မြန်မာပြည်မှာ Social Networking အနေနဲ့ အခု အချိန်မှာ Facebook ကို တော်တော်များများ သုံးဖြစ် လာကြပါတယ်။
Facebook အပြင်Twitter သုံးကြပေမယ့် Facebook လောက်တော့ သိပ်မသုံးကြပါဘူး။ အဲဒီလိုSocial Networking တွေကို သုံးတဲ့အခါ နည်းပညာပိုင်း အရ တိုးတက်မှုတွေ ရှိလို့ သုံးရတာ အဆင်ပြေနိုင်သလို အခက်အခဲတွေ များစွာလည်း ရှိပါတယ်။ ပြဿနာတွေလည်း ဖြစ်တတ်တဲ့ Social Networking ထဲက တစ်ခုဖြစ်တဲ့ Facebook ကို သုံးတဲ့အခါ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တချို့တွေလည်း ရှိပါတယ်။
Facebook မှာ တစ်နေ့တစ်နေ့ ဘယ်သူ့ကို Add မလဲ၊ ဘယ်သူ့ကို ဖိတ်မလဲ ဆိုတဲ့ Facebook ဆွဲဆောင်မှုတွေ ရှိပါတယ်။ အဲဒီလို သူငယ်ချင်းတွေ များတာကို တချို့က ဂုဏ်ယူ တတ်ကြပါတယ်။ သူငယ်ချင်းတွေ များတယ် ဆိုတာ ကောင်းပေမယ့် ဆိုးတဲ့ အချက်တွေလည်း ရှိပါတယ်။ သုံးတဲ့ နည်းပညာ အပေါ်မှာ ဘယ်လို ကျင့်ဝတ်တွေ ထားနိုင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး teen စကားဝိုင်းမှာ ပြောဖြစ်ကြပါတယ်။ ကျင့်ဝတ်နဲ့ နည်းပညာ ဆိုတဲ့ အပိုင်းကို အဓိက ထားပြောကြတဲ့ သူတွေက ဇော်ဇော်မျိုးလွင်၊ ထိုက်ထိုက်အောင်၊ မင်းယွန်းသစ်နဲ့ ရဲအောင်သူတို့ ဖြစ်ပါတယ်။ Facebook မှာ သူငယ်ချင်း ဘယ်လောက် ရှိပြီ ဆိုပြီး ဂုဏ်ယူ နေကြတာထက် ဒီသူငယ်ချင်းတွေနဲ့ နည်းပညာ အပေါ်မှာ ဘာတွေ လုပ်နေလဲ ဆိုတာ ကိုယ်ကိုယ်တိုင် သိဖို့လိုပါတယ်။ ဒီအကြောင်း အရာတွေနဲ့ ပတ်သက်ပြီး...
ဇော်ဇော်မျိုးလွင် ။ ။ ပြဿနာတွေက ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုရင် နည်းပညာပိုင်း အားနည်းတဲ့ အခါ ကိုယ်လုပ် နေသမျှကို တခြားသူက အားလုံးသိတယ်။ Facebook မှာ ကြုံရတဲ့ ပြဿနာက Friends to Friends ဆိုရင် ကျွန်တော့် သူငယ်ချင်းရဲ့ သူငယ်ချင်းကလည်း ကျွန်တော့် Accountကို လာကြည့်လို့ရတယ်။ အဲဒီတော့ တစ်နေ့ တစ်နေ့မှာ ကိုယ်နဲ့လည်း မသိသေးဘဲနဲ့ G-talk မှာလာ Add တဲ့ အသစ်တွေက များနေတယ်။ ဘယ်ကနေ G-talk ကို ရလဲ မေးရင် ဒီလိုပဲ Facebook က ရတယ်ပေါ့။ ဘာနာမည်လဲ မေးရင် ကိုယ်နဲ့ မခင်သေးဘူး။ ကိုယ့်ရဲ့ Privacy အားနည်းချက်ကြောင့်G-mail ကို သိပြီး Invite လုပ်ပြီးလာ Add တယ်။ အဲဒီမှာ ကောင်းတာတွေလည်း ရှိတယ်။ ဆိုးတာတွေ လည်း ရှိတယ်။ နည်းပညာပိုင်း အားနည်းချက် ကြောင့် ဒါကို သိတာလေ။ တကယ်လို့သာ ဒါကို ကျွန်တော် ပိတ်ထားခဲ့မယ် ဆိုရင် သူ ကြည့်လို့ မရဘူးလေ။ ကျွန်တော်တို့ လေးယောက်စလုံး Facebook ကို သုံးကြတယ်။ နေ့တိုင်းလိုလို သုံးတယ်။ သူက လွှမ်းမိုး နေတာပေါ့။ မနက်ပိုင်း အင်တာနက် သုံးပြီ ဆိုကတည်းက ပထမဆုံးစသုံး တာက G-talk ဖွင့်တယ်။ ဒါကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် လုပ်ကြတယ်။ အလုပ် ကိစ္စပဲ ဖြစ်ဖြစ်ပေါ့။ ဒုတိယ သုံးတာက Facebook ၊ အရင်တုန်းက သိပ်မသုံး ဖြစ်ဘူး။
ဒီနှစ်မှ သုံးတာ။ ဒီဟာကို ဘာဖြစ်လို့ သုံးနေတာ လဲလို့ မေးရင် ရေရာတဲ့ အဖြေပေးလို့ မရဘူး ဖြစ်နေတယ်။ အင်တာနက် သုံးပြီ ဆိုတာနဲ့ ဒီနေရာကို သွားရမယ် ဆိုပြီး ဖြစ်နေတယ်။ အရင်တုန်းကဆို တခြား သွားစရာတွေ ရှိတာပဲ။ ဒါပေမယ့် Facebook ပေါ်လာတဲ့အခါ ကျတော့ အရင်တုန်းက Blog တင်ထားတာတွေ လိုက်ဖတ်တာ မဖတ်ဖြစ်တော့ဘူး။ Blog တစ်ခုချင်းစီကို လိုက်မဖတ်တော့ဘဲ သူငယ်ချင်း တစ်ယောက်ယောက်က ရေးထားတဲ့ ရယ်စရာပဲဖြစ်ဖြစ်၊ စိတ် ၀င်စားစရာပဲဖြစ်ဖြစ် အဲဒါတွေကို ဖတ်ဖြစ်၊ ကြည့်ဖြစ်တယ်။ ကိုယ်ရေးထားတဲ့ အကြောင်း တစ်ခုခု အပေါ်ပဲ ဘယ်သူက ဘာလာပြောသွားသလဲ ဆိုတာတွေကို စိတ်ဝင်တစား သိချင်ကြတယ်။
သူတို့ ဘာရေးလဲ။ တွေ့ထားတဲ့ သတင်းအတို အထွာလေးတွေရဲ့ Link တွေကိုလည်း လာလာထည့်တယ်။ မဖတ်ရသေးတဲ့ သတင်းတွေ ရှိရင်တောင် တင်ထားတဲ့ Website မှာ သွားကြည့်ရမှာ ဖြစ်ပေမယ့် Link လာတင်ထားတဲ့ အခါ တွေ့တာနဲ့ Link ကို ဖတ်မိသွားတယ်။ နောက်တစ်ချက်က အဲဒီ အပေါ်မှာ ကျွန်တော်ရေးတဲ့ အပေါ် လူမှုရေး ပြဿနာတွေ အများကြီး ရှိတယ်။ ကိုယ်ရေးတာကို မချေမငံ လာပြောသွားတယ်။ အဲဒါကို မကြိုက်ရင် ကိုယ်က ပြန်ပြောနဲ့ အဲဒီလို ဆက်သွားတယ်။ အဲဒီမှာ သူ့ဘက်ကိုယ့်ဘက်၊ သူ့လူကိုယ့် လူတွေဖြစ်ပြီး Fight ကုန်ကျရော၊ အဲဒီလို ဖြစ်တဲ့အခါ မိတ်ပျက် ကုန်ကြတာပေါ့။
အဲဒါတွေက Privacy တွေနဲ့ အများကြီး ဆိုင်တယ်။ Response ကလည်း အရမ်းမြန်တယ်။ Social Networking သုံးတဲ့ ကောင်းကျိုး၊ ဆိုးကျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ကျင့်ဝတ်တွေ ထားပြီး သုံးသင့်တယ်။ ဒါက လူတွေသုံးတာ ဖြစ်တဲ့အတွက်လေ၊ နောက်ပြီး ID(Identity) တွေက အစပေါ့။ ID တွေ ဖော်လို့လည်း ရတယ်။ မဖော်လို့လည်း ရတယ် ဆိုတော့ လူတွေက မဖော်ကြဘူး။ နောက်ပိုင်းမှာ ဘယ်လို စိစစ်လာလဲ ဆိုတော့ ဒီProfile က အစစ် ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာ ဆန်းစစ်တယ်။ ပြီးတော့မှ အဲဒီလူ ကိုFriend List ထဲ ထည့်တယ်။ ဒါပေမယ့် အဲဒီလူကို အပြင်မှာ မမြင်ဖူးဘူး။ သူ့ရဲ့ဓာတ်ပုံတွေ ကြည့်တယ်။ ပုံတွေ ၁၅ ပုံ၊ ၁၆ ပုံလောက်ဆို အစစ်ဖြစ်လောက် ပါတယ်ပေါ့။ ပြောရရင် Celebrity တွေရဲ့ နာမည်တွေနဲ့ လုပ်ထားတဲ့ အတုတွေရော၊ အစစ်တွေရော ရှိတယ်။ တချို့ကျတော့ တကယ့်အစစ် ထင်ပြီး Add ကြတယ်။ ကာယကံရှင် ဘက်က တကယ် လုပ်ထားတာ မဟုတ်ဘူး ဆိုရင် နစ်နာတယ်။ အဲဒါတွေကို သုံးတဲ့ သူတွေက နည်းနည်းလေး မှတ်သားပြီး ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပြန်ပြီး လေ့ကျင့်ဖို့ လိုတယ်။
ရဲအောင်သူ ။ ။ Facebook က Social ကျတယ်။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲ၊ ဘာထူးခြားတာတွေကို တင်ထားလဲ။ သူတို့ဖတ်ရတဲ့၊ သိရတဲ့ IT နည်းပညာပဲဖြစ်ဖြစ်၊ သတင်းပဲ ဖြစ်ဖြစ်ပေါ့။ Share လုပ်ချင်တာတွေ ဖတ်ရတယ်။ ဗီဒီယိုရော၊ ဟာသတွေရော အကုန်မြင်တွေ့ရတော့ အရင်တုန်း ကလို တစ်ခုချင်းစီ လိုက်ကြည့်မယ့် အချိန်တွေက အကုန် သက်သာတယ်။ သူငယ်ချင်းတွေ ဘာလုပ်နေလဲ ဆိုတာ ချက်ချင်းသိတယ်။ Facebook က တကယ်ဆို ကောင်းတယ်။ သူငယ်ချင်းတွေ၊ အသိ မိတ်ဆွေတွေ ရနိုင်တယ် လေ။ ဥပမာ ကျွန်တော်ဆို ဓာတ်ပုံရိုက်တယ်။ တကယ်တမ်း ဓာတ်ပုံစရိုက် တော့ နည်းပညာပိုင်း၊ ကင်မရာပိုင်း အားနည်းတယ်။ Facebook မှာ ဓာတ်ပုံ ရိုက်တဲ့ သူတွေနဲ့ လိုက် Add တယ်။ ပြီးတော့ ဆွေးနွေးလို့ ရတယ်။ နောက်ပြီး Facebook မှာGame ပြိုင်ပွဲလေးတွေ ရှိတော့ အဲဒီ ပြိုင်ပွဲတွေ ၀င်ရင်း ကိုယ့် Level ဘယ်လောက်ရှိလဲ ဆိုတာ သိလို့ရတယ်။ တကယ်တမ်းကျတော့ ကိုယ် ကိုယ်တိုင် အဓိပ္ပာယ်ရှိရှိ အသုံးချမယ်ဆို ကောင်းတယ်။
မင်းယွန်းသစ် ။ ။ သူငယ်ချင်းတွေ တင်တဲ့ သတင်းတွေ ဖတ်တယ်။ နောက်ပြီး Game ဆော့တိုင်း ကိုယ့် Level တက်ဖို့ အမြဲတမ်း ကြိုးစားတယ်။ ငါးမွေးတာ တို့၊ လယ်စိုက်တာတို့ နေ့တိုင်း ဆော့သူတွေ ရှိတယ်။ တစ်နေ့မှ လယ်မစိုက်လိုက် ရရင် ငါ့လယ် လေးတော့ ဘာဖြစ်မလဲနဲ့၊ အဲဒီလို ဆော့ဖြစ်တယ်။ နောက်ပြီး သူငယ်ချင်းတွေ ခရီးသွားတဲ့ ဓာတ်ပုံတွေ၊ ဘာတွေ တင်ထားရင် Comment ပေးတာတို့၊ ဘာတို့လုပ်တယ်။ ပျော်စရာလေးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ အရပ်ရပ်မှာ ရောက်နေတဲ့ သူတွေပဲ ဖြစ်ပါစေ အချင်းချင်း ဆက်သွယ် လို့ရတယ်။ အရင်တုန်းကဆိုရင် Blogတွေ ပေါ်မှာ စာရေး၊ ကဗျာ ရေးဖြစ်ကြတယ်။ ဖတ်ချင်ရင် သူ့Blogပေါ်မှာ သွားကြည့်မှ ရမှာ။ အခုကျတော့ အကုန်လုံး စုထားတော့ ကျွန်တော်လည်း ဖတ်လို့ ရတယ်။ ကျွန်တော် Comment ရေးတာလည်း သူတို့ ဖတ်လို့ရတယ်။ စာတွေ၊ ကဗျာတွေ အပြန်အလှန် ဆက်သွယ်ဖတ်လို့ ရတာပေါ့။
ထိုက်ထိုက်အောင် ။ ။ Facebook ကို ၀င်ထားတာ ကြာပေမယ့် Active မဖြစ်လို့ အရင်က မသုံးဖြစ်ဘူး။ ဘယ်အချိန် Active ဖြစ်လာလဲ ဆိုတော့ ကိုယ့်သူငယ်ချင်းတွေ Facebook သုံးလာတဲ့ အခါ သုံးလို့မရတော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆို တော့ အဲဒီ Facebook မှာ သူတို့ ဘာတွေ လုပ်နေလဲ၊ ကိုယ့်အကြောင်းတွေရော ဘာတွေ ရေးထားလဲ သိချင်တယ်။ ကိုယ့်သူငယ်ချင်းတွေ သုံးလာတော့ ကိုယ်တိုင်လည်း သုံးချင်လာတယ်။ Facebook ရဲ့အဓိက ဆွဲဆောင်ချက်ကGame တွေရှိတယ်လေ။ Marfia ဆော့တယ်။ လယ်စိုက်တယ်။ ဆိုင်တွေဖွင့်တယ်။ အဲဒီတော့ နေ့တိုင်း ၀င်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့Facebook နေ့ တိုင်းဝင်မှGame တွေက Level တိုးတာလေ။ Facebook က သုံးလာတာ ရင့်ကျက်လာတော့ ကိုယ်စိတ်ဝင်စားတဲ့ Fan Pageတွေကို ကြည့်ဖြစ် တယ်။ ကိုယ်စိတ်ဝင်စားတဲ့ Organization ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒါတွေကို သူတို့Website မှာ ကြည့်တာထက် စာရင် ကြာမယ်။ Fan Page ကနေကြည့်မယ်ဆို မြန်တယ်လေ။ Up Date တွေမြန်မြန် သိရတယ်ပေါ့။
ဟုတ်ပါတယ်။ လူငယ် အများစုဟာG-talk ဖွင့်ရင်း Facebook ကို တစ်ခါတည်း ဖွင့် ဖြစ်ကြပါတယ်။ ကိုယ်တိုင်လည်း သူငယ်ချင်းတွေ ဘာတွေ လုပ်နေလဲ။ ဘာတွေ ထူးခြား နေပြီ လဲ။ သူတို့တွေ ဘယ်ရောက်နေလဲ ဆိုတာတွေကို သိဖို့၊ ကိုယ့်ရင်ထဲမှာ ခံစားရတာကို စာအဖြစ်၊ ကဗျာအဖြစ် ရေးဖို့ အတွက်တွေနဲ့ Facebook ကို ပိုသုံးဖြစ်တာပါ။Facebook မှာရှိတဲ့Life Box လေးတွေ ဖွင့်ရင်း Love Percentage တွေ၊ Lucky Percentage တွေကိုကြည့်ရင်း စိတ်ပျော်ရွှင်မှု၊ ကြည်နူးမှုလေးတွေကိုFacebook မှာ ရှာဖွေဖြစ်ပါတယ်။ သူငယ်ချင်း အချင်းချင်း ဖုန်းဆက်လို့ မရရင်လည်းFacebook မှာ ၀င်ကြည့်ရင်း၊ မတွေ့ ရင်လည်း စာရေး ထားခဲ့ရင်း သူငယ်ချင်းတွေ အချင်းချင်း တွေ့ဆုံဖို့ အဆင်ပြေခဲ့တယ်လေ။
ဇော်ဇော်မျိုးလွင် ။ ။ ကျွန်တော်တို့ဆို သူငယ်ချင်း တစ်ယောက် ရှာမယ်ဆို အိမ်မှာသွား မရှာတော့ဘူး။ Online ပေါ်တက်ပြီးFacebook ပေါ် တက် ရှာတယ်။ အခုနောက်ပိုင်း ဖုန်းသိပ် မဆက်တော့ ဘူး။ အဲဒီမှာပဲ ၀င်ရှာလိုက်တယ်။ အခုဆို လူသန်းရာချီပြီးFacebook ကို သုံးကြတယ်။Facebook မှာဆို ကျွန်တော်တို့ ပုံတွေ အများ ကြီး ရှိတယ်။ အဲဒီပုံတွေကို တခြားသူတွေက ယူသွားလို့ ရတယ်။ ကောင်မလေး တစ်ယောက်ပုံ ကြိုက်တယ်ဆို ကျွန်တော်တို့ ယူလို့ရတယ်။ ကျွန်တော်တို့ ပုံကြိုက်တယ် ဆိုလည်း တခြားသူ တွေက ယူလို့ရတယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။Facebook တို့Twitter တို့မှာ Power တစ်ခု ရှိကို ရှိနေတယ်။ အဲဒါကို အပြည့်အ၀ သုံးနိုင်သူရှိတယ်။ မသုံးနိုင်သူလည်း ရှိတယ်။ တချို့က ကိုယ်ကျိုးအတွက် သုံးသူ တွေလည်း ရှိတယ်။
သတင်း အချက်အလက်တွေ တက်လာရင်လည်း အကုန် မှန်တယ်လို့ မပြောနိုင်ဘူး။ သူ ဒီမှာ ရှိတာကို ကျန်တဲ့သူတွေက Proof လုပ်ပေးနိုင်တာ ရှိတာကိုး။ ဒေသ တစ်ခုမှာ ရှိတဲ့ သူက အဲဒီ ဒေသက ပတ်သက်တဲ့ သတင်း တင်တာဆို ကျွန်တော်တို့က ဟုတ်တယ်လို့ ပြောတယ်။ ကျန်တဲ့ သူတွေက ထောက်ခံပေးရင် တခြားသူတွေ လာဖတ်တဲ့ အခါ ဒီဟာ မှန်ကန်တယ် ဆိုတာ သိသာစေတယ်လေ။Facebook နဲ့ တွဲလျက်ကTwitter. Twitter ကိုလည်း သုံးကြတယ်။Facebook မှာ တင်ထားတဲ့ Link ကို Twitter မှာသွားကြည့်တယ်။Twitter ကနေ Facebook ကို သွားကြည့်တယ်။ သူတို့က ပေါ့ပါးတယ်၊ မြန်ဆန်တယ် ဆိုတဲ့ဟာကို အဓိကထားတယ်။
မင်းယွန်းသစ် ။ ။ ကိုယ်က သတင်းလိုမျိုး၊ လူမှုရေး လှုပ်ရှားမှုလိုမျိုးကို Post အနေနဲ့ တင်တယ်။ ကိုယ်က အတည်အတံ့ လုပ်ပေမယ့် အပြောင်အပြက်တွေ ရေးတာမျိုးတွေ ရှိတယ်။
ထိုက်ထိုက်အောင် ။ ။ သတင်း အနေနဲ့ ပုံတို့၊ စာတို့ တင်တဲ့ဟာကို ကိုယ့်ကို အသိမပေးဘဲ ယူသုံးတာမျိုး ရှိတယ်။ Facebook မှာ တစ်ယောက်ယောက်ရဲ့ စာပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် ယူတင်တယ် ဆိုရင် အဲဒီမှာ Share ဆိုတဲ့ဟာလေး ရှိတယ်။ အဲဒါနဲ့တင်မှ Ethical ကျတာပေါ့နော်။ ဘယ်ကနေယူပြီး Share လုပ်တယ် ဆိုတာ ပေါ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလို လုပ်တဲ့ဟာ တော်တော်လေး ရှားတယ်။
ရဲအောင်သူ ။ ။ ကျွန်တော်တို့ အခု သုံးနေတာက တကယ့်နာမည် အစစ်နဲ့ ပဲသုံးတယ်။ ကိုယ့်ရဲ့ခံစားမှု အစစ်တွေပဲ ရေးတယ်။ အဲဒီလိုမျိုးတွေပဲ လူတိုင်း သုံးရင်ကောင်းမယ်။ အဲဒီလို တခြား နာမည်တွေ သုံးတယ်၊ ဥပမာအားဖြင့် ကိုဇော်မျိုးလွင် ရေးတဲ့ဟာကို မကြိုက်ဘူး ဆိုရင် ကျွန်တော့် နာမည် အရင်းနဲ့ ပြောမယ်ဆိုရင် အပြင်မှာ တွေ့ရင် ထိုးလိမ့်မယ်။ အဲဒီတော့ တခြား နာမည်နဲ့ Account တစ်ခု ထပ်ဖွင့်တယ်။ အခြား Account နဲ့ သူ့ကို Personal တိုက်ခိုက်လို့ ရတယ်။ ရှင်းရှင်း ပြောရရင် အဲဒီလို တိုက်ခိုက်နေတဲ့ သူတွေလည်း ရှိတယ်။ သူငယ်ချင်း တစ်ယောက် နာမည်နဲ့တူတဲ့ Account ဖွင့်ပြီး Add မယ်ဆို သူငယ်ချင်းပဲ ထင်ပြီး လက်ခံလိုက်မှာပဲ။ အပြင်မှာ တကယ်တမ်း ဖြစ်နေတာတွေ ရှိတော့ မကောင်းဘူးလေ။ အပြင်မှာ ပြောသည်ဖြစ်စေ၊ ကိုယ့်Facebook မှာ ပြောသည်ဖြစ်စေ ကိုယ့်ရဲ့အစစ်အမှန် ခံစားချက်မျိုး ပွင့်ပွင့် လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်တယ်။
လူငယ်တွေ အတွက် Share ဆိုတာကို ယူပြီး တင်ရကောင်းမှန်း မသိတာက Ethic ပိုင်းမှာ အားနည်းတာပါ။ ကိုယ်ကြိုက်သလောက် IDကို လုပ်လို့ ရတယ်ဆိုတဲ့Technical ကျွမ်းကျင်မှုပဲ ရှိပြီး ကျင့်ဝတ်ဆိုင်ရာ အားနည်းချက် တွေကြောင့် ဒီလိုတွေဖြစ်ရတာပါ။ မရိုးသားတဲ့ ရည်ရွယ်ချက် အခြေခံပြီး လုပ်ကြတာ ဖြစ်ပါတယ်။
ရဲအောင်သူ ။ ။ အဲဒီလို မရိုးသားမှုတွေက Social Networking မှာတင် မဟုတ်ဘူး။ ဖိုရမ်တွေမှာလည်း ဖြစ်လာတယ်။ ကျွန်တော်တို့ တစ်ခါကြုံ ရတယ်။ ကိုယ့်ဖိုရမ်မှာ Post ၅၀ ရှိတယ်ဆို Sub Domain တစ်ခုပေးမယ် ဆိုပြီး လုပ်လိုက်တဲ့ အချိန်မှာ ကြုံရတာတွေ ရှိတယ်။ အဲဒီတော့ ဘာ Post ပဲဖြစ်ဖြစ် တင်ရရင် ပြီးရောဆိုပြီး သူများ ဖိုရမ်ကနေ စာတွေ ယူလာတယ်၊ သူ့နာမည်နဲ့ ခပ်တည်တည် တင်ထားတော့ ကျွန်တော်တို့ ဖိုရမ်က ခိုးချထားတဲ့ သူခိုး ဆိုက်ကြီးလို ဖြစ်သွားမယ်လေ။ အဲဒီတော့ ဖိုရမ်မှာ ရှိတဲ့ မော်နီတာတို့၊ ဘာတို့က အရမ်း အလုပ်များတယ်။ စာတွေက အကုန်လုံးကို လိုက်ဖတ်ဖို့ သိပ်အဆင် မပြေဘူးလေ။ အဲဒီတော့ ဒီလူတွေက အမှန်လား ဆိုတာ သေသေချာချာ စိစစ်ရတဲ့ အခါ တချို့ဟာလေးတွေ လွတ်သွားတာပေါ့။
စီးပွားရေး အရ ဒီလို ပြဿနာမျိုး တွေလည်း ရှိမှာပါ။ teenမဂ္ဂဇင်းကို ဖတ်ရှုနိုင်တဲ့ www.shweamyutay.com ကို နှောင့်ယှက်တာမျိုး ကြုံခဲ့ရဖူးပါ တယ်။ အဲဒီလိုလုပ်တာ မခံရခင် ရှိသမျှ စာမူတွေရဲ့ Comment နေရာမှာ ကြော်ငြာ Link တွေ အများကြီး ထိုးထားပါတယ်။ ကြာလာတော့ မခံနိုင်ဘဲ ၀က်ဘ်ဆိုက်က ဒေါင်းသွားတာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေက နည်းပညာပိုင်း ကျွမ်းကျင်လာတဲ့ အခါ စီးပွားရေး အတွက် ရည်ရွယ်သုံးတယ်။ အဲဒါကို ၀န်မခံချင်တဲ့ အခါ နည်းအမျိုးမျိုး၊ နေရာ အမျိုးမျိုးမှာ ၀န်မခံဘဲ ID အတုတွေ သုံးလာကြပါတယ်။Social Network လုပ်သူတွေရဲ့ Consumer က Potential Consumer တွေပါ။
ရဲအောင်သူ ။ ။ ကျွန်တော် ကြုံဖူးတာက ဘယ်အလုပ်တွေ လိုနေပြီ၊ ဘယ်အလုပ်တွေ ဘယ်မှာ သွားလျှောက်ရတယ် ဆိုတာတွေနဲ့ ကျွန်တော့် ဖိုရမ်နဲ့ အလုပ် ရှာပေးတဲ့ သဘော လုပ်ပေးတယ်။ အေဂျင်စီ အနေနဲ့ မဟုတ်ပေမယ့် NGO က အလုပ်တွေ ခေါ်တယ်ဆို ဒီဆိုက်လေးကနေ NGO အလုပ်အကိုင်တွေ ရှာဖွေနေတယ် ဆိုပြီး တင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်ပြီးရေးတာက ဒီမှာတော့ ကွန်ပျူတာ ဒီဇိုင်နာ ဘယ်လောက်လိုတယ်၊ ဘာညာဆိုပြီး လာတင်တာတွေ ရှိတယ်။ နောက်မှ သိတာက သူ့ရဲ့အေဂျင်စီက တကယ်တမ်း ချုပ်ကိုင်ထားတယ် ဆိုတာ သိလိုက်ရတယ်။ နောက်ပိုင်းကျတော့ သူ့ကို မေးလ်ပို့ပြီး အဲဒီပို့စ်ကို ဖျက်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကိုဆက် သွယ်ရမယ့်လိပ်စာက အေဂျင်စီလိပ်စာ ဖြစ်နေတယ်။
ဇော်ဇော်မျိုးလွင် ။ ။ တချို့က ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာ။ ကျွန်တော် မြန်မာပြည်မှာ မဖြစ်ဖူးသေးဘူး မဟုတ်ဘူး၊ ဖြစ်ဖူးတယ်။ ဥပမာ ပလန်းနက် တို့ ဘာတို့ ဒေါင်းသွားတာတွေ ရှိတယ်။ ဒါက သူတို့ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာမျိုးလေ။ အဲဒါတွေက ကျွန်တော်တို့ ဆီမှာ ရှေ့လျှောက် ပိုပြီး များလာမယ်လို့ ထင်ရတယ်။ Account တွေကို အမြဲတမ်း အသစ်အသစ် တွေ ပေးနေရတယ်။ ဒါတွေကြောင့် အားနည်း ချက်တစ်ခု ဖြစ်နေသလို သုံးတဲ့ သူတွေရဲ့ အားနည်းချက်တွေ ကြောင့်လည်း ဒီဆိုက်တွေကို တိုက်ခိုက်နိုင်တာ တွေရှိတယ်။Facebook နဲ့ G-talk မှာ ဆိုရင်G-talk က လုံခြုံရေး ပိုအားကောင်း တယ်။
မင်းယွန်းသစ် ။ ။ တစ်ခုခု Error ဖြစ်လို့ Account ပိတ်သွားရင် G-talk တို့၊ ဘာတို့က Auto Logout ဖြစ်သွားတယ်။Facebook တို့၊ ဘာတို့က ကျန် ခဲ့တယ်။ များသောအားဖြင့် ဖြစ်တတ်တာက ကျွန်တော်တို့လို Cyber Cafe တွေမှာ သုံးတဲ့သူ တွေက အဲဒါ အားနည်းချက် ဖြစ်တယ်။ Account ကို ဒီအတိုင်း ပိတ်သွားတယ်။ နောက်တစ်ယောက်က လာဖွင့်တဲ့ အခါ ဒီအတိုင်း ကျန်နေခဲ့ရော။ အဲဒီမှာ မသမာမှုတွေ ဖြစ်နိုင်တယ်လေ။ တကယ်လို့ ကိုယ့်ရဲ့ Password ပြောင်းလိုက်တာဆို မူလ ပိုင်ရှင်က ၀င်လို့ မရတော့တာမျိုးတွေ ရှိတယ်။
နည်းပညာ အားနည်းချက်တင် မဟုတ်ဘဲ သုံးစွဲ သူတွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။Nick Name တွေ အများကြီးသုံးတာ၊Account Hack လုပ်ခံရတဲ့ အခါ နောက်ထပ် တစ်ခုဖွင့်မယ်ဆိုတာမျိုးတွေက သုံးသူတွေရဲ့ အားနည်းချက်တွေပါပဲ။
ဇော်ဇော်မျိုးလွင် ။ ။ အင်တာနက်ပေါ်မှာ နားလည်ထားတာ နည်းကြတယ်။ အင်တာနက်ထဲမှာ ကိုယ့်ကို နာမည် အစစ်ဖော်လို့မရဘူး၊ ပုံ အစစ်တင်လို့ မရဘူး ဆိုတာတွေ သူတို့ခေါင်း ထဲမှာ ရှိတော့ ခလုတ်တွေ့တိုင်း နှိပ်ကြတယ်၊ အဲဒါ သူတို့ရဲ့အားနည်းချက်ပဲ။
မင်းယွန်းသစ် ။ ။ ကြီးကြီးကျယ်ကျယ် ပြော ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘ၀ကြီးကို ဒီအင်တာနက်ပေါ် တင်ထားတာပေါ့။ အဲဒီတော့ ကျွန်တော် တို့ရဲ့ Account ကို လုံခြုံရေး တစ်ခုကြောင့် တခြား သူက ယူသွားမယ်ဆိုရင် အများကြီး နစ်နာတယ်။ အဲဒါ အရမ်း အရေးကြီးလို့ Security ပိုင်းကို အလေး ထားသင့်တယ်။
ဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ နည်းပညာ ပိုင်းနားလည်ရုံ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ နားလည် ရုံတွေနဲ့လည်း မလုံလောက်ပါဘူး။ နှစ်ခုစလုံးက အရေးကြီးပါတယ်။ Account အသစ် နာမည်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ရိုးသားမှု တစ်ခုတော့ လိုအပ်ပါတယ်။ ရိုးသားမှုနဲ့ ဆက်သွယ်တဲ့ အခါ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မမြင်ဖူးပေ မယ့်လည်း ခင်မင် သွားတတ်ပေမယ့် ရိုးသားမှု မရှိတဲ့ အချိန်မှာတော့Block လုပ်လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။
တချို့ လူငယ်တွေက အင်တာနက်ကို တော်တော်သုံးကြတယ်။ အဖြူ၊ အစိမ်းလေးတွေနဲ့ တချို့ကျောင်းဆင်းချိန် လာသုံးကြတာ ရှိတယ်။ တချို့ကလေးတွေဆို G-talk တစ်ခုပဲ သုံးတယ်။ အဲဒီ G-talk ကိုပဲ တစ်ယောက် တစ်လှည့်စီ ယူသုံး ကြတယ်။ တချို့က ရှိသေးတယ်၊ သူငယ်ချင်းမှာ G-talk မရှိလို့ ပေးလိုက်တာမျိုးတွေ ရှိတယ်။ အင်တာနက်ကို လွဲမှားစွာ သုံးနေကြတာ အများကြီးပဲ။ ဒီထက်ပိုပြီး သုံးသင့်တယ်။ အဲဒါတွေက ဆယ်ကျော်သက်တွေတင် မဟုတ်ဘူး၊ အသက် ကြီးတဲ့ သူတွေဆီမှာလည်း တွေ့ရတယ်။ အင်တာနက်ပေါ်တာ မြန်မာပြည်မှာလည်း နည်းနည်း ကြာနေပြီ။ သုံးတဲ့သူတွေ အနေနဲ့ကလည်း နည်းနည်း ရင့်ကျက်သင့်ပြီ။ ဒီထက်ပိုပြီး ဘယ်လို အသုံးချသင့်တယ်၊ ဗဟုသုတတွေ ဘယ်လို ရနိုင်လဲ ဆိုတာတွေပေါ့။ ခင်ခင်မင်မင် ပေါင်းနေ တာထက် ဒီထက်ပိုပြီး ရင့်ကျက်စွာ သုံးသင့် တယ်လို့ ထင်တယ်။ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု ရှိသလို ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေလည်း နားလည်မှု ရှိတဲ့ သူတွေ အနေနဲ့ အင်တာနက် သုံးသူတွေကို ကျင့်ဝတ်အရ၊ နည်းပညာ အရ နည်းမှန်လမ်းမှန် ဖြစ်ဖို့ သင်တန်းသဘောမျိုး၊ ပညာပေးသဘော မျိုးပေးဖို့ အစီအစဉ် ရှိကြပါတယ်။
ဇော်ဇော်မျိုးလွင် ။ ။ မိဘတွေ ကိုယ်တိုင်က အင်တာနက် ဆိုတာ နားမလည်သေးတာရှိတယ်။ အထက်တန်းကျောင်းသားတွေ အင်တာနက်ဆိုင် သွားရင် သဘော ကျနေကြတယ်။ ဘယ်လို အသုံးချမှန်း မသိဘူး။ သူတို နားလည်တာက အင်တာနက်က ရုပ်သံလိုင်း တစ်ခုလို လွှင့်နေ တာပေါ့။ လူကြီးတွေ အနေနဲ့ သိထားသင့်တာက ညစ်ညမ်း ၀က်ဘ်ဆိုက်တွေကို ကလေးတွေ သွားကြည့်တာကို စိုးရိမ်ကြတယ်။ မစိုးရိမ်ပါ နဲ့။ အဲဒါက သူတို့ စိုးရိမ်ရမှာ မဟုတ်ဘူး။ စိုးရိမ် ရမှာက G-talk ပဲ သုံးပြီး အာလာပ သလ္လာပ ပြောတာ။
အဲဒါက ဖျောက်ရတာ ခက်တယ်။ အလကား နေရင်း G-talk တဲ့ ဘာတွေ ပြောနေလဲ သွားကြည့်၊ ဘာမှ မဟုတ်ဘူး။ အသက်ကြီးတဲ့ သူတွေတောင် ဖျောက်ရခက်တာ။ လူငယ်တွေ ဆိုတော့ ပိုဆိုးတာပေါ့။ ဆယ်ကျော်သက်တွေဆိုတော့ မြေစမ်း ခရမ်းပျိုးပေါ့။ အရင်တုန်းက ဖုန်းဆက် ပြောကြတယ်။ မြင်လည်း မမြင်ဖူးဘဲနဲ့ ဖုန်းနံပါတ် ရရင် ပြောကြရော၊ အခုက ဖုန်းဖိုး အကုန်သက်သာ တယ်။ Account တစ်ခုShare လုပ်ကြတယ်။ ကျွန်တော်တို့ အခုကြုံရတာဆို အသက် နည်းနည်းကြီးတဲ့ သူတွေက ကောင်မလေး Account ရှိရင် ပေးစမ်းပါ ဆိုတာတွေပေါ့။
Effect တွေက ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာ ပြောလို့ မရဘူး။ တစ်ခါတလေ ကောင်မလေး နာမည်နဲ့ မေးလ်တွေ ပို့တယ်။ နိုင်ငံခြားက ပုံတွေ ပို့တာတို့ပေါ့။ အခု မြန်မာကားတွေ ကြည့်တယ်ဆို ပထွေးက မတရား ကျင့်တာတို့၊ ဘာတို့၊ မင်းသား မင်းသမီး တည်းခိုခန်း သွားတာတို့ အဲဒါမျိုးကျ ဒီက လူကြီးတွေက ကြည့်ခိုင်းတယ်။ နိုင်ငံခြား ကားတွေမှာဆို နှုတ်ခမ်းလေး နမ်းတာက အစ ကျော်လိုက် ဆိုတာတွေ ရှိတယ်။ ဆယ်ကျော် သက်ကလေးတွေက ဘာလို့ အဲဒီ နေရာမှာမှ ကျော်ကြည့်တာလဲ ဆိုပြီး ခိုးကြည့် ကြတယ်။ အခုတော့ လွယ်သွားပြီ။ အင်တာနက်မှာ သွားကြည့်လို့ ရတယ်ဆို တစ်ယောက်နဲ့ တစ်ယောက် Forward တွေ လုပ်ကြတယ်။ အထူးသဖြင့် မိန်းကလေးတွေက ပိုပြီး စူးစမ်းကြတယ်။ အဲဒါတွေကို သဘာဝ အရ ကျော်လွှား သွားနိုင်ရင် ကောင်းတယ်။ မဟုတ်ဘဲ မကောင်းတဲ့ဘက် ရောက်သွားမှာ စိုးရိမ်ရတယ်။
မင်းယွန်းသစ် ။ ။ လူငယ်တွေကို အသိပေး သင့်သလို လူကြီးတွေကိုလည်း သိအောင် လုပ်ပေးသင့်တယ်။
ဇော်ဇော်မျိုးလွင် ။ ။Facebook တင်ထားတဲ့ ပုံတွေဆို အရမ်း လှကြတယ်။ အပြင်မှာ အဲဒီလောက် ဟုတ်ချင်မှ ဟုတ်မှာလေ။ အဲဒီလိုမျိုးနဲ့ ကြိုက်သွား ကြတာ ရှိတယ်။ အွန်လိုင်းမှာ ကြိုက်ပြီး အပြင်မှာတွေ့၊ တကယ်ကြိုက်တာ မျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါတွေက ကျယ်ပြန့်လာပြီ ဆိုတော့ မိဘတွေ အနေနဲ့ ဒါကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နားလည် ထားရတော့မယ်။ အရွယ် ရောက်ပြီးသား ကောင်လေးက၊ အရွယ် မရောက်သေးတဲ့ ကောင်မလေးကို ချစ်ပါတယ်။ ကြိုက်ပါတယ်ပြော၊ အဲဒီက တစ်ဆင့် VZO ပြော၊ မျက်နှာ တွေ့လိုက်ရ၊ ပိုကြိုက်သွား၊ အဲဒါမျိုး ပိုပြီး ဖြစ်လာမယ်။ အရမ်း အန္တရာယ် ရှိလာတယ်။ မိဘတွေ အနေနဲ့ ဒါတွေကို နားလည် ထားရမယ်။ ဒါတွေတော့ သုံးရမယ်၊ ဒါတွေတော့ မသုံးရဘူး ဆိုတာပေါ့။ အင်တာနက် ဘာလဲဆိုတာ လူကြီးတွေက သိရမယ်။ အမေရိကားမှာဆို ၁၃ နှစ် အောက်ဆိုရင် ကလေးတွေရဲ့Passward ကို မိဘတွေက သိထားရတယ်။
ရဲအောင်သူ ။ ။ အမှန်တကယ် Generation ကွာဟမှုနဲ့ သွားဆိုင်တယ်။ ကျွန်တော့် မိဘတွေကို သင်ပေးပေမယ့် နိုင်ငံခြား ရောက်နေတဲ့ အစ်မတို့နဲ့ စကား ပြောချင်ရင် ကျွန်တော် မရှိရင် ပြောလို့ မရတော့ဘူး။ မေးလ်ပို့ထား တယ်ဆို၊ သားလိုက်ဖွင့် ပေးပါတို့ပေါ့။ ဒါက အဆင်မပြေ တော့ဘူးလေ။ သူတို့ ကိုယ်တိုင်လည်း ဆက်သွယ်လို့ ရတဲ့ဟာတွေ အများကြီး ရှိတယ်လေ။ ဥပမာ တရားခွေ နားထောင်ချင်တယ်ဆို အများကြီးပဲ ရှာလို့ရတယ်။ ငါတို့ အသက်ကြီးသွားပြီ၊ မင်းတို့ခေတ် လူငယ်တွေကို မမီတော့ဘူး ဆိုတာမျိုး တွေပေါ့။ လူကြီးတိုင်းက ကိုယ်နဲ့လည်း ဆိုင်သေးတယ် ဆိုတာမျိုး ဖြစ်ရမယ်။ တချို့ လူကြီးတွေကတော့ မဆိုင်ဘူး ဆိုပြီး လွှတ်ထားတယ်။ ဒါက အင်တာနက် ကျယ်ပြန့်မှုနဲ့လည်း ဆိုင်မယ်။ အိမ်တိုင်းမှာ အင်တာနက် တင်နိုင်မယ့် အခွင့်အရေးလည်း နည်းပါးတယ်လေ။ အင်တာနက် ဆိုင်သွားမယ် ဆိုလည်း ကလေးတွေ ရှိတယ်ပေါ့။ အင်တာနက်ဆိုင်ကလည်း များသော အားဖြင့်Game ဆိုင်နဲ့တွဲတာ များတယ်လေ။ အဲဒါတွေကြောင့်လည်း ဆိုင်မယ် ထင်တယ်။
ဇော်ဇော်မျိုးလွင် ။ ။ သားသမီးတွေ နိုင်ငံခြားသွားတဲ့ အခါ အနည်းဆုံး G-talk စစ်တာမျိုးတွေတော့ လုပ်လာကြပါတယ်။ နောက်တစ်ချက်က Social Media ကျယ်ပြန့်လာခြင်းက လွတ်လပ် လာလေလေ၊ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်။ ကျွန်တော်တို့လို တိုင်းပြည်တွေမှာ ပိုသတိ ထားရမယ်။ အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုး၊ စကားလုံးပိုင်း ဆိုင်ရာ အနိုင်ကျင့်တာမျိုး တွေပေါ့။ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။
အခုနောက်ပိုင်းမှာ ရည်းစားနှစ်ယောက် ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် Passward ပေးပြီး သူဘာလုပ်လဲ၊ ကိုယ်ဘာလုပ်လဲ ဆိုတာတွေ ကြည့်တယ်။ လူတစ်ယောက်ရဲ့ Privacy ကို လျစ်လျူ ရှုတာက ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလုပ်တဲ့ အပြုအမူက မှားတယ် မယူဆဘဲ Right တစ်ခုလို မြင်လာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ပြီဆို ဒီ လူတစ်ယောက်ရဲ့ဘ၀ကို အပြည့်အ၀ ၀င်စွက်ခွင့် ရှိတယ်ဆိုတဲ့ အမြင်တွေနဲ့ လုပ်တယ်။ ဒီယဉ်ကျေးမှုတွေက စဉ်းစားဖို့ ကောင်းပါပြီ။
ဇော်ဇော်မျိုးလွင် ။ ။ လူငယ်တွေ အတွက် လူကြီးတွေက အထိုက် အလျောက်တော့ လွှတ်ပေးသင့်တယ်။ မလုပ်ရင်ရတဲ့ နည်းတစ်ခု ရှာကြမှာပဲ။ နည်းပညာ နားလည်ထားသူ အနေနဲ့ အန္တရာယ်များတယ်။
သုံးတဲ့ နည်းပညာ အပေါ် ကျွမ်းကျင်မှု မရှိတဲ့အခါ မသုံးသင့်ဘဲ အန္တရာယ်တွေ များပါတယ်။ လူတစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ ကျင့်ဝတ်နဲ့ နည်းပညာပိုင်း ဆိုင်ရာ ပတ်သက်မှုများနဲ့ ပြောဆိုကြမှု အပေါ် teen စကားဝိုင်းမှာပါ သူတွေက သုံးသပ်ကြပါသေးတယ်။
ဇော်ဇော်မျိုးလွင် ။ ။ ကျွန်တော်က သုံးစွဲသူတွေကို အကောင်းဆုံး အကြံဥာဏ် ပေးချင်တာက နည်းပညာပိုင်း အရ ကိုယ်ဘာပဲ သုံးသုံး သိအောင်ကြိုး စားစေချင်တယ်။ နည်းပညာပိုင်း အရဆိုတာWebsite ရေးတတ်မယ်တို့၊ ဘာတို့ကို ပြောတာ မဟုတ်ပါဘူး။ ဒါကို ဘာလို့ ကိုယ်သုံးလဲ ဆိုတာ သိရမယ်။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ စီးပွားရေး အရ ဆက်သွယ်ဖို့ သဘောလေးတော့ သိဖို့ လိုတယ်။ လုံခြုံရေးပိုင်း အနေနဲ့ဆို တစ်ဦးချင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့လိုတယ်။ အွန်လိုင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ ဂရုစိုက် စေချင်တယ်။
ထိုက်ထိုက်အောင် ။ ။Social Networking တို့ Social Media တို့၊ ဘာတို့က Monolouge ကနေ Dialouge အထိ ပြောင်းသွားတော့ သုံးတဲ့သူတွေ အကုန်လုံး Information ပေါ် မူတည်ပြီး ကောင်းတဲ့ဘက်မှာ အသုံးချရင် ကိုယ့်အတွက် အရမ်း အကျိုး ရှိတာပေါ့။
ို
ရဲအောင်သူ ။ ။ သုံးနေတဲ့ကိုယ့်ရဲ့Knowledge ကိုထပ်ပြီး မြှင့်စေချင်တယ်။ ကိုယ်နဲ့ သက်ဆိုင် တာတွေကါးမိနစ်လောက် ရှာကြည့်တာမျိုး လုပ်သင့်တယ်။ GTC ကျောင်းသား၊ ကျောင်းသူ တွေဆို G-talk ပြောမယ့်အစား Google မှာ အဲဒါနဲ့ ပတ်သက်တာလေးတွေ ရှာသင့်တယ်ပေါ့။ သူနဲ့ ဆက်နွှယ်ရာတွေ၊ အင်တာနက်မှာ အလကားရ နေတာဆိုတော့ ရှာသင့်တာပေါ့။ ဗဟုသုတတွေ ပြန်ဖြည့်သင့်တယ်။ သူငယ်ချင်းတွေက အသက် အရွယ်မရွေး ရှာလို့ ရတယ်လေ။
မင်းယွန်းသစ် ။ ။ ရှေ့ကလူတွေ ပြောတာ တော်တော်လေး စုံတယ်ဆိုတော့ ပြောစရာ သိပ်မရှိပါဘူး။ Userတွေ အနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးကို အလေးထားသလို သူများတွေရဲ့ လုံခြုံရေးကိုလည်း အလေးထားဖို့၊ သုံးတဲ့အခါ ရင့်ကျက် မှုရှိဖို့၊ ကိုယ်သိသလို တခြားသူတွေ သိဖို့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ကြတဲ့ ထိုက်ထိုက် အောင်၊ မင်းယွန်းသစ်၊ ဇော်ဇော်မျိုးလွင်၊ ရဲအောင် သူတို့က အင်တာနက် နည်းပညာကို သင်ပေးရင်း ကောင်းကျိုး၊ ဆိုးကျိုးတွေကို သင်ပေး နေကြသူ တွေပါ။ အင်တာနက် သုံးနည်းတင် မဟုတ်ဘဲ လုံခြုံအောင် ဘယ်လိုမျိုးတွေ လုပ်သင့်တယ် ဆိုတာတွေပါ သင်ပေးကြပါတယ်။
teen စကားဝိုင်းမှာ နည်းပညာနဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာများကို ပြောကြတာဖြစ်တဲ့ အတွက် teen ပရိသတ်များ အတွက် အသိ တစ်ခုခု ရမယ်လို့ မျှော်လင့်ပါတယ်။ စကားဝိုင်းမှာ ပါဝင်ကြသူ အားလုံးကို ကျေးဇူးတင် ရှိပါတယ်။
ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)
Wednesday, November 3, 2010
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ...
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ လထုတ် ရွှေအမြုတေ ဟာ အမှတ်စဉ် အားဖြင့် ၂၅၂ ဖြစ်တာကြောင့် သက်တမ်း အားဖြင့် ၂၁ နှစ် ပြည့်ခဲ့ပါပြီ။
တကယ်တော့ ၁၉၈၉ ခုနှစ် ဇူလိုင်လက စတင် ထုတ်ဝေခဲ့တဲ့ ရွှေအမြုတေဟာ ၂၀၁၀ ပြည့်နှစ် ၊ ဇူလိုင်လ ကတည်းက ၂၁ နှစ် ပြည့်ရမှာပါ။ ဒါပေမယ့် ထုတ်ဝေစ ကာလမှာ "တင်ထုတ်" အဖြစ်ထုတ်ဝေ ခဲ့ရတာကြောင့် တချို့လတွေမှာ မထွက်နိုင်ဘဲ ကျော်ခဲ့ရတဲ့ လတွေ ရှိပါတယ်။ ဒါကြောင့် ဇူလိုင်လအစား နိုဝင်ဘာလမှသာ ၂၁ နှစ်ပြည့်ပါတယ်။ ၂၁ နှစ်ပြည့် အထူးထုတ် အတွက် မျက်နှာဖုံးရှင် တင်ဖို့ စဉ်းစားကြတော့ အခုတလော ပရိတ်သတ်များ ကြားမှာ ရေပန်းစားနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကို မျက်နှာဖုံး တင်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ကို စကားကမ်းလှမ်း တော့လည်း ရိုက်ပေးပါမယ်လို့ ကတိပြုကြပါတယ်။ ပုပ္ပားမှာ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီး သွားရောက် ရိုက်ကူးပြီးရင် ရန်ကုန်မှာ ကြော်ငြာနှစ်ခု ရိုက်ဖို့ ပြန်လာရပါမယ် ။ အဲဒီအချိန် ကျရင် ရိုက်ပါလို့ ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပုပ္ပားမှာ ကားရိုက်ရင်း ရာသီဥတု အခြေအနေက မိုးများနေတဲ့ အတွက် ကန့်သတ်ထားတဲ့ ရက်အတွင်းမှာ မပြီးနိုင် ဖြစ်ခဲ့ရပါတယ်။ ရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် အပြီးသတ်အောင် ရိုက်ကူး ပေးချင်တာကြောင့် ရန်ကုန်က ကြော်ငြာ ရိုက်ရက်တွေကို ဖျက်ပြီးရင် ပြင်ဦးလွင်မှာ စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ကျော်ဇောလင်း နဲ့ ဗီဒီယို ရိုက်ဖို့ ရက်ချိတ်ထားပြီးသား ဖြစ်ပါတယ်။ ကြော်ငြာရိုက်ဖျက် လိုက်တဲ့အတွက် သူတို့နှစ်ယောက်စလုံး ရန်ကုန်ကို ပြန်ဆင်းမလာကြ တော့ဘဲ ပြင်ဦးလွင်ကို တိုက်ရိုက် တက်သွား ကြပါတော့တယ်။ မျက်နှာဖုံး ရိုက်ဖို့အတွက် အချိန်ကလည်း ပြင်ဦးလွင်ကို လိုက်ပြီး ရိုက်မှသာ ဖြစ်နိုင်မှာမို့ ပြင်ဦးလွင်ကို ဓာတ်ပုံဥာဏ တို့အဖွဲ့နဲ့ အတူ သွားရောက် ရိုက်ကူးကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့မှာ လင်းနိုင်ဦးနဲ့ ဥာဏတို့ အဖွဲ့က လိုင်းကားနဲ့ ပြင်ဦးလွင်ကို တောက်လျှောက် တက်ကြပါတယ်။ ဦးဝင်းငြိမ်းကတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ မန္တလေးသို့ လေယာဉ်နဲ့ လိုက်သွားပြီး ပြင်ဦးလွင်ကို ကားနဲ့ တက်ခဲ့ပါတယ်။ နယ်ထွက်ပြီး ကားရိုက်တယ် ဆိုတာက ပါဝင် သရုပ်ဆောင်ကြတဲ့ ရုပ်ဆောင်တွေ စုံစုံညီညီ စောစာစီးစီးရိုက် နိုင်အောင် စီစဉ်တာ ဖြစ်ပါတယ်။ ဒါကို ရွှေအမြုတေ အယ်ဒီတာ အဖွဲ့က ထုတ်လုပ်သူ ကိုဝင်းကြည် ၊ ဒါရိုက်တာ ကျော်ဇောလင်း တို့ကို မေတ္တာ ရပ်ခံပြီး ၂၅ ရက်နေ့ နေ့တစ်ဝက် ဓာတ်ပုံရိုက်ခွင့် တောင်းခဲ့ကြတာ ဖြစ်ပါတယ်။ဓာတ်ပုံ ရိုက်ကွင်းကို ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ တည်းနေကြတဲ့ ပြင်ဦးလွင်မြို့ ကန်တော်ကြီး အနီးက Kandawgyi Hill Resort မှာပဲ တည်းခဲ့ကြပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ကလည်း ရွှေအမြုတေ ပရိတ်သတ်များ အတွက် မင်္ဂလာဝတ်စုံ အပြင် တခြားဝတ်စုံ နှစ်စုံနဲ့ပါ စိတ်ပါလက်ပါ ရိုက်ကူး ပေးခဲ့ကြပါတယ်။
ရိုက်ကူးထားတဲ့ မင်္ဂလာဝတ်စုံ ကသူတို့ တကယ်ဝတ်မယ့် ၀တ်စုံ မဟုတ်ပါဘူး။ ဒါကိုတော့ ကြိုတင် ပြောထားလိုပါတယ်။ ဓာတ်ပုံရိုက်ပြီးချိန်မှာ မွန်းလွဲ ၂နာရီ ကျော်နေပါပြီ။ နောက်ထပ် နာရီဝက်လောက် အချိန်တောင်းပြီး အင်တာဗျူး မေးဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ ရုပ်ရှင်သမိုင်းကို နှစ်အစိတ်စီ ပိုင်းခြားမယ် ဆိုရင် ပထမ ၂၅ နှစ်က ငွေရတုပေါ့။အဲဒီ ကာလအတွင်းမှာ အမျိုးသား သရုပ်ဆောင်များနဲ့ အမျိုးသမီး သရုပ်ဆောင်များ အိမ်ထောင်ပြုခဲ့ကြတာတွေ တော်တော်များများ ရှိပါတယ်။ ဥပမာ မေမြင့်နဲ့ ညွန့်မောင် မျိုးချစ်နဲ့ ခင်အုန်းမြင့် ကျော်ဝင်းနဲ့ တင်တင်မှု ဖိုးပါကြီးနဲ့ မေချစ် ဦးကြည်မောင်နဲ့ ဒေါ်မေနွဲ့ သိန်းဇော်နဲ့ မေလွင် စသဖြင့် ရှိခဲ့ကြပါတယ်။ ဒုတိယ ၂၅ နှစ်ဖြစ်တဲ့ ရွှေရတုကာလ အတွင်းမှာလည်း အမျိုးသား သရုပ်ဆောင်များနဲ့ အမျိုးသမီး သရုပ်ဆောင်များ တို့အိမ်ထောင်ပြုခဲ့ ကြတာ တွေ့ရပြန်ပါတယ်။
ဥပမာ ရွှေဘနဲ့ သင်းသင်းလဲ့၊ ကျော်ဆွေနဲ့ ခင်ယုမေ၊ ကျော်ဟိန်းနဲ့ စန္ဒာ ၊ ၀င်းညွန့်နဲ့ ဒေစီကျော်ဝင်း ၊ သန်းထွဋ်နဲ့ ၀ါဝါ၀င်းရွှေ စသဖြင့် ရှိခဲ့ကြပါတယ်။ ရွှေရတု ကာလကို လွန်မြောက်ပြီး ရုပ်ရှင် စိန်ရတုကာလ အတွင်းမှာတော့ အမျိုးသား သရုပ်ဆောင်များနဲ့ အမျိုးသမီး သရုပ်ဆောင်များ အိမ်ထောင်ပြုခြင်း မရှိကြတော့ တာကိုတွေ့ရပြန်ပါတယ်။ ရုပ်ရှင်စိန်ရတု ကာလ လွန်မြောက် လာပြီးတဲ့ နောက်မှာ အမျိုးသမီး သရုပ်ဆောင်များက အိမ်ထောင်ဖက်ရွေးချယ်ရာ မှာ အရပ်သား စီးပွားရေး လုပ်ငန်းရှင်များ ရွေး၊ အခြား အနုပညာ ရှင်များ ရွေးချယ်ကြသလို အမျိုးသား သရုပ်ဆောင် များကလည်း အမျိုးသမီး သရုပ်ဆောင်များကို အိမ်ထောင်ဖက် အဖြစ် မရွေး ချယ်ကြတော့ဘဲ ပြင်ပ အရပ်သူများကို ရွေးချယ် လာကြပါတယ်။၂၀၁၀ နှစ်ဝက်ကျော်ကျော် အချိန်မှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မေတ္တာ သက်ဝင်နေကြပြီ ဆိုတဲ့ သတင်းများ ပျံ့လွင့် လာပါတယ်။
အပျို၊ လူပျို သရုပ်ဆောင်ချင်း မေတ္တာ သက်ဝင်ခြင်းကို စိတ်ဝင် စားကြတာ မှန်ပေမယ့် ရှေ့မှာ ကြုံခဲ့ကြဖူးတဲ့ အတွဲများက ဇာတ်သိမ်းမှာ လွဲခဲ့ကြတာကြောင့် သူတို့ နှစ်ယောက်ရော တကယ်အိမ်ထောင် ပြုဖြစ်ကြမလားလို့ ပရိတ်သတ်များက စိတ်ဝင် စားကြပါတယ်။ သူတို့နှစ်ယောက်က နောက်တစ်ဆင့် တက်လာပါတယ်။ ၂၀၁၁ နှစ်ဆန်းချိန်မှာ အိမ်ထောင်ပြု ကြတော့မယ်လို့ သတင်းများ ပျံ့လွင့်လာတဲ့ အတွက် သူတို့မေတ္တာ ဇာတ်လမ်းက ခိုင်မာသွားပြီ လို့ယုံကြည်ရပါတယ်။ ဒါကြောင့်လည်း ရွှေအမြုတေ အယ်ဒီတာ အဖွဲ့က ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ယောက်ကို တစ်ပြိုင်တည်း တွေ့ဆုံ မေးမြန်းခြင်းပြုခဲ့တာပါ။
ပထမဆုံး မေးမြန်းဖြစ်တဲ့ မေးခွန်းက နှစ်ယောက်စလုံးက သရုပ်ဆောင် ဖြစ်နေတဲ့ အတွက် အခြား သရုပ်ဆောင်များနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ အခါ မှာ မိမိ ဇနီး ၊ခင်ပွန်းအပေါ် သ၀န်တိုမှု ရှိနိုင်ပါသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
တီ။ ။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ.....
တီ+ဇင်။ ။ အဲဒါမျိုးက ဘာမှကို မရှိဘူး။
ဇင်။ ။ သမီးတို့ နှစ်ယောက်စလုံးက ဒီလုပ်ငန်းကို လုပ်နေတဲ့ သူတွေ ဖြစ်တဲ့အတွက် အဲဒါမျိုး မဖြစ်နိုင်ပါဘူး။အကယ်၍ ဦး မေးသလိုမျိုး စိတ်ခံစားမှု ဆိုတာက အပြင်က လူဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ တော်တော်လည်း ညှိယူရမယ့် ကိစ္စ ဖြစ်ပါလိမ့်မယ်။ သမီးတို့ နှစ်ယောက်စလုံးက ဒီလုပ်ငန်းခွင်ထဲက ဖြစ်တဲ့အတွက် တခြား တစ်ယောက်နဲ့ တွဲခြင်းဟာ အလုပ်လုပ်နေတာ ဆိုတာ သိနေတဲ့ အတွက် အဲဒီလို ခံစားချက် ရှိမှာမဟုတ်ပါဘူး။ သူဘယ်မင်းသမီးနဲ့ပဲ တွဲတွဲ သြော်... သူ အလုပ် လုပ်နေတာပဲလို့ စဉ်းစားလို့ ရသလို သူ့ဘက်ကလည်း ဘယ်မင်းသားနဲ့ပဲ တွဲတွဲ အလုပ်လုပ် နေတာပဲ ဆိုတာ နားလည်မှု ရှိမှာပါ။
တီ။ ။ အဲဒီ အပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ နှစ်ယောက်မှာ ဘာမှ မရှိမှာ သေချာတယ်။ ဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ တိုင်ပင်တာမျိုးတော့ ရှိပါတယ်။ ဥပမာ ဘယ်ဇာတ်လမ်းမျိုးတော့ မရိုက်သင့်ဘူး ဘယ်ဇာတ်လမ်းမျိုးတော့ ရိုက်သင့်တယ် တိုင်ပင်တာလောက်ပဲ ရှိပါတယ်။ ဇာတ်အပေါ်မှာ အကောင်း၊ အဆိုး တိုင်ပင်တာပဲ ရှိပါတယ်။
ကျန်တာကတော့ ဘာမှ မရှိပါဘူး။
ရုပ်ရှင် မင်းသားကြီး တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ဖူးတဲ့ မင်းသမီးကြီး တစ်ယောက်ကတော့ ပြောခဲ့ဖူးတယ်။ သူ့ခင်ပွန်းသည် မင်းသားက တခြား ဘယ်မင်းသားနဲ့မှ တွဲခွင့် မပေးတာကြောင့် သူ့အနေနဲ့ အနုပညာ ပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ဖူး တယ်လို့ ပြောဖူးတယ်။ ပြေတီဦး အနေနဲ့ရော အိန္ဒြာ ကျော်ဇင်ကို ဘယ်မင်းသားနဲ့ မှ မတွဲရဘူးလို့ ချုပ်ချယ်မှု ရှိနိုင်သလား။
တီ။ ။ မရှိပါဘူး။ စောစောက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိပါတယ်။
လောလောဆယ်မှာတော့ ဒီနှစ်ယောက် အတွဲကို ပရိသတ် စိတ်ဝင်စားတဲ့ အတွက် နှစ်ယောက်တွဲ ဇာတ်တွေ လာမှာပဲ။ အရှည်မှာ ကျတော့ရော ဒီလိုပဲ နှစ်ယောက် တွဲဇာတ်တွေကိုပဲ လက်ခံသွား မှာလား။
ဇင်။ ။ သမီးက အဲဒါကိုတော့ နည်းနည်း စဉ်းစားတယ်။ အပြင်မှာလည်း နှစ်ယောက် တွဲဖြစ်တဲ့အတွက် အဲဒီလိုနှစ် ယောက်တွဲ ဇာတ်တွေချည်းပဲ ရိုက်မယ်ဆိုရင် ပရိသတ် အမြင်အနေနဲ့ သိပ်ပြီး မထူး ဆန်းသလို ဖြစ်သွားမှာစိုးလို့ နည်းနည်းလေးတော့ အဲဒါကို ချိန်ရမယ် ထင်တယ်။
တီ။ ။ ကျွန်တော့် အမြင်ကတော့ အိမ်ထောင်ရေး ဇာတ်လိုမျိုး ဆိုရင်တော့ နှစ်ယောက် တွဲရိုက်သင့်တယ် ထင်တယ်။ ဥပမာ ဇာတ်လမ်းစကတည်း က ကျွန်တော်တို့ နှစ်ယောက်က လင်မယား ဖြစ်ပြီးသား ဇာတ်မျိုးပေါ့။ အိမ်ထောင်ရေး အမြင်၊ အိမ်ထောင်ရေး ပဋိပက္ခစတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပညာပေး ဇာတ်မျိုးကို ဆိုရင် ရိုက်သင့်တယ် ထင်တယ်။ အခုရိုက်နေတဲ့ အပျို၊ လူပျို ဇာတ်မျိုး၊ မင်းသားက မင်းသမီးကို လိုက်ပြီး ချစ်ရေး ဆိုရတာမျိုး၊ အတင်းလိုက်စကား ပြော တာမျိုး ဇာတ်တွေတော့ မရိုက်သင့်တော့ဘူးပေါ့။
ဇင်။ ။ အဲဒီလိုမျိုးကတော့ နောက်ပိုင်းမှာ ပိုပြီးသင့်တော် တဲ့ဇာတ်တွေ ဖြစ်မယ်ထင်တယ်။
တီ။ ။ လောလောဆယ်မှာ တော့ သမီး ရည်းစားဇာတ် ကားတွေက ရိုက်ဖြစ် နေဦးမှာပဲ။ ဒီနှစ်ကုန်လောက်အထိ ပေါ့။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့က ကျွန်တော်တို့ ရိုက်ထားတဲ့ ကားတွေ ဘယ်အချိန် လောက်မှာ ဘယ်ကားတွေ ထွက်မယ်ဆိုတာ ချိန်နိုင်တာ ဆိုတော့ နောက်ပိုင်းမှာ ဇာတ် လက်ခံတာ ပြောင်းသွားမှာပေါ့။
သမီးက ရုပ်ရှင် လောကကို ပြေတီဦးထက် စောပြီး ရောက်ခဲ့တဲ့ သူဆိုတော့ သူ့ ထက်အရင် မင်းသားပေါင်း များစွာနဲ့ တွဲဖူးတယ်။ ပြေတီဦးကလည်း မင်းသမီး ပေါင်းများစွာနဲ့ တွဲဖူးတယ်။ ဒီတော့... တခြားမင်းသား တွေထက် ပြေတီဦးက ဘာ ထူးခြားသလဲ။ တခြားမင်း သမီးတွေထက် အိန္ဒြာကျော် ဇင်က ဘာထူးခြားလို့ ချစ် သွားခဲ့တာလဲ။
တီ။ ။ အဲဒီလိုတော့ ဘာထူး ခြားတာရယ်လို့ တိတိကျကျ ပြောလို့မရဘူး ထင်တယ်။ ထူးခြားတာ ပြောပါ ဆိုရင် အချစ်ပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် လက်တွဲ ဖြစ်တာပါ။
သမီးက ပြောပါဦး။
ဇင်။ ။ အဓိက ပြောမယ် ဆိုရင်တော့ အချစ်ပဲပေါ့။ နောက်တစ်ခုက လက်တွဲဖော် အဖြစ် ဆုံးဖြတ်ဖို့ ကျတော့ ဦး နှောက်နဲ့ စဉ်းစားတယ်။ အဲဒီလို စဉ်းစားတဲ့ အခါမှာလည်း သူသည် လက်တွဲသင့်တဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါ ကြောင့် ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ စဉ်းစား ဆုံးဖြတ်ပြီးမှ လက်တွဲဖော် ဖြစ်လာခဲ့တာ ပါ။ သမီးထင်တယ်၊ လက်တွဲဖြစ်ဖို့ရာ နဖူးစာကိုက ပါလာလို့ ဖြစ်မယ် ထင်ပါတယ်။
ဘယ်လိုဖူးစာလဲ။
ဘယ်လိုလဲ ဆိုတော့ ခုနက ပြောသလို နှလုံးသားနဲ့ပဲ စဉ်းစားစဉ်းစား၊ ဦးနှောက်နဲ့ပဲ စဉ်းစားစဉ်းစား သူသည် သမီးအတွက် လက်တွဲသင့်တဲ့ သူ ဖြစ်နေလို့ပဲ။ အဲဒါသည် အချစ်ကြောင့်လို့လည်း ပြောနိုင်ပါတယ်။
ပြေတီဦးက အိန္ဒြာကျော် ဇင်ကို ဘယ်ကား ရိုက်တုန်းက စပြီး စိတ်ဝင်စားခဲ့သလဲ။ အိန္ဒြာကျော်ဇင်ကရော ဘယ် ကားမှာ စပြီး ပြေတီဦးကို စိတ်ဝင်စား သွားတာလဲ။
တီ။ ။ အဲဒီလိုတော့ အတိအကျ ပြောလို့ မရဘူး ထင်တယ်။ အလုပ်တွေတော့ လုပ်နေကြတာပဲ။ ဘယ်အချိန်မှာ စိတ်ဝင်စားသွားတယ် ဆိုတာ သတိ မထားမိဘူး။သတိထား မိတဲ့ အချိန်မှာ ချစ်သွားပြီ။
ဟုတ်ပါပြီ။ ဘယ်အချိန်မှာ သတိထားမိတာလဲ။ ဘယ်ကားရိုက်တုန်းကလဲ။
တီ။ ။ အဲဒီလိုတော့ ကျွန်တော် အတိအကျ မပြောတတ် ဘူး။ မှတ်မိတာကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အခုလိုပဲ ပြင်ဦးလွင်မှာ ရှိနေတဲ့ အချိန် စပြီး ချစ်သွားမိတယ် ထင်တယ်။
သမီး ပြောပါဦး။
ဇင်။ ။ သူ အတိအကျ မပြောရင် သမီးလည်း မပြောဘူး။
တီ။ ။ ကားက ကိုယ် အတိအကျ မသိလို့ပါ။
နှစ်ယောက်တွဲရိုက်တဲ့ ကား မဟုတ်ဘူးလား။
တီ။ ။ မဟုတ်ဘူး ထင်တယ်။ ပြင်ဦးလွင်မှာ သူက သတ်သတ်၊ ကျွန်တော်က သတ်သတ် တစ်ကားစီရိုက် နေကြတဲ့အချိန် ဖြစ်မယ်ထင် တယ်။
သမီးကို ပြေတီဦးက ချစ်စကား ပြောတော့ ဘယ်လို ပြောတာလဲ။ နှစ်ယောက်ချင်း ပြောတာလား။ တယ်လီဖုန်းနဲ့ ပြောတာလား။ ဇာတ်ဝင်ခန်း ထဲမှာ ရောပြီး ပြောတာလား။
ဇင်။ ။ သူက တိတိကျကျ မပြောပေမယ့် သမီးကတော့ ပြောမှာပဲ။
တီ။ ။ ပြောလေ ရပါတယ်။
ဇင်။ ။ သူ သမီးကိုပြောဖူး တာကတော့ ဒါရိုက်တာကို ဇော်(အရုဏ်ဦး)ရိုက်တဲ့ အပျို လေးရဲ့ကောင်းဘွိုင် ဗီဒီယို ကား ဇာတ်ဝင်ခန်း ပလေး ဘက်ရိုက်တဲ့ အချိန် သမီးကို သူ စိတ်ဝင်စားသွားတာတဲ့။
တီ။ ။ သြော်... အဲဒါကို မေးတာလား။ ကိုယ်က မေးခွန်းကို သဘောမပေါက် လိုက်လို့ပါ။ ဟုတ်တယ်၊ အဲဒီ ဇာတ်ဝင်ခန်းက ညခန်းပေါ့။ မီးပုံ တစ်ခုနားမှာ ကျွန်တော်က ဂစ်တာတီးပြီး သူ့ကိုကြည့်တဲ့ အခန်းပေါ့။
ဇင်။ ။Romantic ပေါ့ ဦး ရယ်။
တီ။ ။ လသာသာအောက်မှာ သူက အရမ်း လှနေတယ်။ အဲဒီမှာ ကြွေသွားတာပဲ။
သမီးက ပြောပါဦး။
ဇင်။ ။ သမီးကလည်း အဲဒီ ဇာတ်ဝင်ခန်းမှာ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့ကို စိတ်ဝင်စားသွားတယ်။ သူ့မျက်လုံးတွေရဲ့ ပါဝါကို စိတ်ဝင် စားသွားတယ် ထင်တာပဲ။
ဒီတော့ ပြေတီဦးက သမီးကို ချစ်စကား ဘယ်လို ပြောတာလဲ။
ဇင်။ ။ သူက တယ်လီဖုန်းနဲ့ ပြောတာ။
ယုံလိုက်တာပဲလား။
ဇင်။ ။ သူက တော်ကီ ကောင်းတယ် ဦးရဲ့။ ချုပ်တာလည်း ကျွမ်းတယ်။
တကယ်တော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ဒီအင်တာဗျူးကိုလည်း နိုဝင် ဘာလမှာ မထည့်စေချင် သေးပါဘူး။ သူတို့မင်္ဂလာ ရက်နဲ့ ဝေးနေသေးတဲ့ အတွက် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေအမြုတေ ပရိသတ်များ အတွက် သိသင့်သလောက်ကို ဦးဦးဖျားဖျား ပြောပြပေးတဲ့ အတွက် ပြေတီဦးနဲ့ အိန္ဒြာ ကျော်ဇင်တို့ကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ကြောင်း မှတ်တမ်း ဖော်ပြပါရစေ။
ပြင်ဦးလွင် အထိ လိုက်ပါပြီး မေတ္တာနဲ့ ဓာတ်ပုံရိုက် ကူးပေးခဲ့တဲ့ ကိုဥာဏနဲ့ ဇနီး မပုလဲတို့ အဖွဲ့၊ ရှားပါးအချိန် များထဲက နေ့ဝက်ကျော်ကျော် အချိန် ပေးခဲ့တဲ့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ထုတ်လုပ် သူ ကိုဝင်းကြည်(စိန်ဌေး)၊ မင်္ဂလာ ၀တ်စုံများ စီစဉ်ပေးတဲ့ ခင်စန်းဝင်း၊ မိတ်ကပ်လိမ်း ခြယ်ပေးတဲ့ မေသန်း တို့ကိုလည်း အထူး ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။ ဓာတ်ပုံ ရိုက်ကွင်းပြီးလို့ ကျွန်တော်တို့ နေ့လယ်စာ စားတဲ့ အချိန်မှာ ညနေ ၃ နာရီထိုးနေပါပြီ။ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကွင်း ရှိရာကို လိုက်သွားကြတဲ့ အချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြည်နူးနေကြတဲ့ ချစ်သူ နှစ်ဦးကို တွေ့ရတာကြောင့် ဒီလ မျက်နှာဖုံး ဆောင်းပါးကိုလည်း "တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ"လို့ပဲ ခေါင်းစဉ်တပ် ဖော်ပြ ပေးလိုက်ပါတယ်။
အယ်ဒီတာအဖွဲ့
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

Tuesday, November 2, 2010
ငါးဖယ်အဆာသွတ်၊ ကြာဆံဟင်းခါး၊ ရှောက်သီးသုပ်
ထမင်းစားချိန်မရောက်ခင် အဆာလည်းပြေ အရသာလည်းရှိ သရေစာလည်းမကျတဲ့ အဆာပြေစာတစ်ခုခုကိုကိုလုပ်စား ကြရအောင်လား သူငယ်ချင်းတို့ရေ။ အခုအတွဲအစပ်လုပ်ပြထားတာကတော့ လိုက်ဖက်လှတာကိုလူတိုင်းမငြင်းနိုင်ပါဘူး နော်။
အထူးပြောလိုတာက ဟင်းချက်နည်းအတွဲအစပ်များမှာပါတဲ့ အဆာများ(အပေါ့အငံ၊ အချိုအဆိမ့်၊ငရုတ်ကြက်သွန် စသည် များ)ကို မိမိကြိုက်နှစ်သက်သလို ဖြည့်စွက်၍ချက်ပြုတ် နိုင်ပါသည်လို့။ ဘာကြောင့်ဆို လူတစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူနိုင်ဘူးမဟုတ်လား။
ငါးဖယ်အဆာသွတ်အတွက်
ငါးဖယ်ခြစ် ဆယ့်ငါးကျပ်သား
ဆား နည်းနည်း
ကြက်သွန်ဖြူ နှစ်ဥ
စပါးလင် တစ်ချောင်း
ဂျင်း လက်တစ်ဆစ်
ဆီ ငါးကျပ်သား
ကြက်သွန်နီ နှစ်ဥ
ဂေါ်ဖီရွက်နု နှစ်ဖတ်
ရှောက်ရွက်နု ငါးညွန့်
ငရုတ်သီးစိမ်း ငါးတောင့်
သံပုရာရည် နည်းနည်း
ငံပြာရည် တစ်ဇွန်း
ဆား နည်းနည်း
အချိုမှုန့် နည်းနည်း
ငါးဖယ်ခြစ် ဆယ့်ငါးကျပ်သားကို ဆားနည်းနည်း၊ ကြက်သွန်ဖြူနှစ်ဥ၊စပါးလင်တစ်ချောင်း ပါးပါးလှီး၊ ဂျင်းလက်တစ်ဆစ် သေးသေးကို ညက်နေအောင်ထောင်း၊
အားလုံး သမသွားရင် ကျပ်ပြားဝိုင်းလောက် အနေတော်ပြားပြီး ဆီငါးကျပ်သားထဲ ထည့်ကြော်မယ်၊
ငါးဖယ်တွေ ပွပြီး ရွှေဝါရောင်တောက်လာရင် အထက်အောက်လှန်၊ ဆီစစ်ပြီး ဆယ်ထားလိုက်မယ်၊
စားခါနီးရင် ကြက်သွန်နီနှစ်ဥ၊ ဂေါ်ဖီရွက်နုနှစ်ဖတ်၊ ရှောက်ရွက်နု ငါးညွန့်၊ ငရုတ်သီးစိမ်း ငါးတောင့်၊ အားလုံးကို ပါးပါးလှီး၊
သံပုရာရည်နည်းနည်း၊ ငံပြာရည်တစ်ဇွန်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်းနဲ့ရောနယ်၊
ဒါဆိုရင် ငါးဖယ်ကြော် အဆာသွတ်ဖို့ အဆင်သင့်ဖြစ်ပြီ၊
ငါးဖယ်ကြော်လေးတွေကို နှစ်ခြမ်းခွဲပြီး အလယ်မှာ အဆာကိုညှပ်ထည့်လိုက်ရင် ငါးဖယ်ကြော် အဆာသွတ်ရပြီပေါ့။
အဲဒါကို ပန်းကန်ထဲ စီထည့်၊ နံနံပင်၊ ကြက်သွန်မြိတ်လေးရံလိုက်ရင် စားဖို့အဆင်သင့်ဖြစ်ပြီပေါ့။
ကြာဆံဟင်းခါးအတွက်
ကြက်သားရင်အုပ်တစ်စိတ် တစ်ဆယ်သား
ကြက်သွန်ဖြူ တစ်ဥ
ဆား နည်းနည်း
ရေ နို့ဆီဘူးငါးလုံး
ငံပြာရည် နှစ်ဇွန်း
ပဲကြာဆံ တစ်ဆယ်သား
မှိုခြောက်ပန်းခြောက် နှစ်ထုပ်
ငုံးဥပြုတ် ဆယ်လုံး
ငရုတ်ကောင်းမှုန့် နည်းနည်း
ကြက်သွန်မြိတ် ပါးပါးလှီး
ကြက်သားရင်အုပ်တစ်စိတ် (ဒါမှမဟုတ်) တစ်ဆယ်သားလောက်ကို ငံပြာရည်၊ ကြက်သွန်ဖြူတစ်ဥ ဓားပြားရိုက်၊ ဆားနည်း နည်းနဲ့ နယ်ပြီးပြုတ်မယ်၊
ကြက်သားနူးရင် ဆယ်၊အသားနွှင်၊အရိုးတွေကို ဟင်းအိုးထဲပြန်ထည့်ပြီး ရေ နို့ဆီဘူးငါးလုံးလောက်ထည့်ပြီး တည်မယ်၊
ပွက်ပွက်ဆူလာရင် ကြက်သွန်နီနှစ်ဥ အတုံးလေးတွေလှီးပြီးထည့်၊ ငံပြာရည်နှစ်ဇွန်း ထပ်ထည့်မယ်၊
ကြက်သွန်စိမ်းနံ့ပျောက်ပြီး ဟင်းရည်ဖြူလာရင် အဆင်သင့် ရေစိမ်ထားတဲ့ ပဲကြာဆံ တစ်ဆယ်သား၊
မှိုခြောက်ပန်းခြောက် နှစ်ထုပ်၊ ငုံးဥပြုတ် ဆယ်လုံး နှစ်ခြမ်း ခြမ်းထားတာတွေ ပါးပါးလှီးထားတဲ့ ကြက်သားတွေပါ ရော ထည့်၊
ပွက်ပွက်ဆူလာရင် အပေါ့အငံမြည်းပြီး ချလို့ရပြီ၊ စားခါနီးရင် ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်ပါးပါးလှီးပြီးထည့်သောက်၊ အရသာရှိတဲ့ ကြက်ကြာဆံဟင်းခါးလေးပေါ့။
ရှောက်သီးသုပ်အတွက်
ဂေါ်ဖီရွက်နု နှစ်ဖတ်
ကြက်သွန်နီ နှစ်ဥ
ပဲပင်ပေါက် လက်တစ်ဆုပ်
ရှောက်သီးတစ်လုံးရဲ့ လေးပုံတစ်ပုံ
ငါးပိ ကွမ်းသီးလုံးလောက်
ပုစွန်ခြောက်မှုန့်၊ ပဲမှုန့် သင့်ရုံ
ငရုတ်သီးအလှော်မှုန့် တစ်ဇွန်းစီ
အချိုမှုန့် နည်းနည်း
သကြား၊ ဆား နည်းနည်း
ဘယ်သူမဆို အလွယ်သုပ်လို့ရတဲ့ အကြမ်းသုပ်ပဲ သုပ်ကြတာပေါ့၊
ဂေါ်ဖီရွက်နု နှစ်ဖက်၊ ကြက်သွန်နီ နှစ်ဥကို ပါးပါးလှီး၊ ပဲပင်ပေါက်လက်တစ်ဆုပ်ကို ရေနွေးဖျော၊
ရှောက်သီးတစ်လုံးရဲ့ လေးပုံတစ်ပုံ အခွံခွာပြီး အသားတွေ ဖျင်ထည့်မယ်၊
ငါးပိ ကွမ်းသီးလုံးလောက်၊ ပုစွန်ခြောက်မှုန့်၊ပဲမှုန့်၊ငရုတ်သီး အလှော်မှုန့် တစ်ဇွန်းစီ၊ အချိုမှုန့်၊ သကြား၊ ဆားနည်းနည်းထည့်ပြီး ခပ်ပြင်းပြင်းလေး နယ်လိုက်ရင် ရှောက်သီးသုပ်ဖြစ်ပြီ။
နယ်ပြီးတာနဲ့ တစ်ခါတည်းစားမှ ဖြစ်မယ်နော်။
Subscribe to:
Posts (Atom)