Thursday, May 12, 2016

မန်းကျည်းဝက်​သား​ကြော်​ - အပ်​မှိုချိုစပ်​ - ကြက်​​သောက်​ဆမ်း

မန်းကျည်းဝက်သားကြော် (Tamarind Pork)

ဝက်သားကင်ကို လူတိုင်းနီးပါးကြိုက်နှစ်သက်ကြသလို မန်းကျည်းဝက်သားကြော်လေးကိုလည်း ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ၀က်သားနှပ်ထားဖို့အတွက် အချိန်ကြာပေမဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းက နည်းပါတယ်။ မီးဖိုချောင်မှာ အဆင်သင့်ရှိတာလေးနဲ့ပဲ ၀က်သား ကြော်လေးကို ပြင်ဆင်နိုင်တာမို့ အိမ်ရှင်မတွေအကြိုက်ဖြစ်မှာပါခင်ဗျာ။

ပါဝင်ပစ္စည်းတွေကတော့ -
ဝက်သားသုံးထပ်သား 440 gm ၊ မန်းကျည်းသီးမှည့် 40 gm ၊ ရေ 100 ml ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆီး စားပွဲဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း
၁။ ပထမဦးဆုံး မန်းကျည်းသီးမှည့်ကို ရေနှင့်ရောပြီး ပျစ်နေအောင်ဖျော်ထားပါ။ ပြီးရင် မန်းကျည်းရည်၊ ၀က်သား၊်ဆားတို့ရောပြီးနယ်ပါ။ ပြီးရင် တစ်ညနှပ်ထားပါ။

၂။ တစ်ညနှပ်ထားတဲ့ဝက်သားကို ကြော်မည်ဆိုပါက အရင်ဆုံး ၀က်သားမှာကပ်နေတဲ့ မန်းကျည်းမှည့်တွေဖယ်ပစ်ပါ။ ပြီးရင် မကပ်တဲ့ ဒယ်အိုးမှာ ဆီ ၂ဇွန်းခန့်ထည့်ပြီး နီညိုရောင်သမ်းအောင်ကြော်ပါ။ ပြီးလျှင် ပါးပါးလှီးပြီး ကြိုက်နှစ်သက်တဲ့ Chilli Sauce နှင့်တွဲဖက်သုံး ဆောင်ပါခင်ဗျာ။

...................................... Delicious Food From All Over The World By MyintOoTha

အပ်မှိုချိုစပ်ဟင်းလျာ


စားရတာလည်းအရသာရှိ ချက်ရတာလည်း လွယ်ကူလှတဲ့ ဟင်းလျာ့ပဲဖြစ်ပါတယ်။ ပြင်ဆင်တော့မယ်ဆိုရင်တော့…။

ပါဝင်ပစ္စည်းများ
အပ်မှို 200 gm ၊ ကြက်သွန်ဖြူ ၂တက် ၊ ကြက်သွန်မြိတ် ၂ချောင်း၊ တရုတ်နံနံပင် ၂ချောင်း၊ သကြား လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း၊ ခရုဆီ စားပွဲဇွန်း ၁ဇွန်း၊ ငရုတ်ကောင်းမှုန့် စားပွဲဇွန်း ၁/၃ဇွန်း၊ ဆား စားပွဲဇွန်း ၁/၂ဇွန်း၊ ၊ နှမ်းဆီမွှေး စားပွဲဇွန်း ၁/၃ဇွန်း၊ ၊ ငရုတ်သီးအနီတောင့် ၁တောင့်။

ချက်ပြုတ်နည်း
ပြင်ဆင်တော့မယ်ဆိုရင်တော့ အရင်ဆုံး ဒယ်အိုးထဲမှာ ရေများများထည့်ပြီး ရေနွေးတည်ပါ။ ရေဆူလျှင် ဆားထည့်ပါ။ ရေပွက်ပွက်ဆူလာပြီ ဆိုရင်တော့ အပ်မှိုရဲ့ တုံးနေတဲ့ အရင်းပိုင်းတွေကိုလှီးဖြတ်ပြီး အဖျားပိုင်းများအားလုံးကို ရေနွေးထဲတွင် ပြုတ်ပါ။ ၁မိနစ်ခန့်ပြုတ်ပြီးရင် ဆန်ခါနဲ့ ရေစစ်ပြီး ရေဆေးပါ။ ပြီးရင် စစ်ထားပါ။

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းပါ။
ကြက်သွန်မြိတ်နှင့် တရုတ်နံနံပင်ကို အချောင်းလိုက် လှီးဖြတ်ပါ။
ငရုတ်သီးအနီတောင့်ကိုတော့ အကွင်းလိုက်တစောင်းလှီးဖြတ်ပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရင်တော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးကို ဆီသတ်ပါ။
မီးပြင်းပြင်းနဲ့ ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုရင်တော့ အပ်မှိုများကို ထည့်ပြီးမွှေပေးပါ။
ခဏနေရင်တော့(စက္ကန့်၃၀ကြာ) အရည်များအားလုံးထည့်ပေးပါ။ ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ။ အရသာမြည်းပါ။

အရသာကတော့ အချိုအရသာကဲမယ်၊ အစပ်အနည်းငယ်သာပါမယ်၊ ခရုဆီနံ့မွှေးမယ်ဆိုရင်တော့ ကြက်သွန်မြိတ်၊ တရုတ်နံနံ ငရုတ်ကောင်း ခတ်ပြီး ပန်းကန်ထဲ မထည့်မှီမှာ နှမ်းဆီလေးနည်းနည်းပေါက်ပေးလိုက်မယ်ဆိုရင် အရမ်းကိုစားလို့ကောင်းတဲ့ အပ်မှိုဟင်းလျာလေးရရှိမှာပဲ ဖြစ်ပါတယ်။

ဒီဟင်းလျာမှာ သတိထားရမှာက အပ်မှိုကို မချက်မှီ၊ မကြော်မှီ ရေနွေးနဲ့ပြုတ်ပေးပါ။ ဒါမှ အညစ်အကြေးတွေရယ်၊ မှိုရဲ့တောက်တဲ့ဓာတ်တေပါ ကင်းစင်သွားမှာပဲဖြစ်ပါတယ်။
…………………………………….
အံ့ဝင့်ထွဋ် (MRTV-4)

ကြက်သောက်ဆမ်း

ပူပူစပ်စပ်နဲ့သောက်လို့ကောင်းတဲ့ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက် တခြမ်း (သေးသေးခုတ်ထားပါ)၊ ဆင်ခရမ်းချဉ်သီး ၁၀လုံး၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ အာပူရွက် အနည်းငယ်၊ ချင်း လက်တစ်ဆစ်၊ နနွင်းပါရုံမျှ ငါးပိ လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်၊ ဆား သင့်ရုံ၊ ငရုတ်သီးစိမ်း ၆တောင့်ခန့်၊ ဆီ စားပွဲဇွန်း ၂ဇွန်းခန့်။

ချက်နည်း
ကြက်သွန်ဖြူ နီ ၊ ချင်းနဲ့ ငရုတ်သီးစိမ်းများကိုရောထောင်းထားပါ။
ခရမ်းချဉ်သီးများကိုလည်း ပါးပါးလှီးပါ။
အာပူရွက်မှလွဲပြီး ကျန်ပစ္စည်းများကို ချက်မည့်အိုးထဲထည့်ကာ ရောမွှေကာ လုံးနယ်ထားပါ။
၁၅မိနစ်ခန့်နှပ်ပြီးအကြာမှ ရေအနည်းငယ်ထည့်ကာ လုံးပါ။
ကြက်သားများ အရောင်ပြောင်းပြီဆိုမှ ရေထပ်ထည့်ကာ ဆူပွက်အောင်တည်ပါ။
ကြက်သားနူးပြီး မီးဖိုပေါ်မှချကာနီးမှ အာပူရွက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

…………………………………………
EVY’s Kitchen

No comments: