Sunday, June 16, 2013

STD လက္ခဏာများလား




မေး။    ။ နယ်မှာ မင်္ဂလာဆောင်တဲ့ ကျွန်တော့် သူငယ်ချင်းဆီကို သွားပြီးအပြန်မှာ ကျွန်တော် ၀မ်းတွေသွားပြီး အဖျား နည်းနည်း တက်ပါတယ်။ မင်္ဂလာပွဲမသွားခင်ကလည်း အိပ်ရေးတွေပျက်ထားလို့  ပင်ပန်း ထားပါတယ်။ အဲဒါနဲ့ ရန်ကုန်ပြန်ရောက်လို့ ဝမ်းသွားတဲ့ အကြောင်း ဆရာဝန်ကိုပြောပြတော့ ဆရာဝန်က သာမန်ရိုးရိုး မိုးတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလို့ ပြောပြီး ဆေးတွေ ပေးပါတယ်။ ကျွန်တော်က အစားတခု စားပြီးရင်း ဗိုက်ကြီးက ကယ်ပြီး လေလည်းမလည် တဂြီဂြီနဲ့ ဝမ်းထဲမှာ လေတွေ ရှိနေသလို ဖြစ်နေပါတယ်။ ၀မ်းသွားပြန်ရင်လည်း ၀မ်းနဲ့ ဆီးမကွဲလောက်အောင်ကို အရည်တွေတလဟော ကျပါတယ်။ အတိုပြောရရင် အဖျားလည်းပျောက် ၀မ်းသွားတာလည်း အတော်အသင့် ရပ်သွားပါတယ်။ ဆေးခန်း ၃ ရက် ပြပြီးနောက်မှာပါ။ ခုဝမ်းကတော့သွားရင် အရည်ပုံစံတော့ တချက်တချက် သွားနေပါသေးတယ်။ ဒါပေမယ့် ၀မ်းလျှောတဲ့ သူလို ခဏခဏ သွားတာမျိုးတော့ မရှိပါဘူး။ အစာစားပြီးရင် ငါများ ၀မ်းသွားမလား ဆိုတဲ့ စိုးရိမ်စိတ် ၀င်နေသလိုမျိုး ဖြစ်နေပါတယ်။

ဒီအထိက ဘာမှ မဖြစ်လောက်ဘူး ထင်ပေမယ့် ကျွန်တော် ၀မ်းက လုံးလုံးရပ်တယ်လို့ မဆိုနိုင်တဲ့ အချိန်မှာ မနေ့ ညက စွပ်ကျယ်နဲ့ နေတုန်း ချိုင်းအောက်နားက ယားလို့ ကုပ်လိုက်တာ။ အစင်းကြောင်း စမ်းမိတော့ ခါတိုင်းလိုပဲ တခုခုနဲ့ ခြစ်မိပြီး အရေပြားပြဲသွားလို့ ယားတယ်ထင်တာ သေချာကြည့်တော့ မဟုတ်ဘူး။ အစင်းကြောင်းက အရေပြားမပြဲပဲ တခုခု ကိုက်ထားသလို ယောင်သလိုမျိုး ဖြစ်နေတယ်။ ကျွန်တော်လည်း သဘက် မသန့်လို့ သော်လည်းကောင်း အကောင်ကိုက်လို့ သော်လည်းကောင်း ထင်ပြီး ညအိပ်ရာ ၀င်လိုက်ပါတယ်။

မနက်မိုးလင်းလို့ ရေးချိုးမယ်လုပ်တော့ အဲဒီနေရာကို စမ်းကြည့်တာ ရှိနေတုန်းပဲ။ ယားတော့ မယားဘူး။ ခါတိုင်း အကောင်ကိုက်ရင် ညအိပ်လိုက်လို့ မနက်ရောက် တာနဲ့ ပျောက်သွား တတ်တယ်။ ခုက ရှိနေတုန်းပဲ။ အဲဒါနဲ့ ရေချိုး ဆပ်ပြာတိုက်တော့ ဖင်ကို ပွတ်တာ အဖုတွေ့ တာနဲ့မှန်နဲ့ ကြည့်တော့ ၀က်ခြံဖုလို ထိပ်မှ ပြည်တည်နေတာတွေ့တယ်။ ကျွန်တော်လည်း လန့်ပြီး တခြားတဖက်ကို ကြည့်တော့ တခြား တဖက်မှာလည်း တဖုတွေ့ နေပြီ။ ပြည်တော့ မတည်ဘူး။ နာလည်း မနာသလို ယားလည်းမယားဘူး။ ခါတိုင်းတော့ ကျွန်တော်လည်း အဲဒီနေရာမှာ ၀က်ခြံ ပေါက်တတ်ပါတယ်။ ခု စိတ်ထဲမှာ တမျိုးဖြစ်နေမိတယ်။ နောက်တခုက ဖျားပြီးနောက်ပိုင်း ညညအိပ်ရင် တရေးနိုး ကျွန်တော် ချွေးတွေနဲ့  ရွှဲပြီး နိုးလာတတ်တယ်။

စိတ်ထဲ သိပ်မသင်္ကာဘူး။ တခုတော့ ရှိပါတယ်။ ကျွန်တော့် တိုက်ခန်းမှာ ကျွန်တော် တယောက်တည်းဆိုတော့ အခန်း အလုံပိတ်ပြီး အိပ်ပါတယ်။ ညက ချမ်းသယောင် ထင်လို့ပါ။ အခုတော့ဗျာ ကျွန်တော် အဲဒီ လက္ခဏာတွေ တွေးပြီး စိတ္တဇ ဖြစ်နေ မိတယ်။ အမှန်ပြောရမယ်ဆိုရင် ကျွန်တော် ကြောက်နေပါပြီ။ ဘယ်ဆေးခန်းမှာ ဘယ်လို သွားပြောပြီး ပြရမယ်မှန်းလည်း မသိဘူး။ ကျွန်တော်က အရင် ရည်းစား ရှိဖူးတဲ့ ကောင်မလေး တယောက်နဲ့ လွန်ခဲ့တဲ့ ၂ လလောက်က တော်တော် ကြာကြာ တွဲခဲ့ပါတယ်။ နောက်ပိုင်း သူနဲ့ ပြတ်လည်း တခြားကောင်မလေး တယောက်နဲ့ ထပ်တွေ့တယ်။ ပထမ တယောက်နဲ့ တုန်းက အကာအကွယ် မယူမိဘူး။ ကျွန်တော် တော်တော်ကြောက်နေတယ်ဗျာ။ ဘယ်လို လုပ်ရမယ်ဆိုတာ အကြံပေးပါဦး။
ရန်ကုန်မှာ ကျွန်တော် ဘယ်ဆေးခန်း သွားရင် ဆွေးနွေးတိုင်ပင်လို့ ရမလဲ။ ညွန်းပေး ကြပါဦး။ အခုတော့ ဆေးစစ်ချင်ပေမယ့် ဆရာဝန် လက်မှတ်မပါတော့ ဒီအတိုင်း ကျွန်တော် STD ရောဂါတွေ အကုန် စစ်ချင်တယ်လို့ ပြောဖို့လည်း မရဲဘူး။ ဆရာဝန် လက်မှတ်နဲ့ဆို ကျွန်တော် စာရွက် ပေးလိုက်ရုံမလား။ ကူညီ ပါဦးဗျာ။ ကျွန်တော် ဘယ်လိုမှ စိတ်မအေးဘူး။ ခုထိတော့ မောတာပန်းတာ မရှိပေမယ့် မနက် မိုးလင်းရင်တော့ ကျောရိုး အပေါ် ပခုံးနားက ညောင်းညာနေသလို ဖြစ်နေတယ်။

ဖြေ။    ။ အခုပြောပြပုံ အရတော့ မိတ်ဆွေက စိတ်ပူပန်မှု များနေတယ်လို့ ထင်ပါတယ်။ အဖုလေးတွေ ပေါက်တာကတော့ သာမန် အရေပြားရောဂါလို့ပဲ ယူဆလို့ ရပါတယ်။ မနာဘူး၊ မယားဘူး ဆိုတော့ ကာလသား ရောဂါဖြစ်နိုင်တဲ့ လက္ခဏာ နည်းပါတယ်။ ကာသသားရောဂါ အတော်များများကတော့ လိင်အင်္ဂါ အနီးတ၀ိုက်မှာ အနာဖြစ်ရင် နာတာ၊ ပြည်တည်တာ၊ အကြိတ်ပေါက်တာတွေ ဖြစ်တတ်ရုံမက ဆီးလမ်းကြောင်းမှာပါ ဆီးသွားရင် ပူတာ၊ နာတာ၊ ကြင်တာ၊ ပြည်တည် တာတွေ ဖြစ်တတ်ပါတယ်။

အခုပြောပြတဲ့ လက္ခဏာတွေက စိတ်ဖိစီးမှုနဲ့ ပိုဆိုင်မယ်လို့ ယူဆမိပါတယ်။ အိပ်ရေး ၀၀အိပ်ပြီး အာဟာရပြည့်တဲ့ အစားအသောက်တွေနဲ့ အတူ စိတ်ပြေလက်ပျောက် အပန်းဖြေတာမျိုးနဲ့တင် အဆင်ပြေနိုင်ပါတယ်။

မိန်းကလေးနဲ့ အတူတူ အကာကွယ်မပါပဲ နေမိလို့ စိတ်ညစ်နေတာ အတွက်တော့ တတ်ကျွမ်းတဲ့ ကျန်းမာရေး ၀န်ထမ်းနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒီအတွက် ဆက်သွယ်နိုင်တဲ့ ဆေးခန်း လိပ်စာတွေကို ကျနောတို့ ဟင်းမ် အင်တာနက် စာမျက်နှာမှာ ရှာဖွေနိင်ပါတယ် ခင်ဗျာ။ ကိုယ့်သဘောနဲ့ ကိုယ် သွေးစစ်တာထက် တက်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်တာကို လုပ်စေချင်ပါတယ်။ အခုလို စိတ်ပူပင်မှုမျိုး ထပ်မဖြစ်ရလေအောင် ကွန်ဒုံး သုံးဖို့လည်း တိုက်တွန်းပါရစေ။

လမင်းကို

အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အမေးအဖြေ)

မေး။    ။ HIV သွေးစစ်ရင် သုံးလ တခေါက် ခြောက်လ တခေါက်စစ်ရင် ပိုသေချာတယ်လို့ ကြားဖူးပါတယ်။ အဲ့မှာ ကျွန်တော် သိချင်တာလေးရှိလို့ပါ။ လွန်ခဲ့တဲ့ ဖေဖဝါရီလ ၂၀ ရက် လောက်က ကျွန်တော် တရုတ်ပြည်  ခရီးသွားပြီး မိတ်ဆွေတွေနဲ့ အရက်သောက်ပြီး နောက် KTV က အမျိုးသမီးနဲ့ အကာကွယ်မဲ့ အတူ နေမိပါတယ်။ အဲ့ဒီနောက် မေလ ၁၀ ရက်လောက် မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်ပြီး ချက်ချင်း သွေးစစ်ပါတယ်။ မေလ ၁၃ ရက်နေ့မှာ ပိုးမရှိဆိုတဲ့ အဖြေရပါတယ်။ ဒါပေမယ့် ချက်ချင်းစစ်ရင် ပိုးကို ရှာတွေ့မှာ မဟုတ်ဘူးလို့ ကြားဖူးလို့ ကျွန်တော် အခု ဇွန် လ ၁၃ ရက်နေ့ဆို ၃ လပြည့်ပါပြီ။ ဒါပေမဲ့ သွေးစစ်မဲ့ သုံးလအတွင်း လိင်မဆက်ဆံရဘူးလို့လဲ သိထားပါတယ်။ ဧပြီလပိုင်းမှာ ကျွန်တော့် အမျိုးသမီးက ခရီးက ပြန်လာတော့ အတူနေဖြစ်ပါတယ်။ အစက ကျွန်တော် အဖော် သုံးပါတယ်။ နောက်ပိုင်း အမျိုးသမီးက ဘာလို့ အဖော်သုံးတာလဲ မေးပါများတော့ ဆက်ဆံတဲ့ အချိန် အဖော်မသုံးပဲ တ၀က်လောက်ရောက်မှ အဖော်ပြန်သုံးပြီး အမျိုးသမီးအထဲကို တခါမှ သုတ်ရည် မထည့်ဖူးပါ။

အမျိုးသမီးက ခရီးပြန်သွားခါနီး ဆက်ဆံတဲ့ တကြိမ်တော့ သုတ်ရည် ထည့်မိပါတယ်။ တကြိမ်တည်း ထည့်မိတာတော့ သေချာပါတယ်။ ပြန်ရောက်ပြီး နောက်ပိုင်း လိင်အင်္ဂါမှာ အဖု ပေါက်လာတယ်။ အမည်းရောင် အဖုလေးပါ။ နာလည်မနာ ယားလဲမယားပါဘူး။ တကြိမ်မှ လိင်မှာ အဖုဆိုတာ မပေါက်ဖူးပါဘူး။ နောက် လက်မောင်းနဲ့ ချိုင်းစပ်မှာလဲ အပူများလို့ ထွက်တဲ့ ပုံစံနဲ့ ၀က်ခြံလို အနီ အဖုလေးတွေ ၈ ဖု ၉ ဖုလောက် အထိ  ပေါက်နေတာ ဆေးလိမ်းလဲ မပျောက်ပါဘူး။ ဘာဖုလဲတော့ သေချာ မသိပါဘူး။ အင်္ဂါမှာလဲ အမည်းရောင် အဖုလေးပေါက်တာ တွေ့နေရတော့ ရောဂါများ လက္ခဏာ ပြတာလားဆိုပြီး စိုးရိမ်တာနဲ့ အိပ်မပျော် စားမ၀င် ဖြစ်နေပါတယ်။ ဒါကြောင့် သွေးစစ်ဖို့ဆိုလဲ ကြားမှာ ကျွန်တော့် အမျိုးသမီးနဲ့ ဆက်ဆံမိတာက တစ်ခု၊ ဒီလ ၁၃ ရက်နေ့မှ ၃ လ ပြည့်မှာ တစ်ခုကြောင့် ကျနော် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေ ပါတယ်။ နေ့ တိုင်းကို စိတ်ပင်ပန်းစွာ ဖြတ်နေရပါတယ်။ ကျွန်တော် အဆုံးစွန်ထိ တွေးထားပါတယ်။ ကျွန်တော် ရောဂါလဲ မကြောက်ပါဘူး။ ကျွန်တော့် အမျိုးသမီး အတွက်တော့ အရမ်းစိုးရိမ်ပါတယ်။ ကျွန်တော် သုတ်ရည် တကြိမ် ထည့်မိတယ်။ နောက်ပြီး ဆက်ဆံတဲ့ အချိန် အစမှာ အဖော်မပါပဲ ပြီးခါနီးကျမှ အဖော်သုံးလေ့ ရှိတယ်။ အဲ့ဒါတွေ တွေးပြီး သူ့ဆီ ကူးစက်မှာ ကျွန်တော် စိုးရိမ်းပါတယ်။ ကျွန်တော့်ကို ဘာဆက် လုပ်သင့်တယ်ဆိုတာ လမ်းညွန်ပေးစေချင်ပါတယ်။

ကျွန်တော် အဲ့ဒီ KTV အမျိုးသမီးကိုလဲ ဆေးစစ် ခိုင်းလိုက်ပါသေးတယ်။ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အဲ့ဒီ အမျိုးသမီးက ပိုက်ဆံပေးတိုင်း ယောကျာင်္းတွေနဲ့ လျှောက်အတူနေတဲ့ အမျိုးစားလောက်တော့ မဆိုးဘူးလို့လဲ ပြောလို့ရပါတယ်။ ကျွန်တော် သူဆေးစစ်ထားတာကို တွဲပို့ လိုက်ပါတယ်။ တရုတ်လိုရေးထားတာတော့ မရှိဘူးလို့ ရေးထားပါတယ်။ သူ့မှာ မရှိဘူးဆို ကျွန်တော်က ဘာလို့ တခါမှ လိင်မှာ အဖု မပေါက်ဖူးတဲ့ လူက အဖုပေါက်လာတာလဲ။ သူစစ်တဲ့ ရက်စွဲက စာရွှက်မှာ ပါတယ်။ မတ်လ ၁၆ ရက်ပါ။ သူစစ်တဲ့ အချိန်က မပေါ်လို့လာ။ ကျွန်တော် မစဉ်းစားတတ်တော့ပါဘူး။ သူ့မှာ မရှိရင် ကျွန်တော်က လိင်မှာ ဘယ်လိုလုပ် အဖုပေါက်တာလဲ။ နောက်ပြီး ကျွန်တော်က သန့်ရှင်းရေး ကောင်းကောင်း လိုက်စားပါတယ်။

ဖြေ။    ။ အခု ပြောပုံအရဆိုရင် ကျနော်တို့ဘက်က ဆွေးနွေးစရာ အပိုင်း (၃)ပိုင်းရှိနေပါတယ်။
၁) HIV ပိုး ရှိ/မရှိ သွေးစစ်ခြင်း
ဒီလိုသွေးစစ်တာဟာ အန္တရာယ်ရှိတဲ့အပြုအမူ တစ်ခုခု (ဥပမာ - ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်း....) ကို ပြုလုပ်ပြီးတာနဲ့ HIV ပိုးကို ချက်ချင်း စစ်လို့မရပါဘူး။ ဒီပိုးကို သွေးထဲမှာ စစ်လို့ သိမြင်နိုင်တဲ့ အချိန်ကာလ တစ်ခုကို စောင့်ရပါတယ်။ အဲလို စောင့်ရတဲ့ ကာလ (ကြားကာလ)ဟာ ၃ လကနေ ၆ လအထိ ရှိတတ်ပါတယ်။

ဒီကြားကာလဆိုတာ လူကို  HIV ပိုး ကူးစက်နေပေမယ့် ပိုးကို သွေးစစ်တဲ့ အခါ သေသေချာချာ မသိနိုင်တဲ့ ကာလပါ။ ဥပမာ - ဖန်ခွက်ထဲ သကြား တစ်မှုံ နှစ်မှုံ ထည့်ထားရင် ရေသောက်တဲ့အခါ သကြားအရသာ မပေါ် သလိုပါပဲ။ ဒီအချိန်မှာ သွေးစစ်ရင် သွေးအဖြေက ပိုးမရှိပါ (Negative) ဆိုပြီး မှားယွင်းစွာ ထွက်ပေါ်တတ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ၃ လကနေ ၆ လ စောင့်ခိုင်းတာပါ။ ဒီလိုစောင့်နေတုန်း အကာအကွယ်မဲ့ လိင်ကိစ္စ မလုပ်ရဘူး ဆိုတာကတော့ ပထမ တစ်ခါ အတွက် မသေချာလို့ ၃ လက ၆ လ စောင့်နေတုန်း နောက်တစ်ခါ ထပ်ပြီး အကာအကွယ်မဲ့ လိင်ကိစ္စလုပ်ရင် ပထမ သွေးစစ်ဖို့ စောင့်နေ ရတာအတွက် ရှုပ်ထွေးစေပါတယ်။

၂) လိင်မှ တဆင့် ကူးစက်တက်သော ရောဂါများ
မိတ်ဆွေအနေနဲ့ အပြင်မိန်းကလေးနဲ့ အတူနေစဉ်မှာ အကာကွယ် မပါတဲ့ အတွက် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ချေ ရှိပါတယ်။ ကူးစက်နိုင်တာတွေကတော့ အိတ်အိုင်ဗွီ၊ ကာသလားရောဂါ နဲ့ အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အိတ်ခ်ျအိုင်ဗွီ မကူးဘူး ဆိုသည့်တိုင် ကာလသားရောဂါတွေ၊ အသည်းရောင် အသားဝါတွေ ကူးနိုင်ချေ ရှိပါသေးတယ်။ ကာလသားရောဂါ ဆိုတာ ရောဂါအမျိုး များစွာရှိပါတယ်။ အဖြစ်များတာကတော့ လိင်အင်္ဂါ အနာပေါက်ခြင်း၊ လိင်အင်္ဂါမှ ပြည်ကျခြင်း၊ လိင်အင်္ဂါ တ၀ိုက် အဖုပေါက်ခြင်း၊ ကြွက်နို့ပေါက်ခြင်း၊ ပေါင်ခြံ အကြိတ်တည်ခြင်း ၊ လိင်အင်္ဂါ အနားေ၇ယုန်ပေါက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါ အမည်တပ်ဖို့ အတွက် သွေးစစ်ရပါမယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသရပါမယ်။ အချိန်မီ ကုသရပါမယ်။


အခု ပြောပြတဲ့ ဇာတ်လမ်းအရ မိတ်ဆွေတင်မက မိတ်ဆွေရဲ့ ဇနီးသည်ကိုပါ သွေးစစ်စေချင်ပါတယ်။ ဒါမှ လင်မယားနှစ်ဦး စလုံးအတွက် စိတ်ချရမှာပါ။ သွေးစစ်တဲ့ အခါမှာ HIV၊ ကာလသားရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ စီ စတာတွေကို စစ်သင့်ပါတယ်။

၃) လက်ရှိအချိန်မှာ စိတ်ပူပန်မှုများ နှင့် လိင်အင်္ဂါအဖု ကိစ္စ
လက်ရှိအချိန်မှာ မိတ်ဆွေအနေနဲ့ စိတ်ပူပင် သောကရောက်နေမယ်ဆိုတာ နားလည် မိပါတယ်။ စိတ်ပူပင်ပြီး ခြေမကိုင်မီ လက်မကိုင်မီ မဖြစ်စေပဲ စိတ်အေးအေး ထားစေချင်ပါတယ်။ မိတ်ဆွေအနေနဲ့ ပထမဆုံး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ပါ။ မိတ်ဆွေ သွေးစစ်လို့ရတဲ့ အဖြေပေါ် မူတည်ပြီး ဇနီးသည်ကိုလည်း လိုအပ်ရင် စစ်ရပါလိမ့်မယ်။
လက်ရှိ လိင်အင်္ဂါ အဖုကို မညှစ်ပါနဲ့၊ မဆွပါနဲ့၊ မကုတ်ဖဲ့ပါနဲ့၊ အဲလို လုပ်ရင် ပိုပွားတတ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်နေတဲ့ အဖုအတွက် အရေပြား ဆရာဝန်နဲ့လည်း ပြသလို့ ရပါတယ်။ ဆရာဝန်နဲ့ ပြသတဲ့ အခါမှာ အရင်က KTV က အကြောင်းလည်း ပြောပြဖို့ လိုပါလိမ့်မယ်။

ဒီအတော အတွင်းတော့ အမျိုးသမီးနဲ့ အတူနေရင် ကွန်ဒုံး သုံးတာ ပိုစိတ်ချရပါလိမ့်မယ်။ မိတ်ဆွေရဲ့ လိင်အင်္ဂါက အဖုက ကာသလားရောဂါကြောင့် ဖြစ်နေတာမျိုးဆိုရင် အမျိုးသမီးက ကွန်ဒုံးသုံးတာ မကြိုက်ဖူး ဆိုရင်တော့ သူမကိုပါ အဲဒီပိုး ကူးသွားနိုင်ပါတယ်။
ဒီလောက်ဆို ကျေနပ်လိမ့်မယ်ထင်ပါတယ်

လမင်းကို

No comments: