစည်းရဲ့ အလွှာထဲမှာ သဟဇာတဖြစ်အောင် ပြုမှုနေထိုင်နိုင်တဲ့ ကြံ့ကြံ့ခံရင်ဆိုင်ခိုင်းထားတာပါပဲ။
သံဃာ့အဖွဲ့အစည်းဟာ ဘဝလွတ်မြောက်မှုအတွက် အားကိုး အားထားရာဖြစ်ပြီး
အခွင့်အရေးကို အသုံးချလိုသူတွေအွ
အတွက် လူ့မှုအဖွဲ့ အစည်း ဓါးစားခံဖြစ်ခြင်းဆိုတဲ့ တစ်ဖက်တစ်ချက်မှာ ရုန်းကန်နေခဲ့ရတာပါ။
ဝိနယပိဋကတ်၊ မဟာဝဂ္ဂပါဠိတော် ကို လေ့လာရင် လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ အယူအဆတွေနဲ့ တစ်ချိန်လုံးပွတ်တိုက်မှု ရှိနေခဲ့တာ
ထင်ရှားပါတယ်။
ဗုဒ္ဓကလူ့အရည်အသွေးတွေနဲ့
လူ့စွမ်းလူ့စ တွေကို ပေါ်ထွက် အောင် လုပ်တဲ့အထဲမှာ ကြံ့ကြံခံရင်ဆိုင်ခြင်းဆိုတဲ့ စွမ်းရည်က လူ့လောကတစ်ခုလုံးကို အပြောင်းအလဲလုပ်နိုင်တဲ့ စွမ်းရည်ပါ။
သည်းခံခြင်း ဆိုတာ သူတော်ကောင်းတွေရဲ့ ခွန်အားဖြစ်တယ် ဆိုတာ
အင်္ဂုတ္တရ ပါဠိတော် ၊ အဋ္ဌကနိပါတ်၊ ၁- ပဏ္ဏာသက ၊ ဂဟပတိဝဂ် ၇ သုတ်တို့မှာ အားနဲ့ ပတ်သက်ပြီး ဗုဒ္ဓ ဟောခဲ့တာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
အားဆိုတာ power ပါပဲ။ power တွေမှာ Soft power နဲ့ hard power နှစ် မျိူးလို့ ဆိုလို့ရပါတယ်။
လက်ရုံးရည် ဆိုတာ hard power သဘောဆောင်ပါတယ်။
နှလုံးရည်ကတော့ soft power သဘောဆောင်ပါတယ်။
ဗုဒ္ဓ ပြောတဲ့ အား power ရှစ်မျိုးထဲမှာ
Soft power ရော hard power နှစ်ခုစလုံး ရောနေတာမျိုးတွေ့ရပါတယ်။
၁။ ငိုကြွေးခြင်း ဆိုတာ ကလေးတွေ ကိုးစားတဲ့အား ဖြစ်ပါတယ်။
၂။ အမျက်ထွက်ခြင်းဟာ မိန်းမတို့ရဲ့ ကိုးစားရာအားဖြစ်ပါတယ်။
၃။ လက်နက်အမျိုးမျိုးဟာ ခိုးသူဓါးပြ တွေရဲ့ ကိုးစားရာအားဖြစ်တယ်။
၄။ ကျယ်ဝန်းတဲ့နိုင်ငံတော်ကို အုပ်စိုးတာဟာ ပြည့်ရှင်မင်းတို့ရဲ့ ကိုးစားရာအားဖြစ်ပါတယ်။
၅။ တစ်ပါးသူကို ကြံကြံဖန်ဖန်ကဲ့ရဲ့ခြင်းဟာ လူမိုက်တွေရဲ့ ကိုးစားရာအား ဖြစ်ပါတယ်။
၆။ သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းဟာ
ပညာရှိတဲ့ ရဲ့ကိုးစားရာ အားဖြစ်ပါတယ်။
၇။ အဖန်ဖန်စဉ်းစားဆင်ခြင်ခြင်းဟာ
အကြားအမြင် များသူတို့ရဲ့ ကိုးစားရာအားဖြစ်ပါတယ်။
၈။ သူတစ်ပါးတွေလွန်ကျူးလာတဲ့အပြစ် တွေကို အမျက်မထွက်ဘဲ သည်းခံခြင်းဟာ ရဟန်းသူတော်ကောင်းတွေရဲ့ ကိုးစားရာ အားတွေဖြစ်ပါတယ်။
လက်နက်အားကိုးရင်တော့ အဲဒါ hard power ပါပဲ။
ဗုဒ္ဓက ရဟန်းတွေ ဆောင်ထားတဲ့ လက်နက်ဟာ သည်းခံခြင်းသာဖြစ်ကြောင်း ပြောတဲ့ အယူအဆက
ဗုဒ္ဓဝါဒရဲ့ စွမ်းအားရှိတဲ့ အနှစ်သား ကို ထုတ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒီနေရာမှာ သည်းခံခြင်းဟာ လက်နက်ဆိုတာထက် သည်းခံခြင်းဆိုတာ ကိုယ့်ကို ကျည်လာမတိုးတဲ့ ကျည်ကာ အင်္ကျီ တစ်မျိုး ဖြစ်ပါတယ်။
သည်းခံနိုင်တယ် ဆိုတဲ့ စွမ်းရည်ဟာ အစွန်း နှစ်ဖက်မှာ ရှောင်ရှားပြီးရပ်တည်နိုင်တဲ့ သည်းခံခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
သည်းခံတယ်ဆိုတာ ကိုယ်မှာရှိတဲ့ မာန်မာန အမွှေးတောင်တွေကို ချရတာဖြစ်ပါတယ်။
ခန္ဓီပါရမီကိုပဲ ပါဠိတော်မှာ သမ္မာနာဝမာ နိက္ခမော ဆိုတဲ့ စကားရပ်အရ ကိုယ့်ကို မြတ်နိုးတာကိုလည်း သည်းခံရသလို ကိုယ့်ကို မထီမဲ့မြင်ပြုရင်လည်း သည်းခံရမာဖြစ်ပါတယ်။ .
တိုက်ရိုက်ပြောရင်တော့ ကောင်းတဲ့ အရာတွေနဲ့တွေ့ရင်လည်း စိတ်မာန်မတက် မကောင့်တဲ့အရာတွေနဲ့ တွေ့ရင်လည်း စိတ်ပျက် ကြံ့ကြံ့ ခံနိုင်ရမယ်။
ကောင်းတဲ့လာကဓံ ဆိုတာ လောဘ
သဘောဆောင်ပြီး မကောင်းတဲ့ လောကဓံ ဆိုတာ ဒေါသ သဘောဆောင်ပါတယ်။
အဲဒီလောကဓံအစွန်းတွေကနေ ကြံကြံခံရင်ဆိုင်နိုင်တာမှ Tolerance အစစ်ဖြစ်ကြောင်း ရှုမြင်သုံးသပ်မိပါတယ်။
၁၂း၄၂ သန်းခေါင်
၁၈.၁၁.၂၀၂၀ အိမ်
(Zawgyi)
ဗုဒၶႏွင့္ Tolerance ႀကံ့ႀကံ့ခံရင္ဆိုင္ျခင္း
...............................................
အခက္အခဲဆိုတာ ဘုရားျဖစ္ၿပီးတဲ့ ဗုဒၶေတာင္ ၾကဳံရတဲ့ အမွန္တရားျဖစ္ပါတယ္။
သေဗၺညဳတဉာဏ္ရသြားၿပီဆိုတာနဲ႔
အစအစအရာရာ ကတၱီပါေကာေဇာခင္း ေတြနဲ႔ ေခ်ာေမြ႕ခဲ့ တာမဟုတ္ဘူး ဆိုတာ
ပိဋကတ္ေတာ္ေတြကို ေလ့လာရင္း ခြန္အားယူရပါတယ္။
ဝိနယပိဋက၊ ပါရာဇိကဏ္ထဲမွာ
ေဝရဥၥာၿမိဳ့ ကို ဗုဒၶေရာက္သြားတဲ့အခ်ိန္
အစာေရစားရွားပါးတဲ့ေဘး ဒုဗၻိကၡႏၶရကပ္ေဘး ဆိုက္ေရာက္တဲ့အခ်ိန္ျဖစ္ပါတယ္။
အဲဒီအခ်ိန္မွာ ေဝရဥၨာၿမိဳ့ဟာ အစာေရစာေခါင္းပါးတယ္။ အသက္ေမြးဖို့ ခဲယဥ္းတယ္။ ၊ အစာငတ္လို့ ေဖြးေဖြးလွုပ္ေသသြားခဲ့တယ္။
ရဟန္းေတြက စာေရးတံ လက္မွတ္နဲ႔ အသက္ေမြးရပါတယ္။ ၊ သပိတ္လက္စြဲၿပီး ဆြမ္းခံထြက္ေပမယ့္ ဆြမ္း ရဖို့မလြယ္ဘူး။
ရိကၡာေျခာက္ေတြနဲ႔ အဆင္ေျပေအာင္နိုင္ေအာင္ အဆင့္ဆင့္စီမံ ႀကံ့ႀကံ့ခံရပါတယ္။
သံဃာ့အဖြဲ႕အစည္း အမွီျပဳရတဲ့ လူအဖြဲ႕အစည္းက အငတ္ေဘးဆိုက္တာဟာ
သံဃာ့အဖြဲ႕အစည္းတစ္ခုလုံးအငတ္အေဘးဆိုက္ျခင္းနဲ႔ တိုက္ရိုက္အခ်ိဳးက်ပါတယ္။
ဒီေနရာမွာ ဗုဒၶက တန္ခိုးေတာ္ဆိုတဲ့ အရာေတြကို သုံးၿပီး ဒုဗၻိကၡႏၲရကပ္ေဘး
ကို ေက်ာ္လႊားတာမဟုတ္ဘဲ လူ႔ေတြရဲ့ သဘာဝအရည္အေသြး human nature qualitities ကိုသာ အသုံးျပဳၿပီး ႀကံ့ႀကံ့ခံရင္ဆိုင္ဖို့ ညႊန္ၾကားတာပါပဲ။
ပိဋကတ္ေတြ ကိုဖတ္တိုင္း ဗုဒၶကို ၾကည္ညိဳျမတ္နိုးမိတဲ့အခ်က္က
လူ႔အရည္အေသြးေတြနဲ႔
ကိုယ္စြမ္းကိုယ့္စ ေတြကို အားကိုးေအာင္တိုက္တြန္းေလ့က်င့္ေပးတဲ့ အခ်က္ပါပဲ။
အခက္အခဲၾကဳံေတြ႕ရတယ္ဆိုတာ
သဘာဝတရားပါပဲ။ အဲဒီသဘာဝတရားေတြကို ဆန္႔က်င္ၿပီး ဗုဒၶက ေပ်ာက္ေစ ဆရာ မလုပ္ခဲ့တဲ့အခ်က္က ဗုဒၶကို ကမၻာ့တစ္ဝန္းက ယေန႔ထက္အထိ ေလ့လာအတူယူစရာ ဗုဒၶအျဖစ္ ရွင္သန္နခဲ့တာပဲျဖစ္ပါတယ္။
အခက္အခဲၾကဳံေတြ႕ရင္ဆိုင္လာရတဲ့အခါ
ဘယ္လိုႀကံႀကံခံမလဲဆိုတဲ့
နည္းလမ္းကသာ လူ႔အရည္အေသြးကို ထက္ျမက္တိုးတက္လာေစတယ္ ဆိုတဲ့ အခ်က္ကို ဗုဒၶက အသားက်ေစခဲ့တယ္လို့ ဆိုလို့ရပါတယ္။
ဗုဒၶနဲ႔ သံဃာ့အဖြဲ႕အစည္းဟာ ေဝရဥၥာၿမိဳ့ မွာ အစာေရစာရွားရွားပါးပါနဲ႔ခက္ခက္ခဲခဲ ရွင္သန္ခဲ့ရတာကိုေတြ႕ရပါတယ္။
အဲဒီအခါ ဥတၱရာပထတိုင္းသား ျမင္းကုန္သည္ေတြဟာ ျမင္းငါးရာနဲ႔ ေဝရဥၨာၿမိဳ့မွာ မိုးခိုၾကပါတယ္။
ျမင္းကုန္သည္ေတြဟာ ျမင္းဝိုင္းေတြမွာ ရဟန္းေတြကို တစ္စလယ္ တစ္စလယ္စီရွိတဲ့ ရိကၡာ မုေယာဆန္ကို
ဝတ္တည္ လွူဒါန္းထားၾကပါတယ္။
သံဃာ့အဖြဲ႕အစည္းဟာ နံနက္အခ်ိန္မွာ (သကၤန္းကို) ျပင္ဝတ္ၿပီး သပိတ္သကၤန္းကို ယူကာ ေဝရဥၨာၿမိဳ့သို့ ဆြမ္းခံဝင္လို့
ဆြမ္းမရၾကရင္ ျမင္းဝိုင္းေတြဆီကို ဆြမ္းအတြက္လွည့္လည္တယ္။ ၿပီးရင္ တစ္စလယ္ တစ္စလယ္စီရိတဲ့ ရိကၡာမုေယာဆန္ကို ယူေဆာင္လာခဲ့ၾကၿပီး ဆုံမွာ ေထာင္းကာ သုံးေဆာင္ၾကရပါတယ္။
အသၽွင္အာနႏၵာကေတာ့ တစ္စလယ္ရွိတဲ့ ရိကၡာမုေယာဆန္ကို ေက်ာက္ျပင္ေပၚမွာ ႀကိတ္ၿပီး ဗုဒၶ ကို ဆက္ကပ္ရပါတယ္။ ဗုဒၶကအဲဒီ မုေယာဆန္မွုန႔္ကို
သုံးေဆာင္သုံးေဆာင္ပါတယ္။
သံဃာ့အဖြဲ႕အစည္းတစ္ရပ္လုံးဟာ လူ႔အဖြဲ႕အစည္းတစ္ခုလုံးရဲ့ ကပ္ဒုကၡ
အေပၚမွာ အတူတကြ ရွင္သန္နားလည္ နိုင္ေအာင္ ရဟန္းေတြကို ေလ့က်င့္ေပးခဲ့တာျဖစ္ပါတယ္။
ဗုဒၺက ဆုံသံကို ၾကားတဲ့အခါ ေမးျမန္း
ပါတယ္။
ဒီေနရာမွာ ဗုဒၶ ေမးျမန္းတယ္ဆိုတာ
ဗုဒၶအေနနဲ႔
''တရားကိုေသာ္လည္း ေဟာကုန္အံ့၊ တပည့္တို့အား သိကၡာပုဒ္ကိုေသာ္လည္း ပညတ္ကုန္အံ့''ဆိုတဲ့ အေၾကာင္းရင္း
ႏွစ္မ်ိဳးရွိရင္ စကားလမ္းေၾကာငြးေပးေမးျမန္းေလ့ရွိပါတယ္။
ဗုဒၶက ေမးတယ္ဆိုရင္ တစ္ခုခု အေၾကာင္းထူးၿပီဆိုတာ သံဃာ့အဖြဲ႕အစည္းထဲက ဗုဒၶနဲ႔လက္ပြန္းတတီးရွိတဲ့ သံဃာ့အမ်ားစုက ရိပ္မိၾကပါတယ္။
ဗုဒၶက အသၽွင္အာနႏၵာကို
''အာနႏၵာ အဲဒီဆုံသံဟာ
ဘာလုပ္လို့ထြက္တဲ့ အသံလဲ''လို့ ေမးပါတယ္။
အသၽွင္အာနႏၵာက အစားစာကို ရဖို့အတြက္ မုေယာကို ေထာင္းတဲ့ဆုံသံျဖစ္တယ္ လို့ ေလၽွာက္ပါတယ္။
ဗုဒၶက အသၽွင္အာနႏၵာရဲ့ စကားကို ၾကားတဲ့အခါ
''အာနႏၵာ ေကာင္းစြ၊ ေကာင္းစြ၊ သူေတာ္သူျမတ္ ျဖစ္ၾကတဲ့ သင္တို့ဟာ (အစာ ေခါင္းပါးျခင္း၊ လိုခ်င္ျခင္း၊ အလိုဆိုးသို့လိုက္ျခင္းကို) ေအာင္နိုင္ၾကပါတယ္။ ၊ ေနာင္လာ ေနာက္သားေတြကေတာ့ သေလးသားႁပြမ္းဆြမ္းကိုေတာင္ အထင္ေသးၾကပါလိမ့္ဦးမယ္''လို့ မိန႔္ေတာ္မူပါတယ္။
သံဃာ့အဖြဲ႕အစည္း ရွင္သန္ရပ္တည္ဖို့ ႀကံ့ႀကံခံတာကို ဗုဒၶက ခ်ီးက်ဴးတာေတြ႕ရပါတယ္။
လူေတြမွာ ရွိတဲ့ ႀကံ့ႀကံ့ခံရင္ဆိုင္ရမယ့္ ခြန္အားသတၱိေတြဟာ အခက္အခဲေတြၾကဳံေတြ႕ရတဲ့အခါ ထြက္ေပၚလာၾကစျမဲပါ။
အဲဒီအရည္အေသြးေပၚမွာ မိမိကိုယ္ကို ယုံၾကည္စိတ္ရွိရွိနဲ႔ခိုင္ခိုင္မာမာျဖတ္သန္းဖို့ သံဃာ့အဖြဲ႕အစည္းနဲ႔အတူ ဗုဒၶက ေရွ႕ဆက္ခ်ီတက္ခဲ့ပါတယ္။
အသၽွင္မဟာေမာဂၢလာန္က ဗုဒၶဆီကို သို့ ခ်ဥ္းကပ္ၿပီး ေျမႀကီးလွန္မယ္ဆိုတဲ့ ေလၽွာက္တင္စကားကို ဗုဒၶက လက္သင့္မခံပါဘူး။
ေျမႀကီးလွန္မယ္ဆိုတဲ့အခ်က္က
သဘာဝတရားနဲ႔ဆန္႔က်င္တဲ့ကိစၥရပ္လို့ ဗုဒၶက ရွုျမင္ၿပီးတားျမစ္ပါတယ္။
အဲဒီအခ်က္ဟာ လူသားအရည္အေသြးတစ္ရပ္ျဖစ္တဲ့ ကိုယ့္ကိုကိုယ္ယုံၾကည္မွု၊ ကိုယ့္ကိုကိုယ္အားကိုးယုံၾကည္လိုစိတ္ self-confidence ကိုပါ ထိပါးေပ်ာက္ဆုံးေစတဲ့လုပ္ရပ္မ်ိဳးလို့ ဗုဒၶက လက္ခံထားပုံေပၚပါတယ္။
ဗုဒၶက လူတစ္ေယာက္ဟာ အမွီအခိုကင္းကင္းနဲ႔ မိမိကိုယ္ကိုစိတ္ခ်ယုံၾကည္ေစတဲ့ဘအစည္အေသြးမ်ိဳးကို ပ်ိဳးေထာင္ေပးတာျဖစ္ပါတယ္။
ဒီအခ်က္ဟာ အမွီအခိုမွလြတ္လပ္တဲ့ Independency စိတ္ကို ဖန္တီးေပးၿပီး မိမိကံၾကမၼာကို မိမိဆုံးျဖတ္ပိုင္ခြင့္
self-determinationကိုပါ အာမခံခ်က္ရၿပီးသားျဖစ္သြားေစပါတယ္။
ဗုဒၶေျပာတဲ့ အတၦာဟိ အတၱေနာ နာေထာ မိမိကိုယ္သာ ကိုးကြယ္ယုံၾကည္ရာ ျဖစ္ေစတဲ့ self-confidence ကို တိုးပြားေစတာျဖစ္ပါတယ္။
အဲဒီလြတ္လပ္တဲ့ စိတ္နဲ႔မိမိကိုယ္ကို ယုံၾကည္မွုစိတ္ရွိမွသာ Tolerance ႀကံ့ႀကံ့ခံရင္ဆိုင္ျခင္းဆိုတဲ့ အရည္အေသြး က ေပၚထြက္လာနိုင္မွာျဖစ္ပါတယ္။
Tolerance ဆိုတဲ့ ေဝါဟာရဟာ ရင္းျမစ္ကို ဆန္းစစ္တဲ့အခါ
အလယ္ေခတ္ျပင္သစ္ ေဝါဟာရ telerance နဲ႔ လယ္တင္ေဝါဟာရ tolerantia ဆိုတဲ့ ေဝါဟာရေတြျဖစ္ၿပီး အဂၤလိပ္ေတြကေတာ့ endurance ဆိုတဲ့ ေဝါဟာရ ကို သုံးခဲ့တယ္လို့ ဆိုပါတယ္။
ပါဠိတိပိဋကတ္ပါဠိ ျမန္မာ အဘိဓါန္ မွာေတာ့ ခႏၲိ သည္းခံျခင္းလို့ ဖြင့္ပါတယ္။
သည္းခံျခင္းကို ဖြင့္ ဆိုတဲ့ အခါ
သည္းခံတတ္တဲ့ တရား (အဓိဝါသနခႏၲိ)
(က) ႏွစ္သက္တတ္ ၊ ျမင္နိုင္စြမ္းေသာဉာဏ္ (အႏုေလာမိက ခႏၲိ
(ခ) ႏွစ္သက္တတ္၊ လက္ခံေက်နပ္ျခင္း
(ဒိ႒ိနိဇၥ်ာနကၡႏၲိ)
(ဂ) အလို၊ အယူအဆ
ဆိုၿပီး သုံးမ်ိဳးေတြ႕ရပါတယ္။
အဓိဝါသနခႏၲိ (အဓိ- မိမိအေပၚ၌ ၊ ဝါသန- ေနေစျခင္း)
တစ္ပါးသူေတြက ဆဲေရး၊ ရိုက္ပုတ္ရင္
အဲဒီ ဆဲေရးရိုက္ပုတ္တာေတြ
မိမိရဲ့သ႑ာန္မွာ လက္မခံဘဲ ပယ္လွန္ပစ္ရပါမယ္။
သူေျပာလို့ ကိုယ္ျပန္ေျပာ၊ သူရိုက္လို့ ကိုယ္ျပန္ရိုက္ ဆိုရင္ အဲဒါေတြကို ကိုယ္ေပၚမွာ အဲဒီအညစ္ေၾကးေတြက လာတင္တာ။ အဲဒီအညစ္ေၾကးေတြကို ကိုယ္က ျပန္ၿပီး တယုတယ ျပန္သိမ္းေနတာ လို့ ဆိုပါတယ္။
အခ်မ္းအပူ၊ ရာသီဥတုေတြသည္းခံနိုင္တာကို လည္း အဓိဝါသနခႏၲိ သေဘာပါပဲ။
အဓိဝါသနခႏၲိ နဲ႔ျပည့္စုံရင္ ေကာင္းတာ (ဣ႒ာ႐ုံ) ၊ မေကာင္းတာ (အနိ႒ာ႐ုံ) ေတြေပၚမွာပါ ညီမၽွတဲ့ စိတ္ကို က်င့္သုံးနိုင္တာကို လည္းေခၚပါတယ္။
အဲဒီသေဘာဟာ အေဒါသျပ႒ာန္းတဲ့
ကုသိုလ္ စိတၱဳပၸါဒ္ ျဖစ္ပါတယ္။
မဇၥ်ိမနိကာယ္၊ ပါထိက ဝဂ္၊ ပုေဏၰာဝါဒသုတ္မွာ အေကာင္းဖက္ကို ျမင္ၿပီးႏွလုံးသြင္းဖို့ကို တိုက္တြန္းထားပါတယ္။
ဘယ္လို တိုက္တြန္းသလဲဆိုရင္
လာၿပီးဆဲဆိုတယ္ ဆိုရင္
ငါ့ မရိုက္သြားေတာ္ေသးတယ္ ၊
ရိုက္သြားတယ္ဆိုရင္လည္း
ငါ့သတ္မသြားတာ ေတာ္ေသးတယ္
ဆိုတဲ့ အေကာင္းဖက္ကို ႏွလုံးသြင္း ဖို့ တိုက္တြန္းတာပါပဲ။
ရာထူး၊ဂုဏ္၊ ပကာသနာ ႀကီးျမတ္ေလေလ သည္းခံနိုင္ေလေလျဖစ္ဖို့လိုပါတယ္။ မတုန္လွုပ္တဲ့ သေဘာပါပဲ။
သည္းခံနိုင္တယ္ ဆိုတာ စိတ္နဲ႔ဉာဏ္နဲ႔ကို အခ်ိဳးညီညီေပါင္းစပ္ရတဲ့အလုပ္ပါ။
အစားအေသာက္အေနထိုင္အခက္အခဲျဖစ္တဲ့အခါ
ဗုဒၶေတာင္ ၾကဳံေတြ႕ရေသးတာပဲ ဆိုၿပီးခြန္အားယူရပါတယ္။
ဝိနယပိဋကတ္ေတြကို ေလ့လာတဲ့အခါ
ဗုဒၶဟာ သံဃာ့အဖြဲ႕အစည္းကို လူမွုအဖြဲ႕အစည္းရဲ့ အလႊာထဲမွာ သဟဇာတျဖစ္ေအာင္ ျပဳမွုေနထိုင္နိုင္တဲ့ ႀကံ့ႀကံ့ခံရင္ဆိုင္ခိုင္းထားတာပါပဲ။
သံဃာ့အဖြဲ႕အစည္းဟာ ဘဝလြတ္ေျမာက္မွုအတြက္ အားကိုး အားထားရာျဖစ္ၿပီး
အခြင့္အေရးကို အသုံးခ်လိုသူေတြအြ
အတြက္ လူ႔မွုအဖြဲ႕ အစည္း ဓါးစားခံျဖစ္ျခင္းဆိုတဲ့ တစ္ဖက္တစ္ခ်က္မွာ ႐ုန္းကန္ေနခဲ့ရတာပါ။
ဝိနယပိဋကတ္၊ မဟာဝဂၢပါဠိေတာ္ ကို ေလ့လာရင္ လူ႔အဖြဲ႕အစည္းရဲ့ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြ၊ အယူအဆေတြနဲ႔ တစ္ခ်ိန္လုံးပြတ္တိုက္မွု ရွိေနခဲ့တာ
ထင္ရွားပါတယ္။
ဗုဒၶကလူ႔အရည္အေသြးေတြနဲ႔
လူ႔စြမ္းလူ႔စ ေတြကို ေပၚထြက္ ေအာင္ လုပ္တဲ့အထဲမွာ ႀကံ့ႀကံခံရင္ဆိုင္ျခင္းဆိုတဲ့ စြမ္းရည္က လူ႔ေလာကတစ္ခုလုံးကို အေျပာင္းအလဲလုပ္နိုင္တဲ့ စြမ္းရည္ပါ။
သည္းခံျခင္း ဆိုတာ သူေတာ္ေကာင္းေတြရဲ့ ခြန္အားျဖစ္တယ္ ဆိုတာ
အဂၤဳတၱရ ပါဠိေတာ္ ၊ အ႒ကနိပါတ္၊ ၁- ပဏၰာသက ၊ ဂဟပတိဝဂ္ ၇ သုတ္တို့မွာ အားနဲ႔ ပတ္သက္ၿပီး ဗုဒၶ ေဟာခဲ့တာ စိတ္ဝင္စားစရာေကာင္းလွပါတယ္။
အားဆိုတာ power ပါပဲ။ power ေတြမွာ Soft power နဲ႔ hard power ႏွစ္ မ်ိဴးလို့ ဆိုလို့ရပါတယ္။
လက္႐ုံးရည္ ဆိုတာ hard power သေဘာေဆာင္ပါတယ္။
ႏွလုံးရည္ကေတာ့ soft power သေဘာေဆာင္ပါတယ္။
ဗုဒၶ ေျပာတဲ့ အား power ရွစ္မ်ိဳးထဲမွာ
Soft power ေရာ hard power ႏွစ္ခုစလုံး ေရာေနတာမ်ိဳးေတြ႕ရပါတယ္။
၁။ ငိုေႂကြးျခင္း ဆိုတာ ကေလးေတြ ကိုးစားတဲ့အား ျဖစ္ပါတယ္။
၂။ အမ်က္ထြက္ျခင္းဟာ မိန္းမတို့ရဲ့ ကိုးစားရာအားျဖစ္ပါတယ္။
၃။ လက္နက္အမ်ိဳးမ်ိဳးဟာ ခိုးသူဓါးျပ ေတြရဲ့ ကိုးစားရာအားျဖစ္တယ္။
၄။ က်ယ္ဝန္းတဲ့နိုင္ငံေတာ္ကို အုပ္စိုးတာဟာ ျပည့္ရွင္မင္းတို့ရဲ့ ကိုးစားရာအားျဖစ္ပါတယ္။
၅။ တစ္ပါးသူကို ႀကံႀကံဖန္ဖန္ကဲ့ရဲ့ျခင္းဟာ လူမိုက္ေတြရဲ့ ကိုးစားရာအား ျဖစ္ပါတယ္။
၆။ ေသခ်ာစြာ စူးစိုက္ဆင္ျခင္ျခင္းဟာ
ပညာရွိတဲ့ ရဲ့ကိုးစားရာ အားျဖစ္ပါတယ္။
၇။ အဖန္ဖန္စဥ္းစားဆင္ျခင္ျခင္းဟာ
အၾကားအျမင္ မ်ားသူတို့ရဲ့ ကိုးစားရာအားျဖစ္ပါတယ္။
၈။ သူတစ္ပါးေတြလြန္က်ဴးလာတဲ့အျပစ္ ေတြကို အမ်က္မထြက္ဘဲ သည္းခံျခင္းဟာ ရဟန္းသူေတာ္ေကာင္းေတြရဲ့ ကိုးစားရာ အားေတြျဖစ္ပါတယ္။
လက္နက္အားကိုးရင္ေတာ့ အဲဒါ hard power ပါပဲ။
ဗုဒၶက ရဟန္းေတြ ေဆာင္ထားတဲ့ လက္နက္ဟာ သည္းခံျခင္းသာျဖစ္ေၾကာင္း ေျပာတဲ့ အယူအဆက
ဗုဒၶဝါဒရဲ့ စြမ္းအားရွိတဲ့ အႏွစ္သား ကို ထုတ္ျပလိုက္ျခင္းပဲျဖစ္ပါတယ္။
ဒီေနရာမွာ သည္းခံျခင္းဟာ လက္နက္ဆိုတာထက္ သည္းခံျခင္းဆိုတာ ကိုယ့္ကို က်ည္လာမတိုးတဲ့ က်ည္ကာ အကၤ်ီ တစ္မ်ိဳး ျဖစ္ပါတယ္။
သည္းခံနိုင္တယ္ ဆိုတဲ့ စြမ္းရည္ဟာ အစြန္း ႏွစ္ဖက္မွာ ေရွာင္ရွားၿပီးရပ္တည္နိုင္တဲ့ သည္းခံျခင္းကို ဆိုလိုတာျဖစ္ပါတယ္။
သည္းခံတယ္ဆိုတာ ကိုယ္မွာရွိတဲ့ မာန္မာန အေမႊးေတာင္ေတြကို ခ်ရတာျဖစ္ပါတယ္။
ခႏၶီပါရမီကိုပဲ ပါဠိေတာ္မွာ သမၼာနာဝမာ နိကၡေမာ ဆိုတဲ့ စကားရပ္အရ ကိုယ့္ကို ျမတ္နိုးတာကိုလည္း သည္းခံရသလို ကိုယ့္ကို မထီမဲ့ျမင္ျပဳရင္လည္း သည္းခံရမာျဖစ္ပါတယ္။ .
တိုက္ရိုက္ေျပာရင္ေတာ့ ေကာင္းတဲ့ အရာေတြနဲ႔ေတြ႕ရင္လည္း စိတ္မာန္မတက္ မေကာင့္တဲ့အရာေတြနဲ႔ ေတြ႕ရင္လည္း စိတ္ပ်က္ ႀကံ့ႀကံ့ ခံနိုင္ရမယ္။
ေကာင္းတဲ့လာကဓံ ဆိုတာ ေလာဘ
သေဘာေဆာင္ၿပီး မေကာင္းတဲ့ ေလာကဓံ ဆိုတာ ေဒါသ သေဘာေဆာင္ပါတယ္။
အဲဒီေလာကဓံအစြန္းေတြကေန ႀကံႀကံခံရင္ဆိုင္နိုင္တာမွ Tolerance အစစ္ျဖစ္ေၾကာင္း ရွုျမင္သုံးသပ္မိပါတယ္။
၁၂း၄၂ သန္းေခါင္
၁၈.၁၁.၂၀၂၀ အိမ္
No comments:
Post a Comment