Friday, January 22, 2010

Myanmar's Internet

၁၁ နှစ်ကြာ မြန်မာ့အင်တာနက်ခရီးကြမ်း

(သုတေသန၊ မဇ္ဈိမသတင်းဌာန၊ ဒီဇင်ဘာ ၁၁/၂၀၀၉ )  

ရန်ကုန်။     ။ မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင်ရောင်းချပေးခဲ့။
ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှား သည့် ပြင်ပစီးပွားရေးလုပ်ငန်း အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏ mpt mail ကို အသုံးပြုလာခဲ့သည်။
အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail ဝန်ဆောင်မှု ကို မိတ်ဆက်ပေးခဲ့။


၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mpt mail ကို အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ ၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု အမျိုးအစားမှာ dial up connection ဖြစ်သည်။
၂၀၀၀ ခုနှစ်အတွင်း ဥရောပအာရှ ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားသည့်အတွက် မြန်မာ့ဆက်သွယ်ရေးသည် ပိုမိုကောင်း မွန်သည့် အင်တာနက် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စီစဉ်ခဲ့။
၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မြန်မာအများစု အသုံးပြုနိုင်သည့် အင်ထရာနက်ဖြင့် မြန်မာဝဘ်ဆိုဒ်များ ပေါ်ပေါက်လာပြီး အင်ဖိုရီ သမ် အမည်ရှိ ပုဂ္ဂလိက လုပ်ငန်းတခုမှ အများပြည်သူများအတွက် အင်ထရာနက်လိုင်းများကို စတင်ရောင်းချပေးခဲ့သည်။ အသုံးပြုသည့် အင်တာနက် ဆက်သွယ်မှုမှာ dial-up connection ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် တလလျှင် ကျပ် ၅၀၀၀၊ ၃၀၀၀ ဖြစ်ပြီး စတင်တပ်ဆင် ကြေးအဖြစ် ၅၀၀၀ဝ ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်အတွင်း ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် တခုတည်းနှင့် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။
www.bagan.net.mm သည် bagan cyber tech မှတင်ဆက်သည့် ပထမဆုံး မြန်မာ portal site တခုဖြစ်ပြီး နောက်ပိုင်းတွင် bagan forum နှင့် Yangon chat သည် အလွန်အောင်မြင်ခဲ့သည့် ဝန်ဆောင်မှုများဖြစ်ခဲ့သည်။


၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် dial-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ ထည့်သွင်းရောင်းချခဲ့ သော်လည်း ပုဂံဆိုက်ဘာတက်၏ broadband သည် ပြည်တွင်း အင်တာနက်အသုံးပြုသူများအကြား ထင်ရှားစွာ ရောင်းချရသည့် ဝန် ဆောင်မှုတခု ဖြစ်ခဲ့သည်။ ပုဂံဆိုက်ဘာတက်သည် Access kid ဟုခေါ်သည့် dial-up စနစ်သုံး Prepaid card များကို ထုတ်လုပ်ရောင်း ချပေးခဲ့ပြီး ၁၅ နာရီ၊ နာရီ ၃ဝ ၊ နာရီ ၆ဝ သုံးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။
ဒီဂျီတယ် တယ်လီဖုန်းလိုင်းများ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်တပ်ဆင်ပြီးစီးနေသဖြင့် ရန်ကုန်နှင့် မန်း အင်တာနက် အသုံးပြုသူများ သည် ကနဦး တပ်ဆင်ခ ကုန်ကျရန်မရှိဘဲ ဈေးနှုန်းသက်သာသည့် အဆိုပါ Access kid များကို အများအပြား ဝယ်ယူအသုံးပြုခဲ့ကြသည်။
Access kid များ၏ ဈေးနှုန်းသည် ၁၅ နာရီ ၈၀၀၀ ကျပ်၊ နာရီ ၃ဝ အတွက် ၁၅၀၀၀ ကျပ်၊ နာရီ ၆ဝ အတွက် ၃၀၀၀ဝ ကျပ် ဖြင့် ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။


၂၀၀၃ ခုနှစ်အတွင်း Broadband ဝန်ဆောင်မှုများအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် မြန်မာကျပ်ငွေ ၂၅ သိန်းရှိခဲ့ပြီး MPT မှရော bangan cyber tech မှပါ ထိုဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
Bagan cyber tech သည် ၂၀၀၃ ခုနှစ်အတွင်းမှပင် IP-star အင်တာနက် ဆက်သွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သည်။ ကနဦးတပ် ဆင်ကြေး မြင့်မားသော်လည်း ဝန်ဆောင်မှု ကောင်းမွန်ပြီး နေရာအနှံအပြားတွင် အသုံးပြုနိုင်မှုကြောင့် ရေလုပ်ငန်းရှင်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းကြီးမျာကပါ စိတ်ဝင်တစားဖြစ်ခဲ့သည်။
ဝယ်ယူအသုံးပြုသူ အများစုသည် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သော ပုဂ္ဂလိကပိုင် bagan cyber tech မှ broadband ဝန်ဆောင်မှုကို ပိုမိုဝယ်ယူအသုံးပြုခဲ့ကြသည်။


၂၀၀၄ ခုနှစ်တွင် MPT မှ ADSL ဝန်ဆောင်မှုဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်နှုန်းမြင့် အဆိုပါ ADSL လိုင်းသည် မြန်မာနိုင်ငံ မြို့ကြီးများ တွင် အသုံးပြုနိုင်ကြောင်း ကြေညာပေးခဲ့သည်။
Bagan cyber tech မှလည်း မကြာခင်အတွင်း ADSL လိုင်းများကို စတင်ရောင်းချပေးလာခဲ့ပြီး ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် ၂၅ သိန်း ဖြစ်ပြီး တယ်လီဖုန်းလိုင်းလို အပ်မှုများအတွက်ပါ ဝန်ဆောင်မှုပေးခဲ့သည်။
လစဉ်ကြေးပိုမို သက်သာပြီး အင်တာနက်မြန်နှုန်း မြင့်မားလာသဖြင့် ရန်ကုန်မြို့ပေါ်တွင် inter café များ အများအပြား ပေါ်ပေါက်လာ ခဲ့ပြီး မြန်မာ့အင်တာနက် အသုံးပြုသူများ ပိုမိုတိုးတက်များပြားလာခဲ့သည်။
Bagan cyber tech သည် အင်တာနက်မေး ဝန်ဆောင်မှုအဖြစ် တနှစ်လျှင် ကျပ် ၈၀၀၀ ကျပ်ဖြင့် ရောင်းချသည့် @mail4u.net.mm ကို မိတ်ဆက်ရောင်းချပေးခဲ့သော်လည်း ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စ တင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။


၂၀၀၆ ခုနှစ်တွင် Bagan cyber tech သည် မူလပိုင်ရှင်ဖြစ်သူထံမှ အစိုးရသို့ လွှဲပေးခဲ့ရပြီး အစိုးရတပိုင်း အင်တာနက် ဝန်ဆောင်မှုလုပ် ငန်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ bagan cyber tech သည် Myanmar Tele port အမည်ဖြင့် ပြောင်းလဲသွားပြီး ၎င်း၏ ဝန် ဆောင်မှုများသည် တစ်စထက်တစ်စ ညံ့လာခဲ့သည်။
၂၀၀၇ ခုနှစ်သည် မြန်မာတနိုင်ငံလုံးတွင် ADSL အသုံးပြုနိုင်သော မြို့ပေါင်း ၃ဝ ရှိလာသည့်အတွက် ထိုနှစ်အတွင်း အင်တာနက်ကဖေး များ အများဆုံး ဖွင့်လှစ်လာနိုင်ခဲ့သည်။
အင်တာနက်ဝန်ဆောင်မှု အသုံးပြုလိုသူများသည် MPT ထံမှသာ ချိတ်ဆက်ဝယ်ယူလာကြပြီး MPT ၏ ဝန်ဆောင်မှုနှင့် အင်တာနက် မြန်နှုန်းများလည်း ပိုမိုမြင့်မားလာခဲ့သည်။
၂၀၀၇ အတွင်းမှာပင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ISP များဖြစ်ကြသည့် MPT နှင့် Myanmar tele-port သည် အင်တာနက် website အများအပြားကို ပိုမိုပိတ်ဆို့လာခဲ့သဖြင့် အင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။ Yadanarpon Tele port အမည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အများပြည်သူပိုင် အမည်ခံထားသော လုပ်ငန်းတခု စတင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အင်တာနက် ကဖေးများ တိုးတက်မှု ပြန်လည်နှေးကွေးလာခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း အင်တာ နက်အသုံးပြုသူ အများဆုံး တိုးတက်လာခဲ့သည်။ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး ၃၆ မြို့သည် ADSL လိုင်း အသုံးပြုနိုင် ကြောင်း MPT က ကြေညာခဲ့သည်။


၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် bagan cyber tech သည် မြန်မာ့ဆက်သွယ်ရေး MPT အောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး ဝန်ဆောင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများ အားလုံးကို MPT ကသာ တိုက်ရိုက်ကိုင်တွယ်လာခဲ့သည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပုဂ္ဂလိက အင်တာနက်ဝန်ဆောင်မှုဟု ခေါ်ဆိုနိုင်သည့် Red-link လုပ်ငန်းစုသည် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မျိုးဆက်သစ် broadband ဝန်ဆောင်မှုတခုအဖြစ် Wi-max အင်တာနက် connection ကို စတင် ရောင်းချပေးလာခဲ့သည့် ပြင်ပလုပ်ငန်း ဖြစ်လာသည်။ Wi-max ကို Myanmar tele-port မှ အပြင် MPT မှပါ ရောင်းချနေခဲ့သော်လည်း လူအများစုသည် Red-link မှသာ ဝယ်ယူအသုံးပြုခဲ့သည်။ ထိုဝန်ဆောင်မှု၏ ဈေးနှုန်းသည် ကနဦးတပ်ဆင်ကြေး $1800 ဖြစ်ပြီး လစဉ်  ကြေးမှာ ဝန်ဆောင်မှုအလိုက် $35 မှ $135 ထိရှိသည်။ Red-link သည် ဝန်ဆောင်မှုရောင်းချခြင်း၊ ပစ္စည်းတပ်ဆင်ပြုပြင်ခြင်းနှင့် connection ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့်ရရှိပြီး gateway ကဲ့သို့ server များဖြင့် အင်တာနက်သို့ အပြီးသတ် ချိတ်ဆက် မှုများကို MPT မှပင် လုပ်ကိုင်ဆောင်ရွက်သည်။


၂၀၀၉ ခုနှစ်အစပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်မှုသည် လုံးဝရပ်ဆိုင်းတော့မတတ် ဖြစ်လာခဲ့ပြီး ကွန်ပြူတာဈေးနှုန်းများ ကျဆင်းနေသည့်ကြားမှာပင် အင်တာနက်ကဖေးများသည် ညံ့ဖြင်းသည့် အင်တာနက် ကော်နက်ရှင်ကြောင့် လည်းကောင်း၊ များပြားလာသော အင်တာနက်ကဖေးများကြောင့်လည်းကောင်း ဈေးကွက်ဝေစု မမျှတခြင်းကြောင့်လည်းကောင်း တိုးချဲ့ ဖွင့်လှစ်မှုများ မရှိသလောက် နှေးကွေးသွားခဲ့သည်။
အများစုသည် ADSL လိုင်းကို ချိတ်ဆက်ထားပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ Wi-max လိုင်းကို ချိတ်ဆက် အသုံးပြုလာကြသည်။ ထို့ကြောင့် ADSL အသုံးပြုသူများအနေဖြင့် များပြားလှတဲ့ အသုံးပြုသူများကြောင့် ကော်နက်ရှင် ကျပ်တည်းမှုကို ရင်ဆိုင်ရပြီး ISP များအနေဖြင့် လိုင်းအားတိုးချဲ့မှုများ မရှိသဖြင့် ရန်ကုန်မြို့ပေါ်ရှိ အင်တာနက်ကဖေးများ အနေဖြင့် ADSL လိုင်းအပြင် broadband နည်းပညာအသစ်ဖြစ်တဲ့ Wi-max ကို ဆက်လက်ချိတ်ဆက်ကာ မိမိတို့ဆိုင်၏ အင်တာနက် ဝန်ဆောင်မှု စွမ်းအားကို ဆက်လက်ကျား ကန်နေရသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း - အင်တာနက် ကော်နက်ရှင် နှေးကွေးလာခြင်းတို့က စားသုံးသူများကို ကြာရှည်မထိန်းထားနိုင်တဲ့အတွက် အင်တာနက် ကဖေးများသည် ဝင်ငွေကျဆင်းမှုဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာတွင် Red-link အနေဖြင့် ငွေကြိုသွင်းစနစ်သုံး wi-fi ကွန်ယက်ကို ရန်ကုန်မြို့အထင်ကရ နေရာ ၈ ခုတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး www.enjoy.net.mm အမည်ဖြင့် portal site တခုကိုလည်း လွှင့်တင်သွားမည်ဖြစ်သည်။
၂၀၀၉ ခုနှစ် ၆ လပိုင်းနောက်ပိုင်းအထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် Myanmar Tele-port ထံမှ ADSL တပ်ဆင်ကြေးသည် $ 2000 ကျော်ထိရှိနေပြီး ၊ IP-star သည် အရောင်းအဝယ် မရှိသလောက် နှေးကွေးနေသော်လည်း ကာလပေါက်ဈေး သိန်း ၅ဝ နီးပါး ရှိသည်။ Wi-max ပေါက်ဈေးသည် $1800 ဖြစ်သည်။


၂၀၀၉ ခုနှစ်တွင် နိုင်ငံအနှံ့ မြို့ကြီး ၃၆ မြို့အထိ ADSL အသုံးပြုနေနိုင်ပြီဖြစ်သော်လည်း ရန်ကုန် ၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် တို့သာ အင်တာနက်အသုံးပြုသူများပြားပြီး အခြားမြို့ကြီးများဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ တောင်ငူနှင့် နေပြည်တော်တို့မှာ အင်တာနက် အသုံးပြုမှု နည်းပါးတာတွေ့ရသည်။ အလွတ်သဘော စစ်တမ်းများအရ ၂၀၀၈ ခုနှစ်ထိ မြန်မာအင်တာနက် အသုံးပြုသူ အရေအတွက် အ နေဖြင့်  ဒေသတွင်းနိုင်ငံများအောက် များစွာ ကျဆင်းနေဆဲဖြစ်ပြီး၊ အများစုသည် ရန်ကုန်မှတဆင့် အသုံးပြုကြသူများဖြစ်သည်။ ရန်ကုန် သည် မြန်မာအင်တာနက် သုံးစွဲသူများ၏ ၈၅ % ကို ပိုင်ဆိုင်ထားပြီး အင်တာနက်ကဖေး အများဆုံးရှိသော မြို့လည်း ဖြစ်၏။  ရန်ကုန်မြို့ ပေါ်တွင်  တရားဝင်စာရင်းအရ ဆိုက်ဘာ ကဖေးပေါင်း ၃၅ဝ ရှိပြီး ဒီထက်ပိုများပြားနိုင်ပါသည်။
မြန်မာနိုင်ငံတခုလုံး၏ အင်တာနက် ရရှိမှုနှုန်းသည် စုစုပေါင်း 7.8 Gps ရှိပြီး ၂၅ % ကိုသာ ပြည်တွင်း သုံးစွဲမှုအတွက် အသုံးပြုထားပါ သည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနများ အားလုံး ဖိုက်ဘာကြိုး တိုက်ရိုက်ထားရှိသုံးစွဲပြီး ရန်ကုန်-နေပြည်တော် VOIP သုံးစွဲနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၀၉ ခုနှစ်နောက်ဆုံး လများအတွင်း  MPT မှ ရန်ကုန်မြို့တွင်း ဖိုက်ဘာ တိုက်ရိုက် အင်တာနက်ဆက် သွယ်မှုများ ကို တပ်ဆင်ပေးနေပြီး ကနဦးတပ်ဆင်စရိတ် $2500 ဖြစ်ပြီး လစဉ်ကြေး $500 ဖြစ်နေတာကြောင့် ပြင်ပအသုံးပြုမှုများ နည်းနေပြီး စီးပွား ရေးလုပ်ငန်းကြီးအချို့သာ ချိတ်ဆက်အသုံးပြုကြောင်း တွေ့ရသည်။
လက်ရှိအချိန်ထိ တရားဝင် အင်တာနက် ဝန်ဆောင်မှုများအတွက် ပေးထားသော ကွန်နက်ရှင် အမြန်နှုန်းများမှာ

1။ 128kbs (Home)
2. 256kbs (Office)
3. 512kbs (Biz)
4. 1Mbs (လက်ရှိအချိန်တွင် ရန်ကုန်မြို့ပေါ်တွင်သာ အသုံးပြုနိုင်ပြီး ခွင့်ပြုမှု အလွန်နည်းပါး)


No comments: