Monday, August 24, 2009

မိုးစက်တွေကြား အပြုံးတစ်ပွင့် ပွင့်မိသည်

သည်းသည်းထန်ထန် ရွာသွန်းနေတဲ့ မိုးတွေကိုကြည့်ပြီး ကျွန်တော့်ရဲ့ခြေလှမ်းတွေက အိမ်တံခါးဝမှာတင် တွန့်ဆုတ်ရပ်တန့်နေခဲ့ပါသည်။

ချိန်းထားတာကို ဖျက်လိုက်ရင်ပဲ ကောင်းမလား။ ဒါမှမဟုတ်.....။ မိုးစက်တွေကို ကြည့်ပြီး ကျွန်တော်ဝေခွဲလို့ မရနိုင်သေး။

အချိန်အတော်ကြာမှသာ မသိစိတ်ရဲ့ ဆွဲဆောင်မှုနဲ့ မိုးစက်တွေအကြား ကျွန်တော်စတင်ရွေ့လျားလာခဲ့မိပြီမို့ ကိုယ့်ကိုယ်ကိုတောင် မယုံကြည်နိုင်။

ဒီလိုမိုးရေတွေကြား တစ်ယောက်တည်း လမ်းမလျှောက်ဖြစ်ခဲ့တာ ကြာပြီ။ မိုးစက်တွေရဲ့အထိအတွေ့၊ အေးမြတဲ့ ခံစားမှုတွေနဲ့အတူ သူ့ကိုပါ သတိတရ ဖြစ်လာတတ်သည်မို့ ကျွန်တော် မိုးသည်းထဲ တစ်ယောက်တည်းလမ်းလျှောက်ဖြစ်တော့တာ။

ခုတော့လက်ရှိဘ၀ကို ကျွန်တော်ရင်ဆိုင်မှ ရတော့မည်။ အတိတ်နေ့ရက်တွေမှ ကျွန်တော်နိုးထရတော့မည်။ အိပ်မက်ဆိုတာ တစ်ခဏတာပင် မဟုတ်လား။ ကျွန်တော့်အတွက် အချစ်ဆိုတာ မိုးပြေးလိုပဲဆိုတာ နည်းလည်ရတော့မည်။

အပြင်က မိုးစက်တွေနဲ့အပြိုင် ကျွန်တော့်ရင်ထဲမှာ မိုးတွေရွာနေသည်။ ဒီခံစားချက်ကို လျစ်လျူရှုဖို့ ကြိုးစားရင်း မြင်မြင်သမျှ အရာအားလုံးကို အတွေးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

လမ်းတစ်လျှောက် စိမ်းစိမ်းစိုစို သစ်ပင်တန်းလေးတွေက ကျွန်တော့်စိတ်ကို ခဏတာကြည်နူးစေပေမယ့် ကျွန်တော်နဲ့ သူ့ရဲ့အတိတ်ကိုတော့ မေ့ပစ်ဖို့ မစွမ်းဆောင်နိုင်သေး။သူနဲ့အတူ တွဲလျှောက်နေကျ ဒီလမ်းလေးက ဟိုးအရင်ကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲ။ မြေသင်းနံ့လေးရဆဲ ခရေပန်းနံ့တို့ လွင့်ပျံနေဆဲ ဖြစ်သည်။

ပြောင်းလဲသွားတာက ကျွန်တော်တို့နှစ်ယောက်သာ။ ဆယ်ကျော်သက်အရွယ်တွေမဟုတ်ကျတော့ အသက်တွေကြီးရင့်လာခဲ့ပြီဖြစ်သလို သူ့မှာလည်း အချစ်သစ်နှင့်။ ကျွန်တော့်ပါးပြင် ပူနွေးသွားတာ ကျွန်တော်ခံစားမိလိုက်ပေမယ့် ဒါကိုလျစ်လျူရှုထားမိလိုက်သည်။ ဒီအချိန်မှာ ကျွန်တော်နဲ့အတူရှိနေတာ မိုးရေစက်တွေပဲဆိုတော့ ကျွန်တော် ဘာကိုမှ ဂရုမစိုက်ချင်။ ဘာမှဟန်ဆောင်နေစရာမလို တားဆီးစရာမလို။ လူသားဆန်ဖို့ပဲလိုသည်။

ဝတ်ထားတဲ့ အ၀တ်အစားတွေ စိုရွှဲနေပေမယ့် ရင်ထဲက အပူက ပိုကြီးနေလို့လားမသိ။ အအေးဓာတ်ကို ခုချိန်ထိ ပီပီပြင်ပြင် မခံစားရသေးပါ။

မိုးက မစဲတဲ့အပြင် ပိုလို့တောင် သည်းလာသေးသည်။ ကျွန်တော့်ရဲ့ ရှေ့ငါးလှမ်း၊ ခြောက်လှမ်းလောက်အကွာလောက်မှာတော့ ထီးမပါဘဲ မိုးတောထဲ ကြည်ကြည်နူးနူး လမ်းလျှောက်နေတဲ့ စုံတွဲလေး။ သူတို့ကိုကြည့်ပြီး ကျွန်တော်ပြုံးလိုက်မိသည်။

ကျွန်တော်တို့တုန်းကလည်း ဒီလိုပင် မိုးမမြင် လေမမြင် ချစ်ခဲ့ကြဖူးသည်။ သာယာခဲ့ဖူးသည်။ မိန့်မူးဖူးသည်ပဲ။ အချစ်ဆိုတာ ဘ၀တစ်ခုလို့တောင် ထင်မှတ်ခဲ့ဖူးသည်။

ဘာပဲပြောပြော အဲဒီအချိန်ကတော့ ကြည်နူးသည် ပြုံးပျော်ရွှင်သည်ပဲပေါ့။ ဘာရယ်ညာရယ်မဟုတ် သူ့အပြုံးလေးမြင်လိုက်ရရင်ကို ရင်မှာ ကြည်နူးခြင်းတွေ ဖူးပွင့်လို့။ ခုများတော့....။

ကျွန်တော့်ဘေးနားကဖြတ်မောင်းသွားတဲ့ ကားပေါ်က လူတချို့ကတော့ မိုးရေထဲ ဘာထွက်လုပ်နေသလည်းဆိုတဲ့အကြည့်တွေနဲ့စူးစမ်းသွားသလို သူတို့ကားတွေထဲက တစ်ခါတစ်ခါ ပျံ့လွင့်လာတဲ့ သီချင်းလေးကြောင့် ကျွန်တော့်အတွေးတွေ တဒင်္ဂရပ်ဆိုင်းသွားသည်။ မိုးသံတွေကြောင့် သီချင်းထဲက စကားလုံးတိုင်းကို သေသေချာချာ မကြားရပေမယ့် 'ငိုနေမယ် မိုးသည်ထဲမှာကွယ်'ဆိုတာလေးကိုတော့ ကြားဖြစ်အောင် ကြားလိုက်သည်။ ဟုတ်တယ် မိုးရေစက်ထဲငိုနေတာ ဘယ်သူမှ မမြင်နိုင်ကြဘူး။

တစ်ယောက်တည်းပါ.....ကျွန်တော်တစ်ယောက်တည်းပါ။ အရင်က ဒီလမ်းမပေါ်မှာ နှစ်ယောက်တွဲလျှောက်ခဲ့ပေမယ့် ခုတော့တစ်ယောက်တည်းပါ။ အရင်က ကျွန်တော့်အပေါ်ဂရုတစိုက်နဲ့ ဖေးမကူညီမယ့်.....'သူ'ရှိခဲ့ပေမယ့် ခုတော့တစ်ယောက်တည်းပါ။ ဒီမိုးတွေစိုလို့ ဖျားမှာကိုသည်းသည်းလှုပ် စိတ်ပူးပေးခဲ့ဖူးတဲ့ သူရှိပေမယ့် ခုတော့....။

ရှည်လျားလွန်းလှတဲ့ ဒီလမ်းကြီးကို တစ်ယောက်တည်း ဆက်လျှောက်ရမှာတွေးရင်း အာပဲငယ်လာသလိုလို။ ငိုပဲငိုချင်လာသလိုလို။

ကျွန်တော့်ဘ၀မှာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးကျွန်တော် မောင်းထုတ်သင့်နေပြီ။ သူ မရှိလည်း ဒီဘ၀ကြီးမှာ ကျွန်တော်ဆက်လက်ရှင်သန်နိုင်ရမည်။ ပျော်ရွှင်စွာ ရပ်တည်နိုင်ရမည်။ မိုးစက်တွေကြား သူ မပါလည်း ကျွန်တော်တစ်ယောက်တည်း လျှောက်လှမ်းနိုင်ရမည်။

ပူလောင်တဲ့ အစွဲအလမ်းတွေကို လွှင့်ပစ်လိုက်ပြီး မိုးစက်တွေဆီက ခွန်အားသစ်တွေ ကျွန်တော် ရယူရမည်။ ဒီအတွေးနဲ့တင် တဒင်္ဂ ငြိမ်းချမ်းသွားသည်။

ခပ်လှမ်းလှမ်းက မိုးရေထဲ ဆော့ကစားနေတဲ့ ကလေးတွေကို ကြည့်ရင်း သူတို့ဆီက ပျော်ရွှင်မှုတွေ ကျွန်တော့်ဆီကို ကူးစက်လာသည်။ သူတို့ရဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုအမူတွေကို ကျွန်တော်အားကျမိသွားသည်။

သူတို့ရဲ့ နှုတ်ခမ်းတွေမှာ အပြုံးတွေကိုယ်စီနဲ့။ မိုးရေနဲ့သူတို့ကြားမှာ ဘာအစီးအတားမှမရှိ။ လွတ်လပ်စွာ၊ ပေါ့ပါးစွာ။ မိုးစက်တွေအောက်မှာချင်းအတူတူ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေနဲ့ အပူအပင်တွေ ထမ်းပိုးထားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် နှိုင်းယှဉ်ကြည့်နေမိသည်။

သူတို့လို မိုးစက်တွေကြားထဲမှာ မပျော်နိုင်ခဲ့သည်မှာ အတော်ကြာပြီပဲ။ ကျွန်တော်ပျော်ချင်သည်။ သူတို့လို အားပါးတရပြုံးကြည့်ချင်သည်။

ကျွန်တော့်လက်ထဲက ထီးကို ဖယ်ချပစ်လိုက်သည် မိုးစက်တွေက ကျွန်တော့်မျက်နှာကို တိုးဝှေ့ရင်း အလုအယက်နှုတ်ဆက်ကြသည်။ ကျွန်တော်ပြုံးလိုက်သည်..... နူးညံ့စွာ။ ဒီအပြုံးက ကျွန်တော့်ရဲ့ အူကြောင်ကြောင်လုပ်ရပ်ကို ကိုယ်စားပြုတဲ့ ရှက်ပြုံးလည်းဖြစ်နိုင်သည်။

ကျွန်တော့် ဘေးနား ဖြတ်လျှောက်သွားသူတွေတချို့ကတော့ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို စောင်းငဲ့ကြည့်သွားကြသည်။

တစ်ခါတစ်လေ ဒီလိုအူကြောင်ကြောင် လုပ်ရပ်တွေကလည်း လူတွေကို ပျော်ရွှင်စေတတ်သည်ပဲ။ ဘာပဲပြောပြော ခုကျွန်တော်ပျော်နေသည်။ ဒီပျော်ရွှင်မှုက တစ်ခဏတာ ဆိုပေမယ့် တစ်ဘ၀စာပျော်ရွှင်နိုင်ဖို့ ပေါ့ပါးမှုတွေ၊ အပြောင်းအလဲအသစ်တွေ၊ မိုးစက်တွေ၊ ကျွန်တော့်အတွက် လိုအပ်တယ်ဆိုတာ ခု သိလိုက်ရပြီမို့......မိုးစက်တွေကြား ကျွန်တော် ပြုံးလိုက်မိသည်။ ပြီးတော့ ရှေ့သို့ ပေါ့ပါးသွက်လက်သည့် ခြေလှမ်းများဖြင့်........။

ဇာနည်

Ref: Now! Cultural Journal – Vol.5, Issue 98

No comments: