Friday, December 10, 2010

Social Team For The Aged

ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မြို့ထဲတစ်ခွင်လျှောက်သွားရင်ပဲဖြစ်ဖြစ် တွေ့နေရတတ်တဲ့ ခိုကိုးရာမဲ့ အဘိုးအဘွားတွေ ကို မြင်ရရင် စိတ်ထဲဘယ်လိုခံစားမိမှန်းမသိပါဘူး။ ကိုယ့်အဘိုး ရွယ် အဘွားရွယ်တော့ လက်လေးဖြန့်လည်း အဘွားကို ၅၀လောက်ပေးပါသားရယ် လို့ အပြောခံရတဲ့အခါများ ကျွန်တော် အသည်းတဆတ်ဆတ်ခါတယ်။ထားပါ... အဲဒါ ကျွန်တော်ခံစားချက်သက်သက်လေးပါပဲ။ အခုပြောပြချင်တာက သက်ကြီးရွယ်အိုတွေအတွက် လုပ်ဆောင်ပေးတဲ့ ပရဟိတအဖွဲလေးများရှိရင် ကောင်းမှာပဲလို့စဉ်းစားမိချိန်မှာ Save the Aged ဆိုတဲ့ အဖွဲ့လေးကို စုံစမ်းသိရှိရပါတယ်။

သူတို့က ဇန်န၀ါရီလ ၃ရက်နေ့ ၂၀၁၀ပြည့်နှစ်မှာစတင်ဖွဲ့စည်းခဲ့ပါသတဲ့။ သူတို့အသင်းသူအသင်းသား ၂၀၀ကျော်ရဲ့ လစဉ်ပုံမှန် အလှူငွေနဲ့ပဲတတ်နိုင်သလောက် လုပ်ကြတာပါ။ အသင်းသားတွေက တစ်လ ၂၀၀၀ကျပ်နှုန်းပုံမှန်ထည့်ဝင် လှူဒါန်းကြပါတယ်တဲ့။

- အသက် ၇၅နှစ်နဲ့အထက်ဖြစ်ပြီး မိသားစု မရှိသူဖြစ်ရမယ်။ အကယ်၍ လင်မယားနှစ်ယောက်စလုံးတော့ရှိတယ် တခြားမိသားစုမရှိဘဲ..ဆင်းရဲချို့တဲ့နေရင်လည်း ထောက်ပံ့ပေး။

- နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှုရှိနေရင်၊ တခြားလူမှုရေးအသင်းအဖွဲ့တစ်ခုခုရဲ့ ထောက်ပံ့မှုရနေရင်၊ သားသမီး မိသားစုရှိနေရင်၊ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ငြိစွန်းပြီး ရာဇ၀တ်မှု ကျူးလွန်ဖူးခဲ့ရင်တော့ အသင်းအနေနဲ့ ထောက် ပံ့ဖို့မရှိပါဘူး။

- အခုလက်ရှိ (အဘိုးလေးဦးနဲ့ အဘွား ၁၄ဦး)ကို ငွေကျပ် တစ်လတစ်သောင်းနှုန်းနဲ့ ရိက္ခာတစ်သောင်းဖိုး ရာသက်ပန် လှူဒါန်းနေပါတယ်။ ဒါ့အပြင် ဒီအဘိုးအဘွားတွေ အရေးပေါ်ကျန်းမာရေး ချို့ယွင်းချက်ရှိလို့ ဆေးရုံတက်ရတာမျိုးကို နာမကျန်းရံပုံငွေအဖြစ် ထောက်ပံ့ငွေ ကျပ်သုံးသောင်းနဲ့ နာရေးအတွက်လည်း နားရေးထောက်ပံ့ငွေ ကျပ်သုံးသောင်း သတ်မှတ်ထားပါတယ်။

- အသင်းက ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းရှာဖွေသလို.....သတင်းပေးပို့လာရင်လည်း သွားကြည့်ပြီး စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိကိုကြည့်ပါတယ်။ ထောက်ပံ့ဖို့အတွက်ကို စီစဉ်ပါတယ်။ အသင်းသားအားလုံးလိုလိုက ၀န်ထမ်းတွေ၊ ကျောင်းသားတွေဆိုတော့ ရုံး၊ ကျောင်းဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ အဲလိုမျိုး လုပ်ဖြစ်ပါတယ်တဲ့။

 - အလှူငွေထည့်ဝင်ချင်တယ်ဆိုရင် ရန်ကုန်မြို့တွင်းဆိုရင် အိမ်တိုင်ရာရောက် လာရောက်ကောက်ခံပေးပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် အဓိကလုပ်ဆောင်ပေးနေသလို သီးခြားအနေနဲ့ လုပ်ဖြစ်တဲ့ ရေလိုအပ်တဲ့ နေရာဒေသတွေအတွက် ရေလှူတာ၊ ဘိုးဘွားရိပ်သာမှာ အလှူလုပ်တာမျိုးကိုလည်း သီးခြားလှူဒါန်းလို့ရပါတယ်။

သူတို့ကိုယ်ပိုင် အသင်းလေးတွေရှိပါတယ်။ သူတို့လုပ်ဆောင်ချက်လေးတွေကို မုဒိတာပွားလို့ရတာပေါ့နော်။

www.savetheage.com/home and http://savetheaged.ning.com တို့ဖြစ်ပါတယ်။

ကျွန်တော်စပ်စုဖြစ်ခဲ့တာတွေကတော့အများကြီးပါပဲ။ ပရိဟိတလုပ်ဆောင်ရမှာသူတို့ရဲ့ ၀မ်းသာဝမ်းနည်းဖြစ်ရမှုတွေ၊ သူတို့အဖွဲ့ဟာ ရန်ကုန်တိုင်းကိုယ်စားပြုဖြစ်ချင်ပါသေးသတဲ့၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလိုမျိုးတည် ထောင်နိုင်ဖို့ သူတို့ကြိုးစားမှာပါတဲ့။ အသင်းကိုစိတ်ဝင်စားပြီး လုပ်အားပေးချင်သူတွေ မည်သူမဆို ဆက်သွယ်စုံစမ်း လို့ရပါသတဲ့။ အိုး...အများကြီးပါပဲ ကျွန်တော်မေးကြည့်မိတာတွေ။

အသင်းကို သီးသန့်ဆက်သွယ်ချင်တယ်ဆိုရင်တော့ အသင်းသားများထဲမှ တက်ကြွလှုပ်ရှားသူ ကိုဗေဒါဇော် baydarzaw@gmail.com နဲ့ ကိုဇော်လင်းထွန်း 09- 5089320 တို့ကိုဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်ပြောပြတာလေးတွေက မလုံလောက်သေးဘူး ဒီထက်ပိုမိုသိချင်သေး တယ်ဆိုရင်တော့ အသင်းဆိုက်လေးတွေ ကိုသွားကြည့်ပြီးတော့ လေ့လာကြည့်ကြပါ။ ကိုယ့်အားလပ်ချိန်လေးတွေ ကိုယ့်မုန့်ဖိုးပဲဖိုးလေးတွေကို အလကားဖြုန်းပစ် တာမဟုတ် အလှူဒါနပြုကာ သုံးကြည့်ကြပါဦးလားလို့ နှိုးဆော်လိုက်ပါတယ်။

No comments: