Friday, June 14, 2013

အလွယ်တကူ တိုတိုထွာထွာ



တစ်ခါတလေ အရေးပေါ်ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကသိကအောင့်ဖြစ်စေမယ့် အလှအပရေးရာကိစ္စလေးတွေကို အိမ်က ပစ္စည်းလေးတွေနဲ့ အလွယ်တကူဖြေရှင်းလိုရတယ်ဆိုတာ ဆောင်းပါးတစ်စောင်ကို ဒီနေ့ဖတ်လိုက်မိတော့သိသွားရပါတယ်။ ကျွန်တော်ဖတ်မိတဲ့ဟာတွေကတော့ အများကြီးပါပဲ ဒါပေမဲ့ ကျွန်တော့်စိတ်ဝင်စားတဲ့ဟာလေးတွေကိုပဲ ပြန်ပြီးဝေငှပါရစေနော်။

(၁) ကြက်ဥ
ဆံပင်ကျွတ်ခြင်း နှင့် chemical ကြောင့် ဆံပင်ပျက်စီးခြင်းကို သက်သာစေဖို့ ကြက်ဥကို သုံးလို့ရသတဲ့နော်။ ကြက်ဥအစိမ်းကို ပုဂံတစ်လုံးထဲဖောက်ထည့် အနှစ်အကာရောမွှေပေါ့။ ပြီးရင် ဦးရေပြားနှင့် ဆံပင်အရင်းမှအဖျားသို့ ပွတ်လိမ်းပေးပြီး နာရီဝက်ခန့်ထားပါ။ ပြီးတော့မှ ခေါင်းလျှော်ပါ။ တစ်ပတ် နှစ်ခါလောက်လုပ်ပေးရင် ရလဒ်သိသိသာသာတွေ့ရမှာပါပဲ။

(၂) မရိုးနိစ် (Mayonnaise)
ကြက်ဥနှင့် ထောပတ်ကိုအခြေခံ၍ပြုလုပ်ထားတဲ့ Mayonnaise ကိုလည်း အထက်မှာဖော်ပြထားသော ကြက်ဥကဲ့သို့ပင် အသုံးပြုနိုင်ပြီး နက်မှောင်သန်စွမ်းတဲ့ ဆံသားကိုရရှိနိုင်ပါစေသတဲ့။

(၃) နွားနို့
မကျိုချက်ရသေးသော နွားနို့အစိမ်းသည် အကောင်းဆုံးမျက်နှာသစ်ဆေးဖြစ်သတဲ့။ နွားနို့ကို ဂွမ်းစလေးနှင့် အနည်းငယ်တို့ကာ မျက်နှာပေါ်သုတ်ပေးပြီး သန့်စင်ပေးနိုင်တယ်လေ။

(၄) ကြက်ဆူဆီ နဲ့အရေးအကြောင်းလျော့ရန်
ကြက်ဆူဆီကို မျက်နှာမသစ်မီလိမ်းပေး၍ ၅မိနစ်ခန့်ထားပြီး ခဏကြာမှ မျက်နှာသစ်ပါလေ။

(၅) မျက်နှာအညိုအမည်းပျောက်ရန်
အာလူးအစိမ်းကို လှီး၍ အမည်းကွက်များရှိနေသောနေရာကို ပွတ်ပေးပါ။ မကြာခဏလုပ်ပေးရမယ်ထင်ပါတယ်။

(၆) အသားအရေအစိုဓာတ်ထိန်းသိမ်းရန်
ဒိန်ချဉ်တစ်ခွက်အတွင်း လိမ္မော်ရည်စစ်စစ် စားပွဲတင်ဇွန်း ၁ဇွန်းနှင့် သံပရာရည်စားပွဲတင်ဇွန်း ၁ဇွန်းထည့်၍ ပျစ်လာသည်အထိခေါက်ပါ။ ၄င်းအရည်ကို မျက်နှာနှင့်လည်ပင်းကိုလိမ်းကျံပါ။ ၁၅မိနစ်ခန့်ထားပြီး ရေဆေးသန့်စင်ပါ။

(၇) အသားအရေနူးညံ့ရန်
ပျားရည်တစ်ဆနှင့် နွားနို့အမြုပ်နှစ်ဆရောထားသောအရည်ကို အရေပြားပေါ်တွင် ၃-၅မိနစ်ခန့်ထားပြီး ဆေးကြောလိုက်ပါ။

(၈) နေရောင် ခံနိုင်ရန်
သခွားသီးကို သတ္ထုရည်ရအောင်ညှစ်၍ အလှဆီ(Glycerine) ဆတူရောပါ။ နှင်းဆီပွင့်များချွေ၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ ၄င်းနှင်းဆီရည်နွေးနွေးကို သခွားသီးနှင့်အလှဆီရောထားသောအရည်ထဲထည့်၍ အအေးခံပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

(၉) ဆံပင်အရောင်စိုစေမယ့်
ဘလက်ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်ကို နှပ်လိုက်ကာ အအေးခံပြီး ရေချိုးတဲ့အခါ ဆံပင်အခြောက်ပေါ် လောင်းချလိုက်ပါ။ 10မိနစ်လောက်ထားကာ ရေစင်အောင်ဆေးလိုက်ခြင်းဖြင့် ပိုနက်မှောင်တဲ့ အရောင်ကို ရရှိလာမှာပါတဲ့

(၁၀) ပန်းကန်ဆေးဆပ်ပြာရည်ကိုသုံးပြီး ဆံပင်အရောင်ဖျော့မယ်
ဆံပင်အရောင်ဆိုးရာမှာကိုယ်လိုချင်တဲ့ အရောင်ထက်ရင့်နေပါက ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲ ပန်းကန်ဆေးဆပ်ပြာရည် အစက်အနည်းငယ်ထည့်လျှော်ပါ။ ဆံပင်အရောင် တစ်ဆင့်၊ နှစ်ဆင့်လောက် ပိုဖျော့သွားတာ တွေ့ရပါလိမ့်မယ်။

(၁၁) ချိုင်းလိမ်းတောင့် (Roll-on) နဲ့ မျက်နှာချွေးမစို့အောင်
လက်ချောင်းလေးတွေမှာ အသာအယာပွတ်ကာ အဆီပြန်လွယ် ချွေးစို့လွယ်တဲ့နေရာတွေဖြစ်တဲ့ နဖူး နှာခေါင်းနဲ့ နှုတ်ခမ်းပေါ်ခပ်ဖွဖွ ပွတ်ပေးပါ။ ချွေးတွေ ဆီတွေ မထွက်ဘဲ မှုန်မှုန်လေးဖြစ်နေမှာဆိုပဲ။

(၁၂) မုတ်ဆိတ်ရိတ်ခရင်မ်နဲ့ နှုတ်ခမ်းဆိုးဆေးဖျက်မယ်
Lip Stain ကို Lip Tint တို့လို အရောင်စွဲကာ ဖျက်ရခက်တဲ့ နှုတ်ခမ်းဆိုးဆေးတွေ အသုံးပြုသူတို့အတွက်နည်းလမ်းတစ်ခု ခရင်မ်အနည်းငယ်ကို တစ်သျှူးပေါ်သုတ်ကာ အဲဒီတစ်သျှူးနဲ့ နှုတ်ခမ်းကိုသုတ်ကာ နှုတ်ခမ်းဆိုးဆေးဖျက်လိုက်ပါ။
ကဲကဲ…သူငယ်ချင်းတို့ရေ ပြောမကုန်နိုင် တောသုံးတောင်လောက်ရှိတဲ့ နည်းတွေကို နောင်အလျဉ်းသင့်ရင်ကူးယူဖော်ပြပါဦးမယ်။ အသုံးကျလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

Credit: Internet Online

No comments: