Monday, October 31, 2022

မြ၀တီမင်းကြီးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

 မြ၀တီမင်းကြီးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

___________________




[သွန်းနေစိုး စုစည်းပူဇော်သည်]


မြ၀တီမင်းကြီးကျောင်းဆရာတော် ဦးအရိယဝံသာဘိဝံသ ကို  အောက်တိုဘာလ ၂၈၊ ၁၉၅၁နှစ် မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်အောင်လှိုင် ဖြစ်ပါတယ်။ ဆရာတော်အလောင်းလျာကို မန္တလေးတိုင်း မြင်းခြံခရိုင် ငဇွန်မြို့နယ်၊ ငမြာကြီးကျေးရွာမှာ ဖခင် ဦးချက်နဲ့ မိခင် ဒေါ်အုန်းတင်တို့မှ မွေးဖွားခဲ့ပါတယ်။


မွေးဖွားရာဇာတိဖြစ်တဲ့ ငမြာကြီးကျေးရွာမှာပဲ မူလတန်းနဲ့ အလယ်တန်းအဆင့်ကို ပညာသင်ကြားခဲ့ပြီး 

အထက်တန်းကျောင်းကတော့ ရွာမှာ မရှိတဲ့အတွက် မြင်းမူမြိုက ကျောင်းဆီ ဆက်လက်ပညာသင်ကြားခဲ့ရပါတယ်။


ဆရာတော်လောင်းလျာဟာ ၁၉၆၈ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲကို AList ကနေ နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး ဆရာတော် ဆယ်တန်းအောင်ချိန်မှာ ၁၆နှစ်သားသာ ရှိပါသေးတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်လျှောက်တော့ မြစ်ကြီးနားကောလိပ်မှာ မြန်မာစာ အဓိကနဲ့ တက်ရောက်သင်ကြားခွင့်ရခဲ့ပေမဲ့ မိဘကလည်း ချို့တဲ့တာကြောင့် တက္ကသိုလ် မတက်တော့ပဲ ကျောင်းဆရာအလုပ်ကိုသာ လျှောက်ထားခဲ့ပါတယ်။


ဒီလိုနဲ့ ငဇွန်မြို့နယ် ပညာရေးမှူးဆီမှာ အရ့မူလတန်းပြဆရာအဖြစ် ခန့်ထားခြင်းခံရပြီး ငဇွန်မြို့ရဲ့ အနောက်တောင်ဘက် ၂မိုင်ခန့်ဝေးတဲ့ သံကုန်းရွာမှာ မူလတန်းပြဆရာလေးအဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်လောင်းလျာဟာ အဲ့ဒီအလုပ်ကို ၃လခန့်သာ လုပ်ကိုင်ခဲ့ပြီး ပါရမီရင့်သန်လာတာနဲ့အညီ သာသနာ့ဘောင်ဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။


သာသနာတော်ဆီဝင်ပြီး ပဋိယတ္တိစာပေကို သင်ကြားလိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဆရာတော်ဟာ မူလက ရွာအနီးမှာရှိတဲ့ စာချကျောင်းဖြစ်တဲ့ မန္တလေးတိုက်သစ်ဆရာတော်ထံ သာသနာ့ဘောင်ဝင်ရန်ကြံစည်ခဲ့ပေမဲ့ ဆရာတော်နဲ့ မဆုံရတာကြောင့် မာန်အောင်ကျောင်းအမည်ရှိတဲ့ ရိပ်သာကျောင်းမှာသာ စတင်ဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ထူးခြားချက်က ဆရာတော်ရဲ့ ဘွဲ့အမည်တော် ရရှိခဲ့ပုံပါပဲ။


စစချင်းသာသနာ့ဘောင်ဝင်တဲ့ မာန်အောင်ကျောင်းဆရာတော်က အရှင် အရိယဝံသအဖြစ် နာမည်ပေးခဲ့တယ်။ နောက်နေ့မှာ မန္တလေးတိုက်သစ်ဆရာတော်ကြွလာတာမို့ အဲ့ဒီဆရာတော်ကျောင်းဆီ ထပ်မံ ပြောင်းရွှေ့ကာ သာသနာ့ဘောင် ဝင်ဖြစ်ပြန်တော့ ဆရာတော်က ဘွဲ့အမည်မပေးရသေးဘူး အထင်နဲ့ ထပ်မံ ဘွဲ့ပေးခဲ့ရာမှာလဲ အရှင် အရိယဝံသပဲ ဖြစ်နေပြန်ပါတယ်။


အရိယာ သူတော်စင်တို့ရဲ့ အနွယ်တော်လို့ နာမည်ရတဲ့ ဘွဲ့အမည်ကို ငယ်ဆရာနှစ်ပါးလုံးက ပေးခဲ့သလို ဒီဘွဲ့အမည်နဲ့လည်း ဆရာတော်ဟာ အင်မတန်မှ လိုက်ဘက်ပါတယ်။ ဒီလိုနဲ့ ရွာကျောင်းမှာ သဂြိုဟ် ၃ပိုင်းနဲ့ သဒ္ဓါရှစ်စောင်ကို သင်ကြားခဲ့ပြီးနောက် မန္တလေးက မဟာဂန္ဓာရုံဆရာတော်ကြီးထံမှာ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။


မဟာဂန္ဓာရုံမှာပဲ ကိုရင်ဘ၀ကနေ ရဟန်းအဖြစ်ကို တက်ခဲ့ပြီး ဆရာတော် ရဟန်းခံစဉ်မှာ ဥပဇ္ဇယ်ဆရာအဖြစ် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသနဲ့ သာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့ မြောင်းမြဆရာတော်က ကမ္မဝါစာ ဖတ်ပေးခဲ့ပါတယ်။


ဆရာတော် ရဟန်းတက်တဲ့နေ့စွဲက မြန်မာသက္ကရာဇ် ၁၃၃၃ ခု ဝါဆိုလဆန်း၁၀ရက်နေ့ ဖြစ်ပါတယ်။ ဒီ့နောက်မှာ ဆရာတော်ဟာ ပထမငယ်တန်း ဝင်ရောက်ဖြေဆိုစဉ်မှာ တစ်နိုင်ငံလုံးပထမစွဲတဲ့ အကျော်ဘွဲ့ကိုလည်း ရရှိခဲ့ပြီး ပါဠိဂုဏ်ထူးနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ ဆက်လက်ပြီး အလတ်တန်းနဲ့ အကြီးတန်းစာမေးပွဲတွေကိုလည်း အကုန်ပါဠိဘာသာနဲ့ချည်း ဖြေဆိုအောင်မြင်ခဲ့တယ်။




ဒီ့နောက် ရန်ကုန်စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ခဲ့ရာမှာ အဌကထာ သုံးကျမ်းလုံးမှာပထမရကာ ၀ဋံသကာ ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ဓမ္မာစရိယစာမေးပွဲ သုံးခုလုံးကို အောင်မြင်ခဲ့တာပါ။ ရန်ကုန်စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ မန္တလေး သကျသီဟဓမ္မာစရိယ စာမေးပွဲကိုလည်းကောင်း၊ အစိုးရ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သူဖြစ်လို့ ဆရာတော်ကို သ‌-စ-အ ဓမ္မာစရိယ (၀ဋံသကာ) အဖြစ် ဘွဲ့ထူးတပ်ခေါ်ဝေါ်ကြပါတယ်။


ဒီ့နောက် ၁၉၈၆ှာ ကမ္ဘာအေး ပရိယတ္တိတက္ကသိုလ်မှာ သုတ္တံတ ဌာန ကထိက အဖြစ်တစ်နှစ်ကျော်ခန့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ထိုမှ ပြန်နုတ်ထွက်ကာ မဟာဂန္ဓာရုံမှာပဲ ကျောင်းထိုင်နာယကဆရာတော်အဖြစ် စာချဆရာတော်တာဝန်ကို ဆက်လက်ထမ်းရွက်နေခဲ့ပါတယ်။ ဒီ့နောက် ၈၈အရေးအခင်းကြီး ဖြစ်လာစဉ်မှာတော့ ဆရာတော်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေစတင်လာခဲ့ပါပြီ။


ပလိပ်မြို့က စက်ရုံမြေမှာ ဒီမိုကရေစီ တရားကို ရဲရဲတောက်ဟောကြားခဲ့တဲ့အတွက် သက်ဆိုင်ရာက တရားဟောမိုက်ကိုပိတ်ပစ်ခဲ့ပြီး ရဲစခန်းမှတ်တမ်းထဲမှာလည်း ဆရာတော့်နာမည်ရောက်ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ မန်းလေးက ဆွမ်းခံကြွသံဃာတပါး သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ပတ္တနိကုစ္စန ကံဆောင်ကြတော့ ဆရာတော်လည်း ပါဝင်ခဲ့ကာ စစ်အာဏာပိုင်တွေ့ လိုက်ဖမ်းတဲ့အတွက် မုံရွာမြို့ရှောက်ခါးရပ်က သတိပဌာန်ရိပ်သာမှာ တရားပြရင်း ၂နှစ်ခန့် ဇာတ်မြှုပ်နေခဲ့ရပါတယ်။


ဒီ့နောက် သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ အကွိုင်းနက်ကောလိပ်မှာ အင်္ဂလိပ်စာဒစ်ပလိုမာ တန်းကိုလည်းကောင်း၊ Buddhist and Parli University မှာ MA တန်းကိုလည်းကောင်း ၂နှစ်ခွဲခန့်တက်ရောက်ပညာသင်ယူနေခဲ့ပါတယ်။


ထို့နောက် နိုင်ငံရေးအခြေအနေများတည်ငြိမ်စပြုချိန်မှာ မန္တလေးကို ပြန်ကြွလာခဲ့ပြီး မြ၀တီမင်းကြီးကျောင်းတိုက်ကို လာရောက်ဦးစီးကျောင်းထိုင်ခဲ့ပါတော့တယ်။ ဒီအချိန်ကတည်းက မြ၀တီမင်းကြီးကျောင်းဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ဓမ္မဘက်သားစစ်စစ် ဘာသာရေးဘက်တော်သားများအတွက် ဘူမိနတ်သံ ဖြစ်ခဲ့ရပါတော့တယ်။


မြ၀တီမင်းကြီးကျောင်းတိုက်မှာ လက်ခံကျင်းပပေးခဲ့တဲ့ ထူးခြားထင်ရှားတဲ့အထိမ်းအမှတ်ပွဲကြီးတွေ တော်တော်များပါတယ်။


ABSDF မြောက်ပိုင်းပြန်များအတွက်ပွဲ၊ ရွှေဝါရောင်နှစ်ပတ်လည်ပွဲတွေကို လက်ခံကျင်းပပေးခဲ့သလို ဆရာတော်က ကျောင်းမြေပေါ်မှာ သုခရိပ်မြုံလူငယ်ဂေဟာ အမည်နဲ့ AIDS ဝေဒနာရှင်ကလေးငယ်တွေကို စောင့်ရှောက်တဲ့ အသင်းအဖွဲ့တစ်ခုကိုလည်း ကိုယ်တိုင်နာယကပြု တည်ထောင်ခွင့်ပေးခဲ့တာပါ။


ဆရာတော်ရဲ့ ဘာသာရေး နိုင်ငံရေး ဆောင်ရွက်ချက်တွေကတော့ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ လက်ပံတောင်းကိစ္စလိုမျိုးကအစ ဘာသာရေးပဋိပက္ခများပပျောက်စေရေးအဆုံး ဆရာတော်နေရာအစုံက ဝင်ရောက်ထမ်းရွက်ပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကချင်ဒေသ တကျော့ပြန်စစ်ပွဲများ စတင်စဉ်မှာလည်း လိုင်ဇာမြို့အထိ သွားရောက်ခဲ့ပြီး စစ်ဘေးသင့်ပြည်သူများကို ကယ်မထောက်ပံ့မှုတွေ ကိုယ်တိုင် ပြုခဲ့တယ်။


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲလိုမျိုးတွေကို စတင်ဦးဆောင်ကျင်းပခဲ့သူတွေထဲ အပါအဝင်ဖြစ်ခဲ့ပြီး စစ်အာဏာပိုင်တွေရဲ့ ဘာသာရေးမှိုင်းတိုက်မှုအန္တရာယ်ကို ခံကတုတ်ကြီးသဖွယ် ရှေ့ဆုံးက ရွတ်ရွတ်ချွံချွံတားဆီးခဲ့သူဖြစ်ပါတယ်။ ဆရာတော့်ရဲ့ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုတွေကြောင့် မီးစကလေးမှာတင် လွင့်ပျောက်သွားပြီး မီးတောက်ကြီးအထိဖြစ်မလာခဲ့တဲ့ ဘာသာရေးပဋိပက္ခပြေငြိမ်းသွားမှုတွေ အတော့်ကိုများပါတယ်။


ဒါ့ကြောင့်လည်း စ_စ်အာဏာပိုင်တွေက ဆရာတော့်ကို မျက်မုန်းကျိုးခဲ့တာပါ။


ဒီလိုနဲ့ ၂၀၁၉ ခုနှစ်အရောက်မှာတော့ ဆရာတော်ရဲ့ မီဒီယာတွေမှာ ဖြေကြားတဲ့အင်တာဗျူးတစ်ခုပေါ်မူတည်ပြီး စစ်တပ်က မတရားတရားစွဲခဲ့ပါတော့တယ်။ စစချင်း ပုဒ်မ နှစ်ခု ဖြစ်တဲ့ ပုဒ်မ ၅၀၅ နဲ့ ပုဒ်မ ၅၀၀ နှစ်ခုနဲ့ တရားစွဲထားခဲ့ပြီး ဥပဒေအရာရှိတွေက ၅၀၅ ကို ဖြုတ်ပယ်ခဲ့တာကြောင့် ပုဒ်မ ၅၀၀ (အသရေဖျက်မှု) နဲ့ မြန်မာစ_စ်တ_ပ်က ဆက်လက်တရားစွဲခဲ့ပါတယ်။ 


ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့ ဒီပုဒ်မဟာ အာမခံနဲ့ တရားရင်ဆိုင်လို့ရတဲ့အမှုဖြစ်တာကြောင့် ဆရာတော်ဟာ အာမခံယူကာ တရားရင်ဆိုင်ခဲ့ရပြီး နေ့ရက်တို့ ရှည်လျားလှစွာ တရားရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ စ_စ်တ_ပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာတော့ ဆရာတော်ကို ဥပဒေနဲ့မညီစွာ ဖမ်းဆီး အကျဉ်းချခဲ့ပြီး အကျဉ်းထောင်ထဲက တရားဆက်လက်ရင်ဆိုင်စေခဲ့ပါတယ်။ တကယ်ဆို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဟာ ဖမ်းလို့မရတဲ့ပုဒ်မဖြစ်ပါလျက် အတ_င်းမတ_ရားဖမ်းဆီးခဲ့တာပါ။


ဆရာတော့်ခမျာ အကျဉ်းထောင်တွင်းက ၄လကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ၆လထောင်ကျခံဖို့ စီရင်ချက်ကျလာတဲ့အတွက် ၂၀၂၁ ဩဂုတ် ၂ရက်နေ့မှ ထောင်ကျရက်စေ့ကာ လွတ်မြောက်ခဲ့ရပါတယ်။ ဒီ့နောက် စ_စ်အာဏာရှင်တွေရဲ့ အန္တရာယ်ကိုမြင်တဲ့အတွက် ကရင်တိုင်းရင်းသားလက်နက်ကိုင်များရှိရာ တောင်ပိုင်းဒေသဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တောတွင်းမှာ ဆင်းရဲငြိုငြင်စွာ သတင်းသုံးခဲ့ရရှာပါတယ်။


ဒီ့နောက် ဆရာတော်တို့ ပုန်းအောင်းတိမ်းရှောင်နေရတဲ့နေရာဆီမှာ စစ်ပွဲများစတင်လာတဲ့အတွက် မဲဆောက်မြို့သို့ ပြောင်းရွှေ့သတင်းသုံးစဉ် စ_စ်အာဏာရှ_င်တို့ပေးခဲ့တဲ့ ဒါဏ်ချက်တွေကြောင့် နှလုံးရောဂါနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့ရပါတော့တယ်။




Photo by Thorn Nay Soe

No comments: