Thursday, September 11, 2008

Ingredients Label on Snacks


အစားအစာထုပ်ပိုးထားတဲ့ အိတ်တွေ၊ ဘူးတွေပေါ်က အဟာရ အညွှန်းများ
ခေတ်မီတိုးတက်လာတဲ့ ယနေ့ကာလမှာ ထုပ်ပိုးထည့်သွင်းရောင်းချသော အိတ်တွေ၊ ဘူးခွံ၊ ကတ်ပုံးခွံတွေပေါ်မှာ ၄င်းတို့ရောင်းချသော အစားအသောက်ထဲမှာ ပါဝင်သည့် အဟာရအညွှန်းများ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အဲဒီအညွှန်းတွေထဲမှာ လူတစ်ယောက်တစ်နေ့တာ လိုအပ်ချက်နဲ့ ထိုအစားအစာတွင်ပါသော ပမာဏကို နှိုင်းယှဉ်ဖော်ပြထားလေ့ရှိပါတယ်။ ဥပမာ – အဆီ၊သကြားဓာတ်၊ ဆား တစ်နေ့ဘယ်လောက်လိုအပ်သလဲ။ယခု ပါဝင်တာက ဘယ်လောက်ပမာဏဖြစ်တယ်ဆိုတာ ဖော်ပြလေ့ရှိပါတယ်။
ယခု အဲဒီ၂ချက်နဲ့တင် မလုံလောက်သေးပါဘူး။ အချို့သော အဟာရအညွှန်းများဟာ ၀ယ်ယူစားသုံးမယ့်သူကို လှည့်စားပြီးရေးထားတာတွေလည်းရှိပါတယ်တဲ့။ ဒါကိုရှာဖွေဖော်ထုတ်ပြီး သိရှိအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။
အဲဒီလို လှည့်ဖြားထားတဲ့ စာသားများကို နမူနာအားဖြင့် ဖော်ပြလိုက်ပါတယ်။


(၁) ကိုလက်စထရောပါဝင်မှု(Cholesterol Free) မရှိဟုရေးထားခြင်း
ကိုလက်စထရောဆိုတာ သွေးကြောအတွင်းနံရံများကို အဆီချိုးကပ်စေပြီး နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း အန္တရာယ်များရှိတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါတယ်။ ဟင်းရွက်ဆီ၊ ဟင်းရွက် အသုပ်များပေါ်မှာ ဖျန်းရတဲ့ ဆော့စ်အဖြူလို အရာတွေထဲမှာ ကိုလက်စထရောပါဝင်မှုမရှိလို့ အညွှန်းစာတမ်းကပ်ထားလေ့ရှိပါတယ်။
အမှန်တကယ်တော့ ဟင်းရွက်ဆီတွေထဲမှာ ကိုလက်စထရော ဆိုတာ မပါပေမယ့် ကိုလက်စထရောကို တက်စေသော ပြည့်ဝဆီ သို့မဟုတ် ဟိုဒရိုဂျင်နိတ်တက်ဖက်(Hydrogenated Fats) တွေ ပါဝင်ပါတယ်။ အဲဒီ ဟင်းရွက်ဆီတွေကို ကြော်လိုက်မယ်။ အပူချိန်များများနဲ့ အပူပေးလိုက်မယ်ဆိုရင် မကောင်းသော ကိုလက်စထရောများထွက်လာပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

(၂) အဆီနည်း (Lite) ဟု ရေးထားခြင်း
တချို့သော ဘီစကွတ်၊ ကွတ်ကီးစတဲ့မုန့်များမှာ အဆီနည်းတယ်ဆိုတဲ့သဘောမျိုး (Lite) သို့မဟုတ် Light လို့ရေးထားလေ့ရှိပါတယ်။ ကိုယ်အလေးချိန်မတက်စေဘူးဆိုတဲ့ သဘောမျိုးပေါ့။
တကယ်တော့ Light ရဲ့အဆီနဲ့ပတ်သက်ပြီး တရားဝင်သတ်မှတ်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပါ။အချို့သော Light ဟုရေးထားသည့်အစာများက အဆီ၁၁ရာခိုင်နှုန်းအောက်ဖြစ်ပြီး၊ အချို့က ၃၃ရာခိုင်နှုန်းအောက်ဖြစ်ကာ၊တချို့ကျတော့ ၂၂ရာခိုင်နှုန်းဖြစ်နေကြပါတယ်။ ဒါကြောင့် (Lite) ဆိုတိုင်းစိတ်မချရပါဘူး။

(၃) ဗီတာမင်များ ထပ်ဖြည့်ထားသည်(Added Vitamins) ဟုရေးထားခြင်း
အချို့သော ပေါင်မုန့်များနှင့် စီရီယယ်အမှုန့်များဟာ ဗီတာမင် ၈မျိုးပေါင်းစပ်ထားကြောင်း၊ သံဓာတ်၊ကယ်လ်စီယမ်ဓာတ်များဖြင့် အားဖြည့်ထားကြောင်း ရေးလေ့ရှိပါတယ်။
အမှန်တကယ်မှာတော့ အချို့သောအစားအစာများကိုထုတ်လုပ်တဲ့အခါ အထူးသဖြင့် နူးညံ့နေအောင်Refining လုပ်တဲ့အခါ ဗီတာမင်များ ဆုံးရှုံးသွားလေ့ရှိတဲ့အတွက်ကြောင့် ထည့်ပေးရခြင်းဖြစ်ပါတယ်။ အပိုဆောင်းပြီး ထပ်ထည့်ပေးထားခြင်းမဟုတ်ပါ။

(၄) အိုမီဂါ ၃ အဆီအက်စစ်ကြွယ်ဝသည် (Rich in Omega .3s) ဟုရေးထားခြင်း
အိုမီဂါ ၃အဆီအက်စစ်ဟာ အာရုံစူးစိုက်မှုကောင်းစေတယ်။ သင်ယူလေ့လာမှုပိုကောင်းစေတယ် ဆိုတာကြားဖူးကြမှာပါ။ တချို့သော အဆီထုတ်ထားသောနို့(Skimmed Milk) တွေဟာ အိုမီဂါ ၃အဆီအက်စစ် အများကြီးပါဝင်ကြောင်းကြော်ငြာလေ့ရှိပါတယ်။
အမှန်တကယ်ကတော့ အဲဒီ ရောင်းချတဲ့နို့ထဲမှာပါတဲ့ အိုမီဂါ – ၃အဆီအက်စစ်နဲ့ အဆီထူသော ငါးကိုစားခြင်းအားဖြင့် ရရှိနိုင်သော အိုမီဂါ ၃အဆီအက်စစ် ပမာဏကို နှိုင်းယှဉ်လိုက်ရင် အများကြီးကွာခြားနေပါတယ်။ ဆော်လမွန်ငါး ၁၀၀ဂရမ်မှာပါတဲ့ အိုမီဂါ၃ အဆီအက်စစ် ပမာဏရအောင်ဆိုရင် အဲဒီရောင်းချတဲ့ နို့ကို ၁၀ပိုင့်လောက်သောက်မှ ရမှာဖြစ်ပါတယ်။
မောင်
Ref: H & F , Dec 2006.

No comments: