Thursday, January 28, 2010

When you chew a PK.....

ပီကေ၀ါးနေရင်

(ဒေါက်တာမြင့်ဦး - ဂျီပီ)

ယနေ့လူငယ်လူရွယ်တွေအကြားမှာ ပီကေမ၀ါးဖူးတဲ့သူမရှိသလောက်ကို ဖြစ်နေပါပြီ။ ပီကေကို သကြားလုံးအသွင်၊ ပူရှိန်းဆေးပြားအသွင်၊ ချောကလက်တောင့်အသွင် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အလွယ်တကူလည်း ၀ယ်ယူလို့ရနေပါ တယ်။ အပျင်းပြေ ၀ါးနေတဲ့သူတွေရှိသလို၊ စတိုင်လ်တစ်ရပ် အနေနဲ့ စာသင်ရင်း၊ သီချင်းဆိုရင်း၊ ဂီတာတီးရင်း၊ လမ်းသွားရင်းပီကေ၀ါးနေသူတွေလည်း ရှိနေပါတယ်။ ဖောက်ခနဲ လက်ဖြောက်မည်သံပြုသလို ပါးစပ်ကနေ ပီကေ ပူဖောင်းမှုတ်လိုက်ကြတာတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ၀ါးပြီးသား ပီကေတွေကို သူငယ်ချင်းရဲ့ ဆံပင်တွေ မှာ၊ လွယ်အိတ်ဆံမွေးတွေမှာ၊ အင်္ကျီတွေမှာ၊ ထိုင်ခုံတွေမှာ နောက်ပြောင်ပြီး ကပ်ပေးလိုက်မိလို့ မိဘတွေရဲ့ အဆူ အပူအကျိန်းအမောင်းတွေကိုလည်း ခံခဲ့ဖူးနေကြပါပြီ။ ပီကေ၀ါးနေရင် ဘာတွေဖြစ်တတ်သလဲဆိုတာကို ကျန်းမာ ရေးရှုထောင့်ကနေ ဆွေးနွေး တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

ပီကေ၀ါးတဲ့အကျင့် ဘယ်တုန်းကတည်းက စတင်ခဲ့တာပါလဲ?

ရှေးခေတ် ဂရိလူမျိုးတွေဟာ သွားတွေသန့်ရှင်းအောင်နဲ့၊ ခံတွင်းအနံ့မွှေးကြိုင်နေအောင်ဆိုပြီး (မက်စတီးကား - Mastiche)လို့ ခေါ်တဲ့ ချုံနွယ်ပင်တစ်မျိုးရဲ့ (ရာဘာဆန်ဆန်) သစ်ခေါက်ကို ကိုက်ဝါးနေတတ်ကြပါသတဲ့။ ၁၈၆၀ ပြည့်နှစ်မှာ စပိုဒီလာ လို့ခေါ်တဲ့ ရာဘာပင်တစ်မျိုးကို အမေရိကတိုက်ထဲ ယူဆောင်လာပြီး စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီအပင်က ထွက်ရှိတဲ့ နို့နှစ်ရောင်အစေး(Chicle)တွေကို ပီကေအဖြစ် အမြောက်အမြားထုတ်လုပ်ကြပါတော့တယ်။ ၁၈၉၁ခုနှစ် ရောက်တော့ ရှီကာဂိုမြို့မှာ ရစ်ဂလီ(Wrigley)လို့ခေါ်တဲ့ ပီကေထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခု ပေါ်ထွန်း လာပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့ နိုင်ငံ၁၅၀ကျော်ကို ပီကေတွေ ဖြန့်ဖြူးရောင်းချလို့နေပါပြီ။ ရစ်ဂလီရဲ့ ကြော်ငြာမှာပါတဲ့ (ကျစ်လစ်စွာထုပ်ပိုးထားပြီး အရည်အသွေး မှန်ကန်ပါတယ်- "Packed tight and Kept right: PK" ဆိုတဲ့စာသားကို အစွဲပြုပြီး) ပီကေလို့ခေါ်ဆိုလာကြတာဖြစ်ပါသတဲ့။

ပီကေထဲမှာ ဘယ်လိုဓာတ်တွေ ပါဝင်နေပါသလဲ?

ပျော့ပျောင်းတဲ့ ရာဘာတုတစ်မျိုးကို အဓိကထားပြီး သကြား ဒါမှမဟုတ် သကြားတုလို့ခေါ်တဲ့ ဆေးသကြားတစ်မျိုးမျိုး နဲ့ အနံ့၊အရသာတစ်ခုခုကို ပေါင်းစပ်ပါဝင်ပေးထားပါတယ်။ ပူဖောင်းမှုတ်နိုင် ဖို့အတွက် ပိုမိုပျစ်နှစ်တဲ့ ရာဘာတု (Bubble Gum) ကို ထည့်ပေးထားရပါတယ်။

ဘာဖြစ်လို့ ပီကေ၀ါးနေကြတာပါလဲ?

ယူကေနိုင်ငံမှာ ပီကေ၀ါးနေတဲ့ လူငယ်၂၈သန်းကျော်ရှိပါတယ်။ သူတို့အပြောအရ အပျင်းပြေအောင် ၀ါးနေတာပါတဲ့။ ကြွက်သားတွေ၊ အာရုံကြောတွေကိုလျော့ပါးစေပြီး ဂဏှာမငြိမ်တာ၊့စိတ်တိုတာတွေ ကိုပြေပျောက်စေပါတယ်တဲ့။ နယူး ယောက်မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်ကြီးက သုတေသနပြု ကြည့်လိုက်တဲ့အခါမှာတော့ ပီကေ၀ါးပြီး အလုပ်လုပ် နေတဲ့သူတွေဟာ ကွမ်းဝါးပြီး အလုပ်လုပ်သူတွေ ထက်စာရင် ပိုမိရွှင်လန်းတက်ကြွနေကြပြီး လုပ်ငန်းခွင်မှာ ပိုမိုအာရုံစူး စိုက်နိုင်ကြတယ်လို့ဆိုပါတယ်။ ကွမ်းစားသလို ၀ါးပြီးရင် ထွေးထုတ်ပစ်ဖို့မလိုတဲ့အပြင် ပီကေရဲ့ချိုမြိန်တဲ့ အရသာတွေ ကို မျိုချလို့ ရတယ်မဟုတ်ပါလား။

ပီကေ၀ါးရင် သွားတွေခိုင်တယ်ဆိုတာ မှန်ပါသလား?

ပီကေ၀ါးနေတဲ့အချိန်မှာ တံတွေးတွေ ဆယ်ဆပိုမိုထွက်ရှိလာနိုင်ပါတယ်။ ဒီတံတွေးတွေက ခံတွင်းအက်ဆစ်ဓာတ် အချဉ်ဖောက်မှုကို လျော့နည်းစေတဲ့အတွက် သွားပိုးစားမှုကို ကာကွယ်နိုင်ပါတယ်။ တံတွေးတွေများလာရင် ဗက်တီး ရီးယားပိုးမွှားတွေ လျော့နည်းလာစေတဲ့အတွက် ခံတွင်းအနံ့ နံစော်မှုကိုလည်း လျော့နည်းသွားစေရပါတယ်။ နေ့လယ် ပိုင်း အစာစားပြီးလို့ သွားမတိုက်ဖြစ်ခဲ့ရင်တောင် ပီကေ၀ါးပြီးသွားတွေကို သန့်စင်အောင်လုပ်ပေးလို့ရပါသတဲ့။ ၁၉၆၄ ခုနှစ်တုန်းဆီက အာကာသယာဉ်မှူးတွေကို ပီကေ၀ါးခိုင်းစေပြီး သွားတွေသန့်ရှင်းစေခဲ့ရဖူးပါတယ်။ ပီကေမှာ သကြား မထည့်ပဲ ဇိုင်လီတောဓာတ် ထည့်သွင်းထားခဲ့ရင် သွားတွေကို ပိုမိုခိုင်မာစေတယ်လို့ ဆိုကြပါတယ်။(သကြားပါတဲ့ ပီကေဆိုရင် ပိုမိုကြာကြာဝါးပေးရပြီး တံတွေများများနဲ့ ဓာတ်ပြယ်ပေးဖို့သင့်ပါတယ်)။ ၀ါးရင်းကနေ စေးကပ်လာတာ ကြောင့် သွားကြားညပ်နေတဲ့စားကြွင်းစားကျန်တွေကို ဖယ်ထုတ်ပေးနိုင်ပါသတဲ့။ တစ်ခါတလေကျတော့လည်း သွား မှာဖာထေးထားတဲ့ အပိုင်းအစကလေးတွေကိုတောင် ပီကေက ပူးကပ်ပြီး ယူဆောင်သွားတဲ့အတွက် ငွေကုန်ခံပြီး ဖာထေးထားရတာတွေဟာ ကျွတ်ထွက်ကုန်ရတတ်ပါသတဲ့လေ။

ပီကေ၀ါးလို့ တခြားဘယ်လိုအကျိုးအမြတ်တွေ ရရှိနိုင်ပါသေးသလဲ?

စီးကရက်ဖြတ်ဖို့ကြိုးစားတဲ့အခါ ပီကေကို အစားထိုးဝါးနိုင်ကြပါတယ်။ ပီကေ၀ါးတာဟာ သွားတွေကိုခိုင်မာစေရုံသာမ က အကြောအခြင်လျော့စေတာ၊ အာရုံစူးစိုက်နိုင်တာ၊ စိတ်တင်းမာမှုတွေကို ဖြေဖျောက်ပေးနိုင်တာ၊ နိုးကြားတက်ကြွ စေနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အမေရိကန်စစ်သားတွေကို ပီကေ၀ါးခိုင်းပြီး စစ်တိုက်ခိုင်းခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်းမှာ ကော်ဖီရောထားတဲ့ ပီကေတွေကိုဝါးခိုင်းပြီး အာရုံစူး စိုက်မှု ပိုမိုရရှိနိုင်အောင်လုပ်လာကြပါပြီ။ ပီကေတစ်ခုမှာ စွမ်းအင်၁၀ကယ်လိုရီကို သုံးပစ်လိုက်ရတဲ့အတွက် ၀ိတ်ချချင် သူတွေ ပီကေ၀ါးတတ်ကြပါသတဲ့။ ထိုင်းနိုင်ငံထုတ်ပီကေတချို့မှာ ၀ဥကထွက်တဲ့ နှင်းဆီရောင်အစေးတစ်မျိုးကို သုံး ထားပါတယ်။ ၀ဥအစေးမှာ ဖိုင်တိုအီစထရိုဂျင် (Phytoestrogen) လို့ခေါ်တဲ့ မဟော်မုန်းဆန်ဆန်ဓာတ်တစ်မျိုးပါဝင် နေတဲ့အတွက်ကြောင့် မိန်းကလေးငယ်များရဲ့ ရင်သားကို ၈၀ရာခိုင်နှုန်းကြီးထွားစေတယ်လို့ တွေ့ရှိထားကြပါပြီ။ (ထိုင်းပီကေတွေ အရောင်း သွက်လာမှာ မြင်ယောင်မိပါသေးတော့တယ်)။

ဘေးဥပဒ်ဆိုးကျိုးတွေကော ရရှိနိုင်ပါသေးသလား?

ပီကေအ၀ါးများသွားရင်တော့ သွားဖာထေးထားတဲ့ နေရာတွေကနေ မာကျူရီ(ပြဒါး)တွေပြုတ်ထွက်လာစေနိုင်ပြီး အဆိပ်သင့်လာနိုင်ဖွယ်ရှိနေပါတယ်။ ပီကေ၀ါးနေစဉ်မှာ မျက်နှာကြွက်သားရှစ်ခုက တစ်ပြိုင်နက်တည်း အလုပ်လုပ် နေကြရပါတယ်။ နားထင်နဲ့ဆက်စပ်နေတဲ့ ကြွက်သားတွေ ညောင်းချိလာခဲ့ရင် ခေါင်းကိုက်လာနိုင်ပါတယ်။ တံတွေး တွေအထွက်လွန်ပြီး အားအင်ချိနဲ့မှုဖြစ်လာစေတယ်လို့လည်းဆိုကြပါတယ်။ ပီကေထုတ်လုပ်ရာမှာဆေးသကြား (အက်စပါတိန်း)ကို သုံးစွဲခဲ့ရင်တော့ နှလုံးထိခိုက်တာတွေ၊ ကင်ဆာဖြစ်နိုင်ချေတွေရှိလာနိုင်ပါသတဲ့။ ၀ါးပြီးသား ပီကေ တွေကို ထွေးထုတ်စွန့်ပစ်လိုက်တာဟာ ကွမ်းတံတွေးတွေကို လိုက်လံရှင်းလင်းရတာထက် ပိုမိုလက်ဝင်တယ်လို့ ဆိုကြပါတယ်။ ဗြိတိန်နိုင်ငံမှာ လမ်းမပေါ်ထွေးထားတဲ့ ပီကေတွေဟာ တစ်နှစ်တစ်နှစ်ကို တန်၃ဘီလျံတောင်ရှိနေပါ တယ်။ ဒါ့ကြောင့် လမ်းဓာတ်တိုင်တွေမှာ ပီကေထွေးဖို့ အမှိုက်ပုံးလေးတွေကို သီးသန့်ထားပေးနေရပါပြီ။ စင်ကာပူနိုင်ငံ မှာ ပီကေမရောင်းရ ဥပဒေကို ၁၉၉၂ခုနှစ်က ထုတ်ပြန်ပေးလိုက်ရပါတယ်။

ဝါးပြီးသားပီကေကို မျိုချမိလိုက်ရင် ဘာတွေဖြစ်လာနိုင်ပါသလဲ?

ပီကေမျိုကျသွားရင် အများစုက ဒီအတိုင်းပဲ ၀မ်းသွားတဲ့အခါ ပြန်ပါလာနိုင်ပါတယ်တဲ့။ မတော်တဆများ အူထဲမှာ စေး ကပ်ကျန်နေခဲ့ရင်တော့ ခန္ဓာကိုယ်က လုံးစေ့ပတ်စေ့ ချေဖျက်ပစ်လိုက်နိုင်ဖို့ရာ ၇နှစ်တာအချိန်ယူဖို့ လိုအပ်ပါသတဲ့။ လုံးထွေးနေတဲ့ ပီကေတွေကြောင့် အူလမ်းကြောင်း ပိတ်ဆို့မှုတွေ ဖြစ်နိုင်ချေရှိနေပါတယ်။

ပီကေစွန်းထင်းတွယ်ကပ်နေတာတွေကို ဘယ်လိုချွတ်ပစ်လို့ရပါသလဲ?

ဆံပင်မှာကပ်နေရင် နှမ်းဆီဆွတ်ပြီး ဖယ်ယူလို့ရပါတယ်။ ရေခဲအုံထားပြီးတော့လည်း ဖြည်ဆွဲယူနိုင်ပါတယ်။ လိမ္မော်ခွံ၊ သံပရာခွံညှစ်ပြီး ဆံပင်သပ်သပ် ပီကေသပ်သပ်ဖြစ်အောင် လုပ်ပေးလို့ရပါတယ်။ ဆံပင်တွေကို ညှပ်ပစ်ဖို့မလိုပါ။ အင်္ကျီ တွေမှာ တွယ်ကပ်နေရင်တော့ အ၀တ်ကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာ၊ ရေခဲခန်းထဲမှာ ညသိပ်ထား လိုက်ရင် လွယ်လွယ်ကူကူ ခွာယူလို့ရပါပြီ။ ကော်ဇော်၊ဆိုဖာ၊ကုလားထိုင်တွေမှာကပ်နေရင် လိမ္မော်ခွံ၊သံပရာခွံ၊ ရေခဲ၊ နှမ်းဆီ စတာတွေသုံးပြီး ဖယ်ယူလို့ရနိုင်ပါသတဲ့။

ပီကေကို အပျင်းပြေ၀ါးရင်း ပူဖောင်းမှုတ်နေကြသူ လူကြီးလူငယ်များအတွက် သိမှတ်ဖွယ်ရာ တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

Ref: Health Digest Journal – Vol.5, No.44. August 6 Wednesday 2008

မြတ်နိုးဖွယ်ရာ ဝေဖန်ပါ

မြတ်နိုးဖွယ်ရာ ဝေဖန်ပါ
ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့် ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင် မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။
ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဥာဏ်ပညာလည်း ကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ ပညာ နှစ်ဖြာမျှတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။
(ဘန္ဒန္တ ခမာဝုဓ ဆရာတော်)

မိတ်ဆွေတစ်ဦး၏ ကောင်းမှုကြောင့် အထက်ပါမှတ်သားနာယူဖွယ် သြ၀ါဒထူးကို ဖတ်ရှုခဲ့ရသည်။ ဆရာတော်ဘုရား ကြီး၏အဆုံးမကို ရှေ့ဆုံးစာမျက်နှာတွင် ထင်ထင်ရှားရှားဖော်ပြပေးခဲ့သည့် မြတ်မင်္ဂလာဘာသာရေးစာစောင် အယ်ဒီတာအဖွဲ့အားလည်း အထူးတလည် ကျေးဇူးတင်မိသည်။
မိတ်ဆွေဖြစ်သူက ယင်းစာမျက်နှာကို ဖတ်ပြီးလျှင်ပြီးချင်း အပြေးရောက်လာခဲ့ပြီး ဤသြ၀ါဒကထာသည် စာရေးသူတို့လို ဆောင်းပါးရှင် များအတွက်လည်း အထူးမှတ်သားနာယူဖွယ်ကောင်းသည်ဟု ယူဆကြောင်းပြောလာသည်။ ဆရာတော်၏သြ၀ါဒကို ဖတ်ပြီးသည့်နောက် စာရေးသူက မိတ်ဆွေကို ကျေးဇူးတင်စကားဆိုမိသည်။ ဖော်ပြပါအဆိုအဆုံးအမကိုလည်း အကြွင်းမဲ့ထောက်ခံခဲ့သည်။
မှန်ပါသည်။ ဆရာတော်ကြီး မိန့်ကြားသလို မျက်မှောက်ကာလတွင် စာပေနယ်ပယ်အသီးသီး၌ ဝေဖန်ရေးဆောင်းပါးရှင်တို့ အမြောက် အမြားပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ၁၉၉၀ပြည့်လွန်နှစ်များတွင် ဝေဖန်ရေးဟု ကင်ပွန်းတပ် နိုင်သော ဘာသာရေးဆိုင်ရာ ပြုပြင် တိုးတက်ရေးဆောင်းပါးကောင်းများ အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာခဲ့သည်။ သာသနာတော်ကြီးတွင် ကပ်တွယ်ငြိနေသော အညစ် အကြေး၊ ကြေးညှော်များကို တတ်စွမ်းသည့်ဘက်မှ ၀ိုင်းဝန်းတိုက် ချွတ် ဆေးကြောခဲ့ကြသည်မှာ အားရစရာ ကောင်းလှပေသည်။ သို့သော် ယင်းလုပ်ရပ်တို့ကပင် မိမိတို့၏ သမာအာဇီ ၀မကျသော ကြီးပွားတိုးတက်ရာ လမ်းကြောင်းအတွက် အတားအဆီး ခလုတ် တံသင်းဖြစ်ခဲ့ရသူတချို့က မုဒိတာမပွား နိုင်ကြသည်ကိုလည်း အထင်အရှားတွေ့မြင်ခဲ့ရသည်။
မည်သို့ဆိုစေ – ဘာသာသာသနာ အကျိုးအတွက် ဗုဒ္ဓမြတ်စွာအဆုံးအမနှင့်အညီ တတ်စွမ်းသမျှ စွန့်လွှတ်သယ်ပိုးကြ မည်ဟူသည့် မြင့်မြတ်သော အသိစိတ်ဓာတ်ဖြင့် ထွက်ပေါ်လာခဲ့သည့် ဝေဖန်ရေးဆောင်းပါးများ၏ ရေစီးကြောင်း သည်ကား အဖျက်အမှောင့်သမား တို့ကိုကျော်လွန်လျက် အရှိန်အဟုန်ကောင်းစွာ စီးဆင်းနေပေပြီ။
ထို့ကြောင့်လည်း ဆရာတော်အရှင်ခမာဝုဓက ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ မယိမ်းယိုင် မတိမ်းစောင်းရလေအောင် ဗုဒ္ဓသာသနာ ဆိုင်ရာဝေဖန်ရေး ဆောင်းပါးရှင်များအား သတိပေးမှာကြားခြင်းပင် ဖြစ်သည်ဟု စာရေးသူ အလေးအနက်ယုံကြည် ခံစားမိပါသည်။ ဆရာတော်ဘုရားက လိုရင်းကို တိုတိုရှင်းရှင်း မိန့်ကြားခဲ့သည်ဖြစ်ပေရာ အသိတရားနုနယ်သူလူငယ်လူရွယ်အချို့အတွက် အကောက် အယူ လွဲချော်သွားမည်ကိုကား စာရေးသူ စိုးရိမ်မိသည်။  သို့ကြောင့်လည်း ဤစာကိုရေးဖြစ်သွားခြင်းဖြစ်ပါသည်။
ဆရာတော်က ဝေဖန်ပိုင်းခြားကြရာတွင် သဒ္ဓါရှိဖို့လည်းလိုအပ်ကြောင်း အလေးအနက်ထားမှာကြားခဲ့သည်မှာ ဗုဒ္ဓမြတ်စွာအဆုံးအမနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။ သဒ္ဓါတရားမပါသော ဝေဖန်ရေးသည် မိစ္ဆာအယူကို ဖြစ်စေနိုင် သည်ဆိုသည့်အချက်ကို စာရေးသူ အကြွင်း မဲ့ထောက်ခံပါသည်။ သို့သော် သဒ္ဓါတရားဆိုသည့် အသုံးအနှုန်းအပေါ် ဗုဒ္ဓအလိုတော်ကျ မှန်မှန်ကန်ကန် နားလည်ကြဖို့ လွန်စွာအရေး ကြီးလှပေသည်။
သဒ္ဓါဟုဆိုလိုက်သည်နှင့် လူအတော်များများက ယုံကြည်မှုဟုသာ ချက်ချင်း အလွယ်တကူနားလည်တတ်ကြသည်။ ယုံကြည်သည် ကတော့ ဟုတ်ပါပြီ၊ ဘာကိုယုံကြည်ခြင်းကို ဆိုလိုပါသနည်း ဟုဆိုလျှင်ကား အဖြေအမျိုးမျိုး ပေးတတ်ကြသည်။ အများစုမှာ ဘုရား၊ တရား၊သံဃာအပေါ်အကြွင်းမဲ့ယုံကြည်ခြင်းပေါ့ဟု ဆိုတတ်ကြသည်။ အဖြေကားမမှားပါ။ သို့ရာတွင် ယေဘုယျကျလွန်းအားကြီးနေပေရာ ယင်းသို့အဖြေပေးသူများထဲတွင်ပင် နားလည်မှု ချင်း ကွာခြားနေတတ်သည်။
စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ ကွဲကွဲပြားပြားသိထားသင့်သည်မှာ ဗုဒ္ဓသာသနာတော်နှင့်ညီသော ယုံကြည်မှုသည် အသိဥာဏ်နှင့် ယှဉ်သောယုံကြည်မှုကိုသာ ဆိုလိုခြင်းဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်။ အချို့သော သာသနာပ ဘာသာတရားများတွင် အသိ ဥာဏ်နှင့် ယှဉ်သော ယုံကြည်မှုမျိုးကို အကြွင်းမဲ့ပိတ်ပင်ထားရာ ဘာသာရေး ခေါင်းဆောင်တို့၏ အဆိုအမိန့်ကို မှန်သည်မှားသည် အကဲဖြတ်ခွင့်မရှိကြပေ။ အကြွင်းမဲ့ မျက်စိစုံမှိတ်၍ အကန်းယုံ ယုံကြရသည်။ အနည်းငယ် ဝေဖန်ထုတ်ဖော် ပြောကြားမိသူများကိုပင် မိစ္ဆာဒိဋ္ဌိများအဖြစ်စွပ်စွဲကာ ကြီးလေးသော ဘာသာရေးပြစ်ဒဏ်များ ချမှတ်တတ်ကြသည်။
ဗုဒ္ဓသာသနာတော်တွင်ကား ထိုသို့မဟုတ်ချေ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့် ဓမ္မဒေသနာတော်တို့၏ ထူးခြား ချက်ဖြစ်သော ဓမ္မ ဂုဏ်တော်ခြောက်ပါးတို့၏ အနက်အဓိပ္ပာယ်ကို လေ့လာကြည့်ပါကတွေ့မြင်နိုင်ပါသည်။ "လာလော့၊ ရှုလော့၊ ကိုယ်တိုင်လိုက်နာကျင့်သုံး ကြည့်၊ ဝေဖန်ပိုင်းခြား စိတ်ဖြာကြည့်ကြလော့" ဟုဝေဖန်ရေးကို အစဉ်သဖြင့် လက်ကမ်းကြိုနေသည်ကား ဗုဒ္ဓဓမ္မ၏ ပြိုင်ဘက် ကင်းသော ထူးခြားချက်ကြီးပင် ဖြစ်တော့သည်။
ဗုဒ္ဓမြတ်စွာသည် သူဟောကြားတော်မူခဲ့သည့် ဓမ္မတရားတော်တို့အပေါ် ဤရွေ့ဤမျှရဲရဲဝံ့ဝံ့ ဝေဖန်ဆန်းစစ်ခံဝံ့သည်မှာ အဘယ်ကြောင့် နည်းဟု ကျွန်ုပ်တို့တွေးဆသင့်ပေသည်။
အကြောင်းရှိပါသည်။ ဗုဒ္ဓမြတ်စွာဟောကြားသမျှ တရားဒေသနာတော်တို့သည် သူ၏ကိုယ်ပိုင် ထင်မြင်ယူဆချက်များ မဟုတ်ဘဲ လောက ၏ ဖြစ်စဉ်သဘာဝ (၀ါ) သဘာဝဓမ္မ၊ တစ်နည်းဆိုသော် အမှန်တရားကို အရှိ အရှိအတိုင်း ထုတ်ဖော်တင်ပြခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။
သို့ကြောင့် ဗုဒ္ဓမြတ်စွာသည် သူ၏ ဆုံးမခြင်းပြာဋိဟာ၏ အာနိသင်ကို အကြွင်းမဲ့ယုံကြည်စိတ်ချခဲ့သည်။ လောက၏ အမှန်တရားကို ရှာဖွေ နေသူ၊ အမှန်တရား၏အစွမ်းသတ္တိကို ယုံကြည်သူ၊ အမှန်တရားကို ချစ်မြတ်နိုးသူသာဖြစ်ပါစေ၊ ဗုဒ္ဓမြတ်စွာ၏ ဆုံးမခြင်းပြာဋိဟာကို လွန် ဆန်နိုင်သူဟူ၍ လောက၌မရှိချေ။
လောက၏ဓမ္မတာဖြစ်စဉ်ကို အရှိအတိုင်းတင်ပြထားသော တရားဒေသနာဖြစ်ပေရာ လက်တွေ့စမ်းသပ်ကြည့်ရမှ ယုံကြည်လို သူတို့ အတွက် ဗုဒ္ဓဓမ္မသည် လွန်စွာသင့်လျော် လိုက်ဖက်ညီနေခဲ့၊ ညီနေဆဲ၊ ညီနေဦးမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် သူ၏ သာသနာကို ပြုစုပျိုးထောင်ဖြန့်ဝေခဲ့ရာ၌ အချို့သောသာသနာပ ဘာသာ တရားတို့ကဲ့သို့ မစားရ၀ခမန်း စိတ်ကူးယဉ်စကားလုံး များဖြင့် မက်လုံးပေးဆွဲဆောင်ခြင်း၊ ကြောက်မက်ဖွယ်ရာ ငရဲ ခန်းများဖြင့် ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ ဗုဒ္ဓမြတ်စွာ၏ အလိုတော်နှင့်အညီ သာသနာပြုလာခဲ့ကြသော စစ်မှန်သည့် ဗုဒ္ဓသာသနာဝင် အစဉ်အဆက် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်ကြရာတွင် တန်ခိုးပြာဋိဟာပြခြင်း၊ လောကီရေးရာမက်လုံးများဖြစ်သည့် စားဝတ်နေရေးထောက်ပံ့ခြင်းတို့ဖြင့် ဆွဲဆောင်သိမ်းသွင်းမှု မရှိခဲ့ပေ။ ဓား စွမ်းပြ ခြိမ်းခြောက်ကာ မိမိတို့ဘာသာဝင်အဖြစ် မခံယူသူများအား ညှဉ်းပန်းနှိပ်စက် မျိုးဖြုတ်သည့်နည်းဖြင့် သာသနာပြု ခြင်းမျိုးလည်း အလျဉ်းမရှိခဲ့ပါချေ။
တစ်နည်းဆိုရသော် ဗုဒ္ဓမြတ်စွာနှင့်တကွ ဗုဒ္ဓ၏နောက်လိုက်တို့သည် 'ခွန်အားသည် အမှန်တရား' (Might is Right) ဟုမယုံကြည်ဘဲ 'အမှန်တရားသည်သာ ခွန်အား' (Right is Might) ဟုယုံကြည်ခဲ့ကြသူများသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော်တွင်ရှိသော သဒ္ဓါတရား (၀ါ) ယုံကြည်မှုဆိုသည်မှာ 'အမှန်တရားသည်သာ ခွန်အားဖြစ်သည်' ဟူသော ယုံကြည်မှုမျိုးသာဖြစ် ကြောင်း အလေးအနက် သတိချပ်သင့်ပေသည်။
လောကတွင် အမှန်တရားသည်ရှိ၏။ ယင်းအမှန်တရားကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်သာ မိမိဘ၀တစ်သက်တာ၏ အဆုံးစွန် သော အောင်မြင်မှုပန်းတိုင်ဖြစ်၏ဟူသော ယုံကြည်ချက်မျိုးသည်သာ စစ်မှန်သော သဒ္ဓါတရား ဖြစ်ပေသည်။ အမှန်တရားကို မြတ်နိုးခြင်း ဟုလည်း ဆိုနိုင်ပါသည်။ မိမိပတ်ဝန်းကျင်သည် အမှန်တရားကို ကျောခိုင်း ကောင်း ကျောခိုင်းနေပါလိမ့်မည်။ အမှန်တရား ဆိတ်သုဉ်းနေ သည့် ပတ်ဝန်းကျင်ကြောင့် မှန်ရာကိုပြော၊ မှန်ရာကိုလုပ်လိုသူတို့အဖို့ လတ်တလော ပင်ပန်းဆင်းရဲမှုတို့နှင့် ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ပါသည်။ သို့ရာတွင် မိမိက အမှန်တရားကိုသာ လက်ကိုင်ထားလျက် ဘ၀ခရီးကြမ်းကို ကျော်ဖြတ်လျှောက်လှမ်းမည်ဆိုပါက တစ်နေ့ သောအခါတွင် အမှန်တရား၏တန်ခိုးသတ္တိကြောင့် မိမိအောင်ပွဲခံနိုင်ရမည်ဟူသော ယုံကြည်ချက်မျိုး ရှိထားဖို့ လိုပေသည်။
ဗုဒ္ဓသာသနာတော်၏ အဆုံးစွန်သောပန်းတိုင်သည် သစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေးဖြစ်သည်။ လွယ်လွယ် ဆိုရသော် အမှန် တရားကို သိမြင်ရေးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်သည်နှင့်တပြိုင်နက် မိမိတို့သည် အမှန်တရားသည်သာ ခွန်အားသတ္တိ ဖြစ်ကြောင်းယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေးအတွက် တတ်စွမ်း သမျှ ကြိုးပမ်းအားထုတ်ပါတော့မည်ဟု သန္နဋ္ဌာန်ချမှတ် လိုက်ခြင်းပင်ဖြစ်သည်။ အမှန်တရားသည် ဓမ္မပင်ဖြစ်ပေရာ 'ဓမ္မံ သရဏံ ဂစ္ဆာမိ' ဆိုသည့် သရဏဂုံတစ်ပါးနှင့် ပြည့်စုံသွားပေပြီ။
အမှန်တရားကို ယုံကြည်မြတ်နိုးသူအနေနှင့် ယင်းအမှန်တရားကို ဖော်ထုတ်တင်ပြသွားသည့် ပုဂ္ဂိုလ်အပေါ် ယုံမှားသံသယဖြစ်စရာ လမ်းမရှိတော့ချေ။ ထို့ကြောင့် 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' တည်းဟူသော သရဏဂုံနှင့်လည်း ပြည့်စုံသွားလေပြီ။ အမှန်တရားနှင့် ယင်းအမှန် တရားကို ထုတ်ဖော်တင်ပြသူရှိခဲ့သလို ယင်းအမှန်တရားကို သိမြင်ရေးလမ်းစဉ်တို့အား ခေတ်အဆက်ဆက် ဆောင်ကြဉ်းလာခဲ့သည့် စစ်မှန်သောသံဃာတော်တို့ အပေါ်၌လည်း ယုံမှားသံသယ ဖြစ်ဖွယ်မရှိတော့ချေ။ ထို့ကြောင့် 'သံဃံ သရဏံ ဂစ္ဆာမိ' ဆိုသည့် သရဏဂုံ နှင့်လည်း ပြည့်စုံသွားတော့သည်။
ထို့ကြောင့် စစ်မှန်သော သရဏဂုံတည်ခြင်းသည် အမှန်တရားကို မြတ်နိုးယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားအပေါ်တွင် မဏ္ဍိုင်ပြု နေကြောင်း သိသာထင်ရှားလှပေသည်။ နှုတ်ဖျားက သရဏဂုံသုံးပါးကို မည်မျှပင် တွင်တွင်ကြီးရွတ်နေစေကာမူ အမှန်တရားကိုယုံကြည် စိတ်၊ အမှန်တရားကိုသာ အားကိုးအားထားပြုသောစိတ်၊ အမှန်တရားကို ရှာဖွေသိမြင်လိုသောစိတ်တို့နှင့် မပြည့်စုံပါက သဒ္ဓါတရားနှင့် ပြည့်စုံခြင်း မရှိနိုင်ချေ။ ယင်းသို့ သဒ္ဓါတရားကင်းမဲ့နေမည်ဆိုပါက ဆရာတော် အရှင်ခမာဝုဓ မိန့်ကြားသကဲ့သို့ မိစ္ဆာဒိဌိ ဧကန်မုချဖြစ်နေ ပါလိမ့်မည်။
ဝေဖန်ရေး၏အထက်တွင် ဘာမျှမရှိ ဆိုသော ပညာရှိတို့၏စကားကို စာရေးသူကြားဖူးဖတ်ဖူးပါသည်။ သို့သော် ယင်းဝေဖန်ရေးသည် ဆရာတော်ဘုရားကြီး မိန့်ကြားသလို သဒ္ဓါတရားနှင့်ပြည့်စုံသော ဝေဖန်ရေးကိုသာဆိုလိုသည်ဟု စာရေးသူအလေးအနက်ယုံကြည်ပါ သည်။ ဝေဖန်ရေးဟူသည် အမှန်တရားကိုရှာဖွေသော နည်းလမ်းတစ်ရပ် သာဖြစ်သည်။ တစ်ပါးသူအား ပြစ်တင်ရှုတ်ချပြောဆိုခြင်းသည် ဝေဖန်ရေးမမည်ချေ။ ပုဂ္ဂိုလ်ရေးဦးတည်ချက်ထား၍ ကဲ့ရဲ့ရှုတ်ချခြင်းသည် မိုးပေါ်မော့၍ တံတွေးထွေးခြင်းနှင့်သာတူလှပေရာ အထူး ရှောင်ရှားသင့်သည်။ အချို့မှာ ယဉ်ကျေးဖွယ်ရာ စကားများ တွင်တွင်သုံးထားစေကာမူ သဒ္ဓါတရားတည်းဟူသော အမှန်တရားကိုမြတ်နိုး စိတ်အား အခြေမခံဘဲ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်လိုစိတ်ကိုသာ အခြေခံထားပေရာ ထိုသူတို့၏ဝေဖန်ရေးသည် စေတနာမမှန်သော ဝေဖန်ရေးအတုအယောင်သာ ဖြစ်ကြောင်း စာဖတ်ပရိတ်သတ်က ကောင်းစွာသိကြပါသည်။
ထို့ကြောင့် ဝေဖန်ရေးဆောင်းပါးရှင်တိုင်း သတိချပ်သင့်သည်မှာ ဝေဖန်ရေးစာတစ်ပုဒ် ရေးတော့မည်ဆိုသည်နှင့် မိမိကိုယ်ကိုပြန်လည် စစ်မေးသင့်သည်။ ငါသည် ဤစာကိုရေးရာ၌ သဒ္ဓါတရား၏တိုက်တွန်းစေ့ဆော်ချက် ပါဝင်ပါ ၏လော ဆိုသည့်အချက်ကို အပြန်ပြန်အ လှန်လှန် ဆန်းစစ်သင့်သည်။ မိမိရေးလိုက်သောစာသည် အမှန်တရားထွန်း ကားရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည်ဟု ယုံကြည်မှရေးသင့်သည်။ ထို့သို့မဟုတ်မူဘဲ ထင်ပေါ်လို စိတ်၊ သူတစ်ဖက်သားကို အပြစ်တင်အနိုင်ယူလိုစိတ်၏ စေ့ဆော်မှုကြောင့်ရေး မည်ဆိုပါက စေတနာမသန့်သလို စာကလည်း သန့်လိမ့်မည်မဟုတ်ချေ။
တစ်ဖက်တွင်လည်း အမှန်တရားကိုမြတ်နိုးခြင်းဟူသည် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရားနှင့် ပြည့်စုံသောဝေဖန်ရေးမျိုးကို လက်လှမ်းကြို ဆိုသင့်ပါသည်။ ဗုဒ္ဓသာသနာတော်တွင် ဝေဖန်ရေးသည် ကြောက်စရာမဟုတ်ချေ။ မြတ်နိုးစရာသာ ဖြစ်ပေသည်။ အမှန်တရားကို မြတ်  နိုးစွာရှာဖွေနေသူ ဗုဒ္ဓဘာသာဝင်အချင်းချင်း တစ်ဦး၏အမှားကို တစ်ဦးကထောက် ပြခြင်းသည် အလွန်ကောင်းမြတ်သော လုပ်ငန်းတစ် ရပ်သာ ဖြစ်ပါသည်။ မိမိအမှားကို ဝေဖန်ထောက်ပြသူထက် သာလွန်ကောင်းမြတ်သော မိတ်ဆွေမျိုး လောကတွင်မရှိဆိုသည့်အချက်ကို အမှန်တရားမြတ်နိုးသူတိုင်း သိရှိနားလည်ထားကြပါသည်။
ဤမျှဆိုလျှင် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရား၊ ဆရာတော် အရှင် ခမာဝုဓ မိန့်ကြားခဲ့သော သြ၀ါဒလာသဒ္ဓါတရားဆိုသည်မှာ အမှန်တရား ကိုယုံကြည်မြတ်နိုးခြင်းကိုသာဆိုလိုကြောင်း သဘောပေါက်လောက်ပေပြီ။ ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ အနေနှင့်လည်း ဗုဒ္ဓမြတ်စွာ၏ အဆိုအဆုံးအမနှင့်အညီ အမှန်တရားမြတ်နိုးသောစိတ်ကို အခြေပြု လျက် ကြံစည်ကြ၊ ပြောဆိုကြ၊ လုပ် ကိုင်ကြခြင်း ဖြင့် သစ္စာတရားထွန်းကားသော မြင့်မြတ်ကောင်းမွန်သည့် လူ့ဘောင် လောကသစ်ကို ထူထောင်နိုင်ကြပါစေဟု ဆန္ဒပြု ရင်းဤစာစုကို နိဂုံးချုပ်အပ်ပါသတည်း။

ဝင်းသိန်းဦး
(၃၀-၇-၉၄)
ဓမ္မရံသီ၊ ၁၉၉၄ခုနှစ်၊ အောက်တိုဘာလ။
စာကြွင်း။           ။ အထက်ပါဆောင်းပါးသည် ဆရာဝင်းသိန်းဦးရေးသားထားသော ဆောင်းပါးဖြစ်ပြီးလုံးချင်းအနေဖြင့် 'ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ' အမည်ဖြင့် Future Publishing Houseကထုတ်ဝေပြီးဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် ပြန်လည်ဝေမျှ ခြင်းသာဖြစ်ပြီး ကိုယ်တိုင်ရေးသားထားသောစာမူများမဟုတ်ပါ။

Friday, January 22, 2010

Myanmar Salad

-->
ဒီတစ်ခါ ဟင်းချက်နည်းလေးတွေ မရေးဘဲ အသုပ်စုံ သုပ်စားကြည့်ကြရအောင်။ အဓိကဟင်းလျာတွေနဲ့ တွဲဖက်စားရင် လည်းရသလို အပျင်းပြေသပ်သပ် သုပ်စားရင်လည်းရပါတယ်။
သုပ်တဲ့သူရဲ့လက်မှန်းပေါ်မူတည်ပြီး အသုပ်တွေရဲ့အရသာဟာ ကောင်းမကောင်းမူတည်သွားတတ်ပါတယ်။ ထည့်သည့် ပစ္စည်းကတော့ အတူတူပဲဖြစ်ပေမဲ့လေ။ ကဲ...ဘာပဲဖြစ်ဖြစ် အသုပ်လေးတွေသုပ်စား ကြစို့။
ကျောက်ပွင့်သုပ်
ပါဝင်သောပစ္စည်းများ
ကျောက်ပွင့်         လက်တစ်ဆုပ်
ပဲမှုန့်                  ၃ဇွန်း (ဇွန်းသေး)
ပုစွန်ခြောက်         ဇွန်းကြီးတစ်ဇွန်း
ကြက်သွန်နီ         ၃ ဥ
ငရုတ်သီးမှုန့်        အနည်းငယ်
ငံပြာရည်             သင့်ရုံ
ချက်ပြုတ်နည်း
-           ကျောက်ပွင့်ကို ရေစိမ်ထားပြီး ပွလာလျှင် ခဲသလဲစင်အောင်ဆေးပါ။
-           ကြက်သွန်နီကို ဆီချက်ထားပါ။
-           ပုစွန်ခြောက်ကို အကောင်ဆိုလျှင် ထောင်းထားပါ။
-           ကျောက်ပွင့်ကို ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့် နှယ်ပါ။
-           သမလျှင် ဆီချက်ထည့်၍ သုံးဆောင်နိုင်ပါသည်။
-           အချို့က ကြက်သွန်စိမ်း၊ ဂေါ်ဖီရွက်တို့ကိုလည်း ထည့်သုပ်စားတတ်ပါသည်။
သင်္ဘောသီးသုပ်
ပါဝင်သောပစ္စည်းများ
သင်္ဘောသီး         ၁ လုံး
ပုစွန်ခြောက်မှုန့်     ထမင်းစားဇွန်း ၂ဇွန်း
ပဲမှုန့်                  ထမင်းစားဇွန်း ၁ဇွန်း
ဆီ                     ၅ ကျပ်သား
ကြက်သွန်နီ         ၃ ဥ
ကြက်သွန်ဖြူ        ၃ ဥ
ငံပြာရည်             ၁ဇွန်း
မန်ကျည်းသီးမှည့် အနည်းငယ်
ချက်ပြုတ်နည်း
-           သင်္ဘောသီးကို အခွံနွှာ၍ ရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ပါ။ ပြီးလျှင် ကွမ်းစားထုံးအနည်းငယ် ထည့်၍နယ်ကာ ရေဆေးလိုက်ပါ။
-           ကြက်သွန်ဖြူ၊နီကို ရော၍ဆီချက်ပြုလုပ်ပါ။
-           သင်္ဘောသီးကို ရေစင်အောင်ညှစ်ပြီး ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ဆီချက်တို့နှင့်ရော၍ သုပ်ပါ။
-           မန်ကျည်းမှည့်ကို ရေအနည်းငယ်နှင့်ဖျော်၍ ထည့်ပါ။
-           အစပ်ကြိုက်သူများအဖို့ မိုးမျှော်ငရုတ်သီးကို ပါးပါးလှီး၍ထည့်ပါ။ ငရုတ်သီးမှုန့်ထည့်လိုက ထည့်ပါ။
(အချို့က သင်္ဘောသီးသုပ်ကို သင်္ဘောခြစ်ဖြင့် သင်္ဘောသီးကိုမခြစ်ဘဲ ပါးပါးလှီးကာ ငရုတ်သီးစိမ်း၊ ပုစွန်ငါးပိ၊ မန်ကျည်းမှည့်ရည်၊ ပုစွန်ခြောက်မှုန့်ဖြင့်လည်း သုပ်စားတတ်ကြပါသည်။)
ကြက်သားသုပ်
ပါဝင်သောပစ္စည်းများ
ကြက်သားပေါင်                ၂ ခု
ကြက်သွန်နီ                     ၅ ဥ
ပဲငံပြာရည်                       ထမင်းစားဇွန်း ၂ဇွန်း
သံပရာသီး                       ၁ လုံး
ငရုတ်သီးစိမ်း                   ၃ တောင့်
ဆား                              သင့်ရုံ
ချက်ပြုတ်နည်း
-           ကြက်ပေါင် ၂ခု သို့မဟုတ် ရင်အုပ်ပိုင်း ၂ခုကို ဆားသင့်ရုံဖြင့် ပြုတ်ပါ။
-           ရေအနည်းငယ်ဖြင့် ရေခန်းပြုတ်ပြီး ကြက်သားနူးလျှင်ချပါ။ ကြက်သားကို အမျှင်သေးသေး ရအောင် လက်ဖြင့်ဆွဲပေးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး အားလုံးရော၍ သံပရာရည်ညှစ်ထည့်ကာ သုံးဆောင်ပါ။
(ကြက်ကင်ဆိုင်က ကင်ပြီးသား ကြက်ပေါင်တွေကိုလည်း အလားတူသုပ်စားလို့ရပါတယ်။)

Myanmar's Internet (Part II)

မြန်မာ့တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု

တကယ်တော့ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဆောင်ရွက်မှုများအားလုံးသည် မြန်မာ့ဆက်သွယ်ရေး (MPT) လက်အောက်မှ လုပ်ဆောင် ကြရတာဖြစ်ပါတယ်။ တယ်လီဖုန်းဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေးမှသာ တိုက်ရိုက်ကိုင်တွယ်ထားသော လုပ်ငန်းတခုဖြစ်သည်။ နိုင်ငံတနံတလျားရှိ တယ်လီဖုန်းဆက်သွယ်မှုများ အင်တာနက် ဝန်ဆောင်မှုများအတွက် ရောင်းချမှုနှင့် ပြုပြင်ထိန်းသိမ်းမှု အားလုံးကို အစိုးရ အသိအမှတ်ပြု မြန်မာ့ဆက်သွယ်ရေးကသာ ပြုပြင်ထိန်းသိမ်းခန့်ထားဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ထားရှိသည်။ အကြမ်းအား ဖြင့် နှစ်ပေါင်း ၂ဝ အတွင်း မြန်မာ့ဆက်သွယ်ရေးသည် စီမံကိန်းများစွာဖြင့် တပြည်လုံးရှိ ဆက်သွယ်ရေး ကွန်ယက်ကို ပိုမိုကောင်းမွန် လာအောင် ပြုပြင်မှုများ လုပ်ခဲ့ပါသည်။ တယ်လီဖုန်းလိုင်းပေါင်း တသိန်းခန့်ကို ထိန်းသိမ်းဆောင်ရွက်နေရာမှ ၂၀၀၈ ခုနှစ်မှာ တယ်လီ ဖုန်းတပ်ဆင်မှုဟာ တနိုင်ငံလုံးမှာ တသန်းနီးပါး ရှိလာပြီဖြစ်သည်။ သို့သော်လည်း လိုင်းဖုံးချထားပေးမှုသည် ၂၀၀၉ ခုနှစ်ထိ ၂ % သာ တိုးတက်မှု ရှိသည်။ တယ်လီဖုန်းလိုင်း လျှောက်ထားပြီး စောင့်စားနေသူများ အများအပြားရှိနေခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခု ထက်ပိုမိုသည့် လိုင်များ ဆက်လက်ချထားပေးရန် လိုနေပါသေးသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းဖုံးအရေအတွက် အများအပြားကို ချထားပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် လိုင်း ပေါင်း ၅ သိန်းခန့် ဆက်လက်တိုးချဲ့ရန် ရှိနေကြောင်း သိရသည်။ အဲဒီလုပ်ငန်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ သန်းပေါင်းများစွာခန့်ရှိပြီး ထိုငွေများ ရရှိရန် အတော်လေး ခက်ခဲနေသေးသည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသော်လည်း ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ပေါ်လစီအရ ဤသည်မှာ ကန့်သတ် မှုများ ရှိနေသဖြင့် ထင်ထားသလောက် တိုးတက်မှု ရှိမလာကြောင်း ဒေသတွင်း နိုင်ငံများ၏ ဆက်သွယ်ရေး ဖွံဖြိုးမှုများကိုကြည့်ပြီး သိနိုင် ပါသည်။ လက်ရှိအနေဖြင့် ပြည်တွင်းမှာ လက်ရှိအသုံးပြုနေသည့် ဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုမှ ရရှိမှုသည် တနှစ်လျှင် ဒေါ်လာ ၆ သန်း ခန့် ရရှိနေပြီး တိုင်းပြည်အတွက် ဝင်ငွေများစွာ ရှာပေးနိုင်သည့် လုပ်ငန်းတခုအဖြစ် ဆက်သွယ်ရေးလုပ်ငန်းသည် တည်ရှိနေသည်ကို လည်း အားလုံးနားလည်နိုင်ကြသည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၈ ခုနှစ်ထိ ကျေးရွာပေါင်း ၆၀၀၀ ခန့်သာ တယ်လီဖုန်းလိုင်းတပ်ဆင်ရန် ကျန်ရှိနေသည်။ မိုက်ခရိုဝေ့ ဆက် ကြောင်းများစွာကို ဆက်လက်တည်ဆောက်ပေးနေပြီး မိုဘိုင်းကွန်ယက်ကို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည်ကို တွေ့နိုင် သည်။ ရန်ကုန်မြို့ပေါ်မှာ ယနေ့အထိ တည်ဆောက်ပြီးစီးသည့် မိုဘိုင်းဆက်ကြောင်း စခန်းပေါင်း ၃ဝ နီးပါး ရှိနေပြီဖြစ်သည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ဂြိုဟ်တုဆက်ကြောင်းများ မိုက်ခရိုဝေ့ ဆက်ကြောင်းများနှင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်အောင် ဆောင်ရွက်နေ ကြောင်း အစိုးရမှ ပြောဆိုနေသော်လည်း မိုဘိုင်းတယ်လီဖုန်း ရရှိမှု အချိုးအစားသည် ကန့်သတ်မှုများစွာ အောက်မှာ ရှိနေပြီး အမှန်တ ကယ် အသုံးလိုသူများသည် မိုဘိုင်းဖုန်းကို တရားဝင် ရရှိရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း ကျဆင်းလာသည့် ပြင်ပမိုဘိုင်းဖုန်း ဈေးနှုန်းများကြောင့် အရောင်းအဝယ်များ ထိုင်းမှိုင်းနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဈေးသက်သည့် မိုဘိုင်းတယ်လီဖုန်း အများအပြားကို MPT ကပဲ ဆက်လက်ရောင်းချပေးခဲ့သည်။ သို့သော်လည်း ဤပစ္စည်းများသည် အ မှန်တကယ် အသုံးပြုလိုသူများထံ တိုက်ရိုက်ရောက်ရှိမှု နည်းနေသဖြင့် ပြင်ပဈေးကွက်သည် ပြန်လည်လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်အ တွင်း မိုဘိုင်းဖုန်းဈေးနှုန်းသည် အနိမ့်ဆုံးကို ရောက်ရှိကာ WCDMA, CDMA, GSM တို့သည် ဈေးမတိမ်းမယိမ်း အနေအထားရောက်ရှိခဲ့ သည်။ cell phone များသည်လည်း ဆက်လက်ထုတ်ပေးခြင်း မရှိတော့သော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေဆဲဖြစ် သည်။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင်တော့ ရန်ကုန်နှင့် မန္တလေး၊ နေပြည်တော်တို့တွင်ပါ အသုံးပြုနိုင်မည်း CDMA များကို ကနဦး ပေးသွင်းငွေ ၅ သိန်းဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုအကြောင်းအရာသည် ယခင်နည်းများအတိုင်း လိုအပ်သူများအတွက် သီးသန့်ဈေးကွက်တခု ပေါ်ပေါက်လာစေမည့် အခွင့်အလမ်းတခုသာ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အမျိုးအစားစုံ မိုဘိုင်းအသုံးပြုသူ အရေအတွက်သည် ၅ သိန်းနီးပါးခန့် ရှိသည်။ လူဦးရေ ၅ သန်းနီးပါး ရှိသော ရန်ကုန်မြို့ပေါ်တွင် မိုဘိုင်းလိုင်းပေါင်း ၂ သိန်းကျော်သာရှိသဖြင့် အသုံးပြုသော အရေအတွက် ၃ % ခန့်သာ ရှိသည်။ တကယ် တမ်း ရန်ကုန်မြို့တခုထည်းတင် ဒေသတွင်းနိုင်ငံများအလိုက် ရောင်းချပေးနိုင်သည့် ဈေးနှုန်းများဖြင့် မိုဘိုင်းလိုင်းများကို ဝယ်ယူနိုင်မည် ဆိုပါက အားကောင်းသော ဈေးကွက်တခု ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိအနေဖြင့် GSM prepaid card များကို $10, $20 တို့ဖြင့် ရောင်းချပေးနေသော်လည်း ခေါ်ဆိုစရိတ် ကြီးမြင့်မှုကြောင့် အသုံးပြုမှုအနေဖြင့် ထင်ထားသလောက် တိုးတက်မှု မရှိကြောင်း တွေ့ရ သည်။

CDMA $ 50 တန်ကဒ်များကိုလည်း ထုတ်လုပ်ရောင်းချပေးနေပြီး ရန်ကုန်မြို့ပေါ်မှာ အသုံးပြုသည့်အခါ တခါတရံ အခက်အခဲဖြစ်ခြင်း၊ ခေါ်ဆိုခ မြင့်မားနေခြင်း၊ လက်ကိုင်ဟန်းဆက်များ အလွယ်တကူ ဈေးသက်သာစွာ ဝယ်မရခြင်းတွေကြောင့် သူလည်းပဲ ထင်သလောက် ရောင်းချရခြင်းမရှိဖြစ်သည်။ ကောလာဟလများအရ ၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း GSM များကို ငွေကြိုသွင်းကဒ်များအပြင် ပြန်လည်ငွေ ဖြည့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်းလည်း ထွက်ပေါ်နေသည်။ ၂ဝ၁ဝ ဆန်းပိုင်းမှာ နယ်မြေကန့်သတ်အသုံးပြုနိုင်သည့် CDMA ဖုံးကဒ် များကို အရေအတွက် ကန့်သတ်ရောင်းချတော့မည်ဖြစ်ပြီး ဈေးနှုန်းသည် အစိုးရသွင်းဈေး ၅ သိန်းသာ ရှိသဖြင့် အများစုက စိတ်ဝင်စား နေသော်လည်း အသုံးပြုရန် နေရာဖြစ်သော မြို့နယ်များအပေါ် ကန့်သတ်ထားတာကြောင့် ထင်သလောက် ဝယ်ယူမှု ရှိမရှိဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။ သို့သော်လည်း ရန်ကုန်မြို့ပေါ်တွင် အဆိုပါ ဖုန်းလျှောက်လွှာများ ရောင်းကောင်းနေသည်ကို တွေ့နိုင် သည်။

ဖိုင်ဘာဆက်သွယ်မှု အကြောင်း

မြန်မာနိုင်ငံ၏ အဓိကျသော ဖိုင်ဘာဆက်ကြောင်းကို ကပ္ပလီပင်လယ်ပြင်မှတဆင့် ဆက်သွယ်ပြီး ဧရာဝတီတိုင်း ဖျာပုံမှ   ကုန်းတွင်းပိုင်း ကို ချိတ်ဆက်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ရန်ကုန်မြစ် ရေအောက်လမ်းကြောင်း ပြန်ဆင်းပြီး ရန်ကုန်ကြည့်မြင် တိုင် ဆိပ်ကမ်းမှတဆင့် ဟံသာဝတီ အိတ်ချိန်းကို ဆက်သွယ်သည်။

ဟံသာဝတီအိတ်ချိန်းသည် မူလက မြန်မာ့ဆက်သွယ်ရေးအတွက် အရေးပါသည့် အင်တာနက် ဆက်သွယ်မှု ဂိတ်တခု ဖြစ်သည်။ ယခု လက်ရှိအထိပါ သုံးစွဲနေဆဲဖြစ်သည်။ မကြာမီအချိန်တွင် ရတာပုံတယ်လီပို့မှတဆင့် ဂိတ်ဝေးတခုကို တည်ဆောက်ပြီး တနိုင်ငံလုံးက အင်တာနက် အထွက်အဝင် အားလုံးကို ထိမ်းချုပ်သွားမည်ဖြစ်သည်။ ဖိုင်ဘာဆက်ကြောင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဆက်သွယ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးသည်။ ထိုကတည်းက တဆက်တည်းမှာပဲ နေပြည်တော် တိုက်ရိုက် ဖိုင်ဘာဆက်ကြောင်းကို ရန်ကုန်-မိတ္ထီလာ-မန္တလေး လမ်းကြောင်းမှ နေပြည်တော် သီးသန့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီး ပြင်ပ ကုမ္ပဏီတချို့ကို တည်ဆောက်ဆက်သွယ်စေခဲ့သည်။ တပ်မတော် ဆက်သွယ်ရေးတပ်ဖွဲ့ လက်အောက်မှတဆင့် ဆောင်ရွက်ကြရပြီး နည်းပညာပိုင်းကိုသာ အဓိက ပံ့ပိုးစေခဲ့သည်။

အများအားဖြင့် ဝန်ကြီးဌာန ချိတ်ဆက်မှုများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်တွင် ပါဝင်သည့် ကုမ္ပဏီများကသာ ရရှိဆောင်ရွက် ရပြီး မကြာခဏ အပြောင်းအလဲ ရှိသည်။ ဆက်သွယ်ရေး ဝန်ထမ်းများအတွက် နည်းပညာ သင်ကြားမှုကို အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံ တွင် သွားရောက်စေလွှတ် သင်ကြားစေခဲ့ပြီး ရန်ကုန်မြို့ အောက်ပုဇွန်တောင်ရှိ ဆက်သွယ်ရေး သင်တန်းကျောင်းမှတဆင့် အခြား ဝန်ထမ်းများကို လက်ရှိအထိ ပြန်လည်သင်ကြားမှုများကို ဆောင်ရွက်လျက်ရှိသည်။

မူလ ဖိုင်ဘာဆက်ကြောင်း ချိတ်ဆက်စဉ်ကာလအတွင်း နေပြည်တော် ဆက်ကြောင်းများသည် မကြခဏ ပြတ်တောက်မှုများ ရှိခဲ့သည်။ ဖိုင်ဘာဆက်ကြေင်းရှိရာ လယ်ယာမြေများအတွင်း စိုက်ပျိုးမှုများကြောင့် ဖိုက်ဘာကြိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံအချို့ကလည်း ညအခါမှာ လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ဖိုင်ဘာဆက်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ဆက်သွယ်မှု လမ်းကြောင်း လုံခြုံစေရန်အတွက် ဆက်ကြောင်းတလျှောက် မီတာ ၁၀၀ ပတ်ဝန်းကျင်ကို ခြံခတ်ပေးထားပြီး သိမ်းဆည်း လယ်မြေများအတွက် လျော်ကြေးပေးခဲ့သည်။ လိုအပ်သော ဖိုင်ဘာ ဆက်ကြောင်းသုံးပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာများကို ဝယ်ယူရာမှာ Alalibaba.com ကဲ့သို့ အင်တာနက်ဆိုဒ်များပေါ်ကနေ တိုက်ရိုက် မှာယူတင်သွင်းလေ့ရှိပြီး တခါတရံတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်း တချို့က တင်သွင်းခွင့် ရလေ့ရှိသည်။ ဖိုင်ဘာဆက်ကြောင်းများ ပြီးစီးသည့် အချိန်မှစတင်ပြီး ပုဂံ (ယခု Myanmar Tele-port) ကနေပြီး မြန်မာ့ဆက်သွယ်ရေးနှင့်အတူ ADSL အင်တာနက် လိုင်းများကို ရောင်းချခွင့်ရှိခဲ့ခြင်း ဖြစ်သည်။

ADSL စတင်ရောင်းချချိန်တွင် ပထမဆုံးသော နည်းပညာများကို ကိုရီးယားနိုင်ငံမှ ရရှိခဲ့ပြီး လိုအပ်သည့် စက်များကိုလည်း တောင်ကိုရီး ယားမှတဆင့် တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ရောင်းချသော ADSL2 ဆိုသည်များကို အိန္ဒိယမှ ရရှိသည့် နည်းပညာများဖြင့် ပြောင်းလဲ ချိတ်ဆက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ထမ်း ၁၀၀ ကျော်ကို အိန္ဒိယတွင် နည်းပညာ သင်ကြားမှုများအတွက် စေလွှတ်ခဲ့သည်။

မြန်မာ-တရုတ် ဖိုင်ဘာအမြန်ဆက်ကြောင်းကို ၂၀၀၉ ခုနှစ်အတွင်း ပြီးစီးခဲ့ပြီး မေမြို့အနီးက ရတနာပုံ ဆိုင်ဘာစီးတီးနှင့် ကူမင်းမြို့ကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့သည်။ မဟာမဲခေါင် ဒေသတွင်းနိုင်ငံများ ဖိုင်ဘာဆက်ကြောင်းအတွက် ရန်ကုန်-သထုံ လမ်းကြောင်းမှ ဘန် ကောက်အထိတခုနှင့် ရန်ကုန်-ချင်းရိုင်ခရိုင်အတွင်း တခုကို ရန်ကုန်-မိထ္တီလာ-နေပြည်တော် ဆက်ကြောင်းက ချိတ်ဆက်ထားခဲ့သည်။ ထိုသို့သော ချိတ်ဆက်မှုများကြောင့် ပြည်တွင်း အင်တာနက် ကော်နက်ရှင်များသည် မြန်ဆန်မှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသော် လည်း ထင်သလောက် မြန်ဆန်မှုမရှိဘဲ ဖြစ်နေဆဲပါ။
မြန်မာ့ဆက်သွယ်ရေးအနေနှင့် ရတနာပုံတယ်လီပို့မှတဆင့် National gateway server တခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ၂ဝ၁ဝ အတွင်းမှာ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု အားလုံး၏ ဝန်ဆောင်မှုများကို အဓိက စုစည်းကိုင်တွယ်သွားဖွယ်ရှိသည်။

အင်တာနက် လုံခြုံရေးနှင့် ပိတ်ဆို့တားဆီးမှုဆိုင်ရာ ဆောင်ရွက်မှုများ

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက် အသုံးပြုမှုများ စတင်ခွင့်ပြုချိန်မှာ ညစ်ညမ်းဆိုဒ်တချို့နှင့် နိုင်ငံရေး ဆိုဒ်တချို့ကို ပိတ်ဆို့မှု များ ပြုလုပ်ခဲ့သော်လည်း အခြားသော အင်တာနက် အသုံးပြုမှုဆိုင်ရာ တင်းကျပ်မှုများကို ၂၀၀၂ ခုနှစ်အတွင်းမှာပင် လျှော့ချပေးခဲ့သည်။ အင်တာနက်ဆိုင်တချို့ ပေါ်ပေါက်လာသည့် ၂၀၀၁ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ပြမှသာ အင်တာနက် အသုံးပြုခွင့် ရရှိခဲ့ရာမှ ၂၀၀၃ ခုနှစ်မှစတင်၍ ထိုသို့ အသုံးပြုသူများအပေါ် ပိတ်ပင်မှုများ လျှော့ချပေးခဲ့သည်။ ပုဂံဆိုက်ဘာတက် ပေါ် ပေါက်လာပြီးနောက် အင်တာနက်ကဖေးများ ဆက်လက်ပေါ်ပေါက်လာပြီး အင်တာနက် ISP ပိတ်ဆို့ထားသည့် ဆိုဒ်အရေအတွက် ပိုမို များပြားလာခဲ့သည်။ အထူးသဖြင့် မြန်မာ့ဆက်သွယ်ရေးထက် ပုဂံဆိုဒ်ဘာတက်သည် ပိတ်ဆို့မှု ပိုမိုများပြားကြောင်း အသုံးပြုသူများ အကြား ရေပန်းစားခဲ့သည်။

ညစ်ညမ်းဆိုဒ်များ အားလုံးကို ပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေးဆိုဒ်များ ပိတ်ဆို့မှုများကို လိပ်စာတိုက်ရိုက် ပိတ်ဆို့မှုများဖြင့် စတင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အများအပြား ပြုလုပ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးက ရယူထားသည့် အင်တာနက် ကော်နက်ရှင် အသုံးပြုသူများအနေဖြင့် ပုဂံဆိုက်ဘာတက်က ပိတ်ဆို့ထားသည့် ဆိုဒ်များကို အသုံးပြုနေနိုင်သည်ကို တွေ့ရ သည်။ ပုဂံဆိုက်ဘာတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးသို့ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း မပြုမီကာလအတွင်း အင်တာနက်ဆိုင်များ လိုက် နာရမည့် စည်းကမ်းများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်က ချမှတ်ပေးခဲ့ပြီး လိုက်နာရန် ခက်ခဲသည့် အငြင်းပွားဖွယ် စည်းကမ်း ချက် ၂ဝ ကျော်ကို ချမှတ်ထားပေးပြီး အများပြည်သူသုံး သတင်းအချက်အလက် စင်တာ (PAC) လိုင်စင်များကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်နှင့် မြန်မာအင်ဖိုတက်တို့က ထုတ်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကြောင့် အင်တာနက်ဆိုင်ရာ တားဆီးပိတ်ဆို့မှုများကို ပိုမိုလုပ်ဆောင်လာပြီး ပုဂံဆိုက်ဘာတက် (မြန်မာတယ်လီပို့) က Blogger.com ကို ဆက်လက်ပိတ်ဆို့ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်ဆို့မှုမရှိဘဲ ၁ နှစ်နီးပါးခန့်အထိ ဖွင့်ပေးထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အင်တာနက်ပိတ်ဆို့မှုများ သည် အစိုးရပေါ်လစီ အစစ်အမှန် ဖြစ်မဖြစ် စဉ်းစားစရာ အချက်အလက်တခု ဖြစ်လာခဲ့သည်။

ထိုသို့ အင်တာနက် ပိတ်ဆို့မှုများအပြင် ဒေတာ အချက်အလက်များကို စောင့်ကြည့်အကဲဖြတ်မှုများ လုပ်ဆောင်သည်ဟု မြန်မာ့ဆက် သွယ်ရေးနှင့် ပုဂံ (မြန်မာတယ်လီပို့) တို့ကို အသုံးပြုသူများက ယုံကြည်နေကြသဖြင့် အသုံးပြုသူများဘက်ကပါ အင်တာနက် အသုံးပြု ခြင်းဆိုင်ရာ လုံခြုံရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပိုမိုဂရုပြု လုပ်ဆောင်လာကြသည်။ ၂၀၀၉ ခုနှစ်အတွင်းမှာ အလွတ် သဘော စစ်တမ်းများအရ အသုံးပြုသူ ၆၅ % ဟာ မိမိ အသုံးပြုခဲ့သည့် ဒေတာလမ်းကြောင်းများကို ပြန်လည်ဖျက်ဆီးခြင်းနှင့် IP address များကို ဖော်ပြခြင်း မပြုနိုင်အောင် ပြုလုပ်ထားသည့် နည်းပညာအသုံးပြု ပရိုဂရမ်များကို နားလည်အသုံးပြုလာကြသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့်ရော ပုဂံ (မြန်မာတယ်လီပို့) အနေဖြင့်ပါ ရန်ကုန်ရှိ ဟံသာဝတီ ဂိတ်ဝေးမှတဆင့် အင်တာနက် အဝင် အထွက်များကို ဖြတ်သန်းစေခဲ့ပြီး ပုဂံ (မြန်မာတယ်လီပို့) သီးသန့်အနေဖြင့်လည်း မြန်မာ အင်ဖိုတက်ဝင်းအနီးရှိ ရုံးချုပ်မှတဆင့် အင်တာ နက် လုံခြုံရေးနှင့် ထပ်ဆင့်ပိတ်ဆို့မှုများ၊ mirror server နှင့် firewall server များကို တိုးတက်သည်ထက် တိုးတက်အောင် ပြုပြင် ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားမှ နည်းပညာရှင်များကို အချိန်ပိုင်း ငှားရမ်းလုပ်ဆောင်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေး အနေဖြင့် တရုတ်ပညာရှင်အချို့ကိုပါ ခေါ်ယူအသုံးပြုခဲ့သည်ဟု ဆိုပါသည်။ လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးအောက်ကို လုံးလုံး လျားလျား ရောက်ရှိသွားသည့် ပုဂံ (မြန်မာတယ်လီပို့) ရုံးချုပ်အတွင်း နိုင်ငံခြားသား ဝန်ထမ်းများ ခန့်ထားမှုကို ဆောင်ရွက်ထားပြီး မကြာ ခင် ပြီးစီးတော့မည့် ရတနာပုံ တယ်လီပို့ရှိရာ ရတနာပုံ ဆိုက်ဘာစီးတီးအတွက် ပရောဂျက်များကို တရုတ်နှင့် ရုရှား ပညာရှင်များ ပူးတွဲ လုပ်ဆောင်ထားကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း အစ္စရေး ပညာရှင်တချို့ဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးအတွင်း ထားရှိမည့် National Gateway အတွက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ရတနာပုံ တယ်လီပို့ရှိ တပ်ဆင်မှုများသည် ၁၀၀% နီးပါး ပြီးစီးနေပြီဖြစ်သည်။ မကြာခင် အချိန်အတွင်း ရတနာပုံ တယ်လီပို့မှနေပြီး တပြည်လုံးရှိ အင်တာနက် အဝင်အထွက်များကို ထိန်းထားမည်ဖြစ်ပြီး၊ မမြင်ရသေးသော ပိတ်ဆို့မှုနှင့် စောင့်ကြည့်မှုများ ဆက်လက် တိုးလက်လာဖွယ် ရှိနေသည်။

စာကြွင်း          ။ Forward Mail မှတစ်ဆင့်ရရှိခြင်းဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသောကြောင့်ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

Myanmar's Internet

၁၁ နှစ်ကြာ မြန်မာ့အင်တာနက်ခရီးကြမ်း

(သုတေသန၊ မဇ္ဈိမသတင်းဌာန၊ ဒီဇင်ဘာ ၁၁/၂၀၀၉ )  

ရန်ကုန်။     ။ မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင်ရောင်းချပေးခဲ့။
ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှား သည့် ပြင်ပစီးပွားရေးလုပ်ငန်း အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏ mpt mail ကို အသုံးပြုလာခဲ့သည်။
အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail ဝန်ဆောင်မှု ကို မိတ်ဆက်ပေးခဲ့။


၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mpt mail ကို အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ ၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု အမျိုးအစားမှာ dial up connection ဖြစ်သည်။
၂၀၀၀ ခုနှစ်အတွင်း ဥရောပအာရှ ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားသည့်အတွက် မြန်မာ့ဆက်သွယ်ရေးသည် ပိုမိုကောင်း မွန်သည့် အင်တာနက် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စီစဉ်ခဲ့။
၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မြန်မာအများစု အသုံးပြုနိုင်သည့် အင်ထရာနက်ဖြင့် မြန်မာဝဘ်ဆိုဒ်များ ပေါ်ပေါက်လာပြီး အင်ဖိုရီ သမ် အမည်ရှိ ပုဂ္ဂလိက လုပ်ငန်းတခုမှ အများပြည်သူများအတွက် အင်ထရာနက်လိုင်းများကို စတင်ရောင်းချပေးခဲ့သည်။ အသုံးပြုသည့် အင်တာနက် ဆက်သွယ်မှုမှာ dial-up connection ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် တလလျှင် ကျပ် ၅၀၀၀၊ ၃၀၀၀ ဖြစ်ပြီး စတင်တပ်ဆင် ကြေးအဖြစ် ၅၀၀၀ဝ ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်အတွင်း ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် တခုတည်းနှင့် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။
www.bagan.net.mm သည် bagan cyber tech မှတင်ဆက်သည့် ပထမဆုံး မြန်မာ portal site တခုဖြစ်ပြီး နောက်ပိုင်းတွင် bagan forum နှင့် Yangon chat သည် အလွန်အောင်မြင်ခဲ့သည့် ဝန်ဆောင်မှုများဖြစ်ခဲ့သည်။


၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် dial-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ ထည့်သွင်းရောင်းချခဲ့ သော်လည်း ပုဂံဆိုက်ဘာတက်၏ broadband သည် ပြည်တွင်း အင်တာနက်အသုံးပြုသူများအကြား ထင်ရှားစွာ ရောင်းချရသည့် ဝန် ဆောင်မှုတခု ဖြစ်ခဲ့သည်။ ပုဂံဆိုက်ဘာတက်သည် Access kid ဟုခေါ်သည့် dial-up စနစ်သုံး Prepaid card များကို ထုတ်လုပ်ရောင်း ချပေးခဲ့ပြီး ၁၅ နာရီ၊ နာရီ ၃ဝ ၊ နာရီ ၆ဝ သုံးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။
ဒီဂျီတယ် တယ်လီဖုန်းလိုင်းများ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်တပ်ဆင်ပြီးစီးနေသဖြင့် ရန်ကုန်နှင့် မန်း အင်တာနက် အသုံးပြုသူများ သည် ကနဦး တပ်ဆင်ခ ကုန်ကျရန်မရှိဘဲ ဈေးနှုန်းသက်သာသည့် အဆိုပါ Access kid များကို အများအပြား ဝယ်ယူအသုံးပြုခဲ့ကြသည်။
Access kid များ၏ ဈေးနှုန်းသည် ၁၅ နာရီ ၈၀၀၀ ကျပ်၊ နာရီ ၃ဝ အတွက် ၁၅၀၀၀ ကျပ်၊ နာရီ ၆ဝ အတွက် ၃၀၀၀ဝ ကျပ် ဖြင့် ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။


၂၀၀၃ ခုနှစ်အတွင်း Broadband ဝန်ဆောင်မှုများအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် မြန်မာကျပ်ငွေ ၂၅ သိန်းရှိခဲ့ပြီး MPT မှရော bangan cyber tech မှပါ ထိုဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
Bagan cyber tech သည် ၂၀၀၃ ခုနှစ်အတွင်းမှပင် IP-star အင်တာနက် ဆက်သွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သည်။ ကနဦးတပ် ဆင်ကြေး မြင့်မားသော်လည်း ဝန်ဆောင်မှု ကောင်းမွန်ပြီး နေရာအနှံအပြားတွင် အသုံးပြုနိုင်မှုကြောင့် ရေလုပ်ငန်းရှင်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းကြီးမျာကပါ စိတ်ဝင်တစားဖြစ်ခဲ့သည်။
ဝယ်ယူအသုံးပြုသူ အများစုသည် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သော ပုဂ္ဂလိကပိုင် bagan cyber tech မှ broadband ဝန်ဆောင်မှုကို ပိုမိုဝယ်ယူအသုံးပြုခဲ့ကြသည်။


၂၀၀၄ ခုနှစ်တွင် MPT မှ ADSL ဝန်ဆောင်မှုဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်နှုန်းမြင့် အဆိုပါ ADSL လိုင်းသည် မြန်မာနိုင်ငံ မြို့ကြီးများ တွင် အသုံးပြုနိုင်ကြောင်း ကြေညာပေးခဲ့သည်။
Bagan cyber tech မှလည်း မကြာခင်အတွင်း ADSL လိုင်းများကို စတင်ရောင်းချပေးလာခဲ့ပြီး ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် ၂၅ သိန်း ဖြစ်ပြီး တယ်လီဖုန်းလိုင်းလို အပ်မှုများအတွက်ပါ ဝန်ဆောင်မှုပေးခဲ့သည်။
လစဉ်ကြေးပိုမို သက်သာပြီး အင်တာနက်မြန်နှုန်း မြင့်မားလာသဖြင့် ရန်ကုန်မြို့ပေါ်တွင် inter café များ အများအပြား ပေါ်ပေါက်လာ ခဲ့ပြီး မြန်မာ့အင်တာနက် အသုံးပြုသူများ ပိုမိုတိုးတက်များပြားလာခဲ့သည်။
Bagan cyber tech သည် အင်တာနက်မေး ဝန်ဆောင်မှုအဖြစ် တနှစ်လျှင် ကျပ် ၈၀၀၀ ကျပ်ဖြင့် ရောင်းချသည့် @mail4u.net.mm ကို မိတ်ဆက်ရောင်းချပေးခဲ့သော်လည်း ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စ တင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။


၂၀၀၆ ခုနှစ်တွင် Bagan cyber tech သည် မူလပိုင်ရှင်ဖြစ်သူထံမှ အစိုးရသို့ လွှဲပေးခဲ့ရပြီး အစိုးရတပိုင်း အင်တာနက် ဝန်ဆောင်မှုလုပ် ငန်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ bagan cyber tech သည် Myanmar Tele port အမည်ဖြင့် ပြောင်းလဲသွားပြီး ၎င်း၏ ဝန် ဆောင်မှုများသည် တစ်စထက်တစ်စ ညံ့လာခဲ့သည်။
၂၀၀၇ ခုနှစ်သည် မြန်မာတနိုင်ငံလုံးတွင် ADSL အသုံးပြုနိုင်သော မြို့ပေါင်း ၃ဝ ရှိလာသည့်အတွက် ထိုနှစ်အတွင်း အင်တာနက်ကဖေး များ အများဆုံး ဖွင့်လှစ်လာနိုင်ခဲ့သည်။
အင်တာနက်ဝန်ဆောင်မှု အသုံးပြုလိုသူများသည် MPT ထံမှသာ ချိတ်ဆက်ဝယ်ယူလာကြပြီး MPT ၏ ဝန်ဆောင်မှုနှင့် အင်တာနက် မြန်နှုန်းများလည်း ပိုမိုမြင့်မားလာခဲ့သည်။
၂၀၀၇ အတွင်းမှာပင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ISP များဖြစ်ကြသည့် MPT နှင့် Myanmar tele-port သည် အင်တာနက် website အများအပြားကို ပိုမိုပိတ်ဆို့လာခဲ့သဖြင့် အင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။ Yadanarpon Tele port အမည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အများပြည်သူပိုင် အမည်ခံထားသော လုပ်ငန်းတခု စတင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အင်တာနက် ကဖေးများ တိုးတက်မှု ပြန်လည်နှေးကွေးလာခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း အင်တာ နက်အသုံးပြုသူ အများဆုံး တိုးတက်လာခဲ့သည်။ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး ၃၆ မြို့သည် ADSL လိုင်း အသုံးပြုနိုင် ကြောင်း MPT က ကြေညာခဲ့သည်။


၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် bagan cyber tech သည် မြန်မာ့ဆက်သွယ်ရေး MPT အောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး ဝန်ဆောင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများ အားလုံးကို MPT ကသာ တိုက်ရိုက်ကိုင်တွယ်လာခဲ့သည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပုဂ္ဂလိက အင်တာနက်ဝန်ဆောင်မှုဟု ခေါ်ဆိုနိုင်သည့် Red-link လုပ်ငန်းစုသည် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မျိုးဆက်သစ် broadband ဝန်ဆောင်မှုတခုအဖြစ် Wi-max အင်တာနက် connection ကို စတင် ရောင်းချပေးလာခဲ့သည့် ပြင်ပလုပ်ငန်း ဖြစ်လာသည်။ Wi-max ကို Myanmar tele-port မှ အပြင် MPT မှပါ ရောင်းချနေခဲ့သော်လည်း လူအများစုသည် Red-link မှသာ ဝယ်ယူအသုံးပြုခဲ့သည်။ ထိုဝန်ဆောင်မှု၏ ဈေးနှုန်းသည် ကနဦးတပ်ဆင်ကြေး $1800 ဖြစ်ပြီး လစဉ်  ကြေးမှာ ဝန်ဆောင်မှုအလိုက် $35 မှ $135 ထိရှိသည်။ Red-link သည် ဝန်ဆောင်မှုရောင်းချခြင်း၊ ပစ္စည်းတပ်ဆင်ပြုပြင်ခြင်းနှင့် connection ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့်ရရှိပြီး gateway ကဲ့သို့ server များဖြင့် အင်တာနက်သို့ အပြီးသတ် ချိတ်ဆက် မှုများကို MPT မှပင် လုပ်ကိုင်ဆောင်ရွက်သည်။


၂၀၀၉ ခုနှစ်အစပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်မှုသည် လုံးဝရပ်ဆိုင်းတော့မတတ် ဖြစ်လာခဲ့ပြီး ကွန်ပြူတာဈေးနှုန်းများ ကျဆင်းနေသည့်ကြားမှာပင် အင်တာနက်ကဖေးများသည် ညံ့ဖြင်းသည့် အင်တာနက် ကော်နက်ရှင်ကြောင့် လည်းကောင်း၊ များပြားလာသော အင်တာနက်ကဖေးများကြောင့်လည်းကောင်း ဈေးကွက်ဝေစု မမျှတခြင်းကြောင့်လည်းကောင်း တိုးချဲ့ ဖွင့်လှစ်မှုများ မရှိသလောက် နှေးကွေးသွားခဲ့သည်။
အများစုသည် ADSL လိုင်းကို ချိတ်ဆက်ထားပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ Wi-max လိုင်းကို ချိတ်ဆက် အသုံးပြုလာကြသည်။ ထို့ကြောင့် ADSL အသုံးပြုသူများအနေဖြင့် များပြားလှတဲ့ အသုံးပြုသူများကြောင့် ကော်နက်ရှင် ကျပ်တည်းမှုကို ရင်ဆိုင်ရပြီး ISP များအနေဖြင့် လိုင်းအားတိုးချဲ့မှုများ မရှိသဖြင့် ရန်ကုန်မြို့ပေါ်ရှိ အင်တာနက်ကဖေးများ အနေဖြင့် ADSL လိုင်းအပြင် broadband နည်းပညာအသစ်ဖြစ်တဲ့ Wi-max ကို ဆက်လက်ချိတ်ဆက်ကာ မိမိတို့ဆိုင်၏ အင်တာနက် ဝန်ဆောင်မှု စွမ်းအားကို ဆက်လက်ကျား ကန်နေရသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း - အင်တာနက် ကော်နက်ရှင် နှေးကွေးလာခြင်းတို့က စားသုံးသူများကို ကြာရှည်မထိန်းထားနိုင်တဲ့အတွက် အင်တာနက် ကဖေးများသည် ဝင်ငွေကျဆင်းမှုဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာတွင် Red-link အနေဖြင့် ငွေကြိုသွင်းစနစ်သုံး wi-fi ကွန်ယက်ကို ရန်ကုန်မြို့အထင်ကရ နေရာ ၈ ခုတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး www.enjoy.net.mm အမည်ဖြင့် portal site တခုကိုလည်း လွှင့်တင်သွားမည်ဖြစ်သည်။
၂၀၀၉ ခုနှစ် ၆ လပိုင်းနောက်ပိုင်းအထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် Myanmar Tele-port ထံမှ ADSL တပ်ဆင်ကြေးသည် $ 2000 ကျော်ထိရှိနေပြီး ၊ IP-star သည် အရောင်းအဝယ် မရှိသလောက် နှေးကွေးနေသော်လည်း ကာလပေါက်ဈေး သိန်း ၅ဝ နီးပါး ရှိသည်။ Wi-max ပေါက်ဈေးသည် $1800 ဖြစ်သည်။


၂၀၀၉ ခုနှစ်တွင် နိုင်ငံအနှံ့ မြို့ကြီး ၃၆ မြို့အထိ ADSL အသုံးပြုနေနိုင်ပြီဖြစ်သော်လည်း ရန်ကုန် ၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် တို့သာ အင်တာနက်အသုံးပြုသူများပြားပြီး အခြားမြို့ကြီးများဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ တောင်ငူနှင့် နေပြည်တော်တို့မှာ အင်တာနက် အသုံးပြုမှု နည်းပါးတာတွေ့ရသည်။ အလွတ်သဘော စစ်တမ်းများအရ ၂၀၀၈ ခုနှစ်ထိ မြန်မာအင်တာနက် အသုံးပြုသူ အရေအတွက် အ နေဖြင့်  ဒေသတွင်းနိုင်ငံများအောက် များစွာ ကျဆင်းနေဆဲဖြစ်ပြီး၊ အများစုသည် ရန်ကုန်မှတဆင့် အသုံးပြုကြသူများဖြစ်သည်။ ရန်ကုန် သည် မြန်မာအင်တာနက် သုံးစွဲသူများ၏ ၈၅ % ကို ပိုင်ဆိုင်ထားပြီး အင်တာနက်ကဖေး အများဆုံးရှိသော မြို့လည်း ဖြစ်၏။  ရန်ကုန်မြို့ ပေါ်တွင်  တရားဝင်စာရင်းအရ ဆိုက်ဘာ ကဖေးပေါင်း ၃၅ဝ ရှိပြီး ဒီထက်ပိုများပြားနိုင်ပါသည်။
မြန်မာနိုင်ငံတခုလုံး၏ အင်တာနက် ရရှိမှုနှုန်းသည် စုစုပေါင်း 7.8 Gps ရှိပြီး ၂၅ % ကိုသာ ပြည်တွင်း သုံးစွဲမှုအတွက် အသုံးပြုထားပါ သည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနများ အားလုံး ဖိုက်ဘာကြိုး တိုက်ရိုက်ထားရှိသုံးစွဲပြီး ရန်ကုန်-နေပြည်တော် VOIP သုံးစွဲနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၀၉ ခုနှစ်နောက်ဆုံး လများအတွင်း  MPT မှ ရန်ကုန်မြို့တွင်း ဖိုက်ဘာ တိုက်ရိုက် အင်တာနက်ဆက် သွယ်မှုများ ကို တပ်ဆင်ပေးနေပြီး ကနဦးတပ်ဆင်စရိတ် $2500 ဖြစ်ပြီး လစဉ်ကြေး $500 ဖြစ်နေတာကြောင့် ပြင်ပအသုံးပြုမှုများ နည်းနေပြီး စီးပွား ရေးလုပ်ငန်းကြီးအချို့သာ ချိတ်ဆက်အသုံးပြုကြောင်း တွေ့ရသည်။
လက်ရှိအချိန်ထိ တရားဝင် အင်တာနက် ဝန်ဆောင်မှုများအတွက် ပေးထားသော ကွန်နက်ရှင် အမြန်နှုန်းများမှာ

1။ 128kbs (Home)
2. 256kbs (Office)
3. 512kbs (Biz)
4. 1Mbs (လက်ရှိအချိန်တွင် ရန်ကုန်မြို့ပေါ်တွင်သာ အသုံးပြုနိုင်ပြီး ခွင့်ပြုမှု အလွန်နည်းပါး)


Thursday, January 21, 2010

တိရစ္ဆာန်ချစ်တတ်သူများ သတိ

တိရစ္ဆာန်ချစ်တတ်သူများနှင့် တိရစ္ဆာန်မွေးမြူသူများအနေဖြင့် အန္တရာယ်ကင်းစွာနေထိုင်နိုင်ဖို့ သိမှတ်ဖွယ်ရာ များစွာ ရှိပါသည်။
လူတို့နှင့် ယဉ်ပါးသော အိမ်မွေးတိရစ္ဆာန်များကို လူတို့မကြောက်တတ်ပါ။ တိရစ္ဆာန်ရိုင်းများကိုတော့ ကြောက်တတ်ကြ ပါသည်။ အမှန်စင်စစ် တိရစ္ဆာန်ရိုင်းများက အန္တရာယ်ပြုခြင်းမှာ မြင်သာထင်သာသော်လည်း လူတို့နှင့် ယဉ်ပါးနေသော တိရစ္ဆာန်များကလည်း မထင်မရှားအန္တရာယ်ပြုနိုင် ကြောင်း သိထားသင့်ပါသည်။ တိရစ္ဆာန်ရိုင်းများ၏ အန္တရာယ်ကို ကြိုတင် ကာကွယ်သကဲ့သို့ မိမိနေအိမ်တွင်း(သို့) နေအိမ်ပြင်ပတွင်ရှိသော တိရစ္ဆာန်များနှင့်အတူ အနီးကပ်စွာနေထိုင်ရာတွင် အန္တရာယ်ကင်းစွာ နေထိုင်နိုင်ဖို့လည်း အရေးကြီးပါသည်။

တိရစ္ဆာန်ရိုင်းများ၏ အန္တရာယ်ကို ကာကွယ်ရန်မှာ အလွန်ရှင်းလင်း လွယ်ကူပါသည်။ ယင်းတိရစ္ဆာန်များ အနားမကပ်ရန် ဝေးဝေးနေရန် ဖြစ်ပါသည်။ သို့ဆိုလျှင် အကြမ်းအားဖြင့် လုံခြုံပြီဟု ဆိုနိုင်သည်။ တိရစ္ဆာန်ရိုင်းများကို အစာမကျွေးပါနှင့် ဟုလည်း သတိပေးထားကြပါသည်။ အနီးကပ်စွာ အစားသွားရောက်ကျွေးခြင်းကြောင့် အန္တရာယ်ပြုခြင်း ခံရနိုင်ပါသည်။

အိမ်မွေးတိရစ္ဆာန်များ၊ ဥပမာ- ခွေး၊ကြောင်တို့နှင့် အနီးကပ်နေထိုင်သောအခါ မိမိကိုယ်မိမိ အန္တရာယ်ရှိနိုင်သည်ကို သတိ မမူမိတတ်ကြပေ။ အမှန်စင်စစ် လုံခြုံစွာနေထိုင်တတ်ကြဖို့ လိုအပ်မည်ဖြစ်ပါသည်။ အိမ်မွေးတိရစ္ဆာန်များ ကိုက်ခြင်းနှင့် ကုတ်ခြစ်ခြင်းမခံရအောင် ဂရုစိုက်ကြရပါမည်။ ထိုသို့ တိရစ္ဆာန်များ၏ ကိုက်ခြင်း(သို့)ကုတ်ခြစ်ခြင်း မခံရအောင် အောက်ပါ အချက်များကို လိုက်နာကြရန် လိုအပ်ပါသည်။

- တိရစ္ဆာန်များ အစာစားနေစဉ် သွားမစပါနှင့်။ အစာခွက်ကို (သို့)ရေခွက်ကို ဖယ်ခြင်း၊ အုပ်ခြင်းမျိုးမပြုမိပါစေနှင့်။
- ခွေး (သို့) ကြောင်များကို နားရွက်(သို့)အမြီးအား ဆွဲ၍မစပါနှင့်။
- တိရစ္ဆာန်များ အိပ်နေစဉ် ဘယ်သောအခါမျှ သွားမနှိုးပါနှင့်။ သွား၍ မလန့်ပါစေနှင့်။
- တိရစ္ဆာန်များ ဆော့ကစားနေသော အရိုး၊အရုပ်များကို ဖယ်ရှားမပစ်ရပါ။
- အကယ်၍ အရိုး(သို့) အရုပ်များကို ကိုင်တွယ်ထားလျှင်လည်း တိရစ္ဆာန်များ လှမ်းမမီနိုင်သော နေရာမှာ ရှိပါစေ။
- တိရစ္ဆာန်များ အကောင်ငယ်ကလေးများ မွေးဖွားနေစဉ် မွေးဖွားထားစဉ် အနီးကပ်မသွားပါနှင့်။ တိရစ္ဆာန်များ ဥပမာ- ခွေးသည် ခွေးငယ်လေးများကို ပြည့်ဝစွာ အကာအကွယ်ပေးလေ့ရှိသည်။ ကလေးငယ်များအား ရန်ပြုမည်စိုး၍ လူအား အန္တရာယ်ပြုတတ်၏။
- တိရစ္ဆာန်ငယ်များအား လှောင်အိမ်မှ ထုတ်ယူလျှင် ဖြည်းဖြည်းလုပ်ဆောင်ပါ။ ၀မ်းဗိုက်မှ မ ယူပါ။
- တချို့တိရစ္ဆာန်များ ဥပမာ- ယုန်အား နားရွက်မှ မဆွဲပါနှင့်။
- သင်၏ လက်အား ငါးမွေးကန်ထဲသို့ ဘယ်သောအခါမျှ မနှိုက်ပါနှင့်။
- အဆိပ်ရှိသော သတ္တ၀ါများကို ကိုင်တွယ်ရာတွင် အထူးဂရုစိုက်ပါ။ ဖြည်းဖြည်းကိုင်တွယ်ပါ။
- တိရစ္ဆာန်များ ဒဏ်ရာရထားလျှင်ဖြစ်စေ၊ မကျန်းမာလျှင်ဖြစ်စေ၊ အနားမကပ်ပါနှင့်။ ခပ်ဝေးဝေး နေထိုင်ပါ။

အိမ်မွေးတိရစ္ဆာန်များတွင် ခွေးမှာ အမွေးအများဆုံး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ခွေးနှင့်ထိတွေ့မှုကြုံနိုင်ပါ သည်။ ခွေးတစ် ကောင်သည် မိမိနှင့် မရင်းနှီးလျှင် တစိမ်းခွေးဖြစ်လျှင် အောက်ပါအချက်များကို သင်လိုက်နာဖို့ လိုဦး မည်ဖြစ်ပါသည်။

- တစိမ်းခွေးအား ဘယ်သောအခါမျှ ကိုင်တွယ်ထိတွေ့မှု မပြုပါနှင့်။ ခွေးသည် သင့်ထံ အမြီးနှံ့၍ ပြေးလာခြင်း၊ ရင်းနှီးသည့်ပုံစံ ဆက်ဆံခြင်း ရှိသည့်တိုင် သွားရောက် ပွတ်သပ်ကိုင်တွယ်ခြင်း မပြုသင့်ပါ။
- ခွေး သင့်ထံအပြေးလိုက်လာလျှင် ထွက်မပြေးပါနှင့်။ သင်ပြေးလေ၊ ခွေးကလိုက်လေဖြစ်မည်။ ခွေး၏ သဘာဝ (ပင်ကိုယ်ဗီဇ)မှာပင် ပြေးသူနောက်လိုက်တတ်၏။
- တစိမ်းခွေး သင့်အနားကပ်လာလျှင် တည်တည်ငြိမ်ငြိမ် ရပ်နေပါ။ ခွေးသည် သင့်အနားကပ်၍ အနံ့ခံသည့်တိုင် တည်ငြိမ်စွာ နေပေးလိုက်ပါ။
- တစိမ်းခွေး တစ်ကောင်၏ အဝေးသို့ ထွက်ခွာသွားတော့မည်ဆိုပါလျှင် ဖြည်းဖြည်းထွက်သွားပါ။ လက်များ လှုပ်ရမ်းမသွားပါနှင့်။ ဆူဆူညံညံ မပြုလုပ်သွားပါနှင့်။ လှုပ်ရမ်းသွားခြင်းနှင့် ဆူညံသော အပြုအမူများသည် ခွေးအား လှုံ့ဆော်ရာရောက်ပါသည်။ ခွေးအားလှည့်ကြည့် လှည့်ကြည့် လုပ်မသွားပါနှင့်။
- အကယ်၍ တစိမ်းခွေးတစ်ကောင်အား သင်ကြောက်နေပါလျှင် (သို့)ကိုက်မှာ၊ ရန်မူမှာ စိုးရွံ့ပါလျှင် ခွေးပိုင်ရှင် အား ချက်ချင်း အကူအညီတောင်းခံပါ။

အိမ်မွေးတိရစ္ဆာန်များတွင် ဒုတိယအများဆုံး မွေးမြူလေ့ရှိသော သတ္တ၀ါတစ်မျိုးမှာ ကြောင်ဖြစ်သည်။ ကလေးငယ်များ သည် ခွေးကိုသာကြောက်လန့်လေ့ရှိသော်လည်း ကြောင်ကိုမူ ကြောက်ရွံ့မှုနည်းပါး တတ်ကြသည်။ မိမိ၏ အိမ်မွေး ကြောင်မဟုတ်ဘဲ တစိမ်းကြောင်များကို ပွတ်သပ်ကိုင်တွင်ခြင်းမပြု သင့်ကြပေ။

သင့်အနေဖြင့် သင့်ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ၏ အန္တရာယ်ပြုမှုမှာ ကာကွယ်ရန် ဗဟုသုတ တချို့ကိုဖော်ပြပြီး ဖြစ်ပါသည်။ စာဖတ်သူများ အနေဖြင့် အကျိုးတစ်စုံတစ်ရာ ရရှနိုင်မည်ဟု မျှော်လင့်မိပါသည်။

Sunday, January 17, 2010

ပွန်းပဲ့ဒဏ်ရာနှင့် သုံးရမယ့် ပတ်တီး၊ ပလာစတာများ


(ဒေါက်တာရည်ညွန့်မေ)

ဆေးဆိုင်ကြီးတွေမှာ ပြတ်ရှဒဏ်ရာတွေကို ဆေးထည့်အုပ်ပေးရန် ဒီဇိုင်းလုပ်ထားတဲ့ ဆေးပစ္စည်းအမျိုးမျိုး ဒါဇင်ပေါင်း များစွာကို ထုပ်ပိုးထားလေ့ရှိပါတယ်။ ပွန်းပဲဒဏ်ရာတစ်ခုခုရရှိပါက ဘယ်လိုဆေးပစ္စည်းမျိုးဖြင့် အနာကိုထည့်ပေးရ မလဲဆိုတာ သိရှိအောင် တောင်ပိုင်းဖလော်ရီဒါယူနီဗာ စီတီမှ အရေပြားဆိုင်ရာ ခွဲစိတ်ကုဌာနမှ ဒေါက်တာ ဗေစယ် အက်စ်ချာဖီးလစ်စ်က အောက်ပါအတိုင်း ဖြေကြားပေးတာကိုဗဟုသုတရရန်အလို့ငှာဖော်ပြလိုက်ပါတယ်။

(၁)ရေစိုခံပတ်တီး၊ပလာစတာ

ပတ်တီးအောက်မှ ရေကိုအိုင်နေစေပါက အနာပတ်လည်ရှိအရေပြားထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဤပတ်တီးပလာ စတာများသည် မကြာခဏလက်ဆေးခြင်း၊ ပန်းကန်ဆေးခြင်း၊ အ၀တ်လျှော်ခြင်း များကို တောင့်ခံနိုင်တဲ့အတွက် လက် မှာအနာဖြစ်လျှင်သုံးပါက အကောင်းဆုံးဖြစ်ပါတယ်။

(၂) ခေတ်မီအနာကျက်ပလာစတာ

မီးလောင်ဖုလေးများမှ စိမ့်ထွက်သောအရည်ကြည်လေးတွေဟာ အနာကျက်ကြာစေပါတယ်။ ဤအနာကပ်ခွာလေး တွေမှာတော့ ဟိုက်ဒရိုကိုးလွိုက် hydrocolloids ခေါ် အရည်ကြည်ကိုစုပ်ယူပစ်နိုင်တဲ့ ဓာတု ပစ္စည်းများပါဝင်ပါတယ်။ ၄င်းဟိုက်ဒရိုကိုးလွိုက်များက အနာကျက်စေရန် အရည်ကြည်များကို ကာကွယ်ပေးတဲ့ဂျယ်လ်အဖြစ် သုံးပေးနိုင် ပါတယ်။

(၃) ထိခိုက်ခံစားလွယ်တဲ့အရေပြားသုံးအနာထည့်ဆေး
တစ်ခါတစ်ရံ မိမိအရေပြားနဲ့ဓာတ်မတည့်ပါက ပတ်တီး၊ ပလာစတာတွေဟာ သင့်အရေပြားကို ယားယံစေပါတယ်။ ဒါကြောင့်ဓာတ်မတည့်မှုနည်းပါးတဲ့ ကပ်ခွာလေးတွေကို သုံးပေးနိုင်ပါတယ်။ ၄င်းမှာ hypoallergic adhesive လို့ရေး ထားလေ့ရှိပါတယ်။

(၄) အနာထည့်ဆေးရည်

သွေးမထွက်တဲ့ ကုတ်ရာခြစ်ရာ ဒဏ်ရာလေးတွေမှာသာ သုံးပေးနိုင်ပါတယ်။ သွေးထွက်များရင်တော့ သွေးတိတ် အောင် ရိုးရိုးပတ်တီးစဖြင့် စည်းပေးတာကတော့ ပိုကောင်းပါတယ်။

(၅) ဒဏ်ခံနိုင်တဲ့ ပတ်တီးပလာစတာ
ခဏခဏဆောင့်မိတိုက်မိနိုင်တဲ့ အနာတစ်ခုဖြစ်ရင်တော့ အနာကျက်တာဟာ နှေးသွားနိုင်ပါတယ်။ ဤပတ်တီးမျိုးဟာ အ၀တ်ထူထူထဲထဲလေးဖြင့် ပြုလုပ်ထားမှသာလျှင် ထိခိုက်ဒဏ်ရာများကို ကူရှင် သဖွယ် ခံထားပေးနိုင်မှာဖြစ်တယ်။

(၆) ပဋိဇီဝဆေးပါတဲ့ ပတ်တီးပလာစတာ

ပဋိဇီဝပိုးသတ်လိမ်းဆေးပါတဲ့ ပလာစတာကို ပိုးဝင်ရောက်ခံရမယ့်အခြေအနေမျိုးရှိတဲ့ အနာများ ဥပမာ – အမြင့်က လိမ့်ကျလို့ ကုတ်ခြစ်ရာများ သို့မဟုတ် ပွန်းပဲ့ရာကြီးကြီးတွေဆိုရင် ဤပလာ စတာမျိုးသုံးသင့်ပါတယ်။

(၇) အကွေးအဆန့်နေရာများမှာ သုံးရမယ့်ပလာစတာများ

တံတောင်ဆစ်၊ဒူးဆစ်၊လက်ကောက်ဝတ်၊ခြေမျက်စိစတဲ့ အကွေးအဆန့်များတဲ့နေရာမှာ ပွန်းပဲ့ဒဏ်ရာတွေရရှိပါက ကွေးနိုင်ဆန့်နိုင်တဲ့ ပလာစတာမျိုးသုံးသင့်တယ်။ လှုပ်ရှားမှုအတိုင်း သူတို့က လိုက်လှုပ်ရှားပေးနိုင်ပါတယ်။ အမှတ်စဉ် အလိုက်ပုံများကိုသတိထားပြီး ကြည့်ထားပါ။

Ref: Health Digest Journal Vol. (6), No. (38) – July 1 2009

ဂရေဟမ်ဘဲလ် မျက်နှာမပျက်ရအောင်

တယ်လီဖုန်းကို တီထွင်ခဲ့သူဟာ အမျိုးမျိုးကွဲပြားနေပေမယ့် ဒီပို့စ်မှာတော့ ဂရေဟမ်ဘဲလ်ကိုပဲအတည်ယူ လိုက်ပါတယ်။ သူတီထွင်ခဲ့တဲ့တယ်လီဖုန်းဆက်သွယ်ရေးဟာ မျိုးဆက်အမျိုးမျိုးတိုးတက်ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအ၀ိုင်းမှာ မရှိမဖြစ်ပစ္စည်းတစ်ခုသဖွယ် ဖြစ်လာခဲ့ရပါတယ်။ ဖုန်းနဲ့ဆက်သွယ်တဲ့အခါမှာ တစ်ဖက်သူအတွက် အထင်မှား၊အမြင်မှား၊ဘေးလူအတွက် အနှောင့်အယှက် ဖြစ်နိုင်တဲ့ ကိစ္စတွေကအစ ဖုန်းနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင် ရန်ဆက်သွယ်နည်းယဉ်ကျေးမှုတွေကို သုတပွားစရာအဖြစ် ဖော်ပြလိုက်ပါတယ်။

အသံကျယ်ခြင်း

တချို့လူတွေရှိပါတယ်။ ဖုန်းနဲ့စကားပြောတာ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က ကြားရလောက်အောင် အသံကျယ် ကျယ်နဲ့ပြောနေတဲ့သူတွေပါ။ အသံဆိုတာ တစ်ဖက်သူနဲ့ကြားခံဆက်သွယ်တဲ့အရာ တစ်ခုပါ။ လိုအပ်သည်ထက်ပိုကျယ် မယ်ဆိုရင် ဘေးလူကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အသံကျယ် ကျယ်နဲ့ဖုန်းပြောခြင်းဟာ အင်တာနက်ဆိုင်မှာ Pfingo နဲ့နိုင်ငံခြားဖုန်းခေါ်ဆိုသူတွေအတွက်ရော၊ Vzo နဲ့ပြောသူတွေ အတွက်ရော အကျုံးဝင်ပါတယ်။ အများသူငှာ လာရောက်သုံးစွဲနေကြတဲ့နေရာမျိုးမှာ မိမိအသံကြောင့် တခြားသူအနှောင့်အယှက်ဖြစ်ရတယ်ဆိုတာ မကောင်းပါဘူး။ ဆင်ခြင်သင့်ပါတယ်။

ရှင်းလင်းစွာပြောဆိုပါ

ရုပ်ပုံပန်းချီကားတစ်ချပ်ဟာ စကားလုံးထောင်နဲ့ချီအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့အသံပဲ ကြားရပြီး ရုပ်ကိုမမြင်၊ ခန္ဓာကိုယ်လှုပ်ရှားမှုကိုမမြင်ရတဲ့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုနေတဲ့ အချိန်မှာတော့ သင့်ရဲ့စကားပြောသံဟာ ပီသရှင်းလင်း ဖို့လိုအပ်ပါတယ်။ ဆိုခဲ့တဲ့အတိုင်း သင့်ဆိုလိုချက်ကိုအမိဖမ်းဖို့ သင့်ရဲ့ ရုပ်သွင်၊ ကိုယ်ဟန်အမူအယာတို့ကို မြင်နိုင်စွမ်းမရှိ တဲ့အတွက် ဖုန်းပြောတာ ပီသရှင်းလင်းပါစေ။

လေသံတည်ငြိမ်ပါစေ

တချို့ Reception ကဖုန်းလက်ခံဖြေကြားသူတွေဟာ ဖုန်းလက်ခံစကားပြောတာ လေသံပိုင်းဆိုင်ရာတည်ငြိမ်မှု မရှိပါဘူး။ ကလက် တက်တက် ချွဲချွဲပစ်ပစ်လေသံတွေရှိသလို၊ သတ္ထုသံအလားအောက်မေ့ရတဲ့ ကျွတ်ဆတ် ဆတ်အသံတွေလည်းရှိ လေရဲ့။ တိုးတိုးလေးနဲ့ မကြားတကြားပြေသလို ပြောနေတာလည်းရှိတယ်။ ဒါကြောင့် ဖုန်းနဲ့အလုပ်လုပ်နေရသူ တွေအ တွက် လေသံပိုင်းဆိုင်ရာမှာ ပရောက်ဖက်ရှင်နယ်ရှိဖို့ လိုအပ်ပါတယ်။ တိုးခြင်း၊ ကျယ်ခြင်း အစွန်းနှစ်ဖက်ကြား လွတ် အောင်ကြိုး စားပေးဖို့ လိုအပ်ပါတယ်။

ဖုန်းတစ်ဖက် မုန့်တစ်ဖက်

Customer ဆီကဖုန်းလာနေချိန်မှာ ပါးစပ်က ပလုပ်ပလောင်းစားပြီး ဖုန်းပြောတာမျိုးမလုပ်ပါနဲ့။ ဖုန်းပြောနေရင်လည်း ပါးစပ်ထဲတစွပ် စွပ်သွင်းပြီး စားသုံးခြင်းမျိုးရှောင်ရှားပေးရပါမယ်။ အစားအစာစားပြီး မပြောသင့်သလို အဖျော်ရည်၊ ရေ သောက်နေစဉ်မှာ လည်း တစ်ဖက်လူကို ဖုန်းလက်ခံစကားမပြောသင့်ပါဘူး။ ရိုင်းရာကျပါတယ်။

အသုံးအနှုန်း

Reception ကဖုန်းလက်ခံပြောကြားတဲ့သူဟာ လမ်းသရဲစကား၊ဘန်းစကား စသည်တို့ကို သုံးနှုန်းပြောဆိုခြင်း ရှောင်ရှား ရပါမယ်။ ဒီလိုသုံးနှုန်းပြောဆိုခြင်းဟာ မိမိအတွက်လည်း တန်ဖိုးလျှော့ကျစေသလို မိမိလုပ် ဆောင်နေတဲ့ ကုမ္ပဏီ၊ လုပ်ငန်း ဟာလည်း တစ်နည်းတဖုံသွယ်ဝိုက်သောနည်းနဲ့ ဂုဏ်သိက္ခာကျဆင်း သွားပါတယ်။ ဒါကြောင့်ဖုန်းပြောတဲ့အခါ ဘန်းစကား၊ လမ်းသရဲစကား ၊ ညစ်ညမ်းစကား၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတို့ကို ရှောင်ကြဉ်ပေးရမှာဖြစ်တယ်။

စိတ်ရှည်သည်းခံနားထောင်

စိတ်ရှည်သည်းခံပေးပြီးနားထောင်တတ်ဖို့ဟာလည်း Reception က၀န်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည် အချင်းတစ်ခုပါပဲ။ အထူးသဖြင့် ဆေးရုံက ၀န်ထမ်းတွေနဲ့ တခြားလူမှုဝန်ထမ်းလုပ်ငန်းက ၀န်ထမ်းတွေပဲဖြစ်ပါတယ်။ Customer ဆီကတက်လာတဲ့ Complain ပဲဖြစ်ဖြစ်၊ သဘောထားပဲဖြစ်ဖြစ် သေချာဂရုပြုပြီး နားထောင်ပေးပါ။ ဒီလိုစိတ် ရှည်သည်းခံပြီး သေချာစွာနားထောင်ပေးတတ်ခြင်းဟာ လူမှုဆက်ဆံရေး ၀န်းကျင်မှာ အကျင့်ကောင်းတစ်ခုပါ။ Customer ဆီကထားခဲ့တဲ့ message ကိုလည်းနား ထောင်ပြီး ပြန်လည်ရွတ်ဆိုပြခြင်း ဟာလည်း ကောင်းမွန်တဲ့အကျင့်ကောင်းတစ်ခု ပဲဖြစ်ပါတယ်။

စိတ်ရှည်ကူညီ

ဘာကြောင့်စိတ်ရှည်ပေးဖို့ထပ်မံတိုက်တွန်းရသလဲဆိုတော့ တချို့Customer တွေဟာ စိတ်ဆိုးနေတဲ့အခါ၊ စိတ်ပျက်နေ တဲ့အခါတွေရှိပါတယ်။ ဒီလို စိတ်ဆိုး၊ ကျွဲမြီးတိုနေတဲ့ ဖောက်သည်တွေနဲ့ဆက်ဆံတဲ့ အခါမှာ မိမိဘက်က အထူးသဖြင့် စိတ်ရှည်လက်ရှည်နဲ့ သူပြောတဲ့စကားကို ဂရုပြုပြီးနားထောင်ပေးဖို့ အင်မတန်မှ အရေးကြီးလို့ ထပ်မံဖော်ပြရခြင်း ပဲဖြစ် တယ်။ ဖောက်သည်ဘက်က စိတ်ဆိုးဒေါသထွက်နေတာကို မိမိက သူ့အတိုင်းတုံ့ပြန်ပြန်လည်ပြောဆိုဖို့ မလိုအပ်ပါဘူး။ ဒေါသတကြီး ပြန်လည်ပြောဆိုခြင်းဟာ ရိုင်းရာကျသလို ပရော်ဖက်ရှင်နယ်လည်း မကျပါဘူး။ မိမိသာမက မိမိလုပ်ဆောင် နေတဲ့ လုပ်ငန်းရဲ့ Image လည်းများစွာညှိုးနွမ်းသွားပါတယ်။

ခဏကိုင်ပေးထားလို့ရမလား

ဖုန်းလက်ခံပြောကြားတဲ့သူတွေ အနေနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ဖုန်းပေါင်းများစွာဝင်လာတတ် ပါတယ်။ ရှောင် လို့မရတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒီလိုဖုန်းအ၀င်များလာရင် တစ်ဖက်လူကို ခဏကိုင်ထားပေး လို့ ရ မရမေးကြည့်ပါ။ ရတယ် ဆိုရင် ခဏတာမျှစောင့်ခိုင်းပေးပါ။ စောင့်ခိုင်းတဲ့အခါမှာလည်း မိနစ်အ နည်းငယ်မျှသာဖြစ်ပါစေ။ ခဏကိုင်ထားခိုင်းပြီး မေ့သွားတာမျိုးလည်းမဖြစ်သင့်ပါဘူး။ တစ်ဖက်လူစိတ် ဆိုးဒေါသထွက်လာတဲ့အထိစောင့်ခိုင်းထားခြင်းမျိုးလည်း မဖြစ် သင့်ပါဘူး။

ဖုန်းကိုပဲအာရုံစိုက်

တချို့ဝန်ထမ်းတွေရှိပါတယ်။ ဖောက်သည်နဲ့ဖုန်းပြောနေရင်း ဘေးနားကလူ၊ မျက်စိရှေ့ကလူကို အာရုံစိုက်ပြီး လှမ်းစကား ပြောတာတို့ဟာ မိမိနဲ့ပြောနေတဲ့ဖောက်သည်ကို အင်မတန်မှအောင့်သက် သက်ဖြစ်စေပါတယ်။မယဉ်ကျေးတဲ့ အပြုအမူ တစ်ခုဖြစ်တယ်။ မိမိနဲ့ပြောနေတဲ့ဖောက်သည်ကိုလည်း ဂရုမပြုရာ၊ အလေးမထားရာဖြစ်တဲ့အတွက် ရှောင်ကြဉ်ရမှာ ဖြစ်ပါ တယ်။

နိဂုံးချုပ်ပြောချင်တာက ဖုန်းနဲ့ပတ်သက်ပြီး ၀န်ဆောင်မှုပေးနေရတဲ့ဝန်ထမ်းများအနေနဲ့ (ဖုန်းကိုင်ပြီး လက်ခံစကားပြော သူ) မိမိရဲ့အပြုအမူဟာ မိမိရဲ့လုပ်ငန်း၊ ကုမ္ပဏီအတွက်ဂုဏ်တက်စေနိုင်သလို၊ များစွာ လည်း ကျဆင်းစေနိုင်တဲ့ ရှေ့တန်း ကမျက်နှာဖုံးတွေဖြစ်ကြောင်း အသိပေးပြောဆိုရင်း ဒီမျှသာ...။


Ref: 8 Days a week Journal Vol.1, No.43, 8-15 Jan 2010


Friday, January 15, 2010

မြန်မာအစားအစာ အတွဲအစပ်လေး

-->
ဒီတစ်ခါ ပဲထောပတ်ထမင်းလေးရယ်၊ ကြက်သွန်ချဉ်ရယ်၊ ပြီးတော့ ဆိတ်သားဟင်းနဲ့ နှုတ်မြိန်အောင် ချက်စား ကြည့်ရ အောင်။ ထုံးစံအတိုင်းပါပဲ ပဲထောပတ်ထမင်းနဲ့ ဆိတ်သားဟင်းကတော့ အမယ်စုံရင် ချက်ချင်းချက်ပြုတ် စားသောက် လို့ရပါတယ်။ ကြက်သွန်ချဉ်ကတော့ ကိုယ်တိုင်လုပ်စားချင်သူတွေ အတွက်ဖော်ပြခြင်းဖြစ်ပြီး စူပါမားကတ်က တခြားကြက် သွန်ချဉ်တွေကိုဝယ်စားလည်းရပါတယ်။
အစိမ့်ရယ်၊ အချဉ်ရယ် အအီလေးရယ် စားသောက်ကြတာပေါ့နော်။ အားလုံးစားသောက်ပြီးတော့မှ ရှောက်ယိုလေးဖြစ်ဖြစ် ထန်းလျက်ခဲလေးပဲဖြစ်ဖြစ် အစာကြေစားသောက်ကြတာပေါ့။

ပဲထောပတ်ထမင်
ဆန်                   ၄လုံး
ထောပတ်            ၅ကျပ်သား
ဆီ                     ၂ကျပ်သား
ကုလားပဲ             ၁၀ကျပ်သား
ကြက်သွန်နီ         ၄လုံး
ကရဝေး              ၃ရွက်
သစ်ကြံပိုးခေါက်    ၁ဥ
သကြားထမင်းစားဇွန်း        ၁ဇွန်း
ဆား                  အနည်းငယ်
ချက်ပြုတ်နည်း
-           ပဲကို မနူးတနူးပြုတ်ပါ။
-           ဆန်ကိုရေစင်အောင်ဆေးပါ။
-           ဖိုပေါ်တွင် အိုးတင်၍ ထောပတ်နှင့်ဆီကိုထည့်ပါ။ ဆီပူလာလျှင် ကရဝေးရွက်ထည့်၍ ဆီသတ်ပါ။
-           ပြီးလျှင် ဆန်နှင့်ပဲကိုထည့်၍ မွှေပါ။
-           ဆားအနည်းငယ်ထည့်ပါ။
-           သကြားထည့်ပါ။
-           ဆန်ကို အိုး၌ညီအောင်ခင်းထည့်ပြီး ရေလက်တစ်ဆစ်မြုပ်အောင် ထည့်တည်ပါ။ ဆန်နပ်ခါနီး တွင် နပ် မနပ်ကြည့်၍ မနပ်သေးပါက ရေအနည်းငယ်တောက်ပြီး ကြက်သွန်နီ ၄ဥကို အခွံသင်၍ လေးစိတ် စိတ်ထည့်ပါ။ အဖုံးပြန်အုပ်လိုက်ပါ။ အနံ့သင်းလာပါက ဖိုပေါ်မှ ချနိုင်ပါသည်။

ကြက်သွန်ချဉ် (ဂျာမန်)
ပါဝင်သောပစ္စည်းများ
ကြက်သွန်နီ         ၁၀ ဥ (အရွယ်ညီညီ)
ရှလကာရည်        လက်ဖက်ရည်ပန်းကန် ၁လုံး
ငရုတ်သီးစိမ်း       ၃တောင့်
ငရုတ်ကောင်းစေ့   ၃စေ့
ဆား                  အနည်းငယ်
ပြုလုပ်နည်း
-           အရွယ်ညီသော ကြက်သွန်နီဥများကို အခွံသင်ပြီး ရေဆေး၊ ဆားနယ်၍ တစ်ညခန့် စဉ့်အိုးတွင် သိပ်ထားပါ။
-           ရှလကာရည်၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့တို့ကို ရော၍ကျိုပါ။
-           ကြက်သွန်များမြုပ်အောင် ရှလကာရည်လောင်းရမည်ဖြစ်၍ ရေမှန်း၍ ရောကျိုပါ။
-           ဆူလျှင် ကြက်သွန်များထည့်ထားသော စဥ့်အိုးထဲသို့လောင်းထည့်ပြီး အအေးခံထားပါ။ အေးလျှင် ပုလင်းတစ်လုံးတွင် ပြောင်း၍လေလုံအောင် ပိတ်ထားပါ။
-           လိုအပ်သောအချိန်တွင် ထုတ်ယူသုံးဆောင်ပါ။

ဆိတ်သားဟင်း
ပါဝင်သောပစ္စည်းများ
ဆိတ်သား                       ၂၅ကျပ်သား
ဆီ                                 ၅ကျပ်ခွဲသား
ကြက်သွန်နီ                     ၃ဥ
ကြက်သွန်ဖြူ                    ၃ဥ
ချင်း                               လက်တစ်ဆစ်
ငရုတ်သီး                        တစ်ဇွန်း(ဇွန်းသေး)
မဆလာ              ၁ ထုပ်
ပျဉ်းတော်သိမ်ရွက်
ဆား၊ နနွင်းမှုန့်                 အနည်းငယ်
ချက်ပြုတ်နည်း
-           ဆိတ်သားကို အရွယ်တော်အတုံးများ တုံးပါ။
-           ချင်းကို ထောင်းပြီး ဆိတ်သားတုံးများပေါ်သို့ အရည်ညှစ်ချပြီး ၅မိနစ်ခန့်နယ်ပြီး နှပ်ထားပါ။
-           ထို့နောက် ဆား၊ နနွင်းတို့ဖြင့် နယ်ပါ။ ငရုတ်သီးကို ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဖြင့် ထောင်းကာ ဆီသတ်ပါ။
-           ငရုတ်သီးကျက်လာလျှင် မဆလာထည့်၍မွှေပါ။
-           ၄င်းနောက် ဆိတ်သားများထည့်မွှေ၍ ရေအနည်းငယ်ထည့်ပြီး ခေတ္တအဖုံးအုပ်ထားပါ။
-           ဆိတ်သားရေခန်း၍ ဆီပြန်မှ ရေအနည်းငယ် ထပ်ထည့်ပြီး မီးအေးအေးဖြင့်နှပ်ပါ။
-           ဆိတ်သားနူးလျှင် ပျဉ်းတော်သိမ်ရွက်အုပ်ပြီး ချပါ။

ပုံတူမျိုးပွား (Clone) ဆိုတာ

မိန်းကလေးလား၊ ယောက်ျားလေးလား။ကလေးတစ်ယောက်၏ လိင်ကွဲပြားမှုသည် မည်သူ့အပေါ်မူတည်နေ ပါသနည်း။

မွေးဖွားလာမည့် ကလေးတစ်ယောက်သည် မိန်းကလေး သို့မဟုတ် ယောက်ျားလေးဖြစ်ရမည်ဆိုသော အချက်သည် မိခင်တို့၏ဆန္ဒအတိုင်းမဟုတ်ပါ။ မိခင်၏စိတ်စွဲလမ်းမှုကြောင့်လည်းမဟုတ်ပါ။ ၄င်းသည် လိင်ခရိုမိုဆုမ်းဟုခေါ်သော ထူးခြားသည့်မျိုးရိုးဗီဇကိုသယ်ဆောင်ထားသည့် သက်ရှိတို့၏ ဆဲလ်အတွင်းမှ ခရုမိုဇုမ်းတစ်စုံစီကြောင့်ဖြစ်သည်။ အဆိုပါ လိင်ခရိုမိုဇုမ်းတွင် X နှင့် Y ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ မျိုးဥဆဲလ်များတွင် X ခရိုမိုဇုမ်းရှိပြီး စပမ်းခေါ် သုတ်ပိုး တွင် X သို့မဟုတ် Y ခရိုမိုဇုမ်းရှိနိုင်သည်။

X + X > XX > Girl

X +Y > XY > Boy

X ခရိုမိုဇုမ်းတစ်ခုရှိသော စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိသောအခါ သန္ဓေသားလောင်းသည် မိန်းကလေးအဖြစ် ဖွံ့ဖြိုးလာသည်။ Y ခရိုမိုဇုမ်းတစ်ခုရှိသည့် စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိ သောအခါ သန္ဓေသားလောင်းသည် ယောက်ျားလေးအဖြစ် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။

ကလုန်း (Clone) ဆိုသည်မှာ

ယနေ့ခေတ်တွင် ကလုန်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့်အကြောင်းအရာတစ်ခု ဖြစ်လာနေပါသည်။ ကလုန်းကို 'လိင်မဲ့မျိုးပွားနည်းဖြင့် ရယူထားသော မျိုးတူကလာပ်စည်း'ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ကလုန်းသည် မျိုးရိုးဗီဇအလိုက်တထေရောတည်းဖြစ်သော သီးခြားအရာ တစ်ခုဖြစ်သည်။ အထူးသဖြင့်ဆဲလ်၏ နျူကလီးယပ်စ် အတွင်း၌ မျိုးဗီဇ(ဂျင်း)များသည် အတူတူပင် ဖြစ်သည်။

ကလုန်းများကို မည်ကဲ့သို့ထုတ်လုပ်ပါသနည်း။

၁။ သဘာဝနည်း

လူသားများတွင် တထေရာတည်းတူကြသည့် အမြွှာများသည် ကလုန်းများဖြစ်ကြသည်။ တစ်ခါတစ်ရံ တွင် သန္ဓေသားလောင်းသည် ဖွံ့ဖြိုးကာ သန္ဓေသားနှစ်ခုသို့ ကွဲထွက်တတ်သည်။ ၄င်းကွဲထွက်မှု တစ်ဝက်စီသည် သန္ဓေသားတစ်ခုအဖြစ် ဖွံ့ဖြိုးလာကာ မျိုးဗီဇများလည်း အတူတူပင်ဖြစ်လာကြသည်။

၂။ ဖန်တီးခြင်း

(က) သန္ဓေသားလောင်းတစ်ခုသည် အကြိမ်ကြိမ်ကွဲထွက်နိုင်သည်။ ဤသို့ဖြင့် မျိုးဥတစ်ခုစီမှ တူညီ သောကလုန်းတစ် ခုချင်းအဖြစ် အရေအတွက်များစွာဖြစ်ပေါ်စေနိုင်ပါသည်။ မျောက်နီ သို့မဟုတ် မျောက်ဖင်နီများကို ဤနည်းဖြင့် ကလုန်းများဖြစ်အောင်ဖန်တီးနိုင်ပါသည်။

(ခ) မျိုးဥတစ်ခု၏ နျူကလီးယပ်စ်တွင် ၄င်းကိုယ်ပိုင်နျူကလီးယပ်စ် အစားထိုးပေးခြင်းဖြင့် ကလုန်းတစ်ခုကို ဖန်တီးနိုင်သည်။ Dolly အမည်ရှိသော သိုးမလေးသည် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကလုန်းနို့တိုက်သတ္တ၀ါ ဖြစ်သည်။

ဒေါ်လီ (Dolly) ဆိုတာဘယ်သူလဲ။

ဒေါ်လီ(Dolly)သည် အရုပ်ကလေးတစ်ရုပ်၏ အမည်မဟုတ်ပါ။ နာမည်ကျော်အဆိုတော်တစ်ဦး၏ အမည် လည်း မဟုတ်ပါ။ ဒေါ်လီသည် သိုးမလေးတစ်ကောင်၏ အမည်ဖြစ်သည်။ ထိုအချိန်များက နာမည်ကျော်အဆိုတော် Dolly Parton ၏အမည်ကို ယူထားသည်ဟုလည်း ဆိုကြပါသည်။ အဆိုပါ သိုးမလေးသည် သိုးမကြီး၏ ဆဲလ်မှတစ်ဆင့် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကမ္ဘာ့ပထမဆုံးနို့တိုက်သတ္တ၀ါဖြစ် သည်။ ဒေါ်လီကို ၁၉၉၆ခုနှစ်တွင် စကော့တစ်ခ်ျလူမျိုးသိပ္ပံပညာရှင်များက ဖန်တီးမွေးဖွားစေခဲ့ခြင်း ဖြစ်ပါသည်။

(၁)        သိုးမကြီး၏နို့အုံဆဲလ် >

(၂)        အခြားသိုးမ၏ မျိုးဥကို ထုတ်ယူပြီး နျူကလီးယပ်စ်ကို ဖယ်ထုတ်လိုက်သည်။ >

(၃)        လျှပ်စစ်ခတ်သည့် နည်းဖြင့်ဆဲလ်ကိုထပ်မံကွဲထွက်စေသည်။ >

(၄)        သန္ဓေသားလောင်းသည် ဖွံ့ဖြိုးလာသည်။ မိခင်ကိုယ်စားပြုမည့် သိုးမ၏ သားအိမ်ထဲသို့ထည့် လိုက်သည်။ >

(၅)        လအနည်းငယ်ကြာပြီးနောက် မိခင်ကိုယ်စားပြုသိုးမသည် သိုးငယ်လေးကို မွေးဖွားခဲ့သည်။

(ပထမအဆင့်မှ ဒုတိယအဆင့်သို့ပြောင်းလဲသည်တွင် မျိုးဥ၏ နျူကလီးယပ်စ်ကို ဆေးထိုးသည့်နည်း ဖြင့် အစားထိုးလိုက်သည်။)

http://www.synapses.co.uk/science/clone.htmlDolly

ဒေါ်လီ(Dolly) ၏ သက်တမ်း

 သိုးမလေး၏သက်တမ်းသည် ၆နှစ်ဖြစ်သည်။ Dolly ကို ၁၉၉၆ခုနှစ် ဇူလိုင်လ၅ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် သေဆုံးခဲ့သည်။ Dolly သည် အဖိုနှင့်အမတို့ သန္ဓေစပ်ရာမှ မွေးဖွားခဲ့သည့် သိုးငယ်လေး မဟုတ်ပါ။ လူသားတို့၏ ဖန်တီးချက်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်၍ ကလုန်းဟုသတ်မှတ်ကြသည့် သက်ရှိတိရစ္ဆာန်တစ် ကောင်သာဖြစ်သည်။ သို့ဖြစ်၍ ကလုန်းများ၏ အသက်ကို သို့မဟုတ်သက်တမ်းမည်သို့တွက်မည်ကို တိကျစွာမသိကြသေးပါဟု ဆိုပါသည်။

ကြောင်၊ခွေးစသည့် အိမ်မွေးတိရစ္ဆာများကို ကလုန်း (Clone) အဖြစ်ဖန်တီးမွေးဖွားနိုင်ပါသလား။

ဒေါ်လီ(Dolly)ခေါ် သိုးမလေးကို ပုံတူကိုယ်ပွားကလုန်းအဖြစ် ဖန်တီးမွေးဖွားစေခဲ့ပြီးဖြစ်သည်။ ထို့အတူ နွား၊ဆိတ်၊ သိုး၊၀က်၊ကြွက် စသည့်တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ် သုတေသနပြု စမ်းသပ် ဖန်တီးခဲ့ကြပါသည်။ ရည်ရွယ် ချက်မှာ လူသားများအတွက် အသုံးဝင်မည့် တိရစ္ဆာန်များကို မျိုးရိုးဗီဇ ပြုပြင်ကာ အရေအတွက် များပြားစွာထုတ်လုပ် ရန်ဖြစ်သည်။

သင်မွေးထားသော ကြောင်၊ခွေး ကဲ့သို့ တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ်ထုတ်လုပ်ပေးနိုင်သည်။ သင်အလွန်ချစ် သော ကြောင်ကလေးရုတ်တရက်သေဆုံးသွား၍ အစားယူလိုပါသလား၊ ၄င်းကြောင်ကလေး၏ ဆံချည်တမျှင်၊ အသား သို့မဟုတ် အရိုးတစ်စကိုရယူရုံဖြင့် သင့်ကြောင်ကလေးနှင့် မျိုးရိုးဗီဇတူသော ကြောင်ကလေးတစ်ကောင်ကို ဖန်တီးနိုင် သည်ဟုဆိုသည်။ မကြာတော့သော အချိန်ကာလတစ်ခုတွင် အဆိုပါစိတ်ကူးများသည် အကောင်အထည်ပေါ်လာပါ လိမ့်မည်။

မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည့် ရှေးခေတ်တိရစ္ဆာန်ကြီးများကို ပြန်လည်အသက်သွင်းဖော်ထုတ်နိုင် ပါသလား။

ရေခဲခေတ်က ရှင်သန်ကျက်စားခဲ့သော အမွှေးရှည်ဆင်ကြီး(mammoth)မျိုးကို ပုံဖော်အသက်သွင်းနိုင် မည့်အချိန် သည် မဝေးတော့ဟုဆိုပါသည်။ သည်လိုဆိုလျှင် သင်အံ့သြနေပါလိမ့်မည်။ တကယ်လည်းဖြစ်လာ နိုင်ပါသည်။ သို့ရာတွင် အဆိုပါအကြောင်းအရာများသည် သိပ္ပံနယ်ပယ်တွင် ရှုပ်ထွေးနေဆဲဖြစ်သည်။

စိတ်ကူးအရ - မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီးသော တိရစ္ဆာန်များကို ပုံတူကိုယ်ပွားထုတ်လုပ်နိုင်ပြီဟုဆိုပါ သည်။ ဥပမာအားဖြင့် အဆိုပါရှေးခေတ် တိရစ္ဆာန်များ၏ ဆံချည်တစ်မျှင်ကိုသုံးပြီး ယခုခေတ်ဆင် တစ်ကောင်၏ မျိုးဥဆဲလ်အလွတ်ထဲသို့ထည့်သွင်းရပါမည်။ဆင်ကလေးတစ်ကောင်မွေးဖွားလာခဲ့ပါက ၄င်းသည်အမွှေးရှည် mammoth ဆင်ကလေးဖြစ်လာလိမ့်မည်ဟုဆိုပါသည်။

လက်တွေ့တွင် – ကလုန်းများသည် လက်တွေ့အားဖြင့် ပုံမှန်တိရစ္ဆာန်များထက် အားနည်းချက်များရှိနေပါသည်။ အများအားဖြင့် ကလုန်းများသည် မမွေးဖွားမီ သေဆုံးကုန်လေ့ရှိသည်။

အဘယ့်ကြောင့်နည်း - သိပ္ပံပညာရှင်များသည် ကလုန်းများအဖြစ်ဖန်တီးကြရာတွင် သဘာဝကို ဆန့်ကျင်ချက်များရှိနေ သည်ဟု ဝေဖန်ကြပါသည်။ လက်ရှိအားဖြင့် ကလုန်းများသည် မူရင်းထက် စွမ်းရည်လျော့နည်းတတ်သည်။ တစ်နည်း အားဖြင့် အားနည်းကြပြီး ကျန်းမာသန်စွမ်းသော ကလုန်းကို ရရှိသည့်တိုင် ၄င်းတို့သည် ပုံမှန်တိရစ္ဆာန်တို့ထက် သက် တမ်းတိုတတ်သည်။ သဘာဝတရားကို ဆန့်ကျင်နိုင်ပါမည်လားဆိုသည်ကို တွေးစရာများဖြစ်နေပါသည်။

ပုံတူကိုယ်ပွား (Clone) ဖန်တီးမှုသည် တစ်ထပ်တည်းတူနိုင်ပါသလား။

သန္ဓေသားလောင်းကွဲထွက်ရာမှဖြစ်ပေါ်လာသည့်ပုံတူကိုယ်ပွား(clone)များသည် မျိုးရိုးဗီဇအရအတူတူပင်ဖြစ်သည်။ အထူး သဖြင့် ဆဲလ်၏ နျူကလီးယပ်စ်အတွင်း သို့မဟုတ် နျူကလီးယပ်စ်အပြင်ဘက်ရှိ မျိုးရိုး ဗီဇဆိုင်ရာပစ္စည်းများမှာ လည်း တူကြပါသည်။

သို့ရာတွင် Dolly (သိုးမကလေး) ကဲ့သို့နျူကလီးယပ်စ်များကို ပြောင်းရွှေ့ခြင်းဖြင့် ဖြစ်ပေါ်လာသည့် ကလုန်းများ၏ မျိုးရိုးဗီဇပစ္စည်းများသည် ထပ်တူထပ်မျှ မတူညီကြပါ။ မျိုးရိုးဗီဇများသည် မည်မျှပင်တူကြသည်ဆိုသည့်တိုင် ၄င်း နျူကလီးယပ်စ်ကို အပြင်ဘက်သို့ မည်ကဲ့သို့ထုတ်ယူသည် ဆိုသည့်အချက်နှင့် အဆိုပါမျိုးရိုးဗီဇ(ဂျင်း)များသည် အချင်းချင်းတုံ့ပြန်ကြသည့် အချက်များပေါ်တွင် မူတည်ပြီး အပြောင်းအလဲများဖြစ်နိုင်ပါသည်။

သို့ဖြစ်၍ ညီရင်းအစ်ကို မောင်ရင်းနှမများထက်ပင် ပို၍နီးစပ်ကြပြီး တစ်ထပ်တည်းတူသည်ဆိုသော အမြွှာများတွင်ပင် သီးခြားကွဲပြားမှုများရှိနေကြပါသည်။

သင့်အပြင် နောက်တစ်ယောက်ရှိနိုင်ပါသလား။

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများတွင် ပါဝင်သည့်လူသားပုံတူကိုယ်ပွား(clone)များသည် တကယ်ဖြစ်နိုင်ပါသလား။

သိပ္ပံပညာရှင်များသည် မကြာတော့သော အချိန်ကာလများတွင် လူသားကလုန်းများကို ဖန်တီးနိုင် တော့မည်ဟုဆိုပါ သည်။ အဆိုပါလူသားကလုန်းမျိုးကို ၁၉၉၃ခုနှစ်အစောပိုင်းအချိန်များကတည်းက ဖန်တီးခဲ့ဖူးသည်ဟုဆိုသည်။ သို့ရာ တွင်အကြောင်းကြောင်းကြောင့် ပြန်လည်ဖျက်ဆီးပစ်ခဲ့ရပါသည်။ တကယ့်လူသားကလုန်းများကို အောင်မြင်စွာ ထုတ် လုပ်ဖန်တီးရန်မှာ မဖြစ်နိုင်သေးဟုလည်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းလုပ်ငန်းစဉ်များသည် သဘာဝ တရားကို ဆန့်ကျင်နေခြင်းနှင့် ဘာသာရေးအရ လက်မခံနိုင်ခြင်းဖြစ်သည်။ နိုင်ငံအသီးသီး၏ ဥပဒေများအရလည်း လက်ခံနိုင်ခြင်းရှိ၊မရှိကို အငြင်းပွားနေဆဲဖြစ်သည်။ မေးခွန်းတစ်ခုအရ လူသားပုံတူကလုန်းများတွင် အသက် '၀ိညာဥ'် သို့မဟုတ် 'စိတ်' ဟူသောအရာများသည် တကယ့်လူသားများနှင့် မည်သို့ကွာခြားနိုင်ပါသနည်းဟူ၍ဖြစ်သည်။

Ref: Science & Technology Journal No.117 (27 Feb 2008)

Wednesday, January 6, 2010

Thu kan Ta theik Sin Tan Like thoe

သူကန်းတစ်သိုက် စဉ်တန်းလိုက်သို့

'ဘယ်လိုတုံး ဈေးသည်ကြီးရဲ့၊ ရောင်းရေးဝယ်တာမှ ကောင်းရဲ့လား'

'ဆိုင်ကလေးက ဖွင့်စဆိုတော့ ဒီလိုပဲပေါ့ ကိုဝင်းရာ၊ ဈေးဦးမပေါက်တဲ့နေ့က များပါတယ်။ ကုန်မျိုးစုံအောင်တင်နိုင်ဖို့ နဲ့ ဈေးမှန် ပစ္စည်းမှန်ကြောင်း စားသုံးသူတွေသိအောင် ကြိုးစားရတုန်းပါပဲ။'

'ကောင်းတယ် ကိုလင်းရေ၊ ကောင်းတယ်။ ဆက်ကြိုးစားရင် တစ်နေ့တော့ အောင်မြင်ရမှာပေါ့။ အမယ် ခင်ဗျားဆိုင်က သေးသာ သေးတယ်၊ ဘုရားစင်လေးလုပ်ထားတာ သန့်သန့်ပြန့်ပြန့်နဲ့ သပ္ပာယ်သားဗျ'

'ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီးလုပ်ကိုင်တဲ့ သဘောပေါ့ဗျာ'

'ဘုရားရုပ်ပွားတော်ကို ပူဇော်ထားတာကတော့ ဟုတ်ပါပြီ၊ ဒီဘက်နားကယှဉ်လျက် ပူဇော်ထားတဲ့ ဓာတ်ပုံကြီးထဲကပုဂ္ဂိုလ်က ဘယ်သူ လဲဗျ၊ ခင်ဗျားပြောတဲ့ ရတနာသုံးပါးထဲတော့ အကျုံးဝင်ဟန်မတူပါဘူး။'

'ဒီတစ်ခါလည်း ကိုဝင်းတစ်ယောက် ခေတ်နောက်ကျသွားပြန်ပြီ။ အဲဒါ ပူဇော်ကိုးကွယ်သူတွေကို ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက် အောင် မစနိုင်တယ်လို့ မြန်မာတိုင်းရင်းသား မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေအကြား ဟိုးလေးတကျော်ဖြစ်နေတဲ့ သူတော်စင် ကြီးလေဗျာ'

'နေပါဦး ကိုလင်းရဲ့၊ ဒီပုဂ္ဂိုလ်က သူတော်စင်လို့ဆိုရအောင် သူ့အကြောင်း ခင်ဗျားဘယ်လောက်သိလို့လဲ၊ သူ့အယူဝါဒကရော ဘာလဲ၊ သူသက်ရှိထင်ရှားရှိခဲ့တဲ့ အချိန်ကာလကရော ဘယ်တုံးကလဲ၊ လူသားတွေရဲ့ လောဘ၊ ဒေါသ၊မောဟ တရားတွေခေါင်းပါးပြီး ငြိမ်းချမ်း တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ဘယ်အတိုင်းအတာအထိ သူလုပ်ဆောင်နိုင်ခဲ့သလဲ'

'ဟူး...... ခင်ဗျာ့မေးခွန်းတွေက များပါ့ဗျာ၊ သူတော်စင်လို့ ဆိုရတာက လည်ပင်းမှာပုတီးဆွဲပြီး ရှေးခေတ်အိန္ဒိယယောဂီ ကြီးတစ်ယောက် သဏ္ဌာန် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရထိုင်နေပုံ ထုလုပ်ထားတာကို ကြည့်ပြီးခန့်မှန်းလို့ရတာပါ။ သူ့ကိုသက်ရှိထင်ရှားတွေ့ဖူးတဲ့ လူရယ် လို့မရှိခဲ့တော့ သူ့ရဲ့နောက်ကြောင်းရာဇ၀င်၊ သူယုံကြည်ကိုးကွယ်တဲ့ အယူဝါဒနဲ့ သူသက်ရှိထင်ရှားရှိစဉ်က လူ့အဖွဲ့အစည်းရဲ့အကျိုးကို ဘာတွေသယ်ပိုးခဲ့တယ်ဆိုတာတွေကတော့ ဘယ်သိမလဲဗျ။ ကျွန်တော်သိရသလောက်ကတော့ ဒီရုပ်တုကို အသိပညာရှင် စာရေးဆရာ ကြီးအဖြစ်နဲ့ လူသိများ ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကစတင်ပြီး လူသိရှင်ကြားပူဇော်ခဲ့တယ်ဆိုတာပဲ'

'ဒီအတိုင်းဆို ခင်ဗျားတို့က ဒီရုပ်တုရှင်ရဲ့ ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာအဆင့်ကိုလည်း ဘာမှမသိဘဲ ပူဇော်စရာ ပုဂ္ဂိုလ်တစ်ဦး လို့ သတ်မှတ်ကြတာကိုး၊ လည်ပင်းမှာ ပုတီးချိတ်ထားတာမြင်တိုင်း သူတော်စင်လို့သတ်မှတ်ကြမယ်ဆိုရင်တော့ ခက်လှချည်သေးရဲ့ ကိုလင်းရာ'

'သူ့ကို ဘယ်သူမှ သက်ရှိထင်ရှားမတွေ့ဖူးကြ၊ သူ့အယူဝါဒကိုဘာမှန်းမသိကြပေမယ့် သူ့ရုပ်ပုံကို ကိုးကွယ်ပူဇော်သူတွေ စီးပွားတက် အောင် ဆောင်ကြဉ်းပေးနိုင်တယ်၊ အဓိဋ္ဌာန်နဲ့ပူဇော်ရင် လုပ်ငန်းဆောင်တာတွေ အောင်မြင်တယ်လို့ရေးထားတဲ့ ကိုယ်တွေ့ဆောင်းပါး တွေတော့ ဖတ်ဖူးတယ်ဗျ'

'ဒါမျိုးတွေက စိတ်ကူးယဉ်ပြီးရေးရင်လည်း ဖြစ်တဲ့ကိစ္စတွေပါဗျာ၊ တချို့ကလည်း တိုက်ဆိုင်မှုလေး တစ်ခုနှစ်ခုအပေါ် ပုံကြီးချဲ့ပြီးရေး ကြတာတွေလည်း ရှိပါတယ်။ အမှန်အကန်ကိုယ်တွေ့ရှိသလို အကြံအဖန်ကိုယ့်တွေ့တွေနဲ့ တန်ဆာဆင်ပြီး စာအုပ်ရေးစားနေတဲ့ ဂါထာမန္တန်ဆရာတွေလည်းရှိတယ်ဆိုတာ သတိပြုမိဖို့တော့လိုတယ်နော်။ ခင်ဗျားကိုယ်တွေ့ကိုပဲ ပြန်သုံးသပ်ကြည့်ပါဦး။ ဆိုင်ဖွင့်က တည်းက ဒီဓာတ်ပုံကြီးကို ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးတိုင်တွေနဲ့ ပူဇော်လာခဲ့တာ အခုအချိန်အထိ တခြားဖွင့်ကာစ ဆိုင်သစ်တွေထက်ပို ထူးခြားပြီး ဘာများရောင်းရေးဝယ်တာကောင်းလာလို့တုံး။ သူလိုငါလိုပါပဲ၊ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားနေရတုန်းပဲ မဟုတ်လား'

'ခင်ဗျားပြောတာလည်း မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ဗုဒ္ဓစာပေကို တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးက ကောင်း ကျိုးပေးကြောင်း ထောက်ခံရေးသားထားတော့ ကိုယ်ကစောဒကမတက်ဝံ့ဘူးလေ၊ ယုံယုံကြည် ကြည်နဲ့ ဆက်ပူဇော်ရင် တစ်နေ့နေ့ တစ် ချိန်ချိန်မှာ ထူးခြားလာလိမ့်မယ်လို့ မျှော်လင့်မိတာပဲ'

'စောဒကမတက်ဝံ့စရာ မရှိပါဘူးဗျာ။ ကျွန်တော်တို့ ဗုဒ္ဓသာသနာတော်မှာ ကြီးငယ်မဟူ တစ်ဦးကမှားနေရင် တစ်ဦးကစေတနာကောင်း ထားပြီး အပြန်အလှန် ဝေဖန်ထောက်ပြအကြံပြုရင်း တိုးတက်မှုရအောင် လုပ်ဆောင်တတ်တဲ့ အစဉ်အလာရှိပြီးသားပါ။ ဘုရားရှင်လက် ထက်က အဂ္ဂသာဝကကြီးတစ်ဦး သင်္ကန်းဝတ်ပုံ အချိုးမကျတာကိုမြင်တဲ့ သာမဏေတစ်ပါးရဲ့ ဝေဖန်ထောက်ပြမှုကို လက်ခံလိုက်နာပြု ပြင်ခဲ့တဲ့ သာဓကတောင်ရှိခဲ့သေးတာပဲ။ အခုလို ရတနာမြတ်သုံးပါးမှာ တစ်ပါးနဲ့မှလည်း အကျုံးမ၀င်၊ ဘယ်အချိန်ကာလကရှိခဲ့ပြီး ဘာ အယူဝါဒကိုခံယူမှန်းလည်း မသိတဲ့သူ တစ်ဦးရဲ့ရုပ်ထု၊ ဓာတ်ပုံတွေကို ပူဇော်ပသနေကြတာက ဘုရားရှင်လက်ထက်က ဗြဟ္မာနဲ့အပေါင်း အဖော် ဖြစ်နိုင်မယ့်နည်းလမ်းကို လိုက်ရှာနေကြတဲ့ ပုဏ္ဏားတွေလို ဖြစ်နေတာပေါ့'

'ဘုရားရှင်လက်ထက်က ပုဏ္ဏားတွေ ဗြဟ္မာနဲ့အပေါင်းအဖော်ဖြစ်မယ့်နည်း ရှာပုံလေးလည်းပြောစမ်းပါဦးဗျာ'

'ဒီလိုဗျ ကိုလင်းရဲ့၊ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ၀ါသေဋ္ဌနဲ့ ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားနှစ်ယောက်က သူတို့ဘိုးစဉ်ဘောင် ဆက်ကိုးကွယ်ပူဇော်ရာ မဟာဗြဟ္မာကြီးနဲ့ အပေါင်းအဖော်ဖြစ်နိုင်မယ့်နည်းကို ဗုဒ္ဓထံပါး မေးလျှောက်ခဲ့ကြတယ်'

'ဒီတော့ ဗုဒ္ဓမြတ်စွာက ဘယ်လိုမိန့်ကြားခဲ့သလဲဗျ'

''ဗုဒ္ဓမြတ်စွာက ပုဏ္ဏားတွေကို 'ဝေဒကျမ်းတတ်ပညာရှင် ပုဏ္ဏားကြီးတွေထဲမှာ သင်တို့ကိုးကွယ်ရာဗြဟ္မာကို မျက်ဝါးထင်ထင်မြင်ဖူးသူ ရှိသလား' လို့မေးခွန်းထုတ်လိုက်တယ်။ ၀ါသေဋ္ဌက 'မရှိပါဘူးဘုရား'လို့ပဲအမှန်အတိုင်းလျှောက်တင်တာပေါ့။ ဒီအခါမှာ ဗုဒ္ဓမြတ်စွာက 'အဲဒီ ဝေဒကျမ်းတတ်ဆရာကြီးတွေ ရဲ့ ဆရာ့ဆရာကြီးတွေထဲမှာကော ဗြဟ္မာကိုတွေ့ဖူးသူရှိသလား' လို့ထပ်မေးပြန်တယ်၊ ဒီအခါမှာ လည်း ၀ါသေဋ္ဌက 'မရှိပါဘုရား' လို့ပဲဖြေရှာတယ်''

'သူတို့က ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာကိုးကွယ် သင်ယူလာသူတွေဆိုတော့ ဘယ်တွေ့ဖူးပါ့မလဲ။ ဒါပေမယ့် လက်ဦးပထမ ဗြဟ္မာ ကိုး ကွယ်မှုအယူအဆကို စတင်တီထွင်ခဲ့ပြီး ဝေဒကျမ်းတွေကိုစီရင်ခဲ့တဲ့ ဗြဟ္မာဏကြီးတွေကတော့ တွေ့ဖူးကောင်းတွေ့ဖူးမှာပေါ့။ ဥပမာ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓမြတ်စွာကို သက်ရှိထင်ရှားမဖူးမြော်ခဲ့ကြဖူးပေမယ့် ဗုဒ္ဓ၀ါဒကို ဆက်လက်လိုက်နာပြီး သာ သနာတော်ပြန့်ပွားရေးကို လုပ်ဆောင်ခဲ့တဲ့ ဘုရားရှင်လက်ထက်က သံဃာတော်တွေ ဥပါသကာတွေကတော့ ဗုဒ္ဓမြတ်စွာကို သက်ရှိထင် ရှား ဖူးတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်းကြောင်း အထောက်အထားတွေက သက်သေခံနေသလိုပေါ့'

'ဒါကြောင့် ဗုဒ္ဓမြတ်စွာက ၀ါသေဋ္ဌကို ထပ်ပြီး ဗြဟ္မဏ၀ါဒကို စတင်တီထွင်ပြီး ဝေဒကျမ်းဂန်တွေ စီရင်ခဲ့ကြကုန်တဲ့ ပုဂ္ဂိုလ်ကြီးတွေကရော အဲဒီမဟာဗြဟ္မာကြီးကို မြင်တွေ့ခဲ့ဖူးတယ်၊ သူ့ရဲ့ ဘုံဌာနသွားရာလမ်းကိုသိတယ်လို့ ပြောခဲ့ဖူးသလား လို့ မေးခဲ့ပြန်တယ်လေ'

'ဒီတော့ ၀ါသေဋ္ဌက ဘယ်လိုများ ပြန်ဖြေလိုက်သတုံး'

''၀ါသေဋ္ဌက 'အဲဒီပုဂ္ဂိုလ်ကြီးတွေလည်း သူတို့ကိုးကွယ်ပူဇော်ပသရာ ဗြဟ္မာကြီးကို မမြင်ဖူးကြဘူး။ဗြဟ္မာ့ဘုံ သွားရာလမ်းကိုလဲ သိတယ် လို့ မပြောခဲ့ဘူး' လို့အမှန်အတိုင်း ပြန်ဖြေလိုက်တယ်''

'ဘယ့်နှယ့်ဟာတုံးဗျာ၊ ဗြဟ္မာကိုသက်ရှိထင်ရှား ဘယ်သူမှလည်းမမြင်ဖူး၊ မကြားဖူးခဲ့ကြပါဘဲနဲ့ စိတ်ကူးယဉ်ရော်ရမ်းမှန်းဆပြီး ကိုးကွယ် နေကြတယ်ဆိုတော့.....'

''ဒါကြောင့် ဗုဒ္ဓမြတ်စွာက 'ဝေဒကျမ်းတတ် ပုဏ္ဏားတွေရော၊ သူတို့ဆရာ့ဆရာကြီးတွေရော၊ ဝေဒကျမ်းဂန်ကို စီရင်ခဲ့ပါတယ်ဆိုတဲ့ လက်ဦး ပထမ ဆရာကြီးတွေရော ဗြဟ္မာကိုသက်ရှိထင်ရှား မမြင်ဖူး၊ မတွေ့ဖူးပါဘဲနဲ့ ဗြဟ္မာနဲ့ပေါင်းဖော်ဖို့ နည်းလမ်းကိုဟောတယ်ဆိုတဲ့ စကား ဟာ အခြေအမြစ်ကင်းမဲ့တဲ့စကား မဟုတ်ပေဘူးလား၊ ဥပမာပြောရရင် – အချင်းချင်းဆွဲကိုင်ဆက်စပ်နေကြတဲ့ သူကန်းတွေရဲ့ အစဉ် အတန်းမှာ ရှေ့ဆုံးကလည်းမမြင်၊ အလယ်လူကလည်းမမြင်၊ နောက်ဆုံးလူကလည်း မမြင်သလိုဘဲ၊ အဲဒီပုဏ္ဏားတွေရဲ့စကားဟာ သူ ကန်းတို့အစဉ် အတန်းနဲ့ တူလှချေလား၊ ဒီစကားဟာ ရယ်ဖွယ် အပြောသက်သက် အနက်အဓိပ္ပာယ်မဲ့ပြီး အချည်းအနှီးပေပဲ' လို့ဟော ကြားခဲ့တာကို ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊တေ၀ိဇ္ဇသုတ်မှာ အကျယ်လေ့လာနိုင်ပါတယ်ဗျာ''

ဝင်းသိန်းဦး

(၃၀-၁၀-၉၂)

ဓမ္မရံသီ၊၁၉၉၃ခုနှစ်၊စက်တင်ဘာလ။