Saturday, July 3, 2010

စိုးရိမ်သောကများခြင်း၏ ဝေဒနာလက္ခဏာများ

အထွေထွေ မည်သည့်ကိစ္စမဆို စိုးရိမ်သောကဖြစ်လေ့ရှိသောသူများနှင့် ထိတ်လန့်တကြားဖြစ်လေ့ရှိသောသူများဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများရော၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများပါ နှစ်မျိုးစလုံးကို ခံစားကြုံတွေ့ရတတ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အထွေထွေစိုးရိမ်သောကများတတ်သော လူအချို့တွင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများသည် အမြဲတမ်းရှိနေတတ်ပြီဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကတော့ ပျောက်လိုက်ပေါ်လိုက်ဖြစ်တတ်ပါတယ်။ ထိတ်လန့်တကြားဖြစ်တတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများပါ အတူတကွတွဲပြီး ရုတ် တရက်ဖြစ်ပေါ်လာတတ်ပါတယ်။ ကြိုတင်ပြီး ခန့်မှန်းထားနိုင်ခြင်းလည်း မရှိတတ်ပါဘူး။

စိုးရိမ်သောကဖြစ်စေလျှင် ခံစားရသော ဝေဒနာများမှာ -

(၁) သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ အမျိုးအမည်မဖော်ပြတတ်သည့် စိတ်ထင့်ခြင်း တစ်ခုခုကို ခံစားရတတ်ခြင်း။

(၂) နေမထိ ထိုင်မသာဖြစ်ကာ စိတ်ပြေလျော့မှုရောက်အောင် မလုပ်နိုင်ခြင်း။

(၃) အာရုံစူးစိုက်မှု မကောင်းခြင်း။

(၄) စိုးရိမ်ကြောင့်ကြသော အတွေးများကို ထပ်ကာတလဲလဲတွေးနေခြင်း။

(၅) အိပ်မပျော်ခြင်းနှင့် တစ်ခါတစ်ရံ အိပ်မက်ဆိုးများမက်ခြင်းတို့အပြင် စိတ်ဓာတ်ကျခြင်း၊ အိပ်ရာမှ အစောကြီးနိုး ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရခြင်း...စသည်တို့ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်သော ဝေဒနာများမှာ -

(၁) ခေါင်းကိုက်ခြင်း။

(၂) ဗိုက်အောင့်ခြင်း၊ တစ်ခါတစ်ရံ ၀မ်းလျှောခြင်းနှင့် အော့အန်ခြင်း။

(၃) ဆီးခဏခဏသွားခြင်း။

(၄) ချွေးစေးများထွက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း။

(၅) လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေသလို ခံစားရခြင်း တို့ဖြစ်ပါတယ်။

ထိတ်လန့်တကြားဖြစ်ခြင်းတွင် ခံစားရနိုင်သော ဝေဒနာများမှာ -

(၁) အသက်ရှူမြန်လာခြင်း။

(၂) ချွေးစေးများထွက်ခြင်း၊ အော့အန်ကာ ကတုန်ကယင်ဖြစ်လာခြင်း။

(၃) ရင်တုန်ခြင်း (ရင်ခုန်သံပုံမှန် မဟုတ်ဘဲ မြန်လာသည်ကို သတိပြုမိခြင်း)။

(၄) ခေါင်းမူးခြင်းနှင့် ခေါင်းအုံခြင်း။

(၅) အသက်ရှူကျပ်ပြီး သေဆုံးမှာကို ကြောက်ရွံ့ခြင်း။

(၆) အမှန်တရားမဟုတ်သည်များကို ခံစားမိပြီး စိတ်ထားကောင်းများ လွင့်ပျောက်ဆုံးရှုံးမှာကို ကြောက်ရွံ့စိုးရိမ်ခြင်း စသည်တို့ဖြစ်သည်။

ဖော်ပြပါဝေဒနာလက္ခဏာများကို ကြီးကျယ်သော ရုပ်ပိုင်းဆိုင်ရာ ရောဂါကြီးတစ်ခု၏ လက္ခဏာများအဖြစ် လွဲမှားပြီး ယူဆတတ်သည်။ ဤသို့ယူဆမိသည်နှင့်အမျှ စိုးရိမ်မှု ဒီဂရီလည်းမြင့်တက်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိတ်လန့်တကြားဖြစ်ခြင်းဟူသော ခံစားမှုသည် လူထုအတွင်း ဖြစ်ပွားလာပါက လူထုအနေနှင့် စားသောက်ဆိုင်များ တွင် စားရမှာကိုကြောက်ခြင်း၊ လူစုလူဝေးအတွင်းရောက်ရမှာကို ကြောက်ရွံ့ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။

Ref: Health Digest Journal – Vol.7 No.1. October 14 Wednesday 2009

No comments: