ဒီတစ်ခါ ဟင်းချက်နည်းလေးတွေ မရေးဘဲ အသုပ်စုံ သုပ်စားကြည့်ကြရအောင်။ အဓိကဟင်းလျာတွေနဲ့ တွဲဖက်စားရင် လည်းရသလို အပျင်းပြေသပ်သပ် သုပ်စားရင်လည်းရပါတယ်။
သုပ်တဲ့သူရဲ့လက်မှန်းပေါ်မူတည်ပြီး အသုပ်တွေရဲ့အရသာဟာ ကောင်းမကောင်းမူတည်သွားတတ်ပါတယ်။ ထည့်သည့် ပစ္စည်းကတော့ အတူတူပဲဖြစ်ပေမဲ့လေ။ ကဲ...ဘာပဲဖြစ်ဖြစ် အသုပ်လေးတွေသုပ်စား ကြစို့။
ကျောက်ပွင့်သုပ်
ပါဝင်သောပစ္စည်းများ
ကျောက်ပွင့် လက်တစ်ဆုပ်
ပဲမှုန့် ၃ဇွန်း (ဇွန်းသေး)
ပုစွန်ခြောက် ဇွန်းကြီးတစ်ဇွန်း
ကြက်သွန်နီ ၃ ဥ
ငရုတ်သီးမှုန့် အနည်းငယ်
ငံပြာရည် သင့်ရုံ
ချက်ပြုတ်နည်း
- ကျောက်ပွင့်ကို ရေစိမ်ထားပြီး ပွလာလျှင် ခဲသလဲစင်အောင်ဆေးပါ။
- ကြက်သွန်နီကို ဆီချက်ထားပါ။
- ပုစွန်ခြောက်ကို အကောင်ဆိုလျှင် ထောင်းထားပါ။
- ကျောက်ပွင့်ကို ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့် နှယ်ပါ။
- သမလျှင် ဆီချက်ထည့်၍ သုံးဆောင်နိုင်ပါသည်။
- အချို့က ကြက်သွန်စိမ်း၊ ဂေါ်ဖီရွက်တို့ကိုလည်း ထည့်သုပ်စားတတ်ပါသည်။
သင်္ဘောသီးသုပ်
ပါဝင်သောပစ္စည်းများ
သင်္ဘောသီး ၁ လုံး
ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ဇွန်း
ပဲမှုန့် ထမင်းစားဇွန်း ၁ဇွန်း
ဆီ ၅ ကျပ်သား
ကြက်သွန်နီ ၃ ဥ
ကြက်သွန်ဖြူ ၃ ဥ
ငံပြာရည် ၁ဇွန်း
မန်ကျည်းသီးမှည့် အနည်းငယ်
ချက်ပြုတ်နည်း
- သင်္ဘောသီးကို အခွံနွှာ၍ ရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ပါ။ ပြီးလျှင် ကွမ်းစားထုံးအနည်းငယ် ထည့်၍နယ်ကာ ရေဆေးလိုက်ပါ။
- ကြက်သွန်ဖြူ၊နီကို ရော၍ဆီချက်ပြုလုပ်ပါ။
- သင်္ဘောသီးကို ရေစင်အောင်ညှစ်ပြီး ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ဆီချက်တို့နှင့်ရော၍ သုပ်ပါ။
- မန်ကျည်းမှည့်ကို ရေအနည်းငယ်နှင့်ဖျော်၍ ထည့်ပါ။
- အစပ်ကြိုက်သူများအဖို့ မိုးမျှော်ငရုတ်သီးကို ပါးပါးလှီး၍ထည့်ပါ။ ငရုတ်သီးမှုန့်ထည့်လိုက ထည့်ပါ။
(အချို့က သင်္ဘောသီးသုပ်ကို သင်္ဘောခြစ်ဖြင့် သင်္ဘောသီးကိုမခြစ်ဘဲ ပါးပါးလှီးကာ ငရုတ်သီးစိမ်း၊ ပုစွန်ငါးပိ၊ မန်ကျည်းမှည့်ရည်၊ ပုစွန်ခြောက်မှုန့်ဖြင့်လည်း သုပ်စားတတ်ကြပါသည်။)
ကြက်သားသုပ်
ပါဝင်သောပစ္စည်းများ
ကြက်သားပေါင် ၂ ခု
ကြက်သွန်နီ ၅ ဥ
ပဲငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
သံပရာသီး ၁ လုံး
ငရုတ်သီးစိမ်း ၃ တောင့်
ဆား သင့်ရုံ
ချက်ပြုတ်နည်း
- ကြက်ပေါင် ၂ခု သို့မဟုတ် ရင်အုပ်ပိုင်း ၂ခုကို ဆားသင့်ရုံဖြင့် ပြုတ်ပါ။
- ရေအနည်းငယ်ဖြင့် ရေခန်းပြုတ်ပြီး ကြက်သားနူးလျှင်ချပါ။ ကြက်သားကို အမျှင်သေးသေး ရအောင် လက်ဖြင့်ဆွဲပေးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး အားလုံးရော၍ သံပရာရည်ညှစ်ထည့်ကာ သုံးဆောင်ပါ။
(ကြက်ကင်ဆိုင်က ကင်ပြီးသား ကြက်ပေါင်တွေကိုလည်း အလားတူသုပ်စားလို့ရပါတယ်။)
No comments:
Post a Comment