Thursday, June 13, 2013

တီလားဗီးယားငါးကြော်နှပ်၊ ကိုက်လန်ခရုဆီနှင့် ၀က်နံရိုးကြံမဆိုင်



ဒီတစ်လအတွက် ဆရာမလမင်းမိုမိုက တီလားဗီးယားငါးခပ်ကြီးကြီးတစ်ကောင်ကို ကြော်ပြီးနှပ်တယ်၊ ကိုက်လန်ကို ခရုဆီလေးနဲ့ အရည်လေးစပ်စပ်ကြော်တယ်၊ပြီးတော့ ၀က်နံရိုးကိုကြံမဆိုင်နဲ့အရည်သောက်လေးချက်ပေးပါတယ်။ ဟင်းအတွဲအစပ်ကတော့ ကျွန်တော့်အကြိုက်ပါပဲ။ သူငယ်ချင်းတို့လဲ ဆရာမတွဲစပ်ချက်ပြုတ်ပေးထားတာကို လိုက်ချက်ကြည့်ပြီး အရသာထူးကာ ထမင်းမြိန် နိုင်ကြပါစေနော်။
တီလားဗီးယားငါးကြော်နှပ်
လိုအပ်သောပစ္စည်းများ
တီလားဗီးယားငါးလတ်လတ် တစ်ကောင်၊ ဆီ ၁၀သား(ငါးကြော်ဖို့အတွက် ဆီများများသုံးရတာဖြစ်ပါတယ်)၊ကြက်သွန်နီဥကြီး တစ်ဥ၊ ဂေါ်ရခါးသီး တစ်ခြမ်း၊ နံနံပင် အနည်းငယ်၊ ချင်း နှစ်လက်မခန့်၊ စပါးလင် တစ်ပင်၊ ကြက်သွန်ဖြူ လေးမြွှာ၊ ခရုဆီ စားပွဲဇွန်းနှစ်ဇွန်း၊ ငရုတ်ဆီ စားပွဲဇွန်း တစ်ဇွန်း။ ကြက်သားမှုန့် အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ဆား၊သကြား၊ငရုတ်ကောင်းမှုန့် အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် - ၂၅ မိနစ်
ငါးကို အကြေးခွံခွာ၊ ကျောဆူးတောင်ခုတ်၊ ဗိုက်ခွဲသန့်စင်ပြီး ပါးဟက်ထုတ်ပါ။ တစ်ဖက်ကို ၄-၅ချက်စီလောက်မွှန်းပါ။
ချင်း၊စပါးလင်အရင်း၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီးအရည်ညှစ်၍ ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နှင့်ရောကာ ငါးကိုယ်ထည်မှာသုတ်ပါ။ ညှစ်လို့ကျန်တဲ့ အဖတ်တို့ကို ငါးကိုယ်ထည်ဓားမွှန်းရာများအကြားနဲ့ ဗိုက်အတွင်းထဲထည့်ပါ။
ထို့နောက် ငါးကို ၁၀မိနစ်ခန့်နှပ်ထားပါ။ ဂေါ်ရခါးသီးကို အတုံးလေးများတုံးပြီး မစိမ်းလွန်းမနူးလွန်းရအောင် ရေနွေးပူမှာ တစ်ခဏပြုတ် ပါ။
ငါးကို Microwave Oven ထဲ ၄မိနစ်ခန့်အပူပေးပါ။ အတွင်းသားများနူးရန် ဖြစ်ပါတယ်။ ဒါမှ ကြော်ချိန်ခဏအတွင်း ငါးကအကျက်မြန် ပါမယ်။ Microwave ထဲမထည့်နိုင်ရင်တော့ မီးအေးအေးနဲ့ အချိန်ပိုကြာကြာကြော်ရပါမယ်။
ဆီကို အပူပေးပါ။ စပါးလင်အဖျားပိုင်းကိုထည့်ပြီး ဆီသတ်ပါ။ ငါးကိုထည့်ကြော်ပါ။ တစ်ဖက်ကျက်၍ တစ်ဖက်လှန်တဲ့အခါ အိုးကပ်မနေ အောင် Non stick pan သုံးရင် ပိုအဆင်ပြေပါတယ်။ ဂရုစိုက်ပြီး မပဲ့အောင် အသာအယာကြော်ပါ။ ခရုဆီ၊ ငရုတ်ဆီ၊ကြက်သားမှုန့်၊ ဆား၊သကြား၊ငရုတ်ကောင်းတို့ကို ရေအနည်းငယ်နှင့်ဖျော်ပြီး ငါးကျက်ချိန်မှာ လောင်းထည့်ပါ။ ကြက်သွန်နီကို အကွင်းအကွင်းဖြစ် အောင်လှီးထည့်ပါ။ အရည်ပျစ်၍ ခန်းလာလျှင် ငါးကိုပန်းကန်ပြားထဲ ရွှေ့ပြောင်းထည့်၍ နံဘေးမှ ဂေါ်ရခါးသီးတုံးလေးများနဲ့ နံနံပင်တို့ နဲ့အလှဆင်ပါ။
ကိုက်လန်ခရုဆီ
လိုအပ်သောပစ္စည်းများ
ကိုက်လန်နုနု နှစ်စည်း၊ ကြက်သွန်ဖြူ လေးမြွှာ၊ သံပရာသီး သေးသေးတစ်လုံး၊ ခရုဆီ စားပွဲဇွန်းနှစ်ဇွန်း၊ ဆီ နှစ်ကျပ်သား၊ ဆား၊ဟင်းချိုမှုန့် အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် -  ၁၅မိနစ်
ကိုက်လန်ကို အရင့်များဖယ်၍ နှစ်ပိုင်းညီညာစွာ ပိုင်းဖြတ်ပါ။ အရိုးများကို အပြင်ခွံ ခွာပစ်ပါ။ အနုသားသာ ကျန်ပါစေ။
ရေနွေး ဆူဆူပွက်ပွက်တွင် ကိုက်လန်ကို သံပရာသီးညှစ်ထည့်၍ နှစ်မိနစ်ခန့်ပြုတ်ပါ။ ရေနွေးမှဆယ်ပြီး ရေခဲတုံးများနှင့် စိမ်ထားပါ။
ဆီကို အပူပေးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက် နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ ကိုက်လန်းများကို ညီညီညာညာထည့်ကြော်ပါ။ အထက်အောက်သာ လှန်ပေးပြီး မမွှေပါနဲ့။
ဆား၊ဟင်းချိုမှုန့်ထည့်ပြီး တစ်ခဏသာ ကြော်ရန် လိုပါတယ်။ ဖိုမှချခါနီး ခရုဆီလောင်းထည့်ပါ။ မွှေးပျံ့၍ အရသာရှိသော ကိုက်လန်ကြော်ကို ရရှိပါမယ်။
ဝက်နံရိုးကြံမဆိုင်
လိုအပ်သောပစ္စည်းများ
ဝက်နံရိုး ဆယ့်ငါးကျပ်သား၊ ဆီ နှစ်ကျပ်သား၊ ကြံမဆိုင် ၁၀သား၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ချင်း တစ်လက်မခန့်၊ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်သီးစိမ်းတောင့်ရှည် နှစ်သက်သလောက်၊ ဆား၊သကြား၊ဟင်ချိုမှုန့် အနည်းငယ်စီ။
ချက်ရန်ကြာမြင့်ချိန် - ၃၀မိနစ်
ဝက်နံရိုးကို ချင်းပါးပါးလှီး၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ဆား၊ဟင်းချိုမှုန့်တို့နှင့် နူးလောက်သည်ထိပြုတ်ပါ။ နောက်အိုးတစ်ခုတွင် ဆီအပူပေးပြီး ကြက်သွန်နီကို အဖတ်လေးများခွာ၍ဆီသတ်ပါ။ ကြက်သွန်နီများ နွမ်းလျှင် ရေဆေးလှီးဖြတ်ထားသော ကြံမဆိုင်၊ ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး တစ်ခဏချက်ပါ။
ထို့နောက် ပြုတ်ထားသော ၀က်နံရိုးကိုထည့်လိုက်ပါ။ ပဲငံပြာရည်အနောက်၊ သကြားအနည်းငယ်ထည့်ပြီး လုံးချက်ပါ။ မွှေးပျံ့လာလျှင် မိမိအလိုရှိသလောက် ရေကိုချိန်ဆထည့်ပါ။ ရေဆူလျှင် အပေါ့အငန်အချို ချဉ်စပ်မြည်း၍ မိမိစိတ်ကြိုက်အနေအထားတွင် အိုးချကာ သုံးဆောင်နိုင်ပါပြီ။

No comments: