Monday, October 17, 2022

ချမ်းသာကြွယ်၀မှုကို လျင်မြန်စွာ တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ

 ကြီးပွားတိုးတက်မှုကို တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ (စာဖတ်ချိန် - ၁၀ မိနစ်)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




By Naing Win Aung (CEO Coach & NLP Master Trainer)


တိုးတက်အောင်မြင်မှုဆိုတာဟာ လူတိုင်းလိုလို လိုလားတဲ့အရာ ဒါမှမဟုတ် လိုအပ်နေတဲ့အရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအထဲက တချို့လူတွေဟာ သူတို့လိုလားသလို အောင်မြင်တိုးတက်မှုတွေကို ရရှိကြပြီး အများစုအနေနဲ့ သာမန် ဒါမှမဟုတ် သာမန်အောက်လောက်ပဲ ရှိတဲ့ဘ၀မျိုးနဲ့သာ တစ်သက်တာကို အချိန်ကုန်ဆုံးသွားတတ်ကြပါတယ်။


ချမ်းသာကြွယ်၀ချင်တယ်ဆိုတာ အပြစ်မဟုတ်ဘူး၊ ရူးသွပ်မှုလည်း မဟုတ်သလို မတရားမှုလည်း မဟုတ်ဘူး။ လွဲမှားတဲ့နည်းနဲ့ ချမ်းသာချင်တာ၊ မဟုတ်တဲ့နည်းနဲ့ ဖြတ်လမ်းကို လိုက်ချင်တာတွေသာ မလုပ်သင့် မလုပ်ထိုက်တဲ့အရာဖြစ်ပါတယ်။ အောင်မြင်တိုးတက်အောင် လုပ်တယ်ဆိုတာ မလွယ်သလို ချို့တဲ့စွာနေရတာဟာလည်း မလွယ်ပါဘူး။ သင့်ရဲ့ အနာဂတ်ကို စိတ်ပျက်လက်ပျက်နဲ့ ဖြတ်သန်းရမယ့်အခြေအနေမျိုးမှာ မနေဖို့ကို ရွေးချယ်ပါ။


အဲဒီလိုမျိုး မဖြစ်ချင်ဘူးဆိုရင် သင့်အနေနဲ့ မဖြစ်မနေ လုပ်သင့်တဲ့အရာတွေကတော့ သင့်ရဲ့ ဆင်ခြေတွေကို စွန့်လွှတ်လိုက်ပါ။ သင့်ဘ၀နဲ့ ရလဒ်တွေအတွက် သင့်မှာ တာဝန်ရှိတယ်ဆိုတာကို အပြည့်အ၀ လက်ခံလိုက်ပါ။ သင်ဖြစ်ချင်တာတွေကို လုပ်နေပြီး အောင်မြင်နေပြီးသားသူတွေဆီကနေ စံနမူနာယူပါ။ သင်လိုချင်တာတွေကိုသာ တစိုက်မတ်မတ် အာရုံစိုက်ပြီး မအောင်မြင်မချင်း ကြိုးစားလုပ်ကိုင်ပါ။ အခုအချိန်မှာ သင့်တိုးတက်ပြောင်းလဲမှုအတွက် သင်လုပ်ဆောင်သင့်တဲ့အရာတွေကို အလွယ်တကူလေ့လာလို့ ရနေပြီးသားဖြစ်ပါတယ်။


သင့်အနေနဲ့ သင့်ရဲ့ ကြီးပွားတိုးတက်မှုအတွက် အရှိန်အဟုန်မြှင့်တင်နိုင်မယ့် အကြံပြုချက်တွေကို လိုချင်နေတယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အကြံပြုချက်တွေကို သေသေချာချာ ဖတ်ရှုပြီး လေးလေးနက်နက် စဉ်းစားပါ၊ ပြီးရင် အမှန်တကယ်လက်တွေ့လုပ်ဆောင်ပါ၊ သင့်ရဲ့ တိုးတက်မှုတွေကို အခါအားလျော်စွာ ပြန်လည်စစ်ဆေးပါ၊ အလုပ်ဖြစ်တာတွေကို ဆက်လုပ်ပါ၊ အလုပ်မဖြစ်တဲ့အရာတွေကို ပိုမိုကောင်းမွန်တဲ့အရာတွေနဲ့ အစားထိုးပါ၊ စနစ်တကျသင်ပြပေးနိုင်တဲ့သူဆီမှာ သင်ယူပါ။


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


ချမ်းသာကြွယ်၀မှုကို  လျင်မြန်စွာ တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ


၁။ စိတ်ဆန္ဒပြင်းပြမှုအပြည့်နဲ့ နေထိုင်ပါ၊ ဘယ်အရာကို မဆို မလုပ်ချင်ရင် လုံး၀မလုပ်ပါနဲဲ့၊ လုပ်ပြီဆိုရင်တော့ အကောင်းဆုံးလုပ်မယ်ဆိုရင် အလုံးစုံစိတ်ပိုင်းဖြတ်မှု (Total Commitment) နဲ့ လုပ်ဆောင်ပါ။

……


၂။ ပိုက်ဆံစုပါ။  တစ်နေ့မှာ ငွေကြေးချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ချွေချွေတာတာနဲ့ သုံးစွဲပြီး စုဆောင်းလိုစိတ်ရှိရပါမယ်။ သင်ရှာဖွေတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အမြဲစုဆောင်းပါ။

……


၃။ လုံ့လဝီရိယရှိရှိနဲ့ လုပ်ဆောင်ပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့အခြားသူတွေလုပ်ကိုင်နေတာထက် ပိုပြီး ပြင်းပြင်းထန်ထန်ကြိုးစားပါ။ သင်ဟာ အခြားသူတွေနဲ့ မတူဘူးဆိုတာကို သင့်ဖောက်သည် ဒါမှမဟုတ် သင့် လုပ်ဖော်ကိုင်ဘက် ဒါမှမဟုတ် သင့်အထက်လူကြီးကို အလုပ်နဲ့ ပြသပါ။

……


၄။ သင့်ရဲ့ အလုပ်ချိန်ကို တိုးချဲ့ပါ။ သူများလောက်ပဲ လုပ်နေသရွေ့တော့ သူများလောက်ပဲ ဖြစ်နေမှာပါ။ သင့်ရဲ့ အလုပ်လုပ်ချိန်ကို မနက်မှာ တစ်နာရီတိုးပါ၊ ညနေမှာ တစ်နာရီတိုးပါ။ အဲဒါ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သင့်အနာဂတ်အတွက်ဆိုတာကို စွဲစွဲမြဲမြဲမှတ်ထားပါ။

……


၅။ အထူးပြုပညာအရည်အချင်းကို ပျိုးထောင်ပါ။ သတင်းအချက်အလက်ကို ဗဟိုပြုတဲ့ စီးပွားရေးလောကမှာ ဗဟုသုတဟာ စွမ်းအားတစ်ခုဖြစ်ပါတယ်။ ဘယ်အရာနဲ့ပတ်သက်လာရင် သင်ဟာ အထူးကျွမ်းကျင်တယ်ဆိုတာကို သင့်ကိုယ်သင်နဲ့ လူတွေ လက်ခံလာအောင်လုပ်ပါ။

……


၆။ ကြောက်စိတ်က သင့်ကို နောက်ပြန်ဆုတ်ခိုင်းတာကို ငြင်းဆိုပါ။ သင့်အနေနဲ့ အပြောင်းအလဲဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို လုပ်တော့မယ်ဆိုရင် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဝင်လာစမြဲပါ။ စိုးရိမ်နေမယ့်အစား အကောင်းဆုံးကြိုတင်ပြင်ဆင်ပါ၊ ပြီးရင် လုပ်စရာရှိတာကို လုပ်ပါ။

……


၇။ ဘယ်နေရာတွေမှာ သင်အားနည်းတယ်ဆိုတာကို သိအောင်လုပ်ပါ။ အချို့အရာတွေ သင်ဂရုမစိုက်လို့ ရနိုင်ပေမယ့် သင်သိကိုသိရမယ့် တတ်ကိုတတ်ရမယ့်အရာတွေမှာ မသိလို့၊ မတတ်လို့တော့ အဆင်မပြေနိုင်ပါဘူး။ လိုနေတဲ့အရည်အချင်းတွေကို ဖြည့်ပါ။

……


၈။ ကောင်းမွန်တဲ့အလုပ်ကို ရှာဖွေပါ။ သင်လုပ်နေတဲ့အလုပ်က လွဲမှားနေရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး။ လုပ်ငန်းကို သေချာရွေးပါ၊ ပြီးရင် အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။


၉။ သင်ချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ပါ၊ အောင်မြင်တဲ့လူတွေဟာ သူတို့အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့အလုပ်ကို ချစ်တတ်ကြတယ်။ သင့်အနေနဲ့ အခုလုပ်နေတဲ့အလုပ်အမျိုးမျိုးထဲကနေ တိုးတက်အောင်မြင်ဖို့အတွက် တစ်နေ့လုံးမှာ အလုပ်တစ်မျိုးပဲ လုပ်ရမယ်ဆိုရင် ဘယ်အလုပ်ကို လုပ်ရတာကို ဝါသနာပါလဲ သင့်ဘာသင် ပြန်မေးပါ။

……


၁၀။ သင့်ရဲ့အဓိကကျွမ်းကျင်မှုအရည်အချင်းတွေကို သိအောင်လုပ်ပါ။ သင်အလုပ် ဒါမှမဟုတ် ဘယ်တာဝန်တွေမှာ သင်က တော်တော်ထူးချွန်တာလဲ။ ပြီးရင် အဲဒီမေးခွန်းကို ဖြေပါ။ ပြီးရင် သင့်ဘ၀ကို သင့်အရည်အချင်းတွေနဲ့ စီစဉ်ဖွဲ့စည်းလုပ်ဆောင်ပါ။

……


၁၁။ ကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပါ။ ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့ကျောင်းမှာ အမြဲတက်နေရတဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်နေရာကနေဆို လေ့လာသင်ယူဖို့ကို စိတ်အားထက်သန်နေရပါမယ်။

……


၁၂။ အခြားသူတွေကို​ မြှင့်တင်ပေးပါ။ သင်ဟာအခြားသူတွေရဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့သူဖြစ်ဖို့ လိုပါတယ်။ လူတစ်ယောက်နဲ့တွေ့တဲ့အခါ သင့်အတွက် တစ်စုံတစ်ရာကို တောင်းဆိုဖို့ထက် သူ့ကို ဘာကူညီပေးနိုင်မလဲဆိုတာကို အရင်ဦးစားပေးပါ။

……


၁၃။ သင့်အချိန်တွေကို အကျိုးရှိစွာအသုံးချပါ။ သင်အဓိကအာရုံစိုက်နေတဲ့အလုပ်ကနေ သွေဖယ်စေမယ့်ဘယ်အရာကိုမှ မလုပ်ပါနဲ့။ ကော်ဖီထသောက်တာ၊ မဆီလျော်တဲ့အီးမေးလ်တွေစစ်တာ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မလိုအပ်တဲ့စကားတွေပြောတာမျိုးကို ရှောင်ကျဉ်ပါ။

……


၁၄။ သင့်ရလဒ်တွေကို အလုံးစုံတာဝန်ရှိမှုကို လက်ခံပါ။ ဘယ်လိုအခြေအနေကို ကြုံနေရပါစေ၊ ဒီကိစ္စကို ပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ငါ့မှာတာဝန်ရှိတယ်ဆိုတဲ့စကားကို သင့်ကိုယ်သင် အကြိမ်ကြိမ်ပြောပါ။

……


၁၅။ ဦးစားပေးအလုပ်တာ၀ဝန်တွေကို လေ့လာဆန်းစစ်ပါ။ သင့်ရဲ့ အထက်လူကြီးဖြစ်စေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဖြစ်စေ သင်ပြီးစီးအောင်လုပ်ရမယ့်အလုပ်တွေက ဘာလဲဆိုတာကို ပြန်လည်စစ်ဆေးပြီး ဦးစားပေးအစီအစဉ်ချမှတ်မှုကို သေချာအောင် လုပ်ဆောင်ပါ။

……


၁၆။ သင့်အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက်ဆီကနေ တာဝန်တွေကို ခွဲဝေယူပါ။ သင်နဲ့တွဲလုပ်နေတဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက်က ဘယ်အလုပ်တွေကို သဘောမကျဘူးလဲဆိုတာကို သိအောင်လုပ်ပြီး သူတို့ကို အဲဒီအလုပ်တာဝန်တွေမှာ ဝန်ပေါ့အောင် ကူညီပေးပါ။

……


၁၇။ ကျေနပ်ရောင့်ရဲ့ဖို့ကို ငြင်းဆိုပါ။ ထိုက်သင့်တဲ့အောင်မြင်မှုတွေကို မြင်မလာရခင်အထိ သင့်ကိုယ်သင် တွန်းပါ၊ သင့်အထက်လူကြီးကို အလုပ်တာဝန်တွေ ပိုပေးဖို့ကို တောင်းဆိုပါ။ သင့်ဦးဆောင်မှုအောက်မှာ ထုတ်လုပ်မှုစွမ်းအား (Productivity) ပိုမိုတက်လာဖို့ကို အာရုံစိုက်လုပ်ဆောင်ပါ။

……


၁၈။ အလုပ်တွေကို မြန်မြန်လုပ်နိုင်ဖို့ သင်ယူပါ။ သင်ဟာ သင်တာဝန်ရှိတဲ့အလုပ်တွေကို မြန်မြန်နဲ့ ထိထိရောက်ရောက်လုပ်နိုင်တဲ့အတွက် မှီခိုအားထားထိုက်တဲ့သူဖြစ်တယ်ဆိုပြီး နာမည်ရလာအောင် လုပ်ဆောင်ပါ။

……


၁၉။ ကွန်ရက် (Network) ချိတ်ဆက်မှုကို စဉ်ဆက်မပြတ်လုပ်ဆောင်ပါ။ အောင်မြင်တဲ့ စီးပွားရေးဦးဆောင်သူ၊ မန်နေဂျာတစ်ယောက်ဖြစ်လာဖို့အတွက် လုပ်ငန်းတွင်းနဲ့ လုပ်ငန်းပြင်ပကနေ ကူညီပံ့ပိုးပေးမယ့်သူတွေ လိုအပ်ပါတယ်။ ပညာရှင်အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်အသင်းတွေ၊ PBCA လို သင်တန်းတွေကို Join ပါ။ 

……


၂၀။ သင့်အလုပ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို ဖော်ထုတ်ပါ။ ဘယ်အလုပ်မှာမဆို အရေးပါတဲ့ တာဝန်၀တ္တရားတွေ ရှိပါတယ်။ အဲဒီနယ်ပယ်တွေကို လေ့လာဆန်းစစ်ပြီး အဲဒီအရေးပါတဲ့ကဏ္ဍတွေကို ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ဖို့ အာရုံစိုက်ပါ။

……


၂၁။ အကောင်းဆုံး လုပ်ငန်းလုပ်ဆောင်မှု အလေ့အကျင့်များကို ပျိုးထောင်ပါ။ သင့်ရဲ့ထုတ်လုပ်မှုစွမ်းအား (Productivity) ကို အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်ပါ။ အရင်းအမြစ်နည်းနည်းနဲ့ ပိုမိုထိရောက်အောင်လုပ်ပါ။ 

……


၂၂။ ဩဇာအာဏာတည်ဆောက်ပါ။ သင့်ကုမ္ပဏီထဲမှာ ဒါမှမဟုတ် သင့်လုပ်ငန်းအသိုင်းအဝိုင်းထဲမှာ လူမှုဆက်ဆံရေးကောင်းမွန်အောင်လုပ်ဆောင်ပြီး ကိုယ်ရေးကိုယ်တာအာဏာကို တည်ဆောက်ပါ၊ ဗဟုသုတနဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ပြီး ကျွမ်းကျင်မှုအာဏာကို တည်ဆောက်ပါ၊ ရာထူးနေရာကို ရယူပြီး လုပ်ပိုင်ခွင့်အာဏာကို တည်ဆောက်ပါ။ သင်ရထားသမျှ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေကို ထိထိရောက်ရောက်အကျိုးပြုနိုင်ဖို့ကို အသုံးပြုပါ။

……


၂၃။ သင့်ရဲ့ သိက္ခာသမာဓိကို ကာကွယ်ပါ။ ယုံကြည်မှုဟာ ဘယ်လိုဆက်ဆံရေးမှာမဆို အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် အခြားသူတွေ ယုံကြည်ကိုးစားနိုင်တဲ့သူဖြစ်လာအောင် လုပ်ပါ။

……


၂၄။ အနာဂတ်မှာ ဘာလိုချင်တယ်ဆိုတာကို ဆုံးဖြတ်ပါ။ သင်ဘယ်ကလာသလဲဆိုတာဟာ သင်ဘယ်ကိုသွားမှာလဲဆိုတာလောက် အရေးမကြီးပါဘူး။ သင်ဟာ ရလဒ်တွေကို ဦးစားပေးပြီး အနာဂတ်အတွက် ရည်မှန်းကြိုးစားတဲ့သူဖြစ်လာအောင် လုပ်ပါ။

……


၂၅။ သင်ရှိနေတဲ့နေရာကနေ စပါ။ ကြီးပွားတိုးတက်မှုကို လိုချင်တယ်ဆိုရင် သင့်မှာ မရှိတာတွေအကြောင်း ထပ်တလဲလဲပြောဆိုပြီး အချိန်ဖြုန်းမနေပါနဲ့။ သင့်မှာ အခုချက်ချင်းအသုံးချနိုင်တဲ့အရာတွေ ဘာတွေရှိသလဲဆိုတာကို ပြန်လည်ဆန်းစစ်ပါ၊ လုပ်စရာရှိတာကို စလုပ်ပါ။

……


၂၆။ ချမ်းသာကြွယ်၀မှုကို အားပေးတဲ့စိတ်ကို ပျိုးထောင်ပါ။ သင့်ရဲ့ပန်းတိုင်တွေကို ချရေးပါ၊ အကြိမ်ကြိမ်ထပ်ရေးပါ၊ သင်ဟာ တိုးတက်အောင်မြင်ပြီး ချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာဖို့ ဘ၀သင်တန်းတစ်ခုတက်နေသလို သဘောထားပါ။

……


၂၇။ အကန့်အသတ်မဲ့တဲ့သူတစ်ယောက်ဖြစ်လာအောင်လုပ်ပါ။ အောင်မြင်တဲ့သူ၊ ချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာဖို့က ခက်ခဲသလိုမျိုးပဲ ဆင်းရဲချို့တဲ့တဲ့သူတစ်ယောက်ဖြစ်လာဖို့ကလည်း ခက်ခဲပါတယ်။ အရွယ်ရှိနေတုန်းမှာ အင်တိုက်အားတိုက်လုပ်ဆောင်တာဟာ သင့်ကို နောင်တစ်ချိန်မှာ ထိုက်တန်တဲ့အသီးအပွင့်တွေကို ခံစားခွင့်ရရှိစေပါလိမ့်မယ်။


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


အခုဆွေးနွေးခဲ့တဲ့အချက်တွေဟာ ကမ္ဘာ့နာမည်ကျော် Personal Development ဟောပြောသူနဲ့ Business Coach တစ်ဦးဖြစ်တဲ့ Brian Tracy ဆီကနေ လေ့လာထားတဲ့အချက်တွေဖြစ်ပြီး သင်သာလက်တွေ့ကျင့်ကြံမယ်ဆိုရင် လက်ရှိအခြေအနေထက် သိသိသာသာ တိုးတက်ပြောင်းလဲစေနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ 


သင့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာ တိုးတက်ပြောင်းလဲမှုတွေကို ဖန်တီးပြီး မြင်သာထင်သာရှိတဲ့ ရလဒ်တွေကို လိုချင်တယ်ဆိုရင် အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြု Coaching သင်တန်းဆင်းလက်မှတ်ရရှိထားသော Certified Professional Business Coach တစ်ဦးဦးရဲ့ အကူအညီကို ရယူပါ။ 


Professional Business Coach တစ်ယောက်ဟာ သင်လက်ရှိရှိနေတဲ့နေရာကနေ သင်ဖြစ်ချင်တာတွေဖြစ်လာတဲ့အထိ လုပ်ဆောင်ရမယ့် မဟာဗျူဟာ (Strategy) တွေ၊ နည်းဗျူဟာ (Tactic) တွေ၊ လုပ်ဆောင်ချက် (Action) တွေကို ဖော်ထုတ်နိုင်ဖို့နဲ့ အဲဒီအတိုင်း သင်ဆက်လက်လုပ်ဆောင်နိုင်ဖို့ကို ကူညီပေးနိုင်ပါတယ်။ 


Naing Win Aung (MBA, UK)

CEO Coach & NLP Master Trainer

Professional Certified Coach (PCC, ICF)

Certified Canfield Success Principles Trainer 

Certified Professional Master Business Coach 

Certified John Maxwell Coach, Trainer & Speaker


#naingwinaungexecutivecoach 

#Breakthrough_Coaching_Myanmar

#NLP #Coaching #Transformation


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

No comments: