Thursday, February 3, 2011

ဖြစ်လာမှ တုံ့ပြန်ခြင်းထက် အပြောင်းအလဲဖြစ်အောင် ဖန်တီးယူပါ

"သည်ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး တိုးတက်မှုတွေဖြစ်တဲ့ လျှပ်စစ်မီးလုံး၊ လေယာဉ်ပျံနဲ့ ကွန်ပျူတာတို့ကို တီထွင်သူတွေ ဖန်တီးခဲ့တာ။ ရှိမနေသေးတာတွေကို စဉ်းစားကြံဆနေသူ၊ ဘာကြောင့်မရှိသေးတာလဲလို့ မေးခွန်းထုတ်နေသူတွေ ဖန်တီးခဲ့တာ။ သူတကာထက် သာ တဲ့ ၀န်ထမ်းတစ်ယောက်မှာ၊ အဲသည်လို တီထွင်ဖန်းတီးလိုတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်။ တန်ဖိုးတွေ ဖန်တီးဖို့ မဆုတ်မနစ်ကြိုးစားမယ်ဆို တဲ့ ခိုင်ကျည်တဲ့ ဆုံးဖြတ်ချက်ရှိဖို့ လိုတယ်။"

Bernie Milano, "How to be Proactive, Not Reactive"
 
ကျွန်တော်သိပါတယ်။ အလုပ်ပြီးရရုံသက်သက်နဲ့တောင် အချိန်တွေအများကြီးပေးရမယ်ဆိုတာကို။ အနာဂတ်ကို မတွေးဆဘဲ၊ ဖန်တီး ဥာဏ်အားကောင်းသူ မဟုတ်ဘဲ စာရွက်စာတမ်းကိစ္စ၊ စာရေးသားတာတွေ၊ သပ်သပ်ရပ်ရပ် ပြီးသွားတာပဲ။ သစ်ပင်တွေ ရေလောင်းပြီး သား ဖြစ်သွားတာပဲ။ ဒါပေမဲ့ သင့်လို လိမ္မာပါးနပ်တဲ့ မန်နေဂျာကတော့ ရှေ့လုပ်ငန်းတွေအတွက် စီမံချက်ချဖို့ တစ်ပတ်ကို မိနစ် ၃၀ လောက် သီးသန့်ဖယ်ထားမှာပဲ။
 
ကိုယ့်ကိုယ်ကို ရိုးစင်းတဲ့ မေးခွန်းလေးတွေ မေးကြည့်ပါ။ 'အရောင်းတက်လာအောင် ငါဘယ်လိုလုပ်ပေးနိုင်မလဲ'၊ 'အလုပ်ဖြစ်အောင် ငါ ဘာတွေ လုပ်ပေးနိုင်မလဲ'၊ '၀န်ထမ်းတွေ အလုပ်က ထွက်မသွားအောင် ငါဘယ်လို လုပ်ပေးနိုင်မလဲ'၊ 'စိတ်ကူးတွေကို အရောင်းတွေ ဖြစ် လာအောင် ဘယ်လိုလုပ်မလဲ'၊ 'ငွေစားရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုအဆင်ပြေလာအောင် မလိုတာတွေကို ဘယ်လိုဖြုတ်ပစ် မလဲ'၊ 'နောက်ကဏ္ဍတစ်ခုကို ငါ ဘယ်လိုရွှေ့ပြောင်းမလဲ၊ ငါ့အဖွဲ့ကို အလုပ်တွေပိုပြီးဖိဖိစီးစီးလုပ်လာအောင်၊ ပိုမြန်မြန်လုပ်လာအောင်၊ ပိုကောင်းကောင်း လုပ်လာအောင် ငါ ဘယ်လိုလုပ်ရမလဲ ' ၊ 'သူတို့တစ်တွေ ပိုပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးအဖြေရှာတတ်လာ အောင် ငါဘယ်လိုလုပ်ရမလဲ'၊ 'အစည်းအဝေးတွေကို အချိန်သိပ်ဖြုန်းရာ မရောက်အောင် ငါ ဘယ်လိုလုပ်ရမလဲ'။
 
ဆိုရရိုးစကား တစ်ခုရှိပါတယ်။ 'သင်လုပ်နေကျအတိုင်းသာ အမြဲဆက်လုပ်နေမယ်ဆိုရင်၊ သင်ရနေကျအတိုင်း အမြဲဆက်ရနေလိမ့်မယ်' ဆိုတဲ့စကားပဲ။ တကယ်လည်း အဲသည်အတိုင်း ဖြစ်နေတာပဲ။
 
တကယ်လို့ သင်က ဖြစ်လာမှ တုံ့ပြန်တာမဟုတ်ဘဲ၊ အပြောင်းအလဲဖြစ်အောင် ဖန်တီးယူတာမျိုး မရှိရင်၊ သင့်ရဲ့ ပြောင်းလဲတိုးတက်မှု ရပ်ဆိုင်းသွားလိမ့်မယ်။ အဲသည်လိုဆိုရင် မိကျောင်းက သင့်တင်ပါးကို ကိုက်သွားလိမ့်မယ်။ သင့်အနေနဲ့ ဆက်လှော်ပြီး ရေထဲမှာ ရွေ့ လျားနေရမယ်။ ငမန်းတွေဟာ တစ်သက်တာလုံး ရှေ့ကိုရွေ့နေရတယ်။ သူတို့ပါးဟက်ထဲကို ရေတွေစဉ်ဆက်မပြတ် ၀င်နေအောင်လို့။ သူတို့ လုံးဝမရပ်မနားဘူး။ ငမန်းလို ကျင့်ပါ။ ရှေ့ကိုရွေ့ပါ၊ မနားတမ်း ရှေ့သို့။ အဲသည်လို သင်မလုပ်ရင်၊ သည်လိုလုပ်ချင်သူတွေ အများကြီး ပေါ်လာလိမ့်မယ်။
 
ယုံပါ။ အဲဒါ ဘာနဲ့တူသလဲဆိုတာ ကျွန်တော်သိတယ်။ သင့် မေးလ်ဘောက်စ်ကို ဖွင့်လိုက်တော့ တုံ့ပြန်ရမယ့်၊ ပြန်ရေးရမယ့် အီးမေးလ် တွေ မနည်းမနောပဲ။ ဒါတင်မကသေးဘူး။ ၀န်ထမ်းရေးရာ ကိစ္စတွေ ရှိသေးတယ်။ ပြီးတော့ နေ့လယ်စာ။ စားပြီးတော့ မွန်းလွဲပိုင်း လုပ်ရ မယ့်အလုပ်တွေ။ ပြန်ဖြေရမယ့် မေးလ်တွေအားလုံး ထွက်သွားဖို့ကလည်း၊ ရင်ထဲမှာ အပူကြီးတစ်ခု။ ပြီးရင် လက်ဖက်ရည်တစ်ခွက် ကသောကမျော သောက်ရဦးမယ်။ ပစ္စည်းတွေ သိမ်းဆည်းပြီး အိမ်ပြန်ရမယ့် အချိန်ရောက်လာပြီ။ ကဲ....သည်အချိန်မှာ အဲသည်အရူးက ကျွန်တော့်ကို နေ့စဉ် မိနစ် ၃၀နှုတ်ယူပြီး အနာဂတ်အတွက် တွေးဆပါတဲ့။ အင်း....ဖြစ်နိုင်ပါတယ်၊ အိပ်မက်ထဲမှာ။
 

ဒါပေမဲ့ အဲသည် မိနစ် ၃၀ကို တခြားအလုပ်တစ်ခုနဲ့ ပေါင်းလုပ်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် နေ့လယ်စာကို ကျွန်တော်တစ်ယောက် တည်း စားတယ်။ ဖြစ်လာတာကို တုံ့ပြန်တာမဟုတ်ဘဲ၊ အပြောင်းအလဲဖြစ်အောင် ဖန်တီးယူမယ့် စိတ်ဓာတ်ကို သည်အချိန်မှာသွင်း ထားတယ်။ အနာဂတ်ကို မျှော်တွေးဆတယ်။ ပြိုင်ဘက်တွေထက် ရှေ့တစ်လှမ်းကြိုရောက်နေစေမယ့် နည်းလမ်းတွေကို ကြံဆတယ်။ ဒါပေမယ့် အဲသည့်နေ့လယ်စာကို တစ်ယောက်တည်း အပြင်ထွက်စားမှဖြစ်မယ်။ မဟုတ်ရင် သူများတွေရောက်လာပြီး ကျွန်တော့်ရဲ့ စိတ်အတွေးစီမံချက်ကို နှောင့်ယှက်ကြလိမ့်မယ်။

လူသာကျော်

Ref: The Rules of Management, by Richard Templar

No comments: