Thursday, May 12, 2016

ကျွန်​လုပ်​သားများထုတ်​လုပ်​သည့်​ ပင်​လယ်​စာ (အပိုင်း ၂)


AP သတင်းဌာနပူလစ်ဇာဆုချီးမြှင့်ခံခဲ့ရသည့် " ကျွန်လုပ်သားများထုတ်လုပ်သည့် ပင်လယ်စာ " အကြောင်းသတင်းဆောင်းပါးများစုစည်းဖော်ပြမှု (အပိုင်း - ၂)


အင်ဒိုနီးရှားအာဏာပိုင်များသည် ပင်လယ်ပြင်အတွင်း ကုန်သင်္ဘောများက ငါဖမ်းလှေများပေါ်မှ ငါးများကိုလွှဲပြောင်းတင်ဆောင်ခြင်းကိုတားမြစ်ထားသည့်ဥပဒေ အသက်ဝင်ရန်လည်း စီမံချက်ဖြင့် လုပ်ဆောင် လျှက်ရှိရာထိုကဲ့သို့တစ်ကြိမ်လုပ်ဆောင်တိုင်းငါးဖမ်းလုပ်သားများမှာရေထဲတွင် လပေါင်းများစွာ ၊ တစ်ခါတစ်ရံ နှစ်နှင့်ချီ၍ နေကြရပြီးရေပေါ်ထောင်များကဲ့သို့ ဖြစ်လျှက်ရှိသည်။

အလုပ်သမားများကို ချုပ်နှောင်ထားသည့် ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမကရှိနေသည်ဟု အင်ဒိုနီးရှားငါးလုပ်ငန်းဝန်ကြီးကပြောကြားသည်။ ဘင်ဂျီမာရှိငါးဖမ်းသင်္ဘောများမှာ စာရွက်စာတမ်းများအရ အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောများဖြစ်သော်လည်းတကယ်တမ်းတွင် ထိုင်းလူမျိုးပိုင် ငါးဖမ်းသင်္ဘောများသာဖြစ်မည်ဟုယူဆရပြီးလိုင်စင် နှင့် စာရွက်စာတမ်းအတုပြုလုပ်မှု များရှိနေသည်ဟုလည်း ၀န်ကြီးကပြောကြား သည်။

ထို့ပြင် ဘင်ဂျင်မာ နှင့် အခြားကျွန်းများပေါ်တွင် ဖြစ်ပွားနေသောညှဉ်းပန်းနှိပ်စက်မှုများအတွက် အလွန်တရာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိုသတင်းများကို ကြားပြီးနောက်တွင် မစားနိုင်၊ မအိပ်နိုင်ပင်ဖြစ် ရကြောင်းလည်းပြောကြားသေးသည်။

ထိုင်းပင်လယ်စာလုပ်ငန်းတွင် ကျွန်လုပ်သားစနစ်စတင်ဖြစ်ပေါ်ခဲ့သည်မှာလွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက ဖြစ်ပြီး ကမ္ဘာတ၀မ်းစီးပွားရေးအရ ရွှေ့ပြောင်းအခြေချမှုများဖြစ်ပေါ်ခဲ့သည့် ပုံစံများအတိုင်း ဆင်းရဲတွင်းမှလွတ်မြောက်ပြီးအခြားတစ်နေရာ၌ ပိုကောင်းသောဘ၀ဖန်တီးရန်ဟူသော မျှော်လင့်ချက်ဆန္ဒများမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်းတွင် ထုတ်ကုန်လုပ်ငန်းမှာပိုမိုကြီးထွားလာပြီး မြန်မာ၊ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နှင့် ဆင်းရဲနွမ်းပါးသောထိုင်းလူမျိုးများကို အန္တရာယ်များသည့် အလုပ်ထဲဝင်ရောက် လာစေရန် အယုံသွင်းရန် ပိုမိုခက်ခဲလာမှုကြောင့် အေးဂျင့်များသည် ပိုမိုဆိုးရွား၊ ပိုမိုအကြင်နာမဲ့လာကြကာကလေးငယ်များနှင့် ဒုက္ခိတများကိုပင် အတင်းစေခိုင်းမှုများရှိလာခဲ့သည်။ ထိုကဲ့သို့စေခိုင်းရာတွင် လုပ်အားခငွေအများအပြားရရှိမည်ဟုလိမ်ညာခြင်း၊ အတင်းဖမ်းဆီးခြင်းနည်းလမ်းများကိုပင် အသုံးပြုလာခဲ့သည်။

ထို့နောက်တွင် အေးဂျင့်များသည် ကျွန်လုပ်သားများကိုထိုင်းငါးဖမ်းသင်္ဘောကပ္ပတိန်များ၊ သို့မဟုတ် ကုမ္ပဏီများထံရောင်းချလေ့ရှိကြပြီး ကျွန်တစ်ယောက်၏ ပျှမ်းမျှတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်ရှိတတ်သည်ဟုထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးမြှင့်တင်ရေးကွန်ယက်ဖော်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ အကြွေးဆပ်ရန်အတွက် လုပ်အားခမရဘဲလများစွာ၊ သို့မဟုတ် နှစ်များစွာလုပ်ရမည်ဟု ကျွန်လုပ်သားအဖြစ် ရောင်းချခံရသူများကိုနောက်ပိုင်းတွင် အေးဂျင့်များကပြောလေ့ရှိသည်။

လုပ်ငန်းရှင်များသည် ငါးဖမ်းလုပ်ငန်းထက် အလုပ်သမားများမရမည်ကိုပိုမိုစိုးရိမ်ပူပန်နေလေ့ရှိပြီးထိုကဲ့သို့သော ကျွန်လုပ်သားအရောင်းအ၀ယ်များမှတဆင့် ငွေများစွာအကျိုးအမြတ်ရရှိလျှက်ရှိသည်။
တရားမ၀င်ထိုင်းငါးဖမ်းလှေများကို အစိုးရအရာရှိများကိုလာဘ်ထိုးပြီးစာရွက်စာတမ်းအတုများဖြင့် မှတ်ပုံတင်လေ့ရှိသည်။

'' အရင်တုန်းကတော့ ထိုင်းငါးဖမ်းလှေတွေ အင်ဒိုနီးရှားရေပိုင်နက်ထဲမှာဖမ်းလို့ရဖို့ အလံတွေပြောင်းတပ်ကြတယ်။ တစ်နှစ်ကိုဘတ်ငွေ သန်းနဲ့ချီပြီးလာဘ်ပေးရတယ်။ တစ်လကိုဘတ် ၂ သိန်း (အမေရိကန်ဒေါ်လာ ၆၁၀၀ ) လောက်ပေါ့ ။အခုတော့ အရာရှိတွေကလာဘ်ငွေ မယူတော့ဘူး။ အစိုးရကတိုက်ရိုက်ညွှန်ကြားထားလို့ '' ဟုထိုင်းတောင်ပိုင်းရှိငါးဖမ်းလုပ်ငန်းအစည်းအရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းငါးဖမ်းလှေများတွင် အထောက်အထားမရှိသောအလုပ်သမားများကိုခန့်အပ်၍မရသဖြင့် တရားမ၀င်လုပ်သားများကို စာရွက်စာတမ်းအတုများထုတ်ပေးထားလေ့ရှိသည်။ သူ့ကိုအင်ဒိုနီးရှားနိုင်ငံသို့ ၀င်ရောက်ခွင့်ရှိသောထိုင်းနိုင်ငံသားအဖြစ်နှင့် သင်္ဘောသားစာအုပ်ထုတ်ပေးထားကြောင်းဘင်ဂျီနာကျွန်းပေါ်ရှိ မြန်မာလုပ်သားမောင်စိုးကပြောကြားသည်။

'' နာမည်ရော၊ လက်မှတ်ရော ကျွန်တော့်ဟာမဟုတ်ဘူး။ ဒီထဲမှာ ကျွန်တော့်ဟာအစစ်အမှန်ဆိုလို့ ဓါတ်ပုံပဲရှိတယ် '' ဟု၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားဘက်ရောက်သွားသူများမှာ ပြန်လမ်းမရှိကြောင်း ကြားဖူးထားသဖြင့် ထိုင်းရေပြင်တွင်သာလုပ်မည်ဟုပြောကြားထားသော်လည်းအလိမ်ခံခဲ့ရကြောင်းလည်းမောင်စိုးကပြောကြားသည်။

ငါးဖမ်းသင်္ဘောများပေါ်တွင် ညှဉ်းပန်းနှိပ်စက်မှုများမှာသင်္ဘောကပ္ပတိန်များနှင့် လက်ထောက်အရာရှိများအလိုက် ရက်စက်မှုဒီဂရီမှာကွဲပြားလေ့ရှိကြောင်း ကျွန်လုပ်သားများကပြောကြားသည်။

အချို့ကျွန်လုပ်သားများမှာဒုက္ခများကိုမခံနိုင်တော့သည့် အဆုံးတွင် ရေထဲသို့ကိုယ့်ဘာသာခုန်ချသွားကြကြောင်းဇနီးနှင့် ကလေး ၂ ဦးကိုထားရစ်ခဲ့ပြီး မြန်မာနိုင်ငံမှ လွန်ခဲ့သော ၂ နှစ်ကထွက်ခွာ လာခဲ့သည့် အောင်နိုင်ဝင်းက ပြောကြားသည်။ သူ့အတွက် မခံမရပ်နိုင် အဖြစ်ရဆုံးအလုပ်တာဝန်မှာ အပူချိန် အနှုတ် ၃၉ ဒီဂရီခန့်ရှိသောအအေးခန်းအတွင်း ပြည့်စုံလုံလောက်သည့် ၀တ်စုံ မရှိဘဲလုပ်ကိုင်ရခြင်းပင်ဖြစ်သည်ဟုလည်း၎င်းကပြောကြားသည်။

AP သတင်းဌာနကခြေရာခံလိုက်ခဲ့သောသင်္ဘောတင်ပို့မှုတွင် ဘင်ဂျီမာဆိပ်ကမ်းရှိငါးဖမ်းသင်္ဘောငယ်များပေါ်မှ ပင်လယ်စာများကိုSilve Sea Line ဟုအမည်ရသောသင်္ဘောပေါ်သို့ လွှဲပြောင်းတင်ဆောင်သည်ကိုတွေ့ရှိခဲ့ရသည်။ ထိုသင်္ဘောသည် ထရပ်ကား ၅၀ ခန့်အထိတင်ဆောင်နိုင်လောက်သည်အထိ ကြီးမားပြီးယင်းသင်္ဘောပေါ်တွင် ပါသွားသောပင်လယ်စာတိုင်းမှာ ကျွန်လုပ်သားများနှင့်ဆက်စပ်လျှက်ရှိနေသည်။

ထိုသင်္ဘောသည် ထိုင်းနိုင်ငံတွင်မှတ်ပုံတင်ထားပြီးအနည်းဆုံးအအေးခန်းသင်္ဘော ၉ စီးခန့်ပိုင်ဆိုင်သည့် Silver Sea Reefer ကုမ္ပဏီပိုင်သင်္ဘောဖြစ်သည်။ သို့ရာတွင် ယင်းကုမ္ပဏီကမူ၎င်းတို့အနေဖြင့် ကျွန်လုပ်သားငါးဖမ်းသမားများအရေးတွင် ပါဝင်ပတ်သတ်ခြင်းမရှိကြောင်းပြောကြားသည်။

၎င်းတို့အနေဖြင့် သင်္ဘောငှားရမ်းသူများ၏ ပစ္စည်းများကိုတင်ဆောင်ပေးခြင်းသာဖြစ်သည်ဟု Silver Sea Reefer ၏ ပိုင်ရှင်ဖြစ်သူကပြောကြားသည်။

AP သတင်းဌာနသည် Silver Sea Line ကိုဆာမတ်ဆာခုန်ရောက်သည်အထိ ၁၅ ရက်ကြာ ဂြိုဟ်တုမှခြေရာခံစောင့် ကြည့်ခဲ့သည်။ ထိုဆိပ်ကမ်းသို့ရောက်သောအခါ အလုပ်သမားများကသင်္ဘောပေါ်မှ ပင်လယ်စာများကို ၄ ညကြာအောင် ကုန်ကားအစီး ၁၅၀ ကျော်ပေါ်သို့ ပြောင်းတင်ကြရပြီးထိုမှတဆင့် မြို့တစ်ခွင်တစ်ပြင်လိုက်လံပို့ဆောင်ရသည်။

ထရပ်ကားတစ်စီးပေါ်တွင် ကမ္ဘာတ၀မ်းသို့ ပင်လယ်စာများဖြန့်ချီနေသော Kingfisher Holdings ကုမ္ပဏီ၏ အမည်နှင့် ငှက်ပုံတံဆိပ်တို့ကိုတွေ့ရသည်။ အခြားထရပ်ကားတစ်စီးမှာမူ Kingfisher နှင့်အခြားပို့ကုန်လုပ်ငန်းများကိုကုန်ပစ္စည်းများတင်သွင်းလျှက်ရှိသောအအေးခန်းလုပ်ငန်းတစ်ခုဖြစ်သည့် Mahachai Marine Foods ကုမ္ပဏီသို့ သွားရောက်ခဲ့သည်။

Kingfisher က ပင်လယ်စာကုန်ပစ္စည်းအမျိုးမျိုးဝယ်ယူလျှက်ရှိကြောင်းMahachai Marine Foods ကုမ္ပဏီ၏ ပိုင်ရှင်မိသားစုဝင်တစ်ဦးက ပြောကြားသည်။ သို့ရာတွင် အလုပ်သမားအတင်း အဓမ္မစေခိုင်းမှု များအကြောင်းမေးမြန်းသည့် အခါတွင်မူ ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိချေ။ Mahachai ၏ မန်နေဂျာတစ်ဦးကမူထိုကိစ္စများနှင့်ပတ်သတ်၍ လုံးလုံးမသိပါ ဟုဖြေဆိုခဲ့သည်။

Kingfisher နှင့် ၎င်း၏လုပ်ငန်းခွဲတစ်ခုဖြစ်သော KS Food ကုမ္ပဏီတို့သည် လစဉ် ပင်လယ်စာမက်ထရစ်တန် ၁၀၀ ခန့်ကိုအမေရိကသို့တင်ပို့လျှက်ရှိကြောင်း အမေရိကန်အကောက်ခွန် မှတ်တမ်းများ အရသိရသည်။

ထိုင်းနိုင်ငံမှ ပင်လယ်စာများကိုလက်ခံတင်သွင်းလျှက်ရှိသည့် အမေရိကန်ပင်လယ်စာလုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည့် Stavis Seafood မှ ရစ်ချတ်စတာဗစ်ကို ၎င်းတို့ကိုပင်လယ်စာတင်သွင်းနေသည့် လုပ်ငန်းများတွင် ကျွန်လုပ်သားစေခိုင်းနေခြင်းများရှိနေနိုင်မှုနှင့်ပတ်သတ်ပြီးမေးမြန်းသောအခါတွင် ၎င်းက ခေါင်းကိုခါယမ်းပြီး၎င်းတို့နှင့်ဆက်နွှယ်လုပ်ကိုင် နေသောလုပ်ငန်းများသည် ဥပဒေနှင့်အညီရှိ၊ မရှိကို ပြင်ပစာရင်းစစ်များငှားရမ်းကာစစ်ဆေးအတည်ပြုမှုများလုပ်ဆောင်ခဲ့ ကြောင်းပြောကြားသည်။

'' အမှန်အတိုင်းပြောရရင်တော့ ဒီလိုကိစ္စတွေဟာည၊ညအိပ်မပျော်အောင်လုပ်နေတဲ့ ကိစ္စတွေပဲ ။ ကျွန်တော်ကိုယ်၌ လည်းဒီလိုကိစ္စတွေကိုရပ်တံ့ပစ်ချင်နေတာပါ။ ဒီလိုကိစ္စတွေကိုဂရုတစိုက်နဲ့ တတ်နိုင်သမျှအရေးတယူလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ '' ဟု၎င်းကပြောကြားသည်။

Stavisကဲ့သို့သောလက်ကားလုပ်ငန်းကြီးများသည် ထုပ်ပိုးပြီးငါးများကိုတံဆိပ်ကပ်၍ရော၊ တံဆိပ်မကပ်ဘဲပါ ရောင်းချပြီးထိုထုပ်ပိုးပြီးသားငါးများမှာလုပ်ငန်းအလိုက်ကပ်ထားသောတံဆိပ်များနှင့် ဆူပါမားကတ်ကြီးများပေါ်သို့ရောက်သွားကြတော့သည်။

Stavis ၏ ဖောက်သည်များထဲတွင် အမေရိက၏အကြီးဆုံးစားသောက်ကုန်ဖြန့်ချီရေးလုပ်ငန်းကြီးဖြစ်သည့် Sysco လည်းပါဝင်လျှက်ရှိပြီးမည် ကဲ့သို့သောငါးများကို ၎င်းထံရောင်းချသည်ဆိုသည်ကို မူရှင်းရှင်းလင်းလင်းသိရှိရခြင်းမရှိချေ။ Sysco ကုမ္ပဏီကအင်တာဗျူးဖြေဆိုရန် ငြင်းဆန်ခဲ့သော်လည်း ကုမ္ပဏီကတရားဝင်ထုတ်ပြန်ထားသောစံနှုန်းများတွင်မူ ၎င်းတို့အနေဖြင့် အင်အားသုံး အဓမ္မစေခိုင်းမှုများ၊ ကျွန်ပြုစေခိုင်းမှုများရှိသည့် ကုန်ပစ္စည်းတင်သွင်းသူများထံမှ ကုန်ပစ္စည်းများကိုသိလျှက်နှင့် လုံး၀၀ယ်ယူမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့သောတင်ပို့မှုအတိုင်းအခြားသောသင်္ဘောတင်ပို့မှုများ၊ အခြားသောကုမ္ပဏီများသို့ ပို့ဆောင်နေမှုများလည်းရှိနေရာဆာမတ်ဆာခုန်မှနေ၍ လမ်းကြောင်းအမျိုးမျိုးသို့တင်ပို့မှုများရှိသည်။

ထိုနေရာသည် ကျွန်လုပ်သားများဖမ်းဆီးပေးလိုက်သည့် ပင်လယ်စာများစတင်လမ်းစပျောက်ရာထိုင်းဆိပ်ကမ်းပင်ဖြစ်သည်။

AP သတင်းဌာနသည် Thai Union Manufacturing ကုမ္ပဏီသို့ တင်သွင်းရောင်းချလျှက်ရှိသည့် Niwatကုမ္ပဏီသို့ သွားသောထရပ်ကားတစ်စီးကိုလည်းခြေရာခံလိုက်ခဲ့သေးသည်။

ရက်သတ္တပတ်အချို့ကြာပြီးနောက် ၎င်းတို့၏ လုပ်ငန်းမှ တင်ပို့ဖြန့်ချီနေသောကုန်ပစ္စည်းများမှာအဓမ္မစေခိုင်းမှုများနှင့်ပတ်သတ်နေမှုအကြောင်းမေးမြန်းသည့်အခါတွင်မူကုမ္ပဏီ၏ ပိုင်ရှင်တစ်ဦးထံ ဆက်သွယ်ရန်လမ်းညွှန်ခဲ့ပြီးထိုပုဂ္ဂိုလ်ကိုဆက်သွယ်ရာတွင်မူဆက်သွယ်၍ မရခဲ့ချေ။ Thai Union Manufacturingသည် နှစ်စဉ် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံခန့်ရောင်းအားရှိသည့် ထိုင်းနိုင်ငံ၏ အကြီးဆုံးပင်လယ်စာကော်ပိုရေးရှင်းကြီး Thai Union Frozen Products PCL ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

Thai Union ဟုလူသိများသောယင်းမိခင်ကုမ္ပဏီကြီးသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ သုံးသပ်အကဲဖြတ်ချက်များ နှင့် ကိုက်ညီကြောင်းအောင်အောင်မြင်မြင်စစ်ဆေးခံပြီးနောက် အမေရိကန်စတော့ရှယ်ယာဈေးကွက် Dow Jones တွင် စာရင်းဝင်သည့် ပထမဆုံးထိုင်းကုမ္ပဏီဖြစ်လာခဲ့သည်။

၎င်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုရှုံချကြောင်း၊ သို့သော် အဖြေရှာရန်အတွက် သက်ဆိုင်ရာအခြားကုမ္ပဏီများနှင့် လုပ်ငန်းများကလည်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း Thai Union ကပြောကြားသည်။ ထိုင်းပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်းသန့်ရှင်းပါသည်ဟုပြောဆိုရန်ခက်ခဲသည်ကို ၀န်ခံရမည်ဖြစ် ကြောင်းယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ထုတ်ပြန်သော email ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

Thia Union သည် ကြောင်စာစည်သွပ်ဗူးပေါင်းများစွာကိုလည်းအမေရိကသို့တင်ပို့လျှက်ရှိပြီးယင်းကြောင်စာဗူးများမှာနာမည်ကျော် အမှတ်တံဆိပ်များအဖြစ်နှင့် အမေရိကန်ပြည်ထောင်စုတ၀မ်းရှိ စတိုးဆိုင်များ၊ အိမ်မွေးတိရစ္ဆာန်စတိုးများသို့ပျံ့နှံ့ရောက်ရှိလျှက်ရှိသည်။ သို့ရာတွင် မည်သည့် ကြောင်စာစည်စွပ်သွပ်ဗူးများတွင် ကျွန်လုပ်သားများထံကထွက်ရှိလာသည့် ငါးများပါဝင်သည်ကို အတိအကျပြောနိုင်ရန် ခဲယဉ်းသည်မှာမူအမှန်ပင်ဖြစ်သည်။

၎င်းထံမှတိုက်ရိုက်ဝယ်ယူသည့်လုပ်ငန်းများထဲတွင် Wal-Mart ပါဝင်ကြောင်း Thai Union ကပြောကြားခဲ့သည်။ Wal-Mart မှတာဝန်ရှိသူများသည် အင်တာဗျူးလက်ခံတွေ့ဆုံရန်ငြင်းဆန်ခဲ့သော်လည်း email မှနေ၍ ကြေညာချက်ထုတ်ပြန် ခဲ့ရာတွင် ၎င်းတို့၏ကုန်စည်စီးဆင်းမှု လမ်းကြောင်းရှိအမျိုးသား၊ အမျိုးသမီးအားလုံးကိုဂရုစိုက်ကြောင်းနှင့် အလုပ်သမားခန့်အပ်မှုနှင့် ပတ်သတ်ပြီး ကျင့်ဝတ်ဖောက်ဖျက်မှုများအပေါ်အထူးအလေးထားကြောင်းဖော်ပြထားသည်။

ထို့ပြင်ထိုင်းနိုင်ငံတွင် အဓမ္မစေခိုင်းခံလုပ်သားများ ပ ပျောက်ရေးအတွက် NGO များနှင့်လက်တွဲပြီးလုပ်ဆောင်လျှက် ရှိကြောင်းလည်း Wal-Mart ကထုတ်ပြန်ခဲ့သည်။

ဘင်ဂျီနာကျွန်းမှ ကျွန်လုပ်သားများဖမ်းဆီးပေးလိုက်သည့် ပင်လယ်စာများမှ ကမ္ဘာတ၀မ်းသို့ပင် ပျံ့နှံ့ရောက်ရှိသွားကြသော်လည်း ကျွန်လုပ်သားများ၏ ဘ၀မှာမူ ထိုကျွန်းပေါ်ရှိရွာလေးမှာပင် အဆုံးသတ်သွားရသည်ကများလျှက်ရှိသည်။ မည်သည့်အပြင်အဆင်မျှမရှိဘဲ သဘာဝအတိုင်းသာရှိနေသော သင်္ချိုင်းရှိမြေပုံ ၆၀ ကျော်မှာ မြတ်ပင်၊နွယ်ပင်များဖုံးအုပ်လျှက်ရှိသည်။

မြေပုံများပေါ်တွင် ကွယ်လွန်သူတို့၏ အမည်နှင့်အချက်အလက်များကိုဖော်ပြသောသစ်သားပြားများကိုစိုက်ထူထားရာအချို့အမည်များမှာ ကျွန်အဖြစ်ရောင်းချခံရစဉ်က လိမ်လည်ပေးထားသော နာမည်တုများသာ ဖြစ်လျှက်ရှိပြီးထိုမြေပုံတွင်လဲလျောင်းနေသူအစစ်အမှန်မှာမည်သူဖြစ်သည်ဆိုသည်ကို ၎င်းတို့၏မိတ်ဆွေများသာမှတ်မိသိရှိနိုင်ခြင်းရှိတော့သည်။

ယခင်ကသင်္ဘောများပေါ်ရှိ ကြီးကြပ်ရေးမှူးများသည် သေဆုံးသွားသည့်လုပ်သားများ၏ အလောင်းများကိုပင်လယ်ထဲသို့သာကန်ချပစ်ခဲ့လေ့ရှိသည်ဟု ကျွန်လုပ်သားဟောင်းတစ်ဦးဖြစ်သူ လှဖြိုးကပြောကြားသည်။ သို့သော် နောက်ပိုင်းတွင် အာဏာပိုင်များနှင့် ကုမ္ပဏီများကသင်္ဘောပြန်ဆိုက်ကပ်ချိန်တွင် လိုက်ပါသွားသူများနှင့် ကိုက်ညီမှုရှိရန် တောင်းဆိုမှုများရှိလာသောအခါ၌ ကပ္ပတိန်များသည် အလောင်းများကိုသင်္ဘောအအေးခန်းထဲတွင် ငါးများနှင့်အတူဘင်ဂျီနာသို့ ပြန်ရောက်သည်အထိထည့်ပြီးသယ်ဆောင်လာခဲ့ကြသည်။ သူကူညီမြုပ်နှံပေးထားသည့် သူငယ်ချင်း ၂ ဦး၏ ပေါင်းပင်များဖုံးလွှမ်းနေသောမြေပုံ ၂ ခုကိုလည်း လှဖြိုးကပြသခဲ့သေးသည်။

လှဖြိုးသည် ကျွန်လုပ်သားအဖြစ်မှလွတ်မြောက်ပြီး ကျွန်းပေါ်တွင်အသက်ရှင်နေထိုင်နိုင်ရန် ရုန်းကန်နေခဲ့သည်မှာ ၅ နှစ်မျှ ရှိသွားပြီဖြစ်သည်။ သူ၏စိတ်မှာမူညစဉ်၊ညတိုင်း မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် မိခင်ကြီးထံ ပြန်ပြန်ရောက်နေလေ့ ရှိသည်။ ယခုလောက်ဆိုလျှင် မိခင်ကြီးမှာအိုမင်းနေလောက်ပြီကိုလည်းသူ့စိတ်ထဲကသိနေပြီးမိခင်ဖြစ်သူထံ ပြန်ချင်စိတ် က အလွန်တရာပြင်းပြနေလျှက်ရှိသည်။

မည်သူမည်ဝါဟု မသိနိုင်တော့သည့် အထပ်ထပ်ဖြစ်နေသောမြေပုံများကြားတွင် ရပ်ရင်းကမျှော်လင့်ချက်မဲ့သောလေသံဖြင့် မျက်ရည်များဝေ့နေသော လှဖြိုးကပြောသည်။

'' အခုဆိုရင် ကျွန်တော် အင်ဒိုနီးရှားမှာပဲသေတဲ့အထိနေရတော့မယ်လို့တောင် ခံစားလာရပြီ။ ကျွန်တော် ဒီမှာမြေတူးနေတုန်းကဆိုရင် ဒီမှာငါတို့ကိုစောင့်နေတဲ့ တစ်ခုတည်းအရာကသေခြင်းတရား ပဲလို့တွေးနေမိတာကိုတောင် မှတ်မိနေသေးတယ် ''

(ဤသတင်းကိုအက်စသာထူးစံ က အင်ဒိုနီးရှား၊ ဘင်ဂျီမာ မှ ပါဝင်ရေးသားပြီး ထိုင်း၊ဆာမတ်ဆာခုန် မှ မေဆင်၊ မက်ဆာချူးဆက်၊ဘော်စတွန် မှ မန်ဒိုဇာတို့ကပေးပို့သည်)

Creditမဇ္ဈိမသတင်းဌာန

No comments: