Sunday, October 28, 2018

"ပါဝါ ၅၄ နှင့်အမွေမှု"





       ကုန်လွန်ခဲ့ပြီးသောဆယ်နှစ်ခန့်ကဖြစ်သည် ။ သက္ကရာဇ်အားဖြင့် ၂၀၀၀ ပြည့်နှစ်လောက်ကဖြစ်မည် ။ ၁၉၈၉ မှစကာဒေါ်အောင်ဆန်းစုကြည်သည် အများအားဖြင့် သူမ၏တန်ဖိုးရှိလှသော လူလတ်ပိုင်းအချိန်များကို နေအိမ်အကျယ်ချုပ်အကျဉ်းသားဘ၀ဖြင့် ကုန်လွန်ခဲ့ရသည် ။အကျဉ်းစံရသောနေရာကား တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် ၅၄ ။ ထိုအချိန်မှစကာ ထိုခြံ ထိုအိမ် ထိုနံပါတ်သည် မြန်မာပြည်သူများအတွက် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ရာ တော်လှန်ရေးဗဟိုချက်မအောင်မြေအဖြစ် အများပြည်သူတို့၏ရင်ထဲမှာစွဲနေတော့သည် ။ စစ်ထောက်လှမ်းရေးများကိုအလွန်ကြောက်ရွံ့ရသောခေတ်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟူသောနာမည်ကို လူကြားသူကြားထဲတွင် သိပ်မပြောရဲကြပေ ။ထိုအစား  ပြည်သူလူထုသည် The Lady ဟူ၍လည်းကောင်း ၊ Lady 54 ( အိမ်အမှတ် ၅၄ မှအမျိုးသမီး)ဟူ၍လည်းကောင်း ကိုယ့်အထိမ်းအမှတ်ဖြင့်ကိုယ်သာ ရည်ညွှန်းပြောဆိုရသည် ။အဆိုတော်လေးဖြူက ပါဝါ ၅၄ ဟုတေးစီးရီးအမည်ကိုပေးသည် ။ စာပေစိစစ်ရေးခွင့်မပြုသောကြောင့် ပါဝါ အမည်နှင့်ပဲ စီးရီးအမည်တပ်ခွင့်ရသည် ။  စစ်အာဏာရှင်ဆန့်ကျင်ရေး သည် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်သည် အိမ်အမှတ် ၅၄ ။ ထိုသုံးခုသည်ခွဲမရပဲ တပေါင်းတည်းဖြစ်နေသည် ။ ထိုအချိန်တွင် ကျွန်တော်တို့တဘ၀လုံးစောင့်မျှော်နေသူ လူတယောက်ထံမှ သတင်းစကားတခုစတင်ကြားရသည် ။

       ကျွန်တော်တို့သည် မည်သူကို တဘ၀လုံးစောင့်မျှော် ခဲ့ပါသနည်း ။၁၉၈၈ အရေးအခင်း ၊ ရှစ်လေးလုံးဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီး စတင်ကာစတွင် တိုင်းပြည်ကအမျှော်ကြီး မျှော်နေသူမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးကိုဖြစ်သည် ။ သူ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းလို မဟုတ်မခံ ၊မတရားတာကို ဆန့်ကျင်ရင်ဆိုင်လိုက်မည်ဆိုသောစိတ်နှင့်  ဂျပန်ဓားကြီးကိုမြိနေအောင်သွေး၍ ကိုင်ကာ စစ်အာဏာရှင်တွေကို အားကောင်းမောင်းသန်တော်လှန်ပြီး ၊ မြန်မာပြည်သူလူထုကို ခေါင်းဆောင်မှုပေးမလားဟု ထိုစဉ်က မြန်မာတပြည်လုံးအမျှော်လင့်ကြီးမျှော်လင့်ခဲ့သည် ။ အရှေ့တောင်အာရှ၏အချမ်းသာဆုံးနိုင်ငံတနိုင်ငံအဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ၂၆ နှစ်အတွင်းသက်ဆင်းရောက်ရှိခဲ့ရသော မြန်မာနိုင်ငံသားများမှာနိုင်ငံရေးအရချောင်ပိတ်နေပြီး ထိုစဉ်က ထွက်ပေါက်တခုမှာ ဆိုင်းပြည်ကိုဦးဆောင်မည့် ခေါင်းဆောင်ကောင်းကိုမျှော်လင့်နေကြချိန်ဖြစ်သည် ။

 ကျောင်းသားတို့၏သွေးဖြင့် ၊ ပြည်သူတို့၏ သွေးဖြင့် ခင်းခဲ့သောလမ်းပေါ်တွင် ပြည်သူကယုံကြည်ကိုးစားသောခေါင်းဆောင်အလိုရှိနေပေရာ ၊ထိုသူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးပင်ဖြစ်သည် ။ သို့သော် တိုင်းပြည်ကို စစ်တပ်ကသာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် အာဏာသိမ်းပြီး အရေးအခင်းကြီးတစစီ ကွဲကြေသွားခဲ့ရသည် ကျွန်တော်တို့အားလုံးမျှော်လင့်စောင့်စားနေသော ဦးအောင်ဆန်းဦးကတော့ မြန်မာပြည်သို့  ရောက်မလာခဲ့ပါ ။ မဟာမိတ်လေယာဉ်များက မီးဖို၍စောင့်ခိုင်းကာ ညစဉ် ရွာအပြင်မှ မီးပုံကြီးဖြင့်ထွက်စောင့်ရသော အင်္ဂလိပ်လေယာဉ်များထံမှလက်နက်ချပေးနိုးနိုး စောင့်မျှော်ရပြီး ဘာမှမယ်မယ်ရရမရလိုက်သည့် ဖက်ဆစ်တော်လှန်ရေးကာလမှ မြန်မာ့တော်လှန်ရေးသမားကြီးများလိုပင်  ဦးအောင်ဆန်းဦးကိုမျှော်လင့်ခဲ့ကြသော ၈၈ ခေတ်က မြန်မာမျိုးချစ်နိုင်ငံရေးအင်အားစုများမှာ အရေးအခင်းကြီးသာ ပြီးသွားသည် ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလိုပင် ဘာမှရေရေ ရာရာဖြစ်မလာပါချေ ။ ဦးအောင်ဆန်းဦး နေရာတွင် မိခင်ဖြစ်သူကိုပြုစုရန်မြန်မာပြည်ပြန်ရောက်နေရာမှ လူထုလှုပ်ရှားမှုထဲတွင် ၀င်ရောက်ပါဝင်လာသော ဒေါ်အောင်ဆန်းစုကြည်သည်သာ ဒီမိုကရေစီတိုက်ပွဲ၏ခေါင်းဆောင်ကောင်းဖြစ်လာခဲ့ပေသည် ။ သို့သော် ဦးအောင်ဆန်းဦးသည် မြန်မာပြည်ကိုပစ်ထားသည်တော့မဟုတ်ပါ ။ ၂၀၁၀ ခုနှစ်တွင် သတင်းစကားတခုနှင့်အတူ မြန်မာပြည်သို့ ရောက်လာပါသည် ။

      သူသယ်ဆောင်လာသောသတင်းစကားကလည်းအားရှိစရာကောင်းလှသည် ။ စစ်အစိုးရကို နေအိမ်အကျယ်ချုပ်အကျခံကာ အထီးကျန်နေ့ရက်များကိုဖြတ်သန်းရင်းရင်ဆိုင်တိုက်ပွဲဝင်အံတုနေသော နှမကလေးအတွက် အားဆေးသဖွယ် စိတ်ဓာတ်ခွန်အားမြှင့်ပေးသည်ကား ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်မိခင်ဒေါ်ခင်ကြည်တို့ပိုင်ဆိုင်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို အမွေခွဲဝေလိုမှုပေတည်း ။သာမန်မောင်နှမနှစ်ယောက်အမွေခွဲဝေယူလိုကြ၍တရားရုံးတွင်လျှောက်ထားသည်ဆိုလျှင် ထိုကိစ္စသည်သာမန်မျှသာဖြစ်သည် ။ ဘာမှမထူးခြား ။ ယခုတော့ ထူးခြားချက်ပေါင်းများစွာပါဝင်နေပေသည် ။ ထိုအိမ်သည် မြန်မာ့သမိုင်း၏တစိတ်တပိုင်း ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမီကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင် ကမ္ဘာကအာရုံပြုရသော ကမ္ဘာ့သမိုင်းဝင်နေရာ ။မောင်နှမနှစ်ယောက် နှင့်သာကွက်ကွက်လေးသက်ဆိုင်တော့သည်မဟုတ်သော ကမ္ဘာ့သမိုင်းဝင်နေရာဖြစ်ခဲ့ပြီ ။ ပစ္စုပ္ဖန်ရှိလျှင် အတိတ်ဆိုတာရှိသည် ။ အနာဂတ်ဆိုတာရှိသည် ။ အတိတ်ကိုပြန်ကြည့်ကြပါစို့  ။

          ယခုတက္ကသိုလ်ရိပ်သာလမ်း ခြံနှင့်အိမ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကို ပြတိုက်အဖြစ်အသုံးချလိုသောကြောင့် ဖယ်ပေးလိုက်ရာမှ  ၀န်ကြီးချုပ်ဦးနုဦးဆောင်သော အစိုးရက နိုင်ငံတော်အနေဖြင့် လျော်ကြေးပေး ၊ ၀ယ်ပေးခဲ့သောအိမ်ဖြစ်သည် ။ ဒေါ်ခင်ကြည်ကိုယ်တိုင်ကလည်း ခင်ပွန်းလည်းသေ၊ သားအလတ်အောင်ဆန်းဦးလည်းရေနစ်သေဆုံးခဲ့ရသောနေရာကြီးတွင် မနေချင် မကြည့်ရက်တော့သဖြင့် ပြောင်းရွေ့ လာခြင်းဖြစ်သည် ။ ဒေါ်ခင်ကြည်ဘ၀တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်လက်ထပ်ပြီးနောက်နေခဲ့ရသောအိမ်နှစ်လုံးစလုံးသည် မိမိဘာသာ အိမ်အသစ်ဆောက်နေသော အိမ်များမဟုတ်ခဲ့ ။ မိမိအရင်နေသွားသောသူများ ဆောက်လုပ်ပြီးသားကိုမှ (အိမ်အဟောင်းကို ) တက်နေရခြင်းဖြစ်သည် ။ တာဝါလိမ်းလမ်းတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်နေခဲ့သောအိမ်သည်လည်း အိမ်ဟောင်းကြီးဖြစ်သည် ။ ထိုအိမ်တွင် နဂိုက ဦးနေ၀င်း(ဗိုလ်ချုပ်နေ၀င်း)နေသည် ။ ဗိုလ်ချုပ်နေ၀င်းထိုတာဝါလိမ်းလမ်းအိမ်ကိုဘယ်လို ရလိုက်သလဲဆိုတာတော့မသိရပေ ။တန်ရာတန်ကြေးပေးဝယ်ပုံတော့မရ ။ အင်္ဂလိပ်အပြေး ၊ဂျပန်အ၀င် ဘရုတ်ဘရက်ကာလကြီးဝယ် ပိုင်ရှင်ထွက်ပြေးသွားသောာအိမ်ကိုအပိုင်စီးလိုက်ပုံရသည် ။ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းကိုနေစေသည် ။ ဗိုလ်နေ၀င်းကထိုအိမ်နှင့်မနီးမဝေး တောင်ကုန်းအောက်ဖက်ကအိမ်တအိမ်တွင်နေသည်ဆို၏ ။ တာဝါလိမ်းလမ်း(ယခုဗိုလ်ချုပ်ပြတိုက်လမ်း) ရှိဗိုလ်ချုပ်အောင်ဆန်းအိမ်ကြီးကိုကြည့်သောအခါ အိမ်ထဲတွင် David Star ဟုခေါ်သော ဂျူးလူမျိုးများ၏အထိမ်းအမှတ်ကြယ်ပုံများကိုသစ်သားတွင်ထွင်းထားတာကျွန်တော်သတိပြုမိခဲ့သည် ။ ဖြစ်နိုင်သည်က  ဂျူးလူမျိုးများနေထိုင်သွားသောအိမ်ဖြစ်နိုင်သည် ။ မကောင်းသော အငွေ့အသက်များသည်ထိုအိမ်တွင်ရှိနေသလိုခံစားရသည် ။ ဂျူးလူမျိုးတွေကသူတို့ပညာတွေဖြင့်လုပ်ခဲ့သလား ၊ ဦးနေ၀င်းပဲ ဗိုလ်ချုပ်အောင်ဆန်းကိုလွှဲမပေးခင်အစီအရင်တွေလုပ်ခဲ့သလားမပြောတတ်ပေ ။ အရမ်းကိုကြက်သရေရှိ၍စိတ်ပျော်ရွှင်စရာနေရာတခုမဟုတ်တာတော့သေချာသည် ။ ထိုအိမ်တွင်လူနှစ်ယောက်သေသည် (ဗိုလ်ချုပ်အောင်ဆန်းနှင့်အောင်ဆန်းလင်း) ။

       ဒေါ်ခင်ကြည်သည် ၁၉၅၃ တွင် ယခင်တာဝါလိမ်းလမ်းနေအိမ်မှ ယခုလက်ရှိဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာတက္ကသိုလ်ရိပ်သာလမ်းခြံအမှတ် ၅၄ သို့  ပြောင်းရွှေ့နေထိုင်သည် (အိမ်အသစ်မရမီစပ်ကြား ပြည်ထောင်စုရိပ်သာတွင် ခေတ္တနေရသေးသည် ) ။နောက်ပြောင်းသောဤအိမ်သည်လည်း အသစ်ဆောက်ခြင်းမဟုတ် ၊ မူလအိမ်ကြီးကို ၁၉၂၀ လောက်က စတင်ဆောက်ခဲ့ပြီး မူလပိုင်ရှင်အိန္ဒိယနွယ်ဖွားတဦးလက်မှနေ၍ မြန်မာတိုင်းရင်းဆေးလုပ်ငန်းရှင်တဦးလေလံဆွဲဝယ်ယူခဲ့သည်ဟုသိရကြောင်း ဦးခွန်သာမြင့်ကပြောသည်ဟု ဘီဘီစီသတင်းတရပ်တွင်ဖော်ပြခဲ့သည် ။ မည်သို့ရှိစေ ထပ်မံလေလံပစ်စဉ်အစိုးရက၀ယ်လိုက်ပြီး ဒေါ်ခင်ကြည်ကိုပေးခဲ့ခြင်းဖြစ်သည်ဆို၏ ။ 

သို့သော် ထိုအိမ်၏မူဘဘူတအစကိုသိသူ အဆက်အနွယ်တယောက်ဖြစ်သော ၀တ်ရည်ဖြူ ရေးထားသော စာတပုဒ်ကိုလည်းစိတ်ဝင်စားဖွယ်ဖတ်ရသည်။ဝတ်ရည်ဖြူ (Wutyi Phyu ဖေ့ဘွတ်ကောင့်ပိုင်ရှင် ) ရေးထားသည့်အဆိုအရ ထိုတက္ကသိုလ်ရိပ်သာလမ်းခြံအမှတ် ၅၄ ကို သူ၏အဘွား (သူ့အဖွားဒေါ်အုန်းကြည်၏အမေ) ဒေါ်အေးခင်ကိုယ်တိုင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဆို၏ ။အင်းလျားကန်စပ်မြေ ၂ ဧကခန့်ကို ကာလပေါက်ဈေး ရှစ်သောင်းကျပ်နှင့်ဝယ်ပြီး အင်္ဂလန်မှ ဗိသုကာကို ဒီဇိုင်းအပ်နှံ၍တည်ဆောက်ခဲ့ရာ ကျပ်ငွေ တသိန်းခွဲ ကုန်ကျခဲ့သည်ဆို၏ ။ဤအိမ်ကိုဆောက်ခဲ့သူအဘွားဒေါ်အေးခင်၏ခင်ပွန်း ဦးကံမြင့်ဆုံးပါးသွားချိန်မှာ ဦးကံမြင့်၏ညီအရင်းဖြစ်သူ ဦးသိန်းမောင်နှင့်လက်ဆက်ခဲ့သည်ဟုပြောပေသည် ။ စစ်ကြီးပြီးသွားချိန်တွင် (ပထမကမ္ဘာစစ်လား၊ဒုတိယကမ္ဘာစစ်လား ရေးမထားပါ) ဦးသိန်းမောင်သည် စစ်တွင်းလက်ကျန်ပစ္စည်းများကို လေလံတင်ရာ လုပ်ငန်းတွင်စီးပွားရေး လုပ်လိုသဖြင့် ဇနီးဖြစ်သူ ဒေါ်အေးခင်အား တိုင်ပင်ရာဇနီးမှသဘောမတူသဖြင့် ခြံအမှတ် ၅၄ အိမ်ဂရံကိုပေါင်၍ စီးပွားရေးလုပ်ကိုင်ရန်ကြိုးစားခဲ့သည် ။ ဒေါ်အေးခင်မကျန်းမာခိုက် လက်မှတ်အစားထိုးကာ ဘဏ်တွင်ပေါင်နှံခဲ့သည်ဆို၏။ ထိုအတောအတွင်းဒေါ်အေးခင်မှာ နာမကျန်းဖြစ်ကာ အသက် ၅၀ မပြည့်မီအရွယ်တွင်ဆုံးပါးသွားခဲ့သည်ဆို၏။ ဦးသိန်းမောင်ရော ဒေါ်အေးခင်ရော သူတို့ဆောက်ခဲ့သောအိမ်ကြီးတွင်သက်တမ်းစေ့မနေခဲ့ရပဲ ကွယ်လွန်ခဲ့ကြသည် ။ ၁၉၅၀ ၀န်းကျင်တွင် လက်ရှိနေအိမ်ကိုဗိုလ်ချုပ်ပြတိုက်လုပ်မည်ဖြစ်သဖြင့် ဒေါ်ခင်ကြည်ကိုအိမ်အစားပေးရန် မည်သည့်နေရာတွင်နေလိုကြောင်း ဦးနုအစိုးရမှမေးမြန်းရာ  ရေကန်စပ်နှင့်အိမ်အမျိုးအစား ကိုနှစ်ခြိုက်ကြောင်းပြောခဲ့သည်ဆို၏ ။ ထိုအချိန်တွင် ရန်ကုန် အင်းလျားကန်စပ်တွင် ဆောက်လုပ်ထားသော အိမ်မှာ သုံးလုံးတိတိသာရှိသည်ဟုသိရသည် ။ အိမ်တလုံးမှာ သတင်းစာသမားတဦး၏အိမ် ၊ တခုမှာ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားသောအိမ် နှင့် တခုမှာ မ၀တ်ရည်ဖြူ၏အဘွားဖြစ်သူ ဒေါ်အေးခင်တို့လင်မယားဆောက်ထားခဲ့သောအိမ်ဖြစ်သည် ။ ဒေါ်အေးခင်ကွယ်လွန်ချိန်တွင် ဘဏ်တွင် ပေါင်ထားသောဂရံကို ငွေကြေးအလုံအလောက်နှင့် ရွေးရန်ကြိုးစားသော်လည်း အခက်အခဲများကြောင့်မရွေးနိုင်တော့ပဲ ၀န်ကြီးချုပ်ဦးနုမှတဆင့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် ၏လက်ထဲသို့ ရောက်ခဲ့ကြောင်း ပြန်ပြောင်းရှင်းပြထားပါသည် ။ ဒေါ်အေးခင် ၏သမီးအရင်း ဒေါ်အုန်းကြည် နှင့်ခင်ပွန်းဦးကျင်သောင်းတို့ သည် သားသမီးငါးဦးကို ယခုခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင်ပဲမွေးဖွားခဲ့ပြီး ထိုသားသမီးငါးယောက်အနက် လေးယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း ။ နောက်တော့ သူတို့ မိသားစု ဆရာစံလမ်းအိမ်သစ်သို့ ပြောင်းရွေ့ ခဲ့ကြကြောင်းရေးသားထားပါသည် ။ ဆရာစံလမ်းရောက်မှသူ့ မိခင်နှင့်သူ့ အဒေါ်ကိုမွေးဖွားကြောင်း ဒေါ်ဝတ်ရည်ဖြူ ကရေးသားထားပါသည် ။

သူပြောသလိုဆိုလျှင် ထိုအိမ်သည် အိန္ဒိယအနွယ်များဆောက်ခဲ့ခြင်းဆိုသောစကားနှင့်ကွဲလွဲနေသည် ။ မြန်မာစစ်စစ်မိသားစုများ မူလဘူတကဆောက်လုပ်နေထိုင်ခဲ့ခြင်းဖြစ်သည် ။ထို့နောက်မှ ဘဏ်တွင်အပေါင်ဆုံး ၊ ထိုအပေါင်ဆုံးအိမ်ကို ဦးနုအစိုးရကနိုင်ငံတော်ငွေဖြင့်ဝယ် ၊ ထို့နောက်ဒေါ်ခင်ကြည်မိသားစုကိုပေးအပ်ခဲ့သည်ဆိုသောသမိုင်းကိုမြင်လာရပါသည် ။ ဤနေရာတွင် ဖေ့စ်ဘွတ်တွင်ရေးချင်ရာလျောက်ရေးတင်သောသူတယောက်၏စကားကို အလွယ်တကူယုံသလားဟူသောမေးခွန်းရှိနိုင်ရာ ကျွန်တော်သည် စကားတခွန်းကိုအလွယ်မယုံတတ်ပါ။ သို့သော် ဒေါ်ဝတ်ရည်ဖြူ ရေးပြထားသောစာတွင် စာချည်းပဲမဟုတ်ပဲ ဓာတ်ပုံအထောက်အထားတွေများစွာလဲပါဝင်ပါသည် ။ ထိုဓာတ်ပုံများထဲတွင် ၁၂.၁၀.၁၉၄၇ နေ့စွဲထိုးထားသော ဓာတ်ပုံတပုံပါရာ အမျိုးသမီးတယောက်သည်ကလေးချီထားပြီး ယခုခြံအမှတ် ၅၄ အိမ်ဟုယူဆရသော တိုက်ကြီးကိုနောက်ခံပြူ၍ရိုက်ထားသော ဓာတ်ပုံတပုံကိုတွေ့ ရပါသည် ။ ထိုဓာတ်ပုံတွင် အဖွား ခြံအမှတ် ၅၄ တွင် အိမ်နောက်ခံနှင့်ဟုရေးထားပါသည် ။ လုပ်ကြံထားသောပုံမဟုတ်ပဲ မူရင်းဆေးသားမှန်းသိသာနိုင်သောဓာတ်ပုံအဟောင်းတပုံဖြစ်သည်။ နောက်တပုံမှာ အဖိုးနဲ့အဖွား ခြံအမှတ် ၅၄ တွင် အင်းလျားကန်နောက်ခံနှင့် ဟုရေးထားသောဓာတ် ပုံဖြစ်ပါသည် ။ ထို့အပြင်ရေကန်စပ်တွင်လှေလှော်နေသောဓာတ်ပုံ ၊ ခြံအမှတ် ၅၄ အိမ်ကြီးထဲတွင် မင်္ဂလာဆောင်စဉ်ရိုက်ထားသော ပုံများလဲတင်ပြထားပါသည် ။ စိတ်ဝင်စားဖွယ်ကောင်းသော ရေးသားချက်မှာ “ဤအကြောင်းများဖော်ပြရာတွင် သမိုင်းရေးရာတွင် ဖယ်ချန်၍မရသော အမွေအနှစ်တခု အကြောင်းပိုမိုသိရှိစေချင်ခြင်း ၊ မိမိအဘိုးအဘွားများ ဆောက်ခဲ့၍ဂုဏ်ယူခြင်း၊ ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍများတွင်အထောက်အပံ့ဖြစ်ခဲ့ခြင်းကြောင်း မိမိဘ၀တွင် အမှတ်တရဖြစ်ခဲ့ရခြင်း တို့သာစိတ်ထဲတွင်ရှိပါသည် ။ မည်သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးကျော်ကြားရေး အကျိုးအမြတ်တစုံတရာ ပါဝင်ပတ်သက်လိုမှု တစိုးတစေ့မှမရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင် “ ဟုရေးသားထားလေသည် ။ ရှင်း၏ ။ ဤအိမ်ကိုဘယ်သူဆောက်ခဲ့သည် ။ မည်သို့မည်ပုံ ဦးနုအစိုး၇လက်ရောက်ခဲ့သည် ။ ထိုမှ မည်သို့မည်ပုံ ဒေါ်ခင်ကြည် တို့မိသားစုလက်ထဲသို့ရောက်သွားရပုံကို သမိုင်းကြောင်းပြောပြချင်စိတ်သာရှိပြီးအခြား အရှုပ်အရှင်းလုပ်လိုစိတ်မရှိဟု မူလအိမ်ရှင်မိသားစု၏အဆက်အနွယ် တဦးကဖော်ထုတ်ခြင်းဖြစ်၏ ။

      ဤနေရာတွင်တူညီမှု တွေများစွာကိုတွေ့ ရသည် ။ ဤအိမ်ကိုဆောက်ခဲ့သည်၊ နေခဲ့ဖူးသည်ဆိုသော အဆက်အနွယ်များကလည်း ဤခြံကြီး၊ဤအိမ်ကြီးသမိုင်းဝင်အိမ်ကြီး ဖြစ်နေပြီ ဆိုတာ ကိုလက်ခံ၏ ။ တန်ဖိုးထား၏ ။ ဤအိမ်တွင်မနေဖူးသော်လည်း မြန်မာနိုင်ငံသားတော်တော်များများကလည်း ဤအိမ်ကြီး ဤခြံကြီးသည် မြန်မာ့သမိုင်းဝယ် တန်ဖိုးကြီးလှသော အခန်းကဏ္ဍမှပါဝင်နေသည်ဆိုခြင်းကို လက်ခံတန်ဖိုးထားကြ၏ ။ နိုင်ငံတကာကလည်း ဤအိမ်ကြီး ဤခြံကြီးသည် စစ်အာဏာရှင်စနစ်ကို အားနွဲ့သောအမျိုးသမီးတဦးက အကြမ်းမဖက်ပဲ ဆန့်ကျင်တော်လှန်အောင်ပွဲခံခဲ့ရာ လူသားအားလုံးနမူနာယူရမည့်အောင်ပွဲ ရခဲ့ရာသမိုင်းဝင်နေရာ ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့  ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့  ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာ၇ီကလင်တန်တို့  ဥရောပ ၊အမေရိက၊အာရှ နှင့်တကမ္ဘာလုံး မှ လွှတ်တော်အမတ်များ ၊ထင်ရှားကျော်ကြားသူများ ဒေါ်အောင်ဆန်းစုကြည်နှင့်တသားတည်း၇ှိကြောင်းလာရောက် သွေးစည်းညီညွတ်မှုကိုပြသခဲ့ကြသည့် တကယ့်အဓိပတိသမိုင်းဝင်နေရာဆိုတာကို အသိအမှတ်ပြုလေးစားတန်ဖိုးထားခဲ့ကြပါကုန်၏ ။

     သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုအရင်းဖြစ်သူက ဤစိတ်ဓာတ်မျိုးမထားနိုင်ပဲ ခြံကြီးကို အပြုတ်ဖြုတ်ရန် ၊ သမိုင်းကိုမြေလှန်ရန် ဒေါ်လာသန်း ၉၀ တန်သည်ဟု ခန့်မှန်းကြသည့် ခြံကိုလေလံပစ်ပြီး ရသောပိုက်ဆံကိုတယောက်တ၀က်ဝေယူရန် တရားလွှတ်တော်ချုပ်ထံအယူခံတက်ခြင်းကတော့ အံ့သြဘနန်းဖြစ်ရပ်ဆန်းဖြစ်သည် ။ တကယ်ဆိုလျှင် လူတိုင်းလူတိုင်းမည်သူမဆို ကိုယ့်နှမလေးကို လက်နက်အားကိုး တစိမ်းသူတွေက အနိုင်အထက်ချုပ်နှောင်ဖမ်းဆီးထားပါလျှင် အစ်ကိုဖြစ်သူသည် ကိုယ့်နှမလေးကိုအနိုင်ကျင့်သူတွေအား ဒေါသပေါက်ကွဲကာ ရင်ဆိုင်တိုက်ခိုက်ကြစမြဲဖြစ်ပါသည် ။ ကိုယ့်ညီမလေးကို အနိုင်ကျင့်နှိပ်စက်ညစ်ပတ်နေကြသော လူတစုနှင့်မည်သူကမှ ဖက်လှဲတကင်း ငယ်ပေါင်းကြီးဖော်သဖွယ် တပူးတွဲတွဲ လုပ်နေမည်မဟုတ်ပါပေ ။ သွေးသည်ရေထက်ပြစ်သည်ဆိုသော စကားပုံ ၊အရေးကြီးတော့သွေးနီး၊ လက်သည်းဆိပ်တော့လက်ထိပ်နာ ဆိုသော စကားပုံများအရ လူဟူသမျှ မိမိသွေးရင်းသားရင်းဘက်သို့ သာအရေးအရာပေါ်တော့ နာတတ်ကြစမြဲ ၊ပါတတ်ကြစမြဲဖြစ်သည် ။ ရန်သူဘက်သို့ပါသော အစ်ကို ဟူ၍ကား ရှားပါးပေမည် ။ ဦးအောင်ဆန်းဦးက ရှားရှားပါးပါးပင် နှမဒုက္ခရောက်နေချိန်၌ အမွေရလိုမှုဖြင့် နှမဖြစ်သူကိုတရားစွဲ၏ ။ မိမိရပိုင်ခွင့်ကိုတောင်းသည်ဟုဆိုကာခွင့်လွှတ်၍ရနိုင်သေး၏ ။ သို့သော် ၂၀၀၃ ခုနှစ်တွင် ဦးအောင်ဆန်းဦး ပုဂံ အလိုပြည့်ကျောင်းတိုက်တွင်ရဟန်းခံသောအခါ ဆံချရာ၌ ဗိုလ်ချုပ်ခင်ညွန့်လင်မယားက ဆံချသောပုဝါကိုကိုင်ထားသည့်ဓာတ်ပုံများတွေ့ရခြင်းကား မောင်နှမနှစ်ယောက်၏ လမ်းစဉ်သည် ပြဒါးတလမ်းသံတလမ်းတွင်ရှိနေပုံကိုမီးမောင်းထိုးပြသလိုရှိပါတော့သည် ။

မိမိနှမအပါအ၀င် ရဟန်းရှင်လူကျောင်းသားပြည်သူများစွာကို ဖမ်းဆီးအကျဉ်းချကာ ဘ၀တွေပျက်အောင်လုပ်ခဲ့သော ၊ ဒီမိုကရေစိတောင်းဆိုဆန္ဒပြသူများကို နည်းမျိုးစုံဖြင့်ရက်ရက်စက်စက်ဖြိုခွင်းခဲ့သော အာဏာသိမ်းခေါင်းဆောင်စစ်ဗိုလ်ချုပ် တဦးဖြစ်သော ဗိုလ်ချုပ်ခင်ညွန့် ရာထူးအာဏာရှိနေချိန်တွင် ဦးအောင်ဆန်းဦးနှင့် နီးကပ်စွာရှိနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက မြန်မာနိုင်ငံသားအားလုံး၏ရင်ဝကိုခြေအစုံဖြင့်ဆောင့်ကန်လိုက်သလိုရှိခဲ့ပါတော့သည် ။ သြော် သူကဗိုလ်ခင်ညွန့်လူပဲ ၊ သြော်သူက ဗိုလ်သန်းရွှေတို့ဘက်တော်သားပဲ ဟု လူတွေကငိုင်ကုန်ကြသည် ။ ငါတို့ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သားက စစ်အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ တဖွဲ့တည်းပါလားဟုလူတွေကထင်ကုန်တော့သည် ။ထင်သောအခါ အရာရာကိုဆက်စပ်စဉ်းစားတော့သည်။ ။မကြာမီ ပုဂံမြို့တောင်ဘီရွာတွင် သုံးဆောင်ပြိုင်အိမ်ကြီးဖြင့် ဦးအောင်ဆန်းဦး၏အိမ်ဂေဟာဧရာမကြီးပေါ်လာသည် ။ ထိုအိမ်သည်လည်း မည်သူ့အမည်ပေါက်လဲ လူတွေကသိချင်သည် ။ မည်သူကမည်သူ့ကို မည်သို့ပေးလိုက်သလဲ ။ ရိုးရိုး အရောင်းအ၀ယ်ဖြင့်ရွာမြေကိုဝယ်၍ တိုက်ဆောက်တာလား ။ စစ်အစိုးရလက်ထက်က အထူးအခွင့်အရေးဖြင့်မြေကွက်ပေးလိုက်တာလား ၊ လူတွေကစဉ်းစားကြသည် ။ပုဂံတွင်အခြားနိုင်ငံခြားသားတွေ ဧရာဝတီမြစ်ကမ်းတလျောက်မြေကွက်တွေလာဝယ်ပြီး အဲဒိလိုအိမ်ကြီးတွေဆောက်နေရင်ရော  ဥပဒေကခွင့်ပြုသလား မေးစရာတွေရှိ၏။    

              အမွေတောင်းတာရော စစ်အာဏာရှင်တွေ အလိုကျဆောင်ရွက်နေတာလား၊ ဒီခြံကြီးကို မြင်တိုင်း စစ်အာဏာရှင်ဟောင်းတွေ ကေးဝဋ်ပုဏ္ကား နဖူးကအမာရွတ်စမ်းမိသလိုဖြစ်ပြီး အပျောက်ရှင်းချင်လို့  ဦးအောင်ဆန်းဦးကတဆင့်လေလံပစ်ခိုင်းနေတာလား ဟုလူတွေကတွေးစပြုလာကြသည် ။ခြံအမှတ် ၅၄ ကို ၅ +၄ = ၉ ရ၏ ။ အောင်ဆန်းစုကြည်ဆိုသော နာမည်တလုံးခြင်းကို အ+ဆ+စ+က ပေါင်းကြည့်လျှင်လည်း ၁+၃+၃+၂ = ၉ ရသည် ။ ခြံနံပတ် ၉ ဂဏန်းနှင့်လူအမည် ၉ ဂဏန်း ၉+၉ =၁၈ = ၉ ပင်ရသည်ဟု ဗေဒင်ဆရာ တယောက်က တွက်ပြဖူးပါသည် ။ထို့ကြောင့် ထိုခြံကြီးသည် စစ်အာဏာရှင်များအလွန်ယုံကြည်သော  ၉ ဂဏန်း ကိုက်နေသဖြင့် အမြစ်ပြတ်အောင် လုပ်ချင်ကြကြောင်းလဲ ပြောကြ၏။ ဦးအောင်ဆန်းဦးပြောသလိုလေလံတင်ရောင်းလျှင် ၀ယ်မည့်သူများမှာ ထိုခြံကိုမရရအောင်ဝယ်ပြီး သူတို့ ရအောင်ကြံကြမည်ဖြစ်သည် ။ ၂၀၁၀ တွင်ခြံအမွေတ၀က်ရလိုမှုဖြင့် စပြီးတရားစွဲရာ တရားစီရင်ရေးအဖွဲ့သည် ထိုအမှုကိုလက်မခံပယ်ချခဲ့၍အံ့သြရသေးသည် ။ နိုင်ငံခြားသားခံထားသူသည် မြန်မာနိုင်ငံ၌ မြေပိုင်ဆိုင်ခွင့်မရှိဟူသောသုံးသပ်ချက်ဖြင့်ပယ်ချသည်ဟုလည်းကြားရသည် ။ ၀ီကီပီးဒီးယားအွန်လိုင်းစွယ်စုံကျမ်းအပါအ၀င် သတင်းရင်းမြစ်တော်တော်များများက ဦးအောင်ဆန်းဦးကို အမေရိကန်နိုင်ငံသားဟုဖော်ပြကြသည် ။ ဦးအောင်ဆန်းဦးဘက်ကလည်းတခါမှ အမေရိကန်နိုင်ငံသားမဟုတ်ပါဘူးဟုငြင်းတာလည်းမတွေ့ ဖူးချေ။ ထိုကိစ္စကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အများပြည်သူသိအောင် တရားဝင်ထုတ်ပြန်ပေးသင့်သည် ။ ဦးအောင်ဆန်းဦးသည်အကယ်၍ အမေရိကန်ုနိုင်ငံသား ဖြစ်နေသည်ဆိုလျှင်  ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက တက္ကသိုလ်ရိပ်သာလမ်းရှိ မိခင်ဒေါ်ခင်ကြည် အမည်ပေါက် မြေအကျယ် ၁.၉၂၃ ဧက နှစ်ထပ်တိုက်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ် တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးအတွက် တဝက်စီခွဲဝေဖို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းသည် သွေးရိုးသားရိုးဟုတ်မဟုတ် ၊ တရားစီရင်ရေးအပေါ်စစ်အစိုးရ၏ ၀င်ရောက်စွက်ဖက်ဖိအားပေးမှုပါမပါကို ပြန်လှန်စစ်ဆေးသင့်လှတော့၏ ။ စစ်ဆေးနည်းမှာ ၂၀၀၀ ခုနှစ်က အမွေခွဲဝေလိုမှုကိုတရားရုံးကလက်မခံပယ်ချခဲ့ပြီး ၂၀၀၆ ရောက်ကာမှ တ၀က်စီယူစေဆိုခြင်းမှာ ဥပဒေနှင့်ညီညွတ်မှုရှိမရှိ ။ အကယ်၍ တရားပြိုင်မှာနိုင်ငံခြားသားဖြစ်ခဲ့လျှင် ထိုနိုင်ငံခြားသားသည် မြေကို ပိုင်ဆိုင်ခွင့်ရှိမရှိ ဆိုသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကအယူခံတက်သင့်လှ၏ ။ ယခုသော် အမှုကပြောင်းပြန်ဖြစ်နေသည် ။ 

အယူခံတက်ရမည့်ဒေါ်အောင်ဆန်းစုကြည်က အယူခံမတက်ပဲ ၊ မြေတ၀က်ရယူစေဟု ဆုံးဖြတ်ပေးခံရသော ဦးအောင်ဆန်းဦးဘက်က တဆင့်တက်ကာ အားလုံးရောင်းပြီးပိုက်ဆံခွဲဖို့ ပြောနေခြင်းသည် နည်းနည်းတော့ပြောင်းပြန်ဖြစ်နေသလိုရှိ၏ ။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် တရားစီရင်ရေးသည် မည်သူ၏ အနှောင်အဖွဲ့မှမရှိပဲ လွတ်လပ်စွာစီရင်နေပါသည်ဟု ယုံကြည်လျှင် ခြံကိုလေလံပစ်မည့်ကိစ္စကို သာမက ထိုခြံ၏တ၀က်ကို ဦးအောင်ဆန်းဦး ရထိုက်သည်ဟု ၂၀၀၆ စစ်အစိုးရလက်ထက်က ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဦးအောင်ဆန်းဦးသည်အမေရိကန်နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖော်ထုတ်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဆုံးတိုင်ဥပဒေတိုက်ပွဲဆင်နွဲသင့်ပါကြောင်း။



စောင့်ကြည့်ဂျာနယ်
၂၆.၁၀.၂၀၁၈

Saturday, October 27, 2018

"ဇေယျာမြေ"



စေတီမျိုးမျိုး ၊ ပုထိုးသွယ်သွယ်
ဂူဝယ်စားစား ၊ များလျားချောင်ကျောင်း
လျှိုမြောင်အောင်းသည့် ၊ အပေါင်းထေရ်မွန်
သီလ၀န်သံဃာ ၊ သူတော်စွာတို့
သိက္ခာကျင့်ဆောင် ၊ လိုဏ်ကျောင်းချောင်နှင့်
တန်ဆောင်ဘုံနန်း ၊ ဤသင်္ခမ်းဝယ် ၊
တောင်တန်းစိမ်းမြ ၊ တောလည်းလှသည် ၊
သာစွမြိုင်ခြေ ၊ ဇေယျာမြေ ။

တောလမ်းစုံထွေ ၊ တောင်ရစ်ခွေ၍
အေးရေအလှူ  ၊ သီတဂူနှင့်
ကြည်ဖြူ သည့်တောင် ၊ တရားချောင်က
လျှိုမြောင်မြိုင်နန်း ၊ ရှုမခန်းသည်
သာဆန်းဘုံဗွေ ၊ ဇေယျာမြေ။

ကျောက်သားထပ်ထပ် ၊ ပန်းကလပ်သို့
ထွတ်မြတ်သေလာ ၊ အောင်မြေချာဝယ်
ရောက်လာအများ ၊ ခရီးသွားတို့
အင်အားနွမ်းလျ ၊ မရွှင်ပျလည်း
ချို မြကြည်ရေ၊ သောက်မိလေလျှင်
ညှိုးခွေနုံးနောက် ၊ တွေဝေပျောက်သည်
ထွန်းတောက်ဖြူ ရွှေ ၊ ဇေယျာမြေ။

တောင်တန်းသွယ်သွယ် ၊ ရောင်ဆန်းခြယ်သည့်
တောလယ်ကိုဖြတ် ၊ ရေကြည်ပြတ်လျှင်
တစ်ရပ်ကဆွေ ၊ စိတ်မဝေနှင့်
တို့ရေအလှူ  ၊ သီတဂူက
ကြည်ဖြူ ချိုအေး ၊ အသင့်ပေးပြီ
ချမ်းအေးမြိုင်ခြေ ၊ ဇေယျာမြေ။

ဆူဆူထေရ်မွန် ၊ ပညာဝန်တို့
ဟောညွှန်ချို မြ ၊ မြတ်ဓမ္မဟူ
အမြိုက်လှူ ၍၊
သင်ယူပို့ချ ၊ ရွတ်အံကြသည်
ဓမ္မအသံ ၊ တောင်လုံးညံခဲ့
ဝေယံစွင့်စွင့် ၊ မိုးသို့မြင့်သည့်
ရှင်ပင့်ကိုယ်စား ၊ စေတီဖျားမှ
တွဲလျားခတ်ညံ ၊ ဆည်းလည်းသံလည်း
အတုလံဗုဒ္ဓ ၊ မိန့်ခြွေဟသည့်
ဓမ္မအသံ ၊ ဘ၀ဂ်လျှံသို့
မြိုင်ယံတကြော ၊ ဖြစ်အံ့သြသည်
သာမောဌာနေ ၊ ဇေယျာမြေ။

~ ဉာဏ်စိုး (သီတဂူ)

****ဉာဏ်စိုး (သီတဂူ) သည် သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿ     ရ ၏ ကလောင်နာမည်ခွဲတစ်ခုဖြစ်သည်။


Friday, October 26, 2018

တောင်ကြီး ပဲသီးသုပ် - သက်သတ်လွတ်ခရမ်းသီးပေါင်း - ကြက်ကြွပ်အစပ်ဟင်း - ယိုးဒယားငါးချိုချဉ် (Sweet & Sour Fish)


တောင်ကြီး ပဲသီးသုပ်

ပါဝင်ပစ္စည်းများ
တောင်ကြီးပဲသီး (ပဲပုစွန်)  -  ၃၀ဝ ဂရမ်
ကြက်သွန်နီ  -  ၁၁၀ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ  -  ၂၅ ဂရမ် (ထောင်းထားပါ)
ဆီ  -  စားပွဲဇွန်း ၅ ဇွန်း
ပဲမှုန့်အကျက်  -  စားပွဲဇွန်း ၁ ဇွန်း
မြေပဲလှော်  -  စားပွဲဇွန်း ၂ ဇွန်း (ထောင်းထားပါ)
ပုစွန်ခြောက်  -  စာပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)
ငံပြာရည်  -  စာပွဲဇွန်း ၁ ဇွန်း
ဆား -  အနည်းငယ်
ငရုတ်သီးလှော်မှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
မြေပဲထောင်း  -  အနည်းငယ်


ပြုလုပ်နည်း
၁။ ပဲသီးကို သန့်ရှင်းအောင် ဆေးပြီး နူးအောင်ပြုတ်ပါ။
၂။ ဆီအိုးတည်ပြီး ဆီပူသည်နှင့် ပါးပါးလှီးထားတဲ့ ကြက်သွန်နီထည့်ပြီး ကြော်ပါ။
၃။ ကြက်သွန်နီကြွပ်ခါနီးမှာ ကြက်သွန်ဖြူ ထည့်ကြော်ပါ။ ရွှေဝါရောင်သန်းလျှင် မီးဖိုပေါ်က ချပါ။
၎။ ပြုတ်ထားတဲ့ ပဲသီးကို ပါးပါးပြန်လှီးပြီး အသုပ် သုပ်မယ့် ဇလုံကြီးထဲ ထည့်ပါ။ ပြီးလျှင် မြေပဲလှော်၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်း၊ ဆီချက်၊ ငံပြာရည်နှင့် ဆားတို့ကို ထည့်ပြီး နယ်ပါ။
၅။ အစပ်ကြိုက်ပါက ငရုတ်သီးလှော်မှုန့်ထည့်ပြီး နယ်ပါ။
.....................................
MyintOoTha

သက်သတ်လွတ်ခရမ်းသီးပေါင်း


ပါဝင်ပစ္စည်းများ
ခရမ်းသီး (အလုံးကြီး)  -  ၁ လုံး
မှို (ပြုတ်ပြီး)  -  ၅ ပွင့်
ကြက်သွန်နီ -  ၁ လုံး
ကြက်သွန်ဖြူ  -  ၄ မြွှာ
ငရုတ်သီး (နီ/စိမ်း)  -  ၄ တောင့်
ကြက်သွန်မြိတ်  -  အနည်းငယ်
ပဲငံပြာရည် (အကြည်)  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည် (အနောက်)  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား  -  အနည်းငယ်
ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
နှမ်းဆီမွှေး  -  အနည်းငယ်

ပြုလုပ်နည်း
၁။ ခရမ်းသီးကို အကွင်းလိုက် မထူမပါး လှီးဖြတ်ထားပါ။
၂။ ဇလုံတစ်လုံးထဲ ကြက်သွန်ဖြူ/နီ (နုပ်နုပ်စဉ်း)၊ ငရုတ်သီး (တစ်ခြမ်းခြမ်း)၊ အရသာများ၊ ပဲငံပြာရည်များ၊ နှမ်းဆီမွှေးထည့်ပြီး အရသာပြုလုပ်ပေးပါ။
၃။ ပြီးလျှင် လှီးထားတဲ့ ခရမ်းသီး၊ မှိုတို့ပေါ်မှာ လောင်းထည့်ပြီး ၁၀ မိနစ်ခန့် ပေါင်းပါ။
၎။ ခရမ်းသီးနူးပြီး အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)

 ကြက်ကြွပ်အစပ်ဟင်း


ပါဝင်ပစ္စည်းများ

ကြက်သား  –  ၄၀ဝ ဂရမ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ကြက်သားမှုန့်  –  စားပွဲဇွန်း ၁/၃ ဇွန်း

ငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဟင်းအနှစ်ချက်ရန်

ကြက်သွန်နီ  –  ၃ လုံး

ကြက်သွန်ဖြူ – ၅ မြွှာ

ချင်း  –  အနည်းငယ်

ခရမ်းချဉ်သီး  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

ငရုတ်သီး (အနှစ်)  –  စားပွဲဇွန်း ၁/၃ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ပြုလုပ်ပုံနည်း

၁။       ကြက်သားကို အနေတော်အတုံးများတုံးပြီး အရသာနယ်ကာ ဆီပူပူမှာ ကြွပ်ပြီး ကျက်သည်အထိ ကြော်ပါ။

၂။       ပြီးလျှင် ဆီစစ်ထားပါ။

၃။       အနှစ်ချက်ရန်အတွက် ကြက်သွန်ဖြူ/နီ၊ ချင်းကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပါ။ အရသာများနှင့် ရေထည့်ပေးပါ။ ပြီးလျှင် ကြော်ထားတဲ့ ကြက်သားထည့်ပြီး ၅ မိနစ်ခန့် နှပ်ထားပါ။

၎။       ပြီးလျှင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို အကွင်းလိုက်လှီးပြီး ထည့်ပါ။ အားလုံး စုံပြီ၊ အရသာလည်း ပြည့်စုံပြီဆိုလျှင် နုပ်နုပ်စဉ်းထားတဲ့ နံနံပင်ကို ဖြူးထည့်ကာ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
by အံ့ဝင့်ထွဋ် (MRTV-4)

ဝက်သားနှင့် ကြက်ဟင်းခါးသီးအစပ်ဟင်း


ပါဝင်ပစ္စည်းများ
• ဝက်သား (သုံးထပ်သား) - ၃၀ဝ ဂရမ်
• ကြက်ဟင်းခါးသီး - ၁ လုံး
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၄ မြွှာ
• ငရုတ်နှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နနွင်းမှုန့် - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• ဆား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးစိမ်း - ၄ တောင့်ခန့်
• နံနံပင် - အနည်းငယ်

ပြုလုပ်နည်း
၁။ ဦးစွာ ဝက်သားကို အတုံးသေးများတုံးကာ နနွင်းမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်း မှုန့်တို့နှင့် နယ်ပြီး နှပ်ထားပါ။
၂။ ကြက်ဟင်းခါးသီးကို တစ်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ ပါးပါးလှီးပါ။
၃။ ကြက်သွန်ဖြူ/နီကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပါ။
၎။ နယ်ပြီး နှပ်ထားတဲ့ ဝက်သားထည့်ပါ။ အရသာများ လိုသလိုထည့်ပြီး ရေထည့်ပါ။
၅။ ဝက်သားနူးလာပြီဆိုလျှင် ကြက်ဟင်းခါးသီးထည့်ပါ။ ၁၀ မိနစ်ခန့် အဖုံးအုပ်ပြီး နှပ်ထားပါ။
၆။ ကြက်ဟင်းခါးနူးပြီး ဝက်သားလည်း ကျက်ပြီဆိုလျှင် ငရုတ်သီးစိမ်းထည့်ပါ။
၇။ အားလုံးစုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)

ယိုးဒယားငါးချိုချဉ် (Sweet & Sour Fish)


 ငါးချိုချဉ်ကြော်ကို အရင်က မတူတဲ့ ပုံစံတစ်မျိုးနဲ့ တင်ထားပြီးသား ရှိပါတယ်။ အခုကြော်ထားတာက ယိုးဒယားချိုချဉ်ကြော် ပုံစံလေးပါ။ အရသာမတူဘဲ ထူးခြားတဲ့ အရသာလေးမို့ ချိုချိုချဉ်ချဉ်ကြိုက်သူများအတွက် လွယ်ကူတဲ့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
နှစ်သက်ရာငါး  -  ၂ ကောင် (၂၀ ကျပ်သားခန့်)
ကော်မှုန့်/ပြောင်းဖူးမှုန့်  -  စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်နီ -  ၁ လုံး
ကြက်သွန်ဖြူ  -  ၃ မြွှာ
ချယ်ရီခရမ်းချဉ်သီး -  ၁၀ လုံး
ခရမ်းချဉ်သီးဆော့စ်  -  ၂ ဇွန်း
Apple Cider  -  ၂ ဇွန်း ( ရှလကာရည်၊ သံပရာသီး)
သကြား  -  ၂ ဇွန်း
ယိုးဒယားငံပြာရည်  -  ၁ ဇွန်း
ရေ  -  အနည်းငယ်
ကြက်သွန်မြိတ်/နံနံပင်  -  အနည်းငယ်
ချင်း  -  အနည်းငယ်


ပြုလုပ်နည်း
၁။ ငါးကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ကော်မှုန့် ၂ ဇွန်းဖြင့် ငါး တစ်ကောင်လုံးနှံ့အောင် လူးပေးပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ပါးပါးစိတ်ထားပါ။
၃။ အိုးထဲ ဆီထည့်၍ အပူပေးပြီး ကော်မှုန့်လူးထားသော ငါးကို အရောင် အနည်းငယ်ရသည်အထိ နှစ်ဖက်လှန်ကြော်ပြီး ဆယ်ယူ၍ ဆီစစ်ထားပါ။
၎။ ငါးကြော်သည့် အိုးထဲမှ ဆီများကို ဖယ်ထုတ်ပြီး လက်ကျန်ဆီ အနည်းငယ်ဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။
၅။ အရောင်ရလာပါက ခရမ်းချဉ်သီးအလုံးလိုက် ထည့်ကြော်ပါ။
၆။ ခရမ်းချဉ်သီးလေးများ ပွင့်သွားပါက ခရမ်းချဉ်သီးဆော့စ်၊ Apple Cider (သို့) သံပရာရည်၊ သကြားနှင့် ငံပြာရည်တို့ကို ထည့်ပြီး မွှေပါ။
၇။ လက်ကျန်ကော်မှုန့် ၁ ဇွန်းကို ရေအနည်းငယ်ဖြင့် ဖျော်ပြီး ဟင်းအိုးထဲ ထည့်ကာ ခပ်ပျစ်ပျစ် အနေအထားရအောင် မွှေပါ။
၈။ အရသာအပေါ့အငန်မြည်းကာ ဆီစစ်ထားသောငါးကို ပန်းကန်မှာ တည်ခင်းပြီး အပေါ်မှ ချက်ထားသော ဆော့စ်များလောင်း၍ ကြက်သွန်မြိတ်၊ နံနံပင်တို့ဖြင့် အလှဆင်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
......................
Sofia

Thursday, October 25, 2018

လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲခြင်း



လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲခြင်း
---------------------------------------------------------
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ ဆိုတဲ့ စကားပုံဟာ စာရေးသူတို့ မြန်မာလူမျိုးများအကြားရေးပန်းစားတဲ့ စကားပုံတစ်ခုပဲဖြစ်ပါတယ်။ ဒီစကားပုံဟာ တကယ့်ဖြစ်ရပ်တွေနှင့် အများအားဖြင့် မှန်ကန်လေ့ရှိပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေဟာ ပုံမှန်အားဖြင့် တစ်နေ့ကို (၈) နာရီ နှင့် အနည်းဆုံး တစ်ပတ်ကို (၅) ရက် လုပ်ငန်းခွင်အတွင်းမှာ ပဲ အချိန်တွေကို မြှုပ်နှံထားရပါတယ်။ ရက်၊လ၊ နှစ်တွေ ကြာလာတာနှင့်အမျှ လုပ်ငန်းခွင်ဟာ Second Home သဖွယ်ဖြစ်လာပါတယ်။ မနက်အိပ်ယာထပြီဆိုတာနှင့် ရုံးသွားဖို့အတွက် ပြင်ဆင် တစ်နေကုန်ရုံးမှာ အလုပ်လုပ် ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ကြတဲ့အခါမှာ ၀န်ထမ်းတွေဟာ ဒီအလုပ်ကို Second Home လို့ မသတ်မှတ်ဘဲ ရှိပါဦးမလား။

အလားတူပဲ ၀န်ထမ်းတွေဟာ လုပ်ငန်းခွင်အတွင်းမှာ အနေကြာလာတဲ့အမျှ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်မှုတွေ ရှိလာနိုင်ပါတယ်။ လူ့သဘာဝအရ ၀န်ထမ်းတစ်ဦးနှင့်တစ်ဦးချစ်ကြိုက်တာ ဘာဖြစ်လဲဆိုတဲ့ မေးခွန်းတွေ ရှိလာမှာပါ။ ဒီလိုမေးခွန်းကိုစာရေးသူ အနေနဲ့ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး၊ ဖြစ်ရင်တော့ ဖြစ်တာပေါ့ ဆိုတဲ့ အဖြေနဲ့ပဲ ဖြေလိုပါတယ်။ ဥပမာ၊ မိန်းမရှိတဲ့ Managing Director နဲ့ သူ့ရဲ့ အတွင်းရေးမှူး Secretary မလေး၊ ဌာနမှူး မန်နေဂျာနဲ့ သူ့လက်အောက်က ၀န်ထမ်းတစ်ဦး ချစ်ကြိုက်တယ်ဆိုကြပါစို့။

HR Manager တွေဘယ်လိုလုပ်ကြမလဲ၊။ ဒီအတိုင်း မသိချင်ယောင်ဆောင်နေမှာလား၊ ဒါမှမဟုတ် MD နဲ့ ကြိုက်နေတဲ့ အတွင်းရေးမှူးမလေးကို ခေါ်ပြောမှာလား၊ လက်အောက်က ၀န်ထမ်းနဲ့ချစ်ကြိုက်နေတဲ့ မန်နေဂျာကို ခေါ်ပြောမှာလားဆိုတဲ့ လားမေးခွန်းတွေ များစွာနဲ့ ကြုံရပါလိမ့်မယ်။ ခေါ်ပြောမယ်ဆိုရအောင်လည်း ၀န်ထမ်းအချင်းချင်းမချစ်ကြိုက်ရဘူးဆိုတာ ဘယ်မူဝါဒမှာ ရှိတာလဲ၊ အလုပ်စ၀င်တုန်းကလည်းအဲလိုမပြောထားပါဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ကြိုက်လည်းရတယ် မကြိုက်လည်းရတယ် HR Manager နဲ့ဆိုင်လို့လားဆိုရင်တော့ HR Manager တွေအခက်တွေ့ပြီ။ တချို့လုပ်ငန်းတွေမှာတော့ ၀န်ထမ်းအချင်းချင်း၊ အထက်အောက်သာမက၊ Level တူ အချင်းချင်း ချစ်ကြိုက်တာကို လုံးဝလက်မခံတဲ့ မူဝါဒတွေချမှတ်ထားကြပါတယ်။

မူဝါဒအထဲမှာလည်း တကယ်လို့သာ ဒီလိုချစ်ကြိုက်တယ်ဆိုတာကို ဖေါ်ထုတ်သိရှိခဲ့ရင်အလုပ်မှ ထုတ်ပယ်မယ်ဆိုတာမျိုးတွေအထိရှိပါတယ်။ စာရေးသူရဲ့ တစ်ဦးတည်း အမြင်အရဆိုရင် ဒီလို လုပ်ငန်းခွင်အတွင်းချစ်ကြိုက်တာကို တားမြစ်တဲ့ မူဝါဒကိုက စလွဲတယ်လို့ မြင်ပါတယ်။ လုပ်ငန်းခွင်အတွင်းချစ်ကြိုက်တဲ့ Workplace Romances မရှိအောင်လုပ်ဖို့မလွယ်ပါဘူး။ Workplace Romances ဟာ ၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား Productivity ၊ မျှမျှတတ စီမံခန့်ခွဲမှု အလေ့အထနဲ့ စိတ်ဓါတ်ရေးရာ ပျက်ပြားမှုတွေအထိ  ထိခိုက်လာ ရင်တော့ လုပ်ငန်းအတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ စောစောကပြောခဲ့သလို MD နဲ့ Secretary၊ Head of Department (HOD) နဲ့ လက်အောက်က ၀န်ထမ်း ချစ်ကြိုက်တာတွေ ဖြစ်လာပြီဆိုရင် HR Manager တွေဘာလုပ်မလဲဆိုတဲ့ အခြေအနေတွေကြုံလာခဲ့ရင်အသုံးတည့်နိုင်မည့် နည်းလမ်းအချို့ဖေါ်ပြလိုပါတယ်။

• Respect individual’s rights. လုပ်ငန်းခွင်အတွင်းချစ်ကြိုက်နေသူတစ်ဦးချင်းရဲ့အခွင့်အရေးကိုအလေးထားပါ။ လုပ်ငန်းခွင်အတွင်းမှာ မချစ်ကြိုက်ရဘူးလေလို့သွားပြောလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတိုင်း မိမိဆုံးဖြတ်ချက်နဲ့မိမိ ဘယ်သူကိုမဆို ချစ်ကြိုက်ပိုင်ခွင့်ရှိပါတယ်။ စီမံခန့်ခွဲသူတွေဟာ လူ့အခွင့်အရေး ကိုချိုးဖောက်ဖို့အထိမဖြစ်သင့်ပါဘူး။ လိုအပ်လာလို့ သက်ဆိုင်သူတွေကို တွေ့ဆုံဆွေးနွေးရတဲ့အခါမှာလည်း လူ့အခွင့်အရေးဆိုတာကို အမြဲခေါင်းထဲ ထည့်ထားဖို့လိုအပ်ပါတယ်။

• Consider possible scenarios. ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို ကြိုတင် စဉ်းစားထားပါ။ လုပ်ငန်းခွင်အတွင်း တစ်ဦးနဲ့တစ်ဦးချစ်ကြိုက်နေကြပြီဆိုရင် အများအားဖြင့် အလုပ်ကိုထိခိုက်တယ်လို့ ယူဆတတ်ကြပါတယ်။ လုပ်ဖေါ်ကိုဘက်အချင်းချင်းအကြား လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆက်ဆံ ရတဲ့အခါမျိုးမှာ ချစ်ကြိုက်သူတွေရဲ့ Romance ဖြစ်စေတဲ့အပြုအမူတွေကြောင့်ဝန်ထမ်းတွေဟာ တခါတလေမှာ စိတ်မသက်မသာအခြေအနေတွေဖြစ်ပေါ်တတ်ပါတယ်။

အဓိကကြုံတွေ့ရနိုင်တဲ့အခြေအနေ (၃) မျိုးရှိပါတယ်။

ပထမအခြေအနေကတော့ ဒီလိုလုပ်ငန်းခွင်အတွင်းချစ်ကြိုက်တာတွေဟာ သက်ဆိုင်သူ တစ်ဦးချင်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ဒါမှမဟုတ် လုပ်ငန်း တစ်ခုလုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို သက်ရောက်မှုရှိနိုင်မလားဆိုတဲ့
အခြေအနေဖြစ်ပါတယ်။

 နောက်တစ်ခုက ဒီလိုချစ်ကြိုက်ခြင်းမျိုးဟာ လုပ်ငန်းခွင် အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာတွေကို သက်ရောက်မှုရှိ နေမလားဆိုတာဖြစ်ပါတယ်။

တတိယမြောက်တစ်ခုကတော့ Workplace Romance ဟာ Sexual Harassment နဲ့ပတ်သက်တဲ့ အရေးဆိုမှုတွေဆီကို ဦးတည်မလားဆိုတာပဲဖြစ်ပါတယ်။

ဒီဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ (၃) ခုအတွက်
မေးခွန်းတွေကို ဖြေကြည့်လို့ မိမိလုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အဆုံးဆုံးဖြစ်မယ့်
အခြေအနေတစ်ခုကဘယ်ဟာလဲဆိုတာ သိပါလိမ့်မယ်။ သိပြီးတဲ့ အဆုံးဆုံး အခြေအနေတစ်ခုဖြစ်လာခဲ့လို့ ဘယ်လိုဆောင်ရွက်မှုမျိုးမှ မလိုက်လာဘဲ နေမယ်ဆိုရင် Workplace Romance နဲ့ပတ်သက်ပြီး ဘာအကြောင်းမှ စဉ်းစားမနေပါနဲ့တော့။ လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲဖို့လည်း
ကြွေးကြော်မနေပါနဲ့တော့။

• Manage rather than ignore the situation. တကယ့်တကယ်တော့ လုပ်ငန်းခွင်အတွင်းချစ်ကြိုက်နေတာကို သိရက်နဲ့ မျက်ကွယ်မပြုသင့်သလို၊ လူ့အခွင့်ရေးချိုးဖောက်ပြီးတော့လည်း မချစ်ကြိုက်ရဘူးလို့ မလုပ်သင့်ပါဘူး။ ဒါတွေအစား စီမံခန့်ခွဲ့ရမှာပါ။ HR တွေအနေနဲ့ အဓိကဖန်တီးပေးရမှာက ဆိုးအတူကောင်းဖက်၊ စွမ်းဆောင်ရည်ပြည့်ဝပြီးပျော်ရွှင်စည်းလုံးတဲ့ လုပ်ငန်းခွင်အခြေအနေတစ်ခုဖြစ်အောင်လို့ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့
ပုဂ္ဂိုလ်ရေးကို စွက်ဖက်ဖို့မဟုတ်ပါဘူး။ အဲဒီတော့ HR တွေအနေနဲ့ Workplace Romance နဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေကိုတော့ မိမိတို့လုပ်ငန်းခွင် အတွင်း လက်ခံနိုင်ဖွယ်ရှိပြီး ဘယ်လို ကိစ္စမျိုးမှာတော့ လက်ခံနိုင်ဖွယ်မရှိဘူး ဆိုတဲ့ နည်းလမ်းတွေကို ကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ်။

• Consider establishing a policy. လုပ်ငန်းခွင်အတွင်းချစ်ကြိုက်မှုတွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမယ့် မူဝါဒတစ်ခုကို တိတိကျကျ ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် လုပ်ငန်းတွေမှာတော့ Workplace Romance နဲ့ပတ်သက်ပြီး အတိအလင်းရေးဆွဲထားတဲ့ မူဝါဒတွေ မရှိသလောက်ရှားကြပါတယ်။ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး၊ ဖြစ်ရင်တော့ ဖြစ်တာပေါ့ ဆိုတဲ့ စကားလိုပါပဲ။ IT ဌာနက လူပျိုဝန်ထမ်း တစ်ယောက်နဲ့ Finance က အပျိုဝန်ထမ်းတစ်ယောက်ကြိုက်တာဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်ဘူး၊ လုပ်ဖေါ်ကိုင်ဘက်ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာတွေကို မထိခိုက်နိုင်ဘူးဆိုရင် အဆင်ပြေနိုင်ပေမယ့် မိန်းမရှိတဲ့ Admin Manager တစ်ယောက်နဲ့ သူ့လက်အောက်ငယ်သား ၀န်ထမ်းအပျိုလူလွတ်တစ်ယောက် နဲ့ ချစ်ကြိုက်တယ်ဆိုပါစို့။ Admin Manager ရဲ့မိန်းမက သူ့ယောက်ျားနဲ့ ကြိုက်နေတဲ့ ၀န်ထမ်းမိန်းကလေးကို ရုံးဆင်းချိန်မှာ စောင့်ပြီး ဘာညာပြောဆိုတာမျိုး၊ လုပ်ငန်းခွင်အထိ လိုက်လာပြီး သက်ဆိုင်ရာ စီမံခန့်ခွဲသူတွေကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောဆိုတယ်ကြပါစို့။ အတိအကျ သတ်မှတ်ထားတဲ့ မူဝါဒတစ်ခု မရှိဘူးဆိုရင်  HR Manager တွေအတွက် အခက်မဟုတ်ပါလား။

ပိုင်စိုး (Management)

Certified Change Management Specialist (MSI, USA)

Ref; The Management Biblie by Neil Flanagan & Jarvis Finger


ချစ်​သူအတွဲများအား HR အမြင်​နဲ့ ချိန်​ကြည့်​ရာဝယ်
---------------------------------------------
(HR Function တွေနဲ့ RS အခြေအနေချိတ်ပြထားပုံ)

✅၀န်ထမ်းအသစ်တွေရှာဖို့ ၀န်ထမ်းရှာဖွေရေးနည်းလမ်းတွေဖြစ်တဲ့ ငွေကြေးအကုန်အကျခံပြီး ကြော်ငြာတာတွေ၊ အေဂျင်စီအပ်တာတွေ၊ အလုပ်အကိုင်ပြပွဲတွေမှာပါဝင်တာတွေ လုပ်ပြီး ၀န်ထမ်းလောင်းတွေအလုပ်လာလျှောက်အောင်အမျိုးမျိုးကြိုးစားရပါတယ်။

❤️တစ်ယောက်နဲ့တစ်ယောက်ချစ်သူဖြစ်ဖို့ သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ အောင်လုပ်တာတွေ၊ အခြားစုံစမ်းတာတွေလုပ်ရသလိုပဲ ချစ်သူဖြစ်လာအောင် စိတ်ဝင်းစားလာအောင်အမျိုးမျိုးကြိုးစားကြရတယ်။

✅၀န်ထမ်းလောင်းတွေဟာ လုပ်ငန်းရဲ့သဘောသာဝနဲ့ကိုက်ညီမှုရှိမရှိ အနီးစပ်ဆုံး သိရှိခန့်မှန်း နိုင်အောင် အင်တာဗျူးတာတွေ၊ လိုအပ်တဲ့ စစ်ဆေးတာတွေလုပ်ရသလို အပြန်အလှန် မေးခွန်းမေးကြရပြီးလိုအပ်တာတွေကို ညှိနှိုင်းဆွေးနွေးရပါတယ်။

❤️တစ်ယောက်နဲ့တစ်ယောက်ရင်ဘတ်ချင်းနီးစပ်နိုင်ဖို့ ဖုန်းဆက်တာတွေ၊ messenger, viva တို့မှာစကားပြောတာတွေ၊ ရံဖန်ရံခါဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခုစားရင်း စကားပြောရ တာတွေလုပ်ကြသလို တစ်ယောက်နဲ့တစ်ယောက်နဲ့သိချင်တာတွေနဲ့ အမေးအဖြေကဏ္ဍတွေရှိပါတယ်။

✅အလုပ်လျှောက်ထားသူနဲ့အလုပ်ခန့်အပ်သူ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းတာတွေကြောင့် သဘောတူညီမှုတစ်ခုနဲ့ အလုပ်ခန့်အပ်တဲ့လုပ်ငန်းစဉ်စတင်ပါတော့တယ်။

❤️တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ သဘောတူညီမှု တစ်ခုရပြီး ချစ်သူတွေဖြစ်သွားကြပါတယ်။

✅၀န်ထမ်းအသစ်တစ်ယောက်ခန့်အပ်ပြီးရင် လုပ်ငန်းခွင်ရဲ့သဘောသဘာဝနဲ့ ရင်းနီးအောင်၊ အနေမစိမ်းနေအောင် လုပ်ငန်းခွင်မိတ်ဆက်လိုသင်တန်းတွေလုပ်ကြပါတယ်။

❤️ချစ်သူတွေဖြစ်သွားတဲ့အချိန်မှာ နှစ်ဦးနှစ်ဘက်လုံးရဲ့ သဘောသဘာဝတွေနဲ့ရင်းနီးအောင် အနေမစိမ်းအောင် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်မိတ်ဆက်တာတွေ လုပ်ကြပါတယ်။

✅၀န်ထမ်းအဖြစ်ခန့်အပ်လိုက်ပေမဲ့ အမြဲတမ်းဝန်ထမ်း (Permanent) မဖြစ်သေးဘဲ အစမ်းခန့်ဝန်ထမ်း (Probation) အဖြစ်နဲ့ အလုပ်ရှင်အလုပ်သမားနှစ်ဘက်စောင့်ကြည့် နေကြပြီး နှစ်ဦးနှစ်ဘက် အဆင်ပြေရင် အမြဲတန်းဝန်ထမ်း (Permanent) အဖြစ် အတည်ပြုခန့်ထားတဲ့ (Confirmation) လုပ်ပြီး အလုပ်ရှင်ဘက်ကသဘောမကျရင် လုပ်ငန်းတာဝန်မှရပ်စဲတဲ့ (Termination) လုပ်သလို ၀န်ထမ်းဘက်ကသဘောမကျရင်လည်း အလုပ်မှနှုတ်ထွက်တဲ့ (Resignation) လုပ်ပါတယ်။ Resignation တို့ Termination တို့ဖြစ်သွားပါတယ်။ တကယ်လို့ ၀န်ထမ်းထပ်မခန့်လို့မရတာဆို  ၀န်ထမ်းရှာဖွေရေး လုပ်ငန်းစဉ်က အစကပြန်စရပြီး ထပ်ခန့်ဖို့မလုပ်တော့ဘူးဆိုရင် ၀န်ထမ်းရှာဖွေခန့်ထားရေး လုပ်ငန်းစဉ်ကပြီးသွားပါပြီ။

❤️ချစ်သူတွေဖြစ်လာတဲ့အချိန်မှာ ချစ်စခင်စကြင်နာစတွေရဲ့သဘာဝအရ နှစ်ဘက်စလုံးက အစွမ်းကုန်ချစ်ပြနေကြပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးတဲ့အနေအထားကို စောင့်ကြည့်ပြီး တချို့အတွဲတွေက ဘ၀အတွက်လက်တွေဖေါ်အဖြစ် (Permanent) ကို အတည်ပြု (Confirmation) လုပ်ကြတာရှိသလို တချို့အတွဲတွေကတော့ နှစ်ဦးသဘောတူ ပြတ်ဆဲတာတွေ၊ တစ်ယောက်ယောက်ကလမ်းခွဲတာတွေ Termination တို့ Resignation တို့ဖြစ်သွားပါတယ်။ တချို့တွေက နောက်ထပ်ကြင်သူတစ်ယောက်ထပ်ရှာကြပြီး တချို့က ချစ်သူထပ်မရှာတော့ဘဲ အရိုးထုတ်သွားကြတော့တယ်။

✅အတည်ပြုခန့်ထားပြီးတဲ့ ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာကြာလာတာနဲ့အမျှ ၀န်ထမ်းရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းရဲ့လိုအပ်ချက် (၂) ကိုခု ညှိနှိုင်းဆောင်ရွက်ရပြီး လိုအပ်ရင် ၀န်ထမ်းရော လုပ်ငန်းပါတိုးတက်စေဖို့အတွက် သင်တန်းတွေပေးရပါတယ်။

❤️ချစ်သူတွေဖြစ်လာပြီးနောက် တစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ တစ်ယောက်ရဲ့လိုအပ်ချက် အခြေအနေတွေကို နားလည်မှုတွေထားကြသလို လိုအပ်ရင်လည်း ချစ်သူ (၂) ဦး အတူတကွ လက်တွဲသွားဖို့အရေး လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။

✅၀န်ထမ်းတွေဟာ အလုပ်မှာ အနေကြာလာတာနဲ့အမျှ လုပ်ငန်းခွင်နေပျော်မှုနဲ့ စိတ်ဓါတ်ခွန်အားရှိမှုဆိုတာတွေ မရှိတတ်တော့တဲ့အတွက် ၀န်ထမ်းတွေ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွအလုပ်လုပ်ချင်စိတ်ရှိလာအောင် နည်းလမ်းအမျိုးမျိုးနဲ့ Motivate လုပ်ရပါတယ်။

❤️ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ချစ်စခင်စကြင်နာစကလိုမဟုတ်ဘဲ ချစ်သူ (၂) ဦးရဲ့ ပျော်ရွှင်ဖွယ်အိပ်မက်ကမ္ဘာလေးတည်တံ့နေဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ကြပါတယ်။

✅၀န်ထမ်းတွေလုပ်သက်ကြာလာတဲ့အမျှ လုပ်ငန်းခွင်မှာပျော်ရွှင်တက်ကြွနေရအောင်လုပ်ရ သလို၊ ဗဟုသုတ၊ အရည်းအသွေးတွေတိုးတက်အောင်လည်း သင်တန်းတွေပေး၊ ရာထူးတွေတိုးရတာတွေရှိပါတယ်။

❤️ချစ်သူ (၂) ဦးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ကြသလို (၂) ဘက်မိဘတွေကိုလည်း အသိပေးတာတွေလုပ်ကြပါတယ်။

✅၀န်ထမ်းတွေဟာ အားကိုးအားထားနေရပြီး လုပ်ငန်းနဲ့တသားတည်းကြနေပြီဖြစ်လို့ အခြားအလုပ်ကို ပြောင်းမသွားအောင် အလုပ်မထွက်သွားအောင် ၀န်ထမ်းထိန်းသိမ်းရေး မဟာဗျူဟာနည်းလမ်းတွေ နဲ့ အမျိုးမျိုးထိန်းကြပါတယ်။

❤️ချစ်သူ (၂) ဦး ချစ်သက်ကြာလာကြသလို (၂) ဘက်မိဘတွေကိုလည်း အသိပေးထားပြီ ဖြစ်သော်လည်း အချစ်တွေအမြဲတမ်းရှင်သန်ဖွံ့ဖြိုးနေအောင်၊ တစ်ယောက်အပေါ်မှာပဲ တစ်ယောက်က အမြဲချစ်ခင်မြတ်နိုးမှုတွေရှိအောင် ပုံစံအမျိုးမျိုးနဲ့ဖန်တီးယူကြပါတယ်။

✅တချို့ဝန်ထမ်းတွေ အလုပ်ထွက်သွားကြသလို၊ တချို့ဝန်ထမ်းတွေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်။ တချို့ကတော့ ဒီအလုပ်မှာပဲ နှစ်တွေအကြာကြီး အလုပ်လုပ်သွား ကြတယ်ပေါ့။

❤️တချို့ချစ်သူအတွဲတွေ အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားကြသလို၊ တချို့တွေရဲ့ မင်္ဂလာဆောင်တွေကတော့ Sunday တိုင်းမှာရှိနေတော့တယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Wednesday, October 24, 2018

“သီတင်းကျွတ်လအကြောင်း သိကောင်းစရာ”



••••••••••••••••••••••••••••••••••••••••••••••••
(သီတင်းကျွတ်လပြည့်နေ့ အကြောင်း)

သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၊၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး ၊အဿဝတီကြယ် နှင့် လမင်း တို့ 
စန်းယှဉ်ကာ မွန်းတည့်ကြသည်။

ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရ လူ့ယဉ်ကျေးမှုသမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ “သန္တူလ”
ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့
စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ်
သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ
ထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။

မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့် တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ
အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ
ဖြစ်ကြသည်။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်
အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။
အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်းကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿီတ နတ်သား”အား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်။
ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။

ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော်သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။

ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော
စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို
မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ
ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်၊ညီမငယ်များ
အားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ်
ရေးသည့် ဆုံးမစာအတိုင်း
“ကောင်းသောအကြံ၊ မှန်သောအကျင့်၊
သင့်သောအယူ၊ ဖြူသောနှလုံး” တို့ဖြင့်
သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ
ပါဝင်ဆင်နွှဲနိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့်
ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊
ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။
ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။
အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့်
နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။
ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်
သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ
မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို
ရောက်ရှိတော်မူခဲ့ပါသည်။

ဘုရားဖြစ်ပြီးနောက်-

(၁) ပလ္လင်္ကသတ္တာဟ။ ။
~~~~~~~~~~~~~~~
ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင်
ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ
ဝိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို
ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။

(၂) အနိမိသ သတ္တာဟ။ ။
~~~~~~~~~~~~~~~
ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာကဆုန်လပြည့်ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ
(၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။
ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။
(အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)

(၃) စင်္ကမ သတ္တာဟ။ ။
~~~~~~~~~~~~~~~
ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ
(၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ
အကြား စင်္ကြံလျှောက်တော်မူကာ
(၇)ရက် ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။
ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌
တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေးဟု
ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန်
ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။
စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ်
ဝင်စားသောကြောင့် “စင်္ကမ သတ္တာဟ”ဟုခေါ်ပါသည်။

(၄) ရတနာဃရ သတ္တာဟ။ ။
~~~~~~~~~~~~~~~~~~~~
ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင်
နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌
နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ
အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။
အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင်
ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။
နောက်ဆုံး “ပဋ္ဌာန်းဒေသနာတော်ကြီး”ကို ဆင်ခြင်
သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ်
ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။

(၅) အဇပါလသတ္တာဟ။ ။
~~~~~~~~~~~~~~~~~
ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့
ဆိုပါတယ်။ ဗောဓိပင်ရဲ့အရှေ့ဘက် (၃၂)လံ အကွာမှာ
နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ
(၇)ရက် သီတင်းသုံးတော်မူပါတယ်။
ဒီနေရာမှာပဲ မာရ်နတ်ရဲ့ သမီး (၃) ယောက် ဖြစ်တဲ့
(တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို
မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။
သို့ပေမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။

(၆) မုစလိန္ဒ သတ္တာဟ။ ။
~~~~~~~~~~~~~~~~~
ဗောဓိပင်၏ အရှေ့တောင်ဘက် (၁၅)လံ အကွာ၊
မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော်
(၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက်
သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ
အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည်
တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏
ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး
ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။

(၇) ရာဇာယတန သတ္တာဟ။ ။
~~~~~~~~~~~~~~~~~~~
ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ
နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့
အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။
(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန်
လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊
ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင်
“တဖုဿ၊ ဘလ္လိက” တို့က ဘုရားရှင်ကို
မုန့်ကျစ်ဆုပ် ဆက်ကပ်ခဲ့ပါသည်။
ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်
ကာလဖြစ်သည့် အတွက် “ဒွေဝါစိက သရဏဂုံ (၂)ပါး”
ကိုသာ ချီးမြှောက်ခဲ့ပါသည်။
ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။
ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ
စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။

ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို
“မိဂဒါဝုန်” မှာ ၀ါကပ်တော်မူပြီး
ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို
“ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း”၊
ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို
“မကုဠတောင်” စသော နေရာဌာနများမှာ
ဝါကပ်တော်မူခဲ့ပါသည်။
သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး
မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿိတ နတ်သား” ကို
အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း
ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော်
ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။
“မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ”
ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။

ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့
အထိ “ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ” - မှာ
(၁)။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်၊
(၂)။ ၀ိဘင်းကျမ်းကို (၁၂) ရက်၊
(၃)။ ဓာတုကထာကျမ်းကို (၆) ရက်၊
(၄)။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်၊
(၅)။ ကထာဝတ္ထုကျမ်းကို (၈) ရက်၊
(၆)။ ယမိုက်ကျမ်းကို (၂၀) ရက်၊
(၇)။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက်
ဟောတော်မူခဲ့ပါတယ်။

အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။

(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊
မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊
အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊
အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော
တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊
အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊
လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့်
တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ၊
ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့်
အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌
ဟောရခြင်းဖြစ်ပါသည်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက်
ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည်
ပြုလုပ်ရန် “နိမ္မိတရုပ်ပွားတော်”ကို အဓိဋ္ဌာန်ဖြင့်
ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင်
ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။
ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည်
မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက်
မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို
အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့်
အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား
မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။
နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း
ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား
မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ
မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည်
ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု
ဝါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ
(၃)လအတွင်း နည်း(၃)နည်းဖြင့် “လူ့ပြည်၊ နတ်ပြည်”
တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို
ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင်
ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်
သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို
ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ
မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ
လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည်
မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌
အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် ၊
သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို
အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”
ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း
ကျင်းပကြပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို
“ဘုရားဆုပန်နေ့”ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။
ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ
●“လကျာင်္ဘက်ရွှေစောင်းတန်း”က နတ်ဒေ၀တာများ၊
●“လက်ဝဲဘက် ငွေစောင်းတန်း”က ဗြဟ္မာများခြံရံလိုက်ပါကာ၊
●ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့်
ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍
ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ
တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ
(၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး
ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ
“ဘုရားဆု”ကို တောင်းကြပါသည်။
ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့”ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး
ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော
သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ
သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။
ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော
“ကထိန်အလှူ”ကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည်
●ရဟန်းတော်များ ၀ါကျွတ်သောနေ့၊
●အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း
ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊
●ဘုရားရှင် တာဝတိံသာနတ်ပြည်၌
အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက်
အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊
●နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ
သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊
ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို
ရည်စူးပူဇော်သောအားဖြင့်
ဆီမီးစသည့် ထွန်းညှိပူဇော်သောနေ့၊
●ဗြဟ္မာ နတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား
အတူတကွ ကြည်ဖြူပူဇော်သောနေ့၊
●နတ်လူအများ ဘုရားဆုပန်သောနေ့
စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော
နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို
ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။။
-【အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)】
-【စာရိုက်ပူဇော်သူ - Admin Team
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm