Wednesday, June 5, 2019
သစ်ပင်တွေ ဘာကြောင့်စိုက်ကြသလဲ?
==========================
ဇွဲဝဏ္ဏ(ကျုံပျော်)
 - နှစ်စဉ်ဇွန်လ၅ရက်မှာကျရောက်တဲ့တစ်ကမ္ဘာ့လုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်အထိမ်းအမှတ်နေ့ဟာ မြန်မာနိုင်ငံနဲ့မစိမ်းတော့သလိုအဲ့ဒိနေ့အပြင်မိုးရာသီဆိုလျှင်သစ်ပင်စိုက်ပျိုးတဲ့ဓလေ့မြန်မာနိုင်ငံမှာထွန်းကားနေပေမဲ့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ လူတွေ ဘာကြောင့် သစ်ပင်စိုက်ပျိုးကြတာလဲ။
- တကယ်တော့ လူတိုင်းနီးပါးသစ်ပင်စိုက်ပျိုးခြင်းနဲ့မစိမ်းကြပါဘူး။ ဟို့ငယ်စဉ်ကျောင်းသားဘ၀ကတည်းက ကျွန်တော်တို့သစ်ပင်စိုက်ခြင်းနဲ့ရင်းနှီးပြီးသားပါ။ ကျွန်တော်တို့ ကျောင်းသားဘ၀ကတည်းက သစ်ပင်တွေစိုက်ပျိုးခဲ့ကြဖူးတယ်ဆိုပေမဲ့ ဘာကြောင့်သစ်ပင်စိုက်ရတယ်၊ သစ်ပင်ဟာ လူသားအပါအ၀င် သက်ရှိတွေအတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ဘယ်သူကမှ အလေးအနက်ထားပြောပြတာမျိုးတော့မရှိခဲ့ဘူး၊ ပြောပြရကောင်းမှန်းမသိတာလည်းဖြစ်နိုင်ပါတယ်။ အတန်းပိုင်ဆရာ(သို့)ဆရာမက ကျောင်းသားတစ်ယောက် တစ်ပင်စီယူလာခဲ့ဆိုလို့သာ တွေ့တဲ့အပင်ဆွဲနှုတ် ယူဆောင်ပြီးပြန်လည်စိုက်ပျိုးခဲ့ကြတာ။ မိုးတွေဒီလောက်ရွာနေတာ သစ်ပင်စိုက်ခိုင်းရလားဆိုပြီး ဆရာ၊ဆရာမတွေကိုတောင် အပြစ်တင်မိပါသေးတယ်။ ကျောင်းပါတ်ဝန်းကျင်မှာ သစ်ပင်စိုက်ဖို့အတွက် အပင်ပျိုးထောင်တာ၊ ကျောင်းသားမိဘတွေဆီကိုကြိုတင်အကြောင်းကြားထားတာမျိုး မရှိခဲ့သလို ဘာကြောင့်သစ်ပင်စိုက်ရတယ်ဆိုတာမျိုးဆရာ(သို့)ဆရာမတွေက ကျောင်းသား-ကျောင်းသူတွေကို အသိပညာပေးတာမရှိခဲ့လေတော့ သစ်ပင်စိုက်ရတာကိုစိတ်မ၀င်စားကြတာပါ။ ကျောင်းသားတွေလက်ထဲမှာ ဘယ်လိုသစ်ပင်အမျိုးအစားတွေပါလာသလဲဆိုတာကအစ Check လုပ်သူမရှိ လေတော့ လမ်းဘေးကခြုံနွယ်အမျိုးအစားတွေပါစိုက်ပျိုးခဲ့ကြဖူးပါတယ်။ ဘာကြောင့်သစ်ပင်စိုက်ရတယ်ဆိုတာကိုမသိတဲ့အခါအကျိုးရှိအောင်မလုပ်တဲ့ပြယုဂ်ပါ။
ဆိုခဲ့ပြီးတဲ့အတိုင်း သစ်ပင်တွေကို မူလတန်းကတည်းက ကျွန်တော်တို့နစ်တိုင်းစိုက်ပျိုးခဲ့တာ ကျောင်းပြီးတဲ့အထိပဲဆိုပါတော့။ သူငယ်တန်းကနေဘွဲ့တစ်ခုခုရပြီးတဲ့အထိဆိုရင် အနည်းဆုံး၁၅နှစ်ပတ်ဝန်းကျင်လောက်တော့ ကျောင်းသားဘ၀မှာ ကျင်လည်ခဲ့ဖူးကြတာပါ။ အဲ့ဒိကာလအတောအတွင်းမှာ ကျွန်တော်တို့စိုက်ပျိုးခဲ့တဲ့သစ်ပင်တွေ ရှင်သန်ကြီးထွားခဲ့ကြပါရဲ့လား။ ပထမတန်းလောက်ကတည်းကစိုက်ပျိုးခဲ့တဲ့သစ်ပင် ရှင်သန်ကြီးထွားမယ်ဆိုရင် ၁၅နှစ်ဝန်းကျင်သက်တမ်းရှိတဲ့အပင်ဟာ အမျိုးသားကြီးတစ်ဖက်တော့အနည်းဆုံးရှိနေမှာသေချာပါတယ်။ သိကြတဲ့အတိုင်းစိုက်ထာကတော့နှစ်တိုင်းပါပဲ။ ရလာဒ်ကတော့ ဒီနေ့စိုက်မနက်ဖြန်ပျက်ပါ။ အလွန်ဆုံးခံလှတစ်လပေါ့။ စိုက်တိုင်းသာရှင်မယ်ဆိုရင် ကျောင်းသားတွေ ကိုယ့်ကျောင်းမှာ စိုက်စရာမြေမရှိလို့ တခြားနေရာတွေမှာပါ လိုက်လံစိုက်ပျိုးနေကြရပြီ။ ခုအဲ့သလိုမဖြစ်၊ မြန်မာနိုင်ငံကစာသင်ကျောင်းအများစုကိုကြည့်ရင် လွင်ထီးခေါင်ပြင်၊ အပင်မရှိ၊ အရိပ်မရှိ။ ရှိပါတယ်ဆိုရင်လည်းအဲ့ဒိအပင်ကသက်တမ်းရင့်အပင်တွေသာ ဖြစ်လိမ့်မယ်။
- အခု ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကိုကုစားဖို့လိုလာပြီဆိုတော့ နှစ်တိုင်းလိုလို အဖွဲ့အစည်းအသီးသီး သစ်ပင်စိုက်ပျိုးကြတယ်။ အဖွဲ့အစည်းတွေပြုလုပ်တဲ့သစ်ပင်စိုက်ပွဲတော်တော်များများကိုလည်းကျွန်တော်လိုက်ဖူးတယ်။ လူတွေမှအများကြီး၊ ကားလေးငါးစီးနဲ့၊ ပျိုးထုတ်တင်တဲ့ကား၊ လူစီးကား စသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။  လူတိုင်းသစ်ပင်ချစ်တတ်ဖို့စည်းရုံးတဲ့သဘောဖြစ်မှာပါ။ ဒီနေရာမှာအမုန်းခံပြောရရင် တချို့ကသစ်ပင်စိုက်ဖိုသွားတာ  အပျော်တမ်းခရီးသွားသလိုလို၊ လေ့လာရေးခရီးလိုလို၊ ရှုတင်သွားသလိုလိုမျိုး ကော့လို့၊ကျော့လို့။ စိုက်တဲ့နေရာရောက်ပြန်တော့လည်း လက်ကိုရွှံ့ပေမှာ၊ ဖိနပ်ရွှံ့ပေမှာ စိုးရွံ့နေကြပြန်တယ်။ တချို့ဆိုရင် ကိုယ်စိုက်မဲ့အပင်ကို ကိုယ်တိုင်ကျင်းတူးစိုက်ကြရတာမဟုတ်ပါဘူး၊ ပျိုးပင်မှာပါလာတဲ့ပလပ်စတစ်အိတ်ကိုခွဲ၊ တူးပြီးသားကျင်းထဲကိုအသင့်ထည့်ရုံပါ၊ ဒါကိုသစ်ပင်စိုက်သည်ဟုခေါ်သည်ပေါ့။ တစ်တောင်၊ တစ်ထွာ၊ တစ်မိုက်ရှိတဲ့ ပျိုးပင်ကို လူသုံးလေးယောက်ဝိုင်းစိုက်နေတာ တစ်မျိုးတော့ဖြစ်နေသလားပဲ။ ဘာဘဲဖြစ်ဖြစ်လေစိုက်ဖို့လိုတယ်ဆိုတဲ့စိတ်နဲ့စိုက်နေကြတာကိုတော့ ဂုဏ်ယူပါတယ်။ တချို့က လေးငါးပင်စိုက်တယ်၊ တချို့ကဟန်ရေးပြတစ်ပင်လောက်စိုက်ပြီးဝေလေလေလုပ်တယ်၊ အမှတ်တရဓါတ်ပုံရိုက်တယ်။ တချို့က စိုက်ပြီးသားအပင်ကို ငွေရောင်ခရား၊ ရွှေရောင်ခရားနဲ့ ရေလောင်းတယ်၊ ဒါကိုဓါတ်ပုံရိုက်ပြီး News paperပေါ်တင်တယ်။ FBပေါ်တင်တယ်။ ဘာပဲဖြစ်ဖြစ်လေ တစ်ပင်ဆိုတော့လည်း လုံးဝမစိုက်တာနဲ့ယှဉ်ရင် အကျိုးရှိသေတယ်။ စိုက်ပြီးတော့ပြန်လာကြတယ်၊ စိုက်ပြီးဆိုတာအဲ့ဒါပါပဲ။ တကယ်ကိုစိုက်ပြီးပါ၊ စိုက်ပြီးထားခဲ့ကြတာ။
 ကိုယ်စိုက်ပြီးတဲ့သစ်ပင်ကြီးထွားရဲ့လားဆိုတာကို အသာထား ရှင်မှရှင်သန်ပါရဲ့လား ဆိုတာကိုပင်မသိသူ၊ ပြန်မကြည့်သူတွေဒုနဲ့ဒေးပါ။ အဖွဲ့အစည်းတိုင်း၊ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ စိုက်ပြီးတဲ့သစ်ပင်ကို ကျောခိုင်းပြီဆိုကတည်းက သဘာဝအရ ပျက်စီးခြင်းကစတော့တာပါပဲ။ ကျွဲ၊ နွား၊ ဆိတ် စတဲ့တိရစ္ဆာန်တွေကြောင့်ပျက်စီးမယ်၊ ရွာနဲ့နီးရင်ကလေးတွေကြောင့်ပျက်စီးမယ်၊ ရာသီဥတုကြောင့်ပျက်စီးမယ်၊ အပင်အားနည်းလို့အလိုလျှောက်ပျက်စီးမယ်။ ဆိုကြပါစို့၊ ကျွန်တော်တို့ သစ်ပင်တစ်ရာစိုက်ခဲ့တယ်ဆိုပါတော့၊ ဘယ်နစ်ပင်လောက် ရှင်သန်ကြီးထွားတယ်ဆိုတာ ဘယ်သူကများ အရေးတယူလုပ်ပြီး ပြန်ကြည့်ဖူးပါသလဲ။ ကြီးထွားဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်တာကိုအသာထား၊ အရည်အတွက်ဘယ်လောက်ရှင်သန်နေလဲဆိုတာကိုပင်ပြန်ကြည့်သူအလွန်ရှားပါးပါလိမ့်မယ်။ အဖျက်အန္တရာယ်တွေဝိုင်းနေတဲ့ကြားမှာ စိုက်ပြီးသစ်ပင်တွေထဲက ၁၀ရာခိုင်နှုန်းမရှင်တာကိုကျွန်တော်ကိုယ်တွေ့ကြုံဖူးခဲ့တယ်။
အထက်မှာပြောခဲ့သလို ဖေါင်ဒေးရှင်းတစ်ခုက ကွမ်းခြံကုန်းဘက်မှာ သစ်ပင်သွားစိုက်တော့ ကျွန်တော်လည်းပါတယ်ပေါ့။ ပြောခဲ့သလိုတစ်ခမ်းတနားဘဲဆိုပါတော့။ ရန်ကုန်မြို့မင်းဓမ္မလမ်းမှာစုရပ်လုပ်ပြီးကားလေးငါးစီးနဲ့သွားကြတာပါ၊ လူတွေကလည်း မျက်စိနောက်လောက်အောင်းများလေတော့ ပျော်စရာကြီးပေါ့၊ တချို့ဆိုမင်းသားမင်းသမီးအရှုံးပေးရတယ်။ ဟေ့လားဝါးလားနဲ့သွားပြီး တပျော်တပါးကြီးစိုက်ပျိုးကြတယ်ဆိုပါတော့။ စိုက်ပြီးတော့ ပါလာတဲ့ကြက်ဆီထမင်းတွေစားကြ သောက်ကြတယ်၊ ပြီးတော့ သစ်ပင်စိုက်သူအဖြစ် ၀င့်ဝင့်ကြွားကြွားပြန်လာခဲ့ကြတယ်ပေါ့။ တစ်လကျော်လောက်အကြာမှာ ကိစ္စတစ်ခုနဲ့အဲ့ဒိဘက်ရောက်တော့ သတိတရနဲ့ ကိုယ်တွေစိုက်တဲ့ သစ်ပင်တွေကို ၀င်ကြည့်ဖြစ်တယ်၊ အပင်တွေဘယ်လောက်ကြီးနေပြီလဲပေါ့။ ဘယ့်နှယ်ဗျာ…လူတစ်ရာလောက်စိုက်ခဲ့တဲ့သစ်ပင်သုံးရာကျော်က ကြီးထွားဖို့မပြောနဲ့ တစ်ပင်တောင်ရှင်တာမတွေ့ရဘူး။ ရွာနဲ့နီးလေပျက်စီးဖို့ပိုသေချာလေ၊ ပျက်စီးနှုန်းပိုမြန်လေ၊ ပျက်စီးနှုန်းပိုများလေဆိုတာကိုအဲ့ဒိနေ့မြင်ကွင်းကိုကြည့်ပြီးကျွန်တော်သိလိုက်တယ်။
နွေကာလမှာမြင်မြင်သမျှချောက်သလောင်းနေတတ်တဲ့ပါတ်ဝန်းကျင်ဟာ မိုးထိပြီဆိုတာနဲ့ အလေ့ကျပေါက်ပင်တွေ ထိုးထိုးထောင်ထောင်စိမ်းစိမ်းစိုစိုဖြစ်လာတာဆိုတော့ တစ်နွေလုံး အစာ၀၀လင်လင်မစားရတဲ့ အပင်စားတိရစ္ဆာန်တွေ ပွဲတွေ့တော့တာပဲ။ ကျွဲကမြက်စားပြီး ရေစပ်စပ်တွေ့ရင်လူးတယ်၊ တခြားအပင်တွေကိုနင်းတယ်၊ ပျက်စီးတယ်။ နွားကမြက်စားတယ်၊ တခြားအပင်တွေကိုနင်းတယ်၊ ပျက်စီးတယ်။ ဆိတ်ကတွေ့သမျှအပင်ကိုစားတယ်၊ နင်းတယ်၊ပျက်စီးတယ်။ ဒီတော့ စိုက်ထားတဲ့ဒီအပင်တွေ ပျက်စီးတာသဘာဝလိုဖြစ်နေတာပေါ့။ စိုက်ပြီးထားခဲ့တဲ့သစ်ပင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရှင်သန်ကြီးထွားတဲ့ဘက်ကိုရောက်မလာဘူးလို့ ဆိုချင်တာပါ။
- စိုက်ထားတဲ့သစ်ပင်တွေသာ မရှင်သန် မကြီးထွားတာ၊ သစ်ပင်စိုက်ဖို့အတွက် ပျိုးပင်ဝယ်ရတယ်၊ ကားငှားရတယ်၊ လိုက်ပါစိုက်ပျိုးသူတွေစား ဖို့စီစဉ်ရတယ်။ ဒီတော့ငွေကုန် လူပန်းဖြစ်တယ်။ သစ်ပင်ကတစ်ပင်မှမရှင်တော့ တန်ပါရဲ့လားပေါ့။ ရှင်သန်ကြီးထွားခွင့်မရမဲ့သစ်ပင်တွေကို ဘာကြောင့်စိုက်ပျိုးကြတာပါလဲ။ လွန်ခဲတဲ့သုံးနှစ်လောက်က တောင်ဒဂုံဘက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းမှာ အဖွဲ့တစ်ဖွဲ့နဲ့သစ်ပင်သွားစိုက်ဖူးတယ်၊ အဲ့ဒိအဖွဲ့ရဲ့ သစ်ပင်စိုက်တဲ့ပုံစံကို သဘောကျလို့ ဖေါက်သည်ချချင်ပါတယ်၊ အဖွဲ့ဆိုပေမဲ့ ပြည်ပကအထောက်အပံ့နဲ့ ရန်ပုံငွေရယူထားတဲ့အဖွဲ့မျိုးမဟုတ်ပါဘူး၊ လုပ်ငန်းရှင်ကြီးတွေထူထောင်ထားတဲ့ဖေါင်ဒေးရှင်းမျိုးလည်းမဟုတ်ပါဘူး၊ မီဒီယာအသိုင်းအ၀ိုင်းက ၀ါသနာပါသူတချို့ ကိုယ့်ငွေနဲ့ကိုယ် စုပေါင်းလုပ်တဲ့ပရဟိတအဖွဲ့လေးပါ။ ပြောချင်တာက သူတို့ရဲ့စိတ်ကူးစိတ်သန်းလေးပါ။
အတိုချုပ်ပြောရရင် သစ်ပင်တွေစိုက်ကြတယ်ဆိုပါတော့၊ စိုက်တယ်ဆိုတာကလည်း ကျောင်းမှာရှိတဲ့ကလေးတွေနဲ့အတူ စိုက်ကြတာ၊ မစိုက်ခင်ဘာလုပ်သလဲဆိုရင် သစ်ပင်ဘာကြောင့်စိုက်ရတယ်ဆိုတာနဲ့ပါတ်သက်ပြီး သစ်တောဦးစီးအရာရှိအငြိမ်းစားတစ်ယောက်က ကလေးတွေကိုပြောပြတယ်။ သစ်ပင်ဟာသက်ရှိတွေအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို ကလေးတွေနားလည်လွယ်အောင် ပုံတိုပတ်စနဲ့ရှင်းပြတာပါ။ ကျွန်တော်တို့ကျောင်းသားဘ၀ကလို သစ်ပင်စိုက်ဆိုလို့သာ စိုက်လိုက်ရတာ ဘာကြောင့်စိုက်ရမှန်းမသိခဲ့ရတာမျိုးမဖြစ်တော့ဘူးပေါ့။ ပြီးတော့ ကလေးတွေကို မေးခွန်းတွေမေးတယ်၊ ဖြေနိုင်သူကို ဘော့ပင်၊ ခဲတန်၊ စာအုပ်၊ စတီးပစ္စည်းစသဖြင့်ဆုချတယ်။ ပြီးတော့စိုက်ကြတယ်။
စိုက်ပြီးတော့ ကလေးတွေကို သစ်ပင်အပ်ပွဲလုပ်တယ်၊ ကိုယ်စိုက်တဲ့ သစ်ပင်ရှင်သန်ကြီးထွားအောင် ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ဖို့ပါ။ ထိန်းသိမ်းစောင့်ရှောက်နည်းကအစ ပြောခဲ့ကြတာ။ အဖွဲ့ကလည်း စိုက်ပြီးပြီးရော သဘောမထား၊ သုံးလတစ်ကြိမ်သွားကြည့်တယ်၊ သွားကြည့်တိုင်းကလေးတွေအတွက် ကျောင်းသုံးပစ္စည်းလေးတွေပေးပြန်တယ်။ ခြောက်လပြည့်နေ့နဲ့ တစ်နှစ်ပြည့်နေ့မှာ ကလေးတွေကို ဆုသွားပေးတယ်၊ သစ်ပင်ထိန်းသိမ်းနိုင်စွမ်း အကောင်းဆုံးဆု၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ရိုးရိုးဆုကအစ ပါလေတော့ က လေးတွေကလည်းစနစ်တကျစောင့်ရှောက်ကြတာတွေ့ရတယ်။ ဒါဟာ စိုက်ပြီးသစ်ပင်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်နည်းတစ်မျိုးပါ။ ကုန်ရကျိုး၊ ပင်ပန်းရကျိုးနပ်တဲ့ သစ်ပင်စိုက်နည်းတစ်မျိုးပါပဲ။
ပြောလိုရင်းက ကမ္ဘာကြီးပူနွေးမှုကို ကုစားဖိုအတွက် နှစ်တိုင်းလိုလို သစ်ပင်တွေစိုက်ကြပါတယ်။ နှစ်စဉ်ဇွန်လ ၅ ရက်မှာကျရောက်တဲ့ သဘာဝပါတ်ဝန်းကျင်အထိမ်းအမှတ်နေ့ကစပြီး တစ်မိုးတွင်းလုံးလိုလိုစိုက်ကြတာပါ။ ဇွန် ၆ ရက်ကစပြီး နောက်ပိုင်း သတင်းစာ-ဂျာနယ်တွေမှာ သတိထားကြည့်စရာမလိုလောက်အောင် သစ်ပင်စိုက်တဲ့ သတင်းတွေပါလာပါလိမ့်မယ်။ ကျင်းတူးသူက တစ်ယောက်၊ ပျိုးအိတ်ခွဲသူကတစ်ယောက်၊ ပျိုးပင်တွင်းချသူကတစ်ယောက်၊ ခရားနဲ့ရေလောင်းသူကတစ်ယောက်၊ လက်ကို ရွှံ့မြေမပေတဲ့ သစ်ပင်စိုက် သတင်းတွေ ပါလာပါလိမ့်မယ်။ နိုင်ငံပိုင်သတင်းစာမှာ ဆိုရင်ခေါင်းကြီးပိုင်းကနေပါလာလိမ့်မယ်။ ဘယ်လိုပုံစံနဲ့စိုက်စိုက်ပါ၊ စိုက်ဖြစ်ဖို့အရေးကြီးပါတယ်။ ဒါပေမဲ့စိုက်ပြီး သစ်ပင်ရှင်သန်ကြီးထွားဖို့ဆိုတဲ့အစီအမံ မရှိလေတော့ စိုက်ပြီးသေ၊ သေမဲ့သစ်ပင်တွေကိုစိုက်သလိုဖြစ်နေတော့ ကမ္ဘာကြီးပူနွေးမှုကိုလည်း ထိရောက်တဲ့ကုစားမှုမဖြစ်။ ဒါကြောင့်စိုက်ပြီးသေမဲ့သစ်ပင်တွေကို ဘာရည်ရွယ်ချက်နဲ့စိုက်နေကြတာပါလဲ လို့မေးခွန်းထုတ်ရခြင်းပါ။ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားနိုင်တဲ့ အဓိကသော့ချက်အဖြစ်ရည်ရွယ်ပြီး သစ်ပင်စိုက်ပျိုးကြဖို့ပါ။ ရည်ရွယ်ချက်အတိုင်းဖြစ်လာဖို့ကလည်း သစ်ပင်ရှင်သန်ကြီးထွားရေးအတွက် အစီအမံတွေ ထည့်သွင်းတွက်ချက်သင့်ပါကြောင်း အပြုသဘောဆောင်တင်ပြခြင်းပါ။
အခု၂၀၁၅ခုနှစ်ရဲ့ကမ္ဘာသဘာဝပါတ်ဝန်းကျင်အထိမ်းအမှတ်နေရဲ့ဆောင်ပုဒ်က လူသားသန်း၇၀၀၀ရဲ့မျှော်မှန်းချက်တွေပြည့်ဝဖို့တို့ကမ္ဘာကြီးကိုထိန်းသိမ်းစောင့်ရှောက်စို့ ပါ။ ကမ္ဘာကြီးပူနွေးတာ၊ ရာသီဥတုဖေါက်ပြန်ပြီး မိုးခေါင်ရေရှားဖြစ်တာ၊ မိုးကြီး ရေလျှံတာ၊ ရေကြီးတာ၊ စားနပ်ရိက္ခာမလုံလောက်တာ၊ မုန်တိုင်းဖြစ်ပေါ်တာ၊ အပူလွန်ကဲတာတွေဟာ စက်မှုလုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်ပေါ်တဲ့ ရာသီဥတုဘေးတွေ မဖြစ်ရေးအတွက် စက်မှုလုပ်ငန်းတွေလျှော့ချဖို့ပြောဆိုနေကြပေမဲ့ လက်တွေ့မှာ ဖြစ်မလာသေးပါဘူး။ သစ်ပင်စိုက်ပျိုးခြင်းဟာ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရာရောက်တာမို့ သစ်ပင်တွေကိုရှင်သန်ကြီးထွားအောင် စိုက်ပျိုးထိန်းသိမ်းဖို့လိုအပ်ကြောင်းနဲ့ လူသားသန်း၇၀၀၀ရဲ့မျှော်မှန်းချက်က ကမ္ဘာကြီးပူနွေးမှု လျော့ကျရေးပါ။ ။
(၂၀၁၅ခုနှစ်က The Earth ဂျာနယ်မှာပါဖူးတာလေးပါ။ ခုထိအသက်ဝင်နေဆဲမို့ပြန်လည်ဖေါ်ပြခြင်းပါ။)
Tuesday, June 4, 2019
သိမ်​ငယ်​စိတ်​ နှင့်​ ဘဝင်​မြင့်​စိတ်
**********************
ဖြိုး​ဝေ(မဟာဝိဇ္ဇာ)
လူတစ်​​ယောက်​က အခြားလူတစ်​​ယောက်
ကိုယ့်​ထက်​သာသွားတာ၊ ​အောင်​မြင်​တာ၊​တော်​တာကို
လက်​သင့်​မခံ​ဝေဖန်​ရင်​ တိုက်​ခိုက်​ရင်​ ​စောင်း​မြောင်း​ပြောရင်
အဲဒီလူမှာ ​ဂျေဝင်​​နေတယ်​၊ ​အောက်​​ခြေလွတ်​ဘဝင်​မြင့်​​နေတယ်​၊
မနာလိုဖြစ်​​နေတယ်​၊သိမ်​ငယ်​စိတ်​ဝင်​​နေတယ်​လို့
ပြောတတ်​ကြပါတယ်​။
အဲဒီ​တော့ ​အဲဒီလိုသူ​တွေဟာ
တကယ်​သိမ်​ငယ်​စိတ်​ဝင်​​နေတာလား၊
Inferiority Complexဖြစ်​​နေတာလား၊
ဘဝင်​မြင့်​​စိတ်​ဆိုတာဘာလဲ
သိမ်​ငယ်​စိတ်​ဆိုတာဘာလဲ၊
Inferiority Complexဆိုတာဘာလဲ၊
သူ့ရဲ့လက္ခဏာ​တွေကဘယ်​လိုလဲ၊
ဘယ်​လိုအ​ကြောင်း​တွေ​ကြောင့်​ဖြစ်​တတ်​လဲ၊
ဘယ်​လိုလူ​တွေမှာဖြစ်​တတ်​သလဲဆိုတာ​တွေကို
စိတ်​ပညာရှု​ထောင့်​က​နေ​ဆွေး​နွေးတင်​ပြချင်​ပါတယ်​။
ဒါ​ပေမဲ့ စိတ်​ပညာလို့​ပြောလိုက်​ရင်​ အများစုက
စိတ်​​ရောဂါအ​ကြောင်း၊ရူး​နေလို့
စိတ်​ကျန်းမာ​ရေး​ဆေးရုံသွားဖို့​သင့်​ပြီဆိုတဲ့
အ​ကြောင်း​တွေလို့ထင်​တတ်​ကြပြီး ငါ့ကို​တော့
ရူးမရူး​ပြော​တော့မယ်​၊ ငါ့မှာစိတ်​​ရောဂါရှိမရှိ​ပြော​တော့မယ်​လို့
ထင်​မှတ်​မှားပြီး ရွံ့တတ်​ကြပါတယ်​။
တကယ်​​တော့ စိတ်​ပညာဆိုတာ
စိတ်​အ​ကြောင်း​ ​လေ့လာတာပါ။ 
လေ့လာတဲ့အခါမှာလည်း
စိတ်​မကျန်းမာတဲ့သူ​တွေသာမက
စိတ်​ကျန်းမာတဲ့သူ​တွေကိုလည်း​လေ့လာပါတယ်​။
လူ​ဆိုး​ရောလူ​ကောင်းပါ​လေ့လာပါတယ်​။
အပြည့်​အစုံ​ပြောရရင်​​တော့
'လူ​တွေရဲ့အပြုအမူနဲ့စိတ်​ဖြစ်​စဉ်​ကို
သိပ္ပံနည်းကျ​လေ့လာတာ'ကို
စိတ်​ပညာလို့​ခေါ်ပါတယ်​။
ဒါ​ကြောင့်​ ဒီ​ဆောင်းပါးမှာ လူ​တွေရဲ့အပြုအမူနဲ့
စိတ်​ဖြစ်​စဉ်​​​တွေကိုသိပ္ပံနည်းကျ​လေ့လာတဲ့ စိတ်​ပညာမှာ
သိမ်​ငယ်​စိတ်​နဲ့ဘဝင်​မြင့်​စိတ်​အ​ကြောင်းဘယ်​လို​ပြောသလဲ
ဆိုတာတင်​ပြသွားပါမယ်​။
သိမ်​ငယ်​စိတ်​ကို​တွေ့ရှိခြင်း
++++++++++++++
လူတိုင်းမှာ ဖြည့်​ဆည်းဖို့လိုအပ်​တဲ့ လိုအပ်​ချက်​​အချို့နဲ့
လိုအင်​ဆန္ဒ​တွေရှိကြပါတယ်​။ ဒါ​ပေမဲ့
အဲဒီလိုအင်​ဆန္ဒအများစုဟာ အ​ကြောင်းအမျိုးမျိုး​ကြောင့်
ပြီး​မြောက်​ဖို့အခက်​အခဲရှိတတ်​ပါတယ်​။
အဲဒီလိုအလိုမပြည့်​တဲ့အခါ အကူအညီမဲ့သလိုလို
အစွမ်းအစမရှိ​တော့သလိုလိုဖြစ်​တတ်​ပါတယ်​။
အဲဒီလိုဖြစ်​လာရင်​ လူတစ်​​ယောက်​ဟာ Inferior ဆိုတဲ့
သိမ်​ငယ်​စိတ်​ ၊တစ်​နည်း နိမ့်​ကျစိတ်​ခံစားဖို့
အလားအလာများသွားတတ်​ပါတယ်​။
အဲဒီလို အစွမ်းအစမဲ့သလို အားကိုးရာမဲ့သလို ​မျှော်​လင့်​ချက်​မဲ့သလို စိတ်​ဓာတ်​ကျသလို သိမ်​ငယ်​စိတ်​(နိမ့်​ကျစိတ်​)ဟာ လူတိုင်းမှာတစ်​ခါတစ်​ရံဖြစ်​​လေ့ရှိပါတယ်​။ အဲဒီလိုခံစားရတာဟာပုံမှန်​ဖြစ်​သလိုပြဿနာလည်းမရှိပါဘူး။ အဲဒီလိုခံစားရတာကို လူတစ်​ဦးချင်းစီဟာ ​ကျော်​လွှားနိုင်​တဲ့အချိန်​​တွေ
ရှိ​ပေမဲ့ လိုအင်​ဆန္ဒအသစ်​​တွေ​ပေါ်လာတိုင်း
အဲဒီသိမ်​ငယ်​စိတ်​(နိမ့်​ကျစိတ်​)က ပြန်​​ပေါ်လာတတ်​ပါတယ်​။
ဒါ​ပေမဲ့ အဲဒီသိမ်​ငယ်​စိတ်​(နိမ့်​ကျစိတ်​)ဟာ ​ကောင်းတဲ့
သက်​​ရောက်​မှုကိုဖြစ်​​စေနိုင်​သလို
မ​ကောင်းတဲ့သက်​​ရောက်​မှုကိုလည်းဖြစ်​​စေနိုင်​ပါတယ်​။
ကောင်းတဲ့သက်​​ရောက်​မှုက​တော့ လူတစ်​​ယောက်​ဟာ
လိုအင်​ဆန္ဒမပြည့်​တဲ့အခါ ဖြစ်​​ပေါ်လာတဲ့
အားမလိုအားမရတဲ့စိတ်​၊သိမ်​ငယ်​စိတ်​​ကြောင့်
လိုအင်​ဆန္ဒပြည့်​ဖို့
မခံချင်​စိတ်​နဲ့ကြိုးစားလုပ်​ကိုင်​ရယူလာတဲ့အတွက်​ အစွမ်းအစမဲ့သလိုလို ကူရာမဲ့သလိုလို ခံစားချက်​​တွေကို
ကျော်​လွှားသွားနိုင်​တာပါ။
အဲဒီလို သိမ်​ငယ်​စိတ်​ကို
ထိန်းချုပ်​​ကျော်​လွှားနိုင်​ရင်​၊ မခံချင်​စိတ်​အဖြစ်
စိတ်​ဓာတ်​လှုံ့​ဆော်​တဲ့တွန်းအားအဖြစ်​သုံးရင်
ကောင်း​ပေမဲ့ အဲဒီသိမ်​ငယ်​စိတ်​ဟာ
မကြာခဏဖြစ်​​နေရင်​၊တွန်းလှန်​​ကျော်​လွှားဖို့
ခက်​လာပြီဆိုရင်​​တော့ မ​ကောင်းတဲ့သက်​​ရောက်​မှုကို
ဖြစ်​​ပေါ်လာ​စေပါတယ်​။ အဲဒါက​တော့
စိတ်​ပညာအ​ခေါ်အ​ဝေါ်အရ
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု(Inferiority Complex)ကို
ဖြစ်​​ပေါ်​စေတာပါ။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု(Inferiority Complex)အ​ကြောင်းစတင်​​ဖော်​ထုတ်​​တွေ့ရှိခဲ့သူက​တော့ စိတ်​ပညာရှင်
Alfred Adler(1870-1937)ဖြစ်​ပါတယ်​။ သူဟာ မသန်​စွမ်းတဲ့သူ့လူနာ​တွေကို​လေ့လာရာက​နေစတင်​​တွေ့ရှိခဲ့တာပါ။
မသန်​စွမ်းတဲ့သူ​တွေထဲမှာ အချို့ကအားကစားမှာ
ထူးချွန်​​​အောင်​မြင်​သွားတတ်​ပါတယ်​။ မသန်​စွမ်းတာကို
ကြီးမားတဲ့စိတ်​ဓာတ်​လှုံ့​ဆော်​မှုအဖြစ်​အသုံးချလိုက်​တာပါ။ အချို့က​တော့ မသန်​စွမ်းတာကိုလက်​​မြောက်
အရှုံး​ပေးလိုက်​ပြီး သူတို့အ​ခြေအ​နေကို
တိုးတက်​​အောင်​သိပ်​မလုပ်​နိုင်​​တော့ပါဘူး။
လူတစ်​ဦးချင်းစီမှာ သူတို့ကိုယ်​သူတို့ရှုမြင်​ပုံ
၊တစ်​နည်း အတ္တအ​လေးအမြတ်​ပြုမှု(Self-esteem)
ကွာခြားပုံ​တွေကို Adler သ​ဘော​ပေါက်​ခဲ့ပါတယ်​။
Alder ရဲ့အဆိုအရသိမ်​ငယ်​စိတ်​ဆိုတာ လူတိုင်း​တွေ့ကြုံခံစားရတတ်​ပြီး က​လေးဘဝကအစပြုတယ်​လို့ဆိုပါတယ်။
က​လေးတစ်​​ယောက်​ဟာ သူ့ပတ်​ဝန်းကျင်​မှာ သူ့ထက်​အစစအရာရာ ကာယဥာဏအားကြီးမားသာလွန်​တဲ့သူ​တွေဝန်းရံ​နေတတ်​တဲ့အတွက်​ သူ့ကိုယ်​သူအားနည်းသလို၊
သိမ်​ငယ်​သလိုခံစားရတတ်​ပါတယ်​။က​လေးတစ်​​ယောက်​ဟာ အများအားဖြင့်​ သူ့ထက်​အကြီး​တွေလုပ်​တာကို
လိုက်​တုပလုပ်​​ဆောင်​ပြီး လူကြီး​တွေလို
လုပ်​နို​င်​​အောင်​ကြိုးစားတတ်​ပါတယ်​။
အဲဒီလိုပတ်​ဝန်းကျင်​က တွန်းအား​တွေ​ကြောင့်
တုပလုပ်​​ဆောင်​ရင်းလုပ်​တတ်​လာပါတယ်​။
ကျန်းမာ​ရေး​ရော ကိုယ်​ရည်​ကိုယ်​​သွေးပါ​ကောင်းမွန်​တဲ့
က​လေးနဲ့လူကြီး​တွေဟာ ရည်​မှန်းချက်​​တွေ၊အလိုဆန္ဒ​တွေကိုပြီး​မြောက်​​အောင်​မြင်​​အောင်​လုပ်​နိုင်​တဲ့အခါတိုင်း
ကိုယ့်​ကိုယ်​ကိုယ်​ယုံကြည်​မှုတိုးလာပါတယ်​။
နောက်​ထပ်​ စိန်​​ခေါ်မှုအသစ်​​တွေရှိလာ​စေမယ့်
ရည်​မှန်းချက်​အသစ်​​တွေ၊အလိုဆန္ဒအသစ်​​တွေ​ပေါ်
မလာမချင်း သိမ်​ငယ်​စိတ်​က​ပျောက်​ကွယ်​​နေပါတယ်​။
ဒါ​ပေမဲ့ ရုပ်​ပိုင်းဆိုင်​ရာ​ရော ကိုယ်​ရည်​ကိုယ်​​သွေးပါ
အားနည်း​နေတဲ့သူ​​တွေက​တော့ သိမ်​ငယ်​စိတ်​ခံစားရနိုင်​ပြီး
အဲဒီလိုခံစားရာက​နေ ကိုယ်​ရည်​ကိုယ်​​သွေးဟန်​ချက်​မညီတဲ့အထိဖြစ်​လာပြီဆိုရင်​​တော့
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု(Inferiority Complex)ဖြစ်​လာပြီလို့သူကဆိုပါတယ်​။
လက္ခဏာများ
++++++++
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု​ကြောင့်​ လူတစ်​​ယောက်​ဟာ
ကိုယ့်​ကိုယ်​ကိုယ်​တန်​ဖိုးမရှိသလို၊
အသုံးမကျသလို ခံစားရပြီး​မျှော်​လင့်​ချက်​မဲ့သလို
ထင်​မြင်​ယူဆချက်​​တွေကိန်း​အောင်းလာပါတယ်​။
သူဟာအချို့အရည်​အချင်း​တွေ ချို့တဲ့သလို
စတင်​ခံစားလာရပြီး အဲဒီအရည်​အချင်း​တွေနဲ့ပတ်​သက်​ပြီး အခြားလူ​တွေနဲ့ယှဉ်​ရင်​ နိမ့်​ကျသလိုခံစားလာရပါတယ်​။
သူ့ကိုယ်​သူ ရိုးသားစွာအထင်​ကြီးသင့်​တဲ့
ကိစ္စ​တွေမှာ​တောင်​ အထင်​မကြီးတတ်​​ဘူးဖြစ်​လာပါတယ်​။
အဲဒီနိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု​ကြောင့်​ ကိုယ့်​ကိုယ်​ကိုယ်
ကျွမ်းကျင်​မှုမရှိဘူးလို့ခံစားရတဲ့သာမန်​ခံစားချက်​မျိုး​တောင်​ အကြီးကြီးချဲ့ကားပစ်​လိုက်ပြီး ရည်​မှန်းချက်​​တွေပြီး​မြောက်​ဖို့၊
အချို့ဖြစ်​နိုင်​တာ​တွေကို လုပ်​​ဆောင်​ဖို့မဖြစ်​နိုင်​​တော့ဘူးလို့ခံစားလာရပါတယ်​။
ဥပမာ-သာမန်​​ကျောင်းသားတစ်​​ယောက်​ဟာ စာ​မေးပွဲမှာ
အမှတ်​​ကောင်း​ကောင်းရဖို့ကြိုးစား​ပေမဲ့ ကြိုးစားသမျှ
အရာမထင်​မှုဆက်​တိုက်​ဖြစ်​လာတဲ့အခါမှာ​တော့
အခြားသူ​တွေကိုကြည့်​ပြီး သိမ်​ငယ်​လာပါတယ်​။
သူ့သူငယ်​ချင်း​တွေနဲ့ယှဉ်​နိုင်​ဖို့ မဖြစ်​နိုင်​​တော့ဘူးလို့ထင်​လာရာက​နေ သူ့ကိုယ်​သူတန်​ဖိုးမရှိသလို ခံစားလာရပါတယ်​။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုဟာ ထူးခြားတဲ့ ကိစ္စ​တွေနဲ့
ရည်​မှန်းချက်​​တွေမှာသာ ဖွံဖြိုး​စေနိုင်​တာမဟုတ်​ဘူး။
သာမန်ကိစ္စ​တွေမှာပါဖွံ့ဖြိုးလာနိုင်​ပါတယ်​။
ဥပမာ-လူတစ်​​ယောက်​ဟာ အခြားသူ​တွေနဲ့ယှဉ်​ကြည့်​ပြီး သူ့ကိုယ်​သူကြည့်​မ​ကောင်းဘူးလို့ထင်​ရာက​နေ နိမ့်​ကျစိတ်​ထားဖွဲ့စည်း​စေဖို့အ​​ကြောင်းရင်းဖြစ်​လာပါတယ်​။
အလားတူပဲ လူတစ်​​ယောက်​ဟာ မိတ်​​ဆွေမဖွဲ့နိုင်​ဘူးဆိုရင်​အခြားသူ​တွေက သူ့ကိုမနှစ်​သက်​ဘူး၊
သူ့မှာမိတ်​​ဆွေ​ကောင်းရဖို့ အရည်​အချင်းမရှိဘူးလို့ခံစားရနိုင်​ပါတယ်​။ ပြီး​တော့ အခြားသူ​တွေနဲ့ယှဉ်​ကြည့်​ပြီး သူ့ဘဝရည်​မှန်းချက်​​တွေနဲ့ပတ်​သက်​ပြီးစိတ်​ရှုပ်​လာပြီး စိတ်​မလုံခြုံသလိုခံစားလာရာက​နေ သူဟာဘာမှသုံးမရဘူးလို့
ထင်​လာပါတယ်​။ အဲဒီခံစားချက်​​မျိုးဆက်​တိုက်​ဖြစ်​​နေတာက နိ​မ့်​ကျစိတ်​ထားဖွဲ့စည်းမှုကိုဖြစ်​​ပေါ်လာ​စေပါတယ်​။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုဟာ လူတစ်​​ယောက်​ကို
အန္တရာယ်​ဖြစ်​​စေနိုင်​သလို အခြားပြဿနာ​တွေဆီကို
လည်းဦးတည်​သွား​စေပါတယ်​။သူများနဲ့ယှဉ်​ကြည့်​ပြီး
ကိုယ့်​ကိုယ်​ကိုယ်​အရည်​အချင်းမပြည့်​သလို
ခံစားလာရာက​နေ ​စိတ်​ပျက်​တာ၊ အလိုမကျတာ၊
စိတ်​ဖိစီးတာ၊ ​ကြောက်​ရွံ့တာ၊ထိတ်​လန့်​တာ၊
ကိုယ့်​ကိုယ်​ကိုယ်​သနားတာ၊ ကိုယ့်​အားနည်းချက်​ကို
ဖုံးကွယ်​ဖို့ သူတစ်​ပါးကိုအပြစ်​တင်​​ဝေဖန်​ပြီး
အားနည်းချက်​ရှာတာ၊စိတ်​မလုံခြုံတာ၊အထီးကျန်​တာ၊
လူမှုဆက်​ဆံ​ရေးညံ့ဖျင်းတာ အစရှိတာ​တွေဖြစ်​လာပါတယ်​။
ဘဝင်​မြင့်​စိတ်​ဆိုတာ
+++++++++++
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုအလွန်​အမင်းဖိစီးလွှမ်းမိုးလာပြီး
အချိန်​အကြာကြီးဖြစ်​​နေပြီဆိုရင်​​တော့ ဘဝင်​မြင့်​စိတ်​ထားဖွဲ့စည်းမှု(Superiority Complex)
အဖြစ်​​ပြောင်းသွားတတ်​ပါတယ်​။
ဘဝင်​မြင့်​စိတ်​ထားဖွဲ့စည်းမှုဆိုတာအခြားမဟုတ်​ပါဘူး။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုပုံစံကို ချဲ့ကားထားတာပါ။
လူတစ်​​ယောက်​ဟာ နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု
အလွန်​အမင်းဖွံ့ဖြိုးလာတဲ့အခါမှာ​တော့
ဘဝင်​မြင့်​စိတ်​ထားဖွဲ့စည်းမှုဆီ​ပြောင်းသွားတတ်​ပါတယ်​။
လူတစ်​​ယောက်​ဟာ
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုကို​ကျော်​လွှားဖို့  အခြားသူ​တွေကို
နိမ့်​ကျသလိုခံစားရ​အောင်​လုပ်​တာဟာ နည်းလမ်း​ကောင်းလို့ခံစားလာရာက​နေ ဘဝင်​မြင့်​လာပါတယ်​။
အဲဒီလိုက​နေ သူ့ရဲ့အမူအရာဟာ
ပလွှားပြီး ​မောက်​မာလာပါတယ်​။
သူဟာ ကြွားဝါဖို့ကြိုးစားသလို ကိုယ့်​ကိုယ်​ကိုယ်​အမွှန်းတင်​တာ​တွေများလာပါတယ်​။ ကိုယ်​စိတ်​​ကျေနပ်​မှုရဖို့
အခြားသူ​တွေကိုအနိုင်​ကျင့်​ဖို့ကြိုးစားလာပါတယ်​။
ပျောက်​ဆုံးသွားတဲ့ ကိုယ့်​ကိုယ်​ကို​ယ်​တန်​ဖိုးထားမှုကိုပြန်​ရဖို့ အဲဒီဟာ​တွေအားလုံးကိုလုပ်​ပါတယ်​။ အခြားသူ​တွေရဲ့
အာရုံစိုက်​မှုကို ကြိုးစားရှာသလို သူ့မှာတကယ်​မရှိတာကို ရှိသ​ယောင်​ဟန်​​ဆောင်​တတ်​လာပါတယ်​။ သူဟာ
နိမ့်​ကျစိတ်​ထားရှိသူမဟုတ်​​ကြောင်း သူ့ကိုယ်​သူ​ရော
အခြားသူကိုပါသက်​​သေပြဖို့ကြိုးစားပါတယ်​။သူဟာ
သူ့ကိုယ်​သူ တန်​ဖိုးအရှိဆုံး၊​အ​ကောင်းဆုံးလူတစ်​​ယောက်​လိုထင်​လာဖို့ကြိုးစားပါတယ်​။
အပြင်​ပန်းကြည့်​ရင်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုအရမ်း​ရှိတဲ့လူတစ်​​ယောက်​လို့ထင်​စရာပါ။သူ့ကိုယ်​သူ
အားရ​ကျေနပ်​သလိုပုံစံမျိးဖမ်းထားပါတယ်​။
ဒါ​ပေမဲ့ တကယ့်​အစစ်​အမှန်​က​တော့ အဲဒီလိုမဟုတ်​ပါဘူး။ သူဟာ သူ့ရဲ့အားနည်းချက်​ကိုဖုံးကွယ်​ဖို့ကြိုးစား​နေတာဖြစ်​သလို အလွန်​အမင်းနိမ့်​ကျတဲ့စိတ်​ထားကို ​ကျော်​လွှားဖို့ကြိုးစား​နေတာပါ။
အဲဒီသ​ဘောထားကို အခြားသူက​တော့ ​စော်​ကားတယ်​၊
ရိုင်းတယ်​လို့မှတ်​ယူပါတယ်​။ အဲဒီလိုအပြုအမူမျိုးဖြစ်​လာရာက​နေ ကိုယ့်​ကို​ယ်​ကိုယ်​လိမ်​ညာတတ်​လာပါတယ်​။
အခြားသူ​တွေက သူ့ကိုစပြီးမနှစ်​သက်​လာသလို
ဝေး​ဝေး​ရှောင်​လာကြပါတယ်​။ အဲဒီဟာကသူ့ကိုပိုပြီး အသုံးမဝင်​သလိုခံစားရ​စေပါတယ်​။ အဲဒီလိုနဲ့သူဟာ ရန်​လိုတဲ့အပြုအမူပိုဖြစ်​လာပြီး အထီးကျန်​မှုနဲ့စိတ်​ဖိစီးမှုက
ပိုပြီးပြင်းထန်​လာပါတယ်​။
ဘယ်​လို​ကျော်​လွှားမလဲ
++++++++++++
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုကို ​ကျော်​လွှားနိုင်​တဲ့ အ​ကောင်းဆုံးနည်းလမ်းက​တော့ အစားထိုးတာ(Compensation)ပါ။
တကယ်​လို့
လူတစ်​​ယောက်​ဟာ အချို့စွမ်း​ဆောင်​မှု​တွေမှာ သူ့ကိုယ်​သူချို့တဲ့တယ်​လို့ထင်​ရင်​ အခြားကိစ္စ​တွေမှာ
ထူးချွန်​​အောင်​ကြိုးစားလို့ရပါတယ်​။ အဲဒီအရည်​အချင်း​တွေကိုထူးချွန်​​အောင်​လုပ်​ခြင်းအားဖြင့်​ ကိုယ့်​ကိုယ်​ကိုယ်
ယုံကြည်​မှုတိုးလာသလို သူ့ကိုယ်​သူလည်း​ကျေနပ်​အားရလာပါတယ်​။အဲဒီလိုနဲ့သူဟာ အရည်​အချင်းတစ်​ခုမှာ
ချို့တဲ့​တာပြဿနာမရှိဘူး၊ အခြားအရည်​အချင်း​တွေမှာ
တော်​တယ်ဆိုပြီးခံစားလာရပါတယ်​။
ဥပမာ-​ကျောင်းစာမှာသူ့ကိုယ်​သူမ​တော်ဘူးလို့ထင်​တဲ့
သူတစ်​​ယောက်​ဟာ အားကစားမှာ​ထူးချွန်​သူ
တစ်​​ယောက်​ဖြစ်​လာနိုင်​ပါတယ်​။
သူ့ကိုယ်​သူရုပ်​ရည်​မ​ချော​မောဘူးလို့ထင်​တဲ့သူ
တစ်​​ယောက်​ဟာ ​ကျောင်းစာမှာ
အလွန်​တော်တဲ့သူဖြစ်​လာနိုင်​သလို ဥာဏအားသုံးရတဲ့
ကိစ္စ​တွေမှာထူးချွန်​သူဖြစ်​လာနိုင်​ပါတယ်​။
စကား​ပြောစွမ်းရည်​မ​ကောင်းဘူးလို့ထင်​တဲ့သူ
တစ်​​ယောက်​ဟာ စာ​ပေ​ရေးသားမှုနဲ့ပန်းချီမှာ 
ထူးချွန်​သူဖြစ်​​အောင်​ လုပ်​နိုင်​ပါတယ်​။
အဲဒီလိုနည်းလမ်းမျိုးနဲ့ လူတစ်​​ယောက်​ဟာ
သူ့ရဲ့အားနည်းတဲ့၊ချို့တဲ့တဲ့အရာ​တွေကို
အခြားအရည်​အချင်း​တွေနဲ့
အစားထိုးနိုင်​ပါတယ်​။ ဒါ​ပေမဲ့ အစားထိုးခြင်း​ကြောင့်
အရင်းခံချွတ်​ယွင်းချက်​​တွေဟာ ကိစ္စတို​င်းမှာ ပ​ပျောက်​သွားတတ်​တာ​​တော့ မဟုတ်​ပါဘူး။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုကို​ကျော်​လွှားနိုင်​တဲ့ ​နောက်​ထပ်
နည်းလမ်းတစ်​ခုက​တော့ ကိုယ့်​ကိုယ်​ကိုယ်
ကောင်း​ကောင်းသိ​နေဖို့ပါ။ ကိုယ့်​ကိုယ်​ကိုယ်​သိ​နေတဲ့
သူတစ်​​​ယောက်​ဟာ ကိုယ့်​​ကြောင်းကိုယ်​သူများထက်​ပိုပြီး
ကောင်း​​ကောင်းမွန်​မွန်​သိနိုင်​ပါတယ်​။
အဲဒီလိုကိုယ့်​ကို​ယ်​ကို​ယ်​သိတဲ့အတွက်
လူတစ်​​ယောက်​ဟာ ကိုယ့်​ရဲ့အားနည်းချက်​နဲ့
အားသာချက်​ကို အသိအမှတ်​ပြုလက်​ခံနိုင်​ပြီး
အသုံးချနိုင်​ပါတယ်​။
လူတစ်​​ယောက်​ဟာ သူ့ရဲ့အားသာချက်​နဲ့အရည်​အချင်း
အစစ်​အမှန်​ကို အရှိအတိုင်းနားလည်​သ​ဘော​ပေါက်​တယ်​ဆိုရင်​ နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုဖြစ်​လာစရာ
အ​ကြောင်းလုံးဝမရှိပါ။
လူအများစုက သူတို့နဲ့ပတ်​သက်​ပြီး အခြားသူ​တွေကဘယ်​လိုခံစားရသလဲ၊ ဘယ်​လို​တွေးသလဲ အရမ်းစိတ်​ဝင်​စားခံစားတတ်​ကြပါတယ်​။အခြားသူ​တွေ သူတို့ကိုဘယ်​လိုမြင်​သလဲစိုးရိ​မ်​တတ်​ပါတယ်​။ အဲဒီလိုဖြစ်​ဖို့လုံးဝမလိုအပ်​သလို
ကိုယ့်​ရဲ့အချိန်​ကိုဖြုန်းတီးသလိုဖြစ်​တတ်​ပါတယ်​။
အခြားသူ​တွေက ကိုယ့်​ကိုဘယ်​လို​တွေးထင်​မလဲ
စိုးရိမ်​ပူပန်​​နေမဲ့အစား ကိုယ်​ဘာလုပ်​ချင်​သလဲဆိုတာကို
အာရုံစိုက်​တာပို​ကောင်း​ပါတယ်​။
လူတိုင်းဟာ ကိုယ့်​အ​ကြောင်းကိုယ်​သိနိုင်​ပါတယ်​။
တကယ်​လို့ အခြားသူ​တွေက ကိုယ့်​ကိုထင်​မြင်​ယူဆတဲ့
အတို်​င်းလက်​ခံလိုက်​ရင်​ သူတို့ထင်​မြင်​ယူဆတဲ့အတိုင်း
ကို​ယ်​ဟာတကယ်​အားနည်းချို့တဲ့သူဖြစ်​သွားတတ်​ပါတယ်​။
အဲဒီလိုဖြစ်​လာရင်​​တော့ ရှုံးနိမ့်​မှု​တွေဆက်​တို​က်​ကြုံရပြီး
နောက်​ဆုံးမှာ နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုဆီ
ဦးတည်​သွားတတ်​ပါတယ်​။
လူတစ်​​ယောက်​ကို အခြားသူတစ်​​ယောက်​နဲ့နှိုင်းယှဉ်တာ
မ​ကောင်းပါဘူး။ လူတစ်​​ယောက်​ တစ်ခုခုမှာ ​တော်​တိုင်း
အခြားသူတစ်​​ယောက်​လည်း အဲဒီတစ်​ခုခုမှာ ​တော်​ရမယ်​လို့
မဆိုလိုပါဘူး။လူတစ်​ဦးချင်းစီမှာ ကိုယ်​ပို်​င်​အားသာချက်
ရှိတတ်​ပြီး အဲဒီအားသာချက်​ကိုပဲအာရုံစိုက်​သင့်​ပါတယ်​။
အခြားသူနဲ့တူ​အောင်​လိုက်​တုပဖို့ကြိုးစားတာဟာ
လမ်းလွဲသွားတတ်​ပြီး စိတ်​မလုံခြုံမှု​တွေဖြစ်​လာရာက​နေ
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုဆီဦးတည်​သွားတတ်​ပါတယ်​။
က​လေး​ဘဝကိုဂရုစိုက်​ပါ
++++++++++++++
ိသိမ်​ငယ်​စိတ်​/နိမ့်​ကျစိတ်​ဟာအလွန်​အမင်းမကြီးထွားမလာမချင်း​တော့ ​အ​ခြေအ​နေ​ကောင်းပါ​သေးတယ်​။ ဒါ​ပေမဲ့
နိမ့်​ကစိတ်​ထားဖွဲ့စည်းမှုထိသိသာထင်​ရှားစွာဖြစ်​လာပြီ
ဆိုရင်​​တော့ လူတစ်​​ယောက်​ကို ပြဿနာမျိုးစုံဖြစ်​​စေနိုင်​ပါတယ်​။
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု ဖြစ်​​နေတာကြာ​လေ​လေ ပိုပြီးဆိုးဝါး​လေ​လေပါပဲ။ဒါ​ကြောင့်​ လူတ​စ်​​ယောက်​ဟာ နိ​မ့်​ကျစိတ်​ထားဖွဲ့စည်းမှုဖွံ့ဖြိုးလာပြီဆိုတာနဲ့ ​ကျော်​လွှားနိုင်​ဖို့အ​ကောင်းဆုံးကြိုးစားသင့်​ပါတယ်​။
အ​ကောင်းဆုံးက​တော့ က​လေးဘဝကတည်းကစတာပါ။
သိမ်​ငယ်​စိတ်​၊ တစ်​နည်း နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှု​ဟာ
က​လေးဘဝကအစပြုခဲ့ကြတာပါ။
က​လေးတစ်​​ယောက်​ဟာ ​မွေးကတည်းက
မိမိကိုယ်​မိမိ လိမ္မာသလား၊မိုက်​သလား၊​ကောင်းသလား၊
ဆိုးသလားထင်​မြင်​တတ်​ကြတာမဟုတ်​ပါ။
မိဘအုပ်​ထိန်းသူနဲ့သူငယ်​ချင်း​တွေက သူ့ကို
လိမ္မာတယ်​၊​တော်​တယ်​၊​ကောင်းတယ်​လို့​ပြောဆိုကြရင်
က​လေးကလည်း သူ့ကိုယ်​သူ လိမ္မာတယ်​၊
တော်​တယ်​​၊​ကောင်းတယ်​လို့ထင်​မြင်​လာတတ်​ပါတယ်​။
အဲဒီလိုမဟုတ်​ဘဲ မိဘအုပ်​ထိန်းသူနဲ့သူငယ်​ချင်း​တွေက သူ့ကိုအသုံးမကျဘူးလို့ ထင်​မြင်​ယူဆပါကလည်း
သူ့ကိုယ်​သူအသုံးမကျသူလို့ ထင်​မြင်​လာတတ်​ပါတယ်။
ဒါ​ကြောင့်​ က​လေးတစ်​​ယောက်​ဟာ
သူလုပ်​သမျှကိစ္စတိုင်း မပြီး​မြောက်​ရင်ဖြစ်​​စေ၊
သူဘယ်​​လောက်​ပဲကြိုးစားလုပ်​လုပ်​ အ​ကောင်းလုပ်​လုပ်
ပြစ်​တင်​​ဝေဖန်​ချည်းပဲခံ​နေရရင်​ဖြစ်​​စေ သူဟာအနာဂတ်​မှာ စိတ်​ဓာတ်​တက်​ကြွဖို့ခဲယဉ်းသွားတတ်​ပါတယ်​။
အချို့မိဘအုပ်​ထိန်းသူ​တွေက က​လေး​တွေကိုဂရုမစိုက်​ဘဲ လျစ်​လျူရှုထားတတ်​ကြတဲ့အတွက်​ အဲဒီလိုလျစ်​လျူရှုတာ၊
ပစ်​ပယ်​တာခံရဖန်​များလာတဲ့အခါ က​လေး​တွေဟာ
သူတို့မှာအားနည်းချက်​ရှိလို့သာ ပစ်​ပယ်​ခံရ၊
လျစ်​လျူရှုခံရတယ်​ဆိုပြီး သူတို့ကိုယ်​သူတို့အသုံးမကျသူ​တွေဆိုပြီး သိမ်​ငယ်​စိတ်​ဝင်​သွားတတ်​ပါတယ်​။
တစ်​ခါတ​လေ မိဘအုပ်​ထိန်းသူကိုယ်​တိုင်​က သိမ်ငယ်စိတ်၊
နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုရှိပါကလည်း က​လေး​တွေက
အတုမြင်​အတတ်​သင်​ပြီး
သိမ်​ငယ်​စိတ်​ဝင်​သွားတတ်​ပါတယ်​။
အချို့မိဘ​အုပ်​ထိန်းသူ​တွေက သူတို့ရဲ့သိမ်​ငယ်​စိတ်​ကို
က​လေး​တွေ​ရှေ့မှာ​ထုတ်​​ဖော်​ပြတဲ့အတွက်
က​လေး​တွေလည်းစိတ်​ဓာတ်​ကျဆင်းပြီး
သိမ်​ငယ်​စိတ်​ကိန်း​အောင်းသွားတတ်​ပါတယ်​။
က​လေးတစ်​​ယောက်​ရဲ့ စိတ်​ပိုင်းဆိုင်​ရာဖွံ့ဖြိုးမှုဟာ
မိသားစုအိမ်​တွင်းဆက်​ဆံ​ရေးအ​ခြေအ​နေ၊
ကစား​ဖော်​သူငယ်​ချင်းအ​ပေါင်းအ​ဖော်​နဲ့ဆက်​ဆံ​ရေးအ​ခြေအ​နေ၊ ​ကျောင်းတွင်းစာသင်​​ဖော်​တို့နဲ့ဆက်​ဆံ​ရေးအ​ခြေအ​နေ​တွေအ​ပေါ်မှာမူတည်​ပါတယ်​။
က​လေးဘဝအ​တွေ့အကြုံ​တွေအ​ပေါ်မူတည်​ပြီး
ကိုယ်​ဘယ်​လိုလူစားဆိုတာသိလာတာဖြစ်​ပါတယ်​။
သိမ်​ငယ်​စိတ်​ဟာ က​လေးဘဝကစခဲ့ပြီး ကာလရှည်​ခံစားခဲ့ရတဲ့အ​တွေ့အကြုံ​ပေါ်အ​ခြေတည်​လာခဲ့တဲ့ သ​ဘောထားတစ်​ခုဖြစ်​တဲ့အတွက်​ အဲဒါကိုကွယ်​​ပျောက်​​အောင်​ပြုလုပ်​ရာမှာ
လည်း ကာလရှည်​စွာကုစားရတတ်​ပါတယ်​။
ကုစားမယ်​ဆိုရင်​ သက်​ကြီးပိုင်းမ​ရောက်​ခင်
ဆယ်​​ကျော်​သက်​အရွယ်​က စတင်​ပါက
ပိုမိုထိ​ရောက်​ပါတယ်​။ ဒါ​ကြောင့်​ က​လေးဘဝအရွယ်​ကိုဂရုစိုက်​တာဟာ နိမ့်​ကျစိတ်​ထားဖွဲ့စည်းမှုနဲ့ ဘဝင်​မြင့်​စိတ်​ထားဖွဲ့စည်းမှုကို​ကျော်​လွှားနိုင်​ဖို့​အ​ကောင်းဆုံးပဲဖြစ်​ပါတယ်​။
အခုဆို သိမ်​ငယ်​စိတ်​နဲ့ဘဝင်​မြင့်​စိတ်​ရဲ့
သ​ဘောသဘာဝကို သိသွားပြီဖြစ်​တဲ့အတွက်
မိမိစိတ်​မှာ​ရော အဲဒီလိုစိတ်​မျိုးဖြစ်​သလား၊
မဖြစ်​သလား ​ရေရှည်​ဖြစ်​​နေသလားစဉ်းစားပြီး ဖြစ်​​နေတယ်​ဆို​ကျော်​လွှားနိုင်​ဖို့သာကြိုးစားပါ။
အခြားသူ​တွေရဲ့ အားနည်းချက်​ကို​​​ဖော်​ထုတ်​ဖို့၊
တစ်​နည်း အခြားသူတစ်​​ယောက်​ကို
သိမ်​ငယ်​စိတ်​ဖြစ်​​​နေတယ်​၊
ဘဝင်​မြင့်​စိတ်​ဖြစ်​​နေတယ်​ဆိုပြီး တံဆိပ်​ကပ်​ဖို့၊
ကဲ့ရဲ့တိုက်​ခိုက်​ဖို့နဲ့အခြားသူကမ​တောင်းခံဘဲ
အကြံ​ပေးဖို့မကြိုးစားပါနဲ့။
သိမ်​ငယ်​စိတ်​နဲ့ ဘဝင်​မြင့်​စိတ်​အ​ကြောင်းသိသွားလို့
စိတ်​ပညာရှင်​တစ်​​ယောက်​လို စိတ်​အ​ကြောင်းကျွမ်းကျင်​သွားပြီ၊သူများစိတ်​ကို​ကောင်း​ကောင်းသိသွားပြီလို့လည်း
မမှတ်​ယူ​စေလိုပါ။စိတ်​ပညာရှင်​​တွေ​တောင်
စိတ်​အ​ကြောင်းအကုန်​မသိ​သေးပါ။
တကယ်​လို့ သင်​ဟာ အခြားသူတစ်​​ယောက်​ရဲ့
စိတ်​အ​ကြောင်းခွဲခြမ်းစိတ်​ဖြာချင်​ရင်​၊
အခြားသူရဲ့စိတ်​ကိုသိတယ်​ထင်​ရင်​၊
အခြားသူ​တွေရဲ့စိတ်​ကို​လေ့လာချင်​ရင်
အရင်​ဆုံးမှန်​​ရှေ့သွားရပ်​လိုက်​ပါ။
သင်​ အရင်​ဆုံး စိတ်​ခွဲခြမ်းစိတ်​ဖြာမှု
လုပ်​သင့်​တဲ့သူတစ်​​ယောက်​မှန်​ထဲမှာ​ပေါ်လာပါလိမ့်​မယ်​။
ရည်​ညွှန်း-
၁။ Inferiority and Inferiority Complex by
Saif Farooqi
၂။The Psychology Book
၃။ သင့်​ဘဝတွက်​တာ အသုံးချစိတ်​ပညာ-
ဒေါက်​တာ​ကျော်​စိန်​(တတိယအကြိမ်​)
{၃.၄.၂၀၁၈ ထုတ်​ The Voice သတင်းစာပါ​ဆောင်းပါကို
ပြန်​လည်​ ​ဖော်​ပြသည်​။}
Monday, June 3, 2019
ရေပန်းစားတဲ့ Six Pack သိပ္ပံ နည်းကျ ​လေ့ကျင့်​မယ်
-------------------------------------------------------
ခေတ်​​ရေစီး​ကြောင်းဆိုတာ အချိန်​နဲ့အမျှ ​ပြောင်းလဲ​နေတာပါ။ ကျွန်​​တော်​တို့ ငယ်​စဉ်​က လမ်း​ဘေး လ္ဖက်​ရည်​ဆိုင်​ထိုင်​ပြီး သီချင်းတိတ်​​ခွေ နား​ထောင်​ရတာကို လူငယ်​တိုင်း တက်​မက်​ကြပြီး အမြဲနှစ်​သက်​စွာ ​နိစ္စဓူဝ တိုက်​တွန်းစရာ မလိုပဲ လုပ်​​လေ့ရှိကြပါတယ်​။အဲဒီ​နောက်​ ဆံပင်​အရှည်​ထားပြီး လမ်း​ဘေး ဂစ်​တာတီးကြတယ်​။ ဂစ်​တာမှ မတီးတတ်​ရင်​ လူရာ မဝင်​သလိုပါပဲ။ အဲဒီ​နောက်​ မင်းသား ​ကျော်​ဟိန်း စတိုင်​၊ ​ပြေငြိမ်း စတိုင်​၊ စိုးသူ စတိုင်​ ​နောက်​ဆုံး ​ကျော်​သူ လွယ်​အိတ်​ ဆိုပြီး အနီအစင်းကြား ချည်​လွယ်​အိတ်​ကို ပုခုံးအထက်​နားမှာ အထုံး ထုံးပြီး တက္ကသိုလ်​ ထဲမှာ လမ်း​လျောက်​ရတဲ့အခါ ငါဟဲ့ဆိုပြီး တလွင့်​လွင့်​၊ လွင့်​​နေသလို ခံစားမိသားဗျ။
ဟော အခု​ခေတ်​ကြ​တော့ tattoo နဲ့ abs လို့​ခေါ်တဲ့ six pack ဘယ်​လီ ​ခေတ်​ဗျာ။ tattoo ထက်​စာရင်​ six pack က degree ဒီဂရီပိုမြင့်မယ်​ထင်​ပါတယ်​။  ဘယ်​လီ မရှိ၊ ဘယ်​လီ မ​ပေါ်ရင်​ပဲ ကစားသမား မဟုတ်​သလို၊ လူရာ မဝင်​သလို နဲ့ ..... လူ​ကောင်​က​ ပိန်​ပြီး ​သေး​သော်​လည်း ဘယ်​လီ​လေးများ ​ပေါ်​နေရင်​ပဲ ပြိုင်​စံရှား တစ်​​ယောက်​လို ဂုဏ်​ယူ​နေကြတဲ့ အချိန်​ကိုးဗျ။
ဒီ​လောက်​ လူတိုင်းစိတ်​ဝင်​စားကြတဲ့ six pack ကို သူ့ထက်​ငါ ပိုပြီး​ပေါ်လွင်​ ရရှိ​အောင်​ သိပ္ပံ နည်းကျ ​လေ့ကျင့်၊ ​နေထိုင်​နည်းကို  လက်​တို့ပြီး​တော့ ​ပြောပါရ​စေဗျာ။
Abs ကို​​ပေါ်အောင်​ ဘယ်​လိုလုပ်​ကြမလဲ ?
တစ်​ချို့ကလည်း​ပြောကြတယ်
* အစားအစာ ကို မှန်​ကန်​စွာ ​ရွေးချယ်​စား​သောက်​တတ်​ဖို့လို​ကြောင်း၊ ​ရေများများ​သောက်​ရန်​လို​ကြောင်း အဆီအဆိမ့်​ များကို ​ရှောင်​ရန်​ လိုအပ်​​ကြောင်း
* တစ်​ချို့က​တော့ ခန္ဓာကိုယ်​ မှ အဆီများကို မြန်​မြန်​ ​လောင်​ကျွမ်း တဲ့​ဆေး၊ ပိန်​​ဆေးများကို ​သောက်​ရန်​လို​ကြောင်း..
* တစ်​ချို့ကြ​တော့ ဘယ်​လီကို အကြိမ်​များများ ရိုက်​ခြင်းသည်​သာ အဓိက ကြလှ​ကြောင်း
* Zumba dance ကသာ ပိုမို သာလွန်​​ကြောင်း
တစ်​​ကျောင်း တစ်​ဂါတာ၊ တစ်​ရွာ တစ်​ပုဒ်​ဆန်း ဆိုသလိုပါပဲ တုတ်​ထမ်း၊ ဓားထမ်းပြီး ​ပြောဆို ငြင်းခုန်​ကြရပါလိမ့်​မယ်​။
six pack ​ပေါ်​ရန်​ ဘယ်​လီရိုက်ခြင်း ​​တစ်​မျိုးတည်းကိုသာ အကြိမ်​ကြိမ်​ပြုလုပ်​ပြီး၊ တစ်​ခြား​လေ့ကျင့်​ခန်းများ မပြုလုပ်​ပဲ၊ ဘယ်​လီရိုက်​ခြင်းတစ်​မျိုးတည်း ကိုသာ တစ်​ပတ်​လျင်​(၅)ရက်​ ဆက်​တိုက်​ ​လေ့ကျင့်​ပြီး (၆) ပတ်​ ကြာ​သောအခါ၌လည်း မည်​သို့မျှ ​ပြောင်းလဲမှု မရှိ​ကြောင်းကို ​လေ့လာ​တွေ့ရှိချက်​​တွေအရ researchers ​တွေမှ အတည်​အလင်းထုတ်​ပြန်​ထားပါတယ်​။ပုံ(၁)မှာ ​လေ့လာကြည့်​နိုင်​ပါတယ်​။ဆိုလိုသည်​မှာ ဘယ်​လီရိုက်​ခြင်း တစ်​မျိုးတည်းကိုသာပြုလုပ်​ပါက မထိ​ရောက်​​ကြောင်းကို ​ဖော်​ပြခြင်းသာဖြစ်​ပါသည်​။
ရိုရှင်းလွယ်​ကူစွာပဲ six pack ​ပေါ်ရန် ​အောက်​​ဖော်​ပြပါ ​အ​ခြေခံ အချက်​ (၃)ချက်​ကို လိုက်​နာနိုင်​ရင်​ မလွဲ ဧကန်​ ရရှိပါလိမ့်​မယ်​။ သိပ္ပံနည်းကျ ဆက်​လက်​ ​လေ့လာကြည့်​ရ​အောင်​ပါ။
(၁)မှန်​ကန်​​သော အဟာရကို ​ရွေးချယ်​တတ်​ရန်
-------------------------------------------------------------
Six pack ​ပေါ်ချင်​ရင်​​တော့ ဘယ်​လီသား ​ပေါ်မှာ ဖုံး​နေတဲ့ အဆီ​တွေကို ဖယ်​ရှားဖို့(သို့)​လောင်​ကျွမ်းသွားဖို့က အဓိက အ​ရေးကြီးဆုံးပါပဲ။
အရိုးရှင်းဆုံးက​တော့ ကယ်​လိုရီ စားသုံးမှုကို ထိန်းချုပ်​ဖို့ပါပဲ။စားသုံးလိုက်​တဲ့ ကယ်​လိုရီထက်​ အသုံးပြုလိုက်​တဲ့ ကယ်​လိုရီက များ​နေမှ အဆီ​လောင်ကျွမ်းအား​​ကောင်းပြီး six pack ရပါလိမ့်​မယ်​။ပုံ(၂)တွင်​ ​လေ့လာနိုင်​ပါတယ်​။ ကယ်​လိုရီ အတိုးအ​လျော့နှင့်​ပတ်​သက်​၍ အားလုံးသိထားပြ်ီးဖြစ်​၍ အကျယ်​တ၀င့်​ မရှင်းပြ​တော့ပါ။
(၂)​လေ့ကျင့်​ခန်း ​ရွေးချယ်​မှု
-------------------------------------
လေ့ကျင့်​ခန်း​ရွေးချယ်​မှုဟာလည်း အဓိက ကျလှပါတယ်​။ အထက်​မှာ တင်​ပြခဲ့သလိုပါပဲ six pack ​ပေါ်ချင်​ရင်​ six pack ​ပေါ်မှာ ဖုံး​နေတဲ့ အဆီ​တွေကို ချဖို့၊​လောင်ကျွမ်း သွားဖို့လိုပါတယ်​။အဆီချ​တော့မယ်​ဆိုရင်​အဓိက အ​ရေးကြီးဆုံးနည်းလမ်း​တွေက​တော့ အားလုံးသိထားပြီးဖြစ်​တဲ့ မည်​သို့မျှ မလွဲတဲ့ နည်းလမ်း(၃)ခုရှိပါတယ်​။
(၁) Diet Only(အစားအ​သောက်​ ကယ်​လိုရီ ထိန်းချုပ်​သည့်​နည်း)
(၂) Diet + Cardio(အစားအ​သောက်​ထိန်းချုပ်​ပြီး cardio ​လေ့ကျင့်​ခန်းနှင့်​တွဲဘက်​ ​ကစားနည်း)
(၃) Diet + Cardio + Weights(အစားအ​သောက်​၊ cardio နှင့်​ တွဲလျက်​ ဝိတ်​များဖြင့်​ ​လေ့ကျင့်နည်း) တို့ပဲဖြစ်​ပါတယ်​။
အားလုံး သိရှိရန်​အတွက်​ အ​ခြေခံနည်း(၃)နည်းရဲ့ ကွာခြားချက်​ကို ထပ်​မံတင်​ပြပါ့မယ်​။
နံပါတ်​(၁) ကို​ရွေးချယ်​ပြီး diet only ဖြစ်​တဲ့ အစားအ​သောက်​ကိုပဲ ထိန်းချုပ်​စားသုံးနည်းကို ကျင့်​သုံးတဲ့ သူ​တွေဟာ (၁၂)ပတ်​ကြာချိန်​မှာ ခန္ဓာကိုယ်​ မှာ ရှိ​နေတဲ့ အဆီ​တွေ အနက်​မှ အဆီ​(၁၄.၆)​ပေါင်​​ခန့်​လောင်​ကျွမ်းပါတယ်​။
နံပါတ်​(၂) ကို​ရွေးချယ်​ပြီး diet + cardio ကို လိုက်​နာ ​လေ့ကျင့်​တဲ့ သူ​တွေဟာ တစ်​ပတ်​မှာ (၃)ရက်​ကစားပြီး၊ကစားချိန်​ တစ်​ချိန်​လျင်​ မိနစ်​(၃၀)မှ(၅၀)အတွင်း၊ (၁၂)ပတ်​ကစားမယ်​ဆိုရင်​အဆီ (၁၅.၆)​ပေါင်​​ခန့်ေ​လာင်​ကျွမ်းပါတယ်​။နံပါတ်​(၁)နှင့်​ သိပ်​ပြီး မကွာခြားလှပါဘူး။
နံပါတ်​(၃)ဖြစ်​တဲ့ Diet + Cardio + Weights ကို​ရွေးချယ်​တဲ့ သူ​တွေဟာ တစ်​ပတ်​မှာ (၃)ရက်​ကစားပြီး၊ကစားချိန်​ တစ်​ချိန်​ကို မိနစ်​(၃၀)မှ(၅၀)အတွင်း၊ (၁၂)ပတ်​ကစားမယ်​ဆိုရင်​အဆီ (၂၁.၁)​ပေါင်​ခန့်​ ​လောင်​ကျွမ်း​သော​ကြောင့်​ အခြားနည်း​တွေထက်​ ၄၄%-၄၅% ပိုမို​လောင်​ကျွမ်းတာဖြစ်​တဲ့အတွက်​ အဆီချချင်​တဲ့ သူ​တွေအတွက်​ လက်​မလွှတ်​သင့်​တဲ့ နည်းလမ်းဖြစ်​ပါတယ်​။ဒါအပြင်​ weight training ပါတွဲ၍ ကစားရခြင်း​ကြောင့်​ အ​ရေပြား ​ပျော့တွဲခြင်းကိုလည်း မဖြစ်​​စေပဲ ကြွက်​သားများဖြင့်​ တင်းရင်းလှပ​စေပါသည်​။
Training program ကို​တော့ မိမိ၏ ခံနိုင်​ရည်​ သက်​လုံအ​ပေါ်မူတည်​ပြီး နည်းပြဖြင့်​ တိုင်​ပင်​၍ တစ်​ပတ်​လျင်​ ၄/၅ ရက်​ ​ရွေးချယ်​​လေ့ကျင့်နိုင်​ပါသည်​။Training program ကို​ရွေးချယ်​ရာတွင်​ compound exercise ​တွေကို​ အဓိကထား ​ရွေးချယ်​​လေ့ကျင့်​ရန်​လိုအပ်​ပါသည်​။
(၃) တိုးတက်​မှုကို ​စောင့်​ကြည့်​ အကဲဖြတ်​ခြင်း
------------------------------------------------------------
ဒီအဆင့်​ကလည်း မဖြစ်​မ​နေ သတိထားရမည့်​ အဆင့်​ဖြစ်​ပါတယ်​။တစ်ချို့ကစားသမားများဟာ ကစား​နေရုံမျှနှင့်​ လုံ​လောက်​ပြီဟု အယူအဆ မှားတတ်ကြပါတယ်​။
မိမိ၏ ရည်​မှန်းချက်​ target က ဘာလဲ ? ။ အဆီ ဘယ်​​လောက်​ချမှာလဲ ?။ တစ်​ပတ်​ကို ဘယ်​နှစ်​​ပေါင်​ ကျရမလဲ? စသည်​ဖြင့်​ အမြဲ မပြတ်​ ဂရုစိုက်​​နေရပါမယ်​။
အဆီချတဲ့အခါမှာ မိမိ၏ ကိုယ်​အ​လေးချိန်​ဟာ သိသိသာသာ ထိုးကျသွားတာဟာ သိပ်​မ​ကောင်းပါဘူး။(သိပ်​ပြီး ဝ တဲ့သူ​တွေဟာ စစခြင်းမှာ သိသိသာသာ ကျတတ်​​ပေမဲ့ ၂/၃ လ ဆက်​တိုက်​ကျ​နေရင်​​တော့ ဂရုပြုရပါလိမ့်​မယ်​။)အဆီ/ ဝိတ်​မကျပဲ တန့်​​နေရင်​လည်း မ​ကောင်းပြန်​ပါဘူး။ အဲဒီ​တော့ အ​ကောင်းဆုံး standard က အဆီ ဘယ်​လိုကျရမှာလဲ ဆိုတဲ့​မေးခွန်းက ဖြစ်​လာပြန်​ပါတယ်​။ သိပ္ပံနည်းကျ အဆီချ​တော့မယ်​ဆိုရင်​ တစ်​ပတ်​မှာ မိမိကိုယ်​အ​လေးချိန်​၏ 0.7% အဆီကျ​နေရပါ့မယ်​။အဲဒီလို ကျ​နေမှသာ မိမိ၏ ကြွက်​သား tissue  များဆုံးရုံးခြင်းမှ ကာကွယ်​နိုင်​မှာဖြစ်​ပါတယ်​။
ဥပမာ..​ပေါင်​ (၁၇၀) ရှိတဲ့ လူတစ်​​ယောက်​ဟာ တစ်​ပတ်​မှာ ကိုယ်​အ​လေးချိန်​၏ 0.7% အဆီကျရမယ်​ဆိုရင်​ (၁၇၀ × ၀.၇% = ၁.၂ ​ပေါင်​) ခန့်​ကျဖို့ လိုအပ်​ပါတယ်​။ တစ်​ပတ်​လျင်​ ၁.၂ ​ပေါင်​ခန့်​သာ ကျသင့်​ပါတယ်​။ ဤကဲ့သို့ အဆီကျဆင်းမှသာ ကြွက်​သားများ ဆုံးရှုံးခြင်း မရှိပဲ ရည်​မှန်းချက်​ ကို အ​ရောက်​သွားနိုင်​မှာဖြစ်​ပါတယ်​။
ဒါ​ကြောင့်​ မိမိ၏ တိုးတက်​မှု၊ ရပ်​တန့်​​နေမှု ​တွေကို အမြဲအပြတ်​ သတိထား​စောင့်​ကြည့်​ပြီး နည်းပြနှင့်​ ​ဆွေး​နွေး တိုင်​ပင်​ရန်​လိုအပ်​ပါတယ်​။
#အနှစ်​ချုပ်​အ​နေနှင့်
---------------------------
(၁) မိမိခန္ဓာကိုယ်​မှ အဆီ​တွေ ​လောင်​ကျွမ်းသွားရန်​လိုအပ်​ပါတယ်​။
- အဆီ​တွေ​လောင်​ကျွမ်းဖို့အတွက်​ဆိုရင်​၊ ခန္ဓာကိုယ်​မှ ခွန်​အားကို စိုက်​ထုတ်​ အသုံးပြုရသည့်​ မည်​သည့်​လှုပ်​ရှားမှု/ ​လေ့ကျင့်ခန်းကို မဆိုပြုလုပ်​ရန်​လိုအပ်​ပါသည်​။
ဥပမာ...​ဘောလုံးဝါသနာပါသူများအတွက်​ ​ဘောလုံးကန်​ရန်​လိုအပ်​ပါသည်​။ 
ရေကူး ဝါသနာပါသူများ ​ရေကူးရန်​လိုအပ်​ပါသည်​။
ပြေးခုန်​ပြစ်​ ဝါသနာပါသူများ ​ပြေးခုန်ြ​ပစ်​ ပြုလုပ်​ရန်​။
Zumba dance ဝါသနာပါသူများ Zumba ​လေ့ကျင့်​ခန်းပြုလုပ်​ရန်​လိုအပ်​ပါသည်​။ Cardio ဝါသနာပါသူလည်း ထိုနည်းလည်း​ကောင်းပါပဲ။
Weight lifiting ဝါသနာပါသူများလည်း မိမိဝါသနာပါရာကို ​လေ့ကျင့်​ရန်​လိုပါသည်​။
*တနည်းနည်းဖြင့်​ အဆီ/ကယ်​လိုရီ​လောင်​ကျွမ်းရန်​ ခွန်​အားကို စိုက်​ထုတ်​အသုံးပြုသည့်​မည်​သည့်​ လှုပ်​ရှားမှုမျိုးကိုမဆို ပြုလုပ်​ရန်လိုအပ်ပါသည်​​​။
(၂) Diet plan (သို့) ကယ်​လိုရီကို ထိန်းချုပ်​စားသုံးတတ်​ရန်​လိုအပ်​ပါသည်​။
မိမိတစ်​​နေ့တာတွင်​ စားသုံးလိုက်​သည့်​ အစားစာများတွင် ပါဝင်​​သော စုစု​ပေါင်း ကယ်​လိုရီထက်​ မိမိတစ်​​နေ့တာမှာ အသုံးပြုလိုက်/ အသုံးချလိုက်​တဲ့ စုစု​ပေါင်း ကယ်​လိုရီ (​နိစ္စဓူဝကိစ္စများ + ​လေ့ကျင့်​ခန်းပြုလုပ်​ချိန်​တွင်​ အသုံးပြုလိုက်​သည့်​ ကယ်​လိုရီ)က ပိုမိုများပြားနေရန်​လိုအပ်​ပါသည်​။ ဤကဲ့သို့ စားသုံးလိုက်​သည့်​ ကယ်​လိုရီ  ဟာ နည်းပါး​နေပြီး အသုံးချလိုက်​သည့်​ ကယ်​လိုရီကပိုမိုများပြား​သော​ကြောင့်​ ကယ်​လိုရီ balance အရ အသုံးချလိုက်​သည့်​အချိန်​တွင်​ လိုအပ်​သည့်​ ကယ်​လိုရီကို အဆီပို​တွေဆီမှ တဆင့်​ ရယူ ​လောင်​ကျွမ်းရ​သော​ကြောင့်​ အချိန်​ကြာလာသည်​နှင့်​ အမျှ အဆီများကျဆင်းလာခြင်းဖြစ်​ပါသည်​။
ဒါ​ကြောင့်​ six pack လိုချင်​ရင်​​တော့ အထက်​တွင်​ တင်​ပြခဲ့သည့်​ အဆင့်​(၃)ဆင့်​ကို စနစ်​တကျ အ​ကောင်​အထည်​​ဖော်​ လိုက်​နာပါက မိမိလိုချင်​ တမ်းတ မက်​​မောသည့်​ six pack ကို​တော့ အများသူငါ မြင်​သာ​အောင်​ အကြွားပိုပြီး လှစ်​ပြနိုင်​ပြီ​ပေါ့ဗျာ။
                Htinkyaw Wazi
  Olympia Fitness Centre (သုဝဏ္ဏ)
         MFTA Certified Trainer
Sunday, June 2, 2019
စကားပီ_နားကြား_ရှိတယ်မဟုတ်လား
တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း "အဘွား ဆရာတော်ကြီး... ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ" လို့ ခေါ်တော့ မိန်းကလေးက "တော်ပြီအဘွား" တဲ့။ "ဟဲ့၊ ဘာလို့တုန်း" လို့ တအံ့တသြ ပြန်မေးမိတော့ "ဘုန်းကြီးနဲ့ စကားမပြောတတ်လို့" တဲ့ ရယ်လို့။
ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ "သြော် ကလေးတွေ ဒီလို ဖြစ်နေပြီကိုး" လို့ အောက်မေ့ပြီး စိတ်မကောင်းမိတာပါ။ ဒီကလေးမက ဒီလိုပြောတော့ သူ့အစ်ကိုလုပ်သူက ရယ်နေပါတယ်။
အမေလည်း ဆရာတော်ကြီး ဆွမ်းကပ်ရင်းတန်းလန်းမို့ သမီးများနဲ့ စကားပြောနေကြဦး ဆိုပြီး ဆရာတော်ကြီးဆီ ပြန်ဝင်လာခဲ့တယ်။
ဆရာတော်ကြီး ပြန်ကြွသွားတော့မှ သူတို့မောင်နှမကို ခေါ်တွေ့တော့ အကြောင်းကိစ္စ ထူးထူးထွေထွေ မရှိပါဘူး၊ မန္တလေးရောက်ရင် အမေ့ကို ၀င်ဖြစ်အောင် ၀င်ကန်တော့ခဲ့၊ တွေ့ခဲ့။ မာကြောင်းသာကြောင်း မေးခဲ့၊ မ၀င်ဘဲမနေနဲ့လို့ သူတို့အဖိုးအဖွားများက မှာလိုက်လို့ ၀င်လာတာတဲ့။ ၀ယ်လာတဲ့ ကိတ်မုန့်တွေ၊ အဘွားစားဖို့ ယူလာရင်း ၀င်တွေ့ကြတာတဲ့လေ။
သူတို့ မိဘ၊ သူတို့ အဘိုးအဘွားက အမေနဲ့ ဦးလှတို့နဲ့ ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် မန္တလေးရောက်တဲ့အခါ အမေ့ကျန်းမာရေး သိရအောင် ၀င်တွေ့ကြဖို့ ဆက်ဆက် မှာလိုက်လို့တဲ့။
ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမက ဒေါက်ဖိနပ်အမြင့်ကလေးနဲ့။ ခုပေါ်နေတယ်ဆိုတဲ့ ပြန့်ထဘီကလေးနဲ့။ လက်ဝတ်လက်စားတွေကလည်း အမျိုးမျိုး ၀တ်စားထားရဲ့။ သူ့နှမက ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုတာကို ရယ်နေတဲ့အစ်ကို ကလည်း ရွှေချိန်းကြိုး အပြားကြီးနဲ့။ ဆယ်လူလာဖုံးကို လက်တဘက်ကကိုင်လို့။ ဘောင်းဘီနဲ့၊ ရှူးနဲ့။ အ၀တ်အစားတွေက ခေတ်စကားနဲ့ ပြောရရင် အပျံစားတွေပါပဲ။
သူတို့ မိဘများက ဒီခေတ်မှာ ရှာလို့ ဖွေလို့ နေရာကျနေ စီးပွါးဖြစ်နေကြတယ်။ သားနဲ့သမီး လျှောက်လည်ချင်တယ်ဆိုလို့ ကားအကောင်းစားကြီးတစီး ဒရိုင်ဘာတယောက် ထည့်လိုက်ပြီး ခရီးထွက်လာကြတာတဲ့။ ဒီမောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်တာကို အမေက မုဒိတာဖြစ်ပြီး မိတ်ဆွေများ အဆင်ပြေနေကြတာကိုလည်း ၀မ်းသာရတယ်။
ဒါပေမယ့် ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုး အဘွား တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊ သံဃာကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဒီကလေးမနဲ့ သူ့အစ်ကိုများခေတ်မှာ ဘုန်းကြီနဲ့ စကား မပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိတယ်။
အမေတို့ နိုင်ငံဟာ ဗုဒ္ဓဘာသာမြန်မာတွေ အများစုနေတဲ့နိုင်ငံ၊ ဒါပေမယ့် ဘာသာကွဲတဲ့ မြန်မာမွတ်စလင်တွေ၊ မြန်မာခရစ်ယန်တွေလည်း မြန်မာတွေနဲ့ ရောရောနှောနှော ရှိနေကြပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းတွေနဲ့လည်း ဒီဘာသာကွဲတွေက စကားပြောတတ် ဆိုတတ် ရှိကြပါတယ်။ ဈေးချိုတော်ထဲက မြန်မာမွတ်စလင် ဈေးသည်တွေများဆိုရင် ဘုန်းကြီးရဟန်းနဲ့ စကားပြောတတ်ရုံသာမက မြန်မာစကား တတ်လွန်းအားကြီးလို့ မြန်မာတွေက လက်ဖျားခါရ သူတွေ အများကြီးပါ။ တကယ်က ဒါဟာ လူမှုရေးပဲ။ လိမ္မာရမှာ ကျွမ်းကျင်ရမှာပေါ့။
အခုတော့ တချို့ အမေတို့ရဲ့ မြေးအရွယ် မြို့နေလူတန်းစား ကလေးတွေဟာ ဘုန်းကြီးရဟန်းအတွက်ဆိုရင် ထမင်းမခေါ်ရဘူး၊ ဆွမ်းခေါ်ရတယ် ဆိုတာလောက်တောင် မသိကြတော့ဘူး ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာမိကောင်းဖခင်ရဲ့ သားသမီးမှန်ရင် ရဟန်းသံဃာနဲ့လည်း စကားပြောတတ်ဆိုတတ် ရမှာပေါ့။ အမေတို့ လူမျိုးရဲ့ ကြွယ်ဝတဲ့ ဝေါဟာရယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူပြီး လူမှုရေးမှာ တတ်သိကျွမ်းဝင်ရမှာပေါ့။
စကားဆိုတာ လူနဲ့ လူချင်းဆက်ဆံရာမှာ မရှိမဖြစ် သုံးရတဲ့ဟာပါ။ အဲဒီလို ရှိရာမှာ စကားလုံး ဆင်းရဲတာ ကောင်းသလား၊ အဆင့်အတန်းမြင့်သလား၊ စကားလုံး ကြွယ်ဝတာက ကောင်းသလား၊ မြင့်သလားဆိုတာ မေးစရာတောင် မလိုတဲ့ကိစ္စ မဟုတ်လား။
အမေ လွယ်လွယ်ကလေးတခုကို ထောက်ပြမယ်။ အမေတို့ စကားဟာ တဦးနဲ့တဦး ဆက်ဆံကြရင် လုနဲ့ဝ၊ ယူနဲ့အိုင် ဆိုတဲ့ နှစ်လုံးတည်းရှိတဲ့ ဝေါဟာရမျိုး မဟုတ်ဘူး။
၁။ အရှင်ဘုရား တပည့်တော်
၂။ ရှင် ကျွန်မ
၃။ ခင်ဗျား ကျွန်တော်
၎။ တော် ကျုပ်
၅။ မွမ် အကျွန်
၆။ မင်း ငါ
၇။ နင် ငါ
၈။ ညည်း ငါ
စသဖြင့် တော်ရာ လျော်ရာသုံးရတဲ့ စကားတွေ အမျိုးမျိုး ရှိတယ်။ ဒါဟာ ဝေါဟာရ ကြွယ်ဝလို့ ဒီလို ရှိတာ။ ကိုယ့်စကားကို ရေလည်အောင် မပြောဆိုတတ်ဘူးဆိုတာ စတိုင်လုပ်စရာ မဟုတ်ဘူး။ ကိုယ်ညံ့လွန်းရာကျတယ်။ ငယ်ရွယ်သူတွေက ဂုဏ်ရှိတယ်ထင်ပြီး လည်း တို့ဘာသာစကားပေမယ့် တို့ကောင်းကောင်း မပြောတတ်ပါဘူးဆိုတာမျိုးနဲ့ စတိုင်လုပ်ပြီး မပြောရဘူး။ အဲဒါ စတိုင်ကျတာ မဟုတ်ဘူး။ ရှက်စရာကောင်းတာ။
သားတို့ သမီးတို့ကို အမေကမွေးလိုက်တော့ သားတို့ သမီးတို့ဟာ စကားပြီ နားကြားရှိတဲ့ ကလေးလေးအဖြစ် မွေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် လူ့အဖြစ်နဲ့ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မိဘက မွေးပေးလိုက်ပြီပဲ။ သားတို့သမီးတို့က လူပီသအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ သားတို့ သမီးတို့ တို့လူမျိုး တမျိုးသားလုံး ပြောဆိုသုံးစွဲနေကြတဲ့ စကားကို သားတို့ သမီးတို့ ပြောတတ်ရမှာပေါ့။ ခုခေတ်မှာ ကိုယ့်ဘာသာစကားအပြင် အခြားလူမျိုးတွေရဲ့ ဘာသာစကားတွေကိုတောင် တမျိုးမက နှစ်မျိုးသုံးမျိုး တတ်အောင် သင်နေကြရတဲ့ ခေတ်မဟုတ်လား။
ပြီးတော့ အမေတို့ လူ့အဆောက်အအုံက ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကြီးရင့်ပြီး အသက်ကြီးရင့်သူများကို တလေးတစား ရိုရိုသေသေ ပြောရတာ ရှိတယ်။ ကိုယ်နဲ့တန်းတူကို ပြောရတာ ရှိတယ်။ ကိုယ့်အောက်ငယ်ရွယ်နိမ့်ကျလို့ နှိမ့်ချ ပြောဆိုရတာ ရှိတယ်။ ဘုန်းကြီးရဟန်းကို တမျိုးတဖုံ သုံးနှုန်းပြောဆိုရတာ ရှိပါတယ်။ ဒါတွေဟာ နှုတ်မှုရေးရာလို့ ခေါ်ပါတယ်။ စကားကို နေသားတကျပြောတဲ့ အဆင့်မြင့်မြင့် လူ့အတတ်လေ။
ခုခေတ်လူငယ်တွေ ဘာသာခြား စကားများကိုလည်း တခုမက စွမ်းဆောင်နိုင် သလောက် တတ်အောင်သင်ကြ၊ သင်နိုင်ရင် ကောင်းတယ်။ ကိုယ့်စကားကိုလည်း ပြောတတ်အောင် ပြောကြ။ ကိုယ့်စကားမှ စုံလင်အောင်မသိဘဲ မတတ်ဘဲနဲ့တော့ ဘာသာခြားစကားကို သင်နေရင် အဓိပ္ပါယ်မရှိလှဘူး။
အမေတို့ အမေက သူ့သားသမီးတွေ နေသားတကျ ပြောဆိုတာမျိုး မလုပ်တတ်ဘူး ဆိုရင် "ဟဲ့၊ ငါမွေးထားတာ စကားပီနားကြားပဲ။ နင် ဒါလောက် ဖျင်းရသလား" လို့ စိတ်မရှည်နိုင်တော့ အပြစ်တင်ပါတယ်။
နားကလည်း အကောင်း၊ ဘာသံကိုမဆို အမှန်အတိုင်း ကြားတယ်။ လျှာတို့၊ လည်ချောင်းတို့၊ လျှာခင်တို့ ကလည်း အကောင်းမို့ ကြားတဲ့အသံကို ပီအောင် ကိုယ်က ပြန်ထွက်နိုင်တယ်။ ဒါဆိုရင် ပြောတတ်ဆိုတတ် ရှိရပြီပေါ့။ ကိုယ့်မှာ အင်္ဂါစုံပါရဲ့နဲ့ သူများနည်းတူ ပြောတတ်ဆိုတတ် မရှိဘူးဆိုတာမျိုးတော့ မဖြစ်စကောင်းဘူး။
ဒါကြောင့် သားတို့ သမီးတို့ "ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး" ဆိုတာမျိုး မဖြစ်ကြစေနဲ့နော်။
---------------
လူထုဒေါ်အမာ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၉၊ ၁၉၉၆ စက်တင်ဘာ။
Saturday, June 1, 2019
"စကားဝါပန်း စိုက်ပျိုးနည်း"
မြန်မာအမည်မှာ စကားဝါ ပန်းဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Golden (or) Yellow Chamka ၊ Yellow champak ဟုခေါ်သည်။ ရုက္ခဗေဒအမည်အားဖြင့် Michelia Champaca Linn ဟုခေါ်ပြီး မျိုးရင်းမှာ မလေးရှားကျွန်းဆွယ်ဒေသ ဖြစ်သည်။
အမျိုးအစားအားဖြင့် နှစ်မျိုးတွေ့ရသည်။
၁။Michelia acba မျိုး အဖြူရောင်ပွင့် (white flower)
၂။ Michelia Champaca မျိုးအဝါရောင်ပွင့် (mangeflower )
acba မျိုးသည် (tava) မျိုးဖြစ်သည်။ champae ဟုခေါ်ပြီး အမြဲစိမ်းလန်းသော အပူပိုင်းပင်အဖြစ် အသိအမှတ် ပြုကြသည်။ မက်ကနိုလီယားခေါ်သော magnolia အပင်နှင့် ဆင်တူ၏ ။ အဖြူရောင်အပွင့်များ ပွင့်သည်။ အပွင့်သည် ငါးစင်တီမီတာခန့်ရှိပြီး အရွက်သည် ၂၁ စင်တီမီတာ ခန့်ရှည်၍ ဘဲဥပုံအရွက်ရှိသည်။ Champaca (Himalayas) အား စံကားဝါ ဟုခေါ်သည်။ အင်္ဂလိပ်အားဖြင့် arrange champak သို့မဟုတ် fragrance champaca ခေါ်ကြသည်။ မြန်မာပြည်တောင်ပိုင်းဒေသများနှင့် မိုးများသောဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။
အပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးများဖြစ်သည်။ အကိုင်းအခက်များစွာ ဖြာထွက်ပြီး အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်ချောမွတ်ပြီး မီးခိုးရောင်ရှိသည်။ အတွင်းသားမှာ အသားပျော့မျိုးတွင် ပါဝင်သည်။ အရွက်သည် ဘဲဥပုံနှင့် လှံစွပ်ပုံရှိသည်။ ၈ - ၁၀ လက်မ ခန့် ရှည်ပြီး ရွက်ညှာ တစ်လက်မခန့် ထိ ရှိသည်။ ရွက်နု စဉ် အမွှေးနုများပါရှိပြီး ရင့်လာသောအခါ ပြောင်ချော၍ ရွက်နားများ ညီညာလာသည်။
အပွင့်သည် ရွက်ညှာနားမှကပ်၍ တစ်ပွင့်ချင်းပွင့်သည်။ အပွင့်မှာ လိမ္မော်ရောင်၊ အဝါပျော့ရောင်နှင့် အဖြူရောင် များရှိသည်။ အလွန်မွှေးကြိုင်ပြီးပွင့်ဖတ်သည် ၂ - ၃ လက်မခန့် ရှိသည်။ သေးငယ်သော ဝတ်ဆံများရှိပြီး ပွင့်ညှာတိုသည်။ ၎င်းသည် ဧပြီလ၊ မေလ များတွင် လှိုင်လှိုင်ပွင့်သည်။ အသီးသည် ၁ - ၂ လက်မ ထိရှည်ကာ အခိုင်လိုက်သီးပြီး အညိုရောင်အစေ့များ ရှိသည်။ ၎င်းသည် ဝါခေါင်၊ တော်သလင်းလများတွင် အသီးစတင် ရရှိ နိုင်သည်။
မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီကြိုက်ပင် ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုး နိုင်သည်။ ရေဝပ်ဒဏ် မခံနိုင်ချေ။
အစေ့မှ အများအပြား ပျိုးထောင်စိုက်ပျိုးကြသည်။ ထို့ကြောင့် မျိုးစေ့များ ပျိုးထောင်နိုင်ရန် ၃၀ ပေ ပျိုးဘောင် များ ပြုလုပ်ပျိုးထောင်ကြသည်။ ပျိုးထောင်မည့်နေရာ ရွေးချယ်ရာတွင် နံနက်နေရောင်ခြည်ရပြီး ညနေတွင် နေရောင် တိုက်ရိုက်မကျသည့် နေရာကို ရွေးချယ်ရသည်။ ပျိုးထောင်မည့်နေရာသတ်မှတ်ပြီးလျှင် ၉ လက်မထိ ဘောင်ခတ်၍ လည်းကောင်း၊ မြေဆွေးနှစ်ဆကို သဲတစ်ဆနှင့် ရောပြီး ဆန်ခါချကာ မြေထည့်ပေးရသည်။ နွားချေးခြောက်အနည်းငယ် ဆန်ခါချပြီး အနည်းငယ်ထည့်ပေးက ပိုမိုကောင်းမွန်သည်။
စံကားဝါစေ့များအား ၉ x ၉ လက်မခြား၍ ပျိုးထောင်ရသည်။ ၎င်းကို ၁.၅ လက်မထိ မြေတွင် မြှုပ်၍ စိုက်ပျိုး ရသည်။ ပျိုးခင်နေပူပါက အမိုးမိုးပေးရန်လိုပြီး ရေမှန်မှန်လောင်းပေးရသည်။ တစ်ပတ်ခန့်ကြာလျှင် မျိုးစေ့မှ အပင်ငယ်ပေါက်မည်ဖြစ်သည်။ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်နိုင်သည်။ အသီးများကို ဝါဆို၊ ဝါခေါင်လ မှသာ ရရှိ၍ ၎င်းတို့ကို ပျိုးထောင်ပြီး ကျည်တောက်၊ ပျိုးအိုးများဖြင့် ပြောင်းရွှေ့ပျိုးထောင်ပြုစုထားကာ မိုးဦး ကျမှချစိုက်ပါက အပင်ဖြစ်လွယ်ပြီး စိုက်ခင်းတွင် သေပျောက်မှုနည်းသည်။ စံကားဝါများကို ပျိုးထောင်ပြီးမှ စိုက်ပျိုးသင့်သည်။ တစ်ပင်နှင့် တစ်ပင် ၂၅ x ၂၅ ပေ ခြား၍ စိုက်ပျိုးသင့်သည်။ နေရာသတ်မှတ်ပြီးပါက ၃ x ၃ x ၃ ပေ ပတ်လည် ကျင်းများတူးပေးရသည်။ ၎င်းကျင်းထဲသို့ နွားချေး တစ်ပြည်၊၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံ တူးထားသော မြေသားကို ဖယ်ပြီး အောက်ခံမြေနှင့် သမစေရန် ရောစပ်ပြီး ကျင်းကို လိပ်ခွံသဏ္ဌာန် မို့နေစေရန် ဖို့၍ ပြုပြင်ထားသည်။ ၂၅ x ၂၅ ပေ စိုက်ပါက ၆၉ ပင် စိုက်ရမည်ဖြစ်ပြီး ၃၀ x ၃၀ ပေ အကွာအဝေးထား စိုက်ပါက ၄၈ ပင် ခန့် ဝင်မည်ဖြစ်သည်။ အထက်ပါ ပျိုးထောင်ထားသော ပျိုးပင်များ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ အရွက်လေးရွက်မှ ခြောက်ရွက်ထွက်ချိန်တွင် ပျိုးပင်များကို အမြစ်မနာစေရန် သေချာစွာ နုတ်ပြီးလျှင် မြေပြုပြင်ထားသော ကျင်းတွင် သေချာစွာစိုက်ပျိုးရသည်။ ပျိုးပင်များ လေတိုက်ခြင်းမှ ကာကွယ်နိုင်ရန် တိုင်ထောင်၍ကြိုးချည်ပြီး စိုက်ပျိုးပါက ပိုမိုကောင်းမွန်သည်။
မိုးရာသီ၌ ဇွန်၊ ဇူလိုင်လများတွင် မြေချစိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ အနည်းအကျဉ်း စိုက်ပျိုးလိုသူများ အတွက် ကျင်းကိုသေချာစွာ ပြုပြင်စိုက်ပျိုးပြီး ရေလောင်းပေးခြင်းပြုလုပ်ပေးပါက အချိန်မရွေးစိုက်ပျိုးနိုင်သည်။
မြေဩဇာကျွေးခြင်းကို တစ်နှစ်လျှင် မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် ကျွေးသင့်ပါသည်။ NPK အချိုးကို ၁: ၂: ၁ ရောစပ်၍ ပထမနှစ်သားတွင် လေးအောင်စနှုန်း၊ ဒုတိယနှစ်သားတွင် ရှစ်အောင်စနှုန်း၊ တတိယနှစ်သားတွင် တစ်ပေါင်နှုန်း ကျွေးပြီး လေးနှစ်သားမှစ၍ တစ်ပင်လျှင် လေးပေါင်နှုန်းကျွေးသင့်ပါသည်။ မြေဩဇာကျွေးရာတွင် အပင်သက်တမ်း၊ အရွယ်အစားအလိုက်၊ အကွာအဝေး အလိုက် နှစ်ပေမှ ခြောက်ပေ ထား၍ မြေကျင်းတူးပြီး ဘေးမှ မြေဩဇာများချကျွေးရသည်။
ဒုတိယနှစ်သားအထိ နွေရာသီတွင် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးသင့်သည် ။ အပင်ကြီးလာပါက ရေးပေးရန် မလိုပါ။အပင်ခြေရင်းတွင် ရေမဝပ်စေရန် ဂရုစိုက်ရမည်။
နှစ်နှစ်သားမှစ၍ ကိုင်းခြောက်၊ ကိုင်းပိုများကို ပြုပြင်ညှပ်ပေး၍ ပြုပြင်ရသည်။ နွေရာသီတွင် နေပူဒဏ်ခံနိုင်ရန် နှစ်စဉ် နိုဝင်ဘာလတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် မြက်ခြောက်အုပ်ခြင်းပြုလုပ်ပေးရသည်။
တစ်နှစ်သား နှင့် နှစ်နှစ်သား ကိုင်းတက် လက်သန်းခန့်ရှိ ဖြောင့်တန်းချောမွေ့သည့် ကိုင်းဖျားများကို ရွေးချယ်၍ မြေထုပ်စည်းနည်းဖြင့် ကိုင်းပွားယူနိုင်သည်။
ကိုင်းတက်နှင့် လက်သန်းခန့်ရှိကိုင်းများကို မိုးဦးကာလတွင် ပြုပြင်ထားသောကျင်း၌ လည်းကောင်း၊ ကျင်းတူး၍ လည်းကောင်း ကိုင်းထိုးစိုက်ပျိုးပါက လွယ်ကူစွာ အပင်ဖြစ်သည်ကို တွေ့ရသည်။
စံကားဝါတစ်ပင်လျှင် ပျမ်းမျှအပွင့် ၁၀၀၀-၁၅၀၀ ခန့်ရရှိပါမည်။ တစ်ဧက ၆၉ ပင်နှုန်းစိုက်ထားပါက ပျမ်းမျှ ၆၉၀၀၀ခန့် ထွက်ရှိမည် ဖြစ်ပါသည်။ စံကားဝါသည် သက်တမ်း ၈၀ ခန့်ထိရှိသည့်အပင်ကြီးများ တွေ့ရှိရာ တစ်ပင်လျှင် အပွင့်ပေါင်း ၄၀၀၀ ခန့်ထိ ပွင့်သည်ကို တွေ့ရသည်။
မြန်မာဆေးကျမ်းအလိုရ စံကားဝါအပွင့်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါသည်။ ၎င်းသည် ချိုဖန်သောအရသာ ရှိသည်။ အေးသော ဂုဏ်သတ္တိရှိသည်။ သုတ်ကိုပွားသည်။ နှလုံးကို အကျိုးပြုစေ သည်။ သလိပ်ကို နိုင်စေသည်။ သွေးအန်၊ သွေးကျ ၊ ဆီးအောင့်၊ နူနာ၊ အဆိပ်နှင့် ယားနာခြင်း၊ အနာစိမ်း ပေါက်ခြင်းတို့ကို ပျောက်စေသည်ဟု ဆိုပါသည်။
ပုပ္ပါးနှင့် ကျောက်ပန်းတောင်းတွင် ပုလင်းထဲသို့ စံကားဝါပန်းများအား ကျောက်ချဉ်ရည် စိမ်၍ လေလုံ ပုလင်းများ ဖြင့် ရောင်းချသည်ကို တွေ့ရသည်။
 Credit: ကိုရဲ (စိုက်ပျိုးရေး)