ဘုရားကိုးဆူ အကြောင်းနှင့် ပတ်သတ်၍ မှတ်သားဖွယ် တော်တော် များများရှိသည်၊ ဘုရားကိုးဆူ ဟူသော ဝေါဟာရကို ကပင် မှတ်သားဖွယ်ရာ ဖြစ်နေပါ၏။ ဘုရားကိုးဆူကား သဗ္ဗညုဘုရားချည်း ကိုးဆူမဟုတ်၊ ဘုရားတစ်ပါး နှင့် ရဟန္တာ (၈)ပါးကိုပင် ဘုရားကိုးဆူဟု ခေါ်နေကြသည်။ ဘုရားအမှူးရှိသော ဘုရားနှင့် တကွသော ရဟန္တာ များကိုပင် ပဓာနဖြစ်သော ဘုရားကို ဦးတပ်၍ ဘုရားကိုးဆူဟု ခေါ်ထားခြင်း ဖြစ်နေသည်။
တနည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓနှင့် သုတဗုဒ္ဓ ဟူ၍ ဗုဒ္ဓ(ဘုရား) လေးမျိုး ရှိသည်တွင် မြတ်စွာဘုရားကို သဗ္ဗညု ဗုဒ္ဓခေါ်သည်၊ ပစ္စေကဗုဒ္ဓါကို ပစ္စေကဗုဒ္ဓဟု ခေါ်၍ ရဟန္တာ သာဝကများကို စတုသစ္စဗုဒ္ဓ ဟုခေါ်သည်၊ အကြားအမြင် များ၍ ကျမ်းဂန် တတ်ကျွမ်း သောရဟန်းကို သုတဗုဒ္ဓခေါ်၏။ ဤအလို ဘုရားမှာ သဗ္ဗညု ဗုဒ္ဓ၊ ရဟန္တာမှာ စတုသစ္စဗုဒ္ဓ ဖြစ်၍ သဗ္ဗညု ဗုဒ္ဓ တစ်ဆူနှင့် စတုသစ္စ ဗုဒ္ဓရှစ်ဆူကို ဗုဒ္ဓကိုးဆူ (ဝါ) ဘုရားကိုးဆူဟု ဆိုရပေလိမ့်မည်။
ဘုရားတစ်ဆူနှင့် ရဟန္တာရှစ်ဆူကို ပေါင်းစု၍ ပူဇော်ခြင်း အစဉ်အလာမှာ မည်သို့ ဆင်းသက်လာသော အစဉ်အလာ တစ်ခုဖြစ်သည်ဟု ဗုဒ္ဓစာပေ ကျမ်းဂန် အကိုးအကား အထောက်အထားနှင့် ခိုင်ခိုင်မာမာ ဖော်ပြစရာ မရှိပါချေ၊ စဉ်းငယ် တူယောင်ယိုးမှား အနေဖြင့်သော် ဓမ္မပဒလာ အာယုဝဎုနသ တို့သားဝတ္ထုကို ထုတ်ပြစရာ ရှိပေသည်။
ဝတ္ထုမှာ မြတ်စွာဘုရား ဒီဃလ င်္ဂိက မြို့ကို အမှီပြု၍ သီတင်းသုံးစဉ် ပုဏ္ဏားတစ်ယောက်သည် (၇) ရက်မျှသာ အသက်ရှည် လတ္တံသော သားငယ်အတွက် မြတ်စွာဘုရား နှင့်တကွ ရဟန္တာရှစ်ပါး (ရံခါ- တစ်ဆယ့် ခြောက်ပါး) တို့ကို ပင့်ဖိတ်၍ (၇) ရက်ပတ်လုံး ပရိတ်တော် နာယူသဖြင့် သားသူငယ် အသက် ၁၂၀ အထိ ရှည်စွာနေရကြောင်း လာရှိ၏။ ထိုဝတ္ထုမူရင်း ဓမ္မပဒအဋ္ဌ ကထာတွင် ရဟန္တာရှစ်ပါး သာမဟုတ်၊ “အဋ္ဌဝါ သောဠ သဝါ” ရှစ်ပါးသော်၎င်း တစ်ဆယ့်ခြောက်ပါး သော်၎င်းဟု ဆိုထားသည်။ ရှစ်ပါး ကြွရောက်ရာ ၌လည်း ဘွဲ့မည်မပါ၊ ရှစ်ပါး သာမန်သာ ဖြစ်၏။
ဘုရားကိုးဆူနှင့် နေရာတော်
ယခုမျက်မြင် ဘုရားကိုးဆူ ပူဇော်ရာ၌ -
(၁) ဘုရားကို ဗဟိုထား၍ -
(၂) တောင်ဖက်က အရှင်သာရိပုတ္တရာ -
(၃) မြောက်ဖက်က အရှင်မဟာ မောဂ္ဂလာန်၊
(၄) အရှေ့က အရှင်ကောဏ္ဍည၊
(၅) အနောက်က အရှင်အာနန္ဒာ၊
(၆) အရှေ့တောင်က အရှင်ရေဝတ၊
(၇) အရှေ့မြောက်က အရှင်ရာဟုလာ၊
(၈) အနောက်တောင်က အရှင်ဥပါလိ၊
(၉) အနောက်မြောက်က အရှင်ဂဝမ္ပတိ-
ဟူ၍ ဘွဲ့တော်နှင့် အရပ်မျက်နှာ အတည်အမြဲ စီစဉ် ချက်ထားရှိ လေသည်။
ပါဠိစာပေ ပိဋကကျမ်းဂန် တို့တွင် မြတ်စွာဘုရားနှင့် တကွ ဤရဟန္တာ (၈) ပါးတစ်နေရာတည်း စုရုံး သီတင်းသုံး၍ အပူဇော်ခံခဲ့ကြောင်း တစ်စွန်း တစ်စမျှ မပါရှိသဖြင့် ကိုးပါးစဉ်ပုံ နေရာချထားပုံများမှာ လောကီ ရေးဆံဆံ စီစဉ်ချထားခြင်းသာ ဖြစ်နိုင်ပေသည်။
တစ်ခါက ဤစာစောင်တွင် ဆောင်းပါး တစ်ခု၌ ဘုရားကိုးဆူ ပူဇော်ပွဲ ပေါ်ပေါက်လာပုံကို စာရေးသူ ဖော်ပြ ခဲ့ဘူးသည်။ ၉၁၄ - ခုနှစ် နန်းတက်တော်မူသော ဟံသာ ဝတီ ဆင်ဖြူရှင် (ဘုရင့်နောင်) မင်းတရားကြီး လက်ထက် ဇင်းမယ်ကို သိမ်းပိုက်ပြီးနောက် ၉၂၀ ခန့်တွင် သားတော် အနော်ရထာ စောကို ဇင်းမယ် ဘုရင်ခံခန့်သည်၊ ထိုအခါ ဇင်းမယ်၌ ဂြိုလ်ကိုးလုံး ပူဇော်မှု အစဉ်အလာရှိနေရာ အနော်ရထာစောက ထိုအစဉ်အလာကို ဗုဒ္ဓယဉ်ကျေးမှု ဖက်သို့ဆွဲ၍ ဘုရားကိုးဆူ ပူဇော်မှုအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း၊ ထိုအခါမှစ၍ ဇင်းမယ်နှင့် မြန်မာနိုင်ငံပါ ဘုရားကိုးဆူ ပူဇော်မှုအစဉ်အလာ ပြန့်ပွား ခဲ့ကြောင်းဖြင့် ဖော်ပြခဲ့ဘူး၏။
ဂြိုလ်ကြီး ကိုးပါးပူဇော်ရာ၌ ဗေဒင်နည်း စနစ်ကိုမှီး၍ မည်သည့် ဂြိုလ် မည်သည့် အရပ်ဟူသော အစီအစဉ် ရှိသလို ရဟန္တာ ရှစ်ပါးကိုလည်း စနစ်တကျ နေရာချထားရန် လိုမည် သာဖြစ်သည်၊ ထိုအတွက် လောကီပညာ ရှင်တို့သည် လောကကြောင်း ဓမ္မကြောင်းတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ သင့်တန်အောင် ကြံစည်ခဲ့ကြ မည်သာ ဖြစ်သည်။ အရပ်မျက်နှာနှင့် ကိုက်ညီအောင် ရဟန္တာ ပုဂ္ဂိုလ် အမည် အဝါ ရွေးချယ်ရာ၌လည်း လောကဓမ္မနှင့် ညီညွတ်ရန် အရေးကြီးပေသည်။
မြတ်စွာဘုရားကို ဗဟို၌ ထားရမည်ကား မလွဲမရှောင် သာသော နေရာချထားမှု ဖြစ်သည့်အတိုင်း ဘုရားပွင့်တော် မူစ (သို့မဟုတ်) များသောအားဖြင့် ဘုရားမြတ်စွာသည် အရှေ့သို့ မျက်နှာလှည့်၍ှ သီတင်းသုံးတော် မူလေ့ရှိ သဖြင့် ဘုရားကို ပလ္လင်ပေါ်က ရှေ့သို့ လှည့်၍ ထားလျှင် လက်ျားဘက် တောင်အရပ်သည်၊ လက်ျာရံ အရှင်မြတ် သာရိပုတ္တရာ၏ နေရာတော် ဖြစ်ပေမည်။ လက်ဝဲဘက်မြောက် မျက်နှာသည် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန်၏ နေရာတော် ဖြစ်ပြီး နောက်သက်တော် အကြီးဆုံး အရှင်ကောဏ္ဍညကို ဘုရားရှေ့ တည့်တည့် အရှေ့မျက်နှာမှ ထားရမည်ဖြစ်၏။ အလုပ်အကျွေး နောက်တော်ပါ အရှင်အာနန္ဒာကား မုချမြတ်စွာ ဘုရား၏ ကျောဖက် အနောက်မျက်နှာ၌ ရှိရပေမည်။
ကျန်ရဟန္တာ လေးပါးနှင့် အရပ်မျက်နှာ ချထားမှုကား မည်သို့နည်း။
ဘုရားနေရာတော်နှင့် ဖော်ပြပါရဟန္တာ လေးပါးအတွက် နေရာ တော်တို့ကို ဓမ္မကြောင်း သက်သက်ဖြင့် အထက်ပါ အတိုင်း ရွေးချယ်ခဲ့ပြီး ကျန်ရဟန္တာ လေးပါးနှင့် နေရာရွေးချယ်ပုံမှာ လောကကြောင်း များစွာ နွယ်သွားလေသည်။ အရှေ့မြောက် မျက်နှာသည် တနင်္ဂနွေ ဂြိုလ်ရှိရာ အရပ်ဖြစ်၏။ ဂြိုလ် (၈)လုံးတွင် တနင်္ဂနွေ ဂြိုလ်သည် ဂြိုလ်သက် အနည်းဆုံး ဖြစ်လေသည်။ ထို့ကြောင့် ထိုအရပ်၌အသက် အငယ်ဆုံး ရဟန္တာကို ရွေးချယ်၍
နေရာချထားပေးရာ ထိုနေရာသည် အရှင်ရာဟုလာ၏ နေရာ ဖြစ်လာရလေသည်။
အရှင်ရေဝတသည် အရှင် သာရိပုတ္တရာ၏ ညီငယ်ဖြစ်၏။ ညီငယ်သည် နောင်တော် အနီး၌ နေသင့်ပေသည်။ ထို့ကြောင့် ပြည့်ရှင်မင်း အနီး၌ အိမ်ရှေ့မင်း ကိုထားရ သကဲ့သို့ အရှင်သာရိ ပုတ္တရာနှင့် နီးရာ ရှေ့တောင် အရပ်၌ အရှင်ရေဝတကို ချထားရလေသည်။ အရှင် ဥပါလိသည် ဝိနည်းဆောင် ဧတဒဂ်ရ ဝိနည်းဓိုရ် ပုဂ္ဂိုလ် ဖြစ်ရာ ဤဘုရား လက်ထက်တွင် ဝိနိစ္ဆယ တရားသူကြီး တစ်ဦးပင်ဖြစ်၏။ ထို့ကြောင့် အရှင်ဥပါလိကို နေရာချ ထားရာ၌ လောကီကျမ်းတို့တွင် စနေဂြိုလ်သည် တရားဆုံး ဖြတ်တတ်သော ဝိနိစ္ဆယ အမတ်ကြီးဖြစ်ခဲ့ ဘူးသည်ဟု လာရှိသဖြင့် အရှင်ပါလိ အတွက် နေရာသည် စနေထောင့် အရပ်ဖြစ်လာ ရပေသည်။
အရှင်ဂဝမ္ပတိနှင့် အနောက်မြောက် အရပ်ကား သဒ္ဒါကျမ်းနှင့် ဆက်ဆံနေပေသည်၊ ဂဝမ္ပတိမှာ “ဂုန္နံပတိ ဂဝမ္ပတိ” (နွားတို့၏ အရှင်)ဟု ဝိဂြိုလ် ဆိုရသည်၊ ဂေါသဒ္ဒါသည် ပသုသဒ္ဒါနှင့် အတူ နွားကိုဟောသည်၊ ပသုသဒ္ဒါသည် နွားကိုလည်းဟောသည်၊ ရာဟုဂြိုလ်ကိုလည်း ဟောသည်၊ ထို့ကြောင့် ဂုန္နံပတိ ဂဝမ္ပတိ ဟူသော ဝိဂြိုလ်ကို နွားတို့၏ အရှင်ဟူ၍ သာမက ရာဟုဂြိုလ် တို့၏ အရှင်ဟူ၍လည်း အနက်ဆို နိုင်လေသည်။ သို့ဖြစ်၍ အရှင်ဂဝမ္ပတိ၏ နေရာတော်သည် ရာဟုထောင့် ဖြစ်သော အနောက်မြောက် အရပ် ဖြစ်ပေသည်။
သို့ဖြစ်၍ စာဟောင်းပေဟောင်း ကျမ်းဂန် အထူးမှ လာသော ဤရဟန္တာ ရှစ်ပါးအတွက် နေရာတော် ချထားခြင်းမှာ ပညာရှင် တို့၏ စိန္တာမယ ဥာဏ်ပေါ်၌ တည်ရှိပေသည်၊ တနည်းမှာလည်း ရဟန္တာ မြောက်မြား စွာရှိပါလျက် (၈) ပါးကို ရွေးကောက်ထား ခြင်းမှာ ဤရှစ်ပါး သည်သာ ပြဆိုခဲ့သည့် အတိုင်း အရပ်ရှစ်မျက်နှာ နှင့် ဆီလျော်ကိုက် ညီနေသောကြောင့် ဖြစ်သည်ဟု ဖြေဆိုရပေ သတည်း။
(ရဝေထွန်း)
No comments:
Post a Comment