Tuesday, March 5, 2019

သတ်၍မကုန်သော ပိုးများ


ပါမောက္ခ သန်းသန်အေး
------------------------
ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေမှာ ပိုးဝင်လွယ်တာ အများသိကြပြီး ဖြစ်ပါတယ်။ ပိုးဝင်တာ အများဆုံးဖြစ်တဲ့ အင်္ဂါအစိတ်အပိုင်းကတော့ ဆီးလမ်းကြောင်းမှာ ဖြစ်ပါတယ်။ တခြားအဖြစ် များတဲ့ ပိုးဝင်တာတွေကတော့ အရေပြားပိုးဝင်ပြီး အနာစိမ်းပေါက်တာ၊ ခြေထောက် ပိုးဝင်နာ ဖြစ်တာ၊ အဆုတ်ရောင်ပြီး ပိုးဝင်တာ၊ အဆုတ်တီဘီပိုးဝင်တာ၊ သည်းခြေအိတ်ရောင်ပြီး ပြည်တည်တာ စသဖြင့် နေရာအနှံ့မှာ ပိုးဝင်တတ်တာတွေပဲ ဖြစ်ကြပါတယ်။
ပိုးဝင်တာချင်း တူရင်တောင် ဆီးချိုသွေးချိုရောဂါရှိသူတွေက ပိုပြီး ဆိုးရွားတတ်ပါတယ်။ ပျောက်ဖို့ ပိုကြာတတ်ပါတယ်။ အသေအပျောက်နှုန်းလည်း ပိုများတတ်ကြပါတယ်။ ဒါကြောင့် ပိုးဝင်တာလေးပဲ၊ ဖျားတာလေးပဲလို့ထင်ပြီး မပေါ့ဖို့ အသိပေးလိုပါတယ်။

ဘာကြောင့် ပိုးဝင်လွယ်ရသလဲဆိုတော့ သွေးတွင်းအချိုဓာတ်တွေ မြင့်နေလို့ပါပဲ။ သွေးချိုများရင် ခန္ဓာကိုယ်ရဲ့ Immune System လို့ ခေါ်တဲ့ ခုခံအားစနစ်တွေ ပုံမှန်အလုပ် မလုပ်နိုင်တော့ပါဘူး။ ပိုးတွေကို ဝါးမျိုပြီး ဖျက်ဆီးပစ်ရမယ့် သွေးဖြူဥတွေကလည်း လေးလံထိုင်းမှိုင်းနေသလို ပိုးတွေကို မြန်မြန်ထက်ထက် ထိရောက်အောင် မဖျက်ဆီးနိုင်တော့ပါဘူး။ ဒါကြောင့် ပိုးပွားနှုန်းက သတ်ပစ်နိုင်တဲ့နှုန်းထက် များနေပါတယ်။

အချိုဓာတ်ဟာ ဘက်တီးရီးယားပိုးတွေ ပွားများတာကို အားပေးတဲ့ ပိုးအစာတွေပဲဖြစ်လို့ အချိုများရင် ပိုးပွားနှုန်းလည်း ပိုများမှာဖြစ်ပါတယ်။


• အဆုတ်ရောင် ပိုးဝင်ခြင်း
 ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေမှာ တုပ်ကွေးပိုးနဲ့ နမိုးနီးယားပိုးဝင်တာက သာမန် ကျန်းမာသူတွေနဲ့စာရင် ခြောက်ဆပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတိုင်း တုပ်ကွေးကာကွယ်ဆေး (Influenza Vaccine) ကို တစ်နှစ်မှာ တစ်ကြိမ်ထိုးသင့်ပါတယ်။ Pneumococcal Vaccine နမိုးနီးယား အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးကိုတော့ ပထမ တစ်ကြိမ်နဲ့ နှစ်လအကြာမှာ ဒုတိယတစ်ကြိမ် ထိုးလိုက်ရင် ပြန်ထိုးစရာမလိုတော့ဘဲ အမြဲကာကွယ်ပြီးဖြစ်ပါမယ်။ အများကြီး အကျိုးရှိပါတယ်။

• တီဘီရောဂါနှင့် ဆီးချိုရောဂါ
တီဘီရောဂါဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်ခဲ့ရင်လည်း ပိုပြီး ပျံ့နှံ့ လွယ်ပါတယ်။ သူတို့တွေမှာ ဆေးယဉ်ပါးတဲ့ တီဘီပိုးတွေ ပိုတွေ့ရပါတယ်။ တီဘီဖြစ်လာရင် ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းရ ပိုခက်လာပါတယ်။ သွေးတွင်းအချိုဓာတ် ပိုမြင့်လာပါတယ်။ တီဘီရောဂါ သက်သာသွားရင် သွေးတွင်းအချိုဓာတ်ကို ပိုပြီး ထိန်းရလွယ်သွားပါတယ်။ အပြန်အလှန် သက်ရောက်မှုကလည်း တစ်ဖန် သွေးချိုများရင် တီဘီကုလို့ မပျောက်ချင်ပါဘူး။ သာမန် လူတွေထက် ဆေးကို ပိုတာရှည်ပေးရတဲ့အခါ ရှိတတ်ပါတယ်။ ဒီကြားထဲ ဆေးယဉ်ပါးတဲ့ တီဘီပိုးတွေ ဖြစ်လာရင်တော့ ပျောက်ဖို့ အလွန်ခဲယဉ်းသွားပါတယ်။ ခြုံပြီးပြောရရင်တော့ သွေးချိုနဲ့ တီဘီ အချင်းချင်း အပြန်အလှန် သက်ရောက်မှုရှိနေကြလို့ ဒီစက်ဝိုင်းကို ထိရောက်အောင် ဖြတ်ပစ်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် တီဘီလည်းဖြစ်၊ ဆီးချိုကလည်းတက်နေရင် အင်ဆူလင်ဆေး ထိုးတာကသာ အကောင်းဆုံး ကုထုံး၊ အအောင်မြင်နိုင်ဆုံး ကုထုံးဖြစ်ပါတယ်။ တီဘီရောဂါ ပျောက်သွားလို့ ဆီးချိုလည်း ကျသွားမှ စားဆေးကို ပြန်ပြောင်းလို့ ရပါတယ်။

• အသည်းနှင့် အစာအိမ်၊ အူလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးချိုရောဂါရှိသူတွေမှာ အစာအိမ်ရောင်တဲ့ ပိုး (H. pylori) ပိုဖြစ်တယ်လို့လည်း တချို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ဒါပေမဲ့ အစာအိမ်ပိုးက သာမန်လူတွေအတော်များများမှာလည်း တွေ့နေရတာမို့ ဆီးချိုလူနာတွေမှာပဲ အထူးတလည် ပိုဖြစ်တယ်လို့ ပြောလို့မရပြန်ပါဘူး။ သည်းခြေအိတ်ရောင်တာ၊ ပြည်ဖြစ်တာလည်း အဖြစ်များပါတယ်။ သည်းခြေကျောက်ဖြစ်ပြီး သည်းခြေလမ်းကြောင်း ပိတ်ရင်လည်း အသားဝါ၊ အသည်းရောင်ပြီး ချမ်းတုန်ဖျားတတ်ပါတယ်။ သွေးချိုထိန်းတာ မကောင်းလို့ ဒီလိုရောဂါတွေဖြစ်လာရင် ပိုပြီးအသက်အန္တရာယ်နီးပါတယ်။

အသည်းရောင် အသားဝါ စီပိုးကလည်း အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အပြန်အလှန် ဆက်စပ်မှု ရှိကြပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ စီးပိုးရှိတာ ပိုတွေ့ရပြီး စီးပိုးရှိတဲ့ သူတွေမှာလည်း ဆီးချိုရောဂါပိုဖြစ်ပါတယ်။ စီပိုးရှိတဲ့ ဆီးချိုလူနာတွေမှာ ဆီးချိုထိန်းသိမ်းရတာ ပိုခက်ခဲတတ်ပါတယ်။

စီပိုးရှိတဲ့သူ ဆီးချိုရောဂါရှိရင်လည်း အသည်းခြောက်တာ ပိုမြန်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အားလုံးကို ကျန်းမာရေး စစ်ဆေးတဲ့အခါ စီးပိုး ရှိ၊ မရှိ ဆိုတာ ထည့်ပြီး စစ်ဖို့ အရေးကြီးပါတယ်။

ဘီပိုးဖြစ်နှုန်းကတော့ ဆီးချိုရောဂါ မရှိတဲ့သူတွေနဲ့ တန်းတူဖြစ်ကြပါတယ်။ ဘီပိုးရှိလို့ ဆီးချိုသွေးချိုရောဂါကို ပိုဆိုးစေတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ရောဂါနှစ်ခုပေါင်းပြီး ဖြစ်လာမယ့် ဆိုးကျိုးတွေကတော့ ရှိတတ်ပါတယ်။ ဆီးချိုရောဂါနဲ့ ဘီပိုးတွဲဖြစ်ရင် အသည်းခြောက်တာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီပိုးကိုလည်း ထည့်ပြီးစစ်ရပါမယ်။ ဆီးချိုကို ဖောက်စစ်ရာမှာ ဘီပိုးရှိသူကို ဖောက်ထားတဲ့ အပ်ကို တစ်ခြားတစ်ဦးကို မဖောက်မိစေရန် သတိထားဖို့ လိုပါတယ်။ သွေးဖောက်တဲ့ အပ်ကိုမလဲဘဲ တခြားတစ်ဦးကို လုံးဝမဖောက်ရပါဘူး။


• အရေပြား ပိုးဝင်ခြင်း
 ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အရေပြားနဲ့ အရေပြားအောက်ရှိ အသားတွေမှာ ပိုးဝင်ဖို့ အလွန်လွယ်ကူပါတယ်။ အနာစိမ်းပေါက်တာ၊ ပြည်ဖုထွက်တာ၊ အနာ့ပဆုပ် (Carbuncle) ဖြစ်တာ၊ မှိုရောဂါစွဲတာ (ဥပမာ- မိန်းမကိုယ်)၊ ပွေးပေါက်တာ စသဖြင့် အရေပြားမှာ ပိုးမျိုးစုံ ဝင်တတ်ပါတယ်။ ဒီလိုအနာတွေပေါက်ရင် ဆီးချိုသွေးချိုကို စစ်ကြည့်ဖို့ အလွန်အရေး ကြီးပါတယ်။
ခြေထောက်ထုံနေလို့ စူးရှပွန်းပဲ့သွားမိရင်လည်း ပိုးဝင်ပြီး အနာသေးသေးကနေ အနာကြီးကြီးတွေ ဖြစ်သွားတတ်တာက ပိုးတွေကြောင့်ပါပဲ။

• ဆီးပိုးဝင်ခြင်း
ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကတော့ အဖြစ်အများဆုံးနဲ့ ပြဿနာအကြီးဆုံးတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကို မပြောပြခင် ဆီးလမ်းကြောင်းနဲ့ ဆီး ဘယ်လို ပေါက်သလဲဆိုတဲ့အကြောင်းကို ဦးစွာရှင်းပြပါမယ်။
ဆီးကို ကျောက်ကပ်ထဲမှာ ပြုလုပ်ပြီးနောက် Ureter လို့ခေါ်တဲ့ ဆီးပြွန်ကတစ်ဆင့် ဆီးအိမ် (Urinary Bladder) ထဲကို စီးဆင်းပါတယ်။

ဆီးအိမ်ထဲမှာ ဆီးတွေ စုဆောင်းထားပြီး ပြင်ပကို ဆီးပေါက်တဲ့ လမ်းကြောင်း (Urethra) ကတစ်ဆင့် စွန့်ထုတ်တဲ့နည်းနဲ့ ဆီးပေါက်ပေးရပါတယ်။ ဆီးများလာလို့ ဆီးအိမ်ပြည့်တင်းလာရင် ဆီးသွားချင်တဲ့ ဆန္ဒဖြစ်ပေါ်လာလို့ ဆီးသွားလိုက်ကြပါတယ်။ ဆီးတွေဟာ ကျောက်ကပ်ကတဆင့် ဆီးအိမ်၊ ဆီးအိမ်ကနေ ပြင်ပကိုသာ တစ်ဖက်သတ်သာ စီးဆင်းရမှာဖြစ်ပြီး အောက်ဘက်ရှိ ဆီးအိမ်မှာရှိတဲ့ ဆီးတွေဟာ ကျောက်ကပ်ရှိရာ အထက်ဘက်ကို ဆန်တက်တာ မရှိရပါဘူး။

ဆီးအိမ်ရဲ့ထွက်ပေါက် အဝမှာ ဆီးထွက်မကျအောင် တံခါးပိတ်ထားသလို လုပ်ဆောင်ရတဲ့ ရှုံ့ကြွက်သားလေးတွေ ရှိပါတယ်။ ဆီးသွားတဲ့အခါ ရှုံ့ကြွက်သားလေးတွေကို ဖြေလျှော့လိုက်ပြီး အပေါက်ဖွင့်ပေးသလို ဆောင်ရွက်ရပြီး ဆီးအိမ်ကြွက်သားကို ကြုံ့လိုက်ကာ ညှစ်ထုတ်လိုက်မှသာ ဆီးအိမ်ထဲက ဆီးတွေအားလုံး ကုန်စင်အောင် ပေါက်ထုတ်လို့ ရပါတယ်။ ဒါတွေကို ပုံမှန်ဆောင်ရွက်ပေးတာကတော့ အာရုံကြောတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်ကြွက်သားတွေကို ထိန်းပေးထားတဲ့ နာ့ဗ်အာရုံကြော (Nerve) တွေ ပျက်စီးပြီး ပုံမှန်အလုပ်မလုပ်နိုင်ရင် ဆီးသွားရာမှာ အခက်အခဲ များစွာရှိလာတတ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ ဆီးအိမ်ရဲ့ အာရုံကြောတွေ ထုံထိုင်းပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ ဆီးအိမ်ရောဂါ (Autonomic Bladder)ရဲ့ ရောဂါ လက္ခဏာတွေကို ဆက်ပြီးရှင်းပြလိုပါတယ်။ ဒီလို ဆီးအိမ်ရောဂါဖြစ်လာရင် ဆီးသွားချင်မှန်း သိပ်မသိတော့လို့ ဆီးအိမ်ပြည့်နေတာတောင် အချိန်အကြာကြီးမသွားဘဲ နေမိတတ်ပါတယ်။ ဆီးသွားတဲ့အခါမှာလည်း ဆီးအိမ်အပေါက် ကောင်းကောင်းမပွင့်တာက တစ်ကြောင်း၊ ဆီးအိမ်ရဲ့ ကြွက်သားတွေကလည်း ညှစ်အားနည်းနေတာက တစ်ကြောင်းကြောင့် ဆီးစသွားစဉ်မှာ အားစိုက်ပြီး ညှစ်မှသွားလို့ရပါတယ်။ အချိန်ဆိုင်းပြီးမှ ဆီးစထွက်ပါတယ်။ အဲ့ဒီအချိန်မှာ ဆီးအရှိန်လည်း အားပျော့ပြီး တချို့လူတွေမှာ ဆီးတစ်စက်ချင်းကျတာ၊ ဆီးကုန်စင်အောင်မထွက်လို့ ဆီးအိမ်မှာ ဆီးဟောင်းတွေ အမြဲကျန်နေတာ ဆီးကျန်တော့ ချက်ချင်းပြန်ပြည့်လာလို့ ပြန်သွားချင်ပြန်တယ်။ ဆီးခဏခဏသွားရတော့ ညအိပ်ရေးပျက်တာ၊ ဆီးအိမ်မှာ ဆီးပြည့်လျှံနေပေမဲ့ ဆီးသွားချင်တဲ့ ဆန္ဒမပေါ်လို့ ဒီတိုင်းနေမိရင်လည်း ဆီးတွေလျှံကျတာ၊ ဆီးပေါက်ချမိတာ၊ ဆီးမလုံတာ စတဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

ဒါကို လူနာရှင်တွေ အနေနဲ့ ဆီးရွှင်ပြီး ဆီးအားကောင်းလို့ ပေါက်ချတာလို့ ထင်မိတတ်ကြပါတယ်။ ဆီးအိမ်ရောဂါရှိသူတွေရဲ့ ဆီးအိမ်မှာ ဆီးကျန်တာကြောင့် ပိုးရှိနေတဲ့ ဆီးဟောင်းတွေကို အချိန်မှန်မှန် မစွန့်ထုတ်ဘဲ သိုလှောင်ထားလို့ ပိုးပွားလာစေဖို့ အခွင့်အရေး ပေးထားသလို ဖြစ်လာပါတယ်။ အားစိုက်ညှစ်လိုက်တဲ့အခါ ဆီးအိမ်က ဆီးတွေဟာ ပြင်ပကိုထွက်ရမယ့်အစား ဆီးပြွန် (Ureter) လမ်းကြောင်းကတစ်ဆင့် အပေါ်ကိုပြန် ဆန်တက်ပြီး ကျောက်ကပ်ထဲကို ပိုးတွေ ရောက်ရှိသွားစေနိုင်ပါတယ်။ ပိုးတွေဟာ ဆီးအိမ်ထဲမှာပဲ ရှိနေစဉ် ဖျားလေ့မရှိဘဲ ဆီးလမ်းကြောင်း အထက်ပိုင်းကို ပိုးတွေရောက်ရှိမှသာ ဖျားတတ်ပါတယ်။ ကျောက်ကပ်ရှိ သွေးကြောတွေကတစ်ဆင့် သွေးထဲကို ပိုးတွေဝင်လာတာနဲ့ ချမ်းတုန်ပြီး ဖျားလာတတ်ပါတယ်။ ဆီးထဲက အချိုဓာတ်တွေက ပိုးတွေရဲ့ အစာလိုဖြစ်တာကြောင့် ပိုးတွေပွားနှုန်း ပိုပြီး မြန်စေပါတယ်။

ပိုးတွေ သွေးကြောထဲဝင်လာရင် ပိုးဆိပ်ပြန့်ပြီး အဖျားကြီးမယ်၊ သွေးပေါင်ကျမယ်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ ဦးနှောက်တွေမှာ ပြဿနာဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းပေါင်းများစွာ ပြိုင်တူပျက်စီးတာ (Multiorgan Failure) ကို ဖြစ်စေတတ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းလို့ အမြန်ဆုံးထိရောက်အောင် အထူးကြပ်မတ်ခန်းမှာ ကုသနိုင်မှသာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ဆီးပိုးလေးကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


• သတ်၍ မကုန်နိုင်သော ပိုးများ
 ဆီးပိုးဝင်တာက လူတိုင်းမှာ ဖြစ်နိုင်ပေမဲ့ အမျိုးသားတွေနဲ့စာရင် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ အထူးသဖြင့် ပိုပြီး ဖြစ်တတ်ပါတယ်။ ဆီးပိုးဝင်တာက အများအားဖြင့် သင့်တော်တဲ့ ပိုးသတ်ဆေးပေးလိုက်ရင် ပျောက်သွားကြတာ များပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အကြိမ်ကြိမ်အခါခါ ပြန်ပြီး ဖြစ်တတ်တာရှိပါတယ်။

အခါခါ ပိုးပြန်ဝင်တာကတော့ အခြေခံအကြောင်းရင်းတွေ ရှိလို့ပါပဲ။ ဆီးလမ်းကြောင်းတွေ ပိတ်ဆို့နေတာ (ဥပမာ-ဆီးကျောက်တည်တာ၊ ဆီးအိမ်အာရုံကြောမကောင်းလို့ ဆီးအိမ်မှာ ဆီးကျန်တာ၊ သွေးတွင်းအချိုဓာတ် အလွန်များတာတို့ကြောင့် ဆီးပိုးခဏခဏ ပြန်ဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဆီးကျန်နေရင် ဆီးပိုးတွေ အမြဲတမ်းမွေးထားပြီး ဖြန့်ဖြူးပေးနေတဲ့ “ပိုး” ပင်ရင်းဌာန တစ်ခုလို ဖြစ်နေပါတယ်။ ဒီပိုးတွေ သွေးထဲ ဝင်ရောက်လာရင် ဖျားမယ်၊ ဖျားလို့ ပဋိဇိဝ ပိုးသတ်ဆေး ပေးလိုက်ရင် ပိုးလျော့သွားပြီး အဖျားကျမယ်၊ ပိုးတွေဖြန့်ဖြူးရာဌာနက ပိုးထပ်ဖြန့် လိုက်ရင် ပြန်ဖျားမယ်၊ ဒီလိုနဲ့ သံသရာမဆုံးနိုင်တဲ့ ပိုးတွေ၊ သတ်လို့မကုန်နိုင်တော့တဲ့ ပိုးတွေဖြစ်လာပါမယ်။ ဒီ့ထက်ပိုးဆိုးတာကတော့ ပိုးတွေဟာ ပဋိဇိဝပိုးသတ်ဆေးနဲ့ ထိတွေ့ပြီးရင် ခံနိုင်ရည် ပိုရှိလာပြီး ပိုပြင်းလာတတ်ပါတယ်။ နောက်တစ်ကြိမ် ဒီပိုးသတ်ဆေး ပြန်သုံးလို့ရှိရင် မကြောက်တော့ဘဲ တော်တော်နဲ့ အဖျားလည်း မကျနိုင်တော့ပါဘူး။
သတ်လို့မကုန်နိုင်တဲ့ ပိုးကြောင့် ဒုက္ခရောက်နေရတဲ့ လူနာတစ်ဦးရဲ့ အကြောင်းလေးကို ဖော်ပြလိုပါတယ်။

အသက် ၆၈ နှစ်အရွယ် ဒေါ်မြကို သမီးဖြစ်သူမနီလာက ကျွန်မထံ ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်မြက ဆီးချိုရောဂါဖြစ်တဲ့ သက်တမ်း ၁၅နှစ်လောက် ရှိနေလို့ ထုံကျဉ်တာ၊ လေနည်းနည်း ဖြန်းဖူးတာနဲ့ နှလုံးသွေးကြော ကျဉ်းနေတာတွေပါ ရှိနေတာမို့ ဆေးခန်း၊ ဆေးရုံတွေနဲ့ မပြတ်ပါ ဘူး။ သွေးချိုက အမြဲများနေပြီး အချိုဓာတ်အတွက် စားဆေးသုံးမျိုးစလုံး ပေးထားတာတောင် သွေးချိုထပ်ချလို့ မကျနိုင်တော့တဲ့ အဆင့်ကို ရောက်နေသူပဲ ဖြစ်ပါတယ်။ အင်ဆူလင်ပြောင်းထိုးဖို့ အချိန်ကျရောက်ခဲ့တာ တစ်နှစ်မကတော့ပါဘူး။ ဒါပေမဲ့ အင်ဆူလင်ထိုးရမှာကို ကြောက်နေတဲ့ သူတွေထဲမှာပါလို့ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေခဲ့တဲ့ အဒေါ်ကြီးပဲ ဖြစ်ပါတယ်။
“ဆရာမရေ . . အမေ ချမ်းတုံပြီး အဖျားတက်နေပြန်ပြီ၊ အဖျားကြီးပြီး အားကုန်သလိုဖြစ်နေလို့ အရမ်းမှိန်းနေတယ်” လို့ မနီလာက ပြောပြပါတယ်။
“ဟင် . . ဖျားပြန်ပြီလား၊ အရင်က ဆီးပိုးဝင်ပြီး ဖျားတာ နှစ်ခါ-သုံးခါ မကတော့ဘူးထင်တယ်၊  ဆီးပိုးကြောင့် ပြန်ဖျားတာပဲ ဖြစ်ရမယ်။ ဒီတစ်ခါဖျားတာ ဘယ်နှရက် ရှိပြီလဲ” လို့ ဆရာမက ပြန်မေးလိုက်ပါတယ်။

“တစ်လနီးပါးရှိနေပြီ ဆရာမ၊ နယ်မှာ ဖျားတာနဲ့ ဆေးသွားထိုးလိုက်တော့ နောက်တစ်ရက်မှာ လုံးဝမဖျားတော့ဘူ့း။ ၂ရက် - ၃ရက်ကြာရင် ပြန်ဖျားလာလိုက်၊ ဆေးထပ်ထိုးလိုက်၊ အဖျားကျ သွားလိုက်နဲ့ ၄-၅ ခါ မကတော့ပါဘူး။ အခုတစ်ခါ ဆီးချိုကလည်း ၄၀ဝ ကျော် ဖြစ်သွားပြီး အဖျားကလည်း ပြန်မကျတော့လို့ ခေါ်လာရတာပဲ ဆရာမ”

“သွေးချိုကလည်းများ၊ လူကလည်းမှိန်းပြီး သွေးပေါင်ကလည်း ကျနေတော့ ဆေးရုံကိုပဲ အမြန်တင်လိုက်ပါ။ အခုလိုခဏခဏ ပြန်ထကြွနေတဲ့ ဆီးပိုးတွေက အများအားဖြင့် ဆေးတွေကို ယဉ်ပါးသွားတဲ့ ပိုးတွေဖြစ်ဖို့များတယ်။ ပြန်ပြန်သုံးနေကြ ပိုးသတ်ဆေးတွေ မတိုးတော့လို့ ပိုစိုးရိမ်ရတယ်။ ပြီးတော့ သွေးချိုတွေ ခါတိုင်းထက် အရမ်းတက်သွားတာ အဖျားပိုးကြောင့် ဖြစ်နိုင်ပေမဲ့ ဆေးထိုးတဲ့အခါ ဒက်ဆာမီသာစုံးတွေပါခဲ့ရင် အဖျားကငုပ်၊ သွေးချိုက သုံးဆလောက်မြင့်လာပြီး ပိုးတွေ ပိုပြီးပွားလာတတ်လို့ သတိထားရပါမယ်”

  ဆရာမရဲ့ရှင်ပြချက်ကို မနီလာက - “ဟုတ်တယ် ဆရာမ၊ ကျွန်မလည်း ဒီလိုပဲထင်မိတယ်။ ဆေးထိုးပြီး ချက်ချင်းမဖျားတော့တာရယ်၊ သွေးချိုက ၂၀ဝ ကျော်ကနေ ၄၀ဝ ကျော် (ချက်ချင်း ဖြစ်သွား)ပြီး နှစ်ရက်နေတော့ ပြန်ဖျားပြီး ပိုဆိုးသွားတယ် ဆရာမ” လို့ ပြန်ဖြေပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ဆီးချိုသွေးချိုကို မထိန်းနိုင်တာ အဓိက ပါနေတယ်။ ဒါကြောင့် သမီးအမေကို ဖျောင်းဖျပြီး အင်ဆူလင်ကို ဆေးရုံက ဆင်းရင် ဆက်တိုက်ထိုးခိုင်းရမယ်”
“ကျွန်မ သဘောပေါက်ပါပြီ ဆရာမ။ ကျွန်မတို့ အင်ဆူလင်ကို သူများတွေ ပြောသံကြားပြီး ကြောက်နေလို့ အခုလို ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားလာရတာဆိုတာ သိပါပြီ”
“သိပ်ဟုတ်တာပေါ့၊ သွေးချိုများရင် ဆီးပိုးက ပြန်ပြန်ထမှာပဲပေါ့။ နောက်အကြောင်းရင်း တစ်ခုကတော့ အမေကြီးမှာ ဆီးသွားရင် မကုန်ဘဲ ကျန်ကျန်နေတာရှိလား၊ ဆီးကျန်နေရင် ပိုးတွေလည်း မကုန်စင်ဘဲ ချန်ထားသလို ဖြစ်ရာကနေ  ပြန်ပွားလာပြီး ပြန်ဖျားတတ်ပါတယ်”

“အမေကတော့ ဆီးကျန်မယ် မထင်ဘူး ဆရာမ။ ပေါက်လွန်းလို့ ဆီးတောင်မထိန်းနိုင်ဘဲ အိပ်ရာထဲမှာ ပေါက်ချတာတောင်ရှိတယ်၊ အိမ်သာမရောက်ခင် ဆီးတွေထွက်ကျကုန်လို့ ခဏခဏ လိုက်သုတ်နေရတယ်”

“တကယ်တော့ ဆီးမလုံဘဲ ပေါက်ချတယ်ဆိုတာထက် ဆီးကျန်ပြီး ဆီးအိမ်မဆန့်တော့လို့ လျှံကျလာတာပါ။ ဆီးလျှံကျပေမယ့်အထဲမှာ ဆီးတွေကျန်နေဦးမှာ သေချာတယ်။ ဒါကြောင့် ဆီးကျန်တဲ့ ပြဿနာကို လိုသလို ဖြေရှင်းဖို့လိုတယ်။ အင်ဆူလင်ထိုးလိုက်လို့ သွေးချိုပြန်ကောင်းလာရင် ဆီးအိမ်ကြွက်သားတွေလည်း ပြန်အားရှိလာနိုင်တယ်။ ဆီးတွေကုန်စင်အောင် ပေါက်လို့လည်း ရလာမယ်။ ဆီးကျန်လည်း နည်းသွားမယ်။ ဆီးအိမ်ထွက်ပေါက် အဝကျဉ်းတာရှိရင်လည်း ဆီးကျန်တာကို ဖြစ်စေတဲ့အတွက် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်နဲ့လည်း ဆွေးနွေးပြီး လိုအပ်ရင် ချဲ့ပေးလို့ရပါတယ်။”

“ဒီတစ်ခေါက်တော့ လိုအပ်တဲ့ ကုထုံးတွေအားလုံးကို ဆရာမညွှန်ကြားသလိုလိုက်နာပါတော့မယ်”
“ဟုတ်ပြီ . . ဒါမှ သတ်လို့ မကုန်နိုင်တဲ့ ပိုးတွေကို ဒီတစ်ခါ အပြတ်ရှင်းလို့ ရတောမှာပေါ့”

မှတ်ချက်
(၁) ဆီးချိုသွေးချိုရောဂါရှိသူတွေအားလုံးမှာ ရောဂါပိုးမျိုးစုံ ဝင်လွယ်ပါတယ်။ ပိုးဝင်ရင်လည်း ရောဂါ ပိုပြင်းထန်တတ်ပါတယ်။
(၂) တစ်ကိုယ်လုံး နေရာအနှံ့မှာ ပိုးအမျိုးမျိုး ဝင်တတ်ပေမယ့် ဆီးပိုးဝင်တာက အဖြစ်အများဆုံး ဖြစ်ပါတယ်။
(၃) ဆီးချိုသွေးချိုရောဂါကို နှစ်ရှည်ထိန်းမထားနိုင်ရင် ဆီးအိမ်အာရုံကြောနဲ့ ဆီးအိမ်ကြွက်သားတွေ အားလျော့လာပါမယ်။ ဆီးကုန်အောင်အပေါက်နိုင်တော့တာကြောင့် ဆီးအိမ်မှာ ဆီးကျန်နေတတ်ပါတယ်။ ဆီးကျန်တွေကြောင့် အကြိမ်ကြိမ် ဆီးပိုးပြန်ဝင်ပြီး သတ်လို့မကုန်နိုင်တဲ့ ဆီးပိုးတွေဖြစ်လာပါလိမ့်မယ်။ အကျိုးဆက်ကတော့ အသက်အန္တရာယ် ထိခိုက်တာ၊ ကျောက်ကပ် စောစောပျက်စီးတာတို့ကို ဖြစ်စေပါတယ်။
(၄) ဆီးပိုး အကြိမ်ကြိမ်ပြန်ဝင်တာကို အမြစ်ဖြတ်နိုင်တဲ့နည်းတွေကတော့- သွေးချိုကို ကောင်းကောင်း ထိန်းတာ၊ ပိုးမွေးပြီး သုံးသင့်တဲ့ဆေးကို တိတိကျကျ လုံးလောက်စွာ ပေးတာ၊ ဆီးမကျန်အောင် ကုသပေးတာ စတာတွေဖြစ်ကြပါတယ်။

Credit : ပါမောက္ခ သန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများ စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

Monday, March 4, 2019

* မင်း တုန်း မင်း ၏ မိ ဖု ရား များ နှင့် သား တော် ၊ သ မီး တော် များ စာ ရင်း *


သ က္က ရာဇ် ၁၂၁၄ ခု နှစ် တွင် မင်း ပြု သော သီ ရိ မ ဟာ သီ ဟ ဓ မ္မ ရာ ဇာ  ( ခေါ် ) မ န္တ လေး မြို့ ရ တ နာ ပုံ ရွှေ မြို့ တော် မြို့ တည် နန်း တည် မင်း တုန်း မင်း တြား ကြီး ၏ မိ ဖု ရား များ နှင့် သား တော် သ မီး တော် များ စာ ရင်း ဖြစ် သည် ။

* ၁ ။ မိ ဖု ရား ခေါင် ကြီး ၊ သီ ရိ ပ ဝ ရ မ ဟာ ရာ ဇိ န္ဒာ ဓိ ပ တိ ရ တ နာ ဒေ ဝီ - ( ရွှေ ဘို မင်း မိ ဖု ရား ခေါင် ကြီး ၏ သ မီး တော် ) -  ( စ ကြ်ာ ဒေ ဝီ )

* ၂ ။ မြောက် နန်း မိ ဖု ရား ၊ ( မ င်္ဂ လာ အိမ် တော် ပါ )

* ၃ ။ ပ ထ မ အ နောက် နန်း မိ ဖု ရား ၊ သီ ရိ မ ဟာ သု စ န္ဒာ ဒေ ဝီ - ( ရွှေ ဘို မင်း ၏ မြောက် ဆောင် တော် မိ ဖု ရား ၏ သ မီး တော် ၊  ) - ( ပင်း တ လဲ မြို့ စား ) - သား တော် သ မီး တော် နှစ် ပါး

* ၄ ။ ဒု တိ ယ အ နောက် နန်း မိ ဖု ရား ၊ (  ပ ထ မ အ နောက် နန်း မိ ဖု ရား ၏ ညီ မ တော်

* ၅ ။ အ လယ် နန်း မိ ဖု ရား ၊ ( ရ တ နာ ပူ ရ စ တု တ္ထ စစ် ကိုင်း မင်း ၏ မိ ဖု ရား ခေါင် ကြီး ၏ သ မီး တော် ) -
သား တော် ၊  သ မီး တော် များ ~
၁ ။ သ မီး တော် ၊ သီ ရိ သု ရ တ နာ ဒေ ဝီ - စု ဖု ရား ကြီး
၂ ။ သ မီး တော် ၊ စ လင်း စု ဖု ရား မင်း သ မီး
၃ ။ သား တော် ၊ မြန် အောင် မင်း သား ၊ ရွှေ ကိုယ် တော် ကြီး
၎ ။ သ မီး တော် ၊ သီ ရိ ပ ဘာ ရ တ နာ ဒေ ဝီ ( ခ ) တ ပင် တိုင် မြ တောင် မင်း သ မီး - စု ဖု ရား လတ်
၅ ။ သား တော် ၊ ပန်း ချီ မင်း သား ၊ ရွှေ ကိုယ် တော် က လေး
၆ ။ သ မီး တော် ၊ ရ မည်း သင်း မင်း သ မီး - စု ဖု ရား လေး

* ၆ ။ စိန် တုံး မိ ဖု ရား ၊ မင်း တုန်း မင်း တြား ကြီး ၏ မယ် တော် ၏ ညီ မ တော် ရင်း ၊ မိ ထွေး ၏ သ မီး တော်

* ၇ ။ လောင်း ရှည် မိ ဖု ရား ၊ သီ ရိ မ ဟာ မ င်္ဂ လာ သု ပ ဘာ ဒေ ဝီ
သား တော် ၊ သ မီး တော် များ ~

၁ ။ သ မီး တော် ၊ ပု ခန်း ကြီး စု ဖု ရား ကြီး
၂ ။ သား တော် ၊ သု သီ ရိ မ ဟာ ဓ မ္မ ရာ ဇာ - သီ ပေါ မင်း သား
၃ ။ သ မီး တော် ၊ မိ တ္ထီ လာ စု ဖု ရား က လေး

* ၈ ။ မ ကွေး မိ ဖု ရား ၊ ( ရွှေ ဘို မင်း ၏ သ မီး တော် )
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော် ၊ လယ် ကိုင်း မင်း သား
၂ ။ သ မီး တော် ၊ မင်း ကင်း မင်း သ မီး
၃ ။ သ မီး တော် ၊ ပြင် စည် မင်း သ မီး

* ၉ ။ တောင် ဆောင် တော် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော်
၂ ။ သား တော်
၃ ။ သား တော်
၎ ။ သား တော် ၊ မင်း ရဲ ညွန့် ( ခ ) မောင် မျိုး ညွန့်
၅ ။ သား တော် ၊ မိုး ညှင်း မင်း သား ၊ မောင် မျိုး အံ့
၆ ။ သ မီး တော် ၊ မိုး ညှင်း မင်း သ မီး

* ၁ဝ ။ ပ ထ မ မြောက် ဆောင် တော် မိ ဖု ရား ၊ ပ ဘာ ဒေ ဝီ
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော် ၊ သု သီ ရိ မ ဟာ ဓ မ္မ ရာ ဇာ ( ခ ) မ လွန် မင်း သား ၊ မောင် မျိုး ရင်
၂ ။ သ မီး တော်
၃ ။ သား တော် ၊ ပြင် စည် မင်း သား ၊ သ တိုး မင်း ရဲ
၎ ။ သား တော် ၊ ဝန်း သို မင်း သား ၊ သ တိုး မင်း ရဲ သီ ဟ သူ

* ၁၁ ။ ဒု တိ ယ မြောက် ဆောင် တော် မိ ဖု ရား ၊ န န္ဒာ ဒေ ဝီ
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော် ၊ က န္နီ မင်း သ မီး ၊ မ မျိုး ရင်
၂ ။ သ မီး တော် ၊ င ပဲ မင်း သ မီး ၊
၃ ။ သား တော် ၊ မ က္ခ ရာ မင်း သား ၊ မောင် မျိုး တူ
၎ ။ သ မီး တော် ၊ ကြံ ညှပ် မင်း သ မီး
၅ ။ သ မီး တော် ၊ ဆင် ယဉ် မင်း သ မီး
၆ ။ သား တော်

* ၁၂ ။ ပ ထ မ တောင် ရွှေ ရေး ဆောင် မိ ဖု ရား
သား တော် များ ~
၁ ။ သား တော် ၊ သု မ ဟာ သီ ရိ ဓ မ္မ ရာ ဇာ ( ခ )  မြင် ကွန်း ကိုယ် တော် ကြီး ၊ မောင် မျိုး ဧ
၂ ။ သား တော် ၊ သ တိုး မင်း လှ ဇေ ယျ သူ ( ခ ) မြင်း ခုံ တိုင် မင်း သား ၊ မောင် မျိုး ထင်

* ၁၃ ။ ဒု တိ ယ တောင် ရွှေ ရေး တောင် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော်
၂ ။ သ မီး တော်
၃ ။ သ မီး တော်

* ၁၄ ။ စား ပွဲ တောင် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော်
၂ ။ သ မီး တော် ၊ ပင်း မင်း သ မီး
၃ ။ သား တော်
၎ ။ သ မီး တော်

* ၁၅ ။ ဒု တိ ယ မြောက် ရွှေ ရေး ဆောင် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော် ၊ ညောင် ရမ်း မင်း သား ၊ မောင် မျိုး ပုံ
၂ ။ သား တော် ၊ ညောင် အုပ် မင်း သား ၊ မောင် မျိုး ယုံ
၃ ။ သ မီး တော် ၊ ကျောက် ဆောက် မင်း သ မီး

* ၁၆ ။ ခု နှစ် ရွာ မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော် ၊ မ ဟာ သီ ရိ ဓ မ္မ ရာ ဇာ ( ခ ) သုံး ဆယ် မင်း သား ၊ မောင် မျိုး ထွေး
၂ ။ သ မီး တော်
၃ ။ သား တော်
၎ ။ သား တော်
၅ ။ သ မီး တော် ၊ မြင် ကွန်း မင်း သ မီး
၆ ။ သ မီး တော်
၇ ။ သား တော် ၊ ပင် လယ် မင်း သား
၈ ။ သ မီး တော် ၊ တောင် သာ မင်း သ မီး
၉ ။ သ မီး တော် ၊ ပန်း တိမ်း မင်း သ မီး
၁ဝ ။ သား တော် ၊  သ တိုး မင်း ရဲ မင်း ထင် ( ခ )  သ န္တီ  မင်း သား
၁၁ ။ သ မီး တော် ၊ မြို့ ကြီး မင်း သ မီး
၁၂ ။ သား တော် ၊ ပင်း ယ မင်း သား
၁၃ ။ သ မီး တော် ၊ မင်း တပ် မင်း သ မီး

* ၁၇ ။ လင် ပန်း မိ ဖု ရား ၊ သီ ရိ သု စ န္ဒာ ဒေ ဝီ
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော် ၊ သီ ရိ မြတ် စွာ ရ တ နာ ဒေ ဝီ ( ခ ) တ ပင် တိုင် စ လင်း မင်း သ မီး
၂ ။ သား တော်
၃ ။ သား တော်
၎ ။ သား တော် ၊ သ တိုး ဗ ညား ကျန်း ( ခ ) ကျ ပင်း မင်း သား
၅ ။ သား တော် ၊ ဗ ညား လော ( ခ ) ယ နောင် မင်း သား

* ၁၈ ။ ရေ ပွဲ တိုက် စား မိ ဖု ရား
သား တော်~
၁ ။ သား တော် ၊ မိုင်း တုံ မင်း သား ၊ သ တိုး ရဲ မင်း ခေါင်

* ၁၉ ။ သက် ပန်း မိ ဖု ရား ၊ သီ ရိ သု ပ တာ ဒေ ဝီ
သား တော် များ ~
၁ ။ သား တော် ၊ ရွှေ ဂူ မင်း သား
၂ ။ သား တော် ၊ မိုး လှိုင်း မင်း သား
၃ ။ သား တော် ၊ တောင် ညို မင်း သား

* ၂ဝ ။ မိုး နဲ မိ ဖု ရား
၁ ။ သ မီး တော်
၂ ။ သား တော်

* ၂၁ ။ လက် ပံ စဉ် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော် ၊ ယင်း တော် မင်း သ မီး
၂ ။ သ မီး တော် ၊ က သာ မင်း သ မီး
၃ ။ သား တော် ၊ မြင် စိုင်း မင်း သား

* ၂၂ ။ ဆယ် ရွာ မိ ဖု ရား
၁ ။ သ မီး တော် ၊  ကျောက် ရစ် မင်း သ မီး

* ၂၃ ။ ကုပ် ကို လှ မိ ဖု ရား
၁ ။ သား တော် ၊ က သာ မင်း သား

* ၂၄ ။ လှိုင် ကျွန်း မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သား တော်
၂ ။ သ မီး တော် ၊ တောင် တွင်း ချောင်း မင်း သ မီး
၃ ။ သ မီး တော် ၊ ဟ င်္ဂ မော် မင်း သ မီး

* ၂၅ ။ သ န စစ် မိ ဖု ရား
သား တော် များ ~
၁ ။ သား တော်
၂ ။ သား တော်
၃ ။ သား တော် ၊ ကော လင်း မင်း သား

* ၂၆ ။ တ မာ ပင် မိ ဖု ရား
၁ ။ သ မီး တော် ၊ ကွတ် ရွာ မင်း သ မီး

* ၂၇ ။ ပြူ ကန် မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော် ၊ စော လှ မင်း သ မီး
၂ ။ သား တော် ၊ သ န္တီ မင်း သား
၃ ။ သ မီး တော် ၊ ယင်း ဝဲ မင်း သ မီး

* ၂၈ ။ တောင် ပြုံး မိ ဖု ရား
၁ ။ သား တော်

* ၂၉ ။ ထီး လှိုင် မိ ဖု ရား
၁ ။ သား တော် ၊ သာ ဂ ရ မင်း သား

* ၃ဝ ။ သ ရ စိမ်း မိ ဖု ရား ၊ သီ ရိ သု န န္ဒာ မ ဟေ
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော် ၊ သီ ရိ သု မ လ္လာ ဝ တီ ၊ နောင် မွန် ထိပ် ခေါင် တင် မင်း သ မီး
၂ ။ သား တော် ၊ င ရ နဲ မင်း သား
၃ ။ သ မီး တော် ၊ သု သီ ရိ စ န္ဒာ ဝ တီ ၊  တိုင် တား ထိပ် ခေါင် တင် မင် သ မီး
၎ ။ သ မီး တော် ၊ သု သီ ရိ ကေ သာ ဝ တီ ၊ မိုင် လွန် မင်း သ မီး

* ၃၁ ။ လဲ ချား မိ ဖု ရား
သား တော် ၊ သ မီး တော် များ ~
၁ ။ သ မီး တော်
၂ ။ သား တော်
၃ ။ သား တော်

* ၃၂ ။ ထ နောင်း တိုင် မိ ဖု ရား ၊ သီ ရိ သု ပ ဘ မ ဟေ
၁ ။ သား တော်

* ၃၃ ။ ငါး ပင် စည် မိ ဖု ရား
၁ ။ သ မီး တော်

* ၃၄ ။ င စွန် မိ ဖု ရား
သ မီး တော် များ ~
၁ ။ သ မီး တော် ၊ လ မိုင်း မင်း သ မီး
၂ ။ သ မီး တော် ၊ မြို့ လှ မင်း သ မီး
၃ ။ သ မီး တော် ၊ ထ ရံ ကာ မင်း သ မီး

* ၃၅ ။ ရွာ ပု လဲ မိ ဖု ရား
၁ ။ သား တော် ၊ ထီး လင်း မင်း သား

* ၃၆ ။ ကျောက် တ လုံး မိ ဖု ရား
၁ ။ သ မီး တော် ၊ ညောင် လှ မင်း သ မီး

* ၃၇ ။ မယ် ထား အို မိ ဖု ရား
၁ ။ သ မီး တော်

* ၃၈ ။ ကြေး မြင် မိ ဖု ရား
၁ ။ သား တော် ၊ ပျဉ်း မ နား မင်း သား

* ၃၉ ။ ဆင် တဲ မိ ဖု ရား
၁ ။ သား တော်

* ၄ဝ ။ ရွာ သစ် မိ ဖု ရား
၁ ။ သား တော်

* ၄၁ ။ မိ ကျောင်း တက် မိ ဖု ရား
၁ ။ သား တော်

* ၄၂ ။ ကျောက် ရဲ မိ ဖု ရား

* ၄၃ ။ ပြင် စည် မိ ဖု ရား

* ၄၄ ။ ဘ လဲ့ ပ မိ ဖု ရား

* ၄၅ ။ မန် ကျည်း ပင် စောက် မိ ဖု ရား
၁ ။ သ မီး တော် ၊ မိုင်း ညောင် မင်း သ မီး

စု စု ပေါင်း မိ ဖု ရား ၄၅ ပါး မှ သား တော် ၅၅ ပါး ၊  သ မီး တော် ၅၃ ပါး ၊ စု စု ပေါင်း ၁ဝ၈ ပါး ရှိ သည် ။ နန်း ရ မိ ဖု ရား ၄ ပါး ၊ အ ဆောင် ရ မိ ဖု ရား ၄ ပါး ရှိ သည် ။ မိ ဖု ရား နှင့် ကိုယ် လုပ် တော် များ တွင် ဒေ ဝီ ဘွဲ့ ခံ မိ ဖု ရား လတ် ၊ မ ဟေ သီ ဘွဲ့ ခံ မိ ဖု ရား ငယ်  ၊  ဝ တီ ဘွဲ့ ခံ   ကိုယ် လုပ် တော် ကြီး ၊ သီ ရိ ဘွဲ့ ခံ ကိုယ် လုပ် တော် လတ် ၊ မင်း တပ် ဘွဲ့ ခံ ကိုယ် လုပ် တော် ငယ် ၊ စ သည် တို့ အ ဆင့် အ မျိုး မျိုး ရှိ သည် ။

ကိုး ကား ။   ။ မြန် မာ ရာ ဇ ဝင် ချုပ် နှင့် ရွှေ နတ် တောင် ဘု ရား သ မိုင်း ၊ ဆ ရာ လွန်း ၁၉၁၁ ၊ သူ ရိ ယ သ တင်း စာ ပုံ နှိပ် တိုက် ၊ ၁၅ ၊ ဗိုလ် ကွက် သစ် ၊ ရန် ကုန် မြို့ အ ရှေ့ ပိုင်း ၊ စာ မျက် နှာ - ၁၂၈ - ၁၃၅

(စာရိုက်မျှဝေသူ - Myanmar Royal Society) 

Sunday, March 3, 2019

#မြန်မာပြည်ဖွား_တရုတ်လူမျိုးများ


မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမဟုတ်သော လူမျိုးများထဲတွင် တရုတ် (华人)လူမျိုးများသည် မြန်မာနိုင်ငံ လူဦးရေ၏ 3% ခန့် ရှိပေသည်။ တရုတ်လူမျိုးများသည်လည်း ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျက် ရှိကြရာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပေ။ နိုင်ငံတိုင်းတွင် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပေသည် မဟုတ်လော။

မြန်မာနိုင်ငံအတွင်းသို့ တရုတ်လူမျိုးတို့ စတင်အခြေချသည့် ခုနစ်ကို အတိအကျ မသိရသော်လည်း ပျူ ခေတ်၌ပင် တရုတ် ထန်အင်ပါယာသို့ ပျူ ယဉ်ကျေးမှုအဖွဲ့ လာရောက်ခဲ့သည့် မှတ်တမ်း ရှိနေပေသည်။ ထို့ကြောင့် အင်းဝခေတ်လောက်ကတည်းက စီးပွားရေး ဆက်ဆံမှုမျိုး ရှိနေပြီဟု ခန့်မှန်းရသည်။ တရုတ်နိုင်ငံမှ ဟန်လူမျိုးများ မြန်မာနိုင်ငံသို့ အလုံးအရင်း ခိုဝင်လာသည့် အချိန်မှာ မင်မင်းဆက်ခေတ် ကျဆုံးပြီးနောက် ချင်းအင်ပါယာ မန်ချင်းခေတ် မန်ချူးလူမျိုးတို့ တရုတ်ပြည်မကို သိမ်းပိုက်ပြီးချိန် ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ (ညောင်ရမ်းခေတ်လောက်မှာပေါ့။)

သစုန့်နှင့် မင်မင်းဆက်ခေတ်တို့တွင် တရုတ်ပြည်မှ မြန်မာသို့ ကုန်သွယ်သည့် ကုန်သည်ကြီး လာရောက်နေကြပြီ ဖြစ်သည်။ တချို့မှာလည်း အခြေတကျ နေထိုင်ကြပြီဖြစ်လေသည်။ မင်မင်းဆက် ပျက်သုန်းသည့်အခါ မန်ချူးတို့၏ ရန်ကြောင့် မင်မင်းဆက်၏ မင်းသားများသည် ယနေ့ခေတ် ကိုးကန့်နယ်ထဲသို့ ပြေးဝင်ရလေသည်။ သို့သော် သစ္စာဖောက်တချို့ကြောင့် ထပ်မံပြေးကြရပြန်ရာ ဗန်းမော်သို့ ရောက်ရှိလာကြပြီးနောက် တချို့မှာ အမရပူနေပြည်တော်၌ အခြေချ နေထိုင်ကြသည်။ ထို့နောက် မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တော် ထီးနန်သစ်တည်သောအခါ မင်းတုန်းမင်းရှိရာသို့ ပြောင်းရွေ့လာကြသည်။  ၂၀၁၂ ခုနစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်လူမျိုး ၁.၆ သန်းခန့် မှီတင်းနေထိုင်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံမှာ 华人 တွေကို တရုတ်လို့ ခေါ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ တချို့က သလီနိုင်ငံက လူတွေမို့ ကာလကြာတော့ သလီကနေ တရုတ်ဆိုပြီး ဖြစ်လာတယ်လို့ ပြောကြပေမယ့် အသံထွက်ခြင်းက အဝေးကြီးပါ။ သလီဆိုတာ သိုင်းကားတွေထဲမှာလဲ တွေ့ဖူးမှာပေါ့နော်။ သလီ သွမ့်မျိုးနွယ်တွေလေ။ ထန်ခေတ်မှာ ယနေ့ ထိုင်းလူမျိုးဖြစ်လာမယ့် နန်ကျောင်နိုင်ငံကို ထန်အင်ပါယာက ဝင်သိမ်းတော့ ၃ ခြမ်းကွဲပြီး တစ်စုက မြန်မာ တစ်စုက ထိုင်းနဲ့ လက်ကျန် လူမျိုးတွေက ယူနန် လာအိုဘက်ကို ပြေးခဲ့ကြပါတယ်။ နောက်တစ်ခုက မွန်ဂိုတွေနဲ့ အတူ ပါလာတဲ့ Turk လူမျိုးတွေကို ခေါ်တာကနေ တရုတ် ဖြစ်လာတာတဲ့။ ဒါလဲ စဉ်းစားကြည့်ရင် အာရပ်ရုပ်နဲ့ တရုတ်ရုပ်က ကွာပါတယ်။ တရုတ်လို 突厥 ထူးကျွယ်လို့ ခေါ်တာဆိုတော့ အသံထွက်အားဖြင့်လဲ မသက်ဆိုင်ပါဘူး။

ဒါ့ကြောင့် ဒီတချက်ကိုတော့ ကျွန်တော် စဉ်းစားမိတယ်ဗျ။ မွန်ဂိုတွေဟာ တရုတ်ပြည်မကို သိမ်းပြီးချိန်မှာ သူတို့နိုင်ငံကို 大元 သယွမ်လို့ ခေါ်ပါတယ်။ မြန်မာအသံထွက်နဲ့ဆို သယွက် တယွက် ကနေ တရုတ်လို့များ ပြောင်းလာလေသလားပေါ့။ သို့သော် တရုတ်ဟူသော စကားသည် ဟန်လူမျိုးကို ရည်ညွှန်းသော စကားဖြစ်ပြီး မန်ချူး မွန်ဂိုတို့ကို ခေါ်ဝေါ်ခြင်း မဟုတ်ပေ။ ဒါ့ကြောင့် ရှေးယခင်က ဖြစ်ဖူးတဲ့ တရုတ်စစ်ပွဲတွေဟာ မွန်ဂိုနဲ့ မန်ချူး လက်ထက်မှာသာ ဖြစ်ပွားခဲ့ဖြစ်ပြီး ဟန်လူမျိုးတို့နှင့် မသက်ဆိုင်ပေ။

တရုတ်လိုကတော့ မြန်မာကို မြန်တျန့်လို့ ခေါ်ပါတယ်။  မြန်တျန့် 缅甸 缅 ဆိုတာက ဝေးကွာသော 甸 ဆိုတာက အစွန်အဖျား ပြည်မနဲ့ ဝေးကွာတဲ့ ပြည်နယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီကနေ့ခေတ်အထိ ဒီလိုပဲ ခေါ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများမှာ ဖူကျန့် ကွမ်းတုံ ယူနန် နယ်များမှ လာရောက်နေထိုင်ကြသည်ကို တွေ့ရသည်။ အောက်မြန်မာပြည်နှင့် ရန်ကုန်တိုင်းတွင် ဖူကျန့် ကွမ်းတုံ အများစု နေထိုင်ကြပြီး အထက်မြန်မာပြည်တွင် ယူနန် အများစု နေထိုင်ကြသည်ကို တွေ့ရသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ဖူကျန့် ကွမ်းတုံတို့မှာ ဟိုးအရင်ကတည်းက နေထိုင်လာသော ဟန်လူမျိုး အများစု ဖြစ်ကြသည်။

ဖူကျန့်နယ်မှ လာသော ဟန်လူမျိုးများကို မြန်မာတို့က အင်္ကျီလက်ရှည်မျိုးဟု သတ်မှတ် ခေါ်ဝေါ်ကြပြီး အများစုမှာ ရှေးယခင်ကတည်းက ကုန်သွယ်ကြသော မျိုးရိုးများ ဖြစ်ကြသည်။

ကွမ်းတုံနယ်မှ လာသော ဟန်လူမျိုးများကို အင်္ကျီ လက်တိုမျိုးဟု သတ်မှတ် ခေါ်ဝေါ်ကြသည်။ အများစုမှာ လက်မှုပညာသည်များ ဖြစ်ကြသည်။ (ကျွန်တော့်အမေဘက် အဘိုးက လက်မှုပညာရှင်ဗျ)

ဖူကျန့် ကွမ်းတုံပြင်ပမှ လာသော တရုတ်များကိုမူ အင်္ကျီစကဟု ခေါ်ဝေါ်ကြပြန်သည်။

ယူနန်နယ်မှ လာသော တရုတ်များကို ယူနန်တရုတ်ဟုသာ အလွယ်ခေါ်ဝေါ်ကြသည်။ အများစုမှာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတွင် နေထိုင်ကြသည်။ ပြည်မသုံးတရုတ်စကားကို သုံးနှုန်းကြပြီး တချို့မှာ ရှမ်းစကား ထိုင်းစကားကိုပင် ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။

ပန်သေးတရုတ်ဆိုသည်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော တရုတ်လူမျိုးများ ဖြစ်ကြသည်။ တရုတ်ပြည်မမှာတောင် ၁၀ သန်းခန့်သာ ကျန်ရှိတော့သည့် မျိုးနွယ်ဖြစ်ပြီး ဟွေ့လူမျိုးဟု ခေါ်ဝေါ်ကြသည်။

တရုတ်ဗမာ သို့မဟုတ် တရုတ်လူမျိုးနှင့် မြန်မာတိုင်းရင်းသားထဲမှ မွေးဖွားလာသည့် သွေးနှောများကိုမူ ကပြားဟု ခေါ်ဝေါ်ကြသည်။ ထို့အပြင် တရုတ်ပြည်မက သတ်မှတ်ထားသော တိုင်းရင်းသား မျိုးနွယ်စုများလည်း မြန်မာနိုင်ငံတွင် နေထိုင်ကြသည်။

မြန်မာနိုင်ငံ၌ တရုတ်ဟု ဆိုလိုက်သည်နှင့် ပြည်မက လူများနှင့် ပြေးမြင်တတ်ကြပေသည်။ မြန်မာပြည်တွင် နေထိုင်သော တရုတ်တို့မှာ မြန်မာနိုင်ငံသား ဖြစ်သဖြင့်  缅甸华侨 or 缅甸华人 မြန်တျန့် ဟွာရန် များသာ ဖြစ်ပေသည်။ 中国人 ဟု သုံးနှုန်းမှသာ ပြည်မရှိ တရုတ်လူမျိုး တရုတ်နိုင်ငံသားဟုသာ မှတ်ယူကြရန် ဖြစ်သည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်တို့ကို စင်္ကာပူနိုင်ငံသား တရုတ်လူမျိုး မလေးရှား၌ နေထိုင်သော တရုတ်တို့ကို မလေးရှားနိုင်ငံသား တရုတ်လူမျိုး စသည်ဖြင့် ခေါ်ဝေါ်ကြပြီး လူမျိုးနှင့် နိုင်ငံသား ကွဲပြားရန် လိုအပ်ပေသည်။

မြန်မာပြည်ဖွား တရုတ်အများစုထဲမှ ဟိုးယခင်ကတည်းက လာရောက်နေထိုင်ကြသော တရုတ်လူမျိုး အများစုသည် တရုတ်စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ထိတွေ့မှု အားနည်းသွားခဲ့ရာ အများစုမှာ တရုတ်စာပေကို တတ်မြောက်ခြင်း မရှိတော့ပေ။ အထူးသဖြင့် နယ်မြို့များတွင် တရုတ်လူမျိုးအများစုသည် တရုတ်စာပေ တတ်မြောက်မှု အားနည်းပေသည်။ ဘုံကျောင်းများ၌ ယခင်က သင်ကြားပေးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် တရုတ်စာပေများ ရိုးရာဓလေ့များကို သင်ကြားပေးခြင်း မရှိတော့ချေ။

မြန်မာပြည်၌ နေထိုင်ခြင်း ကြာမြင့်လာသောအခါ မြန်မာစာ မြန်မာစကားသည် မိခင်ဘာသာစကား ဖြစ်လာကြသည်။ သို့သော်လည်း မြို့ကြီးများတွင်မှု တရုတ်မိသားစုတို့သည် မိမိ၏ သားသမီးများကို ဒုတိယ မိခင်ဘာသာစကားအနေဖြင့် တရုတ်စာကို ဦးစားပေးသင်ကြားပေးသလို အင်္ဂလိပ်စာကိုပါ သင်ကြားကြသဖြင့် မြန်မာပြည်ဖွား တရုတ်တို့သည် အနည်းဆုံး ဘာသာစကား ၂ မျိုး ၃ မျိုးခန့် ကျွမ်းကျင်တတ်မြောက်လေ့ ရှိသည်မှာ တခြားသော ပြည်မ စင်္ကာပူ ထိုင်ဝမ် မလေးရှား စသည့် နိုင်ငံများမှ တရုတ်တို့ထက် ဘာသာစကားတွင် သာသည့် အချက်ဖြစ်သည်။ 😁😁 (တောင်ကြီးက စကီလေးတွေဆို ၅ မျိုးလောက် တတ်တယ်။ ရှမ်း ယိုးဒယား တရုတ် အင်္ဂလိပ် မြန်မာ)

မြန်မာပြည်အောက်ပိုင်းနှင့် ရန်ကုန်မြို့တွင် ဖူကျန့်နှင့် ကွမ်းတုံစကား (အိမ်သုံးစကားပေါ့) တတ်မြောက်သူ များပြားသည်။ မြန်မာပြည် အထက်ပိုင်းတွင် ယူနန်နယ်သုံး စကားပြောသူများ များပြားသည်။

သို့သော် ယခုအခါတွင်မူ မြန်မာပြည်ဖွား တရုတ်လူငယ်များသည် တရုတ်စာပေကို ပြန်လည်သင်ကြားရန် စိတ်ဝင်စားလာကြပြီး သင်တန်းများစွာလဲ ရှိလာပြီ ဖြစ်သဖြင့် အဆင်ပြေစွာ လေ့လာနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ဖွား တရုတ်လူမျူိးတို့သည် မျိုးဆက် ၁ ဆက်ခန့် စာပေလေ့လာမှု အားနည်းခဲ့သဖြင့် ၉၀ ဖွား တရုတ်လူငယ်တို့၏ မိဘအများစုမှာ တရုတ်စာပေကို တတ်မြောက်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် လူငယ်တို့သည် မိမိတို့၏ မျိုးဆက်သစ်များအတွက် စာပေကို ထိန်းသိမ်းရန် ပြန်လည်စိတ်ဝင်စားလာကြခြင်းလည်း ဖြစ်နိုင်ပေသည်။ ယနေ့ခေတ် အင်တာနက် ထွန်းကားသည် ဖြစ်ပေရာ လူငယ်တို့မှာ အွန်လိုင်းပေါ်၌ ရှာဖွေလေ့လာနေကြပြီလဲ ဖြစ်သည်။

မြန်မာပြည်ဖွား တရုတ်လူမျိုးတို့သည် အဓိကျအားဖြင့် ထေရဝါဒါ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသောလည်း ရိုးရာဓလေ့ဖြစ်သည့် မဟာယနဗုဒ္ဓဘာသာနှင့် ရိုးရာနတ်များ မျိုးနွယ်နတ်များကိုလည်း ကိုးကွယ်ကြသည်။ ထို့အပြင် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများလည်း ရှိသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သော ပန်းသေးများ ရှိသော်လည်း အရေအတွက်အားဖြင့် အင်မတန် နည်းပါးလှသည်။ ထို့ကြောင့် မြန်မာပြည်ဖွား တရုတ်တို့သည် အနည်းဆုံး ကိုးကွယ်သည့်ဘာသာမှာ ၂ မျိုးထက် ပိုပြီး ရှိသည်ဟု မှတ်ယူနိုင်သည်။ (ဒါတောင် သချိုင်္ိင်း ကန်တော့ပွဲ ဘာညာရှိသေးတယ်။) မြန်မာပြည်တွင် ထင်ရှားသော ဘုံကျောင်းတို့မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူရှန်းစစ့်
福山寺 ကုက္တိုင်းဘုံကျောင်း လသာမြို့နယ်ရှိ ခိန့်ဟုတ်ဘုံကျောင်း (မားဇူ) လသာမြို့နယ် တရုတ်တန်းတွင် ရှိသော 觀音古廟 ကွမ်းယင်ကူမြောင့် (ကွမ်းတုံဘုံကျောင်းလို့ ခေါ်တာလား မသိဖူး) တို့မှာ ထင်ရှားပေသည်။

မြန်မာပြည်၌ နေထိုင်ကြသော တရုတ်လူမျိုး မိသားစု အများစုမှာ မြန်မာနာမည်ကိုသာ ပေးလေ့ရှိပြီး တရုတ်နာမည်ကို ပေးထားခြင်း မရှိပေ။ ထို့အပြင် မြန်မာနာမည်ကို တရုတ်နာမည်ဖြင့် ခေါ်ဆိုလို့ မရပေ။တချို့သော အသံထွက်များမှာ တရုတ်အသံထွက်တွင် မရှိပေ။ ဥပမာ ထက်အောင် ဆိုပါစို့။ အသံထွက်အရ အနီးစပ်ဆုံး ခေါ်ဆိုလို့ ရပေမယ့် တရုတ်လိုကျတော့ စာလုံး အဓိပ္ပါယ်က ကောင်းချင်မှ ကောင်းမယ်။ ထို့ကြောင့် မြန်မာပြည်ဖွား တရုတ်လူမျိုး အချို့တွင် မျိုးနွယ်နာမည် စာလုံးများ ပျောက်ကုန်သည်။ မျိုးရိုးမဲ့ ဖြစ်ကုန်ကြသည်။ အဲ့လိုဖြစ်ခဲ့ရင် ကိုယ့်မိဘကို ပြန်မေးပြီး အသံထွက် အနီးစပ်ဆုံး တူညီမယ့် မျိုးနွယ် စာလုံးကို ရှာကြည့်ပေါ့နော်။

မြန်မာမှာ တရုတ်အစားအစာတွေကို အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။ တရုတ်အစားအသောက် အခေါ်အဝေါ်များကို မြန်မာသံဖြင့် မွေးစားစကားလုံးများအဖြစ် သုံးကြသည်။ (ဥပမာ ကုန်းဘောင်ကြီးကြော်) လူကြိုက်များသော အစားအသောက်များ ဖြစ်သည့် ပေါက်စီ အီကြာကွေး စသည်တို့မှာ မြန်မာနိုင်ငံသားတို့၏ အဓိက နံနက်ခင်း အစားအစာများ ဖြစ်ကြသည်။ တရုတ်ရိုးရာ အစားအသောက်တွေကျတော့ နောက်မှပဲ ရေးပေးတော့မယ်နော်။

မြန်မာနိုင်ငံမှာ အများဆုံးနေထိုင်တဲ့ တရုတ်မျိုးနွယ် စာရင်းကိုတော့ ရှာကြည့်သေးတယ်။ မတွေ့တာကြောင့် ထည့်မရေးပေးတော့ပါဘူး။

မြန်မာနိုင်ငံမှာ ထင်ရှားခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေကတော့

ကျားပရုတ်ဆီ ပိုင်ရှင် ဟူးဝမ်ဟူ  胡文虎

HTC ဖုန်းကုမ္ပဏီရဲ့ CEO ဥက္ကဋ္ဌ ဦးဝင်းသန်း ခေါ် 周永明 ကျိုးယုံမင် Peter Chou

မြန်မာ့ဂျာနယ်လစ်ဆရာကြီး ဦးလောရုံ

အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီဆရာကြီး ဦးငွေကိုင်

သမိုင်းသုတေသီပညာရှင် တော်စိန်ခို

Miss Universe 2013 ပြိုင်ပွဲဝင် မိုးစက်ဝိုင် 楊鑫榮 ရန်ရှင်းရုံ

ယနေ့ခေတ် အချိန်အခါတွင်မူ ပြည်မ တရုတ်နိုင်ငံနှင့် အဆင်မပြေမှုများကြောင့် တရုတ်ဆိုသည်နှင့် ပြည်မက တရုတ်လူမျိုးများနှင့် တွဲမမြင့်သင့်ပေ။ မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပေရာ လူမျိုးနှင့် နိုင်ငံသား ဖြစ်တည်မှုမှာ မတူညီပေ။ လူမျိုးနှင့် နိုင်ငံသား ကွဲပြားမြင်သင့်ပေသည်။ စင်္ကာပူ၌ နေထိုင်သော တရုတ်များသည်လည်း စင်္ကာနိုင်ငံအတွက်သာ ကြိုးစားကြပေသည်။ ကမ္ဘာ့နံပါတ် ၁ (အခုတော့ မသိတော့ဖူး) ကြက်တောင်ကစားသမား လီချူံဝေ သည်လည်း မလေးရှားနိုင်ငံသား တရုတ်လူမျိုးပင် ဖြစ်ပေသည်။ နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများသည်လည်း သူ့နည်သူဟန်ဖြင့် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံများကို အကျိုးပြုလျက် ရှိပေရာ တရုတ်ချင်းတူသော်လည်း ခံယူထားသော နိုင်ငံသားချင်း မတူညီပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၌ နေထိုင်သော တရုတ်လူမျိုးတို့တွင် ကောင်းသောသူလည်း ရှိလိမ့်မည် ဆိုးသောသူလည်း ရှိလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်ချင်း၏ ဗီဇလက္ခာသည် တမျိုးသားလုံးကို ကိုယ်စားမပြုသည်ကို ဂရုပြုသင့်ပေသည်။ မြန်မာပြည်ဖွား တရုတ်လူမျိုးတိုင်းသည်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးတတ်ကြသည်။ မြန်မာဘောလုံးအသင်း ရှုံးလျှင်လည်း ဝမ်းနည်းတတ်ကြသည်။ နိုင်လည်း ဝမ်းသာတတ်ကြသည်။ မြန်မာမကောင်းကြောင်း ပြောလျှင်လည်း ချေပတတ်ကြသည်။ ဤသည်ကား မျိုးချစ်စိတ်ဓာတ်ထက် အမြင်ကျယ်သော နိုင်ငံချစ်စိတ်ဓာတ်ပင် ဖြစ်ပေသည်။ သစုန့်ခေတ် စစ်သူကြီး ယွဲဖေးပြောခဲ့သည့် စကားအတိုင်း 盡忠報國 နိုင်ငံတော်အပေါ် သစ္စာရှိစွာ အလုပ်အကျွေး ပြုရပေမည်။

ကဲ ဒါပါပဲ မြန်မာမှာ အများဆုံးနေထိုင်တဲ့ တရုတ်မျိုးနွယ်ဝင်တွေကို သိရအောင် ကိုယ့်မျိုးနွယ် နာမည်လေးတွေ ရေးပေးသွားကြပါ။ ကျွန်တော်ကတော့ 林 မျိုးနွယ်ပဲ ဖြစ်ပါတယ်။

#SwamHtet(天下第一)

(ကျွန်တော် သည် Blog မှာဝေမျှတဲ့ Post တွေရဲ့ အောက်ခြေနားမှာ သို့မဟုတ် စာရေးသူ အမည်တွေမှာ မူလ သူတို့တင်ထားတဲ့ Blog Post တွေ Facebook Page or Personal Account တွေနဲ့ Links အမြဲလိုလို လုပ်ထားပါတယ်။ Post တွေမှာညွှန်းထားတဲ့ ဓာတ်​ပုံတွေ အခြားဆက်စပ်တာတွေကြည့်ချင်ရင် Click လုပ်ကာ ထပ်မံ ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။)

Saturday, March 2, 2019

"အသင်းအဖွဲ့ စိတ်ဓာတ်ဆိုတာ"


၁)

ကျွန်တော်တို့ မြန်မာတွေဟာ အသင်းအဖွဲ့ စိတ်ဓါတ် မရှိကြဘူးလို့ တော်တော်များများက ပြောကြတယ်။ တကယ်ပြန်ကြည့်တော့လည်း ဟုတ်ပါတယ်၊ ပါတီပဲထောင်ထောင်၊ စီးပွါးရေးပဲလုပ်လုပ်၊ အနုပညာပဲလုပ်လုပ်၊ အဖွဲ့တွေထောင်ပြီး သိပ်မကြာဘူး၊ ကွဲကြ ပြဲကြတာပဲ။ အပြစ်တင်စရာတွေက ပတ်ပတ်လည် ဖြစ်နေလို့လား မသိဘူး၊ တခုခုဆို အပြစ်အရင်တင်တတ်တဲ့ အကျင့်က အရိုးထဲပါ စွဲနေပြီ။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်မယ်၊ အပြန်အလှန်လေးစားမှု မရှိဘူး၊ မတူတာကို သည်းခံတတ်တဲ့ စိတ်လည်း မရှိဘူး။ နှစ်ဖက်စလုံး အကျိုးရှိတဲ့ win-win ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် အပြုတ်တိုက်တဲ့ win-lost ကို ပိုအားသန်ကြတယ်။ ပိုလိုချင်ကြတယ်။

၂)

တကယ်တော့ Group လို့ခေါ်တဲ့ လူအုပ်စုနဲ့ Team လို့ခေါ်တဲ့ အသင်းအဖွဲ့ဆိုတာက တူမလိုလိုနဲ့ အတော်ကွဲပြားပါတယ်။ ဆိုပါစို့၊ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်ရှိတယ်၊ Marketing သမားရှိတယ်၊ receptionist ရှိတယ်၊ admin သမားရှိတယ်၊ အားလုံးက သူတို့အလုပ်မှာသူတို့ သူမတူအောင် တစ်ဖက်ကမ်းခပ် တော်ကြတယ်၊ ဒါပေမဲ့ အသင်းတစ်ခုရယ်လို့ ဖြစ်မနေတော့ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်နေကြတယ်၊ အမှားကို စောင့်ကြည့်နေကြတယ်၊ မှားလိုက်တာနဲ့ အပြစ်တင်လို့ ဝေဖန်လို့ မဆုံးဘူး၊ ပြီးရင် အဲဒါကို ငါ သူ့အပေါ် အနိုင်ရသွားပြီ ဆိုပြီး ပျော်နေတတ်ကြတယ်၊ ဂုဏ်ယူနေတတ်ကြတယ်။ အဖွဲ့အောင်မြင်တာထက် သူမှားပြီး ငါမှန်တယ် ဆိုတဲ့သက်သေကို ပိုလိုချင်ကြတယ်။ အဖွဲ့ရဲ့ အကျိုးစီးပွါးထက် ပုဂ္ဂိုလ်ရေးကဏ္ဍကို ပိုဦးစားပေးကြတယ်။ သူတို့တွေရဲ့ လုပ်အားက ၁+၁ = ၂ ပဲ။ အဲဒါမျိုးကိုတော့ လူတွေစုထားလို့ လူအုပ်စုတစ်စုလို့ ခေါ်နိုင်ပေမဲ့ အသင်းတစ်ခုလို့တော့ သတ်မှတ်လို့မရဘူး။ ဒီလိုလူမျိုးတွေ ရှိနေခြင်းအားဖြင့် အဲဒီအဖွဲ့အစည်းဟာလည်း ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူး။

၃)

အသင်းအဖွဲ့ဆိုတာကတော့ လူအုပ်စုတစ်စုပါပဲ၊ ဒါပေမဲ့ ဘယ်လိုgroupလဲဆိုတော့ ငါတို့ဟာ “တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ” ဆိုတဲ့ စိတ်ဓါတ်မျိုး ကိုယ်စီရှိနေကြတဲ့ groupတစ်ခု။

ပုံပြင်တစ်ပုဒ် ရှိတယ်၊ တစ်ခါတုန်းက မြစ်ထဲမှာ လှေတစ်စင်းကို လူ၃ယောက် လှော်ခတ်လာတယ်၊ တစ်နေရာရောက်တော့ လှေရဲ့အလယ်မှာ ထိုင်နေတဲ့လူက သူထိုင်နေတဲ့အောက်ကို အပေါက်ဖောက်လေရဲ့၊ အဲဒါနဲ့ ရှေ့နဲ့ နောက်မှာ ထိုင်နေကြတဲ့ လူတွေက ပြောတယ်၊ ဟေ့လူ ဘာလုပ်တာလဲ၊ ရေတွေဝင်လာမှာပေါ့ လို့ဆိုတော့ အဲဒီလူက ပြန်ပြောတယ်၊ ဘာဖြစ်လဲ၊ ငါ့နေရာ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ တဲ့။ ဆိုင်ပါတယ်၊ ဘာလို့ဆိုတော့ သူတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေကိုး။ တစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်မှုဟာ တစ်ခြားတစ်ယောက်နဲ့လည်း ပတ်သက်နေပါတယ်။ တစ်ယောက်ရဲ့ အမှားက တစ်သင်းလုံးကို ကျရှုံးစေနိုင်ပါတယ်။

အဲဒီလိုခံယူထားကြတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အမှား စောင့်မနေကြတော့ဘူး။ အကောင်းဆုံးဖြစ်မဲ့ အဖြေကို အားလုံးဝိုင်းရှာကြတော့တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာထက် အဖွဲ့ကောင်းဖို့က ပိုအရေးကြီးလာတယ်။ ကိုယ်နဲ့မတူတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အများသဘောတူညီမှုနဲ့ ချပြီးသွားတဲ့အချိန်မှာလည်း ငါပြောသလိုမှ မလုပ်ကြတာလို့ ပြောနိုင်လာမှာကိုတောင် မလိုချင်တော့ဘူး။ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ငါပြောတာ မှန်ဖို့ထက် ငါတို့အခု ဆုံးဖြတ်လိုက်တဲ့ဟာ မှန်ဖို့ပဲ ပိုဦးစားပေးမိတော့တယ်။

၎)

အမျိုးသမီးဟော်ကီအသင်းအကြောင်း ရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကား ကြည့်ဖူးပါတယ်။ အတိုချုပ်ပြောရရင် အစက တစ်ယောက်တစ်မျိုးစီနဲ့ ပြန့်ကျဲနေတဲ့ အသင်းကို နည်းပြအဖြစ် သရုပ်ဆောင်တဲ့ မင်းသားက ပြန်စုစည်းလိုက်တယ်၊ အသင်းပုံစံကျသွားတယ်၊ တဖြည်းဖြည်းနဲ့ နိုင်ပွဲတွေဆက်လာခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်လာတယ်။ ကစားသွားတဲ့ ပွဲစဉ်တစ်လျှောက်မှာ သူတို့အသင်းက တိုက်စစ်မှူးနှစ်ဦးက အပြိုင်အဆိုင် ဂိုးတွေသွင်းကြတယ်၊ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်လာဖို့လည်း အပြိုင်ရေပန်းစားလာကြတယ်၊ အဲဒီတော့ သူတို့စိတ်ထဲမှာလည်း ကြိတ်ပြိုင်နေကြတယ်၊ တစ်ယောက်က ရထားရင် နောက်တစ်ယောက်ကို မပေးဘူး၊ သူ့ဟာသူပဲ ဂိုးသွင်းသွင်းလိုက်တယ်။ ဗိုလ်လုပွဲမပြိုင်ခင် တစ်ညမှာတော့ နည်းပြက သူတို့နှစ်ယောက်ကို ခေါ်ပြောတယ်။ မင်းတို့နှစ်ယောက် ကစားနေပုံတွေကို တစ်ဖက်အသင်းက မြင်နေမှာပဲ၊ အဲဒါကို အခွင့်အရေးယူကြမှာပဲ၊ မင်းတို့ပြင်မှရမယ်၊ မင်းတို့ဟာ ငါတို့အသင်းရဲ့ အားအထားရဆုံး ကစားသမားတွေဖြစ်သလို ငါတို့အသင်းရှုံးနိမ့်ရမဲ့ တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်တယ် တဲ့။

နည်းပြက အဲ့လိုပြောသွားပေမဲ့လည်း မရပါဘူး။ တကယ်ကစားတော့ တစ်ယောက်နဲ့တစ်ယောက် မပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေကြတယ်။ ဟိုဘက်အသင်းက တစ်ဂိုးသွင်းထားလိုက်ပြီ၊ နောက်ဆုံးမိနစ်ရောက်လာတယ်၊ အဲဒီအချိန်မှာပဲ သူတို့အသင်း ဂိုးသွင်းဖို့ အခွင့်အရေးရတယ်။ တစ်ယောက်က သယ်လာတယ်၊ ဂိုးသမားနဲ့ ရင်ဆိုင်တွေ့တယ်၊ ဟိုဘက်မှာ ပြေးလိုက်လာတာက သူနဲ့ ပြိုင်ဘက်လိုဖြစ်နေတဲ့ ကစားသမား၊ ထိုးပေးလိုက်တာနဲ့ သေချာတယ်၊ ဂိုးပြီ။ ဂိုးသမားကတော့ အပိုင်တွက်ထားလိုက်တယ်၊ သူ ဟိုဘက်ကို ပေးမှာမဟုတ်ဘူး ဆိုပြီး သူသွင်းရင် ဖမ်းဖို့အတွက် ပြင်ဆင်ထားလိုက်တယ်၊ အဲဒီအချိန်မှာပဲ ဒီကစားသမားက ဟိုဘက်ကို လှမ်းပေးလိုက်တယ်၊ အဲဒီမှာတင် သူတို့ ချေပဂိုးရသွားတယ်၊ နောက်ဆုံး အနိုင်ရသွားပါတယ်။ သူတို့အသင်းအနိုင်ရခြင်းရဲ့ လျို့ဝှက်ချက်ကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း အဲဒါဟာ ငါတို့အသင်းအနိုင်ရတာပဲ ဆိုတာကို အဲဒီကစားသမားက သဘောပေါက်သွားလို့ပါပဲ။

၅)

အောင်မြင်မှုတိုင်း အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ပံ့ပိုးပေးသူ၊ ပေးဆပ် အနစ်နာခံသူတွေဆိုတာ ရှိကြရစမြဲပဲ။ မြန်မာပြည်လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍ အရေးပါသလို၊ လူမသိ သူမသိနဲ့ အသက်ပေးသွားရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း မေ့ထားလို့ မရဘူး။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ဂိုးသွင်းလိုက်တဲ့ တိုက်စစ်မှူးကို ချီးကျူးဖို့လိုသလို ဂိုးမပေးရအောင် စွမ်းစွမ်းတမံ ကာကွယ်ပေးသွားတဲ့ ဂိုးသမားကိုလည်း အသိအမှတ်ပြုပေးရမယ်။ အသိအမှတ်ပြုမှုတွေ မခံရတဲ့အခါ၊ အောင်ပွဲတွေမှာ လျစ်လျူရှုခံ ရပါများလာတဲ့အခါ တော်ရုံအသင်းအဖွဲ့စိတ်ဓါတ် ရှိပါတယ် ဆိုသူတွေတောင် ကြာတော့ စိတ်ပျက်လာတတ်တယ်။ လူဆိုတာ အတ္တရှိတဲ့ သတ္တ၀ါပဲကိုး။ အဲဒီအတွက် ချီးကျူးခံရတဲ့သူတွေအနေနဲ့ ငါ တော်လို့ ဒီလိုဖြစ်တာပဲ ဆိုတာထက် ကိုယ့်ကို ပံ့ပိုးပေးလိုက်တဲ့ နောက်ကွယ်ကလူတွေကို အသိအမှတ်ပြုပေးဖို့လည်း လိုပါတယ်။

၆)

Group ဆိုတာ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုတဲ့ အစုအဖွဲ့ပါ။

Team ဆိုတာကတော့ ငါတို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ လို့ ခံယူထားကြတဲ့ လူအစုအဖွဲ့ပါ။

Team work ဆိုတာက ၁ နဲ့ ၁ ပေါင်းတာပဲ ဆိုပေမဲ့ သူတို့နှစ်ဦးရဲ့ ပေါင်းစည်းမှုကြောင့် ထွက်လာတဲ့ ရလဒ်က ၂ ထက် ပိုနေတာကို ခေါ်ပါတယ်။ (1+1 = >2)

Team spirit ဆိုတာကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း ငါတို့အသင်း အနိုင်ရတာပဲ၊ အဲဒီလိုပဲ၊ ငါတို့ထဲက ဘယ်သူပဲမှားမှား အဲဒါဟာ ငါတို့အသင်း ရှုံးနိမ့်တာပဲ လို့ စွဲစွဲမြဲမြဲ ခံယူထားတာကို ဆိုလိုပါတယ်။

ပြောရရင် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အလိုအပ်ဆုံးဟာ အဲဒီအသင်းအဖွဲ့စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။

- - - - - - - - -
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ 

Friday, March 1, 2019

လူရာဝင်တယ်ဆိုတာ...



(ဆရာကြီးဦးအောင်သင်း)

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်
ဆိုတာက ပိုဆိုင်တတ်ပါတယ်။

ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုး
ဖြစ်ထွန်းစေလို့လဲ၊ ဒါတွေအားလုံးထည့်တွက်
ကြရမှာပါ။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။

အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။

လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။

၂။ ပတ်ဝန်းကျင်ကို ၀င်ဆန့်လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ၀င်ဆန့်နိုင်တဲ့ တတ္တ၀ါ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မယှဉ်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာသွားတာပါ။

၃။ သူများ အပေါ် သဘောထားကြီးခြင်း

လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဥာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဥာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။

၎။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်။

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။

၆။ ယဉ်ကျေးခြင်း၊

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာတာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊

၇။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း၊ 
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။

၈။ ကျေးဇူးတင်တတ်ခြင်း၊

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။

၉ ။ အချိန်တိကျခြင်း၊ 
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ်ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြုပြင်သင့်ပါတယ်။

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊ 
အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။

၁၁။ သီးခံတတ်ခြင်း၊

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။

၁၂။ ကတိတည်ခြင်း

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။ ။

ဆရာကြီးဦးအောင်သင်းအားလေးစားပါသည်။

#Credit_To_Org