"မေတ္တာသဘော ချစ်ပါသလော ပြောပြပါအခါခါမေးချင်သည်"
ရေးသားသူ - ဆောင်းလုလင်
ကျွန်တော့်အဖေကို ကျွန်တော် အလွန်မုန်းပါသည်။
ကျွန်တော့်ရှေ့မှာ မေမေ့ကို သွားကျွတ်ထွက်သည်အထိ ပါးရိုက်ခဲ့သောအဖေ့ကို မေမေမုန်းသလို ကျွန်တော်လည်း မုန်းသည်။
ကျွန်တော့်အသက် ၇ နှစ်အရွယ်၊ ပထမတန်းကျောင်းသားဘဝက အဖေနှင့်အမေ ကတောက်ကဆများ ရန်ဖြစ်ကြရာ အဖေက အမေ့ပါးကို ရိုက်လိုက်သည်။ ပြင်းထန်လွန်းသောကြောင့် အမေ့သွားတစ်ချောင်း ကျွတ် ထွက်သွားပါသည်။
ထိုအချိန်မှစ၍ ကျွန်တော့်ကိုကောက်ချီပြီး အဖေ့အိမ်မှထွက်လာခဲ့ကြရာ အဖေနှင့် ကျွန်တော်တို့ သား အမိ ပြန်လည်မဆုံဆည်းရတော့ပါ။ အပြီးအပိုင် ကွဲကွာသွားခဲ့ကြပါသည်။
အဖေက အမေ့ကို ဘာကြောင့် ဒါလောက်အထိ အညှိုးတကြီးရိုက်နှက်ခဲ့သည်ကို ထိုစဉ်က ကျွန်တော် မသိပါ။ ပါးစပ်ထဲမှ သွေးသံရဲရဲကို ထွေးထုတ်ပြီး ကျွန်တော့်ကိုကောက်ချီကာ အဖေ့အိမ်မှ ငိုယိုထွက်ခွာ လာခဲ့သည့်မြင်ကွင်းကို ယနေ့ထိ ကျွန်တော်မမေ့သေးပါ။ ကျွန်တော်လည်း အမေ့နည်းတူ တစ်လမ်းလုံး ငိုယိုနေ ခဲ့ပါသည်။
အဘွားအိမ်ကိုရောက်တော့ အဘွားက တောက်ခေါက်ကာ "မောင်ဦးမရှိတာ ဒီကောင် ကံကောင်းတယ်။ မောင်ဦးသာ ရှိလို့ကတော့ ဒီကောင် အသက်ပါထွက်ပြီမှတ်" ဟု ရေရွှတ်ခဲ့ပါသည်။
မောင်ဦးဆိုသူမှာ အမေ့အစ်ကို ကျွန်တော့်ဦးကြီးဖြစ်ပြီး ထိုစဉ်က ဦးကြီးသည် နိုင်ငံခြားသင်္ဘောလိုက် နေ၍ အိမ်မှာ မရှိပါ။ တစ်ဦးတည်းသောညီမကို အလွန်ချစ်သည့် ဦးကြီးသာ ရှိလျှင် သူ့ညီမကိုနှိပ်စက်တဲ့ ယောက်ဖကို ပြန်လုပ်မယ်လို့ အဘွားက ဆိုလိုခြင်းဖြစ်ပါသည်။
အဘွားပြောတာလည်း မှန်ပါသည်။ ဒီအဖြစ်အပျက်ဖြစ်ပြီး ၆လကြာမှ သင်္ဘောကပြန်ရောက်လာသည့် ဦးကြီးသည် ဒီအကြောင်းကို သိသိချင်း အဖေ့ကို သွားထိုးမည်ဆို၍ အားလုံးက ဝိုင်းပြီး ဖျောင့်ဖျထားရသည်။
အမေနှင့်အဖေသည်လည်း ပြန်မပေါင်းဖြစ်တော့ဘဲ တရားဝင်ကွဲကွာသွားကြပါတော့သည်။
+++++
အဖေနဲ့အမေတို့ မကွဲကွာခင်ကတည်းက တိုးတိုးကြိတ်ကြိတ်ရန်ပွဲဖြစ်နေတာကို ကျွန်တော် တရေးရေး မှတ်မိလာသည်။ အသက်ငယ်သေးသောကြောင့် ဘာကိစ္စကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ ရန်ပွဲက တိုးတိုး ကြိတ်ကြိတ်မှသည် တစ်စ တစ်စ ပြင်းထန်လာခဲ့သည်။ ထိုနေ့က အပြင်းထန်ဆုံးဖြစ်ခဲ့ကာ အဖေက အမေ့ကို သွားကျွတ်ထွက်သည်အထိ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။
နောက်မှ ကျွန်တော်သိလာရသည်မှာ အမေက အဖေ့ကို အဖေတို့ရုံးမှ လုပ်ဖော်ကိုင်ဖက်စာရေးမတစ် ယောက်နဲ့ ငြိစွန်းနေသည်ဟု စွပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။ အဖေက မဟုတ်ကြောင်း ငြင်းသည်။ အဖေနဲ့ ထိုအမျိုးသမီးဆက်ဆံရေးမှာလည်း သာမန်ဆက်ဆံရေးထက် ပိုတယ်လို့ သူတို့ရုံးက အခြားဝန်ထမ်းများက အမေ့ကို သတင်းပို့ကြသည်။ အမေက ပတ်ဝန်းကျင်သတင်းစကားများနဲ့ စွပ်စွဲ၊ အဖေက ငြင်းနှင့် သွားကျွတ် အောင်ရိုက်မိသည်အထိ ရန်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။
အဘွားက အမေ့ကို အဖေ့အိမ် ပြန်မသွားစေတော့ပါ။ အမေကလည်း အဖေ့ကို စိတ်နာတယ်ဆိုပြီး ပြန် မပေါင်းတော့ပေ။ အဘွားက ကျွန်တော့်ကိုလည်း အဖေနဲ့မဆက်ဆံရန်၊ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက် ရန်၊ မခေါ်မပြောရန် ပြောသည်။ ထိုအချိန်မှစ၍ ကျွန်တော်နှင့်အမေသည် အဘွားအိမ်မှာ ဦးကြီးတို့မိသားစုနှင့် အတူ နေခဲ့ရသည်။ ဦးကြီးက သင်္ဘောတက်နေရတာများလို့ သုံးနှစ်မှ တစ်ခါလောက်သာ အိမ်ပြန်ရောက်တတ် သည်။ ဦးကြီးမိန်းမ ကြီးကြီးရယ်၊ ဦးကြီးရဲ့ ကျွန်တော့်ထက်ကြီးသော သားနှစ်ယောက်ရယ်နှင့် နေခဲ့ရသည်။
ဦးကြီးက အမေ့ကို အိမ်ရှေ့တွင် ကုန်စုံဆိုင်လေး ဖွင့်ပေးခဲ့သည်။ အမေတို့အမျိုးတွေက နဂိုကပင် ချောင်လည်သူတွေမို့ ကျွန်တော်တို့သားအမိအတွက် စီးပွားရေးပူပင်စရာ မလိုခဲ့ပါ။
+++++
ကျွန်တော်တို့ အဖေ့အိမ်ပေါ်မှဆင်းလာပြီး နှစ်လလောက်အကြာတွင် အဖေ အရက်တွေမူးပြီး အိမ်ရှေ့ မှာ လာအော်သေးသည်။ အဘွားက အပြင်ထွက်ဆဲဆိုကာ အရပ်လူကြီးတွေကို တိုင်တည်သည့်အတွက် လမ်းထဲက ကာလသားတွေ အဖေ့ကိုချော့မော့ကာ ဆွဲထုတ်သွားကြသည်။
"လာရင်လည်း လူလိုသူလို လာပါလား။ ခုလိုမျိုး အောက်တန်းစားဆန်ဆန်လာလုပ်တော့ သူ့ကို ဘယ်သူက သနားမှာလဲ"
အမေက ခပ်တိုးတိုး မှတ်ချက်ချသည်။
အဘွားနဲ့ကြီးကြီးက အမေ့ကို ကျိုးနေတဲ့ ဘယ်ဘက်ပါးစောင်က သွားကို ပြန်စိုက်ဖို့ပြောသည်။
"မစိုက်ဘူးအမေ။ ဒီအတိုင်းပဲ ထားမယ်။ ဒီသဂျိုး(သွားကျိုး)ကိုမြင်တိုင်း မြင့်မောင်ကို စိတ်နာနေချင်လို့ မစိုက်ဘူး။ ဒီတိုင်းထားမယ်"
"အေးပါအေ။ ညီး ပြန်ပြီး စိတ်ညွှတ်မသွားရင် ပြီးတာပါပဲ"
ခြောက်လလောက်အကြာတွင် အဖေဆက်သွယ်လာသေးသည်။ ဒီတစ်ခါတော့ တောင်းပန်ပါရစေ ဆိုကာ ရပ်ကွက်လူကြီးတွေကတစ်ဆင့် ကောင်းကောင်းမွန်မွန်ပြောလာသည်။ အဘွားက အလာမခံခဲ့ပါ။
"ဒါပဲနော်။ မြင့်မောင်နဲ့ပြန်ပေါင်းဖို့တော့ စိတ်တောင်မကူးနဲ့။ ဟိုကောင်လေး မောင်ဇော်။ နင်လည်း နင့်အဖေကို စိတ်နာရမှန်း သိ။ ကြားလား။ အမေလုပ်တဲ့လူကို သွားကျိုးအောင်ရိုက်ထားတဲ့ကောင်။ ဒီလိုကောင် မျိုးကို အဖေလို့လည်း မမှတ်နဲ့။ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့။ နင့်ရင်ထဲက ထုတ်ပစ်လိုက်။ ကြားလား။ မောင်ဇော်"
"ဟုတ်ကဲ့ပါ ဘွားဘွား"
ဒီလိုနှင့် အဖေနဲ့ကျွန်တော်တို့သားအမိ တစ်စတစ်စ ဝေးကွာလာခဲ့ပါသည်။
+++++
အဖေနဲ့အမေကွဲပြီး တစ်နှစ်ကျော်ကျော်ကြာသည့်အချိန်တွင် အဖေ နောက်အိမ်ထောင်ပြုသွားသည်။
အဖေယူလိုက်သည့်မိန်းမမှာ အခြားမဟုတ်။ အမေ မသင်္ကာလို့ စွပ်စွဲခဲ့သည့် အဖေတို့ရုံးက စာရေးမပင် ဖြစ်သည်။
"ဟင်း- ပြောတော့ မဟုတ်ပါဘူး၊ မဟုတ်ပါဘူးနဲ့။ အခုယူလိုက်တော့ သူ မဟုတ်ပါဘူးငြင်းတဲ့ ကောင်မပဲ"
အမေက ဆိုင်ထဲတွင် ခပ်တိုးတိုးပြောကာ ကြိတ်ငိုရှာပါသည်။ သူငိုတာကို အဘွားသိစေချင်ပုံမရပါ။
သည်တစ်ခါတော့ အမေကိုယ်တိုင်က အဖေ့ကို စိတ်နာဖို့၊ အဖေနဲ့မဆက်ဆံဖို့ ကျွန်တော့်ကို ပြောလာသည်။
"လမ်းတွေ့ရင် ယောင်လို့တောင် လှည့်မကြည့်နဲ့နော် သား။ သူလိုလူကို အဖေမတော်ရလို့ ဘာမှ ဖြစ်မသွားဘူး။ မ,ကိုခင်မှ ဥကိုခင်တာပါတဲ့လေ။ သူကလည်း နင့်ကို သားလို့မှတ်မှာ မဟုတ်ပါဘူး"
"သား မခေါ်ပါဘူးအမေ။ စိတ်ချပါ"
ထိုအချိန်တွင် ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကို စိတ်နာနေပါပြီ။
သို့သော် အဖေနဲ့ ကင်းကင်းနေနိုင်သော်လည်း မတွေ့အောင် ရှောင်ကွင်းနေလို့ကတော့ မရပါ။
ကျွန်တော်ကျောင်းသွားသည့်လမ်းသည် အဖေ့အိမ်ရှေ့မှ ဖြတ်သွားရသည်။ အခြားလမ်းမရှိပါ။ ကျွန်တော်သည် အဖေ့အိမ်ရှေ့ကဖြတ်သွားချိန်တိုင်း စက်ဘီးကို ခပ်သွက်သွက်နင်းကာ ဖြတ်ရသည်။
ကျောင်း အသွားတွင် ဦးခေါင်းကို အဖေ့အိမ်ရှိရာဘဘယ်ဘက်သို့ မလှည့်မိအောင်၊ ကျောင်းအပြန်တွင် ညာဘက်သို့ မလှည့်မိအောင် သတိထားသွားရသည်။
အမေနဲ့ကွဲခါစက ကျွန်တော်အိမ်ရှေ့က ဖြတ်အသွားတွင် "သား" "မောင်ဇော်" စသည်ဖြင့် လှမ်း အော်ခေါ်တတ်သည်။ ကျွန်တော် တစ်ခါမျှ လှည့်မကြည့်ပါ။ နောက်ပိုင်းတော့ မခေါ်တော့ပါ။ ကျွန်တော့်ကို ငေးကြည့်ရင်း ကျန်ခဲ့သောအဖေ့ကို ရံဖန်ရံခါ ကျွန်တော်သတိထားမိသည်။
+++++
အဖေ နောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက်မွေးပါသည်။ ယောက်ျားလေးတစ်ယောက်၊ မိန်းက လေးတစ်ယောက်ဖြစ်သည်။ အကြီးကောင်လေးက ကျွန်တော့်ထက် ၁၀နှစ်ငယ်သည်။ ထိုကလေး သူငယ်တန်း နေချိန်တွင် ကျွန်တော် ကိုးတန်းရောက်နေပါပြီ။
ကလေးများက ကျွန်တော့်ကို သူတို့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်မှန်း သိနေပုံရသည်။ သူတို့အဖေက ပြောထားပုံရပါသည်။ သို့သော် ကျွန်တော်သည် သူတို့နှင့် မပတ်သက်ခဲ့ပါ။ အရောမဝင်ခဲ့ပါ။ ပတ်သက်စရာလည်း မရှိ။ အသက်ချင်း အတန်းချင်း ကွာခြားကြသည် မဟုတ်ပါလား။
+++++
ကျွန်တော် ဆယ်တန်းနှစ်တွင် မေမေဆုံးသွားပါသည်။ နောက်တစ်နှစ်အကြာ ကျွန်တော် ၁ဝတန်း အောင်သည့်နှစ်တွင် အဘွားဆုံးသွားပါသည်။ အမေ့အိမ်ဆိုင်လေးကိုလည်း ပိတ်ပစ်လိုက်ရပါသည်။
အစ်ကိုဝမ်းကွဲနှစ်ယောက်လုံးလည်း နိုင်ငံခြားသင်္ဘောလိုက်သွားကြပြီ။ ဦးကြီးကတော့ အသက်ကြီးလာ လို့ သင်္ဘောမလိုက်တော့ပါ။ အနားယူနေပါပြီ။
ကျွန်တော်သည် တက္ကသိုလ်ဆက်မတက်ဘဲ အဝေးသင်သာ ဆက်တက်ခဲ့ပါသည်။
အမေ အဘွားနှင့် အစ်ကိုနှစ်ယောက်မရှိတော့သောအိမ်မှာ ပျင်းစရာကောင်းနေပါသည်။
"မင်းလည်း သင်္ဘောလိုက်တော့ မောင်ဇော်။ အဝေးသင်ကို ခဏနားထားလိုက်ပေါ့။ ဘွဲ့က ဘယ် အချိန်ယူယူရပါတယ်။ မင်းလည်း တစ်နေ့အိမ်ထောင်ပြုမှာဆိုတော့ ပိုက်ဆံရှာထားဖို့ လိုတာပေါ့ကွာ"
ဦးကြီးစကားကို ပယ်ရှားစရာအကြောင်းမရှိပါ၍ ဦးကြီးစီစဉ်ပေးသည့်အတိုင်း လိုက်နာခဲ့ရပါသည်။ လိုအပ်သောသင်တန်းများကို ရန်ကုန်မှာ သွားတက်ရသည်။
ယခုဆိုလျှင် ကျွန်တော် နိုင်ငံခြားသင်္ဘောပေါ်တက်တော့မယ်ဆိုတဲ့သတင်းကို တစ်မြို့လုံးသိနေကြပြီ။
ကျွန်တော့်အဖေလည်း ထိုသတင်းကို ကြားသည်ထင်ပါသည်။ မနေ့က လမ်းထိပ်မှာ ရပ်နေတာ တွေ့ လိုက်သည်။ ကျွန်တော့်ဆိုင်ကယ်အလာကို ရပ်စောင့်နေဟန်တူပါသည်။ တစ်ခုခုပြောချင်ဟန်ဖြင့် ဆိုင်ကယ် ရှေ့မှ လက်လှမ်းတားသည်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးခဲ့ပါသည်။
ညနေပိုင်းကျတော့ ကျွန်တော့်သူငယ်ချင်း ဇာနည်က ပြောသည်။
"မင်းအဖေက မင်းကိုတွေ့ချင်လို့တဲ့။ ပြောစရာရှိလို့တဲ့"
"မလိုပါဘူးကွာ။ သူနဲ့ငါနဲ့ ဘာဆိုင်တာမှတ်လို့"
"ဟေ့ကောင်။ မင်း အဖေလေ"
"တော်ပါကွာ။ သူ့မှာလည်း နောက်မိန်းမနဲ့ ကလေးတွေနဲ့ပါ။ ငါ့အမေကို သွားကျိုးအောင် ရိုက်ထားတဲ့ လူကို ငါစကားမပြောချင်ဘူး။ ပြောစရာလည်း မလိုဘူး"
"မင်းကလည်းကွာ"
"ဒါလောက်စကားပြောချင်ရင် အိမ်လာခဲ့လို့ ပြောလိုက်"
"ဟာကွာ။ မင်းဦးကြီးကြောက်တာနဲ့ ဘယ်လာရဲမှာလဲကွ။ အဲဒါသိလို့ ငါကပြောတာ"
+++++
မနက်က သူငယ်ချင်း တိုတိုးရဲ့အဖေက အိမ်ခဏလာခဲ့ပါဦးလို့ ဖုန်းလှမ်းဆက်လို့ တိုးတိုးတို့အိမ်ကို လာခဲ့သည်။ အိမ်ရှေ့တွင် တိုးတိုးအဖေ ဦးအောင်ခန့်ကို အဆင်သင့်တွေ့ရသည်။
"အန်ကယ် ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"
"မရှိပါဘူး သားရယ်။ မင်းကို လူတစ်ယောက်နဲ့ပေးတွေ့မလို့ ခေါ်လိုက်တာပါ"
"ဗျာ-"
"ဟိုမှာ ကိုမြင့်မောင် သားကိုတွေ့ချင်လို့တဲ့ စောင့်နေတယ်"
ဦးအောင်ခန့်က ဧည့်ခန်းတွင် ထိုင်နေနှင့်သူကို လက်ညှိုးထိုးပြကာပြောသည်။ ကျွန်တော့်အဖေ ဦးမြင့် မောင်က ကျွန်တော့်ကို ငေးကြည့်နေသည်။
"ဟာဗျာ။ အန်ကယ်ကလည်း ကျွန်တော် သူနဲ့မတွေ့ချင်ဘူး"
"သားရယ်။ မင်းရဲ့အဖေပါကွယ်။ သားလည်း သင်္ဘောပေါ်တက်ခါနီးဆိုတော့ သူ တစ်ခုခုပြောချင်ပုံရ တယ်။ အန်ကယ့်ကို အကူအညီတောင်းထားလို့ပါ။ သွားလိုက်ပါသားရယ်"
ငြင်းလို့ မသင့်တော်တော့သဖြင့် ကျွန်တော် ဧည့်ခန်းထဲ သွားလိုက်ရသည်။ ဦးအောင်ခန့်က အပြင်မှာပဲ ကျန်ခဲ့၏။
ဧည့်ခန်းထဲရောက်တော့ သူ့ဘက်ကိုလှည့်မကြည့်ဘဲ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။
"သား သင်္ဘောတက်တော့မှာဆို"
"ကျွန်တော်တို့ ဘာဆိုင်လို့လဲ"
"ဟုတ်ပါတယ်။ မင်းနဲ့ငါ ဘာမှ မဆိုင်ပါဘူး။ ပေးစရာလေးတစ်ခုရှိလို့ ခေါ်လိုက်တာပါ"
ကျွန်တော်အံ့ဩသွားသည်။ မျက်နှာကိုတစောင်းလှည့်ထားရာမှာ သူ့ကို ကြည့်လိုက်သည်။
"ရေခြားမြေခြား ပင်လယ်ခရီးသွားရတာ သတိထားပေါ့။ ခရီးသွားရင် အမေ့ထမီစကိုဆောင်သွားရင် အန္တရာယ်ကင်းတယ်ဆိုတာ ကြားဖူးတယ်မို့လား။ မင်းကို ဒါလေး ပေးလိုက်ချင်လို့ပါ"
သူက သူ့အင်္ကျ ီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။ ဗူးလေးတစ်ခု ကျွန်တော် မြင် လိုက်ရသည်။
သူက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် ကုလားထိုင်မှ ထလာသည်။
ကျွန်တော့်ရှေ့အရောက်တွင် ကျွန်တော့်ညာလက်ကိုဆွဲကာ လက်ထဲကို ဗူးလေးထည့်ပေးလိုက်သည်။
ကျွန်တော်ငုံ့ကြည့်လိုက်တော့ ပရုပ်ဆီဗူးအဟောင်းလေး။
"သားအမေရဲ့ သွားလေး။ အဖေသိမ်းထားတာ။ ဆောင်ထားနော်။ အဖေသွားမယ်"
စကားဆုံးသည်နှင့် သူက လှည့်ထွက်သွားသည်။
ကျွန်တော်သည် ပရုပ်ဆီဗူးလေးကို လျင်မြန်စွာဖွင့်ကြည့်လိုက်သည်။
"ဟင်-"
ဗူးလေးထဲတွင် လူ့သွားကျိုးတစ်ချောင်း။
ဒါ အမေ့သွားတဲ့လား။ ဒါဆို အမေ့သွားကို သူ သိမ်းထားခဲ့တာပေါ့။
"အဖေ"
ကျွန်တော် နှုတ်မှရေရွတ်ရင်း ထိုင်ရာမှထကာ တံခါးဝကို ပြေးသွားလိုက်သည်။
"အဖေ"
ကျွန်တော့်ခေါ်သံကို သူ ကြားဟန်မတူပါ။
စက်ဘီးနင်းထွက်သွားသော သူ့ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။
+++++
(ဆောင်းလုလင်)



No comments:
Post a Comment