Thursday, May 29, 2025

မြန်မာ ဇာတ်မင်းသမီးများ

 ¶¶¶ မြန်မာ ဇာတ်မင်းသမီးများ ¶¶¶

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°



မြန်မာဇာတ်ပွဲတွင် ဇာတ်ဆောင် အမျိုးသမီး ပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်သည်။ ဇာတ်မင်းသမီး လုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်း တစ်လက်ဖြစ်လိုလျှင် ပိုး၊ မွေး၊ ခေါ်၊ မြေ|ာ်၊ အောင်၊ ဇော်၊ လု၊ ဘူ၊ ရူး၊ အ၊ သေ၊ ပစ် ဟူသော မင်းသမီးတို့ တတ်အပ်သည့် ပညာ ၁၂ ရပ်ကိုလည်း တကယ်တတ် ရသည်ဟု နာမည်ကျော် ရုပ်သေးမင်းသမီးကြီး ဆရာပုက ဆိုသည်။


(၁) ပိုး-ဟူရာ၌ မင်းသမီးပင် ဖြစ်လင့်ကစား အချို့ ဇာတ်များတွင် ကိန်းက ဇောက်ထိုးတယ်မှရှင် မိန်းမ နောက်ပိုး လုပ်ရတတ်သည် ဖြစ်သဖြင့် မိန်းမတန်မဲ့ ယောက်ျားကို စ၍ ပိုးခန်းကြုံလာလျှင် သဘာဝကျကျ တကယ့် အဖြစ်အစစ်နှင့် တူအောင် ပိုးတတ်ရသည်။


(၂) မွေး-ဟူရာ၌ အလောင်းတော် ဖွားတော်မူခန်းမှအစ ဇာတ်နှင့် ဆိုင်ရာ မင်းသမီးလုပ်သူ သားဖွား၊ မျက်နှာ မြင်ရသည့် အခန်းများကိုလည်း လိုအပ်သလို ကတတ်ရသည်။ မင်းသမီး လုပ်သူသည် အပျိုစစ်စစ်ပင် ဖြစ်လင့်ကစား မိန်းမတို့ ဓမ္မတာ ကိုးလလွယ်၍ ဆယ်လမွေးသည့် မိခင်တစ်ဦးအတိုင်း သရုပ်ပါပါ မွေးတတ်ဖို့လိုသည်။


(၃) ခေါ်-ဆိုသည်မှာ ဇာတ်ပွဲတို့၏ အစဉ်အလာအတိုင်း လင်ကို ခေါ်နည်း၊ သားကိုခေါ်နည်း၊ ကျေးကျွန်ကို ခေါ်နည်း၊ အရှင်သခင်ကို ခေါ်နည်း စသည်ဖြင့် ထုံးတမ်းစဉ်လာနှင့်အညီ ခေါ်တတ် ပြောတတ်ဖို့ လိုသည်။ ပုံစံအားဖြင့် လင်ကို ခေါ်ရာ၌ သပြေရွက်စည်၊ မြရည်ရောင်ဖိတ်၊ တစ်သောင်း ထိပ်မှ၊ ဖြူရိပ်စကြာ၊ ဖြန့်မိုးကာရ၊ ဒီပါတိုင်းလုံးရှင် မောင်မောင်ဘုရာ့ စသည့် အခေါ်မျိုးဖြင့် ခေါ်ရခြင်းကို ဆိုလိုသည်။


(၄) မြေ|ာ်-ဆိုသည်မှာ ရည်းစားမြေ|ာ်၊ လင်မြေ|ာ်၊ သားမြေ|ာ်ခန်းများတွင် တကယ်တမ်း မြေ|ာ်တတ်ရန် လိုသည်။ ပညာပါသော ရည်စားမြေ|ာ်၊ လင်မြေ|ာ်များမှာ ကျေးကိုစေ၍ မြေ|ာ်ခြင်း၊ ဘုရားကိုတိုင်၍ မြေ|ာ်ခြင်း၊ ကျေးသားနှင့် စကားခွန်း တုံ့လှယ်၍ မြေ|ာ်ခြင်းတို့ဖြစ်သည်။ မင်းသမီး၏ လွမ်းယူ တမ်းတပုံကို ပွဲကြည့်ပရိသတ်၏ စိတ်၌ တကယ်ပင် ထင်မှတ်လာအောင် မြေ|ာ်တတ်ရလေသည်။


(၅) အောင်-ဆိုသည်မှာ စစ်ကိုင်းကျောက်ပနံကန်ကြီးကုန်း ရာဇဝင်ဖြစ်သော ဆားတောင်သူ အောင်ဖြူဇာတ်ကို ခင်းလျှင် နိုင်နင်းစွာ ကပြနိုင်ရမည့် အရည်အသွေးဖြစ်သည်။ အောင်ဖြူဇာတ်မှာ ပရိယာယ် အလွန်များပြီးလျှင် မင်းသမီး၏ အလွမ်းများလှသော ဇာတ်ထုပ်ဖြစ်သည်။ ဤလိုဇာတ်မျိုးကို တော်တော့် မင်းသမီး ဇာတ်မလိုက်နိုင်၊ မကနိုင်ပေ။


(၆)ဇော်-ဟူသည်မှာ ရှိရာဇာတ်ကို ကပြရသဖြင့် မင်းသမီး ဇော်ဂျီဖြစ်ရသည့် ဇာတ်လမ်းမျိုးနှင့် ကြုံခဲ့သော် ဇော်ဂျီ အဖြစ်နှင့် ကတတ်ပြောတတ် ပြုမူတတ်ဖို့ အသင့်ရှိရ ပေမည်။


(၇) လု-ဆိုသည်မှာ လင်လုခန်း၊ သားလုခန်းများတွင် နိုင်နင်းဖို့လိုသည်။ သစ္စာထား နှစ်ပါးသွားခန်းတွင် လင်လု ခန်းမျိုးသာမက ဇာတ်ကွက်နှင့်အညီ လူယောင်ဆောင်ထားသည့် ဘီလူးမနှင့် လင်လုရခြင်းမျိုးကိုပါ ဆိုသည်။ ယင်းအခါ၌ မိမိသည် လင်သားအပေါ် မည်သို့ ကြင်နာခဲ့သည်၊ ယုယခဲ့သည်၊ အနာခံ၍ ချစ်ရည်လူးခဲ့သည်၊ ချစ်တုံ့တင် ခဲ့သည်များကို ပွဲကြည့်ပရိသတ်စိတ်၌ အကွင်းကွင်းနှင့် ပေါ်အောင် ပြောဆိုတတ်ရ၍၊ သားလုခန်း၌လည်း မေတ္တာရေစင်ဖြင့် ချစ်ခင်သဒ္ဓါ မြတ်နိုးစွာ ကျွေးမွေးသုတ်သင်ခဲ့ပုံများ၊ သားအတွက် ရတတ်မအေး သောကစိုက်ခဲ့ပုံများကို တကယ့် သားသည် မအေ တစ်ယောက်ကဲ့သို့ စီကာပတ်ကုံး ပြောကြားတတ်ရလေသည်။


(၈) ဘ-ဟူသည်မှာ အချို့ဇာတ်များ၌ မင်းသမီးရေကန်တွင် ရေချိုးမှား၍ အစွယ်ပြူးပြူး ဘီလူးဖြစ်သွားသည့်အခန်း ပါတတ်သည်။ ထိုအခါ ဘီလူးခန်းကို မင်းသမီးလုပ်သူသည် နိုင်နင်းစွာ ကပြနိုင်ရလေသည်။


(၉) ရူး-ဟူသည်မှာ ဇာတ်ကွက်နှင့်အညီ အကြောင်း တစ်ခုခုကြောင့် ရူးသွပ်ရသည့်အခါ၌ တစ်ကယ့်အရူးနှင့် တူအောင် ရူးတတ်ဖို့လိုသည်။ ဤလိုအခန်းမျိုးကို ရုပ်သေး မင်းသမီး ဆရာပု၊ ဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင် တို့သာလျှင် နိုင်နိုင်နင်းနင်း ကနိုင်၍၊ အရူးခန်းကောင်းသည်ဟု ကျော်ကြားလေသည်။ ဒေါ်ထွေးလေး ပဋာစာရီဇာတ်ကို ကပြရာ၌ အရူးခန်းကို ပရိသတ်က မေ့မရအောင်ဖြစ်ရ သည်ဟု ဆိုလေသည်။


(၁ဝ) အ-ဟူသည်မှာ စုန်းပြုစား၍ ဖြစ်စေ၊ နတ်တိုက်၍ ဖြစ်စေ၊ ဝဋ်ကြမ္မာကြောင့်ဖြစ်စေ မင်းသမီးသည် အကောင်း ပကတိက သွားရသည့် ဇာတ်လမ်းမျိုး ကပြရသည့်အခါ ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ၊ ခြေနှင့်လက်နှင့်ပြ၍ မျက်နှာက အမူအရာအမျိုးမျိုး ထုတ်ဖော်သည်တွင် ပရိသတ်က နားလည်ပြီး ရင်ထုမနာနှင့် မျက်ရည်မဆည်နိုင် ဖြစ်လာအောင် ကပြတတ်ရသည်။


(၁၁) သေ-ဟူရာ၌ မင်းသမီး သေရသည့် အခန်းများ လည်း ဇာတ်လမ်းတွင် ပါတတ်သေးရာ၊ မင်းသမီးက မသေ တတ်လျှင် ဇာတ်နာသင့်ပါလျှက် မနာဘဲ ပွဲကြည့်ပရိသတ် အူကြောင်ကြောင် ဖြစ်ကုန်ပြီးလျှင် တညဉ့်လုံး သယ်လာသမျှ သဲရေကျ ဖြစ်ရတတ်သည်။ ဆရာပု၊ ဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင်တို့သည် အသေကောင်းလှသည်ဟု ဆိုသည်။ မင်းသမီးလုပ်သူ အသေတတ်သည့်အခါ၌ ဇာတ်ခုံပေါ်က ဇာတ်သူ ဇာတ်သားများပင် စိတ်ထိခိုက် လာပြီးလျှင် မျက်ရည်ကျရလေသည်။


(၁၂) ပစ်-ဟူရာ၌ သားပစ် သမီးပစ် စွန့်ပစ်ရသော ဇာတ်မျိုး၌ ပစ်တတ်ရန် လိုခြင်းကို ဆိုလိုသည်။ ပစ်ရာ၌လည်း အသေပစ် အရှင်ပစ် ဟူ၍ရှိ၏။ ပုံစံအားဖြင့် မိဖုရားကို နောက်သိမ်းမည့် ဘုရင်က အလျင်သွေး မကျန်ရအောင် သားသမီးကို စွန့်ပစ်ချေဟု ဆိုသည့်အခါ၌ သားကို အရှင် လတ်လတ် စွန့်ပစ်ရသည့်အခန်းမျိုး၊ သားသေ၍ စွန့်ပစ်ရသည့် အခန်းမျိုး၌ ဇာတ်လိုက်တတ်ဖို့ လိုလေသည်။


ယင်းတော်မလေး

မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ခေတ်တွင် နန်းတွင်း အီနောင်ဇာတ်၊ ရာမဇာတ် စသည်တို့ကို ကပြခဲ့စဉ်က အီနောင်နန်းတွင်း ဇာတ်တော်ကြီးတွင် အထူးနာမည်ကျော်ကြား လူကြိုက်များလှသော တော်သုံး မင်းသမီးကြီး ယင်းတော်မလေးသည် အရေးပါ အရာရောက်ဆုံးဖြစ်သူ ပွတ်စပါး မင်းသမီးအခန်းမှ နိုင်နင်းစွာ အမှုထမ်းနိုင်လေသည်။ နာမည်ရင်းမှာ မလေးဖြစ်ရာ၊ ယင်းတော်မြို့သူဖြစ်၍ ယင်းတော်မလေးဟု တွင်သည်။ အချို့ကလည်း ယင်းတော်မြို့ကို အပိုင်စားရ၍ ယင်းတော်မလေး ခေါ်တွင်သည်ဟုဆိုသည်။ ယင်းတော်မလေးသည် မင်းသမီးဘဝ ခေတ်ကောင်းစဉ်က အဆင်းအင်္ဂါ လှပပြီးလျှင် ကနွဲ့ကရ ပျော့ပျော့ပျောင်း ပျောင်းရှိ၍၊ တေးကြီးဘွဲ့ကြီး ပတ်ပျိုး ယိုးဒယားစသည်တို့ကို နိုင်နင်းစွာ သီဆိုနိုင်သည်။ နန်းတော်သူများ အီနောင် ဦးစံတုတ်ကို သဘောကျကြသလို၊ နန်းတော်သား မှူးသားမတ်သား မင်းယောက်ျား အရာရှိပိုင်းကလည်း ယင်းတော်မလေး၏ ပညာအမွေကို ခံယူခဲ့သော မင်းသမီးဟူ၍ကား မရှိဟု ဆိုလေသည်။


ဆင်ခိုးမလေး

ယင်းတော်မလေးနှင့် မရှေးမနှောင်းပင် ဇာတ်တော်ကြီးဝင် ဆင်ခိုးမလေးဟူ၍ အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားသော အမျိုးသမီး ဇာတ်သဘင်သည်ကြီး တစ်ယောက် ထွန်းကားခဲ့သည်။ ဆင်ခိုးမကလေးသည် တောင်တွင်းကြီးမြို့သူ ဖြစ်၍ ငယ်မည်မှာ မရွှေမြှင်ဖြစ်၏။ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် ညိုစိမ့်စိမ့်ရှိ၍ ချောမော လှပ ယဉ်ကျေးသည်။ ငယ်စဉ်ကပင် အကတတ်မြောက်ပြီးလျှင် မြေဝိုင်းခေတ် ဇာတ်မင်းသမီးဖြစ်ခဲ့ရာ၊ ပထမ အိမ်ထောင်သည် ခင်ပွန်းနှင့် သားနှစ်ယောက်ရှိခဲ့ပြီးနောက် ရနောင်မင်းသားက ကောက်ယူဆင်နှင့်တင်၍ ခေါ်စေသောကြောင့် ဆင်ခိုးမကလေးဟု တွင်သည်။ ရနောင်မင်းသား မှုပြစ်မကင်း၍ ရာဇဝတ်တော် သင့်ပြီးနောက်တွင် သီပေါမင်း၏ မိဖုရားခေါင်ကြီးက ချစ်မြတ်နိုး၍ ယိုးဒယားဇာတ်ကြီး အတီးအကတို့ကို အသင်ခိုင်းသဖြင့် ယိုးဒယားရာမ ဆရာဦးဖိုးမြ ထံတွင် သုံးနှစ် သင်ယူခဲ့ရလေသည်။ ဆင်ခိုးမကလေးသည် အဆိုအက ပညာတွင် ပိုင်ပိုင်နိုင်နိုင်ရှိ၍ လက်ည|ိုးထိုးကရာ၌ အလွန် ယဉ်ကျေး၏။ အထူးသဖြင့် 'ခရာသံ ' ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုလေသည်။


ယင်းတော်မလေး၊ ဆင်ခိုးမကလေးတို့နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဒေါ်ကွမ်းငုံနှင့် ကိန္နရာပျံတို့သည်လည်း ထင်ရှားသော ဇာတ်မင်းသမီးများ ဖြစ်၏။


မထွေးလေး

ယင်းတော်မလေးနှင့် ဆင်ခိုးမကလေးတို့ နှစ်ဦး ဆံဖြူသွားကြွေ၊ ပါးရေမတွန့်ခင် ကလေးတွင် ဗျာပါဆံကလေး တစ်ခါခါနှင့် ဖျတ်လပ်စွာ ပေါ်ပေါက်လာသူကား နောက်ပေါက်မင်းသမီးကလေး မထွေးလေး ဖြစ်သည်။ ငယ်မည်မှာ ခင်ထွေးဖြစ်၍ ၁၁ နှစ်အရွယ် ကြီးလာသည်နှင့်အမျှ သဘင်ရည်ဝကာ ကျော်စောထင်ရှားသော ဇာတ်မင်းသမီးကြီး တစ်ဦး ဖြစ်လာသည်။ ဒေါ်ထွေးလေးသည် လက်ည|ိုးကလေးကို ကိုက်၍ မူကာ ကတတ်သည်ဟုဆိုသည်။ မင်းသမီးကဲ အလွန်ပါ၍ မင်းသမီးမှင် အလွန်ကောင်းသူ ဖြစ်သည်။ ငယ်စဉ်က ထူးချွန်ခဲ့သော ကကြိုးမှာ ကိန္နရာကနှင့် အရုပ်ကြိုးကများ ဖြစ်၏။ ဒေါ်ထွေးလေး၏ ကမျိုးကို မည်သူကမျှ မကတတ်ကြတော့ဟုဆိုသည်။ သီချင်းဆိုရာ၌လည်း မေးဝဲမေးရိုက်တို့တွင် ဒေါ်ထွေးလေးကို မီအောင်လိုက်နိုင်သူမရှိဟုလည်း ဆိုလေသည်။ နောက်ပေါက် ဇာတ်မင်းသမီးများထဲတွင် မထွေးလေးထံမှ ပညာဆည်းပူး တပည့်ခံသူများ၍၊ နိုင်ငံကျော် မင်းသမီး များဖြစ်လာကြသည်။ အမေထွေးတပည့် မဟုတ်လျှင် မင်းသမီးအရာ မဝင်သလောက် အထင်သေးကြလေသည်။ ဒေါ်ထွေးလေး အသက် ၁၂ နှစ်သမီးက အသက် ၆ဝ နားအထိ သဘင်ပညာနှင့် အသက်မွေး၍ သွားရာ၌ မင်းသား ဦးဘိုးကွန်းနှင့် အနှစ် ၂ဝ လောက် တွဲကခဲ့ရာ ဦးဘိုးကွန်းနှင့် အကြောင်းပါခဲ့သည်။ ဦးဘိုးကွန်းနှင့် တွဲ၍ကသွားသည့် အချိန်သည် ဒေါ်ထွေးလေး အဖို့ အကျော်ဆုံး ကာလ၊ ငွေအရဆုံးကာလ၊ နာမည်အကြီးဆုံးကာလ ဖြစ်ဟန်ရှိလေသည်။ ဒေါ်ထွေးလေးနှင့် တခေတ်တည်း ပေါ်ခဲ့သော ဇာတ်မင်းသမီးများမှာ ဒေါ်စိန်မေ၊ ဒေါ်စံရှား၊ ဒေါ်ဇော်ရိုက် စသူတို့ဖြစ်၏။ အီကင်းဦးမောင်ကြီးသည် ရုပ်သေးစင်မှ ဆင်းပြီးနောက် မြေဝိုင်းဇာတ်တွင် ဝင်ရောက်ကပြခဲ့ရာ၌ ဒေါ်ထွေးလေးနှင့် မတွဲမီ အဆိုပါ မင်းသမီးများနှင့် တွဲဘက် ကပြခဲ့လေသည်။


မထွေးလေးခေါ် အမေထွေးခေတ် နောက်တွင် ကျော်စော ထင်ရှားလာခဲ့ကြသော ဇာတ်မင်းသမီးကြီများကား ဒေါ်စိန်နက်၊ ဒေါ်ငွေဘော်၊ ဒေါ်စိန်ထား၊ ဒေါ်စိန်ည|ာ၊ ဒေါ်စိန်ဖော့၊ ဒေါ်စိန်ကျော့၊ ဒေါ်စိန်ညွန့် စသူတို့ ဖြစ်ကြသည်။ ဒေါ်စိန်နက်သည် နာမည်ကျော် ဇာတ်မင်းသား ဆရာမွှန်းနှင့် တွဲဘက်ကပြခဲ့သော နာမည်ကျော် ဇာတ်မင်းသမီး ဖြစ်သည်။ ရှေးခေတ် ပန်းပင်စိုက် မြေဝိုင်းခေတ်တွင် ညဉ့်ဦးယံ၌ ယိုးဒယား လေးပွင့်ဆိုင် ကကြရလေရာ၊ ဒေါ်စိန်နက်၏ ခြေဟန် လက်ဟန်ကို ကြည့်ပြီးလျှင် ကပြ ကြရသည်ဟုဆိုသည်။ ဒေါ်ငွေဘော်သည် ဇာတ်မင်းသား ဦးစိန္တာနှင့် တွဲဘက်ကပြ၍ နာမည်ရ မင်းသမီးတစ်လက်ဖြစ်၏။ ဒေါ်စိန်ထားသည် ထိုခေတ်က ဇာတ်မင်းသမီး အလှတွင် မစိန်ထား ဟူ၍ပင် ကျော်ကြားခဲ့သူဖြစ်သည်။ ဒေါ်စိန်ည|ာမှာမူ ရုပ်နှင့်မျက်နှာပေးကောင်းသည်ဟု ကျော်ကြား ခဲ့လေသည်။ ဒေါ်စိန်ဖော့နှင့် ဒေါ်စိန်ကျော့တို့ သည်လည်း နာမည်ကျော် ဇာတ်မင်းသမီးများဖြစ်၏။ ဒေါ်စိန်ညွန့်သည် ဇာတ်မင်းသား မျောက်-ဦးစစ်တွေ၏ ဇနီးဖြစ်၍ ဇနီး ခင်ပွန်း နှစ်ဦးလုံးပင် နာမည်ရ မင်းသား၊ မင်းသမီးများ ဖြစ်သည်။ ဒေါ်စိန်ညွန့်သည် အောက်မထွေးလေး ဟူ၍ပင် နာမည်ရခဲ့ လေသည်။


ယောက်ျားမင်းသမီး ဦးအောင်ဗလသည် ဣတ္ထိယဇာတ်ဝင် မဟုတ်သော်လည်း မိန်းမဟန် အမူအရာ အချွဲ၊ အနွဲ့၊ အလှည့်၊ အဟိုက်တို့၌ မိန်းမမင်းသမီးတို့ပင် လိုက်မမီအောင် ရှိရသည်။ ကကြိုး၊ တုပ်ကြိုး ကကြလေ့ရှိသည်။ စခွံ့ ခေါ်မန္တလေးဒိုး ကကြိုးကို အောင်ဗလပင်ထွင်သည်ဟု ဆိုသည်။ နောက်နာမည် ထွက်လာမှ မထွေးလေး၏ ကကြပုံကို ယူသော်လည်း အဆင်တူ၏။ ခြေမတူ ဖြစ်နေသည်ဟုလည်း ဆိုလေသည်။ ဇာတ်ကပြရာတွင် အရပ်သဘောအတိုင်း ပြောလေ့ဆိုလေ့ ရှိသည်။ သို့သော် ဇာတ်ထုပ်ဇာတ်ကွက်စာကို လက်မလွတ်ပေ။ မင်းထင်မယ်မှန်၊ ထိလပ်ပိုးအု၊ ဘို့မယ်တက်ခါ၊ ကာကဝလ္လိယ၊ ဝီဇယ စသော ဇာတ်ထုပ်များကို ကပြရာတွင် သရုပ်ပေါ်အောင်၊ ဇာတ်နာအောင် စီးစီးနင်းနင်း ကပြတတ်လေသည်။


ဦးဘိုးစိန်နှင့် အောင်ဗလ တွဲကသော နှစ်၊ ဦးစိန်ကတုံးနှင့် အောင်ဗလ တွဲကသော နှစ်များတွင် ဇာတ်ပွဲကြည့်ရသည်မှာ စွယ်စုံကောင်း ဖြစ်သည်ဟု ပြောစမှတ် ပြုကြလေသည်။ ဦးဘိုးစိန်နှင့် ပထမဆုံး တွဲဘက်မင်းသမီး အဖြစ် နာမည်ကျော်ခဲ့သူမှာ ဒေါ်ငွေစိန်ဖြစ်သည်။ ဘိုးစိန်-ငွေစိန် ဟု အမြင်ပင် ခွဲမရအောင် အမည်ချင်း ပူးပေါင်းခေါ်ဝေါ်ခဲ့ကြ သည်။ ဘိုး-စိန်-ငွေစိန်တို့သည် အရွယ်ငယ်စဉ်ကပင် သစ္စာထား နှစ်ပါးသွားတွင် လူတိုင်း ကြိုက်ခဲ့ကြသည်။ ဒေါ်ငွေစိန်သည် ကျိုက်လတ်မြို့ဇာတိ၊ ဇာတ်မျိုးဇာတ်နွယ် ဖြစ်သည်။ ဒေါ်ငွေစိန်၏ မိခင်သည် ဇာတ်မင်းသမီးကြီး ဗမာမသိုင်းခြုံဟူ၍ ကျော်ကြားခဲ့သည် ဒေါ်သွယ်ဆိုသူဖြစ်၍ ဖခင်သည် ဇာတ်မင်းသား ဦးညာခိုင်ဆိုသူ ဖြစ်လေသည်။ ဒေါ်ငွေစိန်တွင် ငွေရီ၊ ညိုညို၊ ကျင်ဥ၊ ရင်နု ဟူ၍ ညီမလေးယောက် ရှိသေးရာ အားလုံးပင် နာမည်ကျော် ဇာတ်မင်းသမီးများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးပင် ဦးဘိုးစိန်နှင့် ဆက်ကာဆက်ကာ တွဲကခဲ့ကြ၍ နာမည်ရခဲ့ကြ သည်ချည်း ဖြစ်လေသည်။ ဒေါ်ငွေစိန်တို့ ညီအစ်မ ငါးယောက်တွင် ဒေါ်ငွေစိန်နှင့် ဒေါ်ကျင်ဥတို့သာ သဘင်သက် တာရှည်ခဲ့၏။ ဒေါ်ကျင်ဥသည် မင်းသမီးဘဝတွင် အနေကြာ ခဲ့၍၊ သူ၏သီချင်းများလည်း အတော်ခေတ်စားခဲ့၏။ များသောအားဖြင့် ဦးဘိုးစိန်နှင့် တွဲဘက် ကပြခဲ့သော အချိန်က များလေသည်။ ဒေါ်ငွေစိန်တို့နှင့် မရှေးမနှောင်းပင် တွံတေး ဆံတောက် မငွေသင်ခေါ် နည်မည်ရ ဇာတ်မင်းသမီး တစ်ဦး ထွက်ပေါ်ခဲ့သေးသည်။ အမျိုးသမီးများချည်း ပါဝင်သော ဇာတ် အဖွဲ့ကို ဦးစီးကပြခဲ့၏။ ဒေါ်ငွေသင်သည် ဆိုင်းဆရာကြီး အလင်္ကာကျော်စွာ ဦးဟံပ၏ ဇနီးဖြစ်၍ သမီးဖြစ်သူ ပလိုတီယာ မသိန်းသည်လည်း နာမည်ကျော် ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်မြိုင်သည် ဦးဘိုးစိန်၏ အစ်မရင်းဖြစ်သည်။ ဇာတ်သဘင်သည်တို့ တတ်အပ်သော ပညာနှင့် ပြည့်ဝ၍ သဘင်ဝါ ရင့်လှသည်။ အရွယ်ကြီး သောအခါ မယ်တော်အခန်း၊ သူဌေးကတော်ကြီးအခန်း စသည်တို့မှ အလွမ်း အဆွေးကို ထိထိမိမိ သယ်နိုင်သော သတ္တိရှိသည်။ ဆိုင်းဆရာ အလင်္ကာကျော်စွာ ဦးဘမောင်သည် ဒေါ်စိန်မြိုင်၏သား ဖြစ်၍၊ နိုင်ငံကျော် ရွာစား ဆရာစိမ့်သည် ဦးဘမောင်၏ ဖခင်၊ ဒေါ်စိန်မြိုင်၏ ခင်ပွန်းဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်ဥသည် ကျိုက်ထိုသူဇာတိဖြစ်၏။ မင်းသမီး ဒေါ်ငွေစိန်နှင့် ဦးဘိုးစိန်တို့ ဇာတ်ခေါင်းကွဲပြီး နောက်တွင် ဒုတိယ ဆက်လက်တွဲကသော ခေါင်းဆောင် ဇာတ်မင်းသမီး ဖြစ်သည်။ ဒေါ်စိန်ဥသည် ဒေါ်ငွေစိန်နှင့် ပခုံးချင်း ယှဉ်နိုင်သော ဇာတ်ခေါင်းဆောင် မင်းသမီးလည်း ဖြစ်၍ အလွမ်း၊ အဆွေး၊ ဇာတ်အိမ် ဇာတ်ကွက် အသယ်အယူ နိုင်နင်းလှလေသည်။ ဦးဘိုးစိန်နှင့် တွဲကယင်းပင် ဦးဘိုးစိန်နှင့် အကြောင်းပါခဲ့သည်။ ထို့နောက် နှစ်အတော်ကြာ ကွဲနေပြီးမှ ဒေါ်စိန်ဥနှင့် ပြန်တွဲကကြပြန်ရာ စိန်ဥဖြင့် အပိန်တစ်ခု အဖတ်တင်၊ မျောက်မြင်ယင် ကျုပ်အလွဲ နစ်သူမို့ အုတ်ခဲနဲ့ ပစ်ချင်၊ ဘိုးစိန်ဟာ အရိုးပိန်မရယ်လို့၊ အဲဒီတုန်းက ပစ်သွားသရှင် --- ဟူသော သီချင်းနှင့် ညတိုင်း ကတိုင်းရန်တွေ့သည်။ ဦးဘိုးစိန်ကလည်း မျက်နှာရူး တိုက်နှူးပြန်သည်။ ပွဲကြည့် ပရိသတ်တို့ တသဲသဲနှင့် နားကွဲမတတ် ဩဘာပေးကြလေသည်။ မင်းသားများကဲ့သို့ ကတ္တီပါ ဘောင်းဘီ၊ ပိုးပုဆိုး ခါးတောင်းကြိုက် ဝတ်ဆင်၍ ဓားကစားပြရာတွင် အလွန်တော် သော မင်းသမီးမှာ ဒေါ်ကျော်ဗလ ဖြစ်သည်။ ဒေါ်ကျော်ဗလသည် လူရွှင်တော် ဦးပဒုမ္မာ၊ ဒေါ်ဖြူတို့၏ သမီး မန္တလေးမြို့သူ ဖြစ်သည်။ အမည်ရင်းမှာ မအေးဖြစ်၏။ အလွမ်းနိုင်သော မင်းသမီးတစ်ဦး ဖြစ်သည့်ပြင် မင်းသမီး ယောက်ျားယောင် ဆောင်ရသော အခန်းများတွင် ကျွမ်းကျင်လှသည်ဟု ဆိုလေသည်။ ဇာတ်မင်းသမီး ဒေါ်ကျော်ဗလသည် နာမည်ကျော် ဇာတ် မင်းသား ဦးစိန်ကတုံးနှင့်လည်း တွဲဘက် ကပြဘူးလေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက်ကပြခဲ့၍ နာမည်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ မန္တလေး ဦးကြွင်း၏ သမီး (ဦးစိန်ကတုံး၏ ပထမ ဇနီး ) ဒေါ်စမ်းကြည်၊ ဒေါ်စိန်နွဲ့၊ ဒေါ်သိန်းညွန့်၊ ဒေါ်မြညွန့်၊ ဒေါ်စိန်ချစ်၊ ဒေါ်ဩဘာစိန် စသူတို့ ဖြစ်သည်။ ဒေါ်မြညွန့်မှာ ဦးစိန်ကတုံး၏ တပည့်မင်းသမီးတစ်ဦးဖြစ်၍ အကကောင်းသဖြင့် ကျော်ကြား သည်။ ကြည့်မြင်တိုင် ဈေးကလေးရပ်သူ ဒေါ်စိန်ချစ်သည် မူလက ဇာတ်ကလေးမင်းသမီး ဖြစ်သည်။ ဦးစိန်ကတုံး ဇာတ်တွင်ဝင်၍ ကစက၊ မပြောရဲ မဆိုရဲ မကရဲ ဖြစ်နေရာ၊ ဇာတ်ဆရာ ဦးစိန်ကတုံးက ငါ၏ အရိပ်အခြည်ကို ကြည့်၊ ငါစကားခင်းပေးတာလိုက်၊ ငါ ကပုံကြည့်၊ ရဲရဲက ရဲရဲဆို၊ ရဲရဲပြောဟု သုံးနှစ်ကျော်လေးနှစ် သင်ပြယင်း ကပြခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ပညာရည် ပြည့်ဝခဲ့ ပြီးလျှင် လူကြိုက် များလာသော ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက် ကပြခဲ့သော ဒေါ်ဩဘာစိန်သည်လည်း နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်၏။ တွံတေး ဇာတိ ငယ်မည်မစိန်ဖြစ်၍ မင်းသမီး တွံတေး ဆံတောက်မငွေသင် ထံတွင်လည်းကောင်း၊ ကြည့်မြင်တိုင် ရေတွင်းကုန်း ဆရာဉာဏ် ထံတွင်လည်းကောင်း သဘင်ပညာကို သင်ကြားခဲ့သည်။ ထို့နောက် ပသီ မြညွန့်နှင့် တွဲဘက်ကပြခဲ့၍ အငြိမ့် မင်းသမီးအဖြစ်လည်း ကပြခဲ့သည်။ အငြိမ့်မင်းသမီးအဖြစ် ကပြနေရာမှ တစ်ဖန် မင်းသား ဦးစိန်အုပ်နှင့် တွဲကခဲ့ပြန်သည်။ အသက် ၁၆ နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အသက် ၃ဝ ကျမှပင် ထိုဇာတ်မှ ထွက်ခဲ့၏။ ထိုစဉ်က ဒေါ်ဩဘာစိန်သည် အသက်အရွယ် ငယ်သော်လည်း အနုသဘင် ပညာအရာတွင် ရှေ့တန်းမှ နေနိုင်သောကြောင့် ဦးစိန်ကတုံးမှ အစ ဇာတ်သူဇာတ်သားများက အရေးပေးခြင်း ခံရလေသည်။ ဦးစိန်ကတုံး ဇာတ်မှ ထွက်ပြီးနောက်တွင် ဇာတ်မင်းသား ဦးကျော်မြသောင်းနှင့်လည်းကောင်း၊ မင်္ဂလာ ဦးအောင်ဘညိုနှင့် လည်းကောင်၊ မင်္ဂလာ ဦးအောင်မောင်းနှင့် လည်းကောင်း တွဲဘက် ကပြခဲ့လေသည်။ ထိုနောက်တွင် ခင်ပွန်းသည် ဖြစ်သူ ဇာတ်မင်းသား ဦးလွန်းမောင်နှင့်အတူ ကိုယ်ပိုင်ဇာတ်ထောင်ကာ ကပြနေခဲ့ရာမှ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင် ကပြခဲ့ရပြန်လေသည်။ ထိုအခါ ဦးလွန်းမောင်က ဇာတ်ဆောင်မင်းသားကြီးအဖြစ်လည်းကောင်း၊ ဒေါ်ဩဘာစိန်က ဇာတ်ဆောင်မင်းသမီးကြီးအဖြစ်လည်းကောင်း ကပြခဲ့၏။ ထိုအတွင်း ခင်ပွန်းသည် ဦးလွန်းမောင် ကွယ်လွန်သွား၍ ဦးဘိုးစိန်ဇာတ်မှထွက်ကာ အနားယူခဲ့သော်လည်း မနေသာသောကြောင့် အမယ်ကြီးအို အောင်စိန် ဇာတ်အဖွဲ့တွင် တစ်နှစ် ပါဝင်ကပြခဲ့ရသေးသည်။ ထိုနောက်တွင်ကား သဘင်အလုပ်မှ အနားယူလိုက်လေသည်။ ဒေးဒရဲ ကညင်ကုန်းဇာတိ အိုးစည် ဒေါ်အေးစိန်သည် ရောင်တစောင်း ဆံမြိတ်ကွင်းထုံး၊ လည်ထောင် ပါလည်ကွေး၊ လက်ကြပ်ဆင်၍၊ ကတ္တီပါ ဘောင်းဘီခံ၊ လွန်းပုဆိုးခါးတောင်း ကြိုက်၍ အိုးစည်အကနှင့် လူကြိုက်များသည်။ မျက်နှာချိုနှင့် ရုပ်ချော ပျော့ပျောင်းသူ ဖြစ်၏။ ရုတ်တရက် နာမည်ကြီး လာကာ လူကြိုက်များလာသော်လည်း သဘင်သက် မရှည်လှပေ။


ဇာတ်မင်းသမီးကြီး အလုံစိန်တင်သည် ကမာကဆစ်သူ ဖြစ်သော်လည်း ရန်ကုန်အလုံရပ်တွင် နေသဖြင့် အလုံစိန် တင်ဟု ခေါ်တွင်ခဲ့လေသည်။ ဇာတ်ကခြင်းဖြင့် သုံးနှစ်လောက်သာ ကြာသော်လည်း ဇာတ်ထုပ်အတော်များများ ဓာတ်ပြား သွင်းခဲ့ဘူးသည်ဟု ဆိုလေသည်။ ပုဇွန်တောင် စက်ဆန်းသူ နဂါးမ ဒေါ်မြနှစ်သည် မင်းသမီးအဖြစ် ကျော်ကြားလာစဉ်က ဆံတောက်ချနှင့် ဝဝတုတ်တုတ်ကလေး ဖြစ်၏။ ဣသိန္နရသေ့ဇာတ်တွင် နာမည် ကြီးသည့်ရသေ့ ဈာန်လျှောအောင် ပြုရသော အခန်းမှာ မမြနှစ်၏ ရုပ်နှင့် နှုတ်ကို ပွဲကြည့်ပရိသတ်တို့ အထူးသဘောကျကြ၏။ နဂါးမ မမြနှစ်ဟု အမည်တွင်ခဲ့ခြင်းမှာ ဘူရိဒတ်ဇာတ် ကပြသောအခါ နဂါးခေါင်း ဆောင်း၍ ကပြရသည်ကအစ နဂါးမ မမြနှစ်ဟု ခေါ်ကြခြင်းဖြစ်သည်ဟု ဆို၏။ ယိုးဒယား သိန်းမေခေါ် ဒေါ်သိန်းမေသည် မဟာဂီတဝင် သီချင်းမှန်သမျှ အံကျစည်းကျ နွဲ့နွဲ့လျလျ သီဆိုတတ်သူ ဖြစ်သည်။ ရုပ်ရည် ပြေပြစ်ချောမောသည်။ အသံသာယာသည်။ အကညက်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အရွယ်ကြီးသောအခါ ယိမ်းခေါင်းဆောင်၊ ယိမ်းဆရာအဖြစ်နှင့် တပင်တိုင် မင်းသမီး အကများကိုသာ ကပြလေသည်။ ဒေါ်သိန်းမေသည် သံလျင်မြို့နယ် ပုဂံတောင်ရွာ ဇာတိဖြစ်၏။ ဇာတ်မင်းသမီး ဒေါ်ကျင်ယုံသည် ရန်ကုန်ဇာတိဖြစ်၍ ငယ်စဉ်က သေးသေးကွေးကွေးနှင့် ယဉ်စစ ဖြစ်၏။ မင်းသား အဝတ်အစားဖြင့် ကပြရသည်က များသည်။ မင်းသမီးအဖြစ် ကပြ၍ နှစ်နှစ်သုံးနှစ်ခန့်အကြာ နာမည်ထွက်စတွင် ဇာတ်မင်းသား ဦးဘိုးစိန်နှင့် အကြောင်းပါသဖြင့် ဇာတ်စင်ပေါ်သို့ မတက်ရတော့ဘဲ သားသည်အမေအဖြစ်နှင့် နေယင်းက ဇာတ်အိမ် ဇာတ်ကွက်များတွင် ဖြည့်စွက်သင် ကြားပေးခြင်းဖြင့် တစ်ဘက်တစ်လမ်း အကူအညီပေးခဲ့ရလေသည်။ နာမည်ကျော် ဇာတ်မင်းသားများဖြစ်ကြသော ကနက်စိန်၊ စိန်ကြိုင်နှင့် တစ်သက်စိန်တို့၏ မိခင်ဖြစ်သည်။ နာမည်ကျော် ဂီတစာဆို နန်းတော်ရှေ့ ဆရာတင် ပထမဆုံး ရေးစပ်သည့် မယ်အေးလေးက ပို့တဲ့မေတ္တာ၊ အပြည်ပြည် အရွာရွာ မလစ်ခဲ့ပါဘူး၊ ရောက်သမျှ မြို့ရွာ ချစ်ကြပါသတဲ့ အသစ်ကလေးမို့ ကြာမူပါတာ ဟူသော သီချင်းကို သီဆို၍ မေးထိုးပြီး မျက်စကို ဘယ်တစ်ဘက် ညာတဘက်၊ တစ်ဘက်စီပစ်၍ ကပြခဲ့သဖြင့် နာမည် ရလာခဲ့သော ယုဇနအေးစိန်သည် မူလက အငြိမ့်မင်းသမီး ဖြစ်၏။ နောင်အခါ ဇာတ်မင်းသမီး အဖြစ်နှင့် နာမည်ကြီး ဇာတ်မင်းသမီးများနှင့် တွဲကခဲ့သည်။ နောက်ဆုံးအချိန်တွင်မှ ဇာတ်မင်းသား ဦးဘိုးစိန်ကြီးနှင့် တွဲကခဲ့ရာ၊ ထိုအချိန်တွင် နှစ်ယောက်စလုံး အသက်ရွယ် ထောက်လာပြီဖြစ်၍ နှစ်ပါးသွား သစ္စာထား သီချင်းများကို ဖေတော့ မောင်တော့တွေ မပါစေဘဲ တရားဓမ္မ လေသံပြောင်း၍ စပ်ဆိုကပြခဲ့ကြလေသည်။ ဒေါ်အေးစိန်သည် ဇာတ်သဘင် မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်သော်လည်း နာမည်ရမင်းသမီး တစ်လက်ဖြစ်သည်။ ရန်ကုန်မြို့ ပန်တျာကျောင်းတွင် အဆိုနည်းပြဆရာမကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်ဒေလီညွန့်သည် တွံတေးမြို့နယ် ကျိုက်သလဲရွာ ဇာတိဖြစ်၍ ငယ်မည် မသန့်စင်ဟုခေါ်သည်။ ငယ်စဉ်ကပင် အရွယ်နှင့် မလိုက်အောင် ဂီတဘက်တွင် ဝါသနာ အထုံ ကြီးလှသောကြောင့် အသက်ကိုးနှစ်အရွယ်တွင် ဇာတ်ထဲသို့ လိုက်ခဲ့သည်။ ထိုအခါက ရွှေခြေကျင်း မသန့်စင်အမည်ဖြင့် ကပြခဲ့ရာ၊ ရွှေခြေကျင်း မသန့်စင် အမည်သည် ရေပန်းစားခဲ့၏။ ၁၅ နှစ်အရွယ်တွင် မင်းသား လူပြက် ဦးဇာကျယ်ကြီးနှင့် တွဲ၍ ကခဲ့ရသည်။ ထိုစဉ်က မြေဝိုင်း ပန်းပင်စိုက် ကပြရသော ခေတ်ဖြစ်၍ ရွှေခြေကျင်း မသန့်စင်သည် အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ပင် သွားရောက်ကပြခဲ့ဘူး၏။ ဒေလီမြို့မှ ပြန်ရောက်သောအခါ ရွှေခြေကျင်း မသန့်စင်အမည်ကို ဖျောက်၍ ဒေလီညွန့် အမည်ဖြင့် ဇာတ်ကခဲ့လေသည်။ အငြိမ့်များ ပေါ်စခေတ်တွင် အငြိမ့်ခေါင်းဆောင် မင်းသမီးအဖြစ် ကူးပြောင်း ကပြခဲ့ရာ ကျော်ကြားလေသည်။ ဒေါ်ဒေလီညွန့်သည် အဝေးရောက်မင်း ဦးအောင်ကြီး၊ စောင်းမိကျောင်း ဆရာ ဦးအုံးပွင့်၊ ဒေဝဣန္ဒာ ဦးမောင်မောင်ကြီး၊ ဆရာတာ၊ ဆရာလွှာ စသူတို့ထံတွင် ဂီတသီချင်းကြီး ပညာရပ်များကို ရယူခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီခေတ်နှင့် စစ်ပြီးခေတ်တို့တွင် မြန်မာ့အသံလွှင့်ဌာနမှ သီချင်းကြီးပိုင်းတွင် အသံလွှင့်ခဲ့လေသည်။ မြခြေကျင်း မငွေမြိုင်သည် ဇာတိအားဖြင့် ကြည့်မြင်တိုင်သူ ဖြစ်သော်လည်း မန္တလေးတွင် ကြီး၍ သူ့တစ်သက်လုံး မန္တလေးတွင် နေသွားပြီလျှင် မန္တလေးတွင် ခေါင်းချသွားလေသည်။


မြခြေချင်း မငွေမြိုင်

ဒေါ်ငွေမြိုင်၏ ကသက် အနှစ် ၃ဝ နီးပါးတွင် ဇာတ်မင်းသမီး အဖြစ်နှင့်ချည်းက၍ နှစ်နှစ်ကျော်မျှသာ အငြိမ့်မင်းသမီးအဖြစ် ကပြခဲ့သည်။ ဇာတ်မင်းသမီး လုပ်သည့်အခါ ဦးဘိုးစိန်နှင့်လည်း တွဲဘူးသည်။ သူ့ဇာတ် သူထောင်၍လည်း ကသည်။ ဒေါ်ငွေမြိုင်သည် သူကိုယ်တိုင် ကဇာတ်သဘင် ပညာတွင် အရည်အခြင်း ပြည့်ဝသည်က တစ်ကြောင်း၊ ဇာတ်ကို ဦးစီး၍ ကနိုင်သည့် မင်းသမီး ဖြစ်သည်က တစ်ကြောင်း၊ ယောက်ျားတွေက သူ့ကို အင်မတန် စွဲမက်နှစ်သက်လှသည်က တစ်ကြောင်းတို့ကြောင့် သူ့ဇာတ်တွင် သူနှင့်တွဲကရသည့် မင်းသားသည် မည်သည့်အခါတွင်မျှ မပေါ်တော့ဘဲ အလိုလိုနေယင်း မြုပ်သွားရသည်ဟုဆိုသည်။ ဒေါ်ငွေမြိုင်သည် ဦးဘိုးစိန်နှင့်လည်းကောင်း၊ ဒုတိယ ဘိုးစိန်နှင့်လည်းကောင်း၊ မင်းသား အောင်စည်ဗလနှင့် လည်းကောင်း၊ မင်းသား ဘလှိုင်နှင့်လည်းကောင်း တွဲကခဲ့သည်။ ဒေါ်ငွေမြိုင်၏ ဇာတ်သဘင်သက်၌ အကျော်ဆုံးအချိန်မှာ အသက် ၃ဝ ခန့် အရွယ်ကောင်းတွင် မင်းသားဘလှိုင်နှင့် တွဲ၍ ရွာစား စိန်ဗေဒါ၏ ဆိုင်းနှင့် ကစဉ်က ဖြစ်လေသည်။ ဒေါ်ငွေမြိုင်၏ အသံမှာ ပင်ကိုအားဖြင့် အသံကောင်းလှသည်ဟု ပြောနိုင်သည့် ပထမတန်းစား အသံမျိုး မဟုတ်သော်လည်း ပြတ်ပြတ်သားသား ဆိုနိုင်သည်။ အာခေါင်အားရင်း ရှင်းစွာ သီဆိုနိုင်သည့် မင်းသမီးဖြစ်၍ သီချင်းဆိုရာတွင် အထူးသဖြင့် ခြေဆင်း အဆိုကောင်းသောကြောင့် ခြေဆင်းကို ရှည်ရှည်စပ်၍ ပေးကြရသည်။ ဒေါ်ငွေမြိုင်သည် အကကို မင်းသားကရော မင်းသမီးကပါ ပိုင်ပိုင်နိုင်နိုင် ကတတ်သည်။ ကသည့်အခါ ခြေဆစ်လက်ဆစ် အလွန်ကျိုးသူဖြစ်၏။ ဒေါ်ငွေမြိုင်သည် ဇာတ်စီးခေါင်းဆောင် မင်းသမီးကြီး ဘဝနှင့် သူ့ဇာတ်သူ ထောင်၍ ကယင်း မင်းသား မင်းသမီး အများဆုံး မွေးထုတ်ခဲ့သည်။ ယင်းတို့ အထဲတွင် အကျော်ဆုံးမှာ မင်းသား ရွှေမန်းတင်မောင်နှင့် မင်းသမီး ရတနာပုံ ခင်ကြည်တို့ ဖြစ်လေသည်။


ပဲခူးမယ်ကျော့ ဆိုသော မင်းသမီးကြီးသည်လည်း နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်၍ ဒေါ်ငွေမြိုင်ကဲ့သို့ သဘင် ဝါရင့်သူဖြစ်သည်။ ထို့အတူ လေဘာတီ ဒေါ်ခင်ညွန့်သည် လည်း သဘင်ဝါရင့်သည့် မင်းသမီးကြီးတစ်ဦး ဖြစ်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ကာလအတန်ကြာ ပါဝင်ကပြခဲ့ဘူး လေသည်။ ဇာတ်မင်းသမီး |ကောလိပ်စိန်၏ အမည်ရင်းမှာ မမြလွင် ဖြစ်သည်။ ဒေါ်ကောလိပ်စိန်သည် ဦးဘိုးစိန်နှင့် တွဲခဲ့သမျှသော မင်းသမီးများအနက် ဦးဘိုးစိန် အားအကိုးဆုံး လက်က သုံးတောင်ဝှေး မင်းသမီး ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ရှေးယခင်က ဘိုးစိန်-အောင်ဗလ၊ ဘိုးစိန်-ငွေစိန်ဟူ၍ အမည်များ ဒွန်တွဲ ကျော်ကြားခဲ့ပြီးနောက်တွင် ဦးဘိုးစိန်သည် မြောက်မြားစွာသော မင်းသမီးတို့နှင့် တွဲခဲ့သော်လည်း ဒေါ်ကောလိပ်စိန်နှင့်တွဲ၍ ကသော အခါတွင်မှ ဘိုးစိန်- ကောလိပ်စိန် ဟူ၍ အမည်များ ဒွန်တွဲကျော်ကြားခဲ့ပြန်လေ သည်။ ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အဆင်ပြေ၍ အသံဝါအသံကောင်း အပြောကောင်း အဆိုကောင်းဖြစ်သော ကြောင့် ကောလိပ်စိန်ကို ပရိသတ်တို့ အသဲစွဲကြိုက်ကြသည်။ အကတွင် ဦးဘိုးစိန်၏ ကဟန်များကို ထက်ကြပ်မကွာ လိုက်နိုင်သဖြင့် ၂၅ နှစ်အရွယ်တွင် ဦးဘိုးစိန် မျက်နှာ လွှဲနိုင်လောက်အောင် အရည်အချင်း ပြည့်လာသည်။ ဦးဘိုးစိန်အဖို့ ကောလိပ်စိန်မှာ မရှိမဖြစ်သော မင်းသမီးဘဝသို့ ရောက်လာသည်ဟု ဆိုလေသည်။ ထိုမှတစ်ပါး အထိုက်အလျောက် ထင်ပေါ်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ ပုဏ္ဏမ ဒေါ်ငွေစိန်၊ ဒေါ်ညွန့်ရီ၊ နေရှင်နယ် ဒေါ်ခင်ပု၊ ယုဝတီ ဒေါ်ခင်ညွန့်၊ ဒေါ်စိန်မေ၊ ဟံသာဝတီ ဒေါ်သန်းကြည်၊ ပလိုတီယာ ဒေါ်သိန်း၊ ဒဂုန် ခင်လှကြည်၊ ပဲခူးမြ၊ ဒေါ်ဗလပြန်၊ မြသန်းရင်၊ စိန်ဟန်တင်၊ အောင်သန်းတင်၊ စိန်လေဒီ၊ စိန်လှကြည်၊ ဥဩရွှေ၊ ခင်စန်းတင် စသူတို့ ဖြစ်လေသည်။


ကိုးကား

[1]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)

#𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_𝚆𝚒𝚔𝚒𝚖𝚎𝚍𝚒𝚊

Wednesday, May 28, 2025

သင် လိပ်ပြာလုံရဲ့လား??

 ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ (Poverty Porn) တွေကို ကြည့်ပြီး စိတ်အာသာဖြေရတာ သင် လိပ်ပြာလုံရဲ့လား??




အွန်လိုင်းမှာ လှည့်ကြည့်လိုက်တိုင်း "ကူညီကြပါဦး"၊ "စေတနာရှင်များ" ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ ပုံတွေ၊ ဗီဒီယိုတွေက အများကြီးပဲ။ ဆင်းရဲဒုက္ခရောက်နေတဲ့သူတစ်ယောက်ရဲ့ မျက်ရည်တွေကြားက အလှူရှင်ရဲ့ ပြုံးနေတဲ့မျက်နှာကို ပြထားတဲ့ မြင်ကွင်းတွေက ကျွန်တော်တို့ရဲ့ သနားစိတ်ကို အလွယ်ဆုံး လှုပ်နှိုးနိုင်တဲ့ နည်းလမ်းတစ်ခုလို ဖြစ်နေတယ်။ Like တစ်ချက်၊ Share တစ်ချက်က "ကုသိုလ်" ဖြစ်တယ်လို့ ထင်မှတ်နေချိန်မှာ ကင်မရာနောက်ကွယ်က လူသားတစ်ယောက်ရဲ့ တကယ့်ခံစားချက်၊ သူ့ရဲ့ ပဲ့ကြွေသွားတဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ တကယ်ရော အလေးအနက် စဉ်းစားမိရဲ့လား? ဒါမှမဟုတ် ကျွန်တော်တို့ဟာ "ကြည့်ကောင်းရုံ" စေတနာရဲ့ သားကောင်တွေများ ဖြစ်နေကြပြီလား?


 "ခင်ဗျား... တကယ်ရော ဘယ်လိုခံစားနေရလဲဟင်?"


ကင်မရာတစ်လုံးရှေ့မှာ အကူအညီတစ်ခု လက်ခံယူနေရတဲ့သူတစ်ယောက်ရဲ့ မျက်နှာကို အနီးကပ်ဆွဲပြီး "သူ ဘယ်လောက်သနားဖို့ကောင်းလဲ ကြည့်ပါဦး" လို့ ပြောနေကြတဲ့သူတွေ၊ ခင်ဗျားတို့ အဲဒီလူကို တစ်ခါလောက် "ခင်ဗျား အခု တကယ် ဘယ်လိုခံစားနေရလဲဟင်?" လို့ရော မေးကြည့်ခဲ့ဖူးလား?


🤫ဘာကြောင့် ဒီမေးခွန်းကို ဘယ်သူမှ ကျယ်ကျယ်လောင်လောင် မမေးရဲကြတာလဲ?


အဖြေက ရှင်းပါတယ်။ သူတို့ရဲ့ တကယ့်ခံစားချက်အမှန်က ခင်ဗျားတို့ ဖန်တီးထားတဲ့ "ကြည်နူးစရာ" အလှူဒါန ဇာတ်လမ်းကို ဖျက်ဆီးပစ်မှာ စိုးလို့မဟုတ်လား? သူတို့ရဲ့ အရှက်တရား၊ နာကျင်မှု၊ ကျေကွဲမှုတွေကို ဖော်ပြလိုက်ရင် ခင်ဗျားတို့ရဲ့ "စေတနာရှင်" ပုံရိပ်က အရောင်မှိန်သွားမှာ ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာမမျှတမှုရဲ့ မွန်းကျပ်တဲ့အမှန်တရားကို ဖော်ထုတ်မိသွားမှာ စိုးရိမ်လို့လား? အလှူခံရတဲ့သူတွေရဲ့ ခံစားချက်အမှန်ကို ချန်လှပ်ထားတာ၊ ဒါမှမဟုတ် ပုံဖော်ချယ်လှယ်တာဟာ ကြည့်ရှုသူများများရဖို့၊ Like နဲ့ Share အတွက် တမင်ရည်ရွယ်ထားတဲ့ Content ဖန်တီးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။


ကင်မရာနောက်ကွယ်က ဂုဏ်သိက္ခာနဲ့ ကိုယ့်တန်ဖိုးအပေါ် သက်ရောက်မှု


ကင်မရာမီးရောင်တွေ ပိတ်သွားတဲ့အခါ၊ အလှူရှင်တွေ ထွက်ခွာသွားတဲ့အခါ အဲဒီလူသားတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုမုန်တိုင်းတွေ ကျန်ခဲ့မလဲ?

ကိုယ့်ကိုယ်ကိုယ်လေးစားမှု ဘယ်မှာလဲ?


🔗 ဆုံးဖြတ်ပိုင်ခွင့်မဲ့ခြင်းနဲ့ ဘာမှမလုပ်နိုင်သလို ခံစားရခြင်း


 လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကိုယ့်ဘဝ၊ ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဒီလိုပုံဖော်မှုတွေက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုယူပြီး "ငါဟာ အကူအညီမပါဘဲ ဘာမှမလုပ်နိုင်တဲ့သူပါလား" ဆိုတဲ့ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်စေပါတယ်။


🏷️ ရင်ထဲမှာ စွဲကျန်ရစ်တဲ့ အရှက်တရား


လူအများက "အမြဲတမ်းအကူအညီလိုအပ်နေသူ"၊ "သနားစရာလူ" လို့ အဆက်မပြတ် တံဆိပ်ကပ်ခံရခြင်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ရှုမြင်ပုံကို ပြောင်းလဲစေပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ အဲဒီတံဆိပ်အတိုင်းပဲ ဖြစ်နေတယ်လို့ ယုံကြည်သွားတဲ့အထိ စိတ်ပိုင်းဆိုင်ရာအရ ပုံသွင်းခံလိုက်ရပါတယ်။


💔 ပစ္စည်းတစ်ခုလို သဘောထားခံရခြင်းနဲ့ လူသားမဆန်မှု:


 ဒါဟာ သူတို့ရဲ့ လူသားတစ်ယောက်အဖြစ် ပြီးပြည့်စုံမှု၊ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ၊ အိပ်မက်တွေကို ငြင်းပယ်ပြီး၊ ဖြေရှင်းရမယ့် "ပြဿနာ" တစ်ခု ဒါမှမဟုတ် ကြည့်ရှုခံစားဖို့သက်သက် "ပြပွဲ" တစ်ခုအဖြစ် လျှော့ချလိုက်လို့ပါပဲ။


ပြီးတော့ မှတ်ချက်များ ရေးသားတဲ့နေရာကနေ "အရမ်းစိတ်မကောင်းပါဘူး"၊ "သနားလိုက်တာ" ဆိုတဲ့ စကားလုံးတွေ။ ဟုတ်တယ်၊ သူတို့မှာလည်း စမတ်ဖုန်းတွေရှိတယ်၊ သူတို့လည်း အဲဒီ မှတ်ချက်တွေကို မြင်နိုင်တယ်။ အဲဒီအခါ သူတို့ ဘယ်လိုခံစားရမလဲ?


အနာဂတ်တစ်ခု လုယက်ခံရတဲ့ ကလေးသူငယ်တို့ရဲ့ တိတ်ဆိတ်သော ငိုရှိုက်သံ 


အဆိုးဆုံးကတော့ ကလေးတွေ။ သူတို့ရဲ့ မျက်နှာကို အကာအကွယ်မဲ့စွာ ဖော်ပြပြီး သူတို့ရဲ့ ဆင်းရဲမှုကို ကြော်ငြာနေတာ။ "ဒီကလေးလေး သနားဖို့ကောင်းလိုက်တာ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ အနာဂတ်ကိုရော ကျွန်တော်တို့ ထည့်စဉ်းစားမိရဲ့လား?


ကလေးတွေအတွက် ဘာကြောင့် ဒီလောက်ထိ ဆိုးရွားပြင်းထန်စွာ ထိခိုက်နစ်နာရတာလဲ?


🩹 ဖွံ့ဖြိုးဆဲအရွယ်မှာ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ


 ငယ်စဉ်ကတည်းက ကြုံတွေ့ရတဲ့ အရှက်တရား၊ အထင်အမြင်သေးမှု၊ အနှိမ်ခံရခြင်းတွေက ကလေးရဲ့ ရှုမြင်ပုံနဲ့ ယုံကြည်မှုတွေကို တစ်သက်တာ ပုံသွင်းပြောင်းလဲစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ သူတို့ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ့် နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေအဖြစ် ကျန်ရစ်စေနိုင်ပါတယ်။


🤐 ပိတ်မိနေပြီး အသံမဲ့ဖြစ်ရခြင်း


 ကလေးတွေမှာ သူတို့ရဲ့ စိတ်သောကကို ထုတ်ဖော်ပြောဖို့၊ "ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့" လို့ ငြင်းဆန်ဖို့ ဒါမှမဟုတ် အခြေအနေကနေ ရုန်းထွက်ဖို့ စွမ်းအားနဲ့ နည်းလမ်းတွေ မရှိဘူး။ သူတို့ဟာ လူကြီးတွေရဲ့ "စေတနာ" လို့ ခေါင်းစဉ်တပ်ထားတဲ့ ရွေးချယ်မှုတွေအောက်က တိတ်ဆိတ်စွာ နာကျင်ခံစားနေရတဲ့ သားကောင်တွေ ဖြစ်နေရပါတယ်။


🔄 ဆိုးကျိုးသံသရာကို လည်ပတ်စေခြင်း


 အနိုင်ကျင့်ခံရတာ၊ အရှက်တရားနဲ့ စိတ်ဒဏ်ရာတွေက သူတို့ရဲ့ ပညာရေးလမ်းကြောင်း၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်အလားအလာတွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ "အကူအညီ" လို့ခေါင်းစဉ်တပ်ထားတဲ့အရာက သူတို့ကို ဆင်းရဲမွဲတေမှု သံသရာထဲကနေ ဆွဲထုတ်ရမယ့်အစား၊ အဲဒီသံသရာထဲမှာပဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပိတ်မိနေစေနိုင်ပါတယ်။ ဆရာသမားတွေ၊ ရပ်ရွာလူကြီးတွေကရော ဒီပုံရိပ်တွေကြောင့် သူတို့ကို ဘယ်လိုအမြင်နဲ့ ဆက်ဆံမှာလဲ?


တရားခံတွေက ဖန်တီးသူများနှင့် မီဒီယာ Page များ ပါပဲ(Engagement ဆိုတာထက် ပိုတဲ့ ပြစ်မှုများ)


"ဒါတွေအားလုံးက Social Media မှာ Engagement ရဖို့ပါ" လို့ ဆင်ခြေပေးကြမှာလား? 


Engagement အရေးပါနိုင်ပေမဲ့ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပိုပြီး နက်ရှိုင်းပြီး စက်ဆုပ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး  Content အတွက် ဈေးကွက်ဖန်တီးခြင်း ဖြစ်ပါတယ်။


💰 ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခြင်းနဲ့ Social Media ပေါ်မှာ နာမည်ကြီးမှု ရရှိရေး ပန်းတိုင်ထား လုပ်ဆောင်ခြင်း


 ဒါဟာ ရိုးရိုး Engagement တက်ဖို့လောက် မဟုတ်တော့ပါဘူး။ ဒုက္ခရောက်နေတဲ့သူတွေရဲ့ အခြေအနေကို အသုံးချပြီး ကိုယ်တိုင်ငွေကြေးအကျိုးအမြတ် (ဥပမာ - ငွေကြေးဖန်တီးမှုစနစ်၊ ကုန်ပစ္စည်းကြော်ငြာ စာချုပ်များ) ရဖို့၊ အွန်လိုင်းမှာ ကိုယ့်ရဲ့နာမည်၊ Page၊ "စေတနာရှင်" ပုံရိပ်ကို တည်ဆောက်ဖို့အတွက် အကွက်ကျကျ တွက်ချက်ပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါပြီ။ သူတစ်ပါးရဲ့ မျက်ရည်ဟာ ခင်ဗျားတို့ရဲ့ Content အတွက် ကုန်ကြမ်းသက်သက် ဖြစ်နေတာလား?


🎭 "ဆင်းရဲမှု ရောင်းကုန်" သဖွယ် ပုံဖော်ခြင်းဖြင့် လူသားရဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားခြင်း:


 ဒီအချက်က ပိုပြင်းထန်ပါတယ်။ ဒီလိုပုံဖော်မှုတွေဟာ လူသားတွေရဲ့ ဒုက္ခ၊ အားနည်းချက်၊ အဆိုးဆုံးအချိန်တွေကို ကြည့်ရှုမှုတွေ၊ Like တွေအတွက် "ရောင်းကုန်" တစ်ခုလို ထုပ်ပိုးရောင်းချနေတာနဲ့ ဘာမှမခြားပါဘူး။ ဒါဟာ လူသားတစ်ယောက်ရဲ့ မွေးရာပါ ဂုဏ်သိက္ခာကို တန်ဖိုးမထားဘဲ၊ အရာဝတ္ထုတစ်ခုလို သဘောထားရာရောက်ပြီး ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ချိုးဖောက်မှု၊ လူသားဆန်မှုအပေါ် တိုက်ရိုက်စော်ကားမှုတစ်ခု ဖြစ်ပါတယ်။


📉 ရေရှည်ထိခိုက်စေနိုင်တဲ့ မှားယွင်းတဲ့ အမြင်တွေနဲ့ မှီခိုစိတ်ကို ပုံသွင်းပေးနေခြင်း


 ဒီလို Content တွေက လူတွေကို အမြဲတမ်း အကူအညီမဲ့တဲ့ အခြေအနေမှာပဲ ပုံဖော်ပြီး အပေါ်ယံကျတဲ့၊ လတ်တလော "ကယ်တင်မှု" တွေကိုပဲ အသားပေးတဲ့အတွက် ဆင်းရဲမွဲတေမှု၊ သူ့ရဲ့ အကြောင်းရင်းမှန်တွေနဲ့ တကယ့်ဖြေရှင်းနည်းတွေအပေါ်မှာ လူထုရဲ့အမြင်ကို မှားယွင်းစေပါတယ်။ ရေရှည်မှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ကို အားမပေးတော့ဘဲ (အကူအညီပေးခံရသူရော၊ ဆင်းရဲမွဲတေမှုကို လူ့အဖွဲ့အစည်းက ရှုမြင်ပုံရော) မှီခိုမှု သံသရာကိုပဲ အားပေးရာရောက်ပြီး၊ စစ်မှန်တဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို အာရုံမစိုက်တော့ဘဲ မျက်ကွယ်ပြုရာ ရောက်စေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာရှုမြင်ပုံနဲ့ ဖြေရှင်းပုံကို လမ်းလွဲစေတဲ့ လုပ်ရပ်ဖြစ်တယ်။


ဘာကြောင့် ကျွန်ုပ်တို့ ဆက်ကြည့်နေကြတာလဲ? ဆင်းရဲဒုက္ခကို အလွဲသုံးစားပြုကြည့်ရှုပြီး စိတ်အာသာဖြေနေတာလဲ??


ဒါက နောက်ထပ်အရေးကြီးတဲ့ မေးခွန်းဆီကို ဦးတည်သွားပါတယ်။ 

"ဆင်းရဲဒုက္ခကို အသားပေးပြသခြင်း" ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးကြမှာပါ။ ပိုပြီး တိုက်ရိုက်ပြောရရင် ဒါဟာ "ဆင်းရဲဒုက္ခကို အာရုံခံစားမှုသက်သက်အတွက် အလွဲသုံးစားပြုခြင်း" တစ်မျိုးပါပဲ။ 


ဘာကြောင့်လဲ?

 ဒီ ဆင်းရဲမှု ဗီဒီယိုတွေကို ကြည့်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုခုကို ယာယီ ဖြည့်ဆည်းနေတာ၊ တစ်နည်းအားဖြင့် "စိတ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည်အာသာဖြေမှု" ပြုလုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ တခြားတစ်ယောက်ရဲ့ ဆင်းရဲဒုက္ခမြင်ကွင်းကို အာရုံခံစားမှုတစ်ခုအနေနဲ့ အသုံးချပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားမှု လိုအပ်ချက်တစ်ခုကို ယာယီဖြစ်ဖြစ် ဖြည့်ဆည်းလိုက်တာမျိုးကို ဆိုလိုတာပါ။


ဒါက သင့်စိတ်အတွက် ဘာလုပ်ပေးနေသလဲ?


🏅 ကိုယ်ကျင့်တရားအရ ကိုယ့်ကိုယ်ကိုယ် ခဏတာ အဟုတ်ထင်သွားစေတယ်:


 ဒီလို "မှန်ကန်တဲ့" စိတ်ခံစားမှုတွေကို ခံစားလိုက်ရတဲ့အတွက်၊ ကြည့်ရှုသူဟာ ခက်ခဲပင်ပန်းတဲ့ တကယ့်အနစ်နာခံမှုမျိုး လုပ်စရာမလိုဘဲ၊ "ငါဟာ စာနာတတ်သူ၊ လူကောင်းတစ်ယောက်ပဲ" လို့ ကိုယ့်ကိုယ်ကိုယ် ခဏတာ အသိအမှတ်ပြုလိုက်သလို ဖြစ်သွားစေပါတယ်။ ဒါဟာ မြန်မြန်ဆန်ဆန်ရတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျေနပ်မှုအတုအယောင်တစ်ခုပါ။


🏃💨 အာရုံလွှဲပြောင်းမှု/ အခြားကိစ္စတွေကနေ ထွက်ပြေးမှု:


 အဝေးက ပြင်းထန်တဲ့ဒုက္ခတွေကို အာရုံစိုက်ခြင်းက ကိုယ်ရေးကိုယ်တာ ပူပန်မှုတွေ၊ ငြီးငွေ့မှုတွေကနေ ခဏတာ ထွက်ပြေးရာ ဖြစ်စေနိုင်ပါတယ်။


✨ "ပြဿနာကို ဖြေရှင်းပြီးသွားသလို" ထင်ယောင်ထင်မှားဖြစ်စေခြင်း:


 ဒီဗီဒီယိုတွေဟာ အလှူပေးလိုက်တဲ့အခန်းနဲ့ အဆုံးသတ်လေ့ရှိတော့ "ပြဿနာကို မြင်တယ်၊ (အပေါ်ယံကြည့်ရင်) ပြဿနာကို ဖြေရှင်းပြီးသွားပြီ" ဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ရလဒ်ကို (ကြည့်ရုံသက်သက်နဲ့) ရလိုက်သလို ဦးနှောက်ကနေ ခဏတာ ပျော်ရွှင်စေတဲ့ Dopamine ဟော်မုန်းကို ထွက်စေနိုင်ပါတယ်။


⚡ စိတ်ခံစားမှု ပြင်းထန်ခြင်းကကိုက လှုံ့ဆော်မှုတစ်ခုဖြစ်နေခြင်း


 ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဟာ (ထိန်းချုပ်ထားတဲ့ အခြေအနေအောက်မှာဆိုရင်) ဝမ်းနည်းမှု၊ ဒေါသထွက်မှုလို အနှုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေဖြစ်နေဦးတော့၊ ငြီးငွေ့မှုကို ချိုးဖျက်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ ဦးနှောက်က တစ်ခါတစ်ရံ ဒီလို လှုံ့ဆော်မှုကို တောင့်တတတ်ပါတယ်။


🛋️ ရိုးရှင်းလွယ်ကူပြီး အားထုတ်စရာမလိုခြင်း:


 ဒါဟာ တကယ့်လက်တွေ့ဘဝက ရှုပ်ထွေးမှုတွေ၊ တောင်းဆိုမှုတွေမပါဘဲ "လူမှုရေးကိစ္စကြီးတွေမှာ ငါလည်းပါဝင်နေတယ်" လို့ ခံစားရစေတဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ ရလိုက်တဲ့ "ကောင်းတယ်ဆိုတဲ့ခံစားချက်" က တန်ဖိုးနည်းလွန်းပါတယ်။


သံသရာထဲမှာ  ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ?


📢 Social Media Algorithm တွေရဲ့ ထပ်ဆင့်အားဖြည့်မှု:


 ဒီလို Content တွေကို သင်ကြည့်ရှု၊ တုံ့ပြန်လေ၊ Algorithm တွေက သင့်ဆီကို အလားတူ Content တွေ ပိုပိုပြီးပို့ပေးလေပါပဲ။ ဒါဟာ ဒီသံသရာကနေ ရုန်းထွက်ရခက်စေတဲ့ ပဲ့တင်သံဝန်းကျင် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

💡❓ "ငါသိနေတယ်/ငါဂရုစိုက်နေတယ်" ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှု:


 ဒီ Content တွေကို ဆက်တိုက်ကြည့်ရှုခြင်းက လူမှုရေးပြဿနာတွေကို သိရှိနားလည်၊ ဂရုစိုက်နေတယ်လို့ မှားယွင်းစွာ ခံစားစေကာ ကြည့်ရှုမှုအလေ့အထကို မှန်ကန်ကြောင်း အကြောင်းပြနေမိတတ်ပါတယ်။


စစ်မှန်သော ကရုဏာတရားနှင့် တာဝန်ယူမှုအတွက် တောင်းဆိုခြင်း


"စေတနာ" ဆိုတဲ့ စကားလုံးက လှပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးနောက်ကွယ်မှာ အသုံးချခံ ဂုဏ်သိက္ခာတွေ၊ နင်းခြေခံ အနာဂတ်တွေ၊ တိတ်ဆိတ်စွာ ကျေကွဲနေရတဲ့ နှလုံးသားတွေ ရှိနေရင် စေတနာအမှန် မဟုတ်တော့ပါဘူး။


ကျွန်ုပ်တို့ တောင်းဆိုချင်တာက ရိုးရှင်းပါတယ်။

🙏 အလှူခံတဲ့သူတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားကာကွယ်ပါ။ မျက်နှာ၊ ကိုယ်ရေးကိုယ်တာတွေကို Content အတွက် အလွယ်တကူ မသုံးပါနဲ့။ ကလေးသူငယ်တွေကို လုံးဝအသုံးမချပါနဲ့။


🛑 အပေါ်ယံ "ကယ်တင်ရှင်" ပုံရိပ်ဖမ်းတာတွေကို ရပ်တန်းက ရပ်ပါ။ တကယ်ကူညီချင်တယ်ဆိုရင် သူတို့ကို ရေရှည်ရပ်တည်နိုင်အောင်၊ ဘဝကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်နိုင်အောင် စွမ်းရည်မြှင့်တင်ပေးမယ့် နည်းလမ်းတွေကို ရှာဖွေပါ။


🤔 ကြည့်ရှုသူတွေအနေနဲ့လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။ မျက်ရည်ကို ရောင်းကုန်လုပ်ထားတဲ့ Content တွေကို အားမပေးပါနဲ့။ တကယ့်အကျိုးပြုလုပ်ငန်းတွေကို ထောက်ပံ့ပါ။ ကျွန်ုပ်တို့ရဲ့ ကြည့်ရှုမှုတွေက ဒီလိုအန္တရာယ်ရှိတဲ့ Content တွေကို ဆက်လက်ရှင်သန်ခွင့် မပေးသင့်တော့ပါဘူး။


လူသားတစ်ယောက်ရဲ့ ဒုက္ခကို အရင်းတည်ပြီး ကိုယ်ကျိုးရှာနေတဲ့၊ Social Media ပေါ်မှာ နာမည်ကြီးအောင်လုပ်နေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ကျွန်တော်တို့အားလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချဖို့ အချိန်တန်ပါပြီ။ စစ်မှန်သော ကရုဏာသည် သူတစ်ပါးဂုဏ်သိက္ခာကို နင်းခြေခြင်းမဟုတ်၊ လက်တွဲထူမတ်ခြင်းသာဖြစ်ကြောင်း မမေ့ကြပါစို့။


ရေးသားမျှဝေသူ - Kyaw Tum

Tuesday, May 27, 2025

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ?

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ? 




မြန်မာ့ပရဟိတဖောင်ဒေရှင်းများကို စာရင်းစစ်ဆေးမှု ချက်ချင်းလိုအပ်နေပြီ!

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပေးကမ်းစွန့်ကြဲမှု၊ အကူအညီပေးမှု (ဒါန) မှာ သိပ်ကို မွေ့လျော်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အလေ့အထကောင်းတစ်ခုပါ။ ကိုယ့်မှာရှိတာလေးကို ဖဲ့ပေးတာ၊ သူများဒုက္ခရောက်နေရင် မနေနိုင်မထိုင်နိုင် ကူညီတတ်ကြတာဟာ ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်တွေပါ။ ဒီလိုစေတနာတွေဟာ အင်မတန် တန်ဖိုးရှိပါတယ်။

ဒါပေမဲ့... ကျွန်တော်တို့ တစ်ခါတစ်လေ စဉ်းစားမိဖို့လိုတဲ့ အချက်လေးတွေ ရှိလာပါတယ်။ ဘာလဲဆိုတော့၊ ဒီလို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတဲ့ စေတနာတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာလိုတဲ့ လူတစ်စုက အသုံးချလာတဲ့အခါ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာပါပဲ။

ခင်ဗျားတို့ "Poverty Porn" ဆိုတဲ့ စကားလုံး ကြားဖူးကြမှာပေါ့။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ "ဆင်းရဲမွဲတေမှုကို အရင်းတည်ပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုလိုမျိုး စိတ်ခံစားချက်ကိုဆွဲဆောင်ပြီး အမြတ်ထုတ်ခြင်း" လို့ ဆိုရမလိုပါပဲ။ နည်းနည်းတော့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းပါ။ ဒါပေမဲ့ ဆိုလိုရင်းကတော့ ရှင်းပါတယ်။ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို သနားစဖွယ်ဖြစ်အောင် ပုံကြီးချဲ့ပြ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်၊ လူအများရဲ့ ကရုဏာသက်မှုကို အပြည့်အဝဆွဲဆောင်ပြီး အလှူငွေတွေကောက်ခံတယ်။ ပြီးတော့မှ အဲ့ဒီအလှူငွေတွေကို ကိုယ်ကျိုးအတွက်သုံးတာမျိုး၊ ဒါမှမဟုတ် အပြည့်အဝ ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲတာမျိုးပေါ့။ ဒါဟာ စေတနာကို ခုတုံးလုပ်တာနဲ့ အတူတူပါပဲ။

နောက်ထပ် ကျွန်တော်တို့ မေးရမယ့် မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ချွေးနည်းစာနဲ့ ရင်းပြီး လှူဒါန်းလိုက်တဲ့ အလှူငွေတွေဟာ တကယ်ပဲ လိုအပ်နေတဲ့သူတွေဆီကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရောက်ရဲ့လား ဆိုတာပါပဲ။ ဓာတ်ပုံတွေရိုက်၊ အလှူပေးပွဲတွေလုပ်ပြီးတဲ့အခါ၊ ကင်မရာမန်းတွေ၊ အလှူရှင်တွေ ပြန်သွားတဲ့အခါ အဲ့ဒီစေတနာတွေ၊ အလှူငွေတွေရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်သလဲ။ အလှူခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဒီငွေတွေကို ဘယ်လို စီမံခန့်ခွဲသလဲ။

ဒီနေရာမှာ အလှူငွေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အချက်သုံးချက်ကို ဆွေးနွေးချင်ပါတယ်။

✅ ၁။ ဝင်ငွေထွက်ငွေ တိကျစွာ မှတ်တမ်းတင်ခြင်း
ကျွန်တော်တို့ လှူလိုက်တဲ့ငွေတွေ ဘယ်ရောက်သွားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာကို လေးလေးစားစားနဲ့ စနစ်တကျ စီမံခန့်ခွဲမှု ရှိဖို့လိုပါတယ်။ စာရင်းကိုင်နည်းစနစ်တွေကတော့ အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုနည်းစနစ်ပဲသုံးသုံး၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အခြေခံကျတဲ့ မေးခွန်းသုံးခုကိုတော့ ရှင်းရှင်းလင်းလင်း ဖြေနိုင်ဖို့လိုပါတယ်။

👉 အကူအညီတကယ်လိုအပ်သူတွေဆီကို တိုက်ရိုက်ဘယ်လောက်ရောက်ရှိသလဲ? ဒီငွေပမာဏကို တိတိကျကျ မှတ်တမ်းတင်ထားရပါမယ်။ ဥပမာ - အလှူခံပုဂ္ဂိုလ် (သို့) အိမ်ထောင်စု တစ်ခုချင်းစီအတွက် တိုက်ရိုက်ပေးအပ်တဲ့ ငွေပမာဏ၊ ပစ္စည်းတန်ဖိုး စသဖြင့်ပေါ့။

👉 တခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ အထွေထွေကုန်ကျစရိတ်တွေအတွက် ဘယ်လောက်သုံးစွဲသလဲ? ဥပမာ - ဝန်ထမ်းလစာ၊ ရုံးခန်းငှားခ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ဆက်သွယ်ရေးစရိတ်၊ ဘဏ်ဝန်ဆောင်ခ စတာတွေပေါ့။ ဒါတွေကိုလည်း အတိအကျ၊ ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ရပါမယ်။ ဒါမှ အလှူငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းက အုပ်ချုပ်မှုစရိတ်ဖြစ်ပြီး ဘယ်လောက်က တကယ်အကူအညီပေးတဲ့နေရာကို ရောက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။

👉 အဓိကကတော့ အရာအားလုံးကို အသေးစိတ်ကျကျ မှတ်တမ်းတင်ထားဖို့ပါပဲ။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်သူ့ဆီက ငွေဘယ်လောက်ဝင်တယ်၊ ဘယ်အလှူရှင်က ဘယ်လောက်လှူတယ်၊ ဘယ်နေ့မှာ ဘယ်နေရာအတွက် ဘယ်ပစ္စည်းကို ဘယ်လောက်တန်ဖိုးနဲ့ဝယ်တယ်၊ ဘယ်သူ့ကို ဘယ်လောက်ပေးတယ် ဆိုတာကအစ ရှင်းရှင်းလင်းလင်း ပြန်စစ်လို့ရအောင် မှတ်တမ်းတင်ထားရပါမယ်။ အခုခေတ်မှာ KPay တို့လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ၊ တခြားဘဏ်တွေရဲ့ mobile banking တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်တော့ ဒီလိုမှတ်တမ်းတင်ရတာ အရင်ကထက် အများကြီးပိုလွယ်ကူလာပါတယ်။ ဘောက်ချာတစ်ခုချင်းစီ၊ ငွေလွှဲပြေစာတစ်ခုချင်းစီကို စနစ်တကျ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။

✅ ၂။ ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်ခံနိုင်မှု
အလှူငွေလက်ခံတဲ့ အဖွဲ့အစည်းတွေမှာ "ဒါရိုက်တာအဖွဲ့" ဆိုတာမျိုး ရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ကွပ်ကဲဖို့၊ အထူးသဖြင့် အလှူငွေတွေကို မှန်မှန်ကန်ကန် သုံးစွဲကြောင်း သေချာစေဖို့ တာဝန်ရှိပါတယ်။

👉 ဘယ်လိုလူတွေပါဝင်သင့်သလဲ? စာရင်းအင်းပညာကို ကျွမ်းကျင်နားလည်တဲ့သူတွေ (ဥပမာ - အသိအမှတ်ပြု စာရင်းကိုင်လုပ်ငန်းကြီးတွေက ပုဂ္ဂိုလ်တွေ၊ ဘဏ်လုပ်ငန်းအတွေ့အကြုံရှိသူတွေ) ပါဝင်သင့်ပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းမှာ ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး နာမည်ကောင်းရှိတဲ့၊ အများက လေးစားယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်သင့်ပါတယ်။

👉 ငွေကြေးထိန်းချုပ်မှုနှင့် စာရင်းစစ်ဆေးခွင့်။ အဖွဲ့အစည်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် တာဝန်ရှိသူတွေ (ဥပမာ - CEO၊ Founder၊ စီမံခန့်ခွဲမှုအဖွဲ့) က ငွေကို ကိုင်တွယ်သုံးစွဲခွင့် ရှိမှာဖြစ်ပေမယ့်၊ ဒါရိုက်တာအဖွဲ့မှာ အဖွဲ့အစည်းရဲ့ စာရင်းစာအုပ်အားလုံးကို အချိန်မရွေး တောင်းယူကြည့်ရှုခွင့်၊ စစ်ဆေးခွင့် အပြည့်အဝရှိရပါမယ်။

👉 ပြင်ပစာရင်းစစ်အဖွဲ့။ လိုအပ်လာရင် ဒါရိုက်တာအဖွဲ့ကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘက်မလိုက်တဲ့ "ပြင်ပစာရင်းစစ်အဖွဲ့" (Independent External Audit Team) ကို ခေါ်ယူပြီး အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ၊ စာရင်းအင်းတွေကို အသေးစိတ်စစ်ဆေးခိုင်းနိုင်တဲ့ အခွင့်အာဏာ ရှိရပါမယ်။ အဖွဲ့အစည်းရဲ့ အတွင်းစာရင်းကိုင်အဖွဲ့ (Internal Accounting Team) ဟာ ဒီပြင်ပစာရင်းစစ်အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အရေးကြီးဆုံးကတော့ ဒီပြင်ပစာရင်းစစ်အဖွဲ့ဟာ အဖွဲ့အစည်းရဲ့ CEO တို့၊ တည်ထောင်သူတို့ဆီကို တိုက်ရိုက်အစီရင်ခံရမှာမဟုတ်ဘဲ၊ ဒါရိုက်တာအဖွဲ့ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှ စာရင်းစစ်ဆေးမှုဟာ သမာသမတ်ကျပြီး ဘက်လိုက်မှုကင်းမှာ ဖြစ်ပါတယ်။ ဒီလို စာရင်းစစ်ဆေးမှုကို သုံးလတစ်ကြိမ်ဖြစ်ဖြစ်၊ ခြောက်လတစ်ကြိမ်ဖြစ်ဖြစ်၊ အနည်းဆုံးတော့ တစ်နှစ်တစ်ခါ ပုံမှန်ပြုလုပ်သင့်ပါတယ်။

✅ ၃။ အလှူရှင်ကြီးများသို့ ဘဏ္ဍာရေးရှင်းတမ်းများ ပြန်လည်တင်ပြခြင်း
ပွင့်လင်းမြင်သာမှုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကတော့ အလှူရှင်တွေကို သူတို့ရဲ့စေတနာငွေတွေ ဘယ်လိုအသုံးချခံရတယ်ဆိုတာ ပြန်လည်ရှင်းလင်းတင်ပြတာပါပဲ။

👉 ဘယ်သူတွေကို အဓိကထားတင်ပြမလဲ? "သုံးလတစ်ကြိမ် အတိုင်းအတာဖြစ်စေ၊ တစ်နှစ်တစ်ခါဖြစ်စေ လှူဒါန်းတဲ့သူတွေကို စာရင်းစာအုပ်တွေ ပြန်ပြရပါမယ်။" ဆိုပေမယ့် "လှူဒါန်းတဲ့သူတိုင်းကို ပြစရာမလိုပါဘူး။ Privacy ကိစ္စ၊ အများကိုချပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှိနိုင်ပါတယ်။ လူတိုင်းကိုလိုက်ပြနေရတာလည်း အလုပ်ရှုပ်ပါတယ်။" ဒါကြောင့် လက်တွေ့ကျတဲ့နည်းလမ်းကတော့ "ငွေအများဆုံးလှူတဲ့သူတွေ၊ ဥပမာ - လှူဒါန်းသူ စုစုပေါင်းရဲ့ ထိပ်တန်း ၁၀% သို့မဟုတ် သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုမိုလှူဒါန်းသူတွေကို အသေးစိတ် ဘဏ္ဍာရေးအစီရင်ခံစာတွေ တင်ပြသင့်ပါတယ်။"

👉 ဘာကြောင့်တင်ပြသင့်သလဲ? "နည်းနည်းပါးပါးပဲ တစ်ခါတစ်လေ လှူတဲ့သူတွေကိုတော့ အသေးစိတ်ပြနေစရာ မလိုလောက်ပါဘူး။" သူတို့အတွက်ကတော့ အဖွဲ့အစည်းရဲ့ ယေဘုယျ နှစ်ပတ်လည်အစီရင်ခံစာလိုမျိုးမှာ အကျဉ်းချုပ် ဖော်ပြပေးနိုင်ပါတယ်။ အဓိကကတော့ "ပိုက်ဆံလှူတဲ့သူတွေကို တကယ်ပဲ ဒီငွေက ဒီနေရာ၊ ဒီနေရာမှာ သုံးနေကြောင်း ပြရပါ့မယ်။" ဒါဟာ အလှူရှင်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရာရောက်သလို၊ နောက်ထပ်လှူဒါန်းမှုတွေအတွက်လည်း အားပေးရာရောက်ပါတယ်။

👉 အလှူရှင်တွေရဲ့ နားလည်နိုင်စွမ်း။ "ငွေအများကြီးလှူနိုင်တဲ့သူအများစုဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာရင်းအင်းနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရသူတွေ ဖြစ်နိုင်တာကြောင့် အခြေခံစာရင်းအင်း ဗဟုသုတ ရှိပြီးသားပါ။ နောက်ဆုံး သူတို့ကိုယ်တိုင် နားမလည်ရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်စာရင်းကိုင်တွေ၊ ဘဏ္ဍာရေးအတိုင်ပင်ခံတွေကို မေးမြန်းတိုင်ပင်လို့ ရပါတယ်။"

ဒါကြောင့် သူတို့ကို စာရင်းဇယားတွေ၊ ဘဏ္ဍာရေးအစီရင်ခံစာတွေ ပြရမှာ ဝန်မလေးသင့်ပါဘူး။ ဒီလိုပြခြင်းအားဖြင့် သူတို့အနေနဲ့ အလှူငွေတွေဟာ တကယ်လိုအပ်တဲ့သူတွေဆီကို ရောက်မရောက်၊ ဘယ်နေရာမှာ ဘယ်လိုအချိုးအစားနဲ့ သုံးစွဲနေတယ်ဆိုတာကို အလွယ်တကူ သုံးသပ်အကဲဖြတ်နိုင်မှာပါ။ ဒါဟာ စာရင်းအင်းပညာရဲ့ အခြေခံကျတဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပြီး လူတိုင်းသိမြင်နိုင်ခွင့်ရှိတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီအချက်တွေကို ဒီလောက်အထိ အရေးတကြီး ပြောနေရတာလဲ?

"ဒါကလူတွေရဲ့ ပိုက်ဆံတွေပါ။ ပိုက်ဆံရှာရတာ မလွယ်ပါဘူး။" ဟုတ်ပါတယ်။ "ပိုက်ဆံနည်းနည်းပဲရှာနိုင်တဲ့သူတွေက သူတို့ရဲ့ ကာယအင်အား၊ အချိန်တွေကို အများကြီး ပေးဆပ်ပြီးမှ ဒီငွေလေးကို စုဆောင်းလှူဒါန်းကြတာပါ။" "ပိုက်ဆံများများရှာနိုင်တဲ့သူတွေကလည်း သူတို့ရဲ့ ဉာဏအင်အား၊ ဦးနှောက်ကို အများကြီးသုံးရပါတယ်။ ဒီငွေကိုရဖို့ သူတို့လည်း တခြားသူတွေလိုပဲ ကာယအား၊ အချိန်အားတွေ မနည်းမနော ရင်းနှီးမြှုပ်နှံထားရတာပါ။"
လူတိုင်းလူတိုင်း လှူဒါန်းတဲ့အခါမှာ ဆုတောင်းမိကြတဲ့ ဆန္ဒနှစ်ခု အနည်းဆုံးရှိကြမှာပါ။

✅ "ငါလှူလိုက်တဲ့အလှူဟာ တကယ်လိုအပ်နေတဲ့သူတွေဆီကို ရောက်ပါစေ။"
✅ "အဲ့ဒီအလှူငွေကိုရပြီး သူတို့ရဲ့ အခက်အခဲတွေ တကယ်ပဲ ပြေလည်သွားပါစေ။"

ဒီစေတနာတွေ၊ ဒီဆန္ဒတွေ မှန်မှန်ကန်ကန် ပြည့်ဝဖို့အတွက် ကျွန်တော်တို့ လှူတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်လှူဒါန်းဖို့ လိုအပ်သလို၊ အလှူခံအဖွဲ့အစည်းတွေဘက်ကလည်း ဒီအချက်တွေကို အလေးထားလိုက်နာဖို့ အရေးကြီးပါတယ်။ ဒါမှ ကျွန်တော်တို့ မြန်မာ့ဒါနအစဉ်အလာဟာ ပိုပြီး သန့်စင်မြင့်မြတ်ပြီး၊ လှူတဲ့သူရော အလှူခံတဲ့သူရော နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာမှုအပြည့်နဲ့ ကုသိုလ်တရားတွေ တိုးပွားနေမှာ ဖြစ်ပါတယ် ခင်ဗျာ။
အားလုံးပဲ စေတနာမှန်ကန်စွာနဲ့ ဒါနပြုနိုင်ကြပါစေ။

အမြင်မျှဝေသူ - Kyaw Tun

Tuesday, May 13, 2025

ဘဏ္ဍာရေးဆိုင်ရာ အေအိုင်၏ အကျိုးကျေးဇူးများ

◼ ဘဏ္ဍာရေးဆိုင်ရာ အေအိုင်၏ အကျိုးကျေးဇူးများ



ယနေ့ ခေတ်မီအောင်မြင်နေသောဘဏ္ဍာရေးဆိုင်ရာ ဘဏ်လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ၏အခင်းအကျင်းတွင် Artificial Intelligence ကို အသုံးချခြင်းသည် ဂိမ်းပြောင်းလဲမှုတစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားပါသည်။ ကမ္ဘာကြီးသည် ယခင်သတင်းနှင့်နည်းပညာခေတ်မှသည် ဒစ်ဂျစ်တယ်အသွင်ပြောင်းလာသည်နှင့်အမျှ ဘဏ္ဍာရေးကဏ္ဍသည် စက်သင်ယူမှု အယ်လဂိုရီသမ်များ၊ ဘာသာစကားဖြင့် လုပ်ဆောင်ခြင်းနှင့် ကွန်ပျူတာအမြင်များ အပါအဝင် AI နည်းပညာများ၏ အလားအလာကို အသိအမှတ်ပြုအသုံးချလာပါသည်။


ဤတိုးတက်မှုများသည် လုပ်ငန်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်၊ Customer များ၏ အတွေ့အကြုံကိုမြှင့်တင်ပေးပြီး ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးတွင်သာမက ငွေပေးချေမှုတွင်လည်း အန္တရာယ်များကို လျော့ပါးသက်သာစေပါသည်။ ဤဆောင်းပါးတွင် ငွေကြေးဆိုင်ရာ AI နှင့် Machine Learning ၏ အဓိကအကျိုးကျေးဇူးများနှင့် လက်လီဘဏ်လုပ်ငန်းကို အထူးပြုတင်ပြမည်ဖြစ်ပါသည်။ 


ဘဏ်လုပ်ငန်းမှာ AI ကို ဘယ်လိုအသုံးပြုလဲ


ဘဏ်များသည် လုပ်ငန်းစဉ်အလိုအလျောက်လုပ်ဆောင်ခြင်း၊ ဒေတာအမျိုး အစားခွဲခြားခြင်းနှင့် လျှို့ဝှက်ထားသောပုံစံများကို ဖော်ထုတ်ခြင်းအတွက် ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုတွင် စက်သင်ယူမှု (MachineLearning)ကို ဆယ်စုနှစ်များစွာ ကြာကတည်းက အသုံးပြုခဲ့သည်။ ယနေ့ခေတ် AI ၏ တိုးတက်မှုနှင့်အတူ ယခုအခါဘဏ်များသည် လုပ်ငန်းဆောင်ရွက်မှုစွမ်းဆောင် ရည်ကို တိုးမြှင့်ရန်၊ လူသားအမှားများနှင့် အဂတိများကို လျှော့ချရန်၊ ဝန်ဆောင်မှုများကို စိတ်ကြိုက်ပြင်ဆင်ရန်၊ လိမ်လည်မှုများကို လျှော့ချရန်နှင့် ဆုံးဖြတ်ချက်ချခြင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရန်အတွက် AI ၏ကျယ်ပြန့်သော အက်ပလီ ကေးရှင်းများကို အသုံးပြုနေပြီဖြစ်ပါသည်။ 


ဘဏ်လုပ်ငန်းဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုတွင် AI ကို မည်သို့အသုံးပြုသနည်း


ဘဏ်လုပ်ငန်းများတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ AI ကို ပုံစံများနှင့် ကွဲလွဲချက်များကို ရှာဖွေခြင်းဖြင့်ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖော်ထုတ်ရန်အသုံးပြုပါသည်။ ၎င်းသည် အချက်အလက် အမြောက်အမြားကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ငွေကြေးအဖွဲ့အစည်းများ၏ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို စူးစမ်းရှာဖွေပြီးလျော့ပါးစေရန် ကူညီပေးပါသည်။ AI ၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုတွင် နောက်ထပ်အကျိုးကျေးဇူးမှာချေးငွေ၊ ဈေးကွက်နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာအန္တရာယ်များကို အကဲဖြတ်သည့်အခါ ဘဏ်တစ်ခု၏ အလုံးစုံစွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့် စွန့်စားအကဲဖြတ်မှုကိုအလိုအလျောက်လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။


ဘဏ်လုပ်ငန်းမှာဘယ် Generative AI ကို အသုံးအများဆုံးလဲ


မျိုးဆက်သစ်ဉာဏ်ရည်တု (Gen-erativeAI) သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် အထူးသဖြင့်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိရောက်မှု၊ စည်းမျဉ်းအခြေခံ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် Customer အတွေ့အကြုံများကို မြှင့်တင်ရာတွင် လက်တွေ့အသုံးချမှုများစွာ ရှိပါသည်။


ဘဏ်များသည် Customer များနှင့် ဆက်သွယ်မှုအတွက် ကျယ်ပြန့်သော ဘာသာစကားမော်ဒယ်များ (LLMs) ၏ စွမ်း ဆောင်နိုင်မှုများဖြင့် အချက်အလက်များကို အဆင်ပြေချောမွေ့စွာ ရယူထုတ်ပေးနိုင်ပြီဖြစ်ပါသည်။ ထို့ပြင်ဤမော်ဒယ်များသည်  ဖွဲ့စည်းပုံတည်ဆောက်မထားသည့် အချက်အလက်များအပါအဝင် အချက်အလက်အမြောက်အမြားမှ ပုံစံများနှင့်ဖွဲ့စည်းပုံများကို လေ့လာနိုင်ပါသည်။ Generative AI သည် အထူးသဖြင့်လိမ်လည်မှုရှာဖွေခြင်းနှင့် တားဆီးခြင်း၊ Chatbot များနှင့် Virtual Assistant၊ လိုက်နာမှုနှင့်စည်းမျဉ်းလိုက်နာမှုအစီရင်ခံခြင်း၊ ချေးငွေရယူခြင်းနှင့် ပေါင်နှံခြင်းခွင့်ပြုချက် အပါအဝင် စွန့်စားအကဲဖြတ်ခြင်းနှင့် ခရက်ဒစ်ရမှတ်များကဲ့သို့သော နယ်ပယ်များတွင် အထူးအရေးပါအရာရောက်ခဲ့ပါသည်။


လက်လီဘဏ်လုပ်ငန်း


လက်လီဘဏ်လုပ်ငန်း (Retail banking)သည် အများပြည်သူသို့ပေးသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖြစ်ပြီး ၎င်းတွင်အရစ်ကျချေးငွေများ၊ နေအိမ်ချေးငွေများ၊ Equity Credit Loan အပ်ငွေလက်ခံခြင်းနှင့် တစ်ဦးချင်း၏ Wholesale Banking or Corporation Banking စသည်တို့ပါဝင်ပါသည်။


ထို့ပြင် ဘဏ်လုပ်ငန်းများရှိငွေကြေးဆိုင်ရာ AI နှင့် Machine Learning များသည် ဘဏ္ဍာရေးဆိုင်ရာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များတွင် များစွာထောက်ပံ့မှုပေးပါသည်။ ၎င်း၏အဓိက အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ကုန်ကျစရိတ်နှင့် လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို လျှော့ချခြင်း


ဘဏ်နှင့်ဘဏ္ဍာရေးဆိုင်ရာ AI ၏ သိသာထင်ရှားသော အကျိုး ကျေးဇူးများထဲမှ တစ်ခုမှာလုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို လျှော့ချနိုင်မှုဖြစ်ပါသည်။ လက်လီဘဏ်လုပ်ငန်းတွင် အချိန်ကုန်ပြီး အမှားအယွင်းများတတ်သည့် လူသားကိုဗဟိုပြုသည့် လုပ်ငန်းစဉ်များစွာရှိသည်။ သက်ဆိုင်ရာနိုင်ငံအလိုက်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ထိန်းညှိဆောင်ရွက်ရသော ဘဏ်လုပ်ငန်းကဏ္ဍတွင် ဆိုးရွားသောအကျိုးဆက်များရှိလာနိုင်သောကြောင့် လူသားအမှားအယွင်းဖြစ်နိုင်ခြေကိုနည်းပါးအောင် လျှော့ချခြင်းသည် အရေးကြီးပါသည်။


ဉာဏ်ရည်ထက်မြက်သော အလိုအလျောက်စနစ်ဆိုင်ရာ ဉာဏ်ရည်တုကိရိယာများကို အသုံးချခြင်းဖြင့် လက်လီဘဏ်များသည် Customer အချက်အလက်များကို စာချုပ်များ၊ စာရွက်စာတမ်းပုံစံများနှင့် အခြားရင်းမြစ်များအတွင်းသို့ ထည့်သွင်းခြင်းကဲ့သို့သော သမားရိုးကျလုပ်ငန်းအများအပြားကို ဖယ်ရှားပစ်နိုင်သည်။ ထို့ပြင်လိမ်လည်မှုရှာဖွေခြင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) တို့ကို အလိုအလျောက်လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အဓိက စီးပွားရေးလုပ်ငန်းဆောင်တာများ၏ အရင်းအမြစ်များကို အာရုံစိုက်ခြင်းမှ လွတ်ကင်းစေပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်လိုက်လျောညီထွေဖြစ်ကြောင်း သေချာစေနိုင်ပါသည်။ 


စကားပြောဆိုနိုင်သော AI ဖြင့် Customer များ၏ အတွေ့အကြုံများကို ပိုမိုကောင်းမွန်စေခြင်း

လက်လီဘဏ်လုပ်ငန်း Customer များသည် လက်လီဘဏ်လုပ်ငန်းကဏ္ဍကို အကန့်အသတ်ဖြင့်အသုံးပြုခွင့်အပေါ် ဝေဖန်ကြပါသည်။ ထို့ပြင် သမားရိုးကျအလုပ်ချိန်များသည် စိန်ခေါ်မှုတစ်ခုဖြစ်နေလေ့ရှိပြီး ခေါ်ဆိုရေးစင်တာများသည် စောင့်ဆိုင်းရသည့်အချိန်ကြာမြင့်သဖြင့် ကျေနပ်ဖွယ်မရှိဖြစ်ရသည်ကို Customer များက အတွေ့အကြုံများအရပြောကြသည်။ ဤနေရာတွင် ဘဏ်များသည် ၎င်းတို့၏ Customer များနှင့် အပြန်အလှန်ဆက်ဆံပုံကို ပြောင်းလဲရန်အတွက် AI စွမ်းအားသုံး Chatbots နှင့် Virtual Assistantsup ပေါင်းစပ်ပါဝင်လာပါသည်။


ဘဏ်များတွင်ဘာသာစကားပြော AI ကိရိယာများကို ၂၄/၇ ရရှိနိုင်ပြီး ဖောက်သည်များ၏ မေးမြန်းချက်များကို ဖြေကြားခြင်းအပါအဝင် အရောင်းအဝယ်ပြုလုပ်ခြင်းအထိ ကွဲပြားခြားနားသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများသို့ချက်ချင်း ဝင်ရောက်ခွင့်ပေးပါသည်။ Chatbot များသည် အကြောင်းအရာကို နားလည်သဘောပေါက်ပြီး လိုအပ်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုကာစိတ်ကြိုက်တုံ့ပြန်မှုများကို ပေးဆောင်ပါသည်။ ၎င်းသည်ခေတ်မီ Customer များ၏ သစ္စာရှိမှုနှင့် စိတ်ကျေနပ်မှုရှိနေရန် လိုအပ်သည့် ကိုယ်ရေးကိုယ်တာထိတွေ့မှုများကို ဖန်တီးပေးပါသည်။ AI-Powered Assistant များသည် သက်ဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို Customer များထံ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် မှန်းဆနိုင်သော ခွဲခြမ်းစိတ်ဖြာမှုနှင့်စက်သင်ယူမှုတို့ကို အသုံးချနိုင်သောကြောင့် Chatbots များသည်အရောင်းမြှင့်တင်ခြင်းကို လွယ်ကူချောမွေ့ စေပါသည်။


လိမ်လည်မှု ရှာဖွေတွေ့ရှိခြင်းနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုကို မြှင့်တင်ခြင်း


လက်လီဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးကဏ္ဍသည် သတ်မှတ်ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်းများကိုလိုက်နာရမည်ဖြစ်ပြီး ချိုးဖောက်မှု အတွက် ထင်ရှားသောပြစ်ဒဏ်များရှိပါသည်။ AI စနစ်များသည် လူသားအေးဂျင့်များထက် သာလွန်သောလိမ်လည်လှည့်ဖြားသည့် လုပ်ဆောင်ချက်များကိုရှာဖွေပြီး ကာကွယ်တားဆီးနိုင်သောကြောင့် ဤနယ်ပယ်တွင် တန်ဖိုးမဖြတ်နိုင်ပါ။


AI အခြေခံလိမ်လည်မှု ထောက်လှမ်းခြင်းစနစ်များသည် အချက်အလက်အများအပြားကို ခွဲခြမ်းစိတ်ဖြာပြီး အဆင့်မြင့် အယ်လဂိုရီသမ်များ (Algorithms) ကို အသုံးပြုခြင်းဖြင့် သံသယဖြစ်ဖွယ် အပြုအမူများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပေးပါသည်။


ဤနည်းအားဖြင့် လက်လီဘဏ်များသည် ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို လျော့ပါးစေရန် ချက်ချင်းလုပ်ဆောင်နိုင်သည်။ ဤအပြုသဘောဆောင်သော ချဉ်းကပ်မှုသည် လုပ်ငန်းလည်ပတ်မှုတစ်ခုလုံး၏ လုံခြုံရေးကိုတိုးတက်စေပြီး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ဥပဒေဆိုင်ရာအကျိုးဆက်များအတွက် အလားအလာများကို လျော့နည်းစေပါသည်။


AI သည်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုနှင့်ပတ်သက်၍ ချဉ်းကပ်ပုံကိုလည်း ပြောင်းလဲလျက်ရှိပါသည်။ ဉာဏ်ရည်ထက်မြက်သော Virtual Assistant များကိုအသုံးပြုခြင်းဖြင့် ဘဏ်များသည် ငွေပေးငွေယူများကို စောင့်ကြည့်ခြင်း၊ Customer အပြုအမူများကို ခြေရာခံနိုင်ပြီး Customer များအားလိုအပ်သည့် ဝီရိယထားစောင့်ကြည့်သည့်အစီအမံများ (KYC)နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) လိုအပ်ချက် များကဲ့သို့သော စည်းမျဉ်းအမျိုးမျိုးကိုလိုက်နာရန် အလို အလျောက် စိစစ်စစ်ခြင်းနှင့်အချက်အလက်များ မှတ်တမ်းတင်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။


ချေးငွေနှင့် အကြွေးအတွက်ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချခြင်း


ချေးငွေနှင့်အကြွေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များသည် ခေတ်မမီတော့သော အချက်အလက်များနှင့် မှားယွင်းသော အမျိုးအစားခွဲခြားမှုများအပေါ် အခြေခံထားပါသည်။ သို့သော် AI-Based စနစ်များသည် အသိပေးပြီးတိကျသောချေးငွေ ဆုံးဖြတ်ချက်များချရန်အတွက် ကွဲပြားသောအချက်အလက်ရင်းမြစ်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ခရက်ဒစ်ရမှတ်များနှင့် အရောင်းအဝယ်မှတ်တမ်းများထက် ကျော်လွန်ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် AI-Based စနစ်များသည် တစ်ဦးချင်းနှင့်လုပ်ငန်းများ၏ ခရက်ဒစ် တန်ဖိုးကို ပိုမိုကောင်းမွန်စွာအကဲဖြတ်နိုင်ပါသည်။ ၎င်းသည် ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များ၏ အလုံးစုံအရည်အသွေးကို မြှင့်တင်ပေးပြီး ဘဏ်အဝန်းအဝိုင်းရှိလူအများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးချဲ့ဝင်ရောက်စေနိုင်ပါသည်။


သို့သော်လည်း ချေးငွေနှင့်အကြွေးဆုံးဖြတ်ချက်ချရာတွင် AI ကိုအသုံးပြုခြင်းသည် စိန်ခေါ်မှုများဖြစ်သည်။ လက်လီဘဏ်များသည် ဒေတာနှင့်အယ်လဂိုရီသမ်များကို လေ့ကျင့်ရေးတွင် ဖြစ်နိုင်ခြေရှိသော ဘက်လိုက်မှုများကို သတိထားသင့်ပြီး တရားမျှတသော ချေးငွေအလေ့အထများကိုသေချာစေရန် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။


ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်၏ အလိုအလျောက်စနစ်


AI သည် လက်လီဘဏ်များအတွက် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို ချောမွေ့စေပြီး ပိုမိုကောင်းမွန်လာစေရန် အလားအလာ ရှိပါသည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများစွာ သည် အသုံးချမရသေးသော ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို ရှာဖွေရန် AI အခြေခံစနစ်များကိုအသုံးချနေကြသည်။ ၎င်းတို့သည် အယ်ဂိုရီသမ်ကုန်သွယ်မှုဗျူဟာများကို အသိပေးရန်နှင့် Robo-Advisors များမှတစ်ဆင့် ၎င်းတို့၏ Customer များအား စိတ်ကြိုက်ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်များ ပေးဆောင်ရန် AI ကို အသုံးပြုပါသည်။


စက်သင်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှုဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၏ စွမ်းအားကြောင့် AI အခြေခံရင်းနှီးမြှုပ်နှံမှု ကိရိယာများသည် လူသားသုံးသပ်သူများ လွဲချော်နိုင်သည့်ပုံစံများ၊ ခေတ်ရေစီးကြောင်းများနှင့် ထိုးထွင်းသိမြင်မှုများကို ဖော်ထုတ်နိုင်ပါ သည်။ ယေဘုယျအားဖြင့် ၎င်းတို့သည်ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့်၎င်းတို့၏ဖောက်သည်များအား ပိုမိုသိရှိနားလည်ပြီး အကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် ကူညီပေးပါသည်။


သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှုတွင် AI ကို အသုံးပြုခြင်းသည် အသွားနှစ်ဖက်ပါ ဓားသွားနှင့်တူသောကြောင့် ၎င်း၏ အန္တရာယ်များ မကင်းပါ။ ဘဏ္ဍာရေးအဖွဲ့အစည်းများသည်၎င်းတို့ ၏ AI မော်ဒယ်များ၏ ပွင့်လင်းမြင်သာမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဤသည်မှာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်များအတွက် ရှင်းလင်းပြတ်သားသော ရှင်းလင်းချက်များကို ပေးနိုင်ကြောင်း သေချာစေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ၎င်းတို့၏ AI မော်ဒယ်များ၏ ပွင့်လင်း မြင်သာမှုကို ထည့်သွင်းစဉ်းစားသင့်ပါသည်။


အချုပ်အားဖြင့် ဘဏ်လုပ်ငန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ AI ၏ အကျိုးကျေးဇူးများကို မျက်ကွယ်ပြု၍ မရသည့်အပြင် ၎င်းကို တွင်တွင် ကျယ်ကျယ်အသုံးချလာသည်နှင့်အမျှ ဘဏ်နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ၎င်းနှင့်ဆက်စပ်နေသော ဆုံးရှုံးနိုင်ခြေအန္တရာယ်များနှင့် စိန်ခေါ်မှုများကို သတိထားရမည်ဖြစ်ပါသည်။




Ref: -5 Benefits of AI in Retail Banking and Finance | Scalefocus.


ရေးသူ - စိန်ထွန်းဦး(ငွေကြေး)

Thursday, May 8, 2025

❝ အေးငြိမ်းသီတာ ❞

 ❝  အေးငြိမ်းသီတာ ❞ 




     အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်သူ ဦးတင်မောင်ကြည်နဲ့ ရင်းနှီးခဲ့ကြတာ ၁ဝ နှစ်ကျော်ပါပြီ။ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ညီနဲ့ပတ်သက်ပြီး သူတို့မိသားစုနဲ့ ခင်မင်သွားခဲ့တာ။ မုံရွာမြို့ကိုရောက်တဲ့အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ကျွန်တော်သွား လည်လေ့ရှိတယ်။


     ယခုတစ်ခေါက် မုံရွာကိုရောက်လို့ အေးငြိမ်းသီတာ စက်ရုံကို သွားလည်တော့ အလွန်သိသိသာသာတိုးတက် ပြောင်းလဲနေတာကိုတွေ့ရတယ်။ စက်ရုံအတွင်းထဲ အထိ ဝင်ကြည့်တဲ့အခါ သိပ္ပံရုပ်ရှင်ကားတွေထဲက ဓာတ်ခွဲခန်း တွေမြင်ရသလိုပဲ။


      စက်ရုံအတွင်းမဝင်မီ အဝတ်အစားလဲလှယ်ခန်းမှာ ဆရာဝန်တွေဝတ်တဲ့ ဂျူတီကုတ်လို အပေါ် အင်္ကျီကို ဝတ်ရတယ်။ နှာခေါင်းစည်း တပ်၊ ဆံပင်ကို ဦးထုပ်နဲ့ သိမ်းပြီးဆောင်းရတယ်။ ပြီးတော့ ပြင်ပမှာစီးလာတဲ့ ဖိနပ်ကို စက်ရုံတွင်းစီးဖိနပ်နဲ့ လဲလှယ်ပြီးစီးရတယ်။ ပုံစံ က ခွဲစိတ်ခန်းဝင်မယ့် ဆရာဝန်လိုလို။ စက်ရုံအဝင်ပေါက်ဝမှာ အခန်းလေးတစ်ခန်းထဲဝင်ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကပ်ငြိပါလာတဲ့ ဖုန်အမှုန်အမွှားတွေကို လေနဲ့ မှုတ်၊ စုပ်တယ်။ လေချိုးသန့်စင်ပြီးမှ စက်ရုံတွင်း ဝင်ရတယ်။ ဆေးဝါးစပ်ပုံ၊ ကြိတ်ပုံ၊ ရောနှောမွှေပုံ၊ ဆေးတောင့်၊ ဆေးပြားလုပ်ပုံတွေကလည်း ခေတ်မီစက်တွေနဲ့ဖြစ်နေတယ်။ စက်တွေ၊ အခန်းခန်း အဆောင်ဆောင်တွေက စတီးရောင်၊မှန်ရောင်တွေနဲ့ ဝင်းလက်နေ ပါတယ်။


      တိုင်းရင်းဆေးဝါးဆိုရင် သံဆုံကြီးတွေနဲ့ထောင်းပြီး ရောင်းတဲ့ လျှက်ဆားလောက်သာ တွေ့မြင်ဖူးသူဆိုရင် တော့ အေးငြိမ်းသီတာဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ရောက်သွားရင် ကိုယ့်မျက်စိကို ကိုယ် ယုံမှာတောင် မဟုတ်ဘူး။ စက်ရုံတွင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဧည့်ခံဆောင်မှာ အတူတူထိုင်ပြီး ဆရာဦးတင်မောင်ကြည် ကြိုးပမ်းလျှောက်လှမ်းလာခဲ့ရတဲ့ ဘဝလမ်း ကြောင်းကို ပြန်ပြောင်းကြည့်ဖြစ်ကြတယ်။ ဆရာနဲ့ အတူ ဆရာကတော်ဒေါ်လှနှင်းလည်း ရှိနေတယ်။


“ မိဘတွေက တောင်သူတွေ…ကျွန်တော့်မွေးတဲ့အချိန် စစ်ကြီးပြီးစဆိုတော့ ရွာမှာဓားပြတွေတိုက်တယ်…ဒါကြောင့်မိဘတွေက မုံရွာပြောင်းလာပြီး ပွဲရုံဖွင့်တယ်…ကျွန်တော်ငယ်ငယ်က ရွာမှာကျောင်းမနေခဲ့ရဘူး…အသက်တော်တော်ကြီးမှ ကျောင်းနေရတာ…၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်တယ်…ငယ်ငယ်က ရည်မှန်း ချက်က ဆရာဝန်လုပ်ဖို့…ဆယ်တန်းအောင်တော့ ရန်ကုန်သွားပြီး တက္ကသိုလ်တက်တယ် ”


“ ဘာကြောင့် ဆရာဝန် ဖြစ်ချင်တာလဲ…ကိုယ့်ပတ်ဝန်း ကျင်မှာ…အားကျစရာရှိလို့လား ”


“ အဲဒီတုန်းကလဲ ခုခေတ်လိုပါပဲ…ဆရာဝန်လိုင်းက အကောင်းဆုံးအနေအထားမို့ပါ ”


“ ဘာကြောင့် …ဆရာဝန်မဖြစ်တာလဲ ”


“ ၁၉၅၇ခုနှစ်မှာ မုံရွာကို မီးကြီးလောင်တယ်…ကျွန်တော့်အဖေတို့ရဲ့ကုန်တွေရော ဂိုဒေါင်တွေရော ဆုံးရှုံးတာ…ဒါနဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ပြန်ခဲ့တာ…အဲဒီ အချိန်မှာ ဒေါ်လှနှင်းနဲ့ အိမ်ထောင်ကျနေပြီ ”


"အိမ်ထောင်ကျတာ …ဘယ်နှခုနှစ်မှာလဲ"


    မေးတော့ ဦးတင်မောင်ကြည်က ပြန်စဉ်းစားတယ်။ နောက်တော့ အကူအညီတောင်းတဲ့သဘောနဲ့ နံဘေးမှာ ထိုင်နေတဲ့သူ့ဇနီးရဲ့မျက်နှာကို လှမ်းကြည့်ပါတယ်။ ကျွန်တော် က......


"ဒါမျိုး မေ့လို့မဖြစ်ဖူးနော်…အန္တရာယ်များတယ်"


လို့ ပြောတော့ ဆရာက ရယ်တယ်။ ပြီးမှ..... 


"နေဦး… ခုနှစ်နဲ့ …မမှတ်မိဘူး"


လို့ ဆိုတယ်။ ဆရာကတော် ဒေါ်လှနှင်းက......


"၁၉၅၄ ခုနှစ်မှာ အိမ်ထောင်ကျတာ…သူ ဆယ်တန်း အောင်တော့ ကျတာပဲ…သူနဲ့ကျွန်မက ဆွေမျိုးတော်တယ်…ကျွန်မက ဖြူးသူ"


ဆိုပြီး ပြောပါတယ်။ 


“ မုံရွာသားက ဒါလောက်ဝေးတဲ့ ဖြူးသူနဲ့ …ဘယ်လို ဖူးစာကြောင့် အိမ်ထောင်ကျတာလဲ ”


“ ဒေါ်လှနှင်းရဲ့ အဖေကလဲ ကျွန်တော့်ဇာတိ မင်းရွာသား ပဲ…ဦးပုရှိန် တဲ့… ဒီဘက်မှာ မိုးတွေခေါင်တော့ ဒီကလူတွေ အုပ်စုလိုက် အောက်ပိုင်းသွားအလုပ် လုပ်ကြတာ…ကျွန်တော့်အဖေ သူတို့ဆီသွားရင်းတွေ့လို့ ပေးစားတာ ”


"ရန်ကုန်ကို တက္ကသိုလ်သွားတက်ခါနီး သားကိုစိတ်မချ လို့ အဖေက မိန်းမရှာပြီး ပေးစားလိုက်တာထင်ပါတယ်"


      လို့ ကျွန်တော်ကပြောတော့ သူတို့လင်မယား ဟက် ဟက်ပက်ပက်ရယ်ကြပါတယ်။


“ အိမ်ထောင်ကျတော့ ဒေါ်လှနှင်းက မုံရွာလိုက်လာပြီး ကျွန်တော့်အဖေပွဲရုံမှာ ပွဲရုံစာရေးအဖြစ်လုပ်တယ်… ကျွန်တော်က ဆေးဘက်မှာဝါသနာပါတော့ ကျန်းမာ ရေးမှူးသင်တန်းတက်ချင်စိတ်ဖြစ်ပြီး ဝင်ဖြေလိုက်တော့ ပါသွားရော…၁၉၆၁ခုနှစ်မှာ ကျန်းမာရေးမှူးသင်တန်း တက်ပြီး ၁၉၆၂ခုနှစ် ဒီဇင်ဘာမှာ ပြီးတယ် ”


“ ဆေးပညာနဲ့ ဝါသနာ …ပြောပါဦး ”


“အချို့ကကျွန်တော့်ကိုမေးကြတယ်…မိဘက ကုန်သည် ပွဲစား…ဘယ်လိုက ဘယ်လို တိုင်းရင်းဆေးဝါး ထုတ် လုပ်သူဖြစ်လာသလဲပေါ့…gene (မျိုးစေ့ဗီဇ) ခေါ်မှာလား…ကျွန်တော့်အဘွားက သူ့ခေတ်နဲ့သူတော့ ဒေါ်မယ်မွှေးဆိုပြီး မင်းရွာမှာ တိုင်းရင်းဆေးဆရာမကြီး…သူ့ ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့်ကိုပေးတယ်ပေါ့”


“ ကျန်းမာရေးမှူးသင်တန်းပြီးသွားတော့ ဘယ်ဒေသတွေ မှာ တာဝန်ထမ်းဆောင်ရသလဲ ”


“ ပထမရောက်တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန…အဲဒီကနေ ဂုံညင်းဆိပ်မှာ အာရ်အိတ်ချ်စီအသစ်ဖွင့်တော့… သွားရတယ် ”


“ အာရ်အိတ်ချ်စီ ဆိုတာ …ဘာလဲ ”


“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာန ပါ…ဂုံညင်းဆိပ်ကနေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ချ်စီကို ၁၉၆၈ခုနှစ်မှာ ပြောင်းရတယ်… အဲဒီ နောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန…အဲဒီကနေ အဆုတ်ရောဂါကုဌာန မိုးမိတ်ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ်"


     ကျွန်တော်တို့ စကားကောင်းနေတာ နေ့လယ် ၁၂း ဝဝ ထိုးသွားပြီ။ အဲသည်အချိန်မှာ လျှပ်စစ် မီးပြတ်သွားတယ်။ စက်ရုံက လည်ပတ်နေရတာ။ ကျွန်တော်တို့ လည်း လျှပ်စစ်မီးရောင်အောက်မှာ စကားပြောနေတာ ဖြစ်လို့ ဦးတင်မောင်ကြည်က......


"စက်မောင်းကွာ"


     လို့ ပြော လိုက်တယ်။ စက် မမောင်းရသေး ခင် မှာပဲ လျှပ်စစ်မီးကပြန်လာတော့ ဦးတင်မောင်ကြည်က....


"ကျားသားမိုးကြိုးပဲ…လန့်သွားတာပဲဗျာ"


      လို့ ပြောပြီး ရယ်တယ်။ ပြီးတော့ ပြောလက်စ သူ့ စကား ကို ဆက် ပြောပါတယ်။


“ မိုးကုတ်နဲ့နီးတော့ မိုးမိတ်က အစစအရာရာဈေးကြီးတယ်…ကျွန်တော်ရတဲ့ ဝန်ထမ်းလခနဲ့ ကလေးတွေ ကျောင်းပို့ဖို့ မလောက်ငတော့ဘူး…ဒါနဲ့ မိုးမိတ်ဈေး အဝင်ဝမှာ ဆိုင်ကလေးဆောက်ပြီး နှင်းဝတ်ရည် အထည် ဆိုင်ဆိုတဲ့နာမည်နဲ့ အမျိုးသမီးက အထည်ဆိုင် ထွက်တယ်…ဝင်း စာပေ ဆိုပြီး စာအုပ်အငှားဆိုင်လေး လဲဖွင့်တယ်…၁၉၇၇ ခုနှစ်ကျတော့ ပင်စင်ယူလိုက်တယ်”


“ ကျွန်တော့်သားအကြီး ကိုမြင့်ဇော်က မန္တလေးမှာ ကျောင်းနေတာ…အမှတ်(၉) အထကမှာ…သမီးအကြီးက အမှတ်(၈)ကျောင်းမှာ နေရတယ်…ဆိုလိုတာက မိုးမိတ်မှာ ပေနေလို့ရှိရင် ကလေးတွေ ပညာရေး အခက် အခဲရှိမယ်…စီးပွါးရေးကလဲ နောက်ကျတယ်ဆိုပါတော့…အချိန်ရှိတုန်း အပြင်ထွက်ပြီး အလုပ်လုပ်ကြမယ်လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပင်စင်ယူလိုက်တာ ”


“ ပင်စင်ယူပြီး… မုံရွာပြန်လာခဲ့တာလား ”


“ မုံရွာ ပြန်လာခဲ့တာ…မိုးမိတ်ကပင်စင်ယူပြီးလာခဲ့တဲ့ ၁၉၇၇ ခုနှစ်က ၁၉၈ဝပြည့်နှစ်လောက်အထိ တော်တော် ရုန်းကန်ခဲ့ရတာ…လေဘေးအထည်တွေလဲ ရောင်းခဲ့ရတယ်…မန္တလေးက အထည်တွေဝယ်ပြီး မုံရွာဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ်…စာအုပ်အငှားဆိုင်… ဗွီဒီယိုဆိုင် တွေလဲဖွင့်တယ်…မင်းရွာကဆွေမျိုးတွေနဲ့ အစုစပ်ကြာဆံစက်ထောင်တယ်… အဆင်မပြေဘူး ”


      ဆရာဦးတင်မောင်ကြည်က ပြောလက်စ စကား ကို ခဏနားပြီး သူ့အတွေးနဲ့သူ ရယ်တယ်။ ပြီးမှ စကားကို ဆက်ပြောတယ်။


“ ခွေးရူးအကိုက်ခံရမယ့်အကောင် ယောင် (သျှောင်) ကလေးနဲ့ ဆိုသလိုပဲ…ဒါ (အေးငြိမ်းသီတာ) ဖြစ်ချင်လို့နေ မှာ…ကြာဆံစက်က အဆင် မပြေတော့ အဲဒီအလုပ်ကို ဇောက်ချလုပ်လို့က မရ ၊ သူများလုပ်သလို ကူးသန်းရောင်းဝယ်တာ လိုက် လုပ်ကြည့်တယ်…ပိုဆိုးတော့ ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူးဆိုပြီး ၁၉၇၉ ခုနှစ်လောက်မှာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ဖို့ စိတ်ကူးတယ် ”


    ဦးတင်မောင်ကြည်က ပြောလက်စ စကားကိုရပ်ပြီး တည်ခင်းထားတဲ့ အကြော်နဲ့ရေနွေးကြမ်းကို စားဖို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းကို ခဏ ရပ်ပြီး ရေနွေးကြမ်းသောက်ကြတယ်။


“ တိုင်းရင်းဆေးသိပ္ပံက ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်းနဲ့ ဆရာကြီးကျော်တို့က နယ်တွေဆင်းပြီး တိုင်းရင်းဆေးပညာသင်တန်းတွေ ဖွင့်ကြတယ်…သင်တန်းတက်ပြီး စာမေးပွဲဝင်ဖြေတော့ ဒ-ဘ-န -ဝ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာစာမေးပွဲ အောင်တယ်… ကျွန်တော်တို့က လုပ်ငန်းလုပ်တဲ့နေရာမှာ ပညာနှစ်ရပ်နဲ့ လုပ်တော့ ပိုပြီးအဆင်ပြေတယ်…တစ်ဖက်က အနောက်တိုင်းဆေးပညာ…တစ်ဖက်က တိုင်းရင်းဆေးပညာ ”


“ ပထမဆုံးထုတ်လုပ်တဲ့ ဆေးက …ဘာဆေးလဲ ”


“ ပထမ အနောက်တိုင်းဆေးပညာအစွဲနဲ့ အာယုဗလ သွေးညှိသွေးဆေးဆိုပြီး စ,ထုတ်တယ်…အမှတ်တံဆိပ် က ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်လည်သွားလာပုံကို ဒီဇိုင်းလုပ်ပြီး ထုတ်တယ်…ဒါထုတ်တော့ များများ မထုတ်ရသေးဘူး…ဟိုပင်မှာ အာယုဗလဆိုတာ ထုတ်တာ နဲ့တိုက်နေတော့ သွားရော…နာမည်ချင်းတူနေတာ ကိုယ် ကအရင်သိတယ်…ကိုယ်က အရင်ရှောင်လိုက်တယ် ”


“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာပုံကော ”


“ ဗေဒင်ယတြာကိန်းခန်းနဲ့ မတွက်ချက်လို့ ယခုလိုဖြစ်ရတာလားဆိုပြီး လယ်တီ စိတ္တသုခကျောင်း ဆရာတော် ဦးမဏ္ဍလကို အကျိုးအကြောင်းလျှောက်တော့ အမှတ်တံဆိပ်ရဲ့သင်္ကေတကို နေရဲ့အသွင်သဏ္ဍာန်ပါရမယ်ဆိုလို့ ဥဒေါင်းမင်း…အမည်ကို တနင်္ဂနွေနံစ,ပြီး စနေနံဆုံးရမယ်ဆိုလို့ အေးငြိမ်းသီတာဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ ယူလိုက်တယ်…စစချင်းလုပ်ငန်းမတည် ရင်းနှီးငွေက နှစ်ထောင့်ငါးရာ (ကျပ်၂၅၀ဝ) နဲ့ စ,ခဲ့တာ…ဆေးလုပ်ငန်းထဲက ရတဲ့ငွေ ဆေးလုပ်ငန်းထဲပြန် ရင်းတာ…အိမ်စရိတ်ကို အမျိုးသမီးရဲ့အထည်ဆိုင်…သားသမီးတွေရဲ့ စာအုပ်ဆိုင်၊ ဗီဒီယိုဆိုင်က သုံးတယ် ”


ဆရာကတော် ဒေါ်လှနှင်း က.....


"ကျွန်မက အသန့်အရှင်းကြိုက်တယ် ....သူက သစ်ဖုတွေယူလာ…မနက်အစောကြီးထပြီး သံဆုံနဲ့ တဒုန်းဒုန်းထောင်း…ဆန်ခါနဲ့အမှုန်ချ…အစတော့ ဒီ ဆေးတွေကနံလို့ ကျွန်မက ဗျစ်တောက် ဗျစ်တောက်…နောက်ပိုင်းကျတော့ ကျွန်မပါ ဝင်ပါရတယ်"


     လို့ ပြောတယ်။ ဆရာကတော်ပြောတဲ့အချိန်မှာ ဆရာက တဟဲဟဲ ရယ်နေတယ်။ 


"သစ်ရွက်တွေရော…ဘာတွေရော အိမ်မှာ ရှုပ်ယှက်ခပ်နေတာပဲ…နောက်တော့ ကိုယ်ပါဆေးလုံးဝင်လုံးရတယ်…စ,ခါစက အပြားရိုက်စက် မဝယ်နိုင်သေးဘူး" 


လို့ ဒေါ်လှနှင်းက ဆက်ပြောတယ်။


“ ၁၉၉၅ ခုနှစ်မှာ ဆေးအပြားရိုက်စက်လေး ဝယ်တယ် …တစ်ခါရိုက်မှ တစ်ပြားပဲထွက်တာ…ဂျောက်ခနဲရိုက် …ဒေါက်ခနဲ ဆေးပြားလေးတစ်ပြားထွက်တယ်… ကျွန်တော်က မနက် ၂ ချက်…၃ နာရီထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြားရိုက်တာ…ကျွန်တော့်မိတ်ဆွေ တွေက ပြောလေ့ပြောထရှိတယ်…တစ်ဂျောက် တစ်ကျပ် ရတာတဲ့…တစ်ကျပ်ဆိုတာ တော်တော်သုံးလို့ရတဲ့ အခြေအနေ ”


“ ဘာဖြစ်လို့ မနက်အစောကြီး ထ,လုပ်ရတာလဲ ”


“ အာရုံက ဆေးထုတ်တဲ့အထဲပဲ ရှိနေတော့ အိပ်မပျော်ဘူး…စစချင်းမှာ အလုပ်သမားရယ်လို့လဲ မရှိသေးဘူး …နောက်တော့ အိမ်နားက မခင်ကောင်း လာလုပ်တယ် …သူက အခုထိရှိသေးတယ်…နောက် ကိုပြေအေး…ကျေးဇူးရှင်တွေပါပဲ…လျှပ်စစ်မီးကလဲ အဲဒီအချိန်မှ ပို အဆင်ပြေတယ်…ညမှာ စိတ်အာရုံစူးစိုက်နိုင်လို့ အလုပ် ထ,လုပ်တာ ”


ဆရာကတော်က......


"နေ့နဲ့ ည လွဲသလိုဖြစ်နေတာ" 


လို့ ပြောတော့....


"ကလေးဆိုရင်လည်း အိမ်တံစက်မြိတ်အောက်မှာ မီး ထွန်းပြီး ရေချိုးပေးလိုက်ရင် နေ့နဲ့ညလွဲတာ ပျောက်သွားမယ်"


    လို့ အရွှန်းဖောက်တော့ သူတို့လင်မယားက ဟုတ်ပါ့ ဟုတ်ပါ့လို့ ပြောပြိီး ရယ်ကြတယ်။


“ အေးငြိမ်းသီတာ အစမှာ ဘာဆေးတွေထုတ်သလဲ ”


“ သွေးညှိသွေးဆေးလဲ ထုတ်သေးတယ်…အကြော အားတိုးဆေး စ,ထုတ်တာနဲ့ပေါက်တာပဲ…အကြော အားတိုးဆေးက တမာပါတယ်…ချင်း ပါတယ်…နနွင်း ပါတယ်…ပျားရည် ပါတယ်…သူ့ထူးခြားချက်က ဒီ ဆေးကို အစမ်းထုတ်ကတည်းက သဘောကျသူများတယ်…အကြောပြေတယ်…အကြောတက်စာတွေ စားတာ အဆိပ်ဖြေသလိုဖြစ်ပြီး အကြောမတက်ဘူး… ဒီဆေးက စ,ထွက်ထွက်ချင်း ဘယ်လောက် နာမည်တအားကြီးသွားလဲဆိုရင် ရန်ကုန်မှာ တိုးဝှေ့ ဝယ်ရတဲ့အဖြစ်ကို ရောက်သွားတာ ”


“ ဘဝမှာ အလှည့်အပြောင်း ဖြစ်တဲ့အချိန်က ဘယ် အချိန် ”


“ အကြောအားတိုးဆေး တွင်ကျယ်ချိန်ပေါ့…၁၉၉၂ ခုနှစ်မှာ မုံရွာစက်မှုဇုန်မှာ မြေနေရာဝယ်ပြီး စက်ရုံသေးသေးလေး စ,ဆောက်တယ်…နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ…ကျွန်တော့်ကို အကူအညီပေးနေတဲ့ ဆရာတွေရှိတယ်…ဒေါက်တာမြင့်စိန်တို့ FAME က ဒေါက်တာခင်မောင်လွင်တို့ သူတို့က ကျွန်တော့်ဆရာတွေပဲ…သူတို့က ကျွန်တော့်ကို ပြုပြင်ပေးတယ်…မသိတာရှိရင် ပြပေးတယ်…ဒါနဲ့ ဒီလိုအခြေအနေကို ရောက် လာတာပဲ ”




◾ကျော်ရင်မြင့်


📖 မော်ဒန် သတင်းဂျာနယ်  

      ၁၈ ဖေဖော်ဝါရီ ၊ ၂၀၁၁

Monday, May 5, 2025

မန္တလေးမြို့ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်များ

 🟦”မန္တလေးမြို့  သမိုင်းဝင်  ဗလီဝတ်ကျောင်းတော်များ




 စတင်  တည်ဆောက်ခဲ့သော  ခုနှစ်များနှင့်

 ဗလီ့ဒကာများ "  


🟢”အောင်မြေသာစံမြို့နယ် " 


*️⃣စူရတီဗလီ ( 1859 )

အခွန်ဝန် အကောက်ဝန် လောကဗိမာန်လှေတော်အုပ် 

ကျောက်ရဲမြို့စား မဟာဘောဂဓနသီရိရာဇာ

 မင်းလှစည်သူ  မူလ္လာအစ္စမန်အင် 


*️⃣သူဌေးတန်းဗလီ ( 1863 )

ဘင်္ဂလားကုန်သည်တော် 

မဟာသုဝဏ္ဏသေဌဘွဲ့ရ

သူဌေးမင်းဦးမောင်ကြီး  - ဒေါ်မြဝတ်ရည် (  အမရပူရမြို့တော်ဝန်သမီး )  


*️⃣ကျောက်ဗလီ (  1878 )

အသုံးတော်ခံ စိန်ကုန်သည်စိန်မမချို


*️⃣မင်္ဂလာဗလီ ( 1870 )

ကုန်သည်တော်ဦးမွှတ်


*️⃣စစ်ကိုင်းတန်းဗလီ (  1863 )

မြနန်းစကြာသဘောင်္တော်မှူး   အဝယ်တော်ဦးမြနှင်း


*️⃣နှင်းဆီခြံဗလီ ( 1935 )

မီးသတ်ဗိုလ် ဗိုလ်နှင်းဆီ


*️⃣ဟင်ဒွတ်စ်စတာန်နီဗလီ (  1905 )

ကုန်သည်တော် ရှိတ်အမာနက်ခ်


*️⃣ဧချိုင့်ဗလီ (  1870 ) 

ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့  ယခုမရှိ 

သူဌေးမင်းဦးရွှေအို


*️⃣အလယ်ဘောင်ဗလီ  (   1863 )

စကြာအမြောက်တပ် တပ်မှူးဦးရာရှစ်


*️⃣ရွှေပန္နက်ဗလီ (   1859 - မန္တလေးနန်းတွင်း ယခုမရှိ )

မင်းတုန်းမင်း


*️⃣ရွေးလကျာင်္ဗလီ (   1859 - မန္တလေးနန်းတွင်း  ယခုမရှိ )

မင်းတုန်းမင်း 


*️⃣နန်းရှေ့စျေးဗလီ  (  1880 )

အိန္ဒိယကုန်သည်တော် အဗ္ဗဒူလ်အဇစ်


*️⃣ဝလီခံဗလီ (   1863 )

ဝလီခံမြင်းတပ်ဗိုလ်  


*️⃣နန်းရှေ့ရွာသာဗလီ (  1883 )

အက္ကပတ်မြင်းဝန် ပင်လယ်မြို့စား 

မင်းကြီးမဟာမင်းထင်ရာဇာ ဦးချုံ


*️⃣တောင်နွားခြံကုန်း (  မိဘစျေးဗလီ - 1880 )

သီပေါမင်းလက်ထက်ကန်ထရိုက်တာစကားပြန်ဦးဗလူး


*️⃣မြောက်နွားခြံကုန်းဗလီ

( တည်ဆောက်သည့်ခုနှစ်နှင့်မှတ်တမ်းမှတ်ရာရှာမတွေ့ရ )


*️⃣ခဝါစုဗလီ ( ယခုမရှိ )


*️⃣ဥယျာဉ်တော်ဗလီ (  ယခုမရှိ )


*️⃣ဃရာနာဗလီ (  ယခုမရှိ  )

ခလီဖွာဟ်ဦးမြစ် -  အပျိုတော် ဒဝါးရွာစားဒေါ်ခင်စိန်


*️⃣စိတ်ပုတီးစုဗလီ ( ယခုမရှိ )


*️⃣ဦးရွှေတောင်ဗလီ (  ယခုမရှိ )

ယင်းဗလီမှာ မန္တလေး၏ ပထမဦးဆုံးအဘိုးရိပ်သာသီးသန့်ရှိခဲ့၍ အနောက်ဥသျှစ်ကုန်းသချို  င်္င်းတော်ဖျက်သိမ်းသည့်ထဲတွင်ပါသွားခဲ့သည် 


🟢ချမ်းအေးသာစံမြို့နယ် "


*️⃣ဂျွန်းဗလီ (  1863 )

မင်းတုန်းမင်းအသုံးတော်ခံ အဝယ်တော်ဦးဘိုး - ဒေါ်အိ


*️⃣တိုက်တန်းဗလီ (  1865 )  

ကုန်သည်တော်ဦးချို  -  ဒေါ်သော့ 


*️⃣အမြောက်တန်းဗလီ ( 1863 )

သွေးသောက်ကြီးဦးရန်နိုင်


*️⃣တောင်ဆင်ကျူံးဗလီ (  1863 )

စာတော်ဖတ် သူကြွယ်မင်း 

မေဏ္ဍက မဟာသာလ ဦးစံပျော်


*️⃣မြောက်ဆင်ကျုံးဗလီ  (  1863 )

သူကြွယ်မင်း  ဦးစံသီး


*️⃣တောင်အိုးဘိုဗလီ (  1870 )

ကုန်သည်တော်ဦးဖိုးမြစ် ( သား )  ဟာဂျီဦးရီစွတ်


*️⃣ရတနာပုံအိုးဘိုဗလီ (  မြောက်အိုးဘို  -  1863 )

ကုန်သည်တော်ခေါင်းမင်း  ဦးချိန် 


*️⃣တောင်ဘလူဗလီ (  1863 )

ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ စာဆိုတော်ဦးနု၏ သမီး  ခိုင်ရွန်နေဆာ မမြထွဋ်

တိုင်တားမင်းကြီးကတော်ဒေါ်နက်


*️⃣ကုန်းရိုးတန်းဗလီ ( 1863 )

ဘုရင့်နန္ဒဝန်ဥယျာဉ်မှူးဦးဖိုး 

(  1900 တွင် ဘူတာကြီးမှ မြောက်ဘက် မန္တလေး မတ္တရာ ရထားလမ်း ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သည့်အတွက် အင်္ဂလိပ်အစိုးရက လျော်ကြေးပေး၍  ဖျက်သိမ်းခဲ့ )


*️⃣အရှေ့ကုန်းရိုးဗလီ ( 1900 )

ကုန်းရိုးတန်းဗလီကြီးဖျက်သိမ်းခံရ၍ အရပ်သူအရပ်သားများမှ မူလနေရာ၏ အရှေ့ဘက်တွင် အသစ်ထပ်တည်ခဲ့


*️⃣အနောက်ကုန်းရိုး(  ဗဟိုဗလီ 1900 )

ကုန်းရိုးတန်းဗလီကြီးဖျက်သိမ်းခံရ၍ နန္ဒဝန်ဦးဖိုး ၏ သားများမှ မူလနေရာ၏ အနောက်ဘက်တွင် အသစ်ထပ်တည်ခဲ့


*️⃣အိုးတော်ဗလီ (  1875 )

ဘုရင့်ရာဖြတ်တော်

 ကျောက်ကုန်သည် ကေတီဦးဘသက်


*️⃣ကပ်ကျေးတန်းဗလီ (  တပယ်စျေးဗလီ   -  1863 )

တပယ်မြို့စားဦးဖိုးရစ်


*️⃣စကြာတောင်ဗလီ (  1863 )

စကြာအမြောက်တပ် ဗိုလ်မှူးဦးဟာရှင်


*️⃣စကြာမြောက်ဗလီ ( 1863 )

စကြာအမြောက်တပ် ဗိုလ်မင်း ဦးနှစ်


*️⃣ဖလံဘိုဗလီ ( 1863 )

စကြာအမြောက်တပ်  တပ်မှူးဦးရာဘော်

ပျဉ်ထောင်ဗလီ (  ယခုမရှိ )


*️⃣ကုလားပျိုတောင်ဗလီ ( 1858 )

ြှဗဲတိုက်သံတော်ဆင့်မင်း  ဦးဘိုး


*️⃣ကုလားပျိုမြောက်ဗလီ (  1863 )

သွေးသောက်ကြီးဦးရန်နိုင်


*️⃣ဆိုင်းတန်းဗလီ ( 1863 )

ပတ္တမြားကုန်သည်ဦးညိမ်း - ကြို့ပင်တက်မြို့စားခင်မြကြီး


*️⃣ဒေါင်းရိုးဗလီ (  1848 )

ဒေါင်းစကြာမီးသဘောင်္မှူးဦးဖော့

( မန္တလေးမတည်ခင် အမရပူရခေတ် ပုဂံမင်းလက်ထက် အိမ်တော်ရာဘုရားတည်ရာတွင် အစ္စလာမ်အမှု့ထမ်းများအတွက်ပါ တည်ထားခဲ့သောဗလီ  )


*️⃣ကိုယ်ရံတော်ဗလီ (  1870 )

ဘုရင့်ကိုယ်ရံတော်တပ်မှူးဦးနွဲ့ကလေး


*️⃣အရှေ့အပ်ချုပ် တောင်ဗလီ  (  1863 )

ခလီဖွာဟ်ဦးဖိုးမွှား


*️⃣အရှေ့အပ်ချုပ် မြောက်ဗလီ (  1863 )

ကုန်သည်တော်ဦးရ


*️⃣အနောက်အပ်ချုပ်ဗလီ (  1919 )

ပိုးကုန်သည်ဦးမြ - ဒေါ်ဒေါ်ပု 


*️⃣ရတနာပုံဗလီ (  1863 )

ဘုရင့်ကိုယ်ရံတော်တပ်မှူးဦးမောင်မောင်လှိုင်


*️⃣ဒေးဝန်းဗလီ (  1875 )

ဟာဂျီဦးဘိုးမြစ်


*️⃣မြောက်ကြယ်ခတ်ဗလီ (  1863 )

ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့ ယခုမရှိ 

သူဌေးမင်းဦးရွှေဘေး


*️⃣သျှီအာဗလီ (   1864 )

အခွန်ဝန် ဘရ်ကရ်အလီ 


🔷”မဟာအောင်မြေမြို့နယ် "  


*️⃣သံလမ်းဗလီ (  1863 )

ပိုးကုန်သည်ဦးဖိုး -  ဒေါ်ရင် 


*️⃣လွှတောင်ဗလီ ( 1863 )

ပိုးကုန်သည်ဦးဝင်း


*️⃣ယပ်ထမ်းဗလီ  (  1863 )

ပိုးကုန်သည်ဦးဖေ - မိဖုရားကြီးကွမ်းတော်ဆက် ဒေါ်ကျော့ 

( ဘုရင်ထွက်တော်မူရာတွင်ယပ်တော်ထမ်း၍ လိုက်ပါရသူအမှု့ထမ်းများနေထိုင်ရာအရပ် ) 


*️⃣မြကုန်းပေါ်ဗလီ  (  စံပယ်တောဗလီ - 1870 )

အပျိုတော်ဒေါ်ချို  

(  မူလစံပယ်တောဗလီကြီးပျက်စီးယိုယွင်းနေမှု့အား

 အပျိုတော်ဒေါ်ချိုမှ  ၎င်း၏  အဖိုးတန်မြကျောက်အားရောင်းချ၍ အသစ်ပြန်လည်တည်ဆောက်ခဲ့သောကြောင့် မြကုန်းပေါ်ဗလီအမည်တွင်ခဲ့ 

၁၉၈၄ ဦးကျားကြီးမီးတွင် အရင်ဦးဆုံး မီးသင့်ခဲ့ရသောဗလီဖြစ်ပြီး မန္တလေး၏ တစ်ခုတည်းသော ခါန်နကာဓမ္မရိပ်သာတည်ရှိရာဗလီဖြစ်ခဲ့ )


*️⃣ရွှေဘုန်းရှိန်ဗလီ (  1785 )

ဘိုးတော်ဘုရားလက်ထက်   ကမန်တပ်မှူးဦးရွှေအိုး

(  မဟာမုနိဘုရားကြီး ရခိုင်ပြည်မှပင့်ဆောင်လာစဉ် ဘုရားကြီးရွှေသော့ကိုင်  ကမန်မွတ်စလင်များဝတ်ပြုရန် တည်ဆောက်ပေးခဲ့ 

မှတ်တမ်းတခုတွင် ဘုရားကြီး  နှင့်အတူ မြောက်ဘက်မြင်းဝန်မင်းကြီးတိုက် ရွှေဘုန်းရှိန်ဗလီတို့အား တနေ့ထဲပန္နက်ချခဲ့သည်ကိုတွေ့ရ )


*️⃣စိန်ပန်းဘဂါင်္လီ ( ဂွမ်းရုံစျေးဗလီ   1905 )

သဘောင်္ကုန်သည် သူဌေးမင်းကျောက်ဒါရီး


*️⃣ပန်းဆက်ဗလီ  (  1863 )

ပန်းတော်ဆက်ခေါင်းမင်းအနွယ်တော်

ဟာဂျီမဒေါ်ဒေါ်ဖွား


*️⃣ဝေါခြံဗလီ  ( 1863 )

ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့ ယခုမရှိ

မိဖုရားခေါင်ကြီးအပျိုတော်ဒေါ်နန်းရိပ်

( ဘုရင်ထွက်တော်မူရာတွင် ဝေါတော်ထမ်းလိုက်ပါရသူအမှု့ထမ်းများနေထိုင်ရာအရပ် )


*️⃣ပန်းသေးဗလီ  (  1868 )

ပန်းသေးကုန်သည်ခေါင်းမင်း မာတူတူး


ဘုန်းအိုးဗလီ (  1863 )

မြို့တည်မြေပုံ  ပုရပိုက်ထဲတွင်   ဘုန်းတန်ခိုးဗလီ 

စကြာအမြောက်တပ်  ဗိုလ်မင်းဦးကြယ်


*️⃣မင်္ဂလာအလယ်ဗလီ  (  1863 )

စကြာအမြောက်တပ်ဗိုလ်မင်း  ဦးရောက်


*️⃣အနောက်ဗလီ   (  1863 )

ကသည်းရခိုင် အဒါသန့်


*️⃣ဆူးလေဗလီ  (  1863 )

စကြာအမြောက်တပ်ဗိုလ်မင်း  ဦးမောင်


*️⃣လက်ပံဗလီ (  1863 )

စကြာအမြောက်တပ်သွေးသောက်ကြီး  ဦးပြောင်း


 🔷”ချမ်းမြသာစည်မြို့နယ် "


*️⃣ဒေါနခြံတောင်ဗလီ (  1785 )

ဘိုးတော်ဘုရားလက်ထက်တည်ဆောက်ခဲ့၍ ဗလီ့ဒကာရှာမတွေ့ရ


*️⃣ဒေါနခြံမြောက်ဗလီ  (  ယခုမရှိ )


*️⃣ဒေါနခြံဇာဝေယာဗလီ  ( 1903 )

ဂိုဏ်းသခင်ဒါဒါလေး


*️⃣သိုးခြံဗလီ  (  1785 )

ဘိုးတော်ဘုရားလက်ထက်သူဌေးမင်း ဦးအောင်သူ

(  မန္တလေးမြို့မတည်ခင် အမရပူရခေတ် သိုးခြံရွာဗလီ ) 


*️⃣ကံရှာဗလီ  (  1785 )

ဘိုးတော်ဘုရားလက်ထက် ကမန်လေးသည်တော်တပ်မှူးဦးအောင်သာ 

မဟာမုနိဘုရားကြီး ရခိုင်မှပင့်ဆောင်လာခဲ့စဉ် ဘုရားကြီး အိပ်ဖန်တော်စောင့် နွားနို့တော်ဆက်အမှု့ထမ်းများ နေထိုင်ရန်နှင့်ဝတ်ပြုရန်အတွက်တည်ပေးခဲ့ 

( ကံရွာ = ကံကောင်းသောရွာ ) ဘိုးတော်ဘုရားကိုယ်တော်တိုင်အမည်ပေးခဲ့


*️⃣ဆင်ဖြူကန်ဗလီ  (  ယခုမရှိ )


 "  ပြည်ကြီးတံခွန်မြို့နယ် "


(  ပြည်ကြီးတံခွန်မြို့နယ်မှဗလီဝတ်ကျောင်းတော်များမှာ ဘိုးတော်ဘုရားလက်ထက် မဟာမုနိဘုရားကြီး ရခိုင်ပြည်မှ အမရပူရသို့ပင့်ဆောင်လာခဲ့စဉ် ပါလာခဲ့သော ရခိုင်ကမန်လေးသည်တော်များ နေထိုင်ရန်မြေနေရာနှင့်တကွ ဗလီဝတ်ကျောင်းတော်များပါတည်ဆောက်ခဲ့၍ မန္တလေးပတ်ဝန်းကျင်တွင်ရှေးအကျဆုံးဗလီဝတ်ကျောင်းတော်များဖြစ်ခဲ့သည် ) 


*️⃣တောင်မြင့်မင်္ဂလာဗလီ (  1785 )


*️⃣တောင်မြင့်အရှေ့ဗလီ ( 1785 )


*️⃣တောင်မြင့်အလယ်ဗလီ (  1785 )


*️⃣တောင်မြင့်အနောက်ဗလီ  (  1785 )


*️⃣ကော့သာလီဗလီ (  ယခုမရှိ )


*️⃣ရေတွင်းပျက်ဗလီ (  ယခုမရှိ )


*️⃣တောင်ပုဏ္ဏားကုန်းဗလီ  (  ယခုမရှိ ) 

 

       ဟာဂျီထက်နောင်ဦး(Prince)


Ref :  ရွှေဘိုဦးဘဦး  (  ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထုပတ္တိ  )


မောင်မောင်ကြီး(မန်း)

(  မင်းနှင့်လွှတ်တော်မှတည်ဆောက်ခွင့်ပြုခဲ့သောပြန်တမ်းဝင်အစ္စလာမ့်သာသနာ့ဝတ်ကျောင်းတော်များ )

Htet Naung Oo’s Status မှ ကူးယူဖော်ပြသည်။ 

Sunday, May 4, 2025

နတ်ချော့သူ (ဝတ္ထတို)



✍️     နုနုရည်(အင်းဝ)

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။ 


အိမ်ကနေ ကားအထွက် "ဘယ်ကို မောင်းရမှာလဲ ခင်" လို့ မောင် မေးတော့ "နတ်ပွဲကို" လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တစ်ယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး "ဒါလေးများ" လို့ မောင် ပြောတယ်လေ။ 


ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။ 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။ 


မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တစ်ကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။ 


"... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ...  မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်" 


မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။


ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။


ဟော ... နောက် နတ်တစ်ပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တစ်နေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တစ်ပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောက်ျားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တစ်ခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။ 


"... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား" 


ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။ 


"... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး" 


ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တစ်ဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တစ်ဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။ 


ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။ 


"... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ..." 


ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။ 


"... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း" 


ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။ 


မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။ 


"ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်" 


ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။


"ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း" 

"မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား" 

"အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း" 

"မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ" 

"အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း" 


ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တစ်ထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တစ်ဖက်က ပုလင်း၊ လက်တစ်ဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။ 


"... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ..." 


ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တစ်ခေါက် တစ်ခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောက်ျားနောက် လိုက်သွားတဲ့ ည အတွက်။ 


"ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့" 

"မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့" 

"တီးစမ်းဟေ့ ဒိုး" 

"ဟေ့ ... ဒိုး ... ဒိုး" 


ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တစ်လုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တစ်ရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တစ်ရွက်စီ။ 


"ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်" 


အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။ 


"ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး" 


ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တစ်ကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တစ်ထောင်၊ တစ်ထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။ 


"ဟေ့ ... နန်းကြီးတဘောင် ဟေ့" 

"ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ..." 


တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တစ်ယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။ 


"လာခဲ့ကွ တစ်ကျိုက်။ ဟေ့ ပေးဦးကွ တစ်ထောင်" 


က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တစ်ကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တစ်ပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။ 


"ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ..." 


ဟောဒါက မောင် တစ်ခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တစ်ပတ်နားတုန်း တစ်ပတ် မယားလေး တစ်ယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တစ်ပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောက်ျား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တစ်ထောင် ခင် ကဦးမယ်။ 


ဟောဒါက မြန်မာမိန်းမ တစ်ယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။ 


ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။ 


ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တစ်ထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။ 


ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တစ်ထောင်ပေး။ 


ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။ 


ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။ 


ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။ 


ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တစ်ခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။ 


နောက်တစ်ပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။ 

🌿🌿🌿


နုနုရည်(အင်းဝ)                          

ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄

#tinmyoaung-madaya.blogspot.com မှ ကူးယူဖော်ပြသည်။