Monday, August 1, 2016

အမဲသားနှပ် - ခရမ်းချဉ်ဦးကျောက်စိမ်းသုပ် - ဒန့်သလွန်ရွက်ဟင်းချို

အမဲသားဆိုတာနဲ့ အတူတူပဲလို့တော့မှတ်ယူလို့မရပါဘူး။ နေရာဒေသအလိုက်မွေးမြူကာ အသားထုတ်လုပ်ပုံက မတူကြတော့ နုညံ့ပုံနဲ့ အရသာကကွဲပြားလို့ဖြစ်ပါတယ်။ များသောအားဖြင့် အမဲသားက ဆိတ်သားလိုသိပ်မညှီပါဘူး။ ဒါပေမဲ့ အညှီနံ့မကြိုက်ရင်တော့ ဗီနီကာ အနည်းငယ်လေးနဲ့နယ်ပြီး ရေဆေးပစ်လိုက်ပါ။

အခုပြောပြမယ့် အမဲနှပ်ချက်နည်းကတော့ အင်ဒိုနီးရှားစတိုင်လ်ဖြစ်ပါတယ်။ အမဲသားနဲ့လိုက်ဖက်အောင် ခရမ်းချဉ်သီး အစိမ်းကိုသုပ်မယ်၊ အရည်သောက်အဖြစ် ဒန့်သလွန်ရွက်လေးကိုဟင်းချိုချက်ပါမယ်။ ဒန့်သလွန်ရွက်ဟင်းချိုချက်ရာမှာ ရေအစိမ်း ထည့်ချက်သလို ကြက်ပြုတ်ရည်ကိုအစားထိုးသုံးလို့ရပါတယ်။

အမဲနှပ် (BRAISED BEEF)



ပါဝင်ပစ္စည်းများ
အမဲသား ၃၀ကျပ်သား၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၄မြွှာ၊ ငရုတ်သီးစိမ်းအနီတောင့် ၃တောင့်၊ ချင်း သင့်ရုံ၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ စပါးလင် ၁ပင်၊ အုန်းနို့ ရေသန့်ဘူးတစ်ဝက်၊ ရှောက်ရွက် ၃ရွက်၊ ဆား သင့်ရုံ။

ပြင်ဆင်ချက်ပြုတ်နည်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ငရုတ်သီးတို့ကို ရော၍ ညက်အောင်ထောင်းပါ။
ပန်းကန်တစ်ချပ်တွင် ဆား၊နနွင်းနှင့် ထောင်းပြီးအစာများကိုရောနယ်ပါ။

နို့နှင့် ကျန်ထောင်းထားသော အစာများကို ပွက်အောင်တည်ပါ။ အဖုံး မဖုံးပါနှင့်။ ထို့နောက် အသားကိုထည့်ပါလေ။
အနည်းငယ်နူးလာသည့်အခါ မီးကိုလျှော့၍ အဖုံးမဖုံးဘဲ အသားလုံးဝနူးသည်အထိ တည်ပေးပါ။
မိမိနှစ်သက်သည့် အနေအထားရလျှင် ချနိုင်ပါသည်။

ခရမ်းချဉ်သီး ကျောက်စိမ်းသုပ် (Fresh Tomato Salad)



ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး (အရွယ်တော် စားကောင်းမယ့်အနေအထား) ၅လုံး၊ ကြက်သွန်နီ ၃လုံး၊ မြေပဲ ၅ကျပ်သား၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ နံနံပင် အနည်းငယ်၊ ငရုတ်သီးစိမ်း အနည်းငယ်၊ ဆီ အနည်းငယ်။

ပြင်ဆင်ပြုလုပ်ပုံ
ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး လှီးထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ မြေပဲကို မညက်တညက်ထောင်းထားပါ။ နံနံပင်၊ ငရုတ်သီးစိမ်း လှီးထားပါ။ ဆီချက် ချက်ထားပါ။ ပြီးလျှင် အားလုံးရောပြီး ဆား၊ ဟင်းခတ်မှုန့် ထည့်၍ သုပ်စားပါ။

ဒန့်သလွန်ရွက်ဟင်းချို (Drumstick Leaves Soup)

ပါဝင်ပစ္စည်းများ
ဒန့်သလွန်ရွက် ၁၀ကျပ်သား၊ ကြက်သွန်နီ ဥကြီး ၁လုံး၊ ကြက်သွန်ဖြူ ဥ ၃လုံး၊ ငရုတ်သီးခြောက် ၂တောင့်၊ ဆီ ၃စက်၊ ဆား အနည်းငယ်၊ ဟင်းချိုရည် ဟင်းချိုပန်းကန်နှင့် ၃လုံး။

ပြင်ဆင်ပြုလုပ်ပုံ
ဒန့်ဒလွန်ရွက်ကို အကြမ်းများသင်၍ ကျန်အရွက်များကို ရေစင်စင်ဆေးပြီး ဆန်ခါနှင့် ရေစစ်ထားပါ။

 ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးခြောက်ကို တူးအောင်မီးဖုတ်ပါ။

ချက်မည့်အိုးတွင် ဟင်းချိုရည်ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်ထည့်ပါ။ အရည်ဆူလျှင် ဆားထည့်၊ ဒန့်သလွန်ရွက်များကို ထည့်၊ ဆီသုံးစက်ပါထည့်၍ အဖုံးဖုံးထားပါ။

ဓားပြားရိုက်ပြီးသော ကြက်သွန်ဖြူအုပ်၊ ငရုတ်သီးခြောက်အုပ်ကာ အပေါ့ အငန်မြည်း၍ချပါ။

ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

No comments: