Wednesday, January 6, 2010

Thu kan Ta theik Sin Tan Like thoe

သူကန်းတစ်သိုက် စဉ်တန်းလိုက်သို့

'ဘယ်လိုတုံး ဈေးသည်ကြီးရဲ့၊ ရောင်းရေးဝယ်တာမှ ကောင်းရဲ့လား'

'ဆိုင်ကလေးက ဖွင့်စဆိုတော့ ဒီလိုပဲပေါ့ ကိုဝင်းရာ၊ ဈေးဦးမပေါက်တဲ့နေ့က များပါတယ်။ ကုန်မျိုးစုံအောင်တင်နိုင်ဖို့ နဲ့ ဈေးမှန် ပစ္စည်းမှန်ကြောင်း စားသုံးသူတွေသိအောင် ကြိုးစားရတုန်းပါပဲ။'

'ကောင်းတယ် ကိုလင်းရေ၊ ကောင်းတယ်။ ဆက်ကြိုးစားရင် တစ်နေ့တော့ အောင်မြင်ရမှာပေါ့။ အမယ် ခင်ဗျားဆိုင်က သေးသာ သေးတယ်၊ ဘုရားစင်လေးလုပ်ထားတာ သန့်သန့်ပြန့်ပြန့်နဲ့ သပ္ပာယ်သားဗျ'

'ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီးလုပ်ကိုင်တဲ့ သဘောပေါ့ဗျာ'

'ဘုရားရုပ်ပွားတော်ကို ပူဇော်ထားတာကတော့ ဟုတ်ပါပြီ၊ ဒီဘက်နားကယှဉ်လျက် ပူဇော်ထားတဲ့ ဓာတ်ပုံကြီးထဲကပုဂ္ဂိုလ်က ဘယ်သူ လဲဗျ၊ ခင်ဗျားပြောတဲ့ ရတနာသုံးပါးထဲတော့ အကျုံးဝင်ဟန်မတူပါဘူး။'

'ဒီတစ်ခါလည်း ကိုဝင်းတစ်ယောက် ခေတ်နောက်ကျသွားပြန်ပြီ။ အဲဒါ ပူဇော်ကိုးကွယ်သူတွေကို ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက် အောင် မစနိုင်တယ်လို့ မြန်မာတိုင်းရင်းသား မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေအကြား ဟိုးလေးတကျော်ဖြစ်နေတဲ့ သူတော်စင် ကြီးလေဗျာ'

'နေပါဦး ကိုလင်းရဲ့၊ ဒီပုဂ္ဂိုလ်က သူတော်စင်လို့ဆိုရအောင် သူ့အကြောင်း ခင်ဗျားဘယ်လောက်သိလို့လဲ၊ သူ့အယူဝါဒကရော ဘာလဲ၊ သူသက်ရှိထင်ရှားရှိခဲ့တဲ့ အချိန်ကာလကရော ဘယ်တုံးကလဲ၊ လူသားတွေရဲ့ လောဘ၊ ဒေါသ၊မောဟ တရားတွေခေါင်းပါးပြီး ငြိမ်းချမ်း တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ဘယ်အတိုင်းအတာအထိ သူလုပ်ဆောင်နိုင်ခဲ့သလဲ'

'ဟူး...... ခင်ဗျာ့မေးခွန်းတွေက များပါ့ဗျာ၊ သူတော်စင်လို့ ဆိုရတာက လည်ပင်းမှာပုတီးဆွဲပြီး ရှေးခေတ်အိန္ဒိယယောဂီ ကြီးတစ်ယောက် သဏ္ဌာန် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရထိုင်နေပုံ ထုလုပ်ထားတာကို ကြည့်ပြီးခန့်မှန်းလို့ရတာပါ။ သူ့ကိုသက်ရှိထင်ရှားတွေ့ဖူးတဲ့ လူရယ် လို့မရှိခဲ့တော့ သူ့ရဲ့နောက်ကြောင်းရာဇ၀င်၊ သူယုံကြည်ကိုးကွယ်တဲ့ အယူဝါဒနဲ့ သူသက်ရှိထင်ရှားရှိစဉ်က လူ့အဖွဲ့အစည်းရဲ့အကျိုးကို ဘာတွေသယ်ပိုးခဲ့တယ်ဆိုတာတွေကတော့ ဘယ်သိမလဲဗျ။ ကျွန်တော်သိရသလောက်ကတော့ ဒီရုပ်တုကို အသိပညာရှင် စာရေးဆရာ ကြီးအဖြစ်နဲ့ လူသိများ ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကစတင်ပြီး လူသိရှင်ကြားပူဇော်ခဲ့တယ်ဆိုတာပဲ'

'ဒီအတိုင်းဆို ခင်ဗျားတို့က ဒီရုပ်တုရှင်ရဲ့ ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာအဆင့်ကိုလည်း ဘာမှမသိဘဲ ပူဇော်စရာ ပုဂ္ဂိုလ်တစ်ဦး လို့ သတ်မှတ်ကြတာကိုး၊ လည်ပင်းမှာ ပုတီးချိတ်ထားတာမြင်တိုင်း သူတော်စင်လို့သတ်မှတ်ကြမယ်ဆိုရင်တော့ ခက်လှချည်သေးရဲ့ ကိုလင်းရာ'

'သူ့ကို ဘယ်သူမှ သက်ရှိထင်ရှားမတွေ့ဖူးကြ၊ သူ့အယူဝါဒကိုဘာမှန်းမသိကြပေမယ့် သူ့ရုပ်ပုံကို ကိုးကွယ်ပူဇော်သူတွေ စီးပွားတက် အောင် ဆောင်ကြဉ်းပေးနိုင်တယ်၊ အဓိဋ္ဌာန်နဲ့ပူဇော်ရင် လုပ်ငန်းဆောင်တာတွေ အောင်မြင်တယ်လို့ရေးထားတဲ့ ကိုယ်တွေ့ဆောင်းပါး တွေတော့ ဖတ်ဖူးတယ်ဗျ'

'ဒါမျိုးတွေက စိတ်ကူးယဉ်ပြီးရေးရင်လည်း ဖြစ်တဲ့ကိစ္စတွေပါဗျာ၊ တချို့ကလည်း တိုက်ဆိုင်မှုလေး တစ်ခုနှစ်ခုအပေါ် ပုံကြီးချဲ့ပြီးရေး ကြတာတွေလည်း ရှိပါတယ်။ အမှန်အကန်ကိုယ်တွေ့ရှိသလို အကြံအဖန်ကိုယ့်တွေ့တွေနဲ့ တန်ဆာဆင်ပြီး စာအုပ်ရေးစားနေတဲ့ ဂါထာမန္တန်ဆရာတွေလည်းရှိတယ်ဆိုတာ သတိပြုမိဖို့တော့လိုတယ်နော်။ ခင်ဗျားကိုယ်တွေ့ကိုပဲ ပြန်သုံးသပ်ကြည့်ပါဦး။ ဆိုင်ဖွင့်က တည်းက ဒီဓာတ်ပုံကြီးကို ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးတိုင်တွေနဲ့ ပူဇော်လာခဲ့တာ အခုအချိန်အထိ တခြားဖွင့်ကာစ ဆိုင်သစ်တွေထက်ပို ထူးခြားပြီး ဘာများရောင်းရေးဝယ်တာကောင်းလာလို့တုံး။ သူလိုငါလိုပါပဲ၊ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားနေရတုန်းပဲ မဟုတ်လား'

'ခင်ဗျားပြောတာလည်း မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ဗုဒ္ဓစာပေကို တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးက ကောင်း ကျိုးပေးကြောင်း ထောက်ခံရေးသားထားတော့ ကိုယ်ကစောဒကမတက်ဝံ့ဘူးလေ၊ ယုံယုံကြည် ကြည်နဲ့ ဆက်ပူဇော်ရင် တစ်နေ့နေ့ တစ် ချိန်ချိန်မှာ ထူးခြားလာလိမ့်မယ်လို့ မျှော်လင့်မိတာပဲ'

'စောဒကမတက်ဝံ့စရာ မရှိပါဘူးဗျာ။ ကျွန်တော်တို့ ဗုဒ္ဓသာသနာတော်မှာ ကြီးငယ်မဟူ တစ်ဦးကမှားနေရင် တစ်ဦးကစေတနာကောင်း ထားပြီး အပြန်အလှန် ဝေဖန်ထောက်ပြအကြံပြုရင်း တိုးတက်မှုရအောင် လုပ်ဆောင်တတ်တဲ့ အစဉ်အလာရှိပြီးသားပါ။ ဘုရားရှင်လက် ထက်က အဂ္ဂသာဝကကြီးတစ်ဦး သင်္ကန်းဝတ်ပုံ အချိုးမကျတာကိုမြင်တဲ့ သာမဏေတစ်ပါးရဲ့ ဝေဖန်ထောက်ပြမှုကို လက်ခံလိုက်နာပြု ပြင်ခဲ့တဲ့ သာဓကတောင်ရှိခဲ့သေးတာပဲ။ အခုလို ရတနာမြတ်သုံးပါးမှာ တစ်ပါးနဲ့မှလည်း အကျုံးမ၀င်၊ ဘယ်အချိန်ကာလကရှိခဲ့ပြီး ဘာ အယူဝါဒကိုခံယူမှန်းလည်း မသိတဲ့သူ တစ်ဦးရဲ့ရုပ်ထု၊ ဓာတ်ပုံတွေကို ပူဇော်ပသနေကြတာက ဘုရားရှင်လက်ထက်က ဗြဟ္မာနဲ့အပေါင်း အဖော် ဖြစ်နိုင်မယ့်နည်းလမ်းကို လိုက်ရှာနေကြတဲ့ ပုဏ္ဏားတွေလို ဖြစ်နေတာပေါ့'

'ဘုရားရှင်လက်ထက်က ပုဏ္ဏားတွေ ဗြဟ္မာနဲ့အပေါင်းအဖော်ဖြစ်မယ့်နည်း ရှာပုံလေးလည်းပြောစမ်းပါဦးဗျာ'

'ဒီလိုဗျ ကိုလင်းရဲ့၊ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ၀ါသေဋ္ဌနဲ့ ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားနှစ်ယောက်က သူတို့ဘိုးစဉ်ဘောင် ဆက်ကိုးကွယ်ပူဇော်ရာ မဟာဗြဟ္မာကြီးနဲ့ အပေါင်းအဖော်ဖြစ်နိုင်မယ့်နည်းကို ဗုဒ္ဓထံပါး မေးလျှောက်ခဲ့ကြတယ်'

'ဒီတော့ ဗုဒ္ဓမြတ်စွာက ဘယ်လိုမိန့်ကြားခဲ့သလဲဗျ'

''ဗုဒ္ဓမြတ်စွာက ပုဏ္ဏားတွေကို 'ဝေဒကျမ်းတတ်ပညာရှင် ပုဏ္ဏားကြီးတွေထဲမှာ သင်တို့ကိုးကွယ်ရာဗြဟ္မာကို မျက်ဝါးထင်ထင်မြင်ဖူးသူ ရှိသလား' လို့မေးခွန်းထုတ်လိုက်တယ်။ ၀ါသေဋ္ဌက 'မရှိပါဘူးဘုရား'လို့ပဲအမှန်အတိုင်းလျှောက်တင်တာပေါ့။ ဒီအခါမှာ ဗုဒ္ဓမြတ်စွာက 'အဲဒီ ဝေဒကျမ်းတတ်ဆရာကြီးတွေ ရဲ့ ဆရာ့ဆရာကြီးတွေထဲမှာကော ဗြဟ္မာကိုတွေ့ဖူးသူရှိသလား' လို့ထပ်မေးပြန်တယ်၊ ဒီအခါမှာ လည်း ၀ါသေဋ္ဌက 'မရှိပါဘုရား' လို့ပဲဖြေရှာတယ်''

'သူတို့က ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာကိုးကွယ် သင်ယူလာသူတွေဆိုတော့ ဘယ်တွေ့ဖူးပါ့မလဲ။ ဒါပေမယ့် လက်ဦးပထမ ဗြဟ္မာ ကိုး ကွယ်မှုအယူအဆကို စတင်တီထွင်ခဲ့ပြီး ဝေဒကျမ်းတွေကိုစီရင်ခဲ့တဲ့ ဗြဟ္မာဏကြီးတွေကတော့ တွေ့ဖူးကောင်းတွေ့ဖူးမှာပေါ့။ ဥပမာ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓမြတ်စွာကို သက်ရှိထင်ရှားမဖူးမြော်ခဲ့ကြဖူးပေမယ့် ဗုဒ္ဓ၀ါဒကို ဆက်လက်လိုက်နာပြီး သာ သနာတော်ပြန့်ပွားရေးကို လုပ်ဆောင်ခဲ့တဲ့ ဘုရားရှင်လက်ထက်က သံဃာတော်တွေ ဥပါသကာတွေကတော့ ဗုဒ္ဓမြတ်စွာကို သက်ရှိထင် ရှား ဖူးတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်းကြောင်း အထောက်အထားတွေက သက်သေခံနေသလိုပေါ့'

'ဒါကြောင့် ဗုဒ္ဓမြတ်စွာက ၀ါသေဋ္ဌကို ထပ်ပြီး ဗြဟ္မဏ၀ါဒကို စတင်တီထွင်ပြီး ဝေဒကျမ်းဂန်တွေ စီရင်ခဲ့ကြကုန်တဲ့ ပုဂ္ဂိုလ်ကြီးတွေကရော အဲဒီမဟာဗြဟ္မာကြီးကို မြင်တွေ့ခဲ့ဖူးတယ်၊ သူ့ရဲ့ ဘုံဌာနသွားရာလမ်းကိုသိတယ်လို့ ပြောခဲ့ဖူးသလား လို့ မေးခဲ့ပြန်တယ်လေ'

'ဒီတော့ ၀ါသေဋ္ဌက ဘယ်လိုများ ပြန်ဖြေလိုက်သတုံး'

''၀ါသေဋ္ဌက 'အဲဒီပုဂ္ဂိုလ်ကြီးတွေလည်း သူတို့ကိုးကွယ်ပူဇော်ပသရာ ဗြဟ္မာကြီးကို မမြင်ဖူးကြဘူး။ဗြဟ္မာ့ဘုံ သွားရာလမ်းကိုလဲ သိတယ် လို့ မပြောခဲ့ဘူး' လို့အမှန်အတိုင်း ပြန်ဖြေလိုက်တယ်''

'ဘယ့်နှယ့်ဟာတုံးဗျာ၊ ဗြဟ္မာကိုသက်ရှိထင်ရှား ဘယ်သူမှလည်းမမြင်ဖူး၊ မကြားဖူးခဲ့ကြပါဘဲနဲ့ စိတ်ကူးယဉ်ရော်ရမ်းမှန်းဆပြီး ကိုးကွယ် နေကြတယ်ဆိုတော့.....'

''ဒါကြောင့် ဗုဒ္ဓမြတ်စွာက 'ဝေဒကျမ်းတတ် ပုဏ္ဏားတွေရော၊ သူတို့ဆရာ့ဆရာကြီးတွေရော၊ ဝေဒကျမ်းဂန်ကို စီရင်ခဲ့ပါတယ်ဆိုတဲ့ လက်ဦး ပထမ ဆရာကြီးတွေရော ဗြဟ္မာကိုသက်ရှိထင်ရှား မမြင်ဖူး၊ မတွေ့ဖူးပါဘဲနဲ့ ဗြဟ္မာနဲ့ပေါင်းဖော်ဖို့ နည်းလမ်းကိုဟောတယ်ဆိုတဲ့ စကား ဟာ အခြေအမြစ်ကင်းမဲ့တဲ့စကား မဟုတ်ပေဘူးလား၊ ဥပမာပြောရရင် – အချင်းချင်းဆွဲကိုင်ဆက်စပ်နေကြတဲ့ သူကန်းတွေရဲ့ အစဉ် အတန်းမှာ ရှေ့ဆုံးကလည်းမမြင်၊ အလယ်လူကလည်းမမြင်၊ နောက်ဆုံးလူကလည်း မမြင်သလိုဘဲ၊ အဲဒီပုဏ္ဏားတွေရဲ့စကားဟာ သူ ကန်းတို့အစဉ် အတန်းနဲ့ တူလှချေလား၊ ဒီစကားဟာ ရယ်ဖွယ် အပြောသက်သက် အနက်အဓိပ္ပာယ်မဲ့ပြီး အချည်းအနှီးပေပဲ' လို့ဟော ကြားခဲ့တာကို ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊တေ၀ိဇ္ဇသုတ်မှာ အကျယ်လေ့လာနိုင်ပါတယ်ဗျာ''

ဝင်းသိန်းဦး

(၃၀-၁၀-၉၂)

ဓမ္မရံသီ၊၁၉၉၃ခုနှစ်၊စက်တင်ဘာလ။

No comments: