Monday, January 27, 2025

သတင်းခန်းထဲက အနိုင်ကျင့်ခံ အမျိုးသမီးသတင်းသမားများ

သတင်းခန်းထဲက အနိုင်ကျင့်ခံ အမျိုးသမီးသတင်းသမားများ (ဆောင်းပါး)



ရေးသားသူ -ခိုင်ရီ


လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး စတဲ့အမျိုးသားတွေက ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ စော်ကားမော်ကား ကျူးလွန်မှုတွေကို ကိုယ်တွေ့ကြုံခဲ့ရဖူးတဲ့ အမျိုးသမီးပေါင်းများစွာ ရှိကြပါတယ်။

ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို ဒိုင်းအဖြစ်ကာပြီး လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေအပေါ် ကိုယ်စိတ်နှစ်ပါး ထိခိုက်နစ်နာစေအောင် ထိကပါးရိကပါးလုပ်ခံရတဲ့သူတွေထဲ သတင်းသမားတယောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ မဧကရီ*လည်း ပါဝင်ပါတယ်။

သူတန်ဖိုးထား မြတ်နိုးလို့ ရွေးချယ်ခဲ့တဲ့ သတင်းလုပ်ငန်းခွင်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်ကနေ ယာယီအနားယူနေရပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ပြင်းပြင်းထန်ထန် ခံစားနေရဆဲလို့ သူက ဆိုပါတယ်။

“အမျိုးသားအထက်လူကြီးတွေနဲ့ အလုပ်လုပ်ရမှာ ကြောက်နေတာ၊ အဲ့ဒီစိတ်က တော်တော်ဆိုးတယ်။” လို့ မဧကရီက ရင်ဖွင့်ပါတယ်။

သူဟာ အာဏာမသိမ်းခင်က မြန်မာပြည်တွင်းထဲမှာရှိတဲ့ နာမည်ကြီးပုဂ္ဂလိက သတင်းမီဒီယာတခုရဲ့ ရုပ်သံ သတင်းဌာနမှာ ၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရုံးချိန်ပြင်ပ တညမှာတော့ အဲဒီ သတင်းဌာနကြီးရဲ့ လုပ်ပိုင်ခွင့်အရှိဆုံးနဲ့ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ အထက်လူကြီးဆီမှာ အလုပ်နဲ့မသက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာဆန်ဆန် ဆက်သွယ်ပြောဆိုချက်တွေကို လက်ခံရရှိခဲ့ပါတယ်။ 

အမျိုးသားတဦးက အမျိုးသမီးတဦးကို သဘောကျနှစ်ခြိုက်ကြောင်း ထုတ်ဖော်ပြောဆိုတာက သာမန် ဖြစ်ရိုးဖြစ်စဉ် သဘာဝကိစ္စတခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ မဧကရီကို ချစ်ရေးချစ်ရာစကား ပြောလာတဲ့ အထက်လူကြီးဟာ အိမ်ထောင်နဲ့ သားသမီးရှိနေသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ရဲ့ လုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး မဧကရီကို ချဉ်းကပ်ခဲ့တာပါ။

“နောက်နေ့ ရုံးမှာပြန်မြင်ရမယ့်သူဖြစ်လို့ စကားလမ်းကြောင်း လွှဲပေမယ့် ကိုယ်ရေးကိုယ်တာ လမ်းကြောင်းပေါ် ရောက်အောင်  ပြန်ဆွဲယူတယ်။ တကြိမ်ကနေ နှစ်ကြိမ်ဖြစ်လာတော့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်လာတယ်။” လို့ အလုပ်ထဲ အဆင်မပြေဖြစ်လာပုံကို သူက ပြောပါတယ်။

မလိုလားကြောင်း ကိုယ်အမူအယာ၊ နှုတ်အမူအယာနဲ့ အကြိမ်ကြိမ်ငြင်းပယ်တဲ့အတွက် နောက်ဆုတ်သွားမယ်လို့  မဧကရီတွေးတောခဲ့ပြီး သူ့အလုပ်တာဝန်တွေကိုပဲ တစိုက်မတ်မတ် ဆက်လုပ်ခဲ့ကာ ဆင်ခြင်နေ ထိုင်ခဲ့ပါတော့တယ်။

ဒီလို အဖြစ်မျိုးဟာ သူ့တယောက်တည်းလုပ်ခံရတာမျိုး မဟုတ်ဘဲ၊ အသစ်ဝင်လာတဲ့ ဂျူနီယာ အမျိုးသမီးသတင်းထောက်တွေအပေါ်မှာလည်း ရာထူး၊ နေရာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး သားကောင်လိုက်ရှာနေတယ်ဆိုတာကို ရိပ်မိနေခဲ့တယ်။

“သူ့ထောင်ချောက်မှာ ဘယ်သူမိမလဲလို့ လုပ်တာ။” လို့  ဧကရီက ပြောပြပါတယ်။

အဲဒီအထက်လူကြီးဆိုသူဟာ မဧကရီကို သွေးတိုးစမ်းလို့ မရမှန်းသိလာတဲ့နောက်မှာ လုပ်ငန်းခွင်အစည်းအဝေးတွေမှာ အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး ခွဲခြားအပြစ်တင်တာ၊ နာမည်တပ်ပြီး ဖိနှိပ်ဆက်ဆံတာမျိုး ဆက်တိုက် ရင်ဆိုင်လာရတယ်။

တာဝန်ရှိသူတွေကို တိုင်ကြားပြီး ဒီလုပ်ငန်းခွင်ကို စွန့်ခွာဖို့တွေးပေမယ့် ဝင်ငွေရယ်၊ ထောက်ပံ့စောင့်ရှောက်နေရတဲ့ မိသားစုရယ်ဆိုတာတွေကို ပြန်ငဲ့ရတဲ့အခါ အလုပ်ကမထွက်ဖြစ်ဘဲ ဆက်လက်လုပ်ကိုင်နေခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအထက်လူကြီးဟာ ရုံးတွင်းငွေကြေးအရှုပ်အရှင်းတွေ ကျူးလွန်ခဲ့လို့ သူ့ ပြဿနာနဲ့သူ အချိန်ကုန်နေခဲ့သလို အခုတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ထဲရောက်နေပြီလို့ မဧကရီက ပြောပြတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းထဲက သတင်းမီဒီယာအများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်ခဲ့ကြရပါတယ်။

မြန်မာပြည်တွင်းမှာ သတင်းသမားအဖြစ် ဆက်လက်နေထိုင်ဖို့ လုံခြုံရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို တဖြည်းဖြည်းရောက်လာတဲ့အခါ မဧကရီဟာ တော်လှန်ရေးလက်နက်ကိုင် နယ်မြေကနေတဆင့် ထိုင်းနိုင်ငံ၊ နယ်စပ်ကို တိမ်းရှောင်ထွက်ခွာခဲ့ရပါတော့တယ်။

မဧကရီဟာ သတင်းသမားလုပ်သက် အတွေ့အကြုံရှိပြီးသူတယောက်ဖြစ်တဲ့အတွက် သင့်တော်ရာ အလုပ်ခွင်တခုမှာ သတင်းသမားအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

မိသားစုနဲ့ ဝေးကွာတဲ့ နယ်မြေသစ်၊ လုပ်ငန်းခွင်အသစ်မှာ လုပ်ကိုင်နေရင်း ထပ်ပြီး ကြုံတွေ့လိုက်ရတာကတော့ အရင်အတွေ့အကြုံဟောင်းနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုပါပဲ။

အိမ်ထောင်ရှိ၊ သားသမီးလည်းရှိတဲ့ သတင်းမီဒီယာတိုက်ပိုင်ရှင်ဖြစ်သူက မဧကရီအပါအဝင် တခြား မိန်းကလေးတွေကို ချဉ်းကပ်တဲ့ဖြစ်စဉ်တွေကို ထပ်မံရင်ဆိုင်လိုက်ရပါတယ်။

အဲဒီသတင်းမီဒီယာပိုင်ရှင်က မဧကရီထံ ချစ်ကြိုက်ကြောင်းစာတွေကို ဖုန်းကနေတဆင့်ပို့လာခဲ့ပါတယ်။ ရပ်တည်ရေးအတွက် အလုပ်နဲ့ဝင်ငွေက မရှိမဖြစ်လိုတဲ့အခြေအနေမှာ အလုပ်ပေးထားတဲ့သူအဖြစ် ခင်ခင်မင်မင် ပြောဆိုဆက်ဆံခဲ့တာတွေနဲ့  ရုတ်တရက် အလုပ်ကနေမထွက်နိုင်တဲ့ အခြေအနေပေါ်ကို အခွင့်ကောင်းယူတယ်ဆိုတာ မဧကရီတယောက် ခံစားမိပါတယ်။ 

အဲဒီသတင်းဌာနဟာ သတင်းမီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်နေတဲ့ သတင်းဌာနတခုဖြစ်ပါတယ်။  ရုံးခန်း အမည်တပ်ထားပေမယ့် သတင်းဌာနပိုင်ရှင်မိသားစုကလည်း ရုံးမှာနေထိုင်တဲ့အတွက် တိုက်ပိုင်ရှင်အိမ်မှာ ရုံးသွားတက်နေရတဲ့အခြေအနေမျိုးဖြစ်နေပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေရဲ့ အထင်လွဲမှားဆက်ဆံခံရတာ၊ စွပ်စွဲခံရတာတွေကိုပါ မဧကရီတယောက် တစတစကြုံတွေ့လာရပါတယ်။

နောက်ပိုင်းမှာ ရုံးမတက်ဘဲ အိမ်ကနေ အလုပ်တာဝန်တွေကို သည်းခံပြီး ဆက်လုပ်နေခဲ့ပေမယ့် အဲဒီသတင်းမီဒီယာတိုက်ပိုင်ရှင်ဟာ သူ့ရဲ့ ဇနီးမယားအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတွေ ကျူးလွန်လာခဲ့သလို ခံရသူအမျိုးသမီးကလည်း မဧကရီကြောင့်ဆိုတဲ့ စွပ်စွဲမှုမျိုးဆန်ဆန်တွေ ဆက်လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သတင်းဌာနတည်ထောင်သူကို သူက မလိုလားကြောင်း၊ လက်မခံကြောင်း ပြသတာတွေရဲ့ ရလဒ် အဖြစ် အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး ဖယ်ကျဉ်ခြင်းတွေကို သူရင်ဆိုင်ခဲ့ရပြီး သည်းမခံနိုင်တော့တဲ့ အဆုံးမှာ မဧကရီတယောက် အလုပ်က ထွက်လိုက်ရပါတော့တယ်။

နယ်စပ်မှာအခြေစိုက်ကြတဲ့ သတင်းသမားအသိုင်းအဝိုင်းက အဲဒီလူ ဘယ်လိုအကျင့်စရိုက်ရှိကြောင်း သိကြပေမယ့် ဘယ်သူကမှ ထောက်ပြဝေဖန်ခြင်း မပြုကြဘူးလို့ သူက ဆက်ပြောပါတယ်။ 

သူကိုယ်တိုင်ကတော့ အလုပ်ကနေ နားလိုက်ရတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးနိုင်သူတွေရဲ့ အကူအညီကို ရယူခဲ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးသားတွေရှိတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရမှာ ကြောက်သွားတယ်။ အိမ်ထောင်ရှိတဲ့ကောင်တွေဆီမှာ ဒီလိုပြောခံရတာ ငါက ဘာဖြစ်နေလို့လဲ ဆိုပြီး သိမ်ငယ် စိတ်ဝင်တာ။ တဖက်မှာလည်း ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်ကို ဒီလိုလူတွေကြောင့် မစွန့်လွှတ်ချင်ဘူး။” လို့ သူက ရင်ဖွင့်ပါတယ်။

လုပ်ငန်းခွင်ထဲက လုပ်ပိုင်ခွင့်ရှိသူတွေထံမှာ ဒီလိုသွေးတိုးစမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှုတ်ရောက်၊ လက်ရောက်မှုတွေ၊ ကျား-မ အခြေပြု ခွဲခြားနှိမ့်ချဆက်ဆံခြင်းတွေ ကြုံတွေ့ရတာက မဧကရီ တယောက်တည်းတော့ မဟုတ်ပါဘူး။ 

သတင်းစာပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး သတင်းသမားတယောက်အဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ရတဲ့ မဧကရီအပြင် အခြားသော အမျိုးသမီးငယ်တွေမှာလည်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးပြုမူခံရတာတွေကို ပုံစံမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။

“အဲ့လိုလူတွေက အထူးသဖြင့် လုပ်လို့ရမယ်ထင်တဲ့ ဂျူနီယာမိန်းကလေးတွေကို လုပ်ကြတာ။ တချို့တိုက်တွေက အသိညီမလေးတွေဆို အမြဲတမ်းညည်းတယ်။ တနေ့တနေ့ ရုံးမှာ သားပြောမယားပြော ပြောတာ တွေခံနေရတာ စိတ်ညစ်တယ်လို့ ရင်ဖွင့်တယ်။ အလုပ်ထွက်လိုက်ဖို့ အကြံပေးချင်ပေမယ့် ရပ်တည်ရေးက ရှိသေးတယ်လေ။” လို့ မဧကရီက ပြောပြတယ်။

အလုပ်သင် သို့မဟုတ် အငယ်တန်း အမျိုးသမီး သတင်းထောက်က ထမင်းစားနားချိန်တိုင်း အယ်ဒီတာကို တာဝန်တခုလို ထမင်းဟင်းခူးခပ်ကျွေးမွေးရတာ၊ အပြာကားကြည့်နေတဲ့ အယ်ဒီတာက အမျိုးသမီးသတင်းထောက်ကို သူ့ရုံးခန်းထဲကို အလုပ်ကိစ္စအတွက်ဆိုပြီး ခေါ်ယူတွေ့ဆုံပြီး သတင်းအကြောင်း ဆွေးနွေးဟန်ဆောင်တာ၊ နေ့စဉ်သတင်းခန်းထဲမှာ ယောက်ျားလေးချင်း ပြောလေ့ရှိတဲ့ ညစ်ညမ်းတဲ့ဟာသတွေ ထိကပါးရိကပါး လေယူလေသိမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားအမျိုးသမီးတွေအပေါ်မှာ ပြောဆိုဆက်ဆံတာတွေ၊ သူတို့ရဲ့ မရိုးသားတဲ့ ချဉ်းကပ်မှုတွေကို လက်သင့်မခံတဲ့ သူတွေကို အငြိုးထားပြီး အလုပ်တာဝန်တွေနဲ့ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေလုပ်တာ စတဲ့ ပုံစံကွဲကျူးလွန်မှုမျိုးတွေ အများကြီးရှိနေတာပါ။

ကျူးလွန်သူကို အရေးယူနိုင်ဖို့ထက် ကျူးလွန်ခံရသူ အမျိုးသမီးအပေါ် အပြစ်တင်တတ်တဲ့ လူ့ပတ်ဝန်းကျင်ကြောင့် အများစုက နှုတ်ဆိတ်နေလိုက်ကြသလို ကျူးလွန်သူ ပတ်ဝန်းကျင်နဲ့ ခပ်ခွာခွာနေလိုက်တဲ့နည်းမျိုးတွေကိုသာ ကျင့်သုံးလိုက်ကြတာ တွေ့ ရပါတယ်။

အဲဒီအတွေ့အကြုံဖြစ်ရပ်တွေထဲမှာ သတင်းဌာနတည်ထောင်သူ အိမ်ထောင်ရှိ အမျိုးသားတယောက်ဆီမှာ လက်ရောက်မှုကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးသတင်းသမားတဦးရဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားစရာကောင်းပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အထိုင်ချထားတဲ့ သတင်းဌာန ၂ ခု တွေ့ဆုံပြီး ရှေ့ဆက်ကြမယ့် အလုပ်ကိစ္စတွေကို စားသောက်ဆိုင်တခုမှာ စားကြသောက်ကြရင်း တွေ့ဆုံဆွေးနွေးကြပါတယ်။

ကျူးလွန်ခံရသူ အဲဒီအမျိုးသမီးရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ရုပ်သံသတင်းသမားတယောက်ဖြစ်တဲ့ မယုနွယ်*ရဲ့ ပြောပြချက်အရ အဲဒီလို ပြောဆိုဆွေးနွေးနေတုန်းမှာပဲ တဖက်သတင်းဌာန တည်ထောင်သူအမျိုးသားက စားပွဲဝိုင်း တဖက်ကို ရောက်ရောက်လာပါတယ်။

အဲဒီနောက် သူ့ပုခုံးကို ကိုင်ပြီး “ဒီကပြီးရင် ဟိုတယ်ကို သွားမယ်” ဆိုတဲ့ နှစ်ကိုယ်ကြားစကားကို ရုတ်တရက် ပြောလိုက်ပါတယ်။ ပုဂ္ဂိုလ်ရေးပတ်သက်မှုမရှိတဲ့ အိမ်ထောင်ရှိအမျိုးသား တယောက်က လုပ်ဖော်ကိုင်ဖက် တွေရှေ့မှာ ရုတ်တရက် စော်ကားခံလိုက်ရတဲ့အပေါ် ကြောက်စိတ်၊ ရှက်စိတ်နဲ့အတူ အဲဒီနေရာကနေ ချက်ချင်းဆိုသလို ထထွက်ခဲ့တယ်လို့ ကျူးလွန်ခံရသူရဲ့ အရင်းနှီးဆုံးမိတ်ဆွေတဦးက ပြောပြပါတယ်။

အရက်သောက်ထားတဲ့ အိမ်ထောင်ရှိယောကျာ်းတယောက်က လူရှေ့သူရှေ့မှာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုကို ထင်မှတ်မထားဘဲ ခံလိုက်ရတဲ့ အဲဒီအမျိုးသမီးဟာ လနဲ့ချီပြီး အိမ်ထဲကအိမ်ပြင် မထွက် တော့တဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ဖြစ်သွားစေခဲ့ပါတယ်။

“အဲဒီလူက ကျမသူငယ်ချင်းနားကိုကပ်လာပြီး ပုခုံးနဲ့ လက်ကိုကိုင်ပြီး ပြောတာ၊ ဘယ်လို စကားပြောပြီး လက်က ဘယ်အထိရောက်လာတယ်ဆိုတာမျိုး ပြောပြတယ်။ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားသွားရတာ။  ဖောက်လွဲ ဖောက်ပြန်လုပ်တတ်တဲ့ ယောကျာ်းမျိုးဆီမှာ ပစ်မှတ်ထားခံရတာကို သူ့ကိုယ်သူ မသန့်တော့ဘူးလို့ ခံစားခဲ့ရတယ်လို့ ပြောတယ်။ Counselling လည်း ယူရတယ်၊ အဲဒီ အကြောင်းတွေကို သူပြန်မပြောချင်တော့ဘူး၊ ကျမလည်း မမေးရက်တော့ဘူး။” လို့ ရုပ်သံသတင်းသမားတယောက်ဖြစ်တဲ့ မယုနွယ်*က သူငယ်ချင်းရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

အဲဒီလိုကျူးလွန်တဲ့သူဟာ လူ့အခွင့်ရေး၊ အမျိုးသမီးအခွင့်အရေး စတာတွေကို နားလည်သိရှိပြီးသား သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“လိင်အမြတ်ထုတ်တယ်ဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ သိတဲ့လူတွေက လုပ်တာ ဆိုးတယ်။” လို့ မယုနွယ်က ပြောပြပါတယ်။

ဒီလို အမျိုးသမီးတွေရဲ့ အရှက်တရားနဲ့ လူသိမခံချင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူတတ်တဲ့ ဒီလိုလူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ လမ်းကြောင်းတွေရှိသင့်တယ်လို့ ယူဆထားတဲ့ မယုနွယ် ကိုယ်တိုင်လည်း အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က သတင်းမီဒီယာဌာနတခုမှာ တာဝန်ထမ်းဆောင်ရင်း အလားတူ အတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးပါတယ်။

အဲဒီအတွေ့အကြုံတွေ မတိုင်ခင်က မြန်မာပြည်တွင်းမှာ လုပ်ကိုင်ခဲ့တဲ့ သူ့သတင်းသမားဘဝ တလျှောက် အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ သတင်းရှိရာ မြေပြင်ကို အကြိမ်ပေါင်းများစွာ အတူသွားလာ လုပ်ကိုင်ခဲ့ဖူးပေမယ့် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခံရတာမျိုး တကြိမ်တခါမှ မကြုံခဲ့ဖူးဘူးလို့ ဆိုပါတယ်။

“ယောကျ်ားလေးသတင်းသမားတွေနဲ့အတူ သွားလာရတယ်။ သူတို့ဟာ ကိုယ့်ကို မရိုးသားတဲ့စိတ်နဲ့ မျက်စောင်းတောင် မထိုးခဲ့ဖူးဘူး၊ အလုပ်အပေါ်မှာပဲ အာရုံစိုက်ကြတယ်။” လို့ မယုနွယ်က ပြောပြတယ်။

သူဟာ မြန်မာပြည်တွင်းမှာ ရုပ်သံသတင်းသမားလုပ်သက် ၇ နှစ်ရှိသူတယောက်ဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း လအတော်ကြာတဲ့အထိ မြန်မာပြည်တွင်းမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ သတင်းအလုပ်တွေ ဆက်လုပ်နေခဲ့ပါတယ်။

အဲဒီနောက် လုပ်ဖော်ကိုင်ဖက်အယ်ဒီတာတဦးကို စစ်ကောင်စီက ဖမ်းဆီးတာခံလိုက်ရပြီး လုံခြုံရေး အခြေအနေက စိန်ခေါ်မှုဖြစ်လာသလို ပြည်တွင်းမှာ ဆက်နေမယ်ဆိုရင် သတင်းဌာနအနေနဲ့လည်း တာဝန်ယူနိုင်မှုမရှိတဲ့အတွက် မိခင်သတင်းဌာနရှိရာ မဲဆောက်မြို့ကို ထွက်ခွာရပါ တော့တယ်။

မဲဆောက်မြို့မှာ အခြေစိုက်နေတဲ့ သူ့သတင်းဌာနကို ရောက်ရောက်ခြင်း တွေ့ကြုံလိုက်ရတဲ့ အခြေအနေတခုကို သူက အခုလို ပြောပြပါတယ်။

“ရောက်ခါစမှာ ရောက်ဖူးအောင်လိုက်ပို့တယ်ဆိုပြီး ကလပ်ခေါ်သွားတာမျိုးလုပ်တယ်။ ညီမက ဆူညံသံမကြိုက်တော့ အပြင်ထွက်နေရင် သူက အနားလာတယ်။ နောက် သူ့အမျိုးသမီးတွေ မကောင်းကြောင်းတွေပြောတယ်၊ သူက ပထမအမျိုးသမီးရှိပြီး အငယ်အနှောင်းနဲ့ ၂ ဖက်ခွနေတာ။ သူ့ကိုဘယ်လိုမြင်လဲဆိုတာမျိုးတွေ မေးတယ်၊ ညီမက အလုပ်လုပ်ဖို့လာတာဖြစ်လို့ ဘယ်လိုမှ မြင်စရာ မရှိကြောင်းပြောလိုက်တယ်။”

အဲဒီသတင်းဌာနဟာလည်း သတင်းမီဒီယာဖွံဖြိုးရေးအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းမီဒီယာတခုဖြစ်ပါတယ်။

အထောက်အထားမဲ့ နေထိုင်နေရတဲ့ မယုနွယ်ဟာ အဲဒီတိုက်ပိုင်ရှင်ကို အားကိုးအားထားပြုခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့အလုပ်တာဝန်တွေကို လုပ်ကိုင်နေချိန်မှာ ၂ ယောက်တည်း တွေ့ဖို့ ကြိုးစားတဲ့ အပြုအမူတွေကို ဆက်တိုက်လုပ်ခဲ့တဲ့အတွက် သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စတူဒီယိုထဲ တယောက်တည်း သတင်းဖတ်နေတုန်း ဝင်လာတာမျိုးတွေလုပ်တယ်။ သူ့အကြောင်း သိထားဖူးတော့ တံခါးတွေ ထဖွင့်လိုက်တာမျိုး၊ တံခါးနဲ့အနီးဆုံးမှာ နေတာမျိုး၊ အသံဖမ်းစက်ဖွင့်ထားတာမျိုး၊ လက်ထဲမှာ ဘောပင်န်ကိုင်ထားတာမျိုး၊ နောက် အဖော်မပါဘဲ စတူဒီယိုထဲ မသွားတော့တာမျိုးတွေ လုပ်ခဲ့ရတယ်။” လို့ တကိုယ်ရည်လုံခြုံရေးအတွက် သတိထားခဲ့ရပုံတွေကို သူက ပြန်ပြောင်းပြောပြပါတယ်။

နောက်ပိုင်းမှာတော့ သူထင်သလို ဖျားယောင်သိမ်းသွင်းလို့မရနိုင်တဲ့ အမျိုးသမီးတယောက်မှန်း သိလာချိန်မှာ မယုနွယ်ရဲ့ လုပ်ခလစာနဲ့ ခံစားပိုင်ခွင့်တွေကို မပေးတာ၊ နောက်ဆုံးမှာ အလုပ်က ထုတ်ပယ်တာ စတဲ့လုပ် ရပ်တွေကို လုပ်ဆောင်ခဲ့ပါတော့တယ်။

ရုတ်တရက်အလုပ်ထုတ်ခံရချိန်မှာ မယုနွယ်တယောက် နေစရာပျောက်သွားခဲ့ပြီး အဖွဲ့အစည်းတခုရဲ့ အကူအညီနဲ့ Safe House မှာ ယာယီခိုလှုံနေထိုင်ခဲ့ရပါတယ်။

အမျိုးသမီးသတင်းသမားတယောက်အနေနဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေက ဒါနဲ့တင် မပြီးဆုံးသေးပါဘူး။ မယုနွယ် ထပ်ပြောင်းလိုက်တဲ့ နောက်သတင်းဌာနတခုမှာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ထပ်ကြုံရပြန်တယ်လို့ ဆိုပါတယ်။

သတင်းဌာနတချို့မှာ အဲဒီလို အမျိုးသမီးသတင်းသမားတွေ ထိကပါးရိကပါး နှောင့်ယှက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အရေးတယူလုပ်ဆောင်မယ့်မူဝါဒတွေမရှိဘူးလို့ မဧကရီနဲ့ မယုနွယ်တို့က ထောက်ပြပါတယ်။

အကာအကွယ်ပေးထားတဲ့ မူဝါဒတွေမရှိသလို အထက်လူကြီးအများစုကလည်း အမျိုးသားတွေ ဖြစ်နေတဲ့အခါ ဖွင့်ဟတိုင်ပင်ရတာ အကန့်အသတ်ရှိတယ်လို့ သူတို့က ဆိုပါတယ်။

သက်တမ်းရင့် သတင်းဌာနတခုဖြစ်တဲ့ ဒီမိုကရက်တက်မြန်မာ့အသံ(DVB)ရဲ့ ရုံးပိုင်းဆိုင်ရာ အကြီးတန်း စီမံခန့်ခွဲရေး တာဝန်ရှိသူတဦးက “ ဒီလို ကျူးလွန်ခံနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေရင် ကြိုပြောဖို့ မနှောင့်နှေးစေချင်ဘူး၊ နစ်နာတဲ့ ကျား-မ ဘယ်သူမဆို Supervisor ကိုပြော၊ သူတို့အရေးမယူရင် တဆင့်ထပ်တက်ပါ။” လို့ အကြံပေးပါတယ်။ 

DVB ရဲ့ ရုံးတွင်း ဝန်ထမ်းလက်စွဲတွေမှာကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုအပြင် အခြားစော်ကားမှုတွေဖြစ်တဲ့ ဝန်ထမ်းရဲ့ လူမျိုး၊ လိင်ကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်၊ နိုင်ငံ ဒါမှမဟုတ် မျိုးရိုး၊ အိမ်ထောင်ရေးအခြေအနေ၊ လိင်စိတ်ခံယူမှု၊ အသက်၊ မသန်စွမ်းမှု ဒါမှမဟုတ် ဥပဒေနဲ့ကာကွယ်ထားတဲ့ အခြားလက္ခဏာတခုခုကို နှုတ်၊ အမူအယာ၊ ကိုယ်ထိလက်ရောက်လုပ်တာ စတဲ့လုပ်ဆောင်မှုတွေကို တားမြစ်ကန့်သတ်ထားတဲ့ မူဝါဒ တိတိကျကျရေးဆွဲထားတယ်လို့ သူက ပြောပါတယ်။

“တချို့အမျိုးသမီးတွေက သူတိုင်လိုက်ရင် သူများအလုပ်ထိခိုက်သွားမလားဆိုတာ တွေးပေးတတ်တယ်။ ဒါက ကောင်းတဲ့ စိတ်အခြေခံပဲ။ ဒါပေမဲ့ သူများကို ငဲ့ညှာတဲ့အတွက် ကိုယ်ပါနစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အမျိုးသမီးတွေအတွက် ဒီလိုကျူးလွန်ခံရရင် စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်ကုစားဖို့ ခက်တာမျိုးတွေ ကြုံရတတ်တယ်။” လို့ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံတချို့ကို ညှိနှိုင်းစေ့စပ်ပေးဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သူက ရှင်းပြတယ်။

အမျိုးသမီးဝန်ထမ်းတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်မှုတွေဟာ လုပ်ငန်းခွင်တိုင်း၊ နယ်ပယ်တိုင်းမှာ ရှိတတ်ကြပေမယ့် သတင်းမီဒီယာနယ်ပယ်မှာ ဖြစ်ပျက်နေတဲ့ ဒီလိုကျူးလွန်မှုမျိုးတွေကို အားကောင်းကောင်းနဲ့ ဝိုင်းဝန်းအရေးတယူလုပ်သင့်တယ်လို့  ၂၀၀၉ ကတည်းက သတင်းသမားအဖြစ်ရပ်တည်ခဲ့တဲ့ အမျိုးသားသတင်းသမားတဦးက ထောက်ပြပါတယ်။                           

"ဒီကိစ္စက လုပ်ငန်းနယ်ပယ်တခုလုံးကို ထိခိုက်စေတယ်။ ဒီလိုကျူးလွန်သူတွေ ခေါင်းထောင်မလာအောင် အားကောင်းကောင်းနဲ့ ဝိုင်းလုပ်သင့်တယ်။ ဒိုနာတွေအနေနဲ့လည်း ဒီလိုသတင်းစကားတွေကို နားစွင့်သင့် တယ်၊ ကိုယ် Report ကောင်းကောင်းရေးနိုင်ဖို့၊ အလုပ်ဖြစ်ဖို့လောက်ပဲ လုပ်မနေသင့်ဘူး။ မီဒီယာတွေကို အထောက်အပံ့ပေးရာမှာ ဒီအချက်တွေကို ထည့်တွက်ပြီး ပေးသင့်တယ်။" လို့ သူက ဆိုပါတယ်။

အမျိုးသားသတင်းသမားတယောက်အနေနဲ့ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးသတင်း ထောက်တွေရဲ့ ရင်ဖွင့်တဲ့ ဖြစ်ရပ်တွေကို သူကိုယ်တိုင်လည်း ကြားဖူးခဲ့တယ်လို့ ဆိုပါတယ်။

"အကြံပြုချင်တာက ရဲရဲတင်းတင်းထုတ်ပြောပါ။ ကျနော်တို့အလုပ်က ကိုယ့်အရည်အချင်းနဲ့ ကိုယ်လုပ်ကြတာ၊ သူများပေးစာကမ်းစာ စားနေရတဲ့လူတွေ မဟုတ်ဘူး။ ဒီနေရာမှာ မလုပ်ရရင် ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ တခြားဌာနတွေမျာ လုပ်လို့ရတယ်။" လို့ သူက အားပေးပါတယ်။      

အာဏာသိမ်းပြီးနောက်ပိုင်း အစီအစဉ်တင်ဆက်သူအဖြစ် သတင်းမီဒီယာလောကထဲကို ရောက်ရှိလာ ခဲ့တဲ့ မသိမ့်သိမ့်*က ဒီလို ကိုယ်ရေးကိုယ်တာထိပါး နှောင့်ယှက်ခံရတာမျိုးတွေကို မြန်မာအမျိုးသမီးတွေရဲ့ ဓလေ့နဲ့ အမူအကျင့်အရ ထုတ်ဖော်ပြောဆိုဖို့  ခက်ခဲရင်တောင် မတရားမှုတွေကို ဖော်ထုတ် ထုတ်ပြနေတဲ့ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေသူတွေက ထုတ်ပြောဖို့မသင့်ဘူးလားလို့ သူ့ကိုယ်သူ မေးခွန်းထုတ်ပါတယ်။

“ပါးစပ်၊ မျက်စိ၊ လက်နဲ့ အသားယူတာတွေက နေရာတိုင်းမှာ ကြုံနေကြတယ်။ တချို့လူတွေအတွက်က မေ့လိုက်လို့ရတယ်၊ တချို့လူတွေက မေ့မရဘူး။ တဘဝလုံးစာ စိတ်ဒဏ်ရာ ဖြစ်သွားနိုင်တယ်။ ဒီလိုကြုံလာရင် ချပြရဲဖို့ လိုတယ်၊ ထုတ်ပြောသင့်တယ်။ အရေးယူသင့်ရင် အရေးယူဖို့လိုတယ်။ တချို့ တိုက်တွေမှာ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူး။ ဒီဟာအပေါ်မှာ ငါတို့ပြောင်းလဲ ပစ်ရမှာဆိုတာမျိုး ရိုးရိုးသားသား မရှိကြဘူး။ ကိုယ်ဘယ်လို တည်မြဲအောင် နေမလဲဆိုတာမျိုးပဲ စဉ်းစားနေကြတယ်။” လို့ မသိမ့်သိမ့်က ပြောပါတယ်။

၂၀၂၃ ထဲမှာ Myanmar Women in Media(MWiM) က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ချင်းမိုင်မြို့မှာ ပြောင်းရွှေ့အခြေချနေထိုင်တဲ့ သတင်းသမားတချို့ကို တွေ့ဆုံပြီ သတင်းခန်းအတွင်း အမျိုးသမီး၊ အမျိုးသား ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်တဲ့ သုတေသန စစ်တမ်းအချို့ကောက်ယူခဲ့ပါတယ်။

အဲဒီ အသေးစားသုတေသန စစ်တမ်းတစောင်ကို Myanmar Women in Media(MWiM)က ပြီးခဲ့တဲ့ ၂၀၂၄ မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အမျိုးသမီးသတင်းသမားတွေဟာ လုပ်ငန်းခွင်အတွင်းဖြစ်စေ၊ အလုပ်နဲ့ ပတ်သက်တဲ့ တခြားအလွတ်သဘောလှုပ်ရှားမှုတွေမှာဖြစ်စေ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့ မလုံခြုံမှု အကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မေးမြန်းတောင်းဆိုခံရတာ၊ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို မလိုလားအပ်ဘဲစိုက်ကြည့်တာ၊ မလိုအပ်ဘဲ ထိကိုင်တာ၊ လိင်ဆက်ဆံဖို့ တောင်းဆိုတာ၊ အမျိုးသားတွေနဲ့အတူ ကွင်းဆင်းသတင်းရယူရေး ခရီးစဉ်တွေမှာ တခန်းတည်းအိပ်ရမယ့် အစီအစဉ် (သီးသန့်တည်းခိုစရာ မစီစဉ်ပေးတဲ့ ရုံးရဲ့စီမံခန့်ခွဲမှုကိုဆိုလို)တွေ၊ ဒါမှမဟုတ် မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ စကားပြောဆိုတာ စတဲ့ အခြေအနေတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားလုပ်ဖော်ကိုင်ဖက် အထက်အရာရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ သွေးတိုးစမ်းမှုတွေကို အမျိုးသမီးတွေက ငြင်းဆန်မယ်ဆိုရင် လစာလျှော့ချတာ၊ ရေးထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ဖော်ပြဖို့ငြင်းဆိုတာ၊ အလုပ်မထွက်မချင်း အနှောင့်အယှက်ပေးတာတွေ ခံရတဲ့အထိ ပုံစံအမျိုးမျိုးရှိတယ်လို့ သုတေသနက ဆိုပါတယ်။

တွေ့ရှိချက်တခုအရ မီဒီယာတိုက်တခုက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ အကြီးတန်းမန်နေဂျာတယောက်ကို အလုပ်က ထုတ်ပယ်မယ်လို့ တရားဝင် လူသိထင်ရှားထုတ်ဖော် ကြေညာခဲ့ပေမယ့် လက်တွေ့မှာ အဲဒီမန်နေဂျာကို အဆုံးရှုံးမခံနိုင်လောက်အောင် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ခန့်အပ်ထားခဲ့တဲ့ အခြေအနေတခုကိုလည်း စိုးရိမ်ဖွယ်တွေ့ခဲ့ရတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးသတင်းသမားတွေသာမက အမျိုးသားသတင်းသမားတွေပါ အများဆုံး ဖြေဆိုကြတဲ့ လိုအပ်ချက်တွေက မီဒီယာတိုက်တွေထဲမှာ တင်ပြတိုင်ကြားနိုင်မယ့် နည်းစနစ်တွေ ဖန်တီးပေးဖို့၊ လွတ်လပ်တဲ့ ပြင်ပက စေ့စပ်ညှိနှိုင်းပေးသူထားရှိဖို့နဲ့ မီဒီယာတိုက်တွေကို ရန်ပုံငွေပံ့ပိုးပေးတဲ့ အလှူရှင်တွေကတဆင့် အရေးယူနိုင်တဲ့ နည်းလမ်းတွေ ဖန်တီးဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒုတိယ အများဆုံးတောင်းဆိုတဲ့အချက်က မီဒီယာတိုက်တွေကို အလှူရှင်တွေဘက်က မူဝါဒတွေ ဖန်တီးပြီး အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် ကျူးလွန်သူတွေကို အလုပ်ထုတ်ပြီး ထုတ်ဖော်တိုင်ကြားသူကို ကာကွယ်ပေးဖို့ ဆိုတဲ့အချက်တွေ လိုအပ်နေတယ်လို့ ထောက်ပြထားတာတွေ့ရပါတယ်။

မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ - Myanmar Women in Media (MWiM) - တည်ထောင်သူ တဦးကတော့ သတင်းလုပ်ငန်းခွင်ထဲမှာ ဂျန်ဒါ(Gender)ဆိုင်ရာ မူဝါဒတွေကို ချမှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကား အကြမ်းဖက်ခံရတာမျိုး ကြုံလာပါက တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ထားဖို့လို တယ်လို့ အကြံပြုပါတယ်။

အဲဒီလို အရေးယူပေးနိုင်တဲ့ လုပ်ငန်းစဉ်၊ ယန္တယားတွေမရှိတဲ့ သတင်းမီဒီယာတိုက်တွေက အမျိုးသမီးတွေ တိုင်ကြား နိုင်အောင်လို့လည်း မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ - Myanmar Women in Media (MWiM)က တိုင်ကြားနိုင်တဲ့ ယန္တယားတခု ဖော်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“လွတ်လပ်သောသတင်းမီဒီယာကောင်စီ (IPCM)နဲ့ ချိတ်ပြီး Sexual Harassment နဲ့ ပတ်သက်လို့ တိုင်ကြားလို့ရတဲ့ ယန္တယားတခု ဖော်ဆောင်သွားဖို့ရှိတယ်။” လို့  MWiM တည်ထောင်သူတဦးက ပြောပါတယ်။

အမျိုးသမီးသတင်းသမားတွေရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ကျူးလွန်မှု တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှုဝါဒတွေရှိလဲဆိုတာ သတင်းမီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းတခုဖြစ်တဲ့ International Media Support(IMS) ကို မြေလတ်အသံ အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

IMS ဟာ မြန်မာသတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့အစည်းတွေထဲက တခုဖြစ်ပါတယ်။

IMS နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ IMS ရန်ပုံငွေရရှိထားတဲ့ အဖွဲ့အစည်းတွေထဲက သတင်းသမားအမျိုးသမီးတဦးဦးက စိတ်ပိုင်းရုပ်ပိုင်း အနိုင်ကျင့်ခံရမှုတွေ ကြုံလာရင် သတင်းပေးပို့တိုင်ကြားနိုင်တဲ့ မူဝါဒတွေရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီလို ကျူးလွန်ခံရတာတွေနဲ့ပတ်သက်လို့ ကာယကံရှင် မြန်မာသတင်းသမားတွေဆီကနေ တရားဝင် တိုင်ကြားခံရတာမျိုးတွေ တကြိမ်မှ မရှိခဲ့သေးဘူးလို့ သိရပါတယ်။ 

သတင်းမီဒီယာလုပ်ငန်းခွင်တွေထဲမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမော်ကား ပြုခံရခြင်းတွေ အတွက် ထုတ်ဖော်တိုင်ကြားရင်တောင် အရေးတယူလုပ်ပေးမယ်လို့ မဧကရီတယောက် မယုံကြည်ရဲတာကို တွေ့ရပါတယ်။ 

“ဒိုနာ(ထောက်ပံ့သူ)တွေလည်း မသိတာမဟုတ်၊ သိတာပဲ။ ကိုယ်က ထုတ်ပြောတာ၊ တိုင်တာမျိုးလုပ်လည်း လုပ်မောကြီး ဖြစ်မယ်ဆိုတာ သိတယ်။ ကိုယ်က မတိုင်ရခင် ကျူးလွန်တဲ့လူက ဒိုနာဆီကိုအရင် ဆက်သွယ်ပြီး သူ့မှာ ဒီလိုပါစင်နယ် ကိစ္စဖြစ်သွားတယ်၊ အလုပ်ကို ထိခိုက်နိုင်လားလို့ မေးတော့ ဒိုနာအဖွဲ့အစည်းက ဒါက ပါစင်နယ်ကိစ္စဖြစ်လို့ အလုပ်နဲ့ မဆိုင်ကြောင်း ပြောလိုက်တယ်လို့ ပြန်သိရတယ်။” လို့ မဧကရီက သူ့အတွေ့ အကြုံပေါ်မူတည်ပြီး ပြောပြပါတယ်။

မယုနွယ်ကတော့ ကျူးလွန်သူက မရှက်ဘဲ၊ ကျူးလွန်ခံရသူက ရှက်ရ၊ မိန်းကလေးဖြစ်လို့ ဖုံးဖိ သိုသိပ်နေရ တာတွေကို ကျော်လွှားပြီး ရင်ဆိုင်နေရတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့နည်းကို သူကိုယ်တိုင်လည်း ကျင့်သုံးသလို နယ်ပယ်တူ အမျိုးသမီးသတင်းမီဒီယာ ပရော်ဖက်ရှင်နယ်တွေကို အားပေးပါတယ်။

သတင်းလောကထဲကို ရောက်လာတဲ့ အမျိုးသမီးတွေဟာ သာမာန်အမျိုးသမီးတွေထက် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို တဆင့်ကျော်လွန် အသိအမြင်ရှိသူတွေဖြစ်လို့ ကိုယ်တိုင်ကြုံရတဲ့ မတော်မတရား ကျူးလွန်ခံရတာမျိုးတွေကို ထုတ်ဖော်ပြောဆိုပြီး အရေးယူနိုင်အောင်လုပ်ဖို့ သူက ဆိုပါတယ်။

“ခံရရင် မရှက်ပါနဲ့၊ ကိုယ့်စိတ်ကို အရှင်းဆုံး ဖြစ်အောင်လုပ်၊ ပွင့်ပွင့်လင်းလင်းထုတ်ပြော၊ မကြောက်နဲ့၊ နာမည်ထုတ်ပြောရတယ်ဆိုရင်တောင် ရှက်ရမှာက ငါတို့ မဟုတ်ဘူး၊ သူကျူးလွန်တာဖြစ်လို့ သူရှက်ရမှာလို့ သဘောထား။” လို့ မယုနွယ်က ပြောပါတယ်။

*အမည်လွှဲ

မြေလတ်အသံ

#ဆောင်းပါး #သတင်းခန်း #အမျိုးသမီး #Sexual_Harassment

 
***မြေလတ်အသံ စာမျက်နှာမှကူးယူဖော်ပြသည်။

Wednesday, January 1, 2025

ကြွေလွင့်... ၂၀၂၄ 😭

 ▪️ ကြွေလွင့်... ၂၀၂၄




၂၀၂၄ ခုနှစ်အတွင်းကွယ်လွန်သွားခဲ့သော နိုင်ငံရေး၊ စာပေ၊ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ သဘင်စည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူပုဂ္ဂိုလ်များကို လအလိုက် စုစည်းတင်ပြထားပါသည်။


မာမာအေး (တေးသံရှင်)


ဂန္ထဝင်တေးသံရှင် ဒေါ်မာမာအေးသည် အသက် (၈၂)နှစ်အရွယ် ဇန်နဝါရီလ ၉ရက်၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။ အသက်ရှစ်နှစ်အရွယ်မှစ၍ ဂီတလောကထဲရောက်ရှိခဲ့ပြီး မေ့ကွက်ကိုရှာ၊ မောင့်အချစ်မြှားစူး၊စန္ဒကိန္ဒရီစသည်တို့သည် မာမာအေး၏နာမည်ကျော် တေးသီချင်းများဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ထွက်ခွာခဲ့ပြီး မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သဖြင့် မာမာအေး၏သီချင်းများကို မြန်မာပြည်တွင်ထုတ်လွှင့်ခြင်းမပြုရန် စစ်အစိုးရကပိတ်ပင်ခဲ့သည်။


မောင်မောင်ကြီး (တေးသံရှင်)


ဂန္ထဝင်ဂီတတေးသံရှင် မောင်မောင်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်တွင်ကွယ်လွန်သည်။ အဆိုတော်မောင်မောင်ကြီးသည် ၁၉၄၇ ခုနှစ်မှစ၍ ဂီတလောကထဲစတင်ဝင်ရောက်ခဲ့ပြီး အကျည်းတန်ချစ်သူ၊ သစ်ခြောက်ပင်အောက် ပန်းကောက်သူ တေးများနှင့် ကျော်ကြားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၃)နှစ်ရှိပြီဖြစ်သည်။


ဟိန်းမြတ်ဇော် (ကဗျာဆရာ)


ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သည့် ကဗျာဆရာဟိန်းမြတ်ဇော်သည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၁)ရက်တွင် ကွယ်လွန်ခဲ့သည်။ အသက်(၅၄)နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည့် ကဗျာဆရာဟိန်းမြတ်ဇော်သည်  ၁၉၉၁ခုနှစ်မှစ၍ မဂ္ဂဇင်းများတွင် ကဗျာများစတင်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်ထိ ကဗျာပုဒ်ရေ(၅၀၀)ခန့်ရေးသားခဲ့ပြီးတစ်ကိုယ်တော်လုံးချင်းကဗျာစာအုပ် (၄)အုပ်ထုတ်ဝေခဲ့သည်။


ဉူးညေယျဓမ္မ (မဟာဗောဓိမြိုင် ဆရာတော်)


မဟာဗောဓိမြိုင်ဆရာတော် ဉူးညေယျဓမ္မသည် သက်တော်(၈၂)နှစ်၊ ဝါတော်(၄၅)ဝါအရ ၂၀၂၄ ခုနှစ်၊ဧပြီလ ၃၀ရက်တွင် ဘဝနတ်ထံပျံလွန်သည်။ ဆရာတော်သည် ရဟန်းဘဝသို့စတင်ဝင်ရောက်ချိန်မှစ၍ ပျံလွန်ချိန်ထိ လူသူမနီးတောအုပ်ထဲတွင် သီတင်းသုံးအားထုတ်ခြင်း၊ နယ်စပ်ဒေသကျေးရွာများတွင် ဗုဒ္ဓသာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းကြောင့် ထင်ရှားခဲ့သည်။


R ခေါင်လွန်း (KIA စစ်ဦးစီးချုပ်)


ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် 

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင်ကွယ်လွန်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းသည် KIAစစ်ဦးစီးချုပ်တာဝန်သာမက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အမှတ်(၁)စစ်ဒေသမှူးအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝက မွန်းအောင်၏ ၈/၈၂တေးစီးရီးတွင် ဘေ့စ်ဂီတာတီးခက်ခဲ့သူ ဖြစ်သည်။


စိုးနိုင် (ပန်းချီ)


မော်ဒန်အနုပညာရှင် ပန်းချီစိုးနိုင်သည် အသက်(၆ ၄)နှစ်အရွယ် ၂၀၂၄ခုနှစ် မေလ(၁၅)ရက်တွင်ကွယ်လွန်ခဲ့သည်။ မြန်မာမော်ဒန်ပန်းချီလောကတွင် New Figurativeအဖြစ်ထင်ရှားသည် ပန်းချီစိုးနိုင်သည် NICA (Networking & Initiative for Culture & the Arts) က ပေးအပ်သည့် Artist in Residency ကိုရရှိခဲ့ပြီးပြည်တွင်း တကိုယ်တော်ပန်းချီပြပွဲပေါင်း ၂၀ ကျော်၊ပြည်ပပန်းချီပြပွဲ ၆ကြိမ်ထက်မနည်း ပြသခဲ့သည်။


သားဦး (ကဗျာဆရာ)


မကွေးမြို့အခြေစိုက် ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သည့် သားဦးသည် အသက်(၄၄)နှစ်အရွယ်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ရက်တွင်ကွယ်လွန်သည်။ သားဦးသည် ကဗျာများစွာအပြင် ဝတ္ထုတို၊အက်ဆေး၊ပန်းချီစသည်တို့ကိုလည်း ဖန်တီးခဲ့ပြီး လုံးချင်းစာအုပ်(၆)အုပ်ထုတ်ဝေခဲ့ကာ အလယ်ရိုးမကဗျာဆုအပါအဝင် ကဗျာစာပေဆုသုံးဆုရရှိခဲ့သည်။


တင်ဆွေမိုး (စာရေးဆရာ)


စာကြည့်တိုက်ပညာရှင် စာရေးဆရာတင်ဆွေမိုးသည် အသက်(၇၆)နှစ်အရွယ် မေလ၁၉ရက်၊ ၂၀၂၄တွင် ကွယ်လွန်ခဲ့သည်။ တင်ဆွေမိုးကလောင်အမည်၊ မြင့်ဆွေဦးကလောင်အမည်များဖြင့် စာအုပ် 

ပေါင်း၂၀ခန့်ထုတ်ဝေခဲ့ပြီး မိုးဝေမဂ္ဂဇင်းတွင်လည်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံကာလ  ဒေါ်အောင်ဆန်းစုကြည်၏ရုံးအဖွဲ့တွင် ပါဝင်ခဲ့သဖြင့် အစိုးရဝန်ထမ်းရာထူးမှရပ်စဲခံရပြီး ဖမ်းဆီးခံခဲ့ရသည်။


ဝိုင်းကျော် (လူရွှင်တော်)


နာမည်ကျော် ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝိုင်းကျော်သည် အသက် (၃၈)နှစ်အရွယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၂ရက်တွင် မဲဆောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ဟားငါးကောင်လူရွှင်တော်အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ပြီး တော်လှန်ရေးရန်ပုံငွေအစီအစဉ်များတွင် တင်ဆက်ဖျော်ဖြေခဲ့သည်။


ဦးတင်ဦး (NLD ပါတီနာယက)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် အသက် ၉၈နှစ်အရွယ် ၂၀၂၄ ခုနှစ် ဇွန်လ ၁ရက်တွင် ကွယ်လွန်ခဲ့သည်။ ဦးတင်ဦးသည် ဂျပန်ခေတ်ကတည်းက တပ်မတော်သို့ဝင်ရောက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေး၊ တရုတ်ဖြူကျူးကျော်မှုတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ၁၉၇၄မှ ၇၆အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပြီး ဗိုလ်နေဝင်း၏အနားပေးခြင်းခံရသည်။ ၁၉၈၈တွင် NLDပါတီကို "အောင်-စု-တင်"အုပ်စုများဖြင့်စတင်ထူထောင်ခဲ့သူများထဲမှတဦးဖြစ်သည်။ ပါတီဥက္ကဌတာဝန်ကိုလည်း တစ်နှစ်ကျော်ဆောင်ရွက်ခဲ့သည်။


ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ (ဝင်းနိမ္မိတာရုံဆရာတော်)


ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ရက်တွင် လမ်းခရီးအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခက်မှုကြောင့် ဘဝနတ်ထံပျံလွန်သည်။ ဆရာတော်အားပစ်ခက်မှုကို စစ်တပ်က အစပိုင်းတွင် လိမ်ညာခဲ့သော်လည်း မျက်မြင်သက်သေများ၏ရှင်းလင်းမှုကြောင့် နောက်ပိုင်းတွင်ဝန်ခံခဲ့ရသည်။ စာချစာသင်အရာတွင် နာမည်ကျော်ပြီး ကျမ်းပေါင်း၆၀နီးပါးပြုစုခဲ့သော ဆရာတော်သည် ပျံလွန်တော်မူချိန် သက်တော်(၇၈)နှစ်၊ဝါတော်(၅၈)ဝါရှိပြီဖြစ်သည်။


ဦးသန်းဦး (ပညာရေးပညာရှင်)


မြန်မာ့ပညာရေးဆိုင်ရာ စာပေများစွာရေးသားခဲ့သည့် သုတေသီ ဆရာကြီးဦးသန်းဦးသည် အသက် (၉၇ )အရွယ် ၂၀၂၄ခုနှစ်၊ဇွန်လ၂၃ရက်တွင် ကွယ်လွန်သည်။ အဆင့်မြင့်ပညာဦးစီးဌာနတွင်ညွှန်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့သူ ဦးသန်းဦးသည် စာမတက်သူပပျောက်ရေး "အသုံးလုံးစီမံကိန်း"ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတက္ကသိုလ်က လူထုအကျိုးပြုစာပေပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။


စိုင်းဆိုင်မောဝ် (အဆိုတော်)


ရှမ်းတိုင်းရင်းသား နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် စိုင်းဆိုင်မောဝ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်တွင် ကွယ်လွန်ခဲ့သည်။ "တစ်ရွာသားနဲ့ပုဝါပါး"၊ "ချယ်ရီသက်သေမောင့်မျက်ရည်"၊ "မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ"စသည့် တေးသီချင်းများဖြင့် ကျော်ကြားခဲ့သော စိုင်းဆိုင်မောဝ်သည် ကွယ်လွန်ချိန်တွင်အသက်(၇၇)နှစ်ရှိပြီဖြစ်သည်။


နော်စီဖိုးရာစိန် (KNU ဒုဥက္ကဌဟောင်း)


ကရင်အမျိုးသားအစည်းရုံး KNU၏ ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန်သည် အသက် ၆၉နှစ်အရွယ် ၂၀၂၄ခုနှစ် ဇူလိုင်လ၂၄ရက်တွင်ကွယ်လွန်ခဲ့သည်။ အနှစ်၇၀ ကျော် KNU သက်တမ်းတလျှောက်တွင် အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဌစသည့် ခေါင်းဆောင်ပိုင်းနေရာကို အမျိုးသမီးထဲမှ ပထမဆုံးရယူခဲ့သူဖြစ်သည်။ KNUဗိုလ်ချုပ်ကြီးဟောင်း တာမလာဘော၏သမီးဖြစ်ပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်(WON)က ပေးအပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။


ဦးစိုင်းလင်း (မိုင်းလား NDAA ဥက္ကဌ)


အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့၏ ဥက္ကဌ ဦးစိုင်းလင်းသည် အသက်(၇၆)နှစ်အရွယ် ဩဂုတ်လ ၇ရက်၊ ၂၀၂၄တွင်ကွယ်လွန်သည်။ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၈၁၅ စစ်ဒေသခေါင်းဆောင်ဖြစ်ပြီး ဗကပပုန်ကန်မှုတွင်ပါဝင်ခဲ့ပြီးနောက် မိုင်းလားကိုအခြေပြု၍ အထူးဒေသ(၄)ကိုထူထောင်ကာ စစ်တပ်နှင့်ငြိမ်းချမ်းရေးယူခဲ့သည်။


ဖေမောင်စိမ်း (မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ)


မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းသည် ဩဂုတ်လ ၁၉ရက်၊ ၂၀၂၄တွင်ကွယ်လွန်ခဲ့သည်။ စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် နံရိုးကျိုးသည်အထိ ဒဏ်ရာပြင်းထန်စွာရခဲ့သည်။ ထိုဒဏ်ရာများကြောင့်ပင် အရိုးကင်ဆာရောဂါရခဲ့ပြီး လွတ်ရက်စေ့ပြီး သုံးရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကာတွန်းဆရာကြီးဦးဖေသိန်း၏သားဖြစ်သူ ကိုဖေမောင်စိမ်းသည် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းတွင် နာမည်ကျော်မှတ်တမ်းရုပ်ရှင်များစွာရိုက်ကူးခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀)ရှိပြီဖြစ်သည်။


ဒေါက်တာဇော်မြင့်မောင် ( NLDပါတီ ဒုဥက္ကဌ)


NLDပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အသက်(၇၃)နှစ်အရွယ် ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၇ရကျတှငျ ကွယ်လွန်ခဲ့သည်။ နဝတစစ်အစိုးရလက်ထက် ၁၉နှစ်နီးပါးအကျဉ်းကျခဲ့သူ ဆရာဝန်နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀၊၂၀၁၂၊၂၀၁၅နှင့်၂၀၂၀ ရွေးကောက်ပွဲများ၏ အနိုင်ရလွှတ်တော်အမတ်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ဖမ်းဆီးခံရပြီး မတရားစွပ်စွဲပုဒ်မများဖြင့် ၂၉နှစ်ထောင်ဒဏ်ချခံရသည်။ အကျဉ်းထောင်အတွင်းကျန်းမာရေးဆိုးရွားလာသဖြင့် မန္တလေးဆေးရုံကြီးတွင်ပြောင်းရွှေ့ကုသခဲ့ရာ စစ်တပ်ကလွတ်ငြိမ်းခွင့်ပေးပြီးနာရီပိုင်းအကြာတွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်၏စျာပနကို မန္တလေးပြည်သူလူထုသိန်းနှင့်ချီ၍ တက်ရောက်ပို့ဆောင်ခဲ့ကြသည်။


ခင်ဇော်မြင့် (ကဗျာဆရာ)


မန္တလေးမြို့အခြေစိုက် ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သူ ခင်ဇော်မြင့်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်တွင်ကွယ်လွန်သည်။ ၁၉၉၆ ခုနှစ်မှစ၍ မဂ္ဂဇင်းများတွင် ကဗျာများစတင်ဖော်ပြခံရသည့် ကဗျာဆရာခင်ဇော်မြင့်သည် အလယ်ရိုးမကဗျာဆုအပါအဝင် ကဗျာစာပေဆု(၇)ဆုရရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်ရှိပြီဖြစ်သည်။


ဦးဝင်းခိုင် (ဝန်ကြီးဟောင်း)


NLDအစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဦးဝင်းခိုင်သည် အသက်(၇၄)နှစ်အရွယ် နိုဝင်ဘာလ(၈)ရက် ၂၀၂၄တွင်ကွယ်လွန်ခဲ့သည်။အာဏာသိမ်းပြီးနောက်စစ်တပ်က ဦးဝင်းခိုင်ကိုဖမ်းဆီးပြီး အဂတိလိုက်စားမှုပုဒ်မများဖြင့် စွပ်စွဲကာထောင်ဒဏ် ၂၈နှစ်ချမှတ်ခဲ့သည်။အကျဉ်း ထောင်အတွင်း ကျန်းမာရေးဆိုးရွားလာသဖြင့် မန္တလေးဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ရပြီးအောက်တိုဘာလ၂၈ရက်တွင် စစ်တပ်ကလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ဦးဝင်းခိုင်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဥက္ကဌဟောင်းလည်းဖြစ်သည်။


ကိုမြတ်စံ(သုံးရောင်ခြယ်)


နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ်များစွာကျခံခဲ့သည့် သုံးရောင်ခြယ်လူငယ်အဖွဲ့ဝင် ကိုမြတ်စံသည် အသက်(၅၉)နှစ်အရွယ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင်ကွယ်လွန်သည်။ ကိုမြတ်စံသည် ၁၉၈၈ အရေးတော်ပုံကာလများ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။


မင်းချမ်းမွန် (စာရေးဆရာ)


ရသအက်ဆေးများဖြင့်ထင်ရှားသည့် စာရေးဆရာ မင်းချမ်းမွန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရကိတွင်ကွယ်လွန်ခဲ့သည်။ ဆရာမင်းချမ်းမွန်သည် ၁၉၉၀နှင့် ၁၉၉၂တွင် စာပေဗိမာန်စာမူဆုများနှင့် ၂၀၁၈တွင် အမျိုးသားစာပေဆုများရရှိခဲ့ပြီး မဂ္ဂဇင်းများတွင်လည်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် (၈၀)နှစ်ရှိပြီဖြစ်သည်။


#ကြွေလွင့်၂၀၂၄

#ဆီသို့ #Towards

Saturday, December 14, 2024

Leslie Cheung(1956-2003)

 



ဟောင်ကောင်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာဆိုရင် ဂျက်ကီချန်း | ဘရုစလီ | ချောင်ယွန်ဖတ် | အန်ဒီလူ | ဒိုနီယမ် | တိုနီလျောင် |ဂျက်လီ အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကို ဒီမှာ လူသိများပေမယ့် ကျနော့်အနေနဲ့တော့ သူ့အကြောင်းတွေကို သိရချိန်မှာ သတိရ နှမြောတသဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ လပ်စ်လီ ချောင်ဆိုတဲ့ သရုပ်ဆောင်ကိုပဲ ဖြစ်ပါတယ်။


    ကိုယ်တွေရင်းနှီးခဲ့တဲ့ ရုပ်ရှင်တွေက ဂျက်ကီချန်း ဂျက်လီတို့က များခဲ့တော့ လပ်စ်လီချောင် ရုပ်ရှင်တွေကို သိပ်ကြီး မျက်မှန်းမတန်းမိခဲ့ပါဘူး။ A Better Tomorrow လောက်မှာပဲ ရင်းနှီးခဲ့တယ် ဆိုရမှာပေါ့။ နောက် လွယ်လင့်တကူ လက်လှမ်းမှီလာ။ ဒရာမာရုပ်ရှင်တွေကို သဘောကျလာတဲ့ အရွယ်ရောက်လာတော့မှသာ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို တရုတ်ထိပ်တန်းရုပ်ရှင်တွေမှာ တွေ့လာရတော့မှ သူဟာ 85ဝန်းကျင်ကနေ ကိုးဆယ်ကျော်နောက်ပိုင်းအထိ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တစ်ဦးဆိုတာ သိခဲ့ရတယ်။ အချက်အလက်တွေအရ ပြောရရင် သရုပ်ဆောင် အနေအထားထက် အဆိုပိုင်းမှာ ပိုပြီးအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပေါ့။


  ဝမ်ကွာဝေရဲ့ ရုပ်ရှင်တွေမှာလည်း သူ့ရဲ့သရုပ်ဆောင်မှု တွေကိုလည်း မြင်ရမယ် ။Happy Together |Days Of Being Wild | Ashes of Time  တို့ ။ အော်စကာဆန်ကာတင်တဲ့အထိ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာဆုတွေတသီကြီးရတဲ့ Farewell My Concubineတို့မှာ သူ့ရဲ့လတ်ဆတ်လှတဲ့အကောင်းစားသရုပ်ဆောင်မှု တွေကို မှတ်ကျောက်တင်ခဲ့ကြရတယ်။ ကိုယ်တွေသတိရမိတဲ့ရုပ်ရှင်ကတော့ A Chinese Ghost Story ပဲ ဖြစ်ပါတယ်။ တကယ်ကို တမလွန်နယ်ခြားက တစ္ဆေမလေးကြာပန်းဖြူ ကို ကိုယ်တိုင်ပါချစ်မိသွားခဲ့ရ လွမ်းခဲ့ရတဲ့အထိ ဖမ်းစားနိုင်ခဲ့တယ်။


     အနုပညာမြောက်မှတ်ကျောက်တင်နိုင်ခဲ့တဲ့ဖလင်တွေကိုပဲ အဓိကထား ပါဝင်ခဲ့ဖူးတဲ့ သူ့အနေနဲ့ ဘဝမှာ ဘာတွေနာကျင်စရာ ရှိမှာလဲလို့ တွေးမိနိုင်စရာ ရှိကောင်းရှိနိုင်ပါတယ်။ တရုတ်နှစ်တရာရုပ်ရှင်သမိုင်းထဲမှာတယောက်အပါအဝင်အဖြစ်စံပြုခံရတယ်။ အထင်ရှားဆုံး ဂီတပညာရှင်တစ်ယောက်အဖြစ် ထာဝရရှိရစ်သူလို့ ဂုဏ်ပြု ခံရတယ်။ CNNရဲ့ ထင်ပေါ်ကျော်ကြားမှု အရှိဆုံး ဂီတပညာရှင် တယောက်အဖြစ် 2010 မှာပဲ Michael Jackson ၊ The Beatles အဖွဲ့နဲ့ တတန်းတည်း ရွေးချယ်ပေးခြင်း ခံရတယ်။ ပြီးတော့  အာရှရဲ့ထိပ်တန်းသရုပ်ဆောင်25ယောက်ထဲက တယောက်အဖြစ် လည်း မှတ်ကျောက်ပြု ခံခဲ့ရပါတယ်။ 


  ခုလို ကမ္ဘာနဲ့ချီပြီး ထင်ရှားခဲ့တဲ့ လပ်စ်လေရဲ့ ဘဝလမ်းဟာ ဖြောင့်စင်းလွယ်ကူမယ်လို့ မှတ်ထင်ကြပါသလား။ သူ့ကိုယ်ထဲကို ရောက်သွားတဲ့ မိစ္ဆာနတ်ဆိုးဟာ ခွင့်မပြုပါဘဲ ခိုင်မြဲစွာ နှောင်အိမ်ဖွဲ့ခဲ့ပြီး တရစ်ပြီးတရစ် ထိုးသွင်း နာကျင်စေခဲ့တယ် ။ ဒါဟာ ကျနော်တို့ မြင်ရတဲ့ မှုန်သီဝေ့ဝါးနေတဲ့ နှင်းဆွတ်ရည်များနဲ့ ပြည့်ဝပ်နေတဲ့ မှန်ပြတင်းကို မြင်ရသလို ဖြစ်မယ်တူပါရဲ။ သူပါဝင်ခဲ့တဲ့ Days Of Being Wild မှာ မောင်းမငယ်သို့ နှုတ်ဆက်ခြင်းမှာ Happy Together မှာ ။ သူသွန်ချလိုတဲ့ လက်တွေ့ဘဝက ပျော်ရွှင်မှု မပျော်ရွှင်မှုတွေဟာ အဲဒီ ရုပ်ရှင်ထဲမှာ ထင်ရှားစွာ တွေ့ရတယ်။ ဒီဇာတ်ကောင်တွေထဲကို ဝင်စားနိုင်ခဲ့ဖို့ အတွက် သူ့နှလုံးသားတွေမှာ ကားအင်ဂျင်ရှေ့က ဖုန်စစ်ရတဲ့ ( Air Cleaner ) စက်တလုံးလိုမျိုး ဘယ်မျှအထိ အဲဒီသောကတွေ ၊ ဒဏ်ရာတွေကို ခါခါသွန်ချခဲ့ရမလဲ မသိ ၊ ဒဏ်ရာတွေ ၊ မိမိရဲ့တကိုယ်ရည် မပျော်ရွှင်မှုတွေကို တခမ်းတနား မွေးမြူရတာ ၊ ဒါကို အထပ်ထပ်ရစ်လွယ်ပြီး သူ့မျက်နှာနုနုကလေးပေါ်က မျက်ဝန်းအိမ်များထဲမှာ ၊ နှုတ်ခမ်းနီမတွေအသည်းစွဲကြတဲ့ နှုတ်ခမ်းကလေးပေါ်မှာ ပုံဖော်ရေးချယ်ရတာ အတိုင်းအဆမဲ့ နာကျင်ရမှာပဲ လေ။ ‌ဒါတွေကို ကျနော်တို့ ရှု့စားသူ ပရိသတ်တွေ မမြင်နိုင်။ သူ့ရဲ့ ပကတိဖြစ်အင်အတွက် ဝင်ရောက်ခံစားမပေးနိုင်။ အနုပညာနဲ့ဘဝကို အသက်မွေးဝမ်းကြောင်းပြုသူဟာ အခကြေးငွေပေးပြီး ခံစားကြတဲ့ ပရိသတ်များအလိုကျ ပီပြင်အောင် ဖျော်ဖြေပေးရမှာပဲ မဟုတ်လား။


လပ်စ်လေရဲ့ နှလုံးအိမ်တနေရာမှာ ဘယ်လိုမီးအိမ်မျိုးပဲ ထွန်းပေးပေး အမြဲမှောင်အတိကျနေတဲ့ အခန်းတခု ရှိနေခဲ့ပါတယ်။ လူလတ်တန်းစားမိသားစုကနေ မွေးဖွားကြီးပြင်းလာခဲ့တဲ့သူ့မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး ဦးဆုံးစိတ်ဝင်စားမှုဖြစ်စေတာက သူ့ဖခင် စက်ချုပ်သမားကြီးဆီက။ ဒါပေမဲ့ ဖခင်ဖြစ်သူဆီက ဒီလို အဝတ်အစား ပုံဖော်ချုပ်လုပ်ပုံတွေကို ဝင်စားကူးစက်စေတာကလွဲလို့  သူ့အတွက်တော့ နတ်ဆိုးတောင် အရှင်သခင်ကြီးပဲ။ ‌ဒေါသကြီးပြီး အမြဲရန်လိုနေတဲ့ အသွင်ဖြစ်နေတဲ့ သူဟာ မိခင်ဖြစ်သူကိုလည်း မျက်စိရှေ့မှောက်မှာလည်း ရိုက်ပုတ်နှိပ်စက်ပုံရသလို အိမ်ထဲက ဆွေမျိုးသားချင်းတွေကလည်း အမြဲတမ်း တကျက်တကျက် ဖြစ်နေကြတယ် ။ ဒီလို ဘဝမျိုးထဲမှာ သူ့အတွက် နွေးထွေးပျူငှာတဲ့ စိတ်ခံစားမှုတွေ အစား ဒဏ်ရာတွေ ၊ ဝမ်းနည်းခြင်းတွေ တသီတတန်းနဲ့ပဲ ကြီးပြင်းရင်း ငယ်ဘဝဟာ နာကျင်မှုတွေနဲ့ပဲ ပြီးမြောက်သွားတယ်။ အဆိုးဆုံးကတော့ ဖခင်ကြီးဟာ မိခင်ကို ထားပစ်ခဲ့ပြီးတော့ နောက်အိမ်ထောင် ပြုလိုက်တာပဲ။ ခိုကိုးရာမဲ့သွားတဲ့ သူ့မှာ အဖွားဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ရတယ်။ ဒါဟာ လပ်စ်လီရဲ့ ကျိုးပဲ့အက်ကွဲခဲ့တဲ့ ငယ်ဘဝဖြစ်တယ်။ ဒီလိုထဲမှာ ကျနော်တို့ မသိနိုင်တဲ့ နာကျင်စရာအဖြစ်အပျက်တွေလည်း တပုံကြီး ရှိနေပါဦးမယ်။ လပ်စ်လေဟာ အဲဒီ ဒဏ်ရာတွေကို ဝမ်ကွာဝေရဲ့ Days Of Being Wild မှာ ရိုက်ကူးခွင့်ရတော့ ဝင်စားသွန်ချလေသလား သူပဲ သိမှာပေါ့။ ကျနော်ဟာ ဒဏ်ရာတွေ အပြည့်နဲ့ အိပ်စက်ဖို့ မဖြစ်နိုင်တော့ပဲ ပျံသန်းနေရတဲ့ ငှက်တကောင် ။ ကျနော့်အတွက် အနားယူခွင့် ရမယ့်အချိန်ဟာ သေဆုံးသွားခါမှပဲ ဖြစ်လိမ့်မယ်တဲ့။ ဒီထဲမှာ သူက ချစ်ခြင်းမေတ္တာရဲ့ ဆန့်ကျင်ဘက် အရာတွေနဲ့ပဲ ပိုက်ထွေး ရှင်သန်နေတဲ့ ဇာတ်ကောင်လေ။ သူ့ကို စွန့်ပစ်ခဲ့တဲ့ မိခင်ကို မုန်းတီးရာကနေ ဆုံရသမျှ မိ*န်းမတွေကိုလည်း ရန်သူအမှတ်နဲ့ ဆက်ဆံတဲ့ဇာတ်ကောင်။ ခပ်ထေ့ထေ့ ဖြစ်နေတဲ့ နှုတ်ခမ်းများ ၊ ဒေါသ နာကျည်းမှုများရဲ့ နောက်မှာ မှောင်မည်းနေပြီး မိုးစက်တွေအတိပဲကျခံ ထိရိုက်နေရတဲ့ ပန်းခြောက်ကလေးကို မြင်မိကြလား။ အဲဒါဟာ သူပါပဲ။ 


လပ်စ်လေက ဒီဒဏ်ရာတွေကို သယ်ပိုးရင်းပဲ အင်္ဂလန်ကို လစ်သွားခဲ့တယ်။ အဲဒီမှာ ကျောင်းတက် ပညာသင်ရင်း သူဟာ သီချင်းဆိုဖို့ ၊ သရုပ်ဆောင်လုပ်ဖို့ ဖြစ်လာတဲ့ လူတယောက်ဆိုတာကို ရှာတွေ့သွားပုံရတယ်။ ဒီလိုမှမဟုတ်လည်း နှလုံးသားထဲက စိတ်ဒဏ်ရာတွေကို သွေးတိတ်ဖို့ရာက ဒီအနုပညာနဲ့ ကုစားခြင်းကပဲ အကောင်းဆုံးပဲလို့လည်း မြင်သိလိုက်သလား မဆိုနိုင်။ အရက်ဘားမှာ ယမကာစပ်သူ အလုပ်လုပ်ရင်း သီချင်းတွေ ဝင်ဆိုနေခဲ့တယ်။ သူ့နာမည်ကိုလည်း Gone With The Wind ထဲက ဇာတ်ဆောင်မင်းသား Leslie Howard ရဲ့ ရှေ့က နာမည်ကို ယူပြီး ပြောင်းလဲမှည့်ခေါ်စေခဲ့တယ်။


လပ်စ်လေအမည်ဟာ သူ့ရဲ့ဖြစ်တည်မှု သရုပ်သကန်ကို ဖော်ပြထားတဲ့ အဓိပ္ပါယ်လို့ သူက ဖွင့်ဟပါတယ်။ အဲဒီနာမည်က မိန်းကလေးအနေနဲ့လည်း မှည့်ရတယ် ၊ ယောက်ျားလေးအနေနဲ့လည်း မှည့်လို့ရတယ် ။ ဘာကန့်သတ်မှုမှ ရှိမနေတဲ့ အမည်မို့ ပါလို့ ပြောပါတယ်။ ဘာလို့ဒီလို ပြောရသလဲ ဆိုတော့ သူက Bisexual တယောက် ဖြစ်နေလို့ပဲ။ 


1976 မှာ ဟောင်ကောင်ကို ပြန်ခဲ့တယ်။ မကျန်းမာနေတဲ့ ဖခင်ကြီးဆန္ဒအရ အိမ်မှာပဲ မွေးချင်းမောင်နှမတွေနဲ့အတူတူရှိခဲ့ရပြီး အသက်မွေးဝမ်းကြောင်းအဖြစ် Levi's အထည်ဆိုင်မှာ အရောင်းသမား လုပ်ခဲ့ပါတယ်။ လပ်စ်လေဟာ ဒီလိုနဲ့ပဲ ဟောင်ကောင်အနုပညာရပ်ဝန်းမှာ တဖြေးဖြေးနေရာ‌ရအောင် ကြိုးပမ်းအားထုတ်ခဲ့ပြီး သရုပ်ဆောင်ဘဝရယ်လို့ မထွန်းတောက်လာခင်မှာကတည်းကတင် အဆိုတော်ဘဝနဲ့ပဲ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။


လပ်စ်လေက သူရဲ့အစောပိုင်းကာလမှာ အနုပညာလောကထဲကပဲ ဖြစ်တဲ့ မင်းသမီးတချို့နဲ့ Date ခဲ့သေးပေမဲ့ အချစ်ရေး အဆင်မပြေပါဘူး။ သူပြောတာကတော့ ဒီအနုပညာအလုပ်အပေါ်မှာပဲ အရမ်းအာရုံစိုက်ခဲ့လို့ အချစ်ရေးတွေ က အဆင်မပြေတာပါ။ ဆိုတော့ ကျနော့် ဘဝအနေအထားက သမီးရည်းစားဘဝမျိုးထက် သူငယ်ချင်းတွေလို ဖြတ်သန်းကြတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။  တကယ်လို့ ခုအလုပ်တွေသာ မလုပ်ဖြစ်ခဲ့ရင် မိသားစုဘဝကို ပိုင်ဆိုင်ချင်မိတယ်လို့ ဆိုပါတယ်။ 


နောက်ဆုံးမှာတော့ သူနဲ့ငယ်ဘဝကျောင်းနေဘက်ဖြစ်တဲ့ Daffy Tong Hok-tak နဲ့ပဲ လက်တွဲခဲ့ပါတယ်။ သူဟာ အဲဒီအချစ်ရေးကိုလည်း ပွင့်လင်းစွာ ဝန်ခံခဲ့တာမို့ တရုတ်အနုပညာလောကထဲမှာ ပထမဆုံး မြင်ခဲ့ရတဲ့ လိင်တူချစ်မြတ်နိုးမှုနဲ့ ပတ်သက်တဲ့ ဖြစ်အင် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း ကျနော်တို့တိုင်းပြည်ဘက်တွေမှာ ခုထိတိုင်အောင် သက်တံ့ရောင်စဉ်လှိုင်းတွေနဲ့ ပတ်သက်ပြီး ဖိနှိပ်ခွဲခြားကြတာတွေဟာ ရှိနေဆဲပဲ မဟုတ်လား။ ဒီတော့ ခုလို ပွင့်လင်းစွာ ဝန်ခံလက်တွဲကြတဲ့ သူတို့အဖို့ နာမည်ကြီး အနုပညာရှင်လည်း ဖြစ်တော့ ဘယ်လောက်အထိ ရှုံချ တိုက်ခိုက်ခံခဲ့ရမလဲ။ အဲဒီ ဖိစီးမှုတွေကြောင့် သူဟာ စတိတ်မှာ ဖျော်ဖြေရခြင်းအလုပ်ကိုတောင် 89 ကနေ 94 အထိ ငါးနှစ်ကြာမျှ ကျောခိုင်းခဲ့ရပါတယ်။ 


သူဟာ စိတ်ဒဏ်ရာတွေ ရည့်မှည့်အမြစ်တွယ်လာခြင်းကို ကြံ့ကြံ့ခံရင်း ဘဝကို ဖြတ်သန်းလာခဲ့ချိန်မှာ 2003 ခုနှစ် သူ့အသက် 46 နှစ်အရောက်မှာတော့ ဒီခံစားမှုတွေကို လက်မြှောက်လိုက်ပြီ ထင်ပါတယ်။ 2003 ခုနှစ် April နွေဦး။ ဟောင်ကောင်ကျွန်းဆွယ်မှာ ဆားစ်ပ် ဗိုင်းရပ်စ်က အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အချိန်။ စိတ်ဒဏ်ရာကိုက်ခဲမှုတွေ အလုံးစုံနဲ့အ‌တူ ဘယ်လို ငြိမ်းချမ်းမှုမျိုးမှ ရှာတွေ့ပုံ မရတော့တဲ့သူဟာ ညနေခင်း ခြောက်နာရီခွဲလောက်မှာ ရောက်နေတဲ့ ဟိုတယ် 24 ထပ် အမြင့်ကနေ ခုန်ချပစ်လိုက်ပါတော့တယ်။ 


လပ်စ်လီတယောက် လွတ်မြောက်ရာဘုံကို ကူးသွားတဲ့ သတင်းဟာ တရုတ်တပြည်လုံးကို ဂယက်ရိုက်သွားစေပြီး ဝမ်းနည်းပူဆွေးမှု  တွေ ဖြစ်ခဲ့ရတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ် ပြဿနာ ရှိနေတဲ့ တိုင်အောင် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေက သိန်းပေါင်းများစွာ ခြံရံပြီးတော့ နောက်ဆုံး ဈာပနကို ပို့ဆောင်ပေးခဲ့ကြတယ်။


ဒီလို နာမည်ကျော် အနုပညာသည်တစ်ဦး တိမ်းပါးသွားတာဆိုတော့ သတင်းမှတ်ချက်တွေကလည်း အမျိုးမျိုးပေါ့။ သူမှာ အေ့စ်ဝေဒနာ ရှိနေလို့ ခုလို လုပ်တာ ဖြစ်တဲ့ အကြောင်း ။ တကယ်တန်းမှာတော့ အရမ်းဖိစီးလာနေခဲ့တဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဆရာ‌ဝန်တွေနဲ့ ကုသနေခဲ့တာကြာပြီ။ ဒါပေမဲ့ အဆင်မပြေဘဲ ပိုဆိုးလာတယ်။ 2002 ခုနှစ်တုန်းကလည်း တခါခုန်ချမယ် ကြံရွယ်သေးတယ် လို့ သိရတယ်။


လေးဆယ့်ခြောက်နှစ်သားအရွယ် မကုန်လွန်မီအထိ လူသားကမ္ဘာကြီးထဲကို တန်ဖိုးဖြတ်တန်နိုင်စွမ်း မရှိတဲ့ အနုပညာဖန်တီးမှုတွေကို စိတ်ကိုယ်အလုံးစုံ နစ်ဝင်ပြီး ထားရစ်သွားခဲ့တဲ့ သူဟာ မကွယ်လွန်မီမှာတော့ ခုလို နုတ်စ်လေး ထားရစ်ခဲ့ပါတယ်။ 


Depression! Many thanks to all my friends. Many thanks to Professor Felice Lieh-Mak (麥列菲菲) [Cheung's last psychiatrist]. This year has been so tough. I can't stand it anymore. Many thanks to Tong Tong [nickname for Cheung's boyfriend Daffy Tong]. Many thanks to my family. Many thanks to Sister Fei (沈殿霞). In my life I have done nothing bad. Why does it have to be like this?


ဒီလိုစကားတွေထဲက သူ့ညီမဖြစ်သူကို ရင်ဖွင့်ခဲ့တဲ့ စကားလေးက ဘယ်လောက် ရင်နာဖွယ်ရာအတိလဲ။ 


" ငါ့မှာ ပိုက်ဆံလည်း ရှိတယ်။လူအများကြီးကလည်း ငါကို ချစ်ကြပါတယ်။ဒါကိုတောင် ဘာလို့များ ဒီစိတ်ကျဝေဒနာကြီးက လာဖြစ်နေရတာလဲ "တဲ့။


သီချင်းကောင်းတွေ ၊ ရုပ်ရှင်အနုပညာလက်ရာကောင်းတွေ ၊ ကွန်ဆာဗေးတစ် ကမ္ဘာကြီးထဲကနေ ရှေ့ကနေပဲ မိမိတည်ရှိမှုကို အတိုက်ခိုက်ခံ ဖော်ပြခဲ့တာတွေ ။ ခုလို နှလုံးသားစိတ်အာဟာရအပေါ် ဘဝကုန်ချိန်အထိ ဖြည့်စွမ်းပေးခဲ့တဲ့ သူ့ကို ဒီလို ခံစားရတဲ့ အချိန်မှာတော့ ကျနော်တို့ ပရိသတ်တွေဟာ သူ့အတွက် ဘာတွေများ တဖန်နွေးထွေးပေးနိုင်ခဲ့ကြသလဲ။ Bisexual ဖြစ်ရမှုအတွက် ရာဇဝတ်သားသဖွယ် ခွဲခြားရှုံ့ချမှုကိုတောင် တသီတတန်းကြီး ပိုက်ထွေး ခံစားခဲ့ရတာ မဟုတ်လား။ ဒီတော့ သူလည်း ဘာသားနဲ့ ထုထားတဲ့ လူမို့လို့လဲ။


အဆုံးမတော့ လင်းကျင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း တဘဝစာလုံး မှောင်အတိကျနေတဲ့ အခန်းကလေးထဲကိုပဲ ပြန်သွားခဲ့လိုက်ရပြီ။ 




ဒီနေရာကလေးမှာပဲ လပ်စ်လေရဲ့ ဘဝဖြစ်တည်မှု တစိတ်တပိုင်းအကြောင်းကို ရပ်နားလိုက်ကြပါစို့။


ညီလင်းအိမ်

Wednesday, November 13, 2024

ကိုယ်ဝန်ဆောင်နှင့် အရေပြားအလှအပ



"ကိုယ်ဝန်ဆောင်တဲ့ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို မီးဖွားပြီးတဲ့အခါမှာလည်း အလိုလို မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်" 


◾️ အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံခြင်း


ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဝက်ခြံအဆီဖု၊ အမည်းကွက်၊ တင်းတိပ်များ၊ အကြောပြတ်အရာများ ဖြစ်တတ်သည့်အတွက် သန္ဓေသားကို မထိခိုက်စေတတ်သော အသားအရေထိန်းသိမ်းမှုနည်းများ၊ အသားအရေစိုပြည်ကျန်းမာစေရန် ဘေးထွက်ဆိုးကျိုးမရှိသော အလှကုန်ပစ္စည်းများ အသုံးပြုသင့်ပုံနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေညိုမည်းခြင်းကို သက်သာစေမည့်နည်းလမ်းများအကြောင်းကို သိရှိစေရန် အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံပြီး မေးမြန်းဖော်ပြလိုက်သည်-


မေး - ကိုယ်ဝန်ဆောင်စဉ်ကာလ အမျိုးသမီးအတွက် အသားအရေထိန်းသိမ်းဖို့ လိုအပ်ပါလား ဆရာမ။ ရှင်းပြပေးပါဦး။


ဖြေ - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမက ကိုယ်ဝန်ဆောင်ရန် ကြံရွယ်ထားတဲ့ အမျိုးသမီးတွေလည်း အသားအရေကို အစဉ်အမြဲထိန်းသိမ်းရန် လိုပါတယ်။ အထူးသဖြင့် ဝက်ခြံအဆီဖုထွက်တတ်တဲ့ အသားရေနဲ့ အမည်းစက်၊ တင်းတိပ်ထွက်တတ်သော အမျိုးသမီးတွေ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်နေရာမှာ ကိုယ်ဝန်ဆောင်တဲ့အခါ အကြောပြတ်ရာများဖြစ်တတ်လို့ ဝမ်းဗိုက်ကို သံလွင်ဆီ သို့မဟုတ် အလှဆီတစ်မျိုးမျိုး နေ့စဉ်ပုံမှန် အသုံးပြုဖို့လိုပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားအရေသည် ပုံမှန်အချိန်ထက် Sensitive ဖြစ်နိုင်လို့ အရေပြားအပေါ်ယံ အဆီလွှာ (Skin Barrier) ကောင်းမွန်စေရန် ရေကို တစ်နေ့နှစ်လီတာသောက်သုံးပြီး အရေပြားစိုပြည်စေရန် အစိုဓာတ်ပေးတဲ့ Moisturizer  တစ်မျိုးကို နေ့စဉ် ပုံမှန် အသုံးဖို့လိုအပ်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားညိုမည်းခြင်း၊ တင်းတိပ်၊ ဝက်ခြံထွက်ခြင်းများရှိတတ်လို့ ဘယ်လို Skin Care ပစ္စည်းတွေကို အသုံးပြုသင့်ပါလဲ။


ဖြေ - လူတစ်ဦးရဲ့ ပုံမှန်ဇီဝဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အမည်းစက်၊ တင်းတိပ်ထွက်ခြင်း၊ နေလောင်ကွက်များထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်တဲ့ ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့အခါမှာလည်းအလိုလိုမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။


ဒါကြောင့် အကာအကွယ်မဲ့ နေပူထဲ အလွန်အမင်းသွားခြင်းမလုပ်ဘဲ နေပူထဲထွက်တဲ့အခါ SPF 50 Titanium Dioxide ပါဝင်သည့် နေလောင်ကာ Mineral Sunscreen ကို နေပူထဲမသွားခင် မိနစ် ၃၀ အလိုတွင် အသုံးပြုခြင်း၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည့်နေလောင်ကာပစ္စည်းများ သုံးဖို့လိုပါတယ်။


တချို့သော ဆေးပညာသုတေသန လေ့လာတွေ့ရှိချက်များအရ ကိုယ်ခန္ဓာမှာ လိမ်းတဲ့ Chemical Sunscreen  ဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်အသုံးပြုရန်မသင့်ကြောင်း ဖော်ပြထားလို့ ကိုယ်ဝန်ဆောင်မိခင်များ နေလောင်ကာ Sunscreen ရွေးချယ်တဲ့အခါ အထူးသတိပြုဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဖြစ်တတ်သော အမည်းကွက်၊ နေလောင်ကွက်များအတွက်Vitamin C, Vitamin B3 (Niacinamide), (Brighting Effect) ပါဝင်တာတွေကို သုံးဖို့ သင့်လျော်ပါတယ်။


သို့သော် မိမိအသုံးပြုဖို့ ရွေးချယ်ထားတဲ့ Skincare ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မသင့်လျော်သော အခြား Chemical Compound ပစ္စည်းများပါဝင်ခြင်း ရှိ၊ မရှိကိုလည်း အသုံးမပြုခင် တခြားတတ်ကျွမ်းနားလည်တဲ့ဆရာဝန်များ သို့မဟုတ် အတတ်ပညာရှင်များနှင့် တိုင်ပင်ဖို့လိုပါတယ်။


ဝက်ခြံအဆီဖုရှိသူများအဖို့ Vitamin A (Retinol)စတဲ့ Compound များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားကို ထိခိုက်နိုင်တဲ့အတွက် အထူးရှောင်ကြဉ်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်အချိန်များထက် အဆီထုတ်လုပ်မှုပိုများတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးရွားနိုင်ပါတယ်။


ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း Double Cleansing လုပ်ရန်လိုအပ်သလို Azelaic Acid ပါဝင်တဲ့ ဝက်ခြံလိမ်းဆေးတွေဟာလည်း ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ အသုံးပြုနိုင်လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလမှာရော မီးဖွားပြီးအချိန်မှာပါ အရေပြားခြောက်တတ်ခြင်းကို ဘယ်လိုကာကွယ်သင့်ပါလဲ။ ဖြေရှင်းလို့ရမယ့် နည်းလမ်းများကိုလည်း မျှဝေပေးပါဦး။


ဖြေ - အဓိကအားဖြင့် အရည်ရွှမ်းပြီး ရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ၊ ဖိုင်ဘာဓာတ်များတဲ့အသီးအရွက်တွေကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပြီး အသားအရေကို စိုပြည်စေတယ်။ အမွှေးနံ့သာမပါဝင်တဲ့ Hyaluronic Acid ပါဝင်တဲ့ အရေပြားအစိုဓာတ်ပေးတဲ့ Daily Moisturizer ကိုလည်း ရေချိုးပြီးတာနဲ့ နေ့စဉ်အသုံးပြုပေးသင့်ပါတယ်။


လိုအပ်ရင် သံလွင်ဆီ (Olive Oil)ကို အကြောပြတ်တာဖြစ်စေတဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ရင်သားတစ်ဝိုက် စတဲ့ နေရာတွေကို နေ့စဉ် ပုံမှန်အသုံးပြုခြင်းဖြင့် အသားအရေကို စိုပြည်စေပြီး အကြောပြတ်ရာများ ဆိုးဆိုးရွားရွားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီးသားဖြစ်နိုင်ပါတယ်။


မေး - ကိုယ်ဝန်သည်များ ဟော်မုန်းကြောင့် အသားအရေညိုမည်းတဲ့နေရာတွေကို ဘယ်လိုကုသသင့်ပါသလဲ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အရေပြားထိန်းသိမ်းနည်းလမ်းများရှိရင် အကြံပြုပေးပါဦး ဒေါက်တာ။


ဖြေ - ကိုယ်ဝန်လရင့်လာတဲ့အခါ ဟော်မုန်းပြောင်းလဲလာခြင်းက ပိုမိုမြင့်တက်လာလို့ အသားအရေဟာ ပုံမှန်ထက်ညစ်ညမ်းခြင်း၊ ကိုယ်ခန္ဓာအတွင်းသားများဖြစ်တဲ့ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာတွေလည်း သာမန်ထက် ပိုမိုညစ်မည်းလာတတ်တယ်။


ဒါကြောင့် အကာကွယ်မဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်သလို ခရမ်းလွန်ရောင်ခြည် (UV Index) အမြင့်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်သွားလာ လှုပ်ရှားခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရေပြား (Scrub) တိုက်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ ကိုယ်ခန္ဓာအတွင်းသားကို Waxing ပြုလုပ်တဲ့ အရေပြားကို ထိခိုက်ဒဏ်ရာရစေတဲ့အတွက် အသားအရေကို ပိုမိုညစ်နွမ်းကြမ်းတမ်းစေတတ်ပါတယ်။


အသားအရေညိုမည်းခြင်းသက်သာစေဖို့ Brighting Effect ပါဝင်ပြီး Vitamin C, Glycolic acid, Azelaic acid ပါဝင်တဲ့ Hypoallergenic Skincare Product များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့သန္ဓေသားကို အန္တရာယ်မရှိတာမို့ ဒီ Compound တွေပါဝင်တဲ့ Skincare  ပစ္စည်းတွေကို တတ်ကျွမ်းနားလည်သောသူများနဲ့တိုင်ပင်ပြီးအသုံးပြုသင့်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အကြောပြတ်ရာ အမြဲတွဲနေတာဆိုတော့ အကြောပြတ်ရာများ ထွက်ပေါ်လာရင် ဘယ်လိုခရမ်၊ သဘာ၀အဆီများကို နည်းလမ်းတကျလိမ်းပေးသင့်ပါလဲ။


ဖြေ - အထူးသဖြင့် ဝမ်းဗိုက်နေရာနဲ့ ရင်သားနေရာတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်း Effect ကြောင့် အရေပြားကို ဆွဲဆန့်တဲ့အတွက် အကြောပြတ်ရာ(Stretch Mark) များ ဖြစ်ပေါ်တတ်ပါတယ်။ အကြောပြတ်ရာတွေကို ကိုယ်ဝန်ဆောင်မီးဖွားပြီး ခြောက်လကျော်သွားရင် အကြောပြတ်ရာလေဆာကုသမှုနဲ့လည်းကုသလို့ရနိုင်ပါတယ်။


ဒါပေမဲ့ အကြောပြတ်ရာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်မှုရှိပါတယ်။ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး အကြောပြတ်ရာဖြစ်နိုင်တဲ့ နေရာတွေကို Vitamin E နှင့် သံလွင်ဆီပါဝင်တဲ့ အဆီများကို တစ်နေ့နှစ်ကြိမ် ပုံမှန်အသုံးပြုပေးခြင်းဖြင့် ဆိုးဆိုးရွားရွား အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်တဲ့အပြင် အသားအရေစိုပြည်ပြီး ယားယံခြင်းကိုလည်း သက်သာစေပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလ အမျိုးသမီးများအတွက် အရေပြားကို အစိုဓာတ်ဖြည့်ဖို့အတွက် လိုအပ်တဲ့စားသောက်သင့်ပုံမျာအကြောင်းလည်း ဖြေပေးပါဦး။


ဖြေ - အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝတဲ့ အစားစာဥပမာ- လိမ္မော်သီးက ဖိုက်ဘာ (Fiber) ဓာတ်ပြည့်ဝတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်တဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးကလည်း ပိုတက်ဆီယမ်နှင့် အခြားဗီတာမင်များကြွယ်ဝလို့ အရေပြားဖောရောင်ခြင်းကို သက်သာစေပြီး သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးတယ်။


ထောပတ်သီးကလည်း ဖောလစ်အက်စစ် (Folic Acid) ကြွယ်ဝလို့ သန္ဓေသားရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ Vitamin E  ဟာ အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ပြည့်ဝစေတယ်။


ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံသီး စတဲ့ဟင်းသီးဟင်းရွက်များကို စုံစုံလင်လင်စားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာရရှိမှာ ဖြစ်ပါတယ်။


Vitamin E ပါဝင်တဲ့ အစေ့အဆန်များ၊ အိုမီဂါ(၃) ပါဝင်တဲ့အဆီ ပြည့်ဝသော ဆယ်လမွန်ငါးကို စားသုံးသင့်သလို ငါးမကြိုက်ပါက အိုမီဂါ(၃) ပါဝင်သော အားဖြည့်ဆေး (Supplement) များကို သောက်သုံးနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို ကာကွယ်ရန် ရေများများသောက်သုံးပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။


စံတော်ချိန်သတင်းအဖွဲ့-မေးမြန်းသည်

Sunday, November 3, 2024

'' နတ်ချော့သူ ''



_____________

နုနုရည် (အင်းဝ)


(ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄)


---

 

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။

 

အိမ်ကနေ ကားအထွက် “ဘယ်ကို မောင်းရမှာလဲ ခင်” လို့ မောင် မေးတော့ “နတ်ပွဲကို” လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး “ဒါလေးများ” လို့ မောင် ပြောတယ်လေ။

 

ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။

 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။

 

မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။

 

“... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ... မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်”

 

မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။

 

ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။

 

ဟော ... နောက် နတ်တပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တနေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောကျ်ားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။

 

“... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား”

 

ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။

 

“... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး”

 

ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။

 

ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။

 

“... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ...”

 

ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။

 

“... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း”

 

ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။

 

မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။

 

“ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်”

 

ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။

 

“ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း”


“မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား”


“အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း”


“မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ”


“အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း”

 

ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တဖက်က ပုလင်း၊ လက်တဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။

 

“... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ...”

 

ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တခေါက် တခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောကျ်ားနောက် လိုက်သွားတဲ့ ည အတွက်။

 

“ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့”


“မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့”


“တီးစမ်းဟေ့ ဒိုး”


“ဟေ့ ... ဒိုး ... ဒိုး”

 

ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တလုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တရွက်စီ။

 

“ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်”

 

အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။

 

“ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး”

 

ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တထောင်၊ တထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။

 

“ဟေ့ ... နန်းကြီးတထောင် ဟေ့”


“ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ...”

 

တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။

 

“လာခဲ့ကွ တကျိုက်။ ဟေ့ ပေးဦးကွ တထောင်”

 

က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။

 

“ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ...”

 

ဟောဒါက မောင် တခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တပတ်နားတုန်း တပတ် မယားလေး တယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောကျ်ား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တထောင် ခင် ကဦးမယ်။

 

ဟောဒါက မြန်မာမိန်းမ တယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။

 

ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။

 

ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။

 

ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တထောင်ပေး။

 

ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။

 

ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။

 

ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။

 

ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။

 

နောက်တပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။


---

 

#နုနုရည်အင်းဝ

#နတ်ချော့သူ

#ညမဖတ်ရ