Saturday, February 15, 2025

သိပါစေ....

 


အရှင်လတ်လတ် မီးရှို့သတ်ခံရတယ်။

ဘာလို့လဲဆိုတော့ 

ကင်းစောင့်လို့တဲ့။


ခေါင်းကို သေနတ်ဒင်နဲ့ လွှဲရိုက်ခံရတယ်။

ဘာလို့လဲဆိုတော့ 

လူနာတင်ကားမောင်းလို့တဲ့။




ခေါင်းတည့်တည့်ကို ချိန်ပြီး ပစ်သတ်ခံရတယ်။

ဘာလို့လဲဆိုတော့ 

သူ့နားက ပုံရက်လဲကျသွားတဲ့ လူနာတစ်ယောက်ကို ကယ်ဖို့လုပ်လို့တဲ့။


ကလေးသုံးယောက်အမေ 

ခေါင်းတည့်တည့်ပဲ အနီးကပ် ပစ်သတ်ခံရတယ်။

ဘာလို့လဲဆိုတော့ 

ပြေးလာတဲ့လူတွေကို 

ဖွက်ထားပြီး မလုပ်ကြပါနဲ့ သားတို့ရယ်လို့ 

သူတို့ကို တောင်းပန်လို့တဲ့။




အပေါ်ကလူတွေက လမ်းပေါ်ထွက်နေတာကိုး ကိုယ့်အိမ်ထဲမှ ကိုယ်မနေတာကိုး 

ဆိုပြီး ဒုစရိုက်မှုကို လမ်းကြောင်းလွှဲချင်ကြသေးတယ်လား။


ဒါဆိုရင်

ကလေးလေးတစ်ယောက်ရဲ့ 

နှလုံးတည့်တည့်နေရာ အပစ်ခံရတယ်။

ဘာလို့လဲဆိုတော့ 

သူ့အိမ်သူ 

တံခါးသော့ခတ်လို့တဲ့။




နောက်တစ်ယောက်က 

သူ့အမေသောက်ဖို့ ရေသွားခပ်လို့တဲ့။


နောက်တစ်ယောက်က 

သူ့အဖေရင်ခွင်ထဲမှာ ကြောက်ပြီးငိုနေလို့တဲ့ ။


နောက်ထပ် ၁၄ နှစ်သားလေးကတော့ နိုင်ငံတော်အတွက် အရမ်းအန္တရာယ်ရှိနေလို့ထင်ပါတယ် ။

သေနတ်ဒဏ်ရာနဲ့ တွန့်လိမ်နေတုန်းမှာပဲ ကားပေါ်ဆွဲတင်သွားခံရတယ်။


ဘာလို့ မှန်းလဲ မသိ ဘယ်ရောက်နေမှန်း

လဲမသိ သေလားရှင်လား အသုဘက 

ချရမှာလား မချရဘူလားလဲမသိ  




အလောင်းရှိသည် 

ကိုယ့်သားသမီး

ကိုယ်ထိန်းပါဆိုတဲ့ စာကို တွေ့ရတော့

အက်ကွဲကွဲနဲ့ ဟက်ဟက်ပက်ပက်

ရယ်ချမိတယ်။


ဟုတ်ပါပြီ ငါတို့ကလေးတွေကို 

လမ်းပေါ်မထွက်အောင် 

မင်းတို့ကို မဆန့်ကျင်အောင် 

အမေသောက်ဖို့  ရေတောင် ထ မခပ်အောင် ၊

ကိုယ့်အိမ်ကို 

သော့ထ မခတ်အောင် ၊

တခုခုဆို အဖေ့ရင်ခွင်ထဲ မပြေးအောင် 

ထိန်းပါမယ်။


သူ့ဖာသာသူ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူတွေကို ဖမ်းတယ် ရိုက်တယ်။

သူ့လမ်းသူ သွားနေသူတွေကို လှမ်းပစ်တယ်။


ရှင်းရှင်းပြောရရင်

လူသတ်တယ် ။

ပစ္စည်းခိုး ဓားပြတိုက် ဖျက်စီး နှိပ်စက် ဆဲဆို ရမ်းကား ကလေးသတ်  

အလောင်းခိုးနေတဲ့ လူတွေကိုရော

ဘယ်မိဘက ထိန်းမှာလဲ။


အဲဒီလို မတရား လုပ်နေသူတွေမှာရော

ထိန်းစရာ

မိဘ ရော ရှိကြလား။


ပုံမှန် လူအမေနဲ့အဖေက 

မွေးလာတာရော ဟုတ်ကြရဲ့လား။


ဒီလိုလူတွေက

လူသတ်တာ ၊ခိုးတာ၊ လုတာ‌တွေ

သက်သေအခိုင်အမာ ရှိနေရဲ့နဲ့ ငါတို့ဖက်ကနေ တရားရော စွဲလို့ရလား။


မင်းတို့ ဖက်က အဓမ္မ လုပ်နေတာတွေကိုရော မင်းတို့ အရေးယူလို့လား။


လက်နက်ကိုင်ပြီးမှ

အကြမ်းဖက် လုယက် သတ်ဖြတ်နေတဲ့

မင်းတို့ကြောင့်

နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်မှန်တွေကို မြင်အောင်ကြည့်ပါ။


အေး

ပြောချင်တာကတော့

ငါတို့ လုပ်ဆောင်မှု့တွေဟာ

အဓမ္မ အနိုင်ကျင့်တာ ကို အလိုမရှိလို့

အမှန်တရားအတွက် ရပ်တည် လုပ်ကိုင်နေတာပဲ။


အဓမ္မကို ဆန့်ကျင်ရင်း

လွတ်လပ်မျှတမှုအတွက် တိုက်ပွဲဝင်နေကြတယ် ဆိုတာတော့ 

မင်းတို့ သိပါစေ။


***မူလရေးသားသူ အမည်မသိလို့ ထည့်သွင်း မညွှန်းဆိုထားနိုင်တာပါ။

No comments: