Thursday, January 28, 2010

When you chew a PK.....

ပီကေ၀ါးနေရင်

(ဒေါက်တာမြင့်ဦး - ဂျီပီ)

ယနေ့လူငယ်လူရွယ်တွေအကြားမှာ ပီကေမ၀ါးဖူးတဲ့သူမရှိသလောက်ကို ဖြစ်နေပါပြီ။ ပီကေကို သကြားလုံးအသွင်၊ ပူရှိန်းဆေးပြားအသွင်၊ ချောကလက်တောင့်အသွင် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အလွယ်တကူလည်း ၀ယ်ယူလို့ရနေပါ တယ်။ အပျင်းပြေ ၀ါးနေတဲ့သူတွေရှိသလို၊ စတိုင်လ်တစ်ရပ် အနေနဲ့ စာသင်ရင်း၊ သီချင်းဆိုရင်း၊ ဂီတာတီးရင်း၊ လမ်းသွားရင်းပီကေ၀ါးနေသူတွေလည်း ရှိနေပါတယ်။ ဖောက်ခနဲ လက်ဖြောက်မည်သံပြုသလို ပါးစပ်ကနေ ပီကေ ပူဖောင်းမှုတ်လိုက်ကြတာတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ၀ါးပြီးသား ပီကေတွေကို သူငယ်ချင်းရဲ့ ဆံပင်တွေ မှာ၊ လွယ်အိတ်ဆံမွေးတွေမှာ၊ အင်္ကျီတွေမှာ၊ ထိုင်ခုံတွေမှာ နောက်ပြောင်ပြီး ကပ်ပေးလိုက်မိလို့ မိဘတွေရဲ့ အဆူ အပူအကျိန်းအမောင်းတွေကိုလည်း ခံခဲ့ဖူးနေကြပါပြီ။ ပီကေ၀ါးနေရင် ဘာတွေဖြစ်တတ်သလဲဆိုတာကို ကျန်းမာ ရေးရှုထောင့်ကနေ ဆွေးနွေး တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

ပီကေ၀ါးတဲ့အကျင့် ဘယ်တုန်းကတည်းက စတင်ခဲ့တာပါလဲ?

ရှေးခေတ် ဂရိလူမျိုးတွေဟာ သွားတွေသန့်ရှင်းအောင်နဲ့၊ ခံတွင်းအနံ့မွှေးကြိုင်နေအောင်ဆိုပြီး (မက်စတီးကား - Mastiche)လို့ ခေါ်တဲ့ ချုံနွယ်ပင်တစ်မျိုးရဲ့ (ရာဘာဆန်ဆန်) သစ်ခေါက်ကို ကိုက်ဝါးနေတတ်ကြပါသတဲ့။ ၁၈၆၀ ပြည့်နှစ်မှာ စပိုဒီလာ လို့ခေါ်တဲ့ ရာဘာပင်တစ်မျိုးကို အမေရိကတိုက်ထဲ ယူဆောင်လာပြီး စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီအပင်က ထွက်ရှိတဲ့ နို့နှစ်ရောင်အစေး(Chicle)တွေကို ပီကေအဖြစ် အမြောက်အမြားထုတ်လုပ်ကြပါတော့တယ်။ ၁၈၉၁ခုနှစ် ရောက်တော့ ရှီကာဂိုမြို့မှာ ရစ်ဂလီ(Wrigley)လို့ခေါ်တဲ့ ပီကေထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခု ပေါ်ထွန်း လာပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့ နိုင်ငံ၁၅၀ကျော်ကို ပီကေတွေ ဖြန့်ဖြူးရောင်းချလို့နေပါပြီ။ ရစ်ဂလီရဲ့ ကြော်ငြာမှာပါတဲ့ (ကျစ်လစ်စွာထုပ်ပိုးထားပြီး အရည်အသွေး မှန်ကန်ပါတယ်- "Packed tight and Kept right: PK" ဆိုတဲ့စာသားကို အစွဲပြုပြီး) ပီကေလို့ခေါ်ဆိုလာကြတာဖြစ်ပါသတဲ့။

ပီကေထဲမှာ ဘယ်လိုဓာတ်တွေ ပါဝင်နေပါသလဲ?

ပျော့ပျောင်းတဲ့ ရာဘာတုတစ်မျိုးကို အဓိကထားပြီး သကြား ဒါမှမဟုတ် သကြားတုလို့ခေါ်တဲ့ ဆေးသကြားတစ်မျိုးမျိုး နဲ့ အနံ့၊အရသာတစ်ခုခုကို ပေါင်းစပ်ပါဝင်ပေးထားပါတယ်။ ပူဖောင်းမှုတ်နိုင် ဖို့အတွက် ပိုမိုပျစ်နှစ်တဲ့ ရာဘာတု (Bubble Gum) ကို ထည့်ပေးထားရပါတယ်။

ဘာဖြစ်လို့ ပီကေ၀ါးနေကြတာပါလဲ?

ယူကေနိုင်ငံမှာ ပီကေ၀ါးနေတဲ့ လူငယ်၂၈သန်းကျော်ရှိပါတယ်။ သူတို့အပြောအရ အပျင်းပြေအောင် ၀ါးနေတာပါတဲ့။ ကြွက်သားတွေ၊ အာရုံကြောတွေကိုလျော့ပါးစေပြီး ဂဏှာမငြိမ်တာ၊့စိတ်တိုတာတွေ ကိုပြေပျောက်စေပါတယ်တဲ့။ နယူး ယောက်မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်ကြီးက သုတေသနပြု ကြည့်လိုက်တဲ့အခါမှာတော့ ပီကေ၀ါးပြီး အလုပ်လုပ် နေတဲ့သူတွေဟာ ကွမ်းဝါးပြီး အလုပ်လုပ်သူတွေ ထက်စာရင် ပိုမိရွှင်လန်းတက်ကြွနေကြပြီး လုပ်ငန်းခွင်မှာ ပိုမိုအာရုံစူး စိုက်နိုင်ကြတယ်လို့ဆိုပါတယ်။ ကွမ်းစားသလို ၀ါးပြီးရင် ထွေးထုတ်ပစ်ဖို့မလိုတဲ့အပြင် ပီကေရဲ့ချိုမြိန်တဲ့ အရသာတွေ ကို မျိုချလို့ ရတယ်မဟုတ်ပါလား။

ပီကေ၀ါးရင် သွားတွေခိုင်တယ်ဆိုတာ မှန်ပါသလား?

ပီကေ၀ါးနေတဲ့အချိန်မှာ တံတွေးတွေ ဆယ်ဆပိုမိုထွက်ရှိလာနိုင်ပါတယ်။ ဒီတံတွေးတွေက ခံတွင်းအက်ဆစ်ဓာတ် အချဉ်ဖောက်မှုကို လျော့နည်းစေတဲ့အတွက် သွားပိုးစားမှုကို ကာကွယ်နိုင်ပါတယ်။ တံတွေးတွေများလာရင် ဗက်တီး ရီးယားပိုးမွှားတွေ လျော့နည်းလာစေတဲ့အတွက် ခံတွင်းအနံ့ နံစော်မှုကိုလည်း လျော့နည်းသွားစေရပါတယ်။ နေ့လယ် ပိုင်း အစာစားပြီးလို့ သွားမတိုက်ဖြစ်ခဲ့ရင်တောင် ပီကေ၀ါးပြီးသွားတွေကို သန့်စင်အောင်လုပ်ပေးလို့ရပါသတဲ့။ ၁၉၆၄ ခုနှစ်တုန်းဆီက အာကာသယာဉ်မှူးတွေကို ပီကေ၀ါးခိုင်းစေပြီး သွားတွေသန့်ရှင်းစေခဲ့ရဖူးပါတယ်။ ပီကေမှာ သကြား မထည့်ပဲ ဇိုင်လီတောဓာတ် ထည့်သွင်းထားခဲ့ရင် သွားတွေကို ပိုမိုခိုင်မာစေတယ်လို့ ဆိုကြပါတယ်။(သကြားပါတဲ့ ပီကေဆိုရင် ပိုမိုကြာကြာဝါးပေးရပြီး တံတွေများများနဲ့ ဓာတ်ပြယ်ပေးဖို့သင့်ပါတယ်)။ ၀ါးရင်းကနေ စေးကပ်လာတာ ကြောင့် သွားကြားညပ်နေတဲ့စားကြွင်းစားကျန်တွေကို ဖယ်ထုတ်ပေးနိုင်ပါသတဲ့။ တစ်ခါတလေကျတော့လည်း သွား မှာဖာထေးထားတဲ့ အပိုင်းအစကလေးတွေကိုတောင် ပီကေက ပူးကပ်ပြီး ယူဆောင်သွားတဲ့အတွက် ငွေကုန်ခံပြီး ဖာထေးထားရတာတွေဟာ ကျွတ်ထွက်ကုန်ရတတ်ပါသတဲ့လေ။

ပီကေ၀ါးလို့ တခြားဘယ်လိုအကျိုးအမြတ်တွေ ရရှိနိုင်ပါသေးသလဲ?

စီးကရက်ဖြတ်ဖို့ကြိုးစားတဲ့အခါ ပီကေကို အစားထိုးဝါးနိုင်ကြပါတယ်။ ပီကေ၀ါးတာဟာ သွားတွေကိုခိုင်မာစေရုံသာမ က အကြောအခြင်လျော့စေတာ၊ အာရုံစူးစိုက်နိုင်တာ၊ စိတ်တင်းမာမှုတွေကို ဖြေဖျောက်ပေးနိုင်တာ၊ နိုးကြားတက်ကြွ စေနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အမေရိကန်စစ်သားတွေကို ပီကေ၀ါးခိုင်းပြီး စစ်တိုက်ခိုင်းခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်းမှာ ကော်ဖီရောထားတဲ့ ပီကေတွေကိုဝါးခိုင်းပြီး အာရုံစူး စိုက်မှု ပိုမိုရရှိနိုင်အောင်လုပ်လာကြပါပြီ။ ပီကေတစ်ခုမှာ စွမ်းအင်၁၀ကယ်လိုရီကို သုံးပစ်လိုက်ရတဲ့အတွက် ၀ိတ်ချချင် သူတွေ ပီကေ၀ါးတတ်ကြပါသတဲ့။ ထိုင်းနိုင်ငံထုတ်ပီကေတချို့မှာ ၀ဥကထွက်တဲ့ နှင်းဆီရောင်အစေးတစ်မျိုးကို သုံး ထားပါတယ်။ ၀ဥအစေးမှာ ဖိုင်တိုအီစထရိုဂျင် (Phytoestrogen) လို့ခေါ်တဲ့ မဟော်မုန်းဆန်ဆန်ဓာတ်တစ်မျိုးပါဝင် နေတဲ့အတွက်ကြောင့် မိန်းကလေးငယ်များရဲ့ ရင်သားကို ၈၀ရာခိုင်နှုန်းကြီးထွားစေတယ်လို့ တွေ့ရှိထားကြပါပြီ။ (ထိုင်းပီကေတွေ အရောင်း သွက်လာမှာ မြင်ယောင်မိပါသေးတော့တယ်)။

ဘေးဥပဒ်ဆိုးကျိုးတွေကော ရရှိနိုင်ပါသေးသလား?

ပီကေအ၀ါးများသွားရင်တော့ သွားဖာထေးထားတဲ့ နေရာတွေကနေ မာကျူရီ(ပြဒါး)တွေပြုတ်ထွက်လာစေနိုင်ပြီး အဆိပ်သင့်လာနိုင်ဖွယ်ရှိနေပါတယ်။ ပီကေ၀ါးနေစဉ်မှာ မျက်နှာကြွက်သားရှစ်ခုက တစ်ပြိုင်နက်တည်း အလုပ်လုပ် နေကြရပါတယ်။ နားထင်နဲ့ဆက်စပ်နေတဲ့ ကြွက်သားတွေ ညောင်းချိလာခဲ့ရင် ခေါင်းကိုက်လာနိုင်ပါတယ်။ တံတွေး တွေအထွက်လွန်ပြီး အားအင်ချိနဲ့မှုဖြစ်လာစေတယ်လို့လည်းဆိုကြပါတယ်။ ပီကေထုတ်လုပ်ရာမှာဆေးသကြား (အက်စပါတိန်း)ကို သုံးစွဲခဲ့ရင်တော့ နှလုံးထိခိုက်တာတွေ၊ ကင်ဆာဖြစ်နိုင်ချေတွေရှိလာနိုင်ပါသတဲ့။ ၀ါးပြီးသား ပီကေ တွေကို ထွေးထုတ်စွန့်ပစ်လိုက်တာဟာ ကွမ်းတံတွေးတွေကို လိုက်လံရှင်းလင်းရတာထက် ပိုမိုလက်ဝင်တယ်လို့ ဆိုကြပါတယ်။ ဗြိတိန်နိုင်ငံမှာ လမ်းမပေါ်ထွေးထားတဲ့ ပီကေတွေဟာ တစ်နှစ်တစ်နှစ်ကို တန်၃ဘီလျံတောင်ရှိနေပါ တယ်။ ဒါ့ကြောင့် လမ်းဓာတ်တိုင်တွေမှာ ပီကေထွေးဖို့ အမှိုက်ပုံးလေးတွေကို သီးသန့်ထားပေးနေရပါပြီ။ စင်ကာပူနိုင်ငံ မှာ ပီကေမရောင်းရ ဥပဒေကို ၁၉၉၂ခုနှစ်က ထုတ်ပြန်ပေးလိုက်ရပါတယ်။

ဝါးပြီးသားပီကေကို မျိုချမိလိုက်ရင် ဘာတွေဖြစ်လာနိုင်ပါသလဲ?

ပီကေမျိုကျသွားရင် အများစုက ဒီအတိုင်းပဲ ၀မ်းသွားတဲ့အခါ ပြန်ပါလာနိုင်ပါတယ်တဲ့။ မတော်တဆများ အူထဲမှာ စေး ကပ်ကျန်နေခဲ့ရင်တော့ ခန္ဓာကိုယ်က လုံးစေ့ပတ်စေ့ ချေဖျက်ပစ်လိုက်နိုင်ဖို့ရာ ၇နှစ်တာအချိန်ယူဖို့ လိုအပ်ပါသတဲ့။ လုံးထွေးနေတဲ့ ပီကေတွေကြောင့် အူလမ်းကြောင်း ပိတ်ဆို့မှုတွေ ဖြစ်နိုင်ချေရှိနေပါတယ်။

ပီကေစွန်းထင်းတွယ်ကပ်နေတာတွေကို ဘယ်လိုချွတ်ပစ်လို့ရပါသလဲ?

ဆံပင်မှာကပ်နေရင် နှမ်းဆီဆွတ်ပြီး ဖယ်ယူလို့ရပါတယ်။ ရေခဲအုံထားပြီးတော့လည်း ဖြည်ဆွဲယူနိုင်ပါတယ်။ လိမ္မော်ခွံ၊ သံပရာခွံညှစ်ပြီး ဆံပင်သပ်သပ် ပီကေသပ်သပ်ဖြစ်အောင် လုပ်ပေးလို့ရပါတယ်။ ဆံပင်တွေကို ညှပ်ပစ်ဖို့မလိုပါ။ အင်္ကျီ တွေမှာ တွယ်ကပ်နေရင်တော့ အ၀တ်ကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာ၊ ရေခဲခန်းထဲမှာ ညသိပ်ထား လိုက်ရင် လွယ်လွယ်ကူကူ ခွာယူလို့ရပါပြီ။ ကော်ဇော်၊ဆိုဖာ၊ကုလားထိုင်တွေမှာကပ်နေရင် လိမ္မော်ခွံ၊သံပရာခွံ၊ ရေခဲ၊ နှမ်းဆီ စတာတွေသုံးပြီး ဖယ်ယူလို့ရနိုင်ပါသတဲ့။

ပီကေကို အပျင်းပြေ၀ါးရင်း ပူဖောင်းမှုတ်နေကြသူ လူကြီးလူငယ်များအတွက် သိမှတ်ဖွယ်ရာ တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

Ref: Health Digest Journal – Vol.5, No.44. August 6 Wednesday 2008

No comments: