Wednesday, August 6, 2025

Phone Brand တစ်ခုက Laptop ထုတ်တိုင်း ကောင်းပါ့မလား

 Phone Brand တစ်ခုက Laptop ထုတ်တိုင်း ကောင်းပါ့မလား.. မပြောခင် ဖတ်ကြည့်လိုက်ပါ 🤓🤑




အခုရေးဖြစ်တဲ့ Article တစ်ခုက ပြောရရင် ဟိုးအရင်ထဲက ရေးသင့်တဲ့စာလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် အခုကြမှ ရေးဖြစ်တယ်ပေါ့ - 


ဒါကလည်း အခုမြန်မာနိုင်ငံစျေးကွက်ထဲကို Tecno ကနေ Tecno Megabook T1 14 (13th) ဆိုပြီး Laptop တစ်လုံးကို Official သွင်းပြီး ရောင်းလာတယ်။ ဟိုးအရှေ့တုန်းကလည်း အလားတူ Huawei လိုမျိုး ကုမ္ပဏီတွေက Official Laptop တွေရောင်းခဲ့ဖူးတာမျိုး၊ Xiaomi လိုမျိုး ကုမ္ပဏီတွေကလည်း အခုထိ တရုတ်ပြည်တွင်းမှာ Laptop တွေထုတ်ရောင်းနေတယ်ဆိုတော့ ဒီလို စမတ်ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေက ပုံမှန်မြင်နေကြ ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop နဲ့ယှဥ်ရင် ဘာတွေ ကွာခြားသွားမလဲ၊​ ဘယ်အချက်တွေ ပိုကောင်းမလဲ၊ မဝယ်ခင်မှာ ဘာတွေကို ကြိုပြီး စဥ်းစားထားရမလဲဆိုတာကို ရေးသွားမှာပါ။ 


အရင်ဆုံးပြောရမှာက - အခုလိုရေးလို့ ဒီ စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို ဝယ်သင့်တယ်၊ မဝယ်သင့်ဘူး ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းပဲဖြစ်ဖြစ် Product တစ်ခု ကောင်းတယ်၊​ မကောင်းတယ်ဆိုတာက အဲ့ဒီ Product - ပစ္စည်းပေါ်မှာပဲ ပိုသက်ဆိုင်ပါတယ်။ 


# ဘာလို့ ဖုန်းကုမ္ပဏီတွေက Laptop ထုတ်ကြသလဲ...? 


ဒါကတော့ လောလောဆယ် နည်းပညာကုမ္ပဏီတွေထဲမှာ Active အဖြစ်ဆုံး၊ အပြိုင်အဆိုင်အဖြစ်ဆုံးက ဖုန်းကုမ္ပဏီတွေဖြစ်နေတယ်။ ဒီဖုန်းတွေထဲမှာတင် AI ပိုင်း၊ Camera ပိုင်း၊ Foldable ပိုင်းတွေကို ပြိုင်နေကြသလို အဲ့ထက်ပိုပြီး Ecosystem Product တွေကိုလည်း အပြိုင်အဆိုင်ထုတ်နေကြတယ်။ ပြောရရင် ဖုန်းကုမ္ပဏီတိုင်း Tablet | Smartwatch နဲ့ Earbuds တွေ ထုတ်နေကြတယ် - အဲ့ထက်ပိုပြီး အခုလိုမျိုး Laptop တွေ၊ TV လိုမျိုး Electronics တွေဘက်၊ တချို့ဆိုရင် EV ကားတွေအထိကို ထုတ်နေကြတာပါ။ 


အဲ့တော့ ဖုန်းကုမ္ပဏီတွေက Laptop ထုတ်တာက ဆန်းတော့မဆန်းပါဘူး။ ကွန်ပျူတာကုမ္ပဏီတွေသာ ဖုန်းထုတ်တာမျိုးက ASUS လိုမျိုး ကုမ္ပဏီလောက်ပဲရှိပေမယ့် ဖုန်းကုမ္ပဏီတွေအများစုကတော့ Laptop တွေပါ တွဲထုတ်နေကြတာပါပဲ။ 


# ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ဘာအားသာချက်တွေရှိမလဲ...?​


ဒီနေရာမှာ ကုမ္ပဏီအပေါ်၊ Product ပေါ်မှုတည်ပြီး တစ်ခုနဲ့တစ်ခု ကွာခြားတယ်ဆိုပေမယ့် များသောအားဖြင့် ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေမှာ ယေဘုယျအနေနဲ့ ကောက်ချက်ချလို့ရတဲ့ အားသာချက်လေးတွေရှိနေပါတယ်။​


(#1) ဒီဇိုင်းပိုင်းမှာ ပိုပြီး လှတယ်၊ အမြင်ဆန်းတယ် 


ဒါက ပုံမှန် ကွန်ပျူတာကုမ္ပဏီက ထုတ်တဲ့ Laptop တွေနဲ့ယှဥ်ရင် မြင်လိုက်တာနဲ့ တန်းသိနိုင်တဲ့အချက်တစ်ခုပါ - ဖုန်းကုမ္ပဏီတွေက Laptop ထုတ်ရင် အဲ့ဒီ Laptop တွေက ဒီဇိုင်းပိုင်းကို ပိုပြီး ထူးခြားနေအောင် အာရုံစိုက်ထားကြတယ်။ 


ပြောရရင် ဖုန်းတွေမှာ ဒီဇိုင်းက အဓိကဖြစ်နေပေမယ့် Laptop အများစုက ဒီပုံစံတွေပဲဖြစ်နေတာဆိုတော့ ဖုန်းကုမ္ပဏီဘက်က ထုတ်တဲ့ Laptop တွေက ပုံစံပိုကွဲထွက်နေသလိုဖြစ်သွားတာပဲ။ 


ဘယ်နေရာတွေမှာ အားသာနေမလဲဆိုရင် (၁) အရောင်ပိုင်း၊ Design ပိုင်း ပိုပြီး လှမယ်၊ Minimalist ပိုဖြစ်မယ်။ (၂) ကိုယ်ထည်ပိုင်းမှာ Plastic လိုမျိုး သုံးတာနည်းပြီး Full Metal Body လိုမျိုးတွေ သုံးကြတာများတယ် - အခု အသစ်ဝင်လာတဲ့ Tecno Megabook T1 14 (13th) ဆိုရင် Full Aluminium Chassis ဖြစ်သွားပြီး အထူက 14.8mm နဲ့ အလေးချိန်က 1.39Kg ဆိုတော့ တော်တော်လေး Lightweight ဖြစ်မယ်။ 


(#2) အားသွင်းတဲ့နေရာမှာ USB-C ကိုပဲ သုံးကြတာများတယ် 


ဒါက အခုနောက်ပိုင်း ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေမှာလည်း USB-C Charging ကို ထောက်ပံ့ပေးလာကြပြီ။ ဒါပေမယ့် တချို့ Laptop တွေက USB-C နဲ့ အားသွင်းလို့ရတယ်ဆိုပေမယ့် ဘူးထဲမှာပါတဲ့ Charger က ရိုးရိုး DC Charger တွေပဲ - Laptop မှာလည်း DC အားသွင်းပေါက်သပ်သပ်နဲ့ အဓိက အားသွင်းရတာမျိုးဖြစ်နေတုန်းပဲ။ 


တစ်ဖက်မှာ ဒီ ဖုန်းကုမ္ပဏီကထုတ်တဲ့ Laptop တွေကြတော့ ပုံမှန်ကွန်ပျူတာကုမ္ပဏီတွေလို DC Charger တုံးတွေ ထုတ်မနေတော့ပဲ USB-C ကနေပဲ အားသွင်းလို့ရအောင် လုပ်ထားတာတွေများတယ်။ ပုံမှန် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကလည်း GPU သီးသန့်မပါကြတော့ TDP 65W အောက်မှာပဲဆိုတော့ 65W USB-C Charger တစ်ခုလောက် ထည့်ပေးလိုက်ရင် ရပြီ။​ အခုဝင်တဲ့ Tecno Megabook T1 14 (13th)​ ဆိုရင်လည်း 65W USB-C GaN Charger ပဲ​ထည့်ပေးထားတယ်။ 


(#3) Specs တွေကို ဦးစားပေးတတ်တယ် 


ဒါကတော့ ဖုန်းတွေမှာ အဓိကပြိုင်စရာက Specs တွေ၊ ကိန်းဂဏန်းတွေအဓိကဆိုတော့ Laptop ထုတ်ရင်လည်း ဒီလိုအချက်တွေကိုပဲ အဓိကဦးစားပေးတာမျိုးရှိလာတယ်။ ဥပမာ - Processor ပိုင်းမှာ ဘာသုံးထားတယ်၊ RAM ဘယ်လောက်၊​ Storage ဘယ်လောက်ပါတယ်ဆိုတာတွေ၊ Battery ဆိုလည်း ဘယ်လောက်တောင်ထည့်ပေးထားတယ်ဆိုတာမျိုးတွေပိုများတယ်။​ ပုံမှန် ကွန်ပျူတာထုတ်တဲ့ ကုမ္ပဏီတွေရဲ့ Laptop တွေကြတော့ Model တစ်ခုထုတ်ရင် အဲ့ Model မှာပဲ ရွေးချယ်နိုင်တဲ့ CPU/RAM/GPU Specs တွေက အမျိုးမျိုးရှိတာဆိုတော့ စျေးအမျိုးမျိုး Range အမျိုးမျိုးဖြစ်သွားတယ်။ 


ပြီးတော့ ဒီလို Specs တွေဦးစားပေးတာက Display ပိုင်း တစ်နေရာမှာတော့ သဘောကျဖို့ကောင်းသွားတယ်။ ဘာလို့လဲဆိုတော့ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop အများစုက Display ပိုင်းကို အနည်းဆုံး Full HD Resolution အပြင် 100% sRGB Color Gamut ကိုတော့ ရအောင် ထည့်ပေးကြတယ်။ စျေးသက်သာလို့ 45% NTSC လောက်ပဲရတဲ့ Display ထည့်ပေးတယ်ဆိုတာမျိုးက မရှိသလောက်ပဲ - 


ဒါပေမယ့် ဒါကလည်း အမြဲတမ်းတော့မဟုတ်ဘူး။ အခုဆို ASUS လိုမျိုး ကွန်ပျူတာကုမ္ပဏီတွေမှာလည်း Laptop Display တွေကို ပိုအာရုံစိုက်နေကြပြီ - 100% DCI-P3 အထိရတဲ့ OLED Display တွေကိုတောင် $800 ဝန်းကျင် Laptop တွေမှာ ထည့်ပေးနေတာဆိုတော့ ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop ဖြစ်လို့ အမြဲတမ်း Display ပိုသာနေမှာတော့မဟုတ်ဘူး။ လက်ခံနိုင်တဲ့ အဆင့်တစ်ခုမှာ အနိမ့်ဆုံးရှိမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ 


ဘာပဲဖြစ်ဖြစ် ဒီ Specs ပိုင်းမှာ အများအားဖြင့် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေက စျေးတူတဲ့ ပုံမှန် Laptop တွေထက် Overall ပိုင်းမှာ နည်းနည်းပိုသာသလိုဖြစ်နေတာက ပုံမှန်ပဲ။ 


(#4) Ecosystem Feature တွေ ပါလာတတ်တယ် 


ဒါက အမှန်အတိုင်းပြောရရင် Apple ကလွဲပြီး ကျန်တဲ့ Laptop တွေက Windows ပဲ များတော့ Software Feature တွေ အပိုဆောင်းထည့်ပေးထားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ 


ဥပမာ - ဖုန်းနဲ့ချိတ်ထားပြီး File Transfer ရတာမျိုး၊ ဖုန်းက Mobile Data ကို တန်းချိတ်သုံးလို့ရတာမျိုး၊ ဖုန်းပြောရင် Laptop ကနေ လက်ခံပြီး ပြောနိုင်တာမျိုး၊ Gesture Feature တွေ သီးသန့်ထည့်ပေးတာမျိုးရှိမယ်။ 


ဒါပေမယ့် ပုံမှန်လည်း Microsoft Phone Link လိုမျိုးက Windows မှာ ပါပြီးသားဖြစ်နေတော့ Apple လိုမျိုး Ecosystem လုံးဝ အပိတ်ဖြစ်နေတာမျိုးတော့ ဖြစ်ဦးမှာမဟုတ်ဘူး။ ဒါကလည်း ဖုန်းကုမ္ပဏီတွေက ဖုန်းရော၊ Laptop ရော ကိုယ်ပိုင် OS မသုံးနိုင်ပဲ Android နဲ့ Windows သုံးနေရတာကြောင့်လို့ ပြောလို့ရတယ်။ 


အဲ့တော့ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို မဝယ်ခင် ထပ်ထည့်ပြီး စဥ်းစားရမယ့်အချက်တွေအကြောင်းကို ဆက်ပြောပါမယ်။​


# ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ထည့်စဥ်းစားရမယ့်အချက်တွေ - 


(#1) ရေရှည်အသုံးပြုမယ်ဆိုရင် အဆင်ပြေနိုင်မလား...? 


ပုံမှန်ကတော့ Laptop တစ်လုံးက Build Quality ကောင်းတယ်၊ ကိုယ်တိုင်လည်း ဂရုတစိုက်နဲ့ သုံးတယ်ဆိုရင် ၂ နှစ်၊ ၃ နှစ်လောက်က အသာလေးသုံးနိုင်ပါတယ်။ 


ဒါပေမယ့် သုံးနေတုန်းမှာ Keyboard ပျက်တာမျိုး၊ Speaker အသံအက်လာတာတွေ၊ Motherboard က တစ်ခုခုဖြစ်ပြီး Error တက်တာမျိုး၊ ဒါမှမဟုတ် တခြား Windows ကြောင့် Software နဲ့သက်ဆိုင်တဲ့ပြဿနာတွေက ရှိလာတတ်ပါတယ်။ 


အဲ့လိုမျိုး ဖြစ်လာနိုင်တာကြောင့် ကိုယ်ဝယ်မယ့်ကုမ္ပဏီက Laptop တွေကို အခုမှ စထုတ်တာလား.. ပုံမှန် Laptop တွေ ထုတ်နေကြလားဆိုတာကို အရင်ကြည့်လို့ရတယ်၊ ဥပမာ - Tecno ဆိုရင် အခုမှ မြန်မာနိုင်ငံကို Tecno Megabook T1 14 (13th) သွင်းလာပေမယ့် တခြား Megabook S Series | T Series | K Series ဆိုပြီး Laptop တွေအရှေ့မှာ အများကြီး ထုတ်ထားတယ်။ အဲ့လိုပဲ Huawei | Honor | Xiaomi လိုမျိုးကုမ္ပဏီတွေဆိုရင်လည်း Laptop ထုတ်နေကြ ဖုန်းကုမ္ပဏီတွေလို့ ပြောလို့ရနေပြီ။ 


(#2) မဝယ်ခင်မှာ အာမခံ | Service ပိုင်းကို သေချာစုံစမ်းဖို့ လိုမယ် 


ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေက ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေလောက် ဒီဇိုင်းပိုင်းမလှဘူး၊ အရမ်း Update မဖြစ်ဘူးဆိုတာက ပုံမှန် Laptop တွေမှာ ပြန်ပြင်ဆင်ရတဲ့ Service ပိုင်းအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို လုံလောက်အောင် ထုတ်ထားပြီး ဖြစ်တာကြောင့်လည်းပါပါတယ်။ 


ဥပမာ - ကိုယ်က Laptop တစ်လုံးကို ဝယ်ပြီး Display (ဒါမှမဟုတ်) Keyboard ပျက်လို့ လဲလှယ်ဖို့လိုအပ်လာရင် ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေရဲ့ Mainstream Laptop ကိုဝယ်ထားတယ်ဆိုရင် ပစ္စည်းလဲလှယ်ရတာ ပိုလွယ်၊ ပိုမြန်ဆန်နိုင်တယ်။ တော်တော်များများက Model ကွာပေမယ့်အထဲက Part - ပစ္စည်းတွေက တူနေတာမျိုး - Part Sharing လုပ်ပြီး ထုတ်ထားတာမျိုးရှိမယ်။ 


တစ်ဖက်မှာ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကြတော့ တစ်ခုခုပျက်လို့ လဲလှယ်ဖို့ လိုအပ်ရင် ဘယ်လိုပြန်လဲလှယ်ပေးမလဲ၊ ဘယ်လို Service ပေးမလဲဆိုတာကို မဝယ်ခင်မှာ သေချာစုံစမ်းဖို့တော့ လိုအပ်မယ်။ 


ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်ပြင်တဲ့ဝပ်ရှော့မှာ ကားသွားပြင်လို့မရသလိုမျိုး Laptop က တစ်ခုခုဖြစ်ရင် ဘယ်လိုမျိုး Service ပေးနိုင်သလဲ၊ ကုမ္ပဏီပြန်ပို့ - အချိန်စောင့်ပြီး အသစ်လဲလှယ်ပေးတာမျိုးလား လောက်က မေးထားဖို့လိုလိမ့်မယ်။ အာမခံပေးတဲ့ Official ကို ဝယ်တာဆိုရင်လည်း အာမခံက ဘယ်လိုမျိုး ပေးတာလဲ၊ ဘယ်လိုမျိုးဖြစ်ရင် User Fault ဖြစ်မလဲဆိုတာကို ကြိုပြီး ရှင်းလင်းအောင် မေးထားသင့်တယ်။ 


(#3) ကိုယ်တိုင်က ကွန်ပျူတာအကြောင်း ရင်းနှီးထားရင် ပိုအဆင်ပြေနိုင်တယ် 


ဒါက ဘယ် Laptop ဝယ်ဝယ်.. ကိုယ်က ကွန်ပျူတာအကြောင်း သိထား၊ ရင်းနှီးနေရင် ပိုအဆင်ပြေတာပဲ။ ဒါပေမယ့် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ပိုပြီး ရင်းနှီးဖို့လိုအပ်တာက အရှေ့မှာပြောတဲ့ အာမခံပေးရင်တောင် အာမခံကာလ - အချိန် (၁) နှစ်နောက်ပိုင်းကြမှ တစ်ခုခုထဖြစ်ရင်၊ ဒါမှမဟုတ် အရှေ့မှာ တချို့ကုမ္ပဏီတွေလို Official သွင်းရောင်းပေမယ့် နောက်ပိုင်းကြတော့ Laptop ကို Official ဆက်မရောင်းတော့လို့ တစ်ခုခုဖြစ်ရင် ဘယ်သွားပြရမလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ရှာဖွေတတ်ရင် ပိုကောင်းပါတယ်။​


ဥပမာ - ကိုယ်တိုင်တောင် ဟိုးအရင်က Xiaomi Mi Notebook တွေ တရုတ်ကနေ မှာပြီး ဝယ်သုံးခဲ့ဖူးတော့ ဘယ်ကမှ အာမခံလည်းမရှိ၊ စစဖောက်ပြီးပြီးချင်းမှာတင် Windows ကို China ကနေ ပြန်ပြောင်းတင်ရတာမျိုး၊ နောက်ပိုင်း Cooling Fan တွေ လစ်လာတော့ ကွန်ပျူတာ Service ဆိုင်တွေ ပြပြီး လဲခိုင်းလို့လည်းမရတာနဲ့ ကိုယ့်ဘာသာ ဖြုတ်ပြီး Cleaning လုပ်ရ၊ နောက်ပိုင်း Fan ကို သီးသန့်မှာပြီး လဲသုံးရတာမျိုးတွေရှိခဲ့ဖူးတယ်။ 


- ဆိုတော့ စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို ဝယ်သင့်သလား...?​

အရှေ့မှာပြောသလိုပဲ ဘယ်ကထုတ်လို့ ကောင်းတယ်၊ မကောင်းဘူး၊ ဝယ်သင့်တယ်၊ မဝယ်သင့်ဘူးဆိုတာထက် Product အပေါ်ပဲ ပိုမှုတည်ပါတယ်။ 


ကိုယ်ဝယ်ဖို့စဥ်းစားနေတဲ့ စျေးတစ်ခုမှာ - ဒီဇိုင်းပိုင်း၊ Build Quality ၊ Keyboard Feedback | Display - ဒါတွေအကုန်လုံးကို မဝယ်ခင်မှာ ကိုယ်တိုင် ဆိုင်တွေမှာ သွားပြီး သေချာစမ်းသပ်ကြည့်၊ အရှေ့မှာ ပြောသလို ဝယ်ပြီးရင် Service ပိုင်း ဘယ်လိုလုပ်ပေးနိုင်မလဲ၊​ အာမခံ ဘယ်လိုမျိုးရနိုင်မလဲဆိုတာကို မေးမြန်းပြီးမှ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ 


***Tech Gadget MM စာမျက်နှာမှကူးယူဖော်ပြသည်။

No comments: