🔹ကျွန်တော်နှင့် အလှူခံများ🔹
ကျွန်တော့်သဘာဝက အလှူအတန်းလုပ်ရတာကို စိတ်မပါတတ်သော်လည်း သူများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် ကူညီပေးရတာကိုတော့ စိတ်ဝင် စားသည်။ တစ်ခါတလေတော့ ကူညီရမည့်ကိစ္စအတွက် ကိုယ်မတတ်နိုင်သော်လည်း တတ်နိုင်သူကိုရှာပြီး အကူအညီတောင်းကာ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်တာမျိုး မဟုတ်သော ကူညီပေးမိတာတချို့ရှိတတ်သည်။ အကြိမ်အရေအတွက်က မများလှသော် လည်း တစ်ဖက်သား၏ ဒုက္ခအတန်အသင့်ပြေလည်သွားသည်ဆိုလျှင် ရင်ထဲမှာ ပီတိဖြစ် ရသည်။ လူတစ်ဦးတစ်ယောက်၏ ဒုက္ခတချို့၊ အခက်အခဲတချို့ ပြေလည်သွားအောင် ကူညီဖြေရှင်းပေးလိုက်ရသောကြောင့် ရလာသော စိတ်ကျေနပ်ပီတိဖြစ်မှု၏ ရသကို ကြုံဖူး သူများသာ နားလည်ခံစားနိုင်မည် ထင်ပါသည်။ လူတစ်ဦးမှ လူတချို့အထိ၊ လူတချို့မှ လူ့အဖွဲ့အစည်းတစ်ခုအထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လှမ်းကာ အခက်အခဲဒုက္ခ တွေကို ပြေလည်သွားအောင် ဖြေရှင်းနိုင်စွမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟုလည်း တောင့်တစိတ်ဖြင့် ဘဝ၏ အာသာရမ္မက်ကို တပ်မက်မိတတ်ပါသေးသည်။
ကျွန်တော် ကျောင်းသားဘဝတုန်းက နုနယ်သောစိတ်သဘောထားဖြင့် မသိမ်မွေ့ သောအမြင်အချို့ကို ဆုပ်ကိုင်ခဲ့ဖူးပါသည်။ ထိုအထဲမှ တစ်ခုမှာ ဒုက္ခိတတချို့မှ လွဲ၍ တောင်းစားသူတွေကို မပေးတတ် မကမ်းတတ်ခြင်း၊ ပေးဖို့ကမ်းဖို့ သဘောထားမရှိခြင်းပင် ဖြစ်ပါသည်။
၁၉၈ဝ ဝန်းကျင် နှစ်ကာလတွေတုန်းက ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ ထိုင်ပြီးတောင်းစားနေကြသော သူတောင်းစားတွေရှိခဲ့ဖူးသည်။ တချို့က လက်မှာ ပတ်တီးတွေစည်းပြီးတောင်းနေသော သူတောင်းစားတွေဖြစ်သည်။ တချို့က မွေးကင်းစ ကလေးလေးကို ပွေ့ချီထားပြီး တောင်းစားနေကြသူတွေဖြစ်သည်။ တချို့က သက်ကြီး ရွယ်အိုတွေဖြစ်သည်။ သားထောက်သမီးခံ စောင့်ရှောက်သူ မရှိခြင်းကြောင့် ဖြစ်ပုံရသည်။ တချို့ကတော့ အဲဒီတုန်းက လဟာပြင်ဈေးထဲမှ စားသောက်ဆိုင်များတွင် စားကြွင်း စားကျန်များကို လိုက်တောင်းစားကြသူများဖြစ်သည်။ တောင်းစားသူများထဲတွင် ဝါးဆစ် ဘူးများကို ပလက်ဖောင်းပေါ် ဆောင့်တီးပြီးထွက်လာသော ဗုံသံဖြင့် သီချင်းဆိုတောင်းသူ များလည်းပါသည်။ သူတို့ အဖွဲ့တွင် မယ်ဒလင်တွေ၊ ဂီတာတွေပါ ပါတတ်ပြီး အဆိုကောင်း၊ အတီးကောင်းသူတွေဟု ကျွန်တော်ထင်သည်။ သူတို့ကတော့ တီးမှုတ်သီဆိုပြီး တောင်း သူတွေဖြစ်သောကြောင့် သူတောင်းစားဟုပင် မသတ်မှတ်ဘဲ အလှူခံစားသူများဟုပင် ကျွန်တော်က သတ်မှတ်သည်။ သူတို့တတ်သောပညာဖြင့် ဝမ်းစာရှာသူများဟုလည်း ယူဆ သည်။ တချို့ ကျွန်တော့်သတ်မှတ်ယူဆချက်ကို သဘောတူချင်မှ တူပါလိမ့်မည်။ အသား လွတ်ထိုင်တောင်းသော၊ လိုက်တောင်းသော သူတောင်းစားများကို ပိုက်ဆံပေး(ထည့်)ဖို့ စိတ်ကူးမပေါ်ခဲ့သော်လည်း သိက္ခာရှိရှိ သီချင်းဆိုပြီး တီးပြီး အလှူခံစားကြသော ထို တီးဝိုင်းအဖွဲ့မျိုးတွေ့လျှင်တော့ အဲဒီအနားမှာ ထိုင်နားထောင်ပြီး အလှူငွေထည့်တတ် ပါသည်။ ထိုသူမျိုးတွေကို ကျွန်တော်က ကိုယ့်လုပ်အားကို အရင်းအနှီးပြုပြီး ပိုက်ဆံရှာသူ တွေဟုလည်း ထင်မှတ်ထားသောကြောင့် သူတို့အတွက် ကူညီလှူဒါန်းခြင်းဖြစ်သည်။ ကိုယ့်လုပ်အား၊ ကိုယ့်ပညာကိုရင်းပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြသူတိုင်း အပေါ် လေးစားတန်ဖိုးထား စိတ်ရှိသောကြောင့်လည်း ဤသို့ အလှူငွေထည့်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။ နောက်တစ်ခုကတော့ သူတို့တီးဝိုင်းမှ တီးသံဆိုသံက ကိုယ့်ရင်ထဲမှာ ကျေနပ် နှစ်သက်မှု အတိုင်းအတာတစ်ခုအထိ ရစေနိုင်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဲဒီ အသက်အရွယ်တုန်းက လောကကြီးကိုလှမ်းကြည့်ပြီး သတ်မှတ်လက်ခံထားသော အမြင် တချို့သည် စာအုပ်တွေထဲက သဘောတရား အတုံးလိုက်အတစ်လိုက်ကို ကျေညက် အောင်မချေဘဲ မျိုချထားခဲ့ရာမှ ထွက်လာသည့် မသိမ်မွေ့၊ မပျော့ပျောင်းသော အမြင်မျိုး ဖြစ်သည်ဟု ထင်ပါသည်။ အမြင်မရှင်းဘဲ ဝိုးတိုးဝါးတား စဉ်းစားတွေးမြင်မိတာကို ကိုးလိုး ကန့်လန့် သတ်မှတ်လက်ခံလိုက်တာမျိုးလည်း ပါနိုင်ပါသေးသည်။ အတွေ့အကြုံ နုနယ် သေးသောအရွယ်တွင် စာအုပ်ထဲကအမြင်ကို ကိုယ့်အတွေ့အကြုံသေးသေးကလေးဖြင့် ထင်သလို ဘာသာပြန်လက်ခံခဲ့တာတချို့လည်း ပါနိုင်ပါသည်။ သို့သော် ကိုယ်ယုံကြည် ခဲ့သော လောကနှင့် ဘဝဆိုင်ရာ ဒဿနကတော့ မှားယွင်းခဲ့ခြင်းမရှိပါဟု ယခုအချိန်အထိ အခိုင်အမာသတ်မှတ်ထားတုန်း ဖြစ်ပါသည်။
◽
ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် ကာလဝန်းကျင်တွေတုန်းက မြန်မာ့ လူ့အဖွဲ့ အစည်းထဲတွင် 'အောက်ဆိုက်' ဆိုသောစကားနှင့် 'အကြံအဖန်' ဆိုသော စကားသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်စပြုနေသောအချိန်ဖြစ်သည်။ အလုပ်တစ်ခုခု ဝင်လုပ်တော့မည်လူငယ်ကို သူ့ထက်ကြီးသူ သို့မဟုတ် သူနှင့်ရွယ်တူ သူငယ်ချင်း မိတ်ဆွေတွေက 'အဲဒီအလုပ်မှာ အောက်ဆိုက်ရှာလို့ရလား၊ အကြံအဖန်လုပ်လို့ရလား'ဟု မေးတတ်ကြသည်။ ဤစကားမျိုးပြောခြင်းနှင့် ဤအလုပ်မျိုးလုပ်ခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းဟု လူအတော်များများက သတိမပြုမိကြ တော့သောအချိန်လည်းဖြစ်သည်။ အဲဒီနှစ်ကာလတွေအတွင်းမှာ ကျွန်တော် ဆယ်တန်း အောင်ပြီး အုပ်ချုပ်ရေးရုံးတစ်ရုံးမှာ အောက်တန်းစာရေးဝင်လုပ်ဖြစ်သည်။ ကျွန်တော့် ရုံးတွင် တာဝန်ယူရသည်ကတော့ လျှောက်လွှာများရေးပေးခြင်းနှင့် ထောက်ခံစာများ ရေး ပေးခြင်းတို့ အပါအဝင် ဆက်စပ်နေသော တခြားတာဝန်တွေလည်း ပါသည်။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဟူသော စကားလိုပင် ဖန်တတ်လျှင် ပိုက်ဆံဖြစ်တယ်ဟု ပြော၍ရသော နေရာဖြစ်သည်။
အဲဒီအလုပ်ထဲကိုဝင်တော့ ကျွန်တော်က ဒေသကောလိပ် ပထမနှစ်တက်နေတုန်း ကာလဖြစ်သည်။ ကျွန်တော် ပေါင်းသင်းနေသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက စာဖတ်သူတွေ ဖြစ်သည်။ ကျွန်တော်ကလည်း စာဖတ်ဝါ သနာစွဲနေသူဖြစ်သည်။ သူတို့နှင့် ကျွန်တော် ပေါင်းမိသောအခါတွင် စာထဲကဗျာထဲသာ အာရုံရောက်သွားပြီး ကိုယ့် အလုပ် တာဝန် ကျေပွန်ဖို့ကလွဲ၍ ဘာကိုမှ စိတ်မဝင်စားဖြစ်တော့ပါ။ ဤအခြေအနေဟောင်းကို အခုနေမှာ ပြန်စဉ်းစားကြည့်သောအခါတွင် မိမိကိုယ်မိမိ ကျေနပ်စိတ်ဖြစ်မိပြီး အကြံအဖန် ရေစီးထဲမျောကာ အတန်အသင့်အဆင်ပြေ မည့်လမ်းမှ အလှမ်းကွာခဲ့၍လည်း နောင်တ မရခဲ့ဖူးပါ။ သို့သော် အဆင်မပြေသော ဘဝခရီးမှာတော့ မပြေလည်ပြီးရင်း မပြေလည်ရင်း နှင့် အဲဒီကာလမှာ လုံးလည်ချာလည် လိုက်ခဲ့ရတာကိုတော့ မှတ်မှတ်ရရ ရှိနေပါသေးသည်။
◽
အဲဒီကာလတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော်နေသော မြို့နယ်မှ တခြားမြို့နယ်တစ်ခုသို့ အိမ်ပြောင်းသွားသဖြင့် သန်းခေါင်စာရင်းပြောင်း ရွှေ့ရေးအတွက် အကူအညီတောင်းလာသည်။ သူ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ ယူလာပြီး ပြောခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကိစ္စနှင့်သက်ဆိုင်သည့် မြို့နယ်ရုံး သို့သွားပြီး အဲဒီရုံးမှ ရပ်ကွက်စုမှူးဆိုသူ၏စားပွဲသို့ သွားတင်သည်။ သူက စာရွက်စာတမ်း ပြည့်စုံမှုရှိ၊ မရှိ ကြည့်ပြီး ကျွန်တော့်ကို ရက်ခွာချိန်းလိုက်သည်။ သူချိန်းလိုက်သော ရက်သည် တကယ်လည်း ကြာနိုင်သည်ကို အလုပ်သဘောအရ သဘောပေါက်သဖြင့် ကျွန်တော်ပြန်လာခဲ့သည်။ ချိန်းထားသည့် ရက်သို့ရောက်သောအခါ မြို့နယ်ရုံးသို့ရောက် သွားပြီး ပြောင်းရွှေ့မည့်သူ၏ လျှောက်လွှာပါနာမည်ကို ပြောပြသည်။ သူက သူ့စားပွဲမှ အံဆွဲကို ဆွဲထုတ်ကြည့်ပြီးတော့ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ခွာပြီး ထပ်ချိန်း သည်။ ကျွန်တော်က ခေါင်းညိတ်ပြုံးပြပြီး သူ့စားပွဲမှ လှည့်ထွက်လာခဲ့သည်။ ချိန်းထား သည့်အချိန်တွင် ထိုရုံးထဲသို့ ပြန်ဝင်သွားသည့်အခါ စားပွဲတိုင်းတွင် တာဝန်ခံဝန်ထမ်းတွေ အားလုံး ရှိနေကြချိန်ဖြစ်သည်။ ကျွန်တော့်အားချိန်းထားသည့်ပုဂ္ဂိုလ်၏ စားပွဲရှေ့တွင် ရပ်လိုက်သောအခါ ထိုပုဂ္ဂိုလ်က ဒီနေ့ မရနိုင်သေးကြောင်းပြောသည်။ ကျွန်တော့်စိတ်ထဲ တွင် ဖျဉ်းခနဲ ဒေါသစိတ်က ကြွလာသည်။ သူက သူ့ဘက်... အလုပ်သဘောအရ ကြာ မည့်အချိန်ကို ရက်ခွာချိန်းပြီးသား၊ အပိုရက်ပင်လျှင် ထပ်ဆောင်းပြီးချိန်းထားခဲ့မှန်း ကျွန်တော် သိနေတာကြောင့်လည်း ဒေါသစိတ်ပေါ်လာခဲ့ရတာဖြစ်သည်။ အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ဘက်ဆီမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ ကျွန်တော်လှည့် ကြည့်လိုက်တော့ အလုပ်သဘောအရရော၊ လူပုဂ္ဂိုလ်အရပါ ရင်းနှီးနေသူဖြစ်မှန်း သိလိုက် သည်။ သူကလည်း ရပ်ကွက်စုမှူးတစ်ဦးဖြစ်သည်။ ဘာလာလုပ်တာလဲဟု မေးတော့ ကျွန်တော်က သူငယ်ချင်း အကူအညီတောင်းထားသည့်ကိစ္စကို လာလုပ်တာပါဟု ဖြေ သည်။ ရပြီလားဟုမေးတော့ ကျွန်တော်က ထပ်ချိန်းနေသည့်အကြောင်း ပြောပြသည်။ ထိုအခါတွင် နှုတ်ဆက်သူ ကျွန်တော့်မိတ်ဆွေကြီးက ကျွန်တော့်လျှောက်လွှာကို တာဝန်ခံ ဆောင်ရွက်ပေးနေသူအား.....
'သူက... ရပ်ကွက်ရုံးက စာရေးလေ၊ ကိုနောင်ကျော်တဲ့။ သူ့ရပ်ကွက်ကို အလုပ် ကိစ္စနဲ့သွားရတဲ့အခါမျိုးမှာ ရမ်းအကူအညီပေးတာဗျ။ လုပ်ငန်းကိစ္စရော၊ စားရေးသောက် ရေးပါ လိုလေသေးမရှိအောင် ကူညီပေးတဲ့သူဗျ'
ဟု ပြောသည်။ ဒီတော့မှ ထိုပုဂ္ဂိုလ်က ပြုံးပြီး...
'ခင်ဗျားက ရပ်ကွက်စာရေးဆိုတာ အစကတည်းက ပြောဖို့ကောင်းတာပေါ့'
ဟုပြောပြီး သူ့အံဆွဲကို ဆွဲထုတ်ကာ ပြောင်းရွှေ့ခွင့်စာရွက်တွေကို ကျွန်တော့်ဆီ ပေးသည်။ အဲဒီတုန်းကတော့ ဘယ်သူ့ဆီကမှ တောင်းယူဖို့ ဆန္ဒမရှိသလို ဘယ်သူ့ကိုမှ လည်း ပေးကမ်းဖို့ သဘောထားမရှိသော စိတ်အခိုင်အမာ ဖြစ်နေသောကာလမို့ မူအတိုင်း အတိအကျ လိုက်နာကျင့်သုံးခဲ့သည်ကို ဂုဏ်ယူစိတ်ဖြင့် ကျေနပ်ခဲ့ဖူးပါသည်။
◽
အချိန်တွေရွေ့လျားရာနောက်တွင် အသက်လည်း တဖြည်းဖြည်း ကြီးလာသည်။ အလုပ်သစ်တစ်ခုပြောင်း သည်။ အတွေ့အကြုံတွေ ပိုရလာသည်။ ဘဝတွင် လုပ်ချင်တာ လုပ်ဖို့အတွက် မလုပ်ချင်တာတချို့ကို လုပ်ရတတ်သည့်သဘောကို သိလာခဲ့သည်။ ဖြစ်ချင် တာဖြစ်ဖို့ ကြိုးစားနေချိန်တွင် မဖြစ်ချင်တာတွေ ဖြစ်လာတတ်တာကိုလည်း ကြုံခဲ့ရသည်။ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာစိုက်ထူပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်း တွေကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အရွှေ့အပြောင်းလုပ်ရတတ်သည့် အနေ အထားကိုလည်း သဘောပေါက်ခဲ့သည်။ ကျယ်ဝန်းလွတ်လပ်သောလွင်ပြင်နှင့် ကျဉ်းကျပ် သော တံတိုင်းတွေ၏ သဘာဝကိုလည်း ကြုံတွေ့ခံစားခဲ့သည်။ ရယ်မောရင်း မျက်ရည်ဝဲ ရသော၊ ငိုချင်စိတ်ပေါ်လာချိန်မှာ ဟားတိုက်ရယ်မောပစ်လိုက်ရသော ဘဝအကွေ့တွေ ကြားတွင် အတိတ်လွမ်းစိတ်တွေချည်း ဖိစီးထားသော ပစ္စုပ္ပန်ကာလရှည်ကြီးကပဲ တံတား တစ်စင်းဖြစ်နေတာကိုလည်း ဖြတ်လျှောက်လိုက်ဖူးသည်။ အံကြိတ်ထားသောစိတ်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်နှာထားတင်းမာနေတာမျိုးတွေကို မြင်ခဲ့၊ ကြုံခဲ့ရသည်။ အတွေ့အကြုံ အဖုံဖုံကြောင့် စဉ်းစားကြည့်မြင်ပုံတွေက အတန်အသင့် ရွေ့လျားသွား သည်။ ပြန်ငဲ့ကြည့်လိုက်သောအခါတွင် ငယ်ရွယ်နုနယ်သော ကျောင်းသားဘဝ ဝန်းကျင် ကာလမျိုးက စဉ်းစားဆောင်ရွက်ပုံနှင့် အတော်ကြီးကွာခြားနေတာတွေ အတော်များများ ကို မြင်လိုက်ရသည်။ အနာဂတ်ဘဝ ရည်မှန်းချက်ပန်းတိုင်ကတော့ ယိုင်လဲမသွားခဲ့ပါ။ ယုံကြည်မှုမျက်နှာစာကလည်း အိုမင်းရင့်ရော်သွားခဲ့တာမျိုး မဖြစ်ခဲ့ပါ။ အသက်အရွယ်နှင့် အတွေ့အကြုံတွေက လောကသဘာဝနှင့် သဘောထားပုံထားနည်းတွေကို နားလည် ခွင့်ပိုရစေခဲ့သည်ဟု ထင်သည်။ ဘဝမှာ လိုချင်တာတွေအတွက် ပေးရတာမျိုး၊ မလိုချင် တာတွေအတွက် ပေးရတာမျိုးတွေရှိတာကိုပါ သိနားလည်လာခဲ့သည်။ ယုံကြည်ရည်မှန်း ချက်အတွက် ချစ်သူကို စွန့်လွှတ်ပေးဆပ်ရသော ဇာတ်လမ်းဇာတ်ကွက်တွေကို ဖတ်ရ၊ ကြားရ၊ ကြည့်ရသောအခါမျိုးတွင် ရင်ခုန်သံတို့က ဒီရေလှိုင်းလို ဝုန်းဒိုင်းရိုက်ခတ်ကြပြီး မုန်တိုင်းငြိမ်ကျသွားသော ရင်ဘတ်က အရာရာကို တည်ငြိမ်သိမ်မွေ့စွာ စီးဆင်းစေပြန်ပါတော့သည်။
◽
အခုတော့လည်း ကျွန်တော့သဘာဝက ငယ်ငယ်တုန်းကလို အလှူအတန်း လုပ်ရ တာ စိတ်မပါသောခံစားမှုမျိုးတွေက ပြင်းပြင်းထန်ထန် မရှိတော့တာ သေချာနေပါပြီ။ အများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် အကူအညီပေးရတာကိုတော့ အခု အထိ စိတ်ဝင်စားနေတုန်းဖြစ်သည်။ နောင်ဘဝအတွက် ရည်စူးပြီး အလှူအတန်းလုပ်ကာ ကောင်းမှုကုသိုလ်ပြုခြင်းမျိုး မဟုတ်သော်လည်း ပစ္စုပ္ပန်ဘဝကောင်းမှုအတွက် ရည်ရွယ် ကာ လှူဒါန်းပေးကမ်းခြင်းမျိုးတွေလုပ်ဖို့ လိုအပ်ကြောင်း အတွေ့အကြုံတွေမှ သင်ကြား ချက်တွေကို လက်ခံတတ်လာခဲ့ပါပြီ။ လှူဒါန်းပေးကမ်းခြင်းကြောင့် လူတချို့၏ စိတ်ဓာတ် ပျက်စီးမှုကို အားပေးကူညီရာရောက်သည်ဟူသော အမြင်မျိုးကိုလည်း ကာလဒေသ အခြေအနေပေါ် မူတည်ပြီး ပျော့ပျောင်းစွာ သဘောထားကျင့်သုံး ရကောင်းမှန်းလည်း သိလာခဲ့ပါပြီ။
နှမ်းတစ်လုံးနှင့် ဆီမဖြစ်တာကို နားလည်ထားသော်လည်း ဆီဖြစ်လာနိုင်သော နှမ်းစေ့ကလေးတွေက ဟိုနားဒီနားမှာ ပြန့်ကျဲစွာရှိနေတာကိုလည်း ကြည့်တတ်မြင် တတ်ခဲ့သည်။ 'ပေးကမ်းခြင်းသည် အောင်မြင်ရာ'ဟူသော စကားမျိုးကို နားလည်ခဲ့သလို လှူဒါန်းခြင်းသည်လည်း အခက်အခဲကို အဆင်ပြေစေတတ်သည့် သဘောကိုလည်း သိတတ်နားလည်တတ်ခဲ့သည်။ လှူဒါန်းပေးကမ်းခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမှုဖြစ်စေတတ်တာကိုလည်း မြင်တတ်၊ လက်ခံရကောင်းမှန်း သိတတ်ခဲ့သည်။ ကျွန်တော့်အမြင် အယူအဆတွေ ပြောင်းလဲ ပျက်စီးသွားခဲ့ပြီလားဟုလည်း ကိုယ့်ဘာသာ ကိုယ် မေးခွန်းထုတ်ရလွန်းသဖြင့် မေးခွန်းတွေအောက်မှာ ပိနေခဲ့ရဖူးပါသည်။
◽
လွန်ခဲ့သော သုံးလေးနှစ်လောက်တုန်းက ရန်ကုန်ဆေးရုံကြီးနားက ပလက်ဖောင်း တစ်ခုပေါ်မှာ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်က အဝတ်အစားခပ်နွမ်းနွမ်းနှင့်။ ဆွဲခြင်းတစ်ခြင်း၊ ရေပုလင်းလွတ် နှစ်လုံးသုံးလုံး၊ ထမင်းချိုင့်တစ်လုံး၊ အဝတ်အစား ထည့်သော အိတ်က ခပ်အိုအိုနှင့် နေ့ခင်းအချိန် နေပူထဲမှာ မတ်တတ်ရပ်နေကြသည်။ ကျွန်တော့်ကိုမြင်တော့ 'ဆေးရုံကဆင်းလာတာပါ။ ရွာပြန်ဖို့ စရိတ်မရှိလို့ အကူအညီ ပေးခဲ့ပါ' ဟု အောက်ကျို့သော အသံဖြင့်ပြောသည်။ သူတို့ဘေးမှာချထားသော ပစ္စည်း တွေနှင့် အဲဒီလူနှစ်ယောက်မျက်နှာကို ကြည့်ပြီးသောအခါ ကျွန်တော့် အိတ်ထဲမှ ပိုက်ဆံ နှစ်ရာတန်ကိုထုတ်ပြီး လူကြီးလက်ထဲသို့ တလေးတစားထည့်ကာ ဆက်ပြီးလမ်းလျှောက် လာခဲ့သည်။ လေးငါးဆယ်လှမ်းခန့် လှမ်းပြီးသောအခါ ကျွန်တော် ပြန်ငဲ့ကြည့်မိသည်။ သူတို့က မတ်တတ်ရပ်ပြီး နောက်တစ်ယောက်ယောက်ဆီမှာ အလှူခံဖို့ စောင့်နေကြပုံ ရသည်။ ကျွန်တော့်အိတ်ကပ်ထဲမှာ တစ်ထောင်လောက်ပဲ ကျန်တော့သည်။ နှစ်ရာတည်း ပေးခဲ့သည့်အတွက် ကျွန်တော့်စိတ်ထဲမှာ ကျေနပ်မှုမရှိခဲ့ပါ။ ဒါထက်လည်း ပိုပြီး လှူနိုင်သောအခြေအနေက ထိုနေ့မှာမရှိပါ။ သားအဖဖြစ်ပုံရသော ထိုနှစ်ယောက်လည်း ဘယ်အချိန်ကျမှ ရွာပြန်နိုင်လောက်သော လမ်းစရိတ်ရသွားကြသည်ကိုလည်း မသိပါ။ သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ ခြင်းကိုတော့ တစ်ခါတလေ အမှတ်ရတတ်ပါသည်။
အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ဝန်းကျင် အဘိုးကြီးတွေ၊ အဘွား ကြီးတွေ အလှူခံနေကြတာကိုမြင်ရသောအခါ စိတ်မကောင်းဖြစ်တတ်ပါသည်။ သားသည် အမေ တချို့ ပိုက်ဆံတောင်းနေကြတာကို တွေ့ရသောအခါ ရင်နင့်မိတတ်ပါသည်။ လေးငါးနှစ် အရွယ် ကလေးလေးတွေ ပိုက်ဆံလိုက်တောင်းနေတတ်ကြတာကိုလည်း သတိပြုမိသော အခါ ရင်မောတတ်ပါသည်။ ရန်ကုန်မြို့ထဲက လမ်းမတွေပေါ်မှာ၊ လမ်းဘေးလက်ဖက် ရည်ဆိုင် ထိုင်ခုံတွေကြားမှာ၊ မီးပွိုင့်တွေနားမှာ၊ တစ်ခါတလေတော့လည်း ဝါးဆစ်ဗုံတီးပြီး သီချင်းဆိုရင်း အလှူခံနေသော မောင်နှမပုံစံမျိုး ကလေးသုံးယောက်လောက်၊ မယ်ဒလင်တီးပြီး သီချင်းဆိုကာ အလှူခံလေ့ရှိသော စာရွက်တွေလိုက်ဝေပြီး သူတို့ဒုက္ခ အတွက် ကူညီပေးဖို့ ဒုက္ခိတလင်မယား၊ လိုင်းကားတွေပေါ်မှာ ကွန်ပျူတာစာစီထားသော မေတ္တာရပ်ခံတောင်းပန်ပြီး အလှူခံသောကလေးငယ်များ၊ အလှူခံသော၊ တောင်းစားသော ပုံစံတွေက မျိုးစုံလှသည်။
မဏ္ဍပ်ထိုးပြီး လော်စပီကာတပ်ကာ အလှူခံသည်။ ဟမ်းစပီကာနှင့်အော်ဟစ်ပြီး အလှူခံသည်။ အိုးစည်ဒိုးပတ်ဝိုင်းတွေနှင့် ကခုန်ပြီး အလှူခံသည်။ ရပ်ကွက်ထဲမှာ အိမ် ပေါက်စေ့လိုက်ပြီး ဖလားတွေ၊ မောင်းထောင်ခွက် (အလှူခံခွက်)တွေနှင့် အလှူခံသည်။ စားပွဲမှာထိုင်ပြီး မောက်စပီကာနှင့် ခပ်တည်တည် အလှူခံတာမျိုးလည်းရှိသည်။ လက် မှတ်ထိုးထားသောစာရွက်ကိုပေးပြီး အလှူခံတာတွေလည်း ကြုံရသည်။ ဘုရားပြင်ဖို့၊ ဘုရားတည်ဖို့၊ ကျောင်း ဆောက်ဖို့၊ ပွဲလုပ်ဖို့၊ လမ်းပြင်ဖို့၊ ဘဝပြင်ဖို့၊ ထမင်းစားဖို့၊ မသေဖို့ စသော အကြောင်းပေါင်းများစွာဖြင့် အလှူခံအရွယ်မျိုးစုံ၊ ဘဝမျိုးစုံ ရှိနေကြသည်။ တချို့ အလှူခံသူတွေအတွက် မလှူလျှင်လည်း ပြဿနာမရှိသော်လည်း တချို့အလှူခံတွေ အတွက်တော့ မလှူလျှင် ပြဿနာရှိနိုင်သည်။ အဲဒီပြဿနာက သူတို့ဘဝမှာလား၊ ကိုယ့် ဘဝဆီမှာလား စဉ်းစားရသေးသည်။
အလှူအတန်း သို့မဟုတ် လှူဒါန်းပေးကမ်းခြင်းတွင် တစ်ဦးတစ်ဖက် တည်းအတွက် ကောင်းကျိုးဖြစ်စေခြင်းနှင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်စေခြင်းဟူ၍ ခွဲခြားကြည့်နိုင် လျှင် ရမည်ထင်သည်။ လှူဒါန်းပေးကမ်းသူတွေကတော့ ရှိနေဆဲဖြစ်သလို အလှူခံမျိုးစုံက လည်း ရှိနေဆဲဖြစ်သည်။ နောင်ဘဝ သံသရာကောင်းကျိုးအတွက် လှူကြသည်။ ပစ္စုပ္ပန် ကောင်းကျိုးအတွက် လှူရသည်။ အတိတ်အတွက်ရော လှူဒါန်းပေးကမ်းကြသူတွေပါ ရှိနေပါသေးလား။
◽
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်သည်။ အလှူခံသူလား၊ လှူဒါန်း ပေးကမ်းသူလား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေတာလား။
ဤစာတမ်းကို ဖတ်နေသူကိုယ်တိုင်လည်း လှူဒါန်းပေးကမ်းသူလား... အလှူခံ ပုဂ္ဂိုလ်လား... ဒါမှမဟုတ်...။
ဘဝဆိုသည်မှာ မေးခွန်းတွေကို နည်းမျိုးစုံဖြင့် ဖြေကြားရသော၊ ဖြေရှင်းရသော ဖြစ်တည်မှုကာလတစ်ခုဟု ယူဆမိလိုက်ပါသည်။
◾
နောင်ကျော်
****▪️ဝမ်းနည်းခြင်း▪️
ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုရ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ နောင်ကျော် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နေအိမ်မှာ ဒီနေ့ နံနက်က ကွယ် လွန်သွားကြောင်း ကြားသိရပါတယ်။
ဆရာနောင်ကျော်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “ကျွန်တော်နှင့် အလှူခံများ” ရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။
ဆရာနောင်ကျော် ကွယ်လွန်သွားခြင်းအတွက် ရွှေအသစ်ဒစ်ဂျစ်တယ်စာ မျက်နှာဝိုင်းတော်သားတွေက ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။
ဆရာ ရွှေအမြုတေစာပေဆုရခဲ့တဲ့ ရသစာတမ်းကို ဝမ်းနည်းမှတ်တမ်းနဲ့အတူ ဖော်ပြလိုက်ပါတယ်။
ဆရာ ငြိမ်းချမ်းရာအရပ်မှာ အနားယူပါ။
◾
လေးစားစွာဖြင့်








