Wednesday, April 1, 2015

Editorial Letters




ဘယ်လိုသင်္ကြန်မျိုး မျှော်လင့်ထားကြသလဲ

သင်္ကြန်အနား နီးလာတာနဲ့အမျှ သင်္ကြန်ရနံ့တွေက သင်းလာတတ်တယ်။ တူးပို့၊ တူးပို့သံပါတဲ့ မြူးမြူးကြွကြွ သင်္ကြန်သီချင်းသံတွေက ဟိုက၊ သည်က လွှင့်ပျံလာတယ်။ ပိတောက်နဲ့အတူ စိန်ပန်းနဲ့ ငုပင်တွေမှာလည်း အဖူးတံလေးတွေ ချီစပြုနေပြီ။ သင်္ကြန်ရေအေးနဲ့ မထိတွေ့ခင်ကာလ နွေနေအပူကလည်း ချစ်ချစ်တောက်လုနီးနီးပါပဲ။

သင်္ကြန်အသံကြားရင် ကျွန်တော်တို့အားလုံး လန်းဆန်းတက်ကြွသွားကြတာချည်း။ သင်္ကြန်ရောက်ခါနီးတိုင်း ကျွန်တော်တို့ကို အဓိက သတိပေးတတ်တာက သင်္ကြန်သီချင်းတွေလို့ ဆိုရမယ်။

ဒါပေမဲ့ တချို့ကတော့ သင်္ကြန်နား နီးလာရင် စိတ်မော၊ ရင်မော၊ စိုးရိမ်သောက အမောတွေ ကြီးကြီးလာကြတယ်။ အကြောင်းကတော့ ရိုးရာသင်္ကြန်ရဲ့ အရိပ်အငွေ့က နည်းနည်းလာပြီး သရုပ်ပျက်၊ ခေတ်လွန်သင်္ကြန်၊ ဘီယာ၊ အရက်သင်္ကြန်၊ အဖော်အချွတ် သင်္ကြန်၊ ရေဖြုန်းတီးတဲ့သင်္ကြန် အဖြစ် မြင်လာကြတာပါပဲ။

များသောအားဖြင့်တော့ အသက်အရွယ်ကြီးလာတဲ့ သူတွေနဲ့ အဓိက၊ သာမည ခွဲမြင်တတ်တဲ့သူတွေက သင်္ကြန်ကို စိုးရိမ်လာကြတယ်။ ရိုးရာသင်္ကြန်ကို ကြိုဆိုပေမယ့် သရုပ်ပျက် သင်္ကြန်ကိုတော့ မကြိုဆိုချင်ကြတော့ဘူး။

လူငယ်အများစုကတော့ သင်္ကြန်မှာ ဘယ်လိုကဲမယ်၊ ဘယ်လိုကွဲမယ်၊ ဘယ်လိုပျော်မယ်၊ ဘယ်လိုအော်မယ်၊ ဘယ်လိုလည်မယ်၊ ဘယ်လိုသယ်မယ်၊ ဘယ်လိုပက်မယ်၊ ဘယ်လိုနှက်မယ်၊ ဘယ်လိုသောက်မယ်၊ ဘယ်လိုမှောက်မယ် ဆိုတာမျိုးလောက်ကိုပဲ အားခဲထားတတ်ကြတယ်။

တကယ်ဆိုရင် သင်္ကြန်ပွဲတော်ဆိုတာ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ပျော်ရွှင်ကြည်နူးဖွယ်၊ လန်းဆန်းတက်ကြွဖွယ်၊ အားတက်ရွှင်မြူးဖွယ် ပွဲတော်တစ်ခုပဲ ဖြစ်သင့်တယ်။ အရက်၊ ဘီယာ၊ စီးကရက် ကုမ္ပဏီတွေရဲ့ ကြော်ငြာပွဲ၊ အများသူငါမရတဲ့ အခွင့်အရေးတွေယူပြီး ချမ်းသာကြွယ်ဝနေတဲ့ လူတစ်စုရဲ့ ရေပေါ်ဆီသားသမီးတွေ စည်းလွတ်ဝါးလွတ် ဖြုန်းတီးတဲ့ သရုပ်ပျက်ပွဲ မဖြစ်သင့်တော့ဘူး။

အဲဒီအတွက် ယဉ်ကျေးသိမ်မွေ့တဲ့အပြင် ရိုးရာဓလေ့ထုံးတမ်းတွေကိုလည်း တခုတ်တရ ဖော်ထုတ်ပြနိုင်တဲ့ လေးစားစရာ ရခိုင်ရိုးရာ သင်္ကြန်လိုပုံစံမျိုးကို ပိုပြီး မီးမောင်းထိုးပြ၊ ပိုပြီး ကျော်ကြားအောင် လုပ်ကြရမယ်။ မြန်မာတွေအပေါ် အထင်အမြင်သေးသွားနိုင်တဲ့ သရုပ်ပျက်သင်္ကြန်မျိုးကို ကျင့်ဝတ်၊ စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ထိန်းသိမ်းရမယ်။

အရေးကြီးတာက ဥပဒေအထက်မှာ ဘယ်မိသားစု၊ ဘယ်မဏ္ဍပ်၊ ဘယ်ရေပက်ခံကားမှ ရှိမနေဖို့ဘဲ လိုတယ်။

အယ်ဒီတာ (၂၈-၃-၂၀၁၅)

---------------------------
Editor's Word, The Voice Daily Vol-2/No-299 (#voiceeditorial)

ရွေးကောက်ပွဲနိုင်ငံရေး

လာမည့် နိုဝင်ဘာလနှောင်းပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမည့် တတိယမြောက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲကို ဦးတည်သော နိုင်ငံရေးများကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာရမည် ဖြစ်သည်။

ပုံမှန်အားဖြင့် တွေ့မြင်ရမည့် ရွေးကောက်ပွဲကို အကြောင်းပြုသော မဲဆွယ်စည်းရုံးမှုများ၊ မဲဆွယ်အကြိုလှုပ်ရှားမှုများ၊ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုနှင့် ရွေးကောက်ပွဲဝင် ပါတီများ၊ ခေါင်းဆောင်များ၏ လူကြိုက်များ ရေပန်းစားမှုတို့ကို အကြိုစစ်တမ်း ကောက်ယူမှုကဲ့သို့ ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးများအပြင် လူပုဂ္ဂိုလ်နှင့် ပါတီ၊ အဖွဲ့အစည်းအပေါ် အဓိကဦးတည်သော နိုင်ငံရေးများကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲများတွင် မိမိတို့ ပါတီအပေါ် လူထုထောက်ခံမှု ရရှိစေရန်နှင့် လူကြိုက်များလာစေရန် ပုံမှန်မဟုတ်သော မရိုးမဖြောင့်နည်းလမ်းများ၊ အောက်လမ်းနည်းများ၊ ပြိုင်ဘက်အပေါ် အကောက်ကြံ၊ အပုပ်ချသော နည်းလမ်းများလည်း ကြံစည်လုပ်ကိုင်လာနိုင်ပေရာ ယနေ့အချိန်မှ ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ ကြားကာလသည် မဲဆန္ဒရှင် ပြည်သူလူထုနှင့် သက်ဆိုင်ရာ ပါတီများ အထူးသတိထားရမည့် အချိန်လည်း ဖြစ်ပေသည်။

အထူးသဖြင့် အာဏာလက်ရှိပါတီက နိုင်ငံတော်ဘဏ္ဍာ၊ ရိက္ခာ၊ နိုင်ငံခြားချေးငွေနှင့် အခြားသော နိုင်ငံပိုင် အခြေခံအောက်အဦ ပစ္စည်းများ အသုံးပြုကာ အစိုးရလုပ်ငန်း တာဝန်များ ထမ်းဆောင်ရင်း မဲဆွယ်စည်းရုံးနိုင်ပေရာ ငွေကြေးအင်အား မတောင့်တင်းသော အတိုက်အခံ သို့မဟုတ် ဒီမိုကရေစီ နာမည်ခံထားသည့် ပါတီများ၏ လှုပ်ရှားခွင်မှာ အကန့်အသတ် ဖြစ်သွားနိုင်ပေသည်။

အခြားတစ်ဖက်တွင်လည်း စနစ်ဆိုး၏ ဖိနှိပ်မှုနှင့် ပညာရေးနိမ့်ကျမှုတို့ကြောင့် စိတ်ခံစားမှုများကာ စဉ်းစားချင့်ချိန်မှု အားနည်းနေသော အခြေခံ ပြည်သူလူထုအပေါ် ဘာသာရေး၊ လူမျိုးရေး အကြောင်းပြုထားသည့် စည်းရုံးလှုံ့ဆော်မှုများဖြင့် မဲရရှိရေး၊ မဲမပေးရေး တွန်းအားပေးလာခြင်းမျိုးလည်း မဖြစ်မနေ ကြုံတွေ့ရဖွယ်ရှိသည်။

အကြောင်းမှာ တပ်မတော်အစိုးရ၏ ခွာစစ်မဟာဗျူဟာ သဘောအရ ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့ လုံခြုံရေးအတွက် လိုအပ်သည့် မဲအရေအတွက် မဖြစ်မနေရရှိရေး အလို့ငှာ ကြိုတင်ပြင်ဆင်ထားသည့် အစီအမံများ တစ်ခုမက ရှိနေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကစားပွဲတစ်ခုနှင့်တူသော ရွေးကောက်ပွဲနိုင်ငံရေးသည် သရေရလဒ်ထွက်ရန် ကြိုတင်ပြင်ဆင်ထားသော အသင်းနှင့် ကျိန်းသေပေါက် အနိုင်တွက်ထားသည့် အသင်းတို့ ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်နိုင်ဖွယ် ရှိလင့်ကစား အမှတ်ပေးစနစ်ဖြင့် ပတ်လည်ကစားရသည့် ပြိုင်ပွဲမျိုး ဖြစ်သည့်အတွက် မိမိ ပြိုင်ဘက်၏ ဥပဒေတွင်းနှင့် ဥပဒေပြင်ပ ကစားကွက်များကို ကြိုတင်လေ့လာ ပြင်ဆင်ထားသူ၊ အပေးအယူ အလျှော့အတင်းဖြင့် ပါးရည်နပ်ရည်ရှိရှိ၊ ဆုတ်သာတက်သာ ထက်မြက်လိမ္မာစွာ ကစားတတ်သူ တစ်နည်းအားဖြင့် ပုံမှန်မဟုတ်သည့် ရွေးကောက်ပွဲနိုင်ငံရေးများကို ကောင်းစွာနားလည်သူများ အောင်မြင်မှု ရရှိနိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၃၀-၃-၂၀၁၅)

---------------------------
Editorial, The Voice Daily Vol-2/No-301 (#voiceeditorial)

ပြည်သူချစ်သော ပြည်သူ့တပ်မတော်ဆီသို့

အနှစ် (၇၀) မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရာ ယခင်နှစ်များနှင့် မတူသော ထူးခြားချက်အချို့ကို တွေ့မြင်ရပေသည်။

ပထမထူးခြားချက်မှာ ယခင့်ယခင်နှစ်များက ကျင်းပသော တပ်မတော်နေ့များကဲ့သို့ လုံခြုံရေး အထူးတင်းကျပ် စစ်ဆေးမှုမျိုး မရှိတော့ဘဲ ဖိတ်ကြားထားသည့် ဧည့်သည်များ စိတ်လက်ပေါ့ပါးစွာ တက်ရောက်နိုင်ခြင်း ဖြစ်သည်။

ဒုတိယထူးခြားမှုမှာ တပ်မတော်အစိုးရ လက်ထက်က တပ်မတော်နှင့် အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများကို တပ်မတော်တွင် ၎င်းတို့ နောက်ဆုံးထမ်းဆောင်ခဲ့သည့် ရာထူးအတိုင်း စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။

တတိယထူးခြားသည်မှာ စစ်ရေးပြ ချီတက်သည့် စစ်ကြောင်းများတွင် ယခင်နှစ်များကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြေခံသဘောသဘာဝချင်း မတူညီသော လူမှုဝန်ထမ်း တာဝန်ထမ်းဆောင်သူ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ စစ်ကြောင်းများ မပါဝင်တော့ဘဲ ယင်းနေရာတွင် အမျိုးသမီး အရာရှိစစ်သည်နှင့် ရဲမေများ စစ်ကြောင်းတို့ဖြင့် အစားထိုး ချီတက်သွားခြင်း ဖြစ်သည်။

စတုတ္ထထူးခြားချက်မှာ အဆိုပါ စစ်ရေးပြ အခမ်းအနား အစအဆုံး တပ်မတော် စစ်တီးဝိုင်းက စစ်ချီသီချင်း တစ်ပုဒ်တည်းကိုသာ အကြိမ်ကြိမ်ကျော့၍ တီးမှုတ်သွားပြီး ပို၍ထူးခြားသည်မှာ ယင်းစစ်ချီသီချင်းသည် ယခုနှစ် တပ်မတော်နေ့အတွက် အသစ်ရေးစပ်ထားသည့်အပြင် လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် ဒီမိုကရေစီဆိုသော စကားလုံးကို ထည့်သွင်းစပ်ဆိုထားခြင်း ဖြစ်သည်။

ပဉ္စမထူးခြားချက်မှာ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး တပ်မတော်ကို အရည်အသွေးနှင့် အရည်အချင်း မြှင့်တင်ပေးကာ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာစေရန် ပြင်ဆင်တည်ဆောက်လာပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် အသက်ခြောက်ဆယ် ပြည့်တော့မည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းဖြစ်သည်။

အဆိုပါမိန့်ခွန်းတွင် တပ်မတော် စတင်သန္ဓေတည်သည့် ရက်စွဲနှင့် တော်လှန်ရေးနေ့မှ တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲခဲ့သည့် ခုနှစ်၊ ပြောင်းလဲခဲ့သူ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အမည်နာမကို ထည့်သွင်းပြောဆိုခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ကို မဖြစ်မနေ ပထမဦးစားပေး ဖွဲ့စည်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခြင်း၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တို့တွင် တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်၏ သဘာဝသယံဇာတ၊ စွမ်းအင်များကို သားစဉ်မြေးဆက်အထိ သုံးစွဲနိုင်ရန် စီမံထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်းနှင့် ငွေကြေး၊ စားသောက်နေထိုင်မှုများတွင်လည်း အလေအလွင့် မရှိစေရန် အကျိုးရှိရှိ သုံးစွဲ၊ ခြိုးခြံချွေတာကြရန် အထိပါ ထည့်သွင်းပြောဆိုသွားခြင်းတို့မှာ များစွာထူးခြားလှသည်။

မည်သို့ပင်ဖြစ်စေ အနှစ် (၇၀) ပြည့် တပ်မတော်နေ့မှသည် နောင်လာမည့် နှစ်များတွင် တပ်မတော်၏ ခေါင်းဆောင်များ အနေနှင့် အရည်အချင်းနှင့် အရည်အသွေး ပြည့်ဝသော ပရော်ဖက်ရှင်နယ် တပ်မတော် တစ်နည်းအားဖြင့် တစ်ချိန်က ပြည်သူလူထု၏ ချစ်ခင်လေးစား အားကိုးယုံကြည်မှုကို ရရှိခဲ့သည့် ပြည်သူ့တပ်မတော်အဖြစ် တည်ဆောက်ကာ တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သည့် တော်လှန်ရေးနေ့ကို တပ်မတော်က အသိအမှတ်ပြု လေးစားလာလိမ့်မည်ဟု ယုံကြည်အပ်ပေသည်။

အယ်ဒီတာ (၂၉- ၃-၂၀၁၅)

---------------------------
Editorial, The Voice Daily Vol-2/No-300 (#voiceeditorial)


တာဝန်ခံမှု၊ တာဝန်ယူမှု

မည်သည့် ကိစ္စရပ်တွင်မဆို ပေါ်ပေါက်ခဲ့ပြီးသော ဖြစ်စဉ်များ၊ ပြဿနာရပ်များအတွက် အဓိက တာဝန်ရှိသူတို့၏ အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် စနစ်တကျ ဖြေရှင်းခြင်းမှာ အရေးကြီးပါသည်။ သို့မှသာ အလားတူ ပြဿနာများ ထပ်မံမပေါ်ပေါက်ရန် စနစ်တကျ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ဖြစ်စဉ်တစ်ခု ပေါ်ပေါက်တိုင်း၊ ပြဿနာရပ်တစ်ခု ဖြစ်ပွားတိုင်း အသက်သေဆုံးသည်အထိ နစ်နာသူများက နစ်နာခဲ့ရသော်လည်း ယင်းကိစ္စများအတွက် တာဝန်ခံမှု တာဝန်ယူမှု မရှိပါက လူထုဘ၀ မလုံခြုံမှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်အပေါ် ယုံကြည်လက်ခံနိုင်စွမ်းများ ပျောက်ဆုံးသွားမည်သာ ဖြစ်သည်။

ဒီမိုကရေစီစနစ်နှင့် အသားကျပြီးသော နိုင်ငံများတွင်တော့ မည်သို့သော ကိစ္စရပ်များ ပေါ်ပေါက်သည်ဖြစ်စေ သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ တာဝန်ယူမှုအပေါ် အသိစိတ်ဓာတ်ဖြင့် တာဝန်ခံ၊ တာဝန်ယူသွားကြသည်ကို တွေ့နိုင်မည်ဖြစ်သည်။ အမေရိကန်နိုင်ငံ ဖာဂူဆန် အရေးအခင်း ဖြစ်စဉ်အား ကိုင်တွယ်နှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အပေါ် ပြင်းထန်သော ဝေဖန်မှုများ ရှိနေချိန်တွင် ဖာဂူဆန်မြို့၏ ရဲမှူးက ၎င်း၏ သဘောဆန္ဒအလျောက် တာဝန်မှ နုတ်ထွက်သွားခဲ့သည်။ အလားတူ တောင်ကိုရီးယားတွင် ကျောင်းသားလူငယ်အများစု ပါဝင်သော ဂျေဂျူးကျွန်းသို့သွားသည့် ကူးတို့သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍လည်း ၀န်ကြီးချုပ်က တာဝန်ခံကာ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း အစိုးရအဖွဲ့က ပြန်လည်ခန့်အပ်ခဲ့ရသည့် ဖြစ်စဉ်များဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ အဖြစ်အပျက်များ၊ ပြဿနာရပ်များ ပေါ်ပေါက်လေ့ရှိရာ အများစုမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်း အဆင့်များသာ ထင်ထင်ရှားရှား မြင်တွေ့ရလေ့ရှိပြီး နောက်ဆက်တွဲ တာဝန်ခံမှု၊ တာဝန်ယူမှုများကိုမူ ပွင့်လင်းမြင်သာစွာ တွေ့မြင်ရလေ့ မရှိပါ။

ယင်းကဲ့သို့သော ဖြစ်စဉ်များစွာအနက် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော အောင်တံခွန်-၃ ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အစီရင်ခံစာ၏ အဆိုအရ အောင်တံခွန်သင်္ဘောသည် ကြံ့ခိုင်မှုမရှိဘဲ ပြုပြင်မှုများနှင့် ပတ်သက်၍ ပြည့်ပြည့်၀၀ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ပြီး အဆိုပါနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့သည့် သက်တမ်း ၂၀ ၀န်းကျင်ရှိ အောင်တံခွန်သင်္ဘောအား ၂၀၁၃ ခုနှစ် နိုဝင်ဘာလက နောက်ဆုံး လွန်းတင် ပြုပြင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြုပြင်စဉ်ကလည်း ရေအောက်နေရာများရှိ သံပြားများ အပြည့်အ၀ မလဲလှယ်ထားသလို သင်္ဘောကြံ့ခိုင်မှု၊ စစ်ဆေးမှု နည်းပါးကြောင်း၊ လူနှင့် ကုန်တင်ဆောင်မှုများနှင့် ပတ်သက်၍လည်း စီမံခန့်ခွဲမှု အားနည်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် သင်္ဘောအတွက် လိုအပ်သော သံပြားအသုံးပြုခြင်း၊ သုတ်ဆေးများ အသုံးပြုခြင်းနှင့် ပတ်သက်၍လည်း ရိုးရိုးသုတ်ဆေးနှင့် ပင်လယ်ရေပြင်သုံး သံပြားမဟုတ်သော ရိုးရိုးသံပြားများကိုသာ အသုံးပြုထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သင်္ဘောတွင် ပါဝင်သော အရေးပေါ်ဆက်သွယ်ရေး စနစ်မှာလည်း သက်တမ်းကြာမြင့်နေသောကြောင့် အသုံးပြု၍ မရခြင်း၊ ပဲ့ပိုင်းရေလုံခန်း၊ ရေထဲပိုင်းတွင် အပေါက်များရှိနေပြီး အဆိုပါ အပေါက်များကို မူလီစုပ်၍ ဘိလပ်မြေဖြင့် ဖုံးအုပ်ဖာထေးမှုမျိုးသာ ပြုလုပ်ထားကြောင်းလည်း စစ်ဆေးမှုများအရ သိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ၏ အဆိုအရ ခရီးသည်တင် သင်္ဘောအောင်တံခွန်-၃ နစ်မြုပ်ရခြင်းမှာ မတော်တဆဖြစ်ပွားခြင်း မဟုတ်ဘဲ တာဝန်ရှိသူများ၏ ကြီးလေးသည့် ပေါ့ဆမှုကြောင့် ဖြစ်ရသည်ဟု ယူဆကြောင်း ထုတ်ပြန်ထားသည်။

သို့ပါ၍ မည်သည့်အရေး ကိစ္စတွင်မဆို တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စသည် လွန်စွာအရေးပါပြီး ထိုသို့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း မရှိပါက ပြည်သူတို့၏ နေ့စဉ်ဘ၀သည် မည်သို့မျှ လုံခြုံစိတ်ချရမည် မဟုတ်ဘဲ အစိုးရအပေါ်လည်း ဆက်လက်၍ ယုံကြည်မှု ကင်းမဲ့နေဦးမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မတ်လ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
ပြန်လည်စဉ်းစားရမည့် သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းများ

မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းခြောက်ခု တည်ဆောက်ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းများမှနေ၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅,ဝဝဝ ထွက်ရှိရန် ရည်မှန်းထားသည်။ အဆိုပါ စီမံကိန်းခြောက်ခုမှာ ရှမ်းပြည်နယ်အတွင်းရှိ မဂ္ဂါဝပ် ၁၄ဝဝ ထွက်နိုင်သော အထက်သံလွင်(ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁ဝဝဝ ထွက်နိုင်သည့် နောင်ဖစီမံကိန်း၊ မဂ္ဂါဝပ် ၂ဝဝ ထွက်နိုင်သည့် မန်တောင်းစီမံကိန်း၊ မဂ္ဂါဝပ် ၇ဝဝဝ ထွက်နိုင်သည့် မိုင်းတုံ(တာဆန်း) စီမံကိန်း၊ ကယားပြည်နယ်အတွင်းရှိ မဂ္ဂါဝပ် ၄၅ဝဝ ထွက်နိုင်သော ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်းရှိ မဂ္ဂါဝပ် ၁၃၆ဝ ထွက်နိုင်သော ဟတ်ကြီးစီမံကိန်းတို့ ဖြစ်သည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပါ ရေကာတာစီမံကိန်းအားလုံး ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသော်လည်း အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။ ၎င်းအပြင် အစိုးရက ရေကာတာစီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအကဲဖြတ်ချက်နှင့် လူမှုဘဝထိခိုက်နစ်နာမှုအကဲဖြတ်ချက် (EIA/SIA) တို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယင်းတို့ကို ဒေသခံများက သဘောတူညီခြင်း မရှိပေ။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ပေးရန်အတွက် ဒေသခံပြည်သူ ၆ဝ,ဝဝဝ ကျော်နှင့် နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၃ဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသည်။ အဆိုပါ စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဒေသခံပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်သကဲ့သို့ ဖြစ်စေသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့လည်း အိတ်ဖွင့်ပေးစာပေးပို့၍ တောင်းဆိုထားသည်။

EIA/SIA စစ်ဆေးရန်အတွက် နိုင်ငံတကာကုမ္ပဏီများကို ခေါ်ယူထားသော်လည်း ဒေသခံများအား ခေါ်ယူဆွေးနွေးခြင်း မရှိသကဲ့သို့ အဆိုပါစီမံကိန်းများကြောင့် နစ်နာသူများကို လျော်ကြေးငွေ မည်မျှပေးမည်၊ မည်သို့ ပေးမည်ဆိုသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒေသခံများ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သံလွင်မြစ်ပေါ်တွင် မှီခိုနေရသည့် ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။ သံလွင်မြစ်သည် အရှေ့တောင်အာရှတွင် အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်ပြီး ယခု စီမံကိန်းများက ရှမ်းပြည်နယ်အတွင်း ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်သည်။ ယခုလက်ရှိ၌ပင် ကွမ်းလုံရေကာတာစီမံကိန်းအတွက် လမ်းများဖောက်လုပ်ရန် ဒေသခံများ၏ လယ်ယာမြေဧက ၆ဝ ကျော်ကို သိမ်းယူထားပြီး ဟတ်ကြီးရေကာတာစီမံကိန်းအတွက်လည်း ရွာပေါင်း ၄ဝ ကျော် ပြောင်းရွှေ့ခံရမည်ဟု သတင်းများထွက်ပေါ်နေသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သာမက သံလွင်မြစ်ပေါ်တွင် အမှီပြုကာ အသက်မွေးနေရသည့် ပြည်သူများအားလုံးနှင့် သက်ဆိုင်နေသောကြောင့် ယင်းစီမံကိန်းများနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
 

No comments: