Sunday, July 10, 2022

"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "

 "နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "

=======================

Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင် 




အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။နာမည်တွေကတော့ အမျိုးမျိုးခေါ်ကြပါတယ်။ ရှမ်းတောင်ဘက်မှာဆိုရင် မာကာကွတ်ပင်လို့ခေါ်ကြတယ်

ဒေသအလိုက် ခေါ်တာချင်းလဲမတူကြပါဘူး။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။

အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။


"အပင်ရဲ့ဂုဏ်သတ္တိတွေ"

================

မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်း၀င်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။

နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။

သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာ၀နည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။

မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။

အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။


  ​နောက်ပြီး သူ့မှာ လူသိပ်မသိတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အချက်တွေလည်းရှိနေပါ​တေးတယ်။


၁။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ဂုဏ်သတ္တိ


    သခွပ်နီသီးက သဘာဝပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်။


၂။ ဗီတာမင် စီ ရဲ့အရင်းအမြစ်တစ်ခု


    သခွပ်နီသီး ၁၀၀ ဂရမ်သည် ဗီတာမင်စီ ၁၅၀ မီလီဂရမ်နဲ့ ညီမျှတယ်လို့ လေ့လာချက်အရ သိရပါတယ်။ ဗီတာမင်စီပါတဲ့အတွက် ကိုယ်ခံအားကောင်းစေပြီး အအေးမိ၊ နှာစေးအတွက်လည်း သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။


၃။ ဂေါက်ရောဂါကို သက်သာစေသည်


     ဂေါက်ရောဂါဟာ အချို့သောအစားအစာများကို လွန်စွာစားသုံးခြင်းနှင့် ရေလုံလောက်စွာမသောက်ခြင်းတို့ကြောင့် ယူရစ်အက်စစ် (uric acid) များ စုပုံလာခြင်းကြောင့်ဖြစ်သော အဆစ်နာခြင်းတစ်မျိုးဖြစ်ပါတယ်။ သခွပ်သီးသည် ဂေါက်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်သော်လည်း တစ်နေ့လျှင် ၉ လုံးကနေ ၁၂ လုံးထိကို ၃ ကြိမ်ပုံမှန်စားပေးပါက အဆစ်နာခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။


၄။ ခေါင်းကိုက်ခြင်းကို သက်သာစေသည်


    သခွပ်နီသီးက သွေးကြောပိတ်ဆို့ခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရခြင်းကိုလည်း သက်သာစေပါတယ်။ သွေးလည်ပတ်ခြင်းကို ပုံမှန်လည်ပတ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။


၅။ ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်သည်


    သခွပ်နီသီးရဲ့အရသာသည် ချိုသော်လည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေရန် ကူညီပေးပါတယ်။ ဒါ့ကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။


၆။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ


    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းကို သက်သာစေပြီး နှလုံးကိုလည်း အားကောင်းစေပါတယ်။


၇။ အရေးကြီးတဲ့ အာဟာရဓာတ်များ


    အသီးမှာဆိုရင် အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ အိုင်းရွင်းနဲ့ ဗီတာမင် ဘီ ဓာတ်တို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒီလိုအာဟာရဓာတ်တွေပါဝင်နေမှုကြောင့်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေသည်မှာ မထူးဆန်းပါပေ။  


၈။ ကင်ဆာကာကွယ်ပေးနိုင်တယ်


    သုတေသနပြုချက်တွေအရ အရွက်သည် ကင်ဆာအကြိတ်ကြီးထွားမှုကို လျော့ချပေးသော ဂုဏ်သတ္တိများရှိသည်ကို တွေ့ရှိခဲ့ရသည်။ 


၉။ ရောင်ရမ်းမှုများကို သက်သာစေသည်


     အရွက်ကို အခြောက်ခံ အပိုင်းအစတွေချေပြီး လက်ဖက်ရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အဆစ်များရောင်ခြင်းနဲ့ အဖျားကို သက်သာလျော့ကျစေနိုင်ပါတယ်။


၁၀။ သွေးဖိအားကို လျော့နည်းစေသည်


    ဆေးလိပ်သောက်ခြင်း၊ ဆား အရမ်းသုံးခြင်း၊ အဆီများသောအစားအစာနဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် သွေးဖိအားမြင့်တဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ သွေးကြောများက ခန္ဓာကိုယ်တစ်လျောက် ရွေ့ဖို့ခက်ခဲသွားတဲ့အချိန်မှာ သွေးကြောတွေမှာ ဖိအားမြင့်လာစေပါတယ်။ သွေးဖိအားမြင့်လာတဲ့အခါ နှလုံးဖောက်ခြင်း (heart attacks) နဲ့ လေဖြတ်ခြင်းတို့ ဖြစ်လာရပါတယ်။ သခွပ်နီရွက်လက်ဖက်ရည်မှာပါဝင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ပမာဏက သွေးကြောတွေကို ပုံမှန် လွတ်လွတ်လပ်လပ်စီးဆင်းစေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။ 


၁၁။ အစာချေဖျက်အားကောင်းစေသည်


    အသီးက အစာအိမ်ထဲလေထခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာမကြေခြင်းကိုလည်း သက်သာစေတဲ့အတွက်ကြောင့် ပုံမှန်စားပေးသင့်ပါတယ်


အာဟာရပညာရှင်တွေရဲ့ ညွှန်ကြားချက်မှာ အသီးအတိုင်းစားရင်ကို ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနေတဲ့အပြင် ပတ်ဝန်းကျင်စိမ်းလန်းမှုနဲ့ ဂေဟစနစ်ကိုပါ ထိန်းသိမ်းသွားနိုင်ဖို့အတွက် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာလည်း သခွပ်နီပင်ကိုစိုက်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။




Thursday, July 7, 2022

🦟 ခြင်အကြောင်းသိကောင်းစရာ

🦟 #ခြင်အကြောင်းသိကောင်းစရာ 
======================



ခြင်ဋီကာဖွင့်ရရင် #ခြင်အစမြန်မာကလို့ ဂုဏ်ယူစွာပြောလို့ရပါတယ်။ 😉 

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးခြင်ရုပ်ကြွင်းကို #မြန်မာပြည်ကပယင်းကျောက်ထဲမှာတွေ့ရတာကိုး။

အဲ့ဒီသက်တမ်းအရင့်ဆုံးခြင်ရုပ်ကြွင်းဟာ Cretaceous ခေတ်နှောင်းပိုင်းက မြန်မာ့ပယင်းကျောက်တွေထဲမှာ တွေ့ရတာပါ။ 

အဲ့ဒီအစောဆုံး Cretaceous ခေတ်ခြင်ရုပ်ကြွင်း (၃) မျိုးထဲမှာ Burmaculex antiquus နဲ့ Priscoculex burmanicus နှစ်မျိုးကမြန်မာ့ပယင့်ထဲကတွေ့တာ။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း (၉၉) သန်းလောက်တုန်းကရှိခဲ့တာတဲ့။

အမယ် Burmaculex တို့၊ burmanicus တို့မှည့်ခေါ်ထားတာနော်။ 🎤 မဟာ ........ ငါတို့ရဲ့အဖိုးအဖွားတွေကို ကိုက်သွားတဲ့ ခြင်များ ... ကြီးမြတ်လေသောသမိုင်းကြောင်းနဲ့ ... တရုတ်ပြည်ကိုရောင်းစားလိုက်သောပယင်းများ ... 

(မြန်မာ့သွေးဘယ်လောက်ရဲသလဲဆိုတာ ပယင်းအရောင်ကိုသာကြည့် အဲ့လယ် ... )

ကျန်တစ်မျိုးဖြစ်တဲ့ Paleoculicis minutus က ကနေဒါနိုင်ငံ Alberta ​ပြည်နယ်မှာတွေ့ရတာ။ သူက လွန်ခဲ့တဲ့နှစ်ပေါင်း (၇၉) သန်းကပယင်းထဲမှာတွေ့တာ။

🦟 #ခြင်မှာသွား (၄၇) ချောင်းပါတယ်ဆိုတာဟုတ်လား❓

ခြင်မမှာ proboscis လို့ခေါ်တဲ့သွေးစုပ်တဲ့အတံရှိပါတယ်။ အဲ့ဒီအတံမှာ လိပ်ကျောက်မြီးရင်းကအတက်လိုပဲ အတက်ပေါင်း (၄၇) ခုပါပါတယ်။

လူကိုအဲ့ဒီအတက်ပါတဲ့ဓားမြှောင်လိုအတံနဲ့ထိုးစိုက်ပြီး သွေးစုပ်ယူတာပါ။ ခြင်မတွေဟာ တအားခြင်ပါးဝပါတယ်။ 

အကယ်လို့လူကိုသွေးစုပ်နေရင်းသူကြိုက်တဲ့သွေးတွေ့ရင် သွေးစုပ်နေရင်းတန်းလန်းနဲ့ မကြိုက်တဲ့အရည်ကိုဖင်ဝကပြန်စွန့်ထုတ်ပါတယ်။ လူတွေဘူးဖေးစားချိန်မှာ အင်အင်းသွားပါသလိုပဲ။ ဒါ့ကြောင့်သူတို့ဖင်ဝမှာ သွေးစက်သီးနေတတ်ပါတယ်။


🦟 #ခြင်ကိုက်ရင်ဘာလို့ယားယံတာလဲ❓

ခြင်မကလူကိုကိုက်တဲ့အချိန်မှာ လူကိုယ်ခန္ဓာထဲကိုသူ့ရဲ့တံတွေးရည်ထိုးသွင်းပါတယ်။ 

အဲ့ဒီတံတွေးရည်ကို လူရဲ့ကိုယ်ခံအားစနစ်က ယားယံစေတဲ့ allergen လို့မြင်ပြီး ကိုယ်ခန္ဓာက histamine တွေပြန်ထုတ်ပေးပါတယ်။

အဲ့ဒီ histamine တွေက အရေပြားအောက်ရှိသွေးကြောလေးတွေတွေကျယ်စေကာ သွေးဖြူဥတွေများများရောက်စေပါတယ်။ အဲ့ဒါကြောင့်ခြင်ကိုက်တဲ့နေရာမှာ ဖုပြီးယားယံမှုဖြစ်ရတာပါ။

ခြင်ကိုက်တဲ့နေရာကို ယားယံလို့ကုတ်တဲ့အခါမှာ histamine တွေပိုထွက်လာပြီး ပိုရောင်ရမ်းလာကာပိုမိုယားယံလာစေပါတယ်။ ပြင်ပကရောဂါပိုးမွှားတွေလဲ လူအရေပြားအောက်ကိုဝင်သွားစေပါတယ်။


🦟 #ခြင်အမကဘာလို့ရောဂါပြန့်ပွားစေတာလဲ❓

ခြင်မဟာလူကိုကိုက်တဲ့အခါမှာ အဲ့လိုတံတွေးရည်ထိုးသွင်းလိုက်တဲ့အတွက် လူရဲ့ကိုယ်ခန္ဓာထဲကို #သေစေနိုင်တဲ့ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဇိုင်ကာစတဲ့ရောဂါပိုးတွေဝင်သွားစေပါတယ်။

ခြင်ထီးကပန်းဝတ်ရည်နဲ့ သစ်သီးရည်လိုသကြားဓာတ်ပါတဲ့အရည်တွေကို အသက်ရှင်ဖို့သောက်သုံးပါတယ်။

ခြင်မဟာ အချိုရည်ကိုစုပ်ယူသလို လိင်ဆက်ဆံပြီးရင် ပရိုတိန်းဓာတ်ရဖို့ လူနဲ့တိရိစ္ဆာန်တွေဆီကသွေးကို လှည့်လည်စုပ်ယူပါတယ်။ 


🦟 ခြင်မဟာလူတစ်ယောက်တည်းကိုသွေးဝအောင်ကိုက်ပြီးရင် #ကျန်တဲ့လူတွေကိုမကိုက်တော့ဘူးဆိုတာဟုတ်သလား❓

လုံးဝ (လုံးဝ) မဟုတ်ပါ။ ခြင်မဟာသွေးစုပ်ရာမှာ sip feeding method ကိုသုံးပါတယ်။ တစ်စုံတစ်ယောက်ဆီကသွေးကိုသူကြိုက်သလောက်စုပ်မယ်။ ဒါပေမဲ့တစ်ယောက်တည်းဆီက ဗိုက်ပြည့်ပြီးဝအောင်မစုပ်ယူပါဘူး။

Sip feeding method နဲ့တစ်ယောက်ဆီကတစ်ငုံစုပ်လိုက်၊ နောက်တစ်ယောက်ဆီကူးကာထပ်စုပ်လိုက်နဲ့ ဗိုက်ကားကားလာပါတယ်။

အဲ့ဒီလိုတစ်ယောက်ပြီးတစ်ယောက်လှည့်လည်ကိုက်ခဲတဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးစတဲ့ရောဂါပိုးတွေဟာ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကိုပြန့်နှံ့သွားပါတယ်။




🦟 ခြင်မဟာဒါဆိုရင် #သွေးဝအောင်စုပ်ပြီးရင် လူကိုထပ်မကိုက်တော့ဘူးပေါ့❓

မဟုတ်ပါ။ ခြင်မဟာ သွေးစုပ်တာဝသွားရင် ရက်အနည်းငယ်အနားယူပါတယ်။ အဲ့ဒီအချိန်မှာအစောပိုင်းက အားအားဝူးဝါးထားတဲ့အတွက် သူ့ဗိုက်ထဲမှာဥတွေဖြစ်ထွန်းလာပါတယ်။

အဲ့ဒီလိုဥတွေဖြစ်ထွန်းလာဖို့ ရာသီဥတုနဲ့နေရာဒေသပေါ်မူတည်ပြီး ကျနော်တို့ပူနွေးစွတ်စိုတဲ့ဒေသမှာ နှစ်ရက်သုံးရက်ကြာပါတယ်။

ဥတွေဖြစ်ထွန်းလာပြီးရင် ခြင်မကရေရှိတဲ့နေရာနားမှာသွားဥပါတယ်။ ဥတွေဥပြီးတာနဲ့ခြင်မ'ဟာနောက်တစ်ခါခြင်ထီးနဲ့ပျော်ပါးခြင်းနဲ့ #သွေးစုပ်ခြင်းလုပ်ငန်းကိုပြန်စပါတော့တယ်။

🦟 ဒါဆိုရင် #ခြင်တစ်ကောင်ရဲ့သက်တမ်းကဘယ်လောက်ကြာသလဲ❓

ခြင်အထီးတွေဟာ အရွယ်ရောက်ပြီးတာနဲ့ ၅ ရက်ကနေ ၇ ရက်လောက်အထိအသက်ရှည်ပါတယ်။

ခြင်မတွေက လူတွေလှောင်ထားတဲ့နေရာမှာ (၁) လထက်ပိုနေနိုင်ပါတယ်။ သို့သော် သဘာဝအတိုင်းအပြင်မှာ (၁) ပတ်ကနေ (၂) ပတ်လောက်အတွင်းမှာသေသွားတာများပါတယ်။

ခြင်မဟာ အခုလိုသဘာဝအတိုင်း ၁ ပတ်ကနေ ၂ ပတ်အထိအသက်ရှင်နေချိန်မှာ မိတ်လိုက်ခြင်း၊ သွေးလှည့်လည်စုပ်ခြင်းနဲ့ ဥဥခြင်းကို #အကြိမ်ကြိမ်ပြုလုပ်ပါတယ်။


🦟 ညနေဖက်ဆို #ခြင်တွေဘာလို့တဝီဝီဖြစ်နေတာလဲ❓

ညနေဘက်အဆောင်ရှေ့မှာသီချင်းစုပြီးဆိုသလိုပေါ့။ ညနေမှောင်စပျိုးချိန်မှာ ခြင်ထီးတွေဟာအုပ်လိုက်ထွက်ကာ အမတွေကိုမြူဆွယ်ပါတယ်။

🎤 အချစ်ရေ ... နေလို့မကောင်းရဲ့လား ... သွေးစုပ်နိုင်ပါစေ ... 

အဲ့ဒီအချိန်မှာ အဆောင်မှာလိုအဆောင်မှူးရဲ့မျက်ထောင့်နီကြီးနဲ့ခါးထောက်ပြီးကြည့်နေတာမခံရတော့ ခြင်မတွေကလည်းအပြင်ကိုထွက်လာပြီး ခြင်ထီးတွေနဲ့ဝင်လုံးကြပါတယ်။

🎤 ကိုကိုရေ ... ကွယ်ရာမှာခြေမများနဲ့နော် ဆိုပြီး ခြင်ထီးတွေနဲ့ ဒန့်ကြနန့်ကြသောင်းကျန်းကြပါလေရော။

အားရပါးရသောင်းကျန်းပြီးတာနဲ့ ... စာမှန်မှန်သူရေးပါနော် ... ကိုကိုနော်ဆိုပြီး ခြင်ထီးတွေနဲ့ခွဲခွာကာ ခြင်မတွေကသွေးစုပ်ဖို့အသည်းအသန်လှည့်လည်ကြိုးစားကြပါတော့တယ်။

ဒါ့ကြောင့်ညနေမှောင်ခါစမှာ ခြင်မဟာသွေးအဆာဆုံးဖြစ်ပါတယ်။ ကလေးတွေကို ခြင်ကိုက်သက်သာစေဖို့တံခါးပိတ်တာဘာညာထလုပ်ကြရတာပါ။

အဓိကပြောချင်တာကခြင်ကိုက်တာခံလိုက်မယ် ကုသိုလ်ရတယ်ဆိုတဲ့အတွေးမှားမဝင်မိစေဖို့ပါ။

❌ ခြင်မဟာကိုယ်ကအကိုက်ခံလိုက်လို့ နောက်လူမကိုက်တော့ဘူးဆိုတာ လုံးဝမှားပါတယ်။

❌ ခြင်မဟာတစ်ခါပဲဥဥတယ်နောက်ထပ်သွေးမစုပ်တော့ဘူးဆိုတာ မှားပါတယ်။

❌ ခြင်မဟာကိုယ်ဝန်နဲ့မို့သွေးစုပ်တယ်ဆိုတာလည်းမှားပါတယ်။

❌ ခြင်ဟာသစ်ရွက်ကနေ သံသေဒဇအလိုလိုဖြစ်လာတယ်ဆိုတဲ့အယူအဆကလည်း ခေတ်ဟောင်းကအယူအဆမှားဖြစ်ပါတယ်။

🦟 #ခြင်ဟာလူအသက်သေစေနိုင်တဲ့အထိအန္တရာယ်ရှိပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ရိုးမတက်ပြီးသစ်ခုတ်တဲ့ရွာကဦးလေးကြီးတစ်ယောက် ကယောင်ကတမ်းပြောပြီး ငှက်ဖျားနဲ့သေသွားတာ ကျနော့်မျက်စိရှေ့မှာပါ။

သွေးလွန်တုပ်ကွေးကြောင့် ကလေးတွေကော်ဖီရောင်အန်ပြီးအသက်ဆုံးပါးတဲ့အထိဖြစ်သွားတာလည်းမြင်ဖူးပါတယ်။

ခြင်ကိုက်တာရောဂါပိုးမဝင်ခဲ့ဘူးထား၊ ကိုက်ခံရတာများရင် လူမပြောနဲ့ ကျွဲနွားတွေအထိသွေးဆုံးရှုံးမှုများပြီးသေဆုံးတတ်ပါတယ်။

ဒါကြောင့်အထူးသဖြင့် နုနယ်တဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ခြင်အန္တရာယ်ကာကွယ်ဖို့ ဆောင်ရွက်ုကရပါမယ်။



ခြင်ရဲ့ဘဝစက်ဝန်း Life cycle က (၄) ဆင့်ရှိပါတယ်။

ခြင်ဥကိုခြင်မက ရေနားနဲ့အိုးခွက်အတွင်းပိုင်း၊ ညောင်ရေအိုးအတွင်းတွေ၊ သောက်ရေအိုးရေခံပန်းကန်ပြားအတွင်းမှာ ဝင်ဥတတ်ပါတယ်။

ခြင်မဟာတစ်ခါဥရင် ဥပေါင်း (၁၀၀) လောက်ဥချတတ်ပါတယ်။

ခြင်ဥတွေဟာ ခြောက်သွေ့တဲ့ရာသီဥတုမှာ (၈) လအထိနေရာပေါ်မူတည်ပြီးအသက်ရှင်နိုင်ပါတယ်။

ရေနည်းနည်းလေးပဲကျန်လည်းခြင်ဝင်ဥကာ ပေါက်ဖွားတတ်ပါတယ်။

အဲ့ဒီကနေ ပိုးလောင်းအကောင်ရှည်မျောမျောဘဝရောက်ပါတယ်။ ဥကနေပိုးလောင်းဖြစ်ဖို့ ရေနဲ့ထိတွေ့မှဖြစ်တာပါ။ ပိုးလောင်းဘဝမှာ (၃) ကြိမ်အရေခွံလဲပြီးမှ ပိုးတုံးလုံးဘဝရောက်ပါတယ်။

ပိုးတုံးလုံးဘဝမှာ #အရမ်းအေးပြီးရေခဲသွားရင်တောင်မသေပါဘူး။ ပူနွေးရာသီရောက်လို့ ရေခဲအရေပျော်ချိန်မှာထွက်လာပြီး ခြင်အဖြစ်ရှင်သန်နိုင်ပါတယ်။

ပိုးတုံးလုံး Pupa ဘဝရောက်သွားရင် ခေါင်းတိုပြီးအလုံးတုတ်သွားပါတယ်။ ဒီအရွယ်မှာရေမျက်နှာပြင်နားကပ်ပြီးနေကာ ခြင်ဖြစ်ဖို့တအားနီးနေပါပြီ။

အဲ့ဒီကနေအရွယ်ရောက်တဲ့ခြင်အဖြစ်အကောင်ခွံကိုခွဲကာ အတောင်ပေါက်ပြီးပျံသန်းပါတယ်။

ခြင်တွေဟာခပ်ဝေးဝေးကိုသိပ်မပျံသန်းတတ်ပါဘူး။ လူနေအဆောက်အဦးဘလောက်အနည်းငယ်အထိပဲဝေးဝေးပျံနိုင်ပါတယ်။ အဲ့ဒီလောက်ကနေ ရောဂါအကြီးအကျယ်ပြန့်ပွားဖို့လုံလောက်ပါတယ်။

ကမ္ဘာပေါ်မှာ ခြင်မျိုးကွဲပေါင်း (၃၀၀၀) ကျော်လောက်ရှိသတဲ့။ အဓိက (၃) မျိုးက Aedes အေးဒီစ်၊ Culex ခရူးလက်စ် နဲ့ Anopheles အနောဖလီးစ်တို့ဖြစ်တယ်။

အေးဒီးစ် Aedes aegypti ခြင်ကြောင့် သွေးလွန်တုပ်ကွေး၊ Yellow fever ရောဂါ၊ Chikungunya ရောဂါ၊ Zika ဇိုင်ကာစတာတွေဖြစ်နိုင်ပါတယ်။ 

အနောဖလီးစ် Anopheles ခြင်ကြောင့် ငှက်ဖျားရောဂါဖြစ်စေနိုင်ပါတယ်။ 

Culex ခရူးလက်စ်ခြင်ကြောင့် West Nile Virus လို ဦးနှောက်ထဲအထိပြန့်နှံ့နိုင်တဲ့ရောဂါဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့်ခြင်အန္တရာယ်ကာကွယ်ရေးကို #ရပ်ကွက်အလိုက်ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

#RichardMyoThant
6-July-2022

Monday, July 4, 2022

“တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ (ဒုတိယအပိုင်း)

 ပြင်မရသည့် စစ်တပ် အာဏာရှင်ယန္တရား သို့မဟုတ် မအောင်မြင်သော မြန်မာ့ “တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ (ဒုတိယအပိုင်း)




By အောင်ကောင်းမြတ်  


တတိယအင်အားစု လှုပ်ရှားမှုသည် အတိုက်အခံနှင့် လူထုအပေါ် စစ်တပ်က စေတနာမှန်သည် ဟူသော သက်သေ အထောက်အထား မရှိသည့် ယူဆချက်အပေါ် အခြေခံထားသည်။ 


၎င်းအင်အားစုက အဆိုပြုသော အစိုးရအကြံပေး နည်းလမ်းများသည် မြန်မာပြည်သူတို့၏ ဘဝအခြေအနေကို တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်နိုင်စေကာမူ၊ လယ်ပြင်မှာဆင်သွားသလို ၎င်းတို့ ထင်ရှားစွာ ရှောင်ကွင်းသွားသည့်အချက်မှာ စစ်တပ်သည် တိုင်းပြည်က ရင်ဆိုင်နေရသော အခက်အခဲ အများအပြား၏ အဓိကအကြောင်းရင်း ဖြစ်နေသော ပြဿနာပင် ဖြစ်သည်။


အရပ်ဖက်ကိစ္စများ၌ စစ်တပ်က အမြဲဝင်စွက်ဖက်နေမှုနှင့် လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုများသည် အကြီးမားဆုံးသော နိုင်ငံရေးပြဿနာများ ဖြစ်သည်။ ဆွေးနွေးအဖြေရှာရေးနှင့် ရင်ကြားစေ့ နိုင်ငံရေးမှာ စစ်တပ်က ခွင့်ပြုသလောက်သာ ခရီးဆက်နိုင်သည်။ အာဏာအပြည့် ရယူထားသော စစ်တပ်က ဒီမိုကရေစီအရ ရွေးချယ်ထားသော ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများကို ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်သည့်အခါ အဆိုပါလုပ်ရပ်ကို ထိန်းကျောင်းနိုင်မည့် မည်သည့်အကာအကွယ်မျိုးမျှ ရှိမနေခဲ့ပေ။


ပြန်တွေးကြည့်မည်ဆိုပါက ဦးသိန်းစိန်အစိုးရ ဆောင်ရွက်ခဲ့သော ဒီမိုကရေစီ  ပြုပြင်ပြောင်းလဲမှုများသည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ၏ ထူးခြားလက္ခဏာ တစ်ခုဆိုသည်ထက် စနစ်ယန္တရား၌ တဒင်္ဂခဏ စက်ကြောင်သွားခြင်းဟုသာ ဆိုနိုင်ကောင်းမည်။ ကြီးမားသည့် ထိန်းချုပ်ကွပ်ကဲမှုများဖြင့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးကာ အာဏာကို ဆက်လက်ထိန်းသိမ်းထားရန်သာ စစ်သားအိုကြီးများက ရည်မှန်းခဲ့ခြင်း ဖြစ်သည်။


သို့သော် ဦးသိန်းစိန်က ဇာတ်ညွှန်းဖတ်ရာတွင် အနည်းငယ် လွဲသွားပုံရသည်။ အစောပိုင်း ပြုပြင်ပြောင်းလဲမှုများအပြီး ၎င်းကို ပြုပြင်ပြောင်းလဲရေးသမား၊ အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားလိုသည့် ယခင် စစ်ခေါင်းဆောင်များနှင့် မတူဘဲ လမ်းခွဲထွက်လာသူဟု အများက ယူဆခဲ့သည်။ အနောက်မီဒီယာများ ကဆိုလျှင် ဦးသိန်းစိန်ကို မီခေးဂေါ့ဗာချော့ဗ်နှင့်ပင် နှိုင်းယှဉ်လာသည်။


၎င်း၏ လွတ်မြောက်ရေး အားထုတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group)က ဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သလို ၂၀၁၃ ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက်ပင် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်။


ယခင် စစ်ဗိုလ်ချုပ်ကြီးဘဝက လုံးဝမမျှော်လင့်နိုင်ခဲ့သော နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိလာခြင်းက ဦးသိန်းစိန်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်မှုကို အားပေးအားမြှောက် ပြုခဲ့ပုံရပြီး၊ နောက်ပိုင်း ၎င်း၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များမှာ ပိုမိုရဲရဲတင်းတင်း ဖြစ်လာသည်။  ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၀၈ ပြည်လုံးကျွတ်  ဆန္ဒခံယူပွဲများနှင့် မတူဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဲမသမာမှုဖြစ်သည့် အထောက်အထား မရှိသလောက်ဖြင့် ကျင်းပခဲ့ကာ အတိုက်အခံ အင်န်အယ်လ်ဒီတို့ အောင်ပွဲခံခဲ့သည်။


အပေါ်ယံကြည့်လျှင် မြန်မာသည် ဖွံ့ဖြိုးဆဲ ကမ္ဘာ့တောင်ခြမ်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသည့် နောက်ထပ်နမူနာကောင်း တစ်ခုဖြစ်သည်။ သို့သော် အရပ်သား ကြီးကြပ်ကွပ်ကဲမှုမှ လွတ်ကင်းနေသော စစ်ဗိုလ်ချုပ်ကြီးများကမူ စစ်တန်းလျားများ၌ မည်သည့် မည်မည်ရရ အပြောင်းအလဲမျှ မဖြစ်ရအောင် အရာရာကို စိတ်ချနေချင်လျက်ရှိသည်။


ထိုအတောအတွင်း အင်စတီကျူးရှင်း တစ်ခုဖြစ်သော စစ်တပ်သည် မိမိကိုယ်မိမိ ဝိုင်းအတိုက်ခံနေရသည်ဟု ရှုမြင်နေသည့် စိတ်နေသဘောထားကို စွန့်လွှတ်တော့မည့် လက္ခဏာပြသခြင်း မရှိပေ။ စစ်သားများနှင့် ၎င်းတို့၏ မိသားစုများကို သီးသန့်စစ်တပ် ခြံဝင်းများအထဲ၌သာ နေထိုင်ပြီး ပြင်ပလူ့အဖွဲ့အစည်းနှင့် အဆက်ဖြတ်ထားရန် တိုက်တွန်းကြသည်။ 


ယင်းနောက်ခံအနေအထားတွင် လူမျိုးရေး၊ ဘာသာရေးနှင့် လူများစု ဗမာသမိုင်းကြောင်း အခြေခံ အမျိုးသားရေးဝါဒသည် စစ်တပ်၏ အဓိကဝါဒပင် ဖြစ်သည်။ စစ်တပ်ခြံစည်းရိုးများအတွင်း ဆိုဗီယက်ပုံစံ ဝါဒရေးရာ ဆောင်ပုဒ်များက စစ်သားများကို ပြင်ပကမ္ဘာ၏ အန္တရာယ်အကြောင်း သတိပေးနေဆဲပင်။ ဗိုလ်ချုပ်ကြီးများသည် ကမ္ဘာ့အရေးနှင့် ပြည်တွင်းသတင်းများကို ၎င်းတို့၏ အစွန်းရောက် အမျိုးသားရေးအမြင်ဖြင့် ဘာသာပြန်၍ သဘောပေါက်နားလည်ကြသည်။


အာဖဂန်နစ္စတန်နှင့် အီရတ်ကို တိုက်ခိုက်သော အမေရိကန်၏ ကျူးကျော်မှုနှင့် စစ်အစိုးရ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် အနောက်နိုင်ငံအစိုးရများ၏ ဝေဖန်မှုကို ဆက်စပ်ဖော်ပြသည်။ အနောက်နိုင်ငံများ၌ ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အာဆာ(ARSA)အဖွဲ့တို့ကို ဂျီဟတ်စစ်ဆင်ရေး ဟူသော တံဆိပ်တစ်ခုတည်း ကပ်ကြသည်။


အဆိုပါ အမြင်များက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့၏ ရှုမြင်သုံးသပ်မှုအပေါ် သက်ရောက်မှုရှိနေသည်။ နိုင်ငံခြားသား ဗြိတိသျှလူမျိုး ပညာရှင်တစ်ဦး၏ ဇနီးဖြစ်ပြီး ပြည်ပသွေးနှောသည့် သားနှစ်ဦး၏ မိခင်ဖြစ်သော  ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က ပြည်ပသူလျှို လုပ်ဖူးသည်ဟု စွပ်စွဲထားသော ဝါဒဖြန့်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ 


နိုင်ငံခြားသူလျှိူအဖြစ် ယူဆသော ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား မည်သူမဆိုအပေါ် ရန်လိုပုတ်ခတ် ပြောဆိုမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ အစိုးရပိုင် သတင်းစာ စာမျက်နှာများမှသည် လူမှုကွန်ရက် မီဒီယာသတင်းမှား စစ်ဆင်ရေးများသို့ ကူးပြောင်းရောက်ရှိလာသည်။


ဒေါ်အောင်ဆန်းစုကြည်ကို အများက “အမေစု” ဟုခေါ်ကြသော်လည်း စစ်တပ်လိုလားသူများ၏ ဖေ့စ်ဘွတ်ပေါ်မှ ပြက်လုံးများ၌မူ ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဘာသာကိုဖျက်ဆီးသူ၊ ဗုဒ္ဓဘာသာအများစု ရှိသော မြန်မာနိုင်ငံကို တိုက်ခိုက်ရန် တစ်ကမ္ဘာလုံးမှ မွတ်ဆလင်များ၏ ပူးပေါင်းကြံစည်မှုတွင် ကြံရာပါဖြစ်သူ စသည်ဖြင့် ပုတ်ခတ်ပြောဆိုကြသည်။ မွတ်ဆလင်ဆန့်ကျင်ရေးအမြင်နှင့် စစ်တပ်၏ အမျိုးသားရေး အစွန်းရောက် အမြင်တို့မှာ အတူယှဉ်တွဲ ဖြစ်ပေါ်လျက်ရှိသည်။


၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အမျိုး၊ ဘာသာကို ကြည့်၍ မဲပေးရန် ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများအား မှာကြားခဲ့ရာ မွတ်ဆလင်အမတ်လောင်းများကို မဲမပေးရန် အမျိုးသားရေးဝါဒီများ အချင်းချင်း စည်းရုံးဆော်ဩမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ ဗိုလ်ချုပ်ကြီးများနှင့် မည်မျှပင် ပူးပေါင်းဆောင်ရွက်စေကာမူ ၎င်းတို့အား နိုင်ငံရေးလောကမှ ထွက်ခွာသွားအောင် နားလည် သဘောပေါက်နိုင်စေခြင်းကား မရှိခဲ့ပေ။ 


ထို့အပြင် ၁၃ ရာစုမှသည် ဗြိတိသျှကိုလိုနီဘဝအထိ ဗမာတို့က ဆက်တိုက် အုပ်စိုးခဲ့သည့်သမိုင်းကို စစ်တပ်၏ အဓိပ္ပာယ်ကောက်ယူမှုကလည်း အရပ်သားထက် စစ်တပ်ကြီးစိုးမှုကများကြောင်း ၎င်းတို့၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေလျက်ရှိသည်။ 


ထိုအဓိပ္ပာယ်ဖော်မှုအရ မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်မှုနှင့် ကြုံလာသည့်အခါ စစ်တပ်အင်အားချိနဲ့သည့် အချိန်မျိုးတွင်သာ နိုင်ငံ့လွတ်လပ်ရေးကို ဆုံးရှုံးရသည်ဟု ဆိုသည်။ ထိုသင်ခန်းစာကို အခြေခံ၍ စစ်တပ်သည် မိမိအင်အားကို ပိုမိုခိုင်မာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည်ဖြစ်ကာ အင်အားမရှိပါက ပြည်ပလက်ထဲသို့ အချိန်ရွေးကျရောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးများက ကောက်ချက်ဆွဲကြသည်။


အဆိုပါ နိုင်ငံခြားသားကို ကြောက်သော အမျိုးသားရေးဝါဒနှင့် အရပ်သားအင်စတီကျူးရှင်းများကို အထင်အမြင်သေးမှုတို့ ပေါင်းစပ်ဖြစ်ပေါ်လာသော သဘောထားအမြင်များကို ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းများ၌ တွေ့မြင်နိုင်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အကျင့်ပျက်ခြစားသော ပါတီနိုင်ငံရေးနှင့် စစ်တပ်ပါဝင်သော  အမျိုးသားနိုင်ငံရေးတို့ကို မကြာခဏ နှိုင်းယှဉ်ပြောဆိုလေ့ရှိသည်။


အဆိုပါနှိုင်းယှဉ်မှုအရ နိုင်ငံခြားသား သူလျှိူများ၏ စည်းစိမ်ဉစ္စာဖြင့် ဆွဲဆောင်မှုနောက်ကို အရပ်သားများက ပါသွားနိုင်သော်လည်း စစ်သားများကမူ ထိုဆွဲဆောင်မှုဒဏ်ကို ခုခံနိုင်စွမ်းရှိသည့် သဘောမျိုးဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တန်နယ်နှင့် အခြားနိုင်ငံခြားသားများအား ဖမ်းဆီးခဲ့မှုသည် အဆိုပါ နိုင်ငံခြားသားကြောက် ရောဂါကြောင့်ပင် ဖြစ်သည်။


အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော ပရဟိတအဖွဲ့များအား နိုင်ငံပျက်စီးအောင် ပူးပေါင်းကြံစည်နေကြသည်ဟု စစ်အစိုးရ လိုလားသော ဝါဒဖြန့်ယန္တရားက ပစ်မှတ်ထား ပုံဖော်လျက်ရှိရာ အဆိုပါ ပရဟိတအဖွဲ့များမှ ဝန်ထမ်းများမှာလည်း ဖမ်းဆီးထိန်းသိမ်း ခံနေကြရသည်။


တိုင်းပြည်အပေါ် ဘဏ္ဍာရေးအရ ပူးပေါင်းကြံစည်တိုက်ခိုက်မှုတွင် နိုင်ငံခြားသားများ ပါဝင်မည်ကို စိုးရိမ်၍ စစ်အစိုးရသည် ယမန်နှစ် ဩဂုတ်လက ဘဏ်လုပ်ငန်းကဏ္ဍ၌ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်မှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ အပြင်လူများအတွက် လုံးဝနားမလည် နိုင်စရာဖြစ်ရသော အဆိုပါလုပ်ရပ်မျိုးကို စစ်တပ်၏ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်း နားလည်ထားမှသာလျှင် သိရှိ သဘောပေါက် နိုင်လိမ့်မည် ဖြစ်သည်။


မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းတွင် ပြည်တွင်းအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် ကျွမ်းကျင်မှုများ မရှိပေ။ ကိုလိုနီဆန့်ကျင်ရေး ရုန်းကန်မှုနှင့် ၎င်းမှ ဆက်ဖြစ်လာသော ပြည်တွင်းစစ်တို့မှ ပေါက်ဖွားလာသည့် မြန်မာ့စစ်တပ်၏ စုပေါင်းခေါင်းဆောင်မှုသည် တိုင်းရင်းသားလူနည်းစုများ (ယခုဗမာအများစုပါသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ) ၏ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သားဒေသများကို မဆင်မခြင် အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေ အတိုက်အခံများကို ချေမှုန်းရန် ကြမ်းတမ်းသည့် စစ်ဗျူဟာများ ကျင့်သုံးခြင်း စသည့် အကြမ်းဖက်မှု ဘာသာစကားကိုသာ ပြောဆိုနိုင်ကြသည်။ 


၁၉၈၈ ခုနှစ်က ပြည်သူများ လမ်းမများပေါ်ထွက်၍ အပြောင်းအလဲအတွက် တောင်းဆိုသည့်အခါ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းက “စစ်တပ်ဆိုတာပစ်ပြီဆိုရင် တကယ်ထိအောင်ပစ်တယ်” ဟူ၍ ရုပ်မြင်သံကြားမိန့်ခွန်းတွင် သတိပေးခဲ့သည်။ ၁၉၈၈ ဆန္ဒပြပွဲများအား ပစ်ခတ်ရန် တပ်ဖွဲ့များကို  ပစ်မိန့်ပေးလိုက်သည့်အခါ လူထောင်နှင့် ချီ၍သေဆုံးခဲ့သည်။


နောက်နှစ် ၃၀ ခန့်အကြာတွင်လည်း လုံခြုံရေးတပ်ဖွဲ့များသည် လူ့အသက်နှင့် ဂုဏ်သိက္ခာအပေါ် ၎င်းတို့၏ ဗြောင်ကျကျ ဂရုမစိုက်မှုကို ဆက်လက် ပြသနေဆဲဖြစ်သည်။ နိုင်ငံအဝှမ်းဆန္ဒပြပွဲများ ပြင်းထန်လာသည့်အခါ စစ်တပ် ထိန်းချုပ်ထားသည့် မီဒီယာများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံပါက “အသက်ဆုံးရှုံးနိုင်ကြောင်း” ပြင်းထန်စွာ သတိပေးခဲ့သည်။


ယခု ဆောင်းပါးရေးနေချိန်အထိ သေဆုံးသူ ၂,၀၀၀ ကျော်ပြီဖြစ်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့က နောင်တရသည့် လက္ခဏာတစ်စုံတစ်ရာ ပြသခြင်းမရှိသေးပေ။ ပျံ့နှံလာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အောင်ပွဲခံနေပုံကို တွေ့ရသည်။ စစ်တပ်၏ ကွပ်ကဲမှုအောက်မှ တပ်စုများ၏ အပြုအမူသည် ဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ဆိုသည်ထက် ကျူးကျော်ဝင်ရောက်လာသည့် အဖွဲ့များနှင့် ပိုတူနေသည့် အခြားအလားတူ သာဓက အများအပြားလည်း ရှိသည်။ 


စစ်တပ်၏ ပြည်တွင်းစစ် အတွေ့အကြုံများကြောင့် အရပ်သားများကို ၎င်းတို့က ရန်သူသဖွယ် ဆက်ဆံနေခြင်း ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဘယ့်ကြောင့် လုပ်ရသည်ကို အစွန်းရောက် အမျိုးသားရေးဝါဒ ဟူသော စကားလုံးကသာ ဖြေရှင်းချက် ပေးနိုင်ပေလိမ့်မည်။


၂၀၂၁ အာဏာသိမ်းမှုအပြီး တတိယအင်အားစု၏ အဖွဲ့ဝင်အများစုမှာ အသံတိတ်နေဆဲဖြစ်ကာ စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ရဲသည့် ပညာရှင်များအနက် အချို့အဖမ်းခံရပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ သို့သော် တတိယအင်အားစု ပညာရှင်အချို့မှာမူ စစ်တပ်အတွက် ပေါ်ပေါ်ထင်ထင် အလုပ်လုပ်နေကြသည်။


မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှ ယခင် ဥပဒေအကြံပေး ဆလိုင်း(အန်ဒရူး) ငွန်ကျူးလျံကို ၂၀၂၁ အာဏာသိမ်းမှုအပြီး စစ်အစိုးရ၏ ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများနှင့် စစ်တပ်က ပိုင်ဆိုင်သည့် ချန်နယ်များတွင် ထုတ်လွှင့်သော စကားဝိုင်းများ၌ ၎င်းက စစ်အစိုးရ၏ အာဏာလွှဲယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။


မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန၏ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးအောင်နိုင်ဦးက ၎င်းနှင့်တတိယအင်အားစု၏ အခြားအဖွဲ့ဝင်နှစ်ဦးအား ပြည်ပရောက် အမျိုးသားညီညွှတ်ရေးအစိုးရ (အင်န်ယူဂျီ)က လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခဲ့ရာ၊ ယင်းမှာ နာမည်ဖျက်ရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်။ စစ်တပ်အတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲခံရသောသတင်းပေးနှင့် အရပ်သား အရာရှိများကို လုပ်ကြံသတ်ဖြတ်မှုများ ရှိသော်လည်း ၎င်းလုပ်ကြံမှုများနောက်ကွယ်တွင် အင်န်ယူဂျီ ရှိနေသည် ဟူသော သက်သေမရှိပေ။


မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး ပြန်လည်ဖြစ်ထွန်းလာခြင်းနှင့်အတူ တတိယအင်အားစု၏ တစ္ဆေဆန်ဆန် ပုံရိပ်များမှာလည်း ဆက်လက်ထင်ကျန်နေရစ်သည်။ အခြားအာဆီယံနိုင်ငံများက ဆန့်ကျင်နေလင့်ကစား တရုတ်နှင့် အာဆီယံနိုင်ငံအချို့ အထူးသဖြင့် ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ပုံမှန်တည်ဆောက်ရန် တွန်းအားပေးနေကြသည်။


အိန္ဒိယက ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် တောင်းဆိုရင်း စစ်ကောင်စီနှင့် သံတမန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ စစ်တပ်၏ အကြမ်းဖက်မှုများကို ဝေဖန်ခဲ့သော်လည်း အာဆီယံတူညီဆန္ဒကို အခြေခံ၍ သက်ဆိုင်သော အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းရန်သာ ဆက်လက်တောင်းဆိုလျက်ရှိသည်။ 


ပြည်ပကျွမ်းကျင်သူများကလည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည်။ ၎င်းတို့၏ တောင်းဆိုမှုသည် ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး၏ သော့ချက်ကို ထိန်းကိုင်ထားသူမှာ စစ်တပ်ခေါင်းဆောင်ပိုင်း မှတစ်ပါး အခြားသူများ မဟုတ် ဟူသော လက်တွေ့နိုင်ငံရေးအခြေအနေကို နားလည်ထားကြောင်းသွယ်ဝိုက် ညွှန်းဆိုနေသည်။


အကျိုးဆက်အဖြစ် ဤချဉ်းကပ်မှုသည် အပြင်လူ၏ အမြင်ကို ဂရုမစိုက်ဘဲ အရပ်သားများကို ရန်သူသဖွယ် သဘောထားတတ်သော ဗိုလ်ချုပ်ကြီးများ၏ ပြုသမျှ နုရမည့် အခြေအနေမျိုး ဆိုက်ရောက်စေသည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် အာဆီယံခေါင်းဆောင်များနှင့် သဘောတူခဲ့သော တူညီဆန္ဒငါးချက်ကို လေးစားခြင်း မရှိပေ။


ထို့အတူ အာဆီယံ အထူးကိုယ်စားလှယ်အား အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်လည်း မပေးခဲ့ပေ။ စစ်တပ်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရပ်သား တိုက်ခိုက်ရေးသမားများအပေါ် အဓိကစစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေဆဲပင် ဖြစ်သည်။


တက္ကသိုလ်ကျောင်းသားအစ အစိုးရဝန်ထမ်း၊ လယ်သမား၊ အလုပ်သမား အဆုံး နိုင်ငံတစ်ဝှမ်းမှ ပြည်သူများသည် စစ်တပ်ဆန့်ကျင်ရေးကို နေ့စဉ်ဆက်လက် ဆောင်ရွက်နေကြစဉ် မအောင်မြင်သော တတိယ အင်အားစုလှုပ်ရှားမှုက သံတမန်များ၊ မူဝါဒချမှတ်သူများ စသည့် မြန်မာ့အရေး စိတ်ပါဝင်စားသူ မည်သူမဆိုကို အချက်တစ်ချက်တည်းကိုသာ သင်ခန်းစာ ပို့ချနိုင်လိမ့်မည် ဖြစ်သည်။


၎င်းသင်ခန်းစာမှာ “စစ်တပ်နှင့် ရင်ကြားစေ့ရေး မူဝါဒမှန်လျှင် မအောင်မြင်ရန် သေချာသည်” ဟူသော အချက်ဖြစ်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒနှင့် အားလုံးက ဝိုင်းတိုက်မှုကို ခုခံနေရသည် ဟူသော စိတ်နေသဘောထားတို့ကြောင့် မြန်မာစစ်တပ်သည် ၎င်းတို့အင်အား ချိနဲ့နေခြင်း မဟုတ်လျှင် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။


လူထုနှင့် စစ်တပ် ထိန်းချုပ်ထားသော အစိုးရတို့ မြန်မာနိုင်ငံ၌ ထိပ်တိုက်တွေ့နေသည့်အခါ တတိယအင်အားစုများ အမြင်လျှမ်းခဲ့သည့် ထင်ရှားသော အလွဲကြီးတစ်ခုကို အလေးထား အာရုံစိုက်ရန် အရေးကြီးသည်။ ၎င်းမှာ “ မြန်မာစစ်တပ်သည် ပြင်မရအောင် ပျက်စီးသွားသည့် ယန္တရားတစ်ခု ဖြစ်သည်”  ဟူသောအချက်ပင် ဖြစ်သည်။


ယခုဆောင်းပါး၏ပထမပိုင်း ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏  “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement”  ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

Sunday, July 3, 2022

တတိယအင်အားစု

 ပြင်မရသည့် စစ်တပ် အာဏာရှင် ယန္တရား သို့မဟုတ် မအောင်မြင်သော မြန်မာ့ “တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ




By အောင်ကောင်းမြတ် 


၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်စောစောတွင် လက်နက်ကိုင် စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ယာဉ်တန်းသည် ရွေးကောက်ပွဲ၌ နောက်ထပ်တစ်ကြိမ် သောင်ပြိုကမ်းပြို အနိုင်ရအပြီး အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေကြသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီမှ ရွေးကောက်ခံအမတ်များရှိရာ လွှတ်တော်သို့ ချဉ်းကပ်လာသည်။


သမ္မတဦးဝင်းမြင့်၊ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ရာနှင့်ချီသော ဥပဒေပြုအမတ်များနှင့် အစိုးရအရာရှိများကို မြန်မာစစ်တပ်က ထိန်းသိမ်းလိုက်သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်ဌာနများနှင့် အင်တာနက်ဝန်ဆောင်မှု ပေးသူများသည် ၎င်းတို့၏တံခါးဝသို့ စစ်သားများ ရောက်ရှိလာပြီး သေနတ်ဖြင့်ချိန်ကာ လက်ရှိထုတ်လွှင့်နေမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခံကြရသည်။


ထိုနေ့နှောင်းပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲမသမာမှုများရှိနိုင်ကြောင်း၊ အနာဂတ်တစ်ချိန်ချိန်၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားကာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့သည်။ 


ယခင်စစ်ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ၌ အရေးနိမ့်အပြီး အဆိုပါအာဏာသိမ်းမှု ဖြစ်ပွားလာခြင်းဖြစ်သည်။


 ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သော ယူအက်စ်ဒီပီသည်  မဲမသမာမှုများရှိကြောင်း အလားတူစွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့ရာ ထိုတောင်းဆိုချက်သည် ရွေးကောက်ပွဲရလဒ်များမှာ ယုံကြည် စိတ်ချရမှုရှိကြောင်း သီးခြားလွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ ပြောဆိုချက်နှင့် ကွဲလွဲလျက်ရှိသည်။ သို့သော်စစ်တပ်က ယူအက်စ်ဒီပီကို ထောက်ခံကာ ရွေးကောက်ခံအစိုးရသစ်ကို ဖယ်ရှားခဲ့သည်။


တတိယအင်အားစုနှင့် နိုင်ငံရေးတွင် ပါဝင်နေသည့်စစ်တပ်

=================


၂၀၂၁ အာဏာသိမ်းမှုဟူသည် မြန်မာစစ်တပ်ကို စေတနာမှန်သော အဖွဲ့တစ်ရပ်ဟု ယုံကြည်နေကြသူအပေါင်း၏ မျက်နှာကို ဟိုးလေးတကျော် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။


စစ်တပ်ကရေးဆွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအာဏာများကို ကာကွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်နေသော စစ်တပ်နှင့် လူထုထောက်ခံသော ဒီမိုကရေစီလိုလားသူများအကြား အကောင်းဆုံး အာဏာခွဲဝေမှု ပြဋ္ဌာန်းချက်ဖြစ်သည်ဟု ၂၀၁၀  ပြည့်လွန်နှစ်များ၌ စစ်အုပ်ချုပ်ရေးမှ တစ်စိတ်တစ်ပိုင်းဒီမိုကရေစီအသွင် ကူးပြောင်းလာသည့် ကာလအတွင်း လေ့လာသူအများအပြားက ယူဆထားခဲ့သည်။ 


မြန်မာ့“တတိယအင်အားစု” ဟု အလွတ်သဘောခေါ်ကြသည့် ပညာတတ်အုပ်စုတစ်ခုသည် ရှေ့တန်းမျက်နှာစာသို့ ပေါ်ထွက်လာကာ ထိုဆယ်စုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲများကို တွန်းအားပေးလာကြသည်။ “တတိယအင်အားစု”တွင် လျော့ရဲရဲ ချိတ်ဆက်ထားသော ပညာတတ်အသိုင်းအဝိုင်းနှင့် အရပ်ဖက်အဖွဲ့များ ပါဝင်နေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို အတိအကျပြောဆိုရန် ခက်ခဲသည်။ သို့သော် ရန်ကုန်အခြေစိုက် တတ်သိပညာရှင်များ ပါဝင်သော Myanmar Egress အဖွဲ့သည် အခြားလူသိနည်းသော အရပ်ဖက်အဖွဲ့များနှင့်အတူ တတိယ အင်အားစုလှုပ်ရှားမှု၏ အဓိက မောင်းနှင်သူဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။


၂၀၀၆ ခုနှစ်ကတည်ထောင်ခဲ့သော Myanmar Egress အဖွဲ့က “မိမိတို့သည် အစိုးရနှင့် အခြားပါဝင်ပတ်သတ်နေသည့် အစုအဖွဲ့အားလုံးနှင့် အလုပ်ဖြစ်သော ဆက်ဆံရေးဖြင့် နိုင်ငံတည်ဆောက်ရန် သံန္နိဋ္ဌာန်ချမှတ်ထားသည့် အမျိုးသားရေး ဝါဒီများဖြစ်သည်” ဟု  ယခု ပျောက်ကွယ်သွားပြီဖြစ်သော ၎င်းတို့၏ဝဘ်ဆိုဒ်ပေါက်တွင် ရေးသားခဲ့ခြင်းဖြင့် ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။


ဤပူးပေါင်းမှုသည် စစ်အစိုးရကို လုံးဝလက်မခံသည့် လေ့လာသူများ၊ ဝေဖန်ဆန်းစစ်သူများ၊ တက်ကြွ လှုပ်ရှားသူများ စသည့်အများစုအတွက်မူ လူကြိုက်များသော ရပ်တည်ချက် မဟုတ်ပေ။ ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်သည့် ဒီမိုကရေစီတိုက်ပွဲအတွင်း စစ်တပ်ခေါင်းဆောင်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအကြား မလိုမုန်းတီးမှုများ ကြီးထွားလာသည်။


စစ်ဗိုလ်ချုပ်ကြီးများနှင့် အင်န်အယ်လ်ဒီခေါင်းဆောင်သော ဒီမိုကရေစီအုပ်စုသည် ၂၀၁၁ ခုနှစ်မတိုင်မီက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်၌ ရပ်တည်နေသူများဖြစ်သည်။ 


တိုင်းရင်းသားလူနည်းစုအပေါ် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အတွေ့အကြုံများဖြင့် လွှမ်းမိုးဖိစီးနေသော စစ်အရာရှိများသည် လူအများအားသတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ဖြင့် ဒီမိုကရေစီလှုပ်ရှားမှုကို အညှာတာမဲ့စွာ စတင်နှိမ်နှင်းလာသည်။ ၁၉၈၈ ဆူပူဆန္ဒပြပွဲ များအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်သားများ ကျည်အစစ်သုံး၍ ပစ်ခတ်ခဲ့ရာ ထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။


ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၀၇ခုနှစ်နှင့်၂၀၂၁ ခုနှစ်တို့တွင်လည်း ထပ်မံဖြစ်ပွားခဲ့သည်။ အပြန်အလှန်အားဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စည်းရုံးလှုပ်ရှားခဲ့သည်။ ထိုသို့ ရှေ့မတိုးနောက်မဆုတ် ကြဉ်းထဲကြပ်ထဲ ရောက်နေခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အထိတိုင်အောင် စစ်အုပ်ချုပ်ရေးမှ ရှေ့တစ်လှမ်းထပ်ဆင့် တက်လှမ်းလာနိုင်ခြင်း မရှိခဲ့ပေ။


၂၀၁၁ ခုနှစ် အရောက်တွင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲမှုအချို့ စတင်ပြုလုပ်လာသည်။ တတိယအင်အားစုသည် တိုင်းပြည်ကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အုပ်ချုပ်လာခဲ့သော စစ်တပ်နှင့် ဘုံရပ်တည်ချက်ရှာဖွေရန် ဦးစားပေးသည်။ ၎င်းတို့သည် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့်အစား ပူးပေါင်းဆောင်ရွက်ရန်၊ စေ့စပ်ဆွေးနွေးရန်နှင့် အမျိုးသားရင်ကြားစေ့ရန် တိုက်တွန်းကြသည်။ 


ပုံမှန်တောင်းဆိုနေကျ “ဒီမိုကရေစီနှင့်လွတ်လပ်မှု” နေရာတွင် စစ်တပ်က စိတ်ကူးပုံဖော်ထားသည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”နှင့် အငြင်းမပွားသော “လက်တွေ့နိုင်ငံရေး” ဖြင့် အစားထိုးခဲ့သည်။ တတိယအင်အားစု၏ အာဘော်သတင်းစာဖြစ်သော The Voice ၏ “ပြိုင်တူတွန်းလျှင် ရွေ့ပါမည်” ဟူသော ဆောင်ပုဒ်မှာ အသုံးတွင်ကျယ်လာသည်။ 


ထိုဆောင်ပုဒ်သည် စစ်တပ်နှင့် ကျန်လူ့အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ဆွေးနွေးမှု၏ အရေးကြီးပုံကို အလေးအနက် ညွှန်းဆိုရန် စည်းလုံးညီညွှတ်မှုအကြောင်းကို မူလတန်းဖတ်စာကဗျာထဲမှ ကောက်နုတ်ဆုံးမချက်ဖြစ်သည်။ ဤဆောင်ပုဒ်ကို မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ပြည်တွင်းစစ်မှသည် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအထိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် နတ်ဘုရားပေးသည့် ဆေးသဖွယ် နေရာတကာ သုံးစွဲခဲ့သည်။ 


၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံပါတီဝင်များကို ထုတ်ပယ်ရန် နိုင်ငံရေးပါတီများအပေါ် အတင်းအကြပ် ဖိအားပေးလာသည့်အခါ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော် Myanmar Egress နှင့် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များက စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများကို စည်းရုံးခဲ့သည်။ 


အင်န်အယ်လ်ဒီအပါအဝင် သီးခြားလွတ်လပ်သော နိုင်ငံရေးပါတီများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ယှဉ်ပြိုင်မှုများမရှိဘဲ မဲခိုးမှုနှင့်မဲပေးရန် ခြိမ်းခြောက်မှုများရှိသည်ဟု သတင်းအချို့နှင့်အတူ စစ်တပ်က ထောက်ခံသည့် ယူအက်စ်ဒီပီပါတီက ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။


 ၂၀၁၀ရွေးကောက်ပွဲအပြီး၌ ဦးသိန်းစိန်အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံ၊ အထူးသဖြင့် အင်န်အယ်လ်ဒီပါတီအကြား ဆွေးနွေးမှုများအပြင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များအကြား စေ့စပ်ညှိနှိုင်းမှုများလည်း ပေါ်ထွန်းလာသည်။


ထိုအခါ စစ်တပ်ဦးဆောင်သည့် အစီအစဉ်များကို တခမ်းတနား ကြိုဆိုထောက်ခံလျက် ဆောင်ရွက်ဆဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ပြည်အလှူရှင်များထံမှ ငွေကြေးအကူအညီများ လှိမ့်ဝင်လာသည်။ အဆိုပါကာလအတွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆွေးနွေးပွဲများကို သွက်လက်မြန်ဆန်စေရန် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနအား ဦးသိန်းစိန်အစိုးရက တည်ထောင်ခဲ့ခြင်းဖြစ်သည်။


တတိယအင်အားစုလှုပ်ရှားမှုနှင့် ဆက်နွယ်နေသော ပညာရှင်များကို အဆိုပါငြိမ်းချမ်းရေးဗဟိုဌာန၌ မက်လောက်စရာရာထူးများ ပေးအပ်ခဲ့သည်။ တစ်ချိန်က အားလုံး၏ အပယ်ခံနိုင်ငံတစ်ခုသည် အပြောင်းအလဲအတွက် ရုန်းထလှုပ်ရှားလာသည့်သဖွယ် ဖြစ်လာခဲ့သည်။


တတိယအင်အားစု၏ နောက်ထပ်ထူးခြားချက်မှာ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့စီမံခန့်ခွဲရေး ဘာသာရပ်နယ်ပယ်များမှ ဝေါဟာရအသစ်အဆန်းများကို အသုံးပြုသော အစိုးရအကြံပေးပညာရှင် အလွှာတစ်ခု စတင်ပေါ်ထွန်းလာခြင်း ဖြစ်သည်။ The Voice သတင်းစာပါ ပင်တိုင်ဆောင်းပါးနှင့် အထူးဆောင်းပါးများ၊ Myanmar Egress က ကျင်းပဖွင့်လှစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများတွင် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းမည့် အစိုးရအကြံပေး ပညာရှင်အလွှာ၏ ကုထုံးများနှင့် ပြည့်နှက်နေသည်။


တိုင်းရင်းသားပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် သဘာဝသယံဇာတ စီမံခန့်ခွဲမှုကောင်းရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း သမိုင်းနှင့်မဆိုင်၊ နိုင်ငံရေးနှင့် မပတ်သက်သည့် အမြင်တစ်မျိုးလည်း တွေ့ရသည်။ “ကမ္ဘာပြားပြီ- ၂၁ ရာစု သမိုင်းအကျဉ်းနှင့် သမိုင်းနိဂုံးနှင့် နောက်ဆုံးလူသား” စသည့် စာအုပ်များကို လုံးစေ့ပတ်စေ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကောက်နုတ်ဘာသာပြန် ပေါင်းစပ်ထည့်သွင်း၍ နီယိုလစ်ဘရယ်အယူဝါဒကို တင်သွင်းလာကြသည်။


တတိယအင်အားစု၏ ဆွဲဆောင်မှုကောင်းသော အဆိုတစ်ရပ်မှာ ကမ္ဘာကြီးသည် တစ်နေ့တစ်ခြား ပေါင်းစည်းလာနေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အစိုးရအကြံပေးများ၏ အကြံပြုနည်းလမ်းများကို သုံး၍  ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲ စတင်ခြေချလျှင်ချ၊ ထိုသို့ ခြေမချနိုင်ပါက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရနိုင်သည် ဟူ၍ ဖြစ်သည်။


ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုကဲ့သို့ “ကောင်းမွန်သော အုပ်ချုပ်မှုစနစ်” ဆိုင်ရာ အစိုးရအကြံပေးများ၏ တတ်ကျွမ်းနားလည်မှုများကို ထိုဆောင်းပါးများက အသားပေး ရေးသားဖော်ပြခဲ့သည်။ ကောင်းမွန်သောအစိုးရကို တည်ဆောက်နိုင်ပါက၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ် ရောက်လာလိမ့်မည်ဟု ၎င်းတို့က အာမခံသည်။


တစ်ဆက်တည်းမှာပင် နာတာရှည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခခေါင်းစဉ်များကို စစ်အစိုးရများ၏ ဆယ်စုနှစ်အဆက်ဆက် စီမံခန့်ခွဲမှုအလွဲများနှင့် မသက်ဆိုင်သလို သီးခြားခွဲထုတ်လိုက်သည်။ ယင်းစကားလုံးအလှအပများ၏ သက်ရောက်မှုကို၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီး ဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်း၌ တွေ့မြင်နိုင်သည်။ 


“ဒီမိုကရေစီဟာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်အစမှာ တာဝန်ယူရတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ပေါ်ပေါက်အောင် အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ဦးသိန်းစိန်က ပြောဆိုခဲ့သည်။


နိုင်ငံကကြုံတွေ့နေရသော ကြီးမားသည့် အခက်အခဲအချို့ကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရအကြံပေး အလွှာအပေါ် ကျယ်ကျယ်ပြန့်ပြန့် အားထားမှုများလည်းရှိသည်။၂၀၁၇ ခုနှစ် အယ်ဒီတာ့အာဘော်တစ်ခုတွင်  ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုသည် နိုင်ငံရေးပြဿနာမဟုတ်ဘဲ “စွမ်းဆောင်မှု ပြဿနာ” သာဖြစ်ကြောင်း ဖော်ပြထားသည်။ 


၎င်းအာဘော်အရ လူမျိုးတုံးသတ်ဖြတ်မှုသည် အရပ်သားများကိုသတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်ဘဲ မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုး ဟူသည့် ပြိုင်ဘက်အသိုင်းအဝိုင်းနှစ်ခုနှင့် သယံဇာတအရင်းအမြစ်များကို ဒေသန္တရအဆင့်နှင့် နိုင်ငံအဆင့် အစိုးရအသီးသီး၏ စီမံအုပ်ချုပ်နိုင်စွမ်း မရှိမှုကြောင့် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


ထို့အပြင် ရိုဟင်ဂျာအရေးသည် အာဏာပိုင်များ၏ ကမ္ဘာကြီးနှင့် ထိထိရောက်ရောက် ဆက်သွယ် ရှင်းလင်းနိုင်စွမ်း မရှိမှုကြောင့် ဖြစ်ပွားရသည့် ပြည်သူ့ဆက်ဆံရေး ပြဿနာတစ်ရပ် ဖြစ်သည်ဟူသော နောက်ထပ် လူသိများသည့် ပြောဆိုမှုတွင်လည်း ဤအယူအဆ၏ လွှမ်းမိုးမှုကို တွေ့နိုင်သည်။ 


ဤအယူအဆသည် စစ်အစိုးရအစဉ်အဆက်ကို လက်ညှိုးမထိုးဘဲ အစိုးရပညာရှင်အလွှာ၏ အားနည်းချက်များအပေါ် အပြစ်ပုံချလိုက်ခြင်းသာဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးများအကြား ရေပန်းစားလာသည်မှာ အထူးအဆန်းကား မဟုတ်ပေ။


သက်တမ်းတိုသော ဒီမိုကရေစီခေတ်

================


၂၀၁၁ ခုနှစ်မတိုင်မီ မြန်မာ့အရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် မီဒီယာများ၌ တတိယအင်အားစုကို ထောက်ခံသူများက တင်ပြသောအယူအဆကို သံသယဖြင့် ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း လက်မခံဘဲဖြစ်စေ တုံ့ပြန်ခဲ့ကြသည်။ သို့သော် ဒီမိုကရေစီခေတ် ရောက်လာသောအခါ နိုင်ငံရေးသမားနှင့် ပညာတတ်လူနည်းစု၏ ဝေဖန်မှုများရှိလင့်ကစား အဆိုပါ တတိယအင်အားစု၏ အယူအဆများကို ဒီမိုကရေစီအုပ်စုက လက်ကမ်းကြိုဆိုလာသည်။


အင်န်အယ်လ်ဒီကို စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ဦးဝင်းတင်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်တပ်ဦးဆောင်သည့် ဒီမိုကရေစီကူးပြောင်းမှုကို ဆက်လက် ဆန့်ကျင်နေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှာ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရှိနားလည်စေရန် ဦးဝင်းတင်သည် အပြာရောင်(အကျဉ်းသား) ရှပ်အင်္ကျီကို ဝတ်ဆင်၍ သတင်းစကားပါးခဲ့သည်။ 


အလားတူပင် လက်ဝဲကျောင်းသားသမဂ္ဂများကလည်း စစ်တပ်နှင့် အရပ်သားတစ်ပိုင်းအစိုးရအပေါ် မယုံသင်္ကာ ဖြစ်နေကြဆဲပင်ဖြစ်သည်။ သို့သော် စစ်တပ်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး၌ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်လိုက်သည့်အခါ ၎င်းတို့၏ ဆန့်ကျင်နေမှုများ အသံတိတ်သွားရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဆက်လက်ပါဝင်ခဲ့သည်။ 


ထိုအချိန်အထိ အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းသည် စစ်တပ်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူပြီး ကာကွယ်ရေးနှင့် ရဲတပ်ဖွဲ့ကို ဆက်လက်ချုပ်ကိုင်ထားမည့် စစ်ခေါင်းဆောင်များ အလိုကျ သတ်မှတ်ထားသည့် ကစားပွဲစည်းမျဉ်းများကို လက်ခံထားခဲ့သည်။ 


ကစားပွဲတွင် အင်န်အယ်လ်ဒီ ပါဝင်လာမှုက စစ်တပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခြင်းဖြစ်ရုံမက နိုင်ငံရေး၌ ပါဝင်နေသော စစ်တပ်၏ အခန်းကဏ္ဍကိုပါ တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သဖြင့် အင်န်အယ်လ်ဒီ၏ ပါဝင်မှုအပေါ် သဘောထားတင်းမာသော ဒီမိုကရေစီလှုပ်ရှားသူများ တုန်လှုပ်ခြောက်ခြားဖြစ်ခဲ့ရသည်။


နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် စစ်တပ်နှင့် ရင်ကြားစေ့ရေးအထိပါ တိုးမြှင့်ဆောင်ရွက်လာသည်။၂၀၁၃ ခုနှစ်က ဘီဘီစီ သတင်းဌာနက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် “စစ်တပ်ကို ကျွန်မအလွန်ချစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်ဟာ ကျွန်မဖေဖေတည်ထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ” ဟု တစ်ဖက်က စစ်တပ်၏ အားနည်းချက်များကိုပြောဆိုရင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။


နောက် ၆ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်သို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ခုခံချေပခဲ့သည်။ စနစ်တကျ ကျူးလွန်ခဲ့သည့်ပုံစံရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက မှတ်တမ်းများတင်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်ခဲ့သည့် ရက်စက်မှုများကို ဘာမျှအရေးမကြီးသည့်ဟန်ဖြင့် တရားရုံး၌ ချေပခဲ့သည်။


စစ်တပ်၏ စစ်ဆင်ရေးများသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကိုသာ ပစ်မှတ်ထားပြီး လူမျိုးအုပ်စုတစ်ခုလုံးကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း သူမ၏အဖွဲ့က အိုင်စီဂျေတရားသူကြီးများကို ရှင်းလင်းပြောဆိုခဲ့သည်။ ထို့အချိန်က မြန်မာနိုင်ငံသားတိုင်းသည် အရပ်ဖက်ကဏ္ဍများ၌ စစ်တပ်၏ ကြီးစိုးချယ်လှယ်မှုကို သိရှိထားကြပြီး ဖြစ်သည်။


၂၀၁၅ နှင့် ၂၀၂၀ရွေးကောက်ပွဲများတွင် လူသန်းနှင့်ချီ၍ မဲရုံကိုသွားကာ မဲပေးကြသည်။ ပြည်တွင်းရော ပြည်ပမှာပါ မြန်မာစစ်တပ်ကို အစွမ်းထက်သော ပြုပြင်ပြောင်းလဲရေးသမားဟု ချီးကျူးထောပနာပြုကြသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့စစ်ဦးစီးချုပ်အဖြစ် ဥရောပနိုင်ငံများသို့ အလည်အပတ်ဖိတ်ခေါ်သည်။ 


၂၀၁၉ ခုနှစ်အတွင်း သည်ဟိတ်တရားရုံး၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအား ခုခံချေပနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော လူထုချီတက်ပွဲများကို မြို့ကြီးများ၌ ကျင်းပလာသည်။ 


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအုပ်စုသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်ကြားစေ့ရေးကို လမ်းခင်းပေးလိုက်သည့်အခါ Myanmar Egress နှင့်အခြားတတိယအင်အားစုတို့မှာ မဆီမဆိုင်သလို ဘေးရောက်သွားသည်။ Myanmar Egress တည်ထောင်သူ တစ်ဦးဖြစ်သော ဦးနေဝင်းမောင်သည် ၂၀၁၂ ခုနှစ်အတွင်း အချိန်မတန်မီ စောစောစီးစီး ကွယ်လွန်သွားရခြင်းကလည်း တတိယအင်အားစု၏ လှုပ်ရှားမှုကို အင်အားချိနဲ့စေခဲ့သည်။


၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှုတွင် မြင်ရသည့်အခြေအနေအရ တတိယအင်အားစုသည် အချိန်၏ စမ်းသပ်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ရွေးကောက်ပွဲပြီး၍ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယူအက်စ်ဒီပီနှင့်ယင်း၏ မဟာမိတ်များက မဲစာရင်းမမှန်ကန်မှုနှင့် မဲရုံများ၌ မမှန်မကန် ပြုမူမှုများကို ရိုက်ကူးပြသသည့် လူမှုကွန်ယက် မီဒီယာပေါ်မှ ဒါဇင်နှင့်ချီသော ဗီဒီယိုအတိုများကို ကိုးကားလျက် မဲမသမာမှုရှိကြောင်း စတင်စွပ်စွဲလာသည်။ 


ထို့နောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ထံစာတစ်စောင် ရေးပို့ကာ “လွှတ်တော်အစည်းအဝေးကို ရွေ့ဆိုင်းရန်နှင့် မရွှေ့ဆိုင်းပါက နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း” ရာဇသံပေးပို့ခဲ့သည်။ 


စစ်တပ်၏ တောင်းဆိုမှုသည် ၄င်းတို့ စိတ်တိုင်းကျ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင် မညီညွတ်ဘဲ ၎င်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ရွေးကောက်ပွဲစည်းမျဉ်းများနှင့်လည်းဆန့်ကျင်နေသည်။ အင်န်အယ်လ်ဒီခေါင်းဆောင်များက ၎င်းတို့၏တောင်းဆိုချက်ကို မလိုက်လျောဘဲ ငြင်းဆန်လိုက်သည့်အခါ၊ ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းယူကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီတိုးတက်မှုဖြစ်စဉ်များကို အဆုံးသတ်သွားစေခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)


(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏  “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement”  ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

Friday, July 1, 2022

အမျိုးမျိုးသော ဘုန်းဘုန်းများ

 .                       ဘုန်းအမျိုးမျိုး

                        ➖➖➖➖➖




“ပေးဘုန်း၊ ကျွေးဘုန်း၊ ဗေဒင်ဘုန်းနှင့်၊

ဆေးဘုန်း၊ ကူဘုန်း၊ လူကြီးဘုန်းပြင်၊

ချဲဘုန်း၊ ချွဲဘုန်း၊ စကားဘုန်းပါ။

ခေတ်ဘုန်း၊ ခင်ဘုန်း၊ ဘေးတီးဘုန်း‌နှော၊

ချောဘုန်း၊ သံဘုန်း၊ ဟန်‌ဆောင်ဘုန်းတို့၊

စာဘုန်း၊ ကျင့်ဘုန်း၊ တရားဘုန်းဟု၊

ဘုန်းအမျိုးမျိုးနောက်သုံးမျိုးသာ၊

ပြစ်မျိုးကင်းကွာ အားကိုးရာ၏။

ရှေ့မှာဘုန်းများမကိုးစားရ၊

ဘုရားစက်ဆုပ်ကဲ့ရဲ့ရှုတ်ချ။

ဝဋ်ဒုက္ခမှလွတ်ရဖို့ရေး၊ မျှော်ထောက်တွေး၍၊ 

ဝေးဝေးရှောင်လေရာသတည်း။”


#ပေးဘုန်း

•••••••••••••

တစ်ချို့ရဟန်းတော်တွေက “ပုပ္ပဒါနံ ဖလဒါနံ ဒေတိ”

သစ်သီးပေးတယ် ပန်းပေးတယ်။


“ဝေဠုဒါနံ ဒေတိ” ဝါးကိုပေးတယ်။ မြေညက်ကိုပေးတယ်။ အဲဒီလို ဒါယကာ၊ ဒါယိကာမတွေကို ဝါးတွေ၊ သစ်သီးတွေ၊ ပန်းတွေပေးလိုက်တဲ့အခါမှာဒါယကာ၊ ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ လှူဒါန်းကြတယ်။ ပူဇော်ကြတယ်။ အဲဒီလို လှူဒါန်းပူဇော်ကြလို့ ကြီးတဲ့ဘုန်းကို [{( ပေးဘုန်း )}]

(မှတ်ချက်။ ။ တရားစာအုပ်၊ တရားခွေ၊ ဘုရားဆင်း တုစသည် ပေးကောင်းသည်။ နောက် မိဘ၊ဝေယျာ ဝစ္စပုဂ္ဂိုလ် စသည် ပေးကောင်းသည်။)


#ကျွေးဘုန်း

••••••••••••••••

နောက်တစ်ခုကမိမိကျောင်းကိုရောက်လာတဲ့ ဒါယ ကာ၊ဒါယိကာမတွေကို မိမိတို့မှာရှိတဲ့စားစရာတွေ ချကျွေးလိုက်လို့ ဒါယကာ၊ ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ လှူဒါန်းပူဇော်လို့ ရတဲ့လာဘ်လာဘမျိုးကိုတော့ [{( ကျွေးဘုန်း )}]


#ဗေဒင်ဘုန်း

••••••••••••••••

တစ်ချို့ ရဟန်းဖြစ်ပါလျက်နဲ့ ဗေဒင်တွေဟောကြတယ်။ မိမိကိုယ်တိုင် မဟောနိုင်ဘူးဆိုရင် ဟောနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပေးကြတယ်။ အဲဒီလို ဗေဒင်တွေ ဟောလိုက်လို့ ဒါယကာ ဒါယိကာမတွေကတုံ့ပြန်တဲ့အနေနဲ့လှူကြပူဇော်ကြလို့ရတဲ့ဘုန်းကိုတော့ [{( ဗေဒင်ဘုန်း )}]


#ဆေးဘုန်း

•••••••••••••••

နောက်တစ်ခါ တစ်ချို့ဘုန်းကြီးတွေက ဆေးကုတာတွေ ရှိတယ်။ မြတ်စွာဘုရားက ရဟန်းအချင်းချင်းကလွဲလို့ လူတွေကို ဆေးကုတာကို စက်ဆုပ်တော်မူတယ်။ ဒါပေမယ့် ဆေးကုနေကြတဲ့ ဘုန်းကြီးတွေလည်း လောကမှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဆေးကုလို့ ဒါယကာ၊ ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ ပူဇော်လို့ လာဘ်လာဘပေါများတဲ့ ပုဂ္ဂိုလ်ကိုတော့  [{( ဆေးဘုန်း )}]


#ကူဘုန်း

••••••••••••

နောက်တစ်ခါ ဒါယကာ၊ ဒါယိကာမတွေကို အကူ အညီပေးလို့၊ နိုင်ငံခြားရောက်အောင် ဘယ်လိုကူညီပေးမယ်။ ရာထူး ရာခံတွေရအောင် ဘယ်လိုကူညီပေးမယ် စသည်ဖြင့် အဲဒီလိုအကူအညီတွေပေးလို့ ဒါယကာ၊ ဒါယိကာမတွေက တုံ့ပြန်တဲ့အနေနဲ့ ပူဇော်လို့ ဘုန်းကံကြီးမားတဲ့ပုဂ္ဂိုလ်ကိုတော့ [{( ကူဘုန်း )}]


#လူကြီးဘုန်း

••••••••••••••••••

အသက်အရွယ်ကြီးရင့်တဲ့ ဆရာတော်ကြီးတွေကို သက်တော် ရှည်ဆရာတော်ကြီးတွေဆိုတဲ့ အသက်ရှည်တဲ့အကြောင်းပြချက် တစ်ခုတည်းနဲ့ ဆည်းကပ်ခစားကြတယ်၊ အဲဒီလိုကြီးတဲ့ ဘုန်းကိုတော့ လူကြီးဘုန်း။ တစ်နည်းအားဖြင့် တစ်ချို့ပုဂ္ဂိုလ်တွေ ရာထူးရာခံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပိုင်တယ်။ အဲဒီလို ပိုင်တဲ့အခါကျတော့ “အော် ရာထူးရာခံကြီးတဲ့ ပုဂ္ဂိုလ်တွေ သူဌေး၊ သူကြွယ်တွေတောင်မှ ဒီဆရာတော်ကြီးကို ဆည်းကပ်ကြသေးတာပဲ...တို့လည်း ဆည်းကပ်ရမှာပဲဆိုပြီး ဒါယကာ၊ဒါယိကာမတွေက လာကြတယ် ။ ဆည်းကပ်ကြတယ်။ လှူဒါန်းကြတယ်။ အဲဒီလိုကြီးတဲ့ ဘုန်းကိုတော့ [{( လူကြီးဘုန်း )}]


#ချဲဘုန်း

••••••••••••

တစ်ချို့ဘုန်းကြီးတွေက ချဲနံပါတ်တွေ ပေးကြတယ်နော်။ အဲ့ဒါ ဒါကာကြီးတွေလည်း သွားပြီးတော့ ယူဖူးကြမယ်ထင်ပါတယ်။ ချဲပေါက်တဲ့ ပုဂ္ဂိုလ်တွေက ဒီဘုန်းကြီးပေးလို့ ပေါက်တာဆိုပြီး ဒီဘုန်းကြီးကို မေ့မထားဘူးလေ။ ဒါကြောင့်မို့ ချဲနံပါတ်ပေးတဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်းကြတယ်။ အဲဒီလို ချဲနံပါတ်ပေးလို့ ဘုန်းကြီးတဲ့ ဘုန်းကြီးကိုတော့ [{( ချဲဘုန်း )}] ဘုန်းကြီးဆိုပေမယ့်ကျန်တဲ့ သီလရှင်တွေလည်း ပါချင်ပါမှာပေါ့ ဟုတ်လား။


#ချွဲဘုန်း

••••••••••••

တစ်ချို့ပုဂ္ဂိုလ်တွေကစကားပြောတဲ့အခါမှာချွဲချွဲနွဲ့နွဲ့လေးတွေ ပြောတတ်ကြတယ်။ မယ်တော်ကြီး၊ ခမည်းတော်ကြီးဆိုပြီး မိမိနဲ့ ဘာမှမတော်တဲ့ ဒါယ ကာ၊ဒါယိကာမတွေကို အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီလို ချွဲချွဲနွဲ့နွဲ့ပြောလို့ ဒါယကာ၊ဒါယိကာ မတွေက ပြန်လည်ပြီးတော့ လှူဒါန်းကြ၊ ဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ [{( ချွဲဘုန်း )}]


#စကားဘုန်း

••••••••••••••••

နောက်တစ်ခါ စကားဘုန်းတဲ့။ တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဒါယကာ၊ ဒါယိကာမတွေနဲ့ တွေ့တဲ့အချိန်အခါမှာ စကားတွေ ပြောတတ်ကြတယ်။ ဘယ်လို ဒါယ ကာ၊ ဒါယိကာမတွေကို ဘယ်လိုပြောဆို ဆက်ဆံရင်တော့ ငါ့ကိုကြည်ညိုမှာပဲဆိုတဲ့ အထှာတွေကို သိကြတယ်။ ဒါကြောင့်မို့ အဲဒီလို စကားအပြောကောင်းလို့ ဒါယကာ၊ ဒါယိကာမတွေက ကြည်ညိုပြီးမှ လှူဒါန်းကြလို့ ရတဲ့ဘုန်းကိုတော့ [{( စကားဘုန်း )}]


#ခေတ်ဘုန်း

••••••••••••••••

ခေတ်နဲ့အညီနေထိုင်တဲ့ ရဟန်းတွေ တစ်ချို့ရှိတယ်။ တစ်ချို့နေကာမျက်မှန်လေးနဲ့၊ တစ်ချို့ ကိုယ်တိုင် ဆိုင်ကယ်မောင်းကြ၊ တစ်ချို့ကိုယ်တိုင်ကားမောင်းကြ၊ စီးပွားရေးလုပ်ကြ၊ ခေတ်ပေါ်ပစ္စည်းအဆန်းတွေ သုံးပြုကြ၊ အဲ့ဒီလိုခေတ်နဲ့အညီနေတဲ့ ရဟန်းတော်တွေကို ခေတ်နဲ့အညီနေကြလို့ ဒါယကာ၊ ဒါယိကာမတွေက အထင်ကြီးပြီးမှ ကြည်ညိုကြ၊ဆည်းကပ်ကြ၊ လှူဒါန်းကြလို့ ရတဲ့ဘုန်းကိုတော့ [{( ခေတ်ဘုန်း )}]


#ခင်ဘုန်း

•••••••••••••

နောက်တစ်ခါ ခင်ဘုန်းဆိုတာကတော့ “ခင်ရာခင်ရာဂစ္ဆတိ ဘဇတီတိ ခင်ဘုန်း” ဒီလို ဝိဂြိုလ်ဆိုရလိမ့်မယ်။ ခင်ရာ ခင်ရာကို သွားကြဆည်းကပ်ကြတယ်။ “ခင်ရာ ခင်ရာ ဒါနံ ဒတွာ လာဘော” တိ အ‌တ္တော။ ဒီလိုဖွင့်ရလိမ့်မယ်။ ခင်ရာမင်ရာကို လှူဒါန်းကြတယ်တဲ့။ ခင်ရာ ခင်ရာကို လှူဒါန်း ကြဆည်းကပ်ကြလို့ရတဲ့ဘုန်းကိုတော့ [{( ခင်ဘုန်း )}]


#ဘေးတီးဘုန်း

••••••••••••••••••••

နောက်တစ်ခါ ဘေးကလိုက်တီးတဲ့ဘုန်း။ တစ်ချို့ပုဂ္ဂိုလ်တွေက သီလမရှိဘဲနဲ့ ဒီဆရာတော်ကြီးက သီလရှိတယ်။ သမာဓိမရှိဘဲနဲ့ သူတို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေက ဒီဆရာတော်ကြီးက သမာဓိရှိတဲ့ ပုဂ္ဂိုလ်ပဲ စသည်ဖြင့် ဘေးပါတ်ဝန်းကျင်ကို ကြေငြာလိုက်တယ်။ ဘေးပါတ်ဝန်းကျင်ကို သီတင်းတွေ လွှင့်လိုက်တော့ ဘေးပတ်ဝန်းကျင်က တကယ်ထင်ပြီးမှ ဆည်းကပ်ကြတယ်။ တကယ်ဟုတ်တာလည်း ရှိချင်ရှိမယ်။ တကယ်မဟုတ်ဘဲ အယောင်အ‌ဆောင်

တွေလည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒီလို ဘေးကတီးလို့ ဒါယကာ၊ ဒါယိကာမတွေကလှူဒါန်းကြဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ [{( ဘေးတီးဘုန်း )}]


#ချောဘုန်း

•••••••••••••••

ရုပ်ရည် ဥပဓိချောမောလို့ ရုပ်ရည်ဥပဓိကိုကြည့်ပြီးမှ လှူဒါန်းကြ၊ ဆည်းကပ်ကြလို့ ကြီးတဲ့ဘုန်းကိုတော့ [{( ချောဘုန်း )}]

ဒီနေရာမှာ ချောဘုန်းကိုထည့်ထားပေမယ့်၊ အဋ္ဌက ထာကတော့ ဓမ္မိယလဒ္ဓတရားနှင့်လျော်ညီတဲ့ လာဘ်လာဘလို့ ခွင့်ပြုထားပါတယ်။


#သံဘုန်း

•••••••••••••

အချို့ပုဂ္ဂိုလ်တွေက အသံကောင်းတယ်။ အသံကောင်းတဲ့ အခါကြတော့ အသံကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက လှူဒါန်းကြ ဆည်းကပ်ကြလို့ကြီးတဲ့ဘုန်းကိုတော့ [{( သံဘုန်း )}]


#ဟန်ဆောင်ဘုန်း

•••••••••••••••••••••••

တစ်ချို့ပုဂ္ဂိုလ်တွေဟာသီလမရှိဘဲနဲ့ သီလရှိဟန် ဆောင်ကြတယ်။ သမာဓိမရှိဘဲနဲ့ သမာဓိရှိဟန် ဆောင်ကြတယ်။ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို မရဘဲနဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို ရဟန် ဆောင်ကြတယ်။ အရိယာမဟုတ်ဘဲနဲ့ အရိယာ ဟန် ဆောင်ကြတယ်။ ရဟန္တာမဟုတ်ဘဲနဲ့ ရဟန္တာ ဟန် ဆောင်ကြတယ်။ တစ်ချို့ ပုဂ္ဂိုလ်တွေက လာဘ်လာ ဘတွေကို ရချင်လို့ အဲဒီလို ဟန်အမျိုးမျိုးဆောင်နေကြတယ်။ အဲဒီလိုဟန်အမျိုးမျိုးဆောင်နေကြတော့ ဒါယကာ၊ ဒါယိကာမတွေက တကယ်သီလရှိတဲ့ပုဂ္ဂိုလ်၊ တကယ်သမာဓိရှိတဲ့ပုဂ္ဂိုလ်၊ တကယ် အရိ ယာပုဂ္ဂိုလ်၊ တကယ် ရဟန္တာပုဂ္ဂိုလ်ရယ်လို့ ထင်ပြီးမှ လှူဒါန်းကြ ဆည်းကပ်ကြတယ်။ အဲဒီလိုလှူဒါန်းဆည်းကပ်ကြလို့ ကြီးတဲ့ ဘုန်းကိုတော့ ... [{( ဟန်‌ဆောင်ဘုန်း )}]


#စာဘုန်း

••••••••••••

စာပေပရိယတ်တွေကို သင်ယူလို့ စာပေပရိယတ်တွေ ပြန်လည်ပြီးမှပို့ချလို့ ကြီးတဲ့ဘုန်းကိုတော့ [{( စာဘုန်း )}] 

(ပရိယတ္တိအလုပ်ကိုလုပ်လို့ ကြီးတဲ့ ဘုန်း။)


#ကျင့်ဘုန်း

•••••••••••••••

နောက်တစ်ခါ စာပေပရိယတ်တွေကို မိမိသင်ယူထားတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအား ထုတ်ကြတယ်။ အဲဒီလို သီလကျင့်စဉ်၊ သမာဓိကျင့် စဉ်၊ ပညာကျင့်စဉ်တွေကို စာပေပရိယတ်မှာလာတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့ အခါကျတော့ ဒါယကာ၊ ဒါယိကာမတွေကကြည်ညိုကြတယ်။ လှူဒါန်းကြတယ်၊ ဆည်းကပ်ကြတယ်။ အဲဒီလို လှူဒါန်းဆည်းကပ်ကြလို့ ကြီးတဲ့ဘုန်းကိုတော့ [{( ကျင့်ဘုန်း )}]


#တရားဘုန်း

•••••••••••••••••

နောက်တစ်ခါ တရားဘုန်းဆိုတာကတော့ အဲဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အချိန်အခါကျတော့၊ မိမိရဲ့ သန္တာန်မှာ သမာဓိတွေနဲ့ ပြည့်စုံလာမယ်။ ပညာတွေနဲ့ ပြည့်စုံလာမယ်၊ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဆိုတဲ့ လောကုတ္တရာတရားထူးတရားမြတ်တွေကို ရလာလိမ့်မယ်။ အဲဒီလို ရလာတဲ့အခါ ကျတော့ အဲဒီလို တရားထူးတရားမြတ်တွေကိုကြည်ညိုပြီးတော့လှူဒါန်းဆည်းကပ်ကြလို့ကြီးတဲ့ ဘုန်းကိုတော့ [{( တရားဘုန်း )}] တဲ့ .... ။


အဲဒီတော့ -

“ #စာဘုန်း_ကျင့်ဘုန်း_တရားဘုန်း ဟု...

ဘုန်းအမျိုးမျိုးနောက်သုံးမျိုးသာ

ပြစ်မျိုးကင်းကွာ အားကိုးရာ၏။

ရှေ့မှာဘုန်းများ မကိုးစားရ၊

ဘုရားစက်ဆုပ်ကဲ့ရဲ့ရှုတ်ချ။

ဝဋ်ဒုက္ခမှလွတ်ရဖို့ရေး၊ မျှော်ထောက်တွေး၍ 

ဝေးဝေးရှောင်လေရာသတည်း။"


🙏 အရှင်ကုမာရာဘိဝံသ

(ဖားအောက်တောရ ပြင်ဦးလွင်) ၏

 နိဗ္ဗာန်ရောက် ကြောင်း အကျင့်ကောင်းစာအုပ်မှ ကူးယူပါသည် ။